← Chapters

အခန်း (၅၀၇-၅၀၈)

Vol. 51 Ch. 507-508

အခန်း (၅၀၇-၅၀၈)

Vol. 51 Ch. 507-508

အခန်း ၅၀၇ - မိတ်ဟောင်းဆွေဟောင်းတစ်ဦး၏ အလည်အပတ်နှင့် လမ်းညွှန်မှုပေးခြင်း

လုချင်းသည် တောင်ပေါ်မှ ဆင်းသက်လာခဲ့သော်လည်း သခင်ကြီးသုံးပါးရှိရာသို့ မသွားဘဲ သူ၏ကိုယ်ပိုင်ဂူခန်းမဆောင်ဆီသို့သာ ပြန်လာခဲ့လေ၏။ သူနှင့် ဟန်လင်းရွှမ်တို့သည် မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသော်လည်း သူမက သခင်ကြီးသုံးပါးထံ အလည်အပတ်လာခြင်းဖြစ်သဖြင့် သူဝင်ရောက်နှောင့်ယှက်ရန် မလိုအပ်ပေ။

"ကိုကို... တံခါးပိတ်ကျင့်ကြံတာ ပြီးသွားပြီလား"

လုချင်း သူ၏ဂူခန်းမဆောင်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ယန်မှာလည်း သူမ၏ ကျင့်ကြံရာအခန်းထဲမှ ထွက်ပေါ်လာတော့သည်။ သူမ၏ ကျင့်ကြံခြင်းအစီအစဉ် ရပ်နားသွားပုံရလေ၏။

"အင်း အခုလေးတင် ပြီးသွားတာ။ ခဏတဖြုတ် လမ်းထွက်လျှောက်မလို့လေ"

လုချင်းက ရှောင်ယန်၏ အငွေ့အသက်ကို အာရုံခံမိသွားပြီး ပြုံးလိုက်သည်။

"ညီမလေး အဆင့်တက်သွားပြီလား"

"ဟုတ်တယ် ကိုကို။ ညီမလေး အဆင့်တက်သွားပြီ။ အခုဆို အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီလေ" ရှောင်ယန်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"မဆိုးဘူးပဲ။ ဆက်ပြီး ကြိုးစားဦးနော်။ မကြာခင် အတိဒုက္ခကို ကျော်ဖြတ်ပြီး ရွှေအမြုတေအဆင့်ကို ရောက်အောင်လုပ်ရမယ်" လုချင်းက အားပေးစကားဆိုတော့၏။

သို့သော်လည်း ဤအရာမှာ သူ၏ မျှော်လင့်သလိုအတိုင်းပင်။ ရှောင်ယန်သည် ကျင့်ကြံခြင်းတွင် အမြဲတမ်း ထူးခြားပြောင်မြောက်သော ပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။ လုချင်းက သူမအား အမြန်အဆင့်တက်ရန် လောဆော်မည့်အစား အုတ်မြစ်ကို ခိုင်မာစေရန်သာ တမင်တကာ တိုက်တွန်းခဲ့လေ၏။ ထို့ကြောင့် မိန်းကလေး၏ ကျင့်ကြံခြင်းအခြေခံမှာ ထူးကဲစွာ ခိုင်မာနက်ရှိုင်းနေတော့သည်။ ယခုအခါ ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝလှသော မြင့်မြတ်သောတောင်တော်ကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံရသဖြင့် သူမ၏ တိုးတက်မှုနှုန်းမှာ အံ့မခန်း မြန်ဆန်နေတော့လေ၏။

"ဟုတ် ညီမလေး ကြိုးစားပါ့မယ်"

ရှောင်ယန်က လက်သီးလေးဆုပ်ကာ မဆုတ်မနစ်သော အမူအရာဖြင့် ဆိုသည်။ သူမ အရင်က ထုတ်မပြောခဲ့သော်လည်း ရှောင်လီနှင့် ဝူရှင်းတို့ အတိဒုက္ခကို ကျော်ဖြတ်သွားကြခြင်းက သူမအပေါ် အနည်းငယ်တော့ သက်ရောက်မှုရှိခဲ့လေ၏။ မည်သို့ပင်ဆိုစေ သူတို့အုပ်စုထဲတွင် သူမတစ်ယောက်တည်းသာ ရွှေအမြုတေ မဖွဲ့စည်းရသေးတာပင်။ ကံကောင်းထောက်မစွာဖြင့် ယခုအခါ သူမသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့လေ၏။

"ကိုကို... ညီမလေး တံခါးပိတ်ကျင့်ကြံဖို့ ပြန်ဝင်တော့မယ်နော်"

ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် ရှောင်ယန်၏ ကျင့်ကြံလိုစိတ်များ တစ်ဖန် ပြန်၍တောက်လောင်လာပြီး သူမ၏အခန်းဆီသို့ ပြန်ရန် ပြင်ဆင်လိုက်လေတော့သည်။ သို့သော် လုချင်းက သူမကို တားလိုက်၏။

"အရမ်းလောမနေပါနဲ့။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ တင်းကြပ်လွန်းလို့လည်းမရသလို လျော့ရဲလွန်းလို့လည်း မရဘူးလေ။ အဲဒါမှ မှန်ကန်တဲ့လမ်းစဉ်ပဲ။ တံခါးပိတ်ကျင့်ကြံတာကို အလွန်အကျွံလုပ်ရင် စိတ်ဖိစီးမှုတွေ များလာပြီး အကျိုးသက်ရောက်မှု နည်းသွားနိုင်တယ်။ ညီမလေးက အခုလေးတင်မှ အဆင့်တက်ထားတာဆိုတော့ ဒီနေ့လေးတော့ အနားယူလိုက်ဦးလေ။ ကျင့်ကြံဖို့ အလျင်စလို ပြန်သွားစရာမလိုပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မကြာခင် ကိုကိုတို့ဆီကို မိတ်ဆွေဟောင်းတစ်ယောက် အလည်လာလိမ့်မယ်။ ညီမလေးလည်း ကိုကိုနဲ့အတူ လာကြိုလိုက်ပေါ့"

"မိတ်ဆွေဟောင်း ဟုတ်လား... ကိုကို၊ ဘယ်သူများလဲ"

ရှောင်ယန်က နားမလည်နိုင်စွာ မေးလိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် 'မိတ်ဆွေဟောင်း' ဟု ခေါ်ဆိုနိုင်သောသူ သိပ်မရှိလှပေ။ ထို့အပြင် မြင့်မြတ်သောတောင်တော်သို့ လာရောက်လည်ပတ်ရန် အရည်အချင်းပြည့်မီသူများမှာ ပို၍ပင် နည်းပါးသေး၏။ ထို့ကြောင့် ခဏတာမျှ သူမ စဉ်းစား၍ မရနိုင်ဖြစ်နေတော့သည်။

"မကြာခင် သိရမှာပေါ့"

လုချင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ဂူခန်းမဆောင်ဆီသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေသည်ကို သူ အာရုံခံမိလိုက်သည်။ ရှောင်ယန် စဉ်းစား၍မရခင်မှာပင် ပထမသခင်ကြီး၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာတော့သည်။

"မဟာသခင်လေး...မဟာသခင်လေး ရှိလား"

"သွားရအောင် ရှောင်ယန်။ ကိုကိုတို့ရဲ့ မိတ်ဆွေဟောင်း ရောက်လာပြီ။ သူ့ကိုမြင်ရင် ညီမလေး သေချာပေါက် ဝမ်းသာသွားလိမ့်မယ်"

လုချင်းသည် ရှောင်ယန်ကို အပြင်သို့ ခေါ်ဆောင်သွားလိုက်၏။

"မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်ဆုံတွေ့ရတာ တကယ်ကို ဝမ်းသာစရာပဲ။ နန်းတော်သခင် ဟန်... မတွေ့ရတာ ကြာပြီနော်"

"မမလင်းရွှမ်ပါလား"

ထိုအချိန်တွင် ရှောင်ယန်ကလည်း ဟန်လင်းရွှမ်ကို မြင်သွားလေပြီပင်။ သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်ဝမ်းသာသွားသော အရိပ်အယောင်များ လင်းလက်သွားပြီး ရှေ့သို့ ပြေးထွက်သွားတော့သည်။

"ကိုကိုပြောနေတာ မမကိုး"

"အာ..."

နှုတ်ဆက်စကားဆိုရန် ပြင်နေသော ဟန်လင်းရွှမ်မှာ ရှောင်ယန်၏စကားကြောင့် ခဏမျှ ကြက်သေ သေသွားလေ၏။ သူမက လုချင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ကျွန်မ မြင့်မြတ်သောတောင်တော်ကို ရောက်လာတာကို မဟာသခင်လေးက သိနေခဲ့တာလား"

"စောစောက တောင်ပေါ်လမ်းလျှောက်နေတုန်း ခင်ဗျားကို အမှတ်မထင် တွေ့လိုက်ရလို့ပါ" လုချင်းက ပြုံးလျက် ဆိုသည်။

"ဒါကိုး"

ဟန်လင်းရွှမ် ချက်ချင်း နားလည်သွားလေ၏။ တစ်ပြိုင်နက်တည်းမှာပင် လုချင်း၏ စွမ်းဆောင်ရည်များကို သူမ ပို၍ပင် အံ့ဩလေးစားသွားတော့သည်။ စောစောက သူမအနေဖြင့် သူ၏တည်ရှိမှုကို လုံးဝ အာရုံမခံမိခဲ့ပေ။ သူမသည် ယခုအခါ ရွှေအမြုတေအဆင့်သို့ ခြေချနိုင်ပြီဖြစ်သော်လည်း သူမနှင့် မဟာသခင်လေးအကြားရှိ ကွာဟချက်မှာ အလွန်နက်ရှိုင်းဆဲဖြစ်ကြောင်း သိလိုက်ရတော့သည်။

"နန်းတော်သခင်... အတိဒုက္ခကို ကျော်ဖြတ်ပြီး အထက်တန်းအဆင့် ရွှေအမြုတေ ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"

လုချင်းသည် ဟန်လင်းရွှမ်၏ အငွေ့အသက်ကို အာရုံခံမိပြီး အနည်းငယ် အံ့ဩသွားလေ၏။ သူမ၏ စွမ်းအင်လှိုင်း အတက်အကျ အနည်းငယ်ဖြစ်ပေါ်နေမှုများကို ကြည့်ခြင်းအားဖြင့် သူမ မကြာသေးမီကမှ အတိဒုက္ခကို ကျော်ဖြတ်ခဲ့ကြောင်း သိသာနေသည်။ သူမသည် ရရှိလာသော စွမ်းအားသစ်များကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ သို့သော် သူမ၏ ဝိညာဉ်စွမ်းအင်မှာ သခင်ကြီးသုံးပါးနှင့် ယှဉ်နိုင်လောက်အောင်ပင် အစွမ်းထက်မြက်နေပြီ ဖြစ်၏။

"မျှော်လင့်ထားတဲ့အတိုင်း မဟာသခင်လေးရဲ့ မျက်စိအောက်ကနေ ဘာမှ လွတ်မသွားပါလား"

ဟန်လင်းရွှမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့နှစ်တွေတုန်းက မဟာသခင်လေးဆီကနေ လမ်းညွှန်မှုရကတည်းက ကျွန်မရဲ့ အုတ်မြစ်ကို ခိုင်မာအောင်လုပ်ဖို့ပဲ အာရုံစိုက်နေခဲ့တာလေ။ လွန်ခဲ့တဲ့ လဝက်လောက်ကမှ အတိဒုက္ခကို ကျော်ဖြတ်ပြီးတော့ ကံကောင်းပြီး အထက်တန်းအဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တာပါ"

လွန်ခဲ့သောဆယ်နှစ်က ညီလာခံ ပြီးဆုံးသွားပြီးနောက် ဟန်လင်းရွှမ်သည် မြင့်မြတ်သောတောင်တော်သို့ လာရောက်ကာ လုချင်းနှင့် တွေ့ဆုံခဲ့လေ၏။ သူ၏ လမ်းညွှန်မှုမှတစ်ဆင့် ရွှေအမြုတေ အဆင့်အတန်းများသည် ကျင့်ကြံသူတစ်ယောက်၏ အနာဂတ်လမ်းစဉ်အပေါ် မည်မျှ အရေးပါကြောင်း သူမ နားလည်သဘောပေါက်ခဲ့သည်။ ထိုအချိန်က သူမသည် အတိဒုက္ခကို ကျော်ဖြတ်ကာ အဆင့်တက်ရန် စွမ်းဆောင်နိုင်နေပြီ ဖြစ်၏။ သို့သော် လုချင်း၏ အကြံပေးမှုကြောင့် သူမသည် ချက်ချင်း အဆင့်တက်လိုသောဆန္ဒကို ဖိနှိပ်ထားခဲ့လေသည်။ ထိုအစား နောက်ဆယ်နှစ်တာ ကာလပတ်လုံး သူမ၏ အုတ်မြစ်ကို ခိုင်မာအောင်သာ အာရုံစိုက်ခဲ့တော့သည်။ နောက်ဆုံးတွင် လွန်ခဲ့သောလဝက်က သူမသည် သွေးကဲ့သို့ နီရဲတောက်နေသော အနီရောင်တိမ်တိုက်အတိဒုက္ခကို ဆင့်ခေါ်နိုင်ခဲ့ပြီး ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ကာ အထက်တန်းအဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့လေ၏။

ဤသို့ စိတ်လှုပ်ရှားဝမ်းသာမှုများကြောင့်ပင် သူမ၏ ကျင့်ကြံခြင်းကို အနည်းငယ်မျှသာ ခိုင်မာအောင် လုပ်ပြီးသည်နှင့် မြင့်မြတ်သောတောင်တော်သို့ အမြန်ပြေးလာခဲ့ခြင်း ဖြစ်၏။ လုချင်းကို သူမ၏ ကြိုးစားအားထုတ်မှု ရလဒ်များကို မြင်စေချင်ခဲ့သည်။ သူ၏ လမ်းညွှန်မှုများကို သူမက အလဟဿ မဖြစ်စေခဲ့ကြောင်း ပြသချင်ခဲ့လေ၏။

"အထက်တန်းအဆင့် ရွှေအမြုတေ ဟုတ်လား..."

သခင်ကြီးသုံးပါးမှာ အံ့အားသင့်သွားပြီး ဟန်လင်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ စောစောက သူမနှင့် ဆုံတွေ့စဉ်ကတည်းက သူမ၏ အငွေ့အသက်တွင် ပါဝင်နေသော ထူးခြားသည့်စွမ်းအားများကို သူတို့ အာရုံခံမိခဲ့ကြလေ၏။ သူမသည် သူတို့နှင့်ပင် ရင်ဘောင်တန်းနိုင်သည့် အရိပ်အယောင်များကို ပြသနေခဲ့သည်။ သို့သော် ဤအရာမှာ သူမကျင့်ကြံထားသော အစွမ်းထက် ကျင့်စဉ်တစ်ခုခုကြောင့်ဟုသာ သူတို့ ထင်မှတ်ထားခဲ့ကြ၏။ မည်သို့ပင်ဆိုစေ ရေခဲနန်းတော်သည် ရှေးဟောင်းကျင့်ကြံခြင်းခေတ်မှ ကြွင်းကျန်ရစ်သော ဂိုဏ်းအနည်းငယ်ထဲမှ တစ်ခုဖြစ်ပေသည်။ ၎င်း၏ အမွေအနှစ်မှာ နက်နဲပြီး ခန့်မှန်းရခက်လေ၏။ သူတို့က ထူးခြားလှသော ကျင့်စဉ်များကို လက်ဆင့်ကမ်း ပေးထားသည်ဆိုလျှင်လည်း အံ့ဩစရာတော့ မဟုတ်ပေ။

သို့သော် ဟန်လင်းရွှမ်သည် အထက်တန်းအဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မတွေးမိခဲ့ကြချေ။ ခဏတာမျှ သခင်ကြီးသုံးပါးမှာ အလွန်အမင်း မနာလိုဖြစ်သွားကြတော့သည်။ လုချင်း၏ လမ်းညွှန်မှုကို ရရှိခဲ့ဖူးသူများပီပီ ရွှေအမြုတေ အဆင့်များ၏ အရေးပါပုံကို သူတို့ ကောင်းစွာ သိရှိကြလေ၏။ အထက်တန်းအဆင့် ရွှေအမြုတေသည် စွမ်းအားပိုင်းရော အနာဂတ်အလားအလာပိုင်းမှာပါ သူတို့ဖွဲ့စည်းထားသော အဆင့်နိမ့် ရွှေအမြုတေများထက် များစွာ သာလွန်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ယခုအချိန်တွင်တော့ ဟန်လင်းရွှမ်၏ ကျင့်ကြံခြင်းလမ်းစဉ်သည် သူတို့ထက် များစွာ ပိုမိုချောမွေ့နေမည်ပင်။

"နန်းတော်သခင် ဟန်ရဲ့ ရွှေအမြုတေက အထက်တန်းအဆင့်ကိုး။ ဒါကြောင့် ခင်ဗျားရဲ့ အငွေ့အသက်က ထူးခြားနေတယ်လို့ ခံစားမိတာကိုး" ပထမသခင်ကြီးက ရယ်မောလိုက်လေ၏။

"ဒါက ကံကောင်းလို့ပါပဲ။ မဟာသခင်လေးရဲ့ လမ်းညွှန်မှုသာမပါရင် ကျွန်မလည်း အထက်တန်းအဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့မှာ မဟုတ်ပါဘူး" ဟန်လင်းရွှမ်က နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။

သို့သော် လုချင်းက ခေါင်းခါလိုက်၏။

"အထက်တန်းအဆင့် ရွှေအမြုတေဆိုတာ လမ်းညွှန်မှုပေးရုံနဲ့တင် ရနိုင်တာမျိုးမဟုတ်ဘူး။ နန်းတော်သခင်က ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ကာလတွေကို သည်းခံပြီး နှစ်နဲ့ချီတဲ့အထိ နေ့စဉ်ရက်ဆက် အုတ်မြစ်ကို ခိုင်မာအောင် လုပ်ခဲ့လို့သာ ဖြစ်နိုင်တာပါ။ အဲဒါကမှ နန်းတော်သခင် အောင်မြင်ရခြင်းရဲ့ အဓိကအကြောင်းရင်း အစစ်အမှန်ပါပဲဗျ"

ထိုစကားများကြောင့် သခင်ကြီးသုံးပါးမှာ ပို၍ပင် မနာလိုဖြစ်လာကြတော့သည်။ သူတို့ နောင်တရမှုကို မထိန်းနိုင်ကြတော့ပေ။

အကယ်၍သာ ထိုအချိန်က သူတို့ အဆင့်တက်ရန် အလျင်စလို မလုပ်ခဲ့လျှင်...

အကယ်၍သာ သူတို့၏ အတိဒုက္ခမတိုင်မီ လုချင်း၏ လမ်းညွှန်မှုကို ရရှိခဲ့လျှင်...

သူတို့လည်း အထက်တန်းအဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ကောင်း ဖွဲ့စည်းနိုင်ခဲ့ပေမည်။

ယခုအခါ အငယ်တန်းအဆင့် ရွှေအမြုတေကို အထက်တန်းအဆင့်အဖြစ်သို့ ပြောင်းလဲရန် ဖြစ်နိုင်သော်လည်း ယင်းမှာ အလွန်တရာ ခက်ခဲကြမ်းတမ်းသော လမ်းစဉ်တစ်ခု ဖြစ်လေ၏။ အောင်မြင်မည်ဟု မည်သူကမျှ အာမမခံနိုင်ပေ။

ထိုနေ့၏ ကျန်ရှိသောအချိန်များတွင် လုချင်းသည် ဟန်လင်းရွှမ်နှင့် အခြားသူများအား သူ၏ဂူခန်းမဆောင်ထဲသို့ ဖိတ်ခေါ်ကာ ရွှေအမြုတေ ကျင့်ကြံသူအချင်းချင်း တာအိုတရားများ ဆွေးနွေးဖြစ်ခဲ့ကြတော့သည်။ အမှန်တကယ်တော့ ဤဆွေးနွေးပွဲမှာ အခြားသူများက သေချာစွာ နားထောင်နေကြပြီး လုချင်းကသာ သူ၏ထိုးထွင်းသိမြင်မှုများနှင့် လမ်းညွှန်မှုများကို ပေးနေခြင်းဖြစ်လေ၏။ ဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် ဟန်လင်းရွှမ်နှင့် အခြားသူများမှာ များစွာသော အသိပညာများကို ရရှိလိုက်သည်ဟု ခံစားခဲ့ကြရသည်။ သူတို့သည် တံခါးပိတ်ကျင့်ကြံရန် ချက်ချင်းပြန်သွားပြီး သင်ယူခဲ့ရသမျှကို ကြေညက်အောင် ပြုလုပ်လိုစိတ်များ ပြင်းပြနေကြတော့သည်။

ဟန်လင်းရွှမ်နှင့် ကျန်သူများက နှုတ်ဆက်ကာ ဖြည်းညင်းစွာ ထွက်ခွာသွားကြချိန်တွင် လုချင်းကတော့ သူတို့၏ ကျောပြင်များကိုသာ ကြည့်ရင်း အတွေးများနေလေတော့သည်။

……

အခန်း ၅၀၈ - ရှေ့ဆက်ရမည့်လမ်းကို ရွေးချယ်ခြင်းနှင့် ဝိညာဉ်လက်နက်တစ်ခု မွေးဖွားလာခြင်း

ဟန်လင်းရွှမ်နှင့် အခြားသူများ ထွက်ခွာသွားသော ကျောပြင်များကို ကြည့်ရင်း လုချင်းသည် အတွေးများသွားလေ၏။ ဤမိတ်ဟောင်းဆွေဟောင်းများနှင့် အဖော်များသည် တစ်ယောက်ပြီးတစ်ယောက် အဆင့်များတက်ကာ အဆင့်သစ်များဆီသို့ ခြေချလာကြပြီဖြစ်သည်။ သူတို့အတွက် အမှန်တကယ် ဝမ်းသာမိသော်လည်း သူ၏ကိုယ်ပိုင် အခြေအနေကို ပြန်ပြီးသုံးသပ်ကြည့်ရန် မတတ်နိုင်တော့ပေ။

လွန်ခဲ့သောနှစ်များအတွင်း အထူးသဖြင့် မကြာသေးမီနှစ်များတွင် လုချင်း၏ ကျင့်ကြံခြင်း တိုးတက်မှုမှာ အလွန်နှေးကွေးသွားခဲ့လေ၏။ တတိယအကြိမ် အသွင်ပြောင်းခြင်း၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိပြီးနောက်၌ သူ မည်သို့မျှ ဆက်လက်၍ တိုးတက်မှု မရှိတော့ပေ။ ဝိညာဉ်စွမ်းအင်များကို မည်မျှပင် စုပ်ယူစေကာမူ သူ၏ ကျင့်ကြံခြင်းကို အနည်းငယ်မျှပင် ဆက်လက်မြှင့်တင်၍ မရတော့။ သို့ဖြစ်၍ စတုတ္ထအကြိမ် အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရန် ပိတ်ဆို့နေသော အတားအဆီးကို ဖြတ်ကျော်ဖို့ဆိုသည်မှာ ဝေးစွ။

မိမိ၏ တိုးတက်မှု ရပ်တန့်နေရခြင်း၏ အကြောင်းရင်းကို လုချင်း ကောင်းစွာ နားလည်ထားလေ၏။ အကြောင်းမှာ သူ၏ ဝိညာဉ်စွမ်းအင် သန့်စင်မှုမှာ အလွန်အမင်း မြင့်မားနေသောကြောင့်ပင်။

ဤကမ္ဘာလောက၏ ဝိညာဉ်စွမ်းအင်များမှာ သူ၏ ကျင့်ကြံခြင်းလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်တော့ပေ။ ကောင်းကင်တာအိုစည်းချက်များ တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး ကမ္ဘာလောက၏ ဝိညာဉ်စွမ်းအင်များကို အသစ်တစ်ဖန် ပြောင်းလဲပေးမှသာလျှင် သူ၏ ကျင့်ကြံခြင်းမှာ ရှေ့ဆက်တိုးတက်နိုင်မည် ဖြစ်၏။

သို့သော် ကောင်းကင်တာအိုစည်းချက်ကို နောက်ဆုံးကြားခဲ့ရသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုအချိန်မှစ၍ တစ်ကြိမ်မျှပင် ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ချေ။ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများမှာ အပြည့်အဝ တည်ငြိမ်မှု မရှိသေးဘဲ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သော်ငြား လုပ်ငန်းစဉ်မှာတော့ အလွန့်ကိုမှ နှေးကွေးလှပေသည်။ နောက်ထပ် ကောင်းကင်တာအိုစည်းချက်များ ထွက်ပေါ်လာရန် နှစ်ပေါင်းမည်မျှ ကြာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ ဆိုလိုသည်မှာ မကြာမီကာလများအတွင်း လုချင်း၏ ကျင့်ကြံခြင်းမှာ တိုးတက်မှု မရှိသလောက် နည်းပါးနေဦးမည်သာ။

အကယ်၍ သူသာ ကျင့်ကြံရန်အတွက် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုမည်ဆိုလျှင် သူ၏ တိုးတက်မှုမှာ ဖြစ်နိုင်ချေရှိသေးလေ၏။ သို့သော် မကြာသေးမီနှစ်များအတွင်း လုချင်းသည် သူ၏ ဝိညာဉ်ကျောက်တုံး အများစုကို သုံးစွဲပစ်ခဲ့ပြီးပြီပင်။ အရေးပေါ်အခြေအနေများအတွက် အချို့ကို ချန်ထားရန် လိုအပ်ပေသည်။ လွန်ခဲ့သောနှစ်များအတွင်း ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကို ရှာဖွေရန် သူ အပြင်သို့ ထွက်ခဲ့သော်လည်း ရလဒ်များမှာ နည်းပါးလှ၏။ ဤအချက်ကပင် ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံးများကို ပေါ့ပေါ့ဆဆ မသုံးစွဲတော့ဘဲ သတိထားသုံးစွဲရန် သူ့အတွက် ပို၍ပင် အရေးကြီးလာစေတော့သည်။

"ဖြစ်နိုင်တာက...ကမ္ဘာလောကကြီးရဲ့ပြင်ပကို စူးစမ်းလေ့လာဖို့ အချိန်တန်ပြီလား"

ထိုအတွေးက လုချင်း၏ ရင်ထဲတွင် တိတ်ဆိတ်စွာ လှုပ်ခတ်သွားလေ၏။

ဤအတွေးမှာ ယာယီစိတ်ကူးပေါက်ခြင်း မဟုတ်ဘဲ သူ၏စိတ်ထဲတွင် ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှုနှုန်းသည် သူ၏ ကျင့်ကြံခြင်းကို မမီနိုင်တော့ကြောင်း သိလိုက်ရကတည်းက လုချင်း ဤအကြောင်းကို စဉ်းစားနေခဲ့ခြင်း ဖြစ်၏။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှာ အလွန်တရာကိုမှ အစွမ်းထက်လွန်းလှသည်။ အထက်တန်းအဆင့် ရွှေအမြုတေကိုပင်လျှင် အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိပေ၏။ သို့သော် ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ ကြီးမားသော တန်ဖိုးပေးဆပ်မှုနှင့်အတူ လာလေ၏။ ကျင့်ကြံခြင်း အနည်းငယ် တိုးတက်ရန်အတွက်ပင် ဝိညာဉ်စွမ်းအင်အမြောက်အမြား လိုအပ်ပြီး မည်သည့်စွမ်းအင်မျိုးမဆို မရဘဲ အမြင့်ဆုံး အရည်အသွေးရှိသော စွမ်းအင်မျိုးသာ လိုအပ်ပေသည်။ ဤကမ္ဘာငယ်လေးက သူ၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်တော့သည်မှာ ရှင်းလင်းနေတော့သည်။

အကယ်၍ သူသာ အလယ်အလတ်ကမ္ဘာလောက သို့မဟုတ် ကြီးမားသည့်ကမ္ဘာလောကကြီးတစ်ခုတွင် ကျင့်ကြံမည်ဆိုပါက အခြေအနေမှာ လုံးဝ ကွာခြားသွားနိုင်ပါ၏။ ကောင်းကင်ပြင်ပမှ လာသော ဧည့်သည်နှစ်ဦး ချန်ရစ်ခဲ့သည့် ကျောက်စိမ်းမှတ်တမ်းများအရ ကမ္ဘာလောကကြီးများမှာ စိတ်ကူး၍မရနိုင်လောက်အောင် ကျယ်ဝန်းပြီး မရေမတွက်နိုင်သော အဖိုးတန်ရတနာများနှင့် အံ့ဖွယ်အရာများ တည်ရှိရာနေရာ ဖြစ်ပေသည်။ ရွှေအမြုတေ ကျင့်ကြံသူများမှာ ကောင်းကင်ပေါ်ရှိ ကြယ်များကဲ့သို့ ပေါများလှရုံသာမက တန်ခိုးကြီးမားသော သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများပင် ရှားပါးလှသည်မဟုတ်ချေ။ ဤကမ္ဘာငယ်လေးနှင့် ယှဉ်လျှင် လုံးဝကို ကွာခြားလှပေ၏။ အကယ်၍ သူသာ ထိုကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံခွင့်ရပါက ပြီးပြည့်စုံသော ရွှေအမြုတေကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေဖြင့် ဝိညာဉ်စွမ်းအင် အရည်အသွေးကြောင့် ကန့်သတ်ခံရတော့မည် မဟုတ်ပေ။

သို့သော် ဤအတွေးကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားခဲ့သော်လည်း လုချင်းမှာ တုံ့ဆိုင်းနေဆဲပင် ဖြစ်၏။ အပြင်ဘက်တွင် စောင့်ကြိုနေမည့် မသိနိုင်သော အန္တရာယ်များကြောင့်သာမက ဤကမ္ဘာငယ်လေးထဲတွင် သူဂရုစိုက်ရမည့် လူများစွာ ကျန်ရှိနေသေးသောကြောင့်ပင်။

"နည်းနည်းလောက် ထပ်စောင့်ကြည့်ဦးမယ်။ ရှောင်ယန်က အခုဆို အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ သူ အတိဒုက္ခကို ကျော်ဖြတ်ပြီး ရွှေအမြုတေ ဖွဲ့စည်းတဲ့အထိ စောင့်ပြီးမှပဲ ဆုံးဖြတ်ချက်ချတော့မယ်"

အသေအချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် လုချင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ရှောင်ယန်သည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ယခုလေးတင်မှ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အတိဒုက္ခကို မရင်ဆိုင်မီ သူမ၏အုတ်မြစ်ကို ခိုင်မာစေရန် အချိန်လိုသေးလေ၏။ သူမ ရွှေအမြုတေ ဖွဲ့စည်းပြီးနောက်၌ပင် ဤကမ္ဘာလောက၏ ဝိညာဉ်စွမ်းအင်များ ပြောင်းလဲခြင်း မရှိသေးပါက ထိုအချိန်ရောက်မှသာ သူ ရွေးချယ်မှုပြုလုပ်ရန် အချိန်ကျရောက်လာပြီ ဖြစ်ပေမည်။

စိတ်ဆုံးဖြတ်ချက်ချပြီးသည်နှင့် လုချင်းသည် သူ၏စိတ်ကို တည်ငြိမ်စေကာ တံခါးပိတ်ကျင့်ကြံခြင်းသို့ ပြန်၍ဝင်ရောက်သွားလေတော့၏။ သူ၏ လက်ရှိကျင့်ကြံမှုမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မမြှင့်တင်ပေးနိုင်တော့သော်လည်း ၎င်းက သူလုပ်စရာမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်မှာ သူသင်ယူခဲ့သမျှ အရာအားလုံးကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန်နှင့် သန့်စင်ရန်အတွက် သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုရန် အကောင်းဆုံးအခွင့်အရေး ဖြစ်၏။ ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်၏ နောက်ပိုင်းအဆင့်များကို နားလည်သဘောပေါက်ရန်ဖြစ်စေ၊ သို့မဟုတ် နတ်ဘုရားစွမ်းရည်များကို နားလည်ရန်ဖြစ်စေ သို့တည်းမဟုတ် လက်နက်များ သန့်စင်ခြင်းနှင့် ဆေးဖော်စပ်ခြင်း စွမ်းရည်များကို တိုးတက်စေရန်ဖြစ်စေ အချုပ်အားဖြင့်ဆိုရသော် သူ၏အဆင့်ကို မြှင့်တင်ခြင်းအပြင် သူလုပ်ဆောင်နိုင်စရာများ များစွာ ကျန်ရှိနေသေးပါ၏။

အချိန်တို့သည် မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ ဟန်လင်းရွှမ် လာရောက်လည်ပတ်ပြီးနောက် ဆယ်နှစ်တာကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီပင်။ ဤဆယ်နှစ်တာကာလအတွင်း လုချင်းသည် သူသင်ယူခဲ့သမျှ အရာအားလုံးကို သေချာစွာ စုစည်းကာ နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် သူ၏ နတ်မျက်စိစွမ်းရည်ကို အသုံးပြုခဲ့လေ၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ ပို၍ပင် ရှင်းလင်းပြတ်သားလာခဲ့တော့သည်။

အကြီးမားဆုံး အကျိုးအမြတ်မှာ သူကိုယ်တိုင် ဖန်တီးထားသည့် ပြီးပြည့်စုံသော ရွှေအမြုတေ ကျင့်စဉ်ကို ဆဋ္ဌမအကြိမ် အသွင်ပြောင်းခြင်းအထိ ပုံဖော်နားလည်နိုင်ခဲ့ခြင်းပင် ဖြစ်၏။ ကောင်းကင်ဘုံမှ ချီးမြှင့်ထားသော မွေးရာပါ နတ်ဘုရားစွမ်းရည်နှစ်ခုမှာလည်း ၎င်းတို့၏ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသင်ယူခဲ့သော တာအိုကျင့်စဉ်များနှင့် ပညာရပ်များအားလုံးကိုလည်း ယခုအခါ သူ၏ လက်ရှိထိန်းချုပ်နိုင်စွမ်း အမြင့်ဆုံးအဆင့်အထိ ကျွမ်းကျင်ပိုင်နိုင်နေပြီပင်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တတိယအကြိမ် အသွင်ပြောင်းခြင်း၏ အထွတ်အထိပ်တွင်သာ ရှိနေသေးသော်လည်း သူ၏ အမှန်တကယ် စွမ်းအားမှာမူ အံ့မခန်း တိုးတက်လာခဲ့ပြီး ပို၍ပင် နက်နဲခန့်မှန်းရခက်လာခဲ့လေတော့၏။

တစ်နေ့တွင် လုချင်းနေထိုင်ရာ တိတ်ဆိတ်သောအခန်းအတွင်း ဝိညာဉ်စွမ်းအင်များ လှိုင်းထလာပြီး သူ၏ရှေ့မှောက်ရှိ ဝိညာဉ်အိတ်ကလေးတစ်ခုမှာ ဖြည်းညင်းစွာ လည်ပတ်နေလေ၏။

ရုတ်တရက် အခန်းတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များအားလုံးကို တစ်ကျိုက်တည်းနှင့် မျိုချခံလိုက်ရတော့သည်။ အိတ်ကလေးမှာ တုန်ခါသွားပြီး တက်ကြွသော ဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်လာလေ၏။ ၎င်းကို အာရုံခံမိလိုက်သည်နှင့် လုချင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ လက်သင်္ကေတတစ်ခုကို နောက်ဆုံးအကြိမ် ပြုလုပ်လိုက်သည်နှင့် အိတ်ကလေးမှာ သူ့ဆီသို့ ပျံသန်းလာပြီး ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ သူ၏ပါးပြင်ကို ချစ်ခင်မြတ်နိုးစွာ ပွတ်သီးပွတ်သပ် လုပ်နေလေတော့၏။

"သခင်... ကောင်းကင်နဲ့မြေကြီး ချီအိတ်ကို အသစ်တစ်ဖန် ပြန်ပြီးတော့သန့်စင်နိုင်ခဲ့တဲ့အပြင် အသစ်မွေးဖွားလာတဲ့ ဝိညာဉ်လက်နက် အစောင့်အရှောက်နဲ့တူတူ သူ့ရဲ့ အမြင့်ဆုံးစွမ်းအားကိုပါ ပြန်ပြီးရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်"

ထိုအချိန်တွင် ယန်၏ ပုံရိပ်မှာ လုချင်း၏ဘေးတွင် ထွက်ပေါ်လာပြီး ဂုဏ်ပြုစကား ဆိုလိုက်လေ၏။ တစ်ချိန်တည်းမှာပင် ယန်သည် ကောင်းကင်နှင့်မြေကြီး ချီအိတ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူနှင့် ခေတ်တစ်ခေတ်တည်းမှ ဖြစ်သော ဤရှေးဟောင်း ဝိညာဉ်လက်နက်မှာ ယခုအခါ အပြည့်အဝ နိုးထလာခဲ့ပြီ ဖြစ်၏။ သို့သော် ၎င်းအတွင်းရှိ ဝိညာဉ်မှာ လုံးဝအသစ်ဖြစ်ပြီး ယခင်ဝိညာဉ်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိတော့ချေ။ 'အရာရာ ပြောင်းလဲသွားပြီ' ဟူသော ခံစားချက်က ယန်အား ရောပြွမ်းနေသော ခံစားချက်များဖြင့် ပြည့်နှက်သွားစေတော့သည်။

"အင်း... နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ"

လုချင်းသည် ကောင်းကင်နှင့်မြေကြီး ချီအိတ်ကို သူ၏လက်ချောင်းများဖြင့် ကစားရင်း သက်ပြင်းချလိုက်လေ၏။ ဤအိတ်မှာ သူငယ်ရွယ်စဉ်ကတည်းက ပထမဆုံး ရရှိခဲ့သော ဝိညာဉ်လက်နက်များထဲမှ တစ်ခုဖြစ်ပေသည်။ သို့သော် ထိုအချိန်က ၎င်းအတွင်းရှိ ဝိညာဉ်လက်နက် အစောင့်အရှောက်မှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ၎င်းကို ထိန်းသိမ်းထားရန် ဝိညာဉ်သဘာဝ အနည်းငယ်မျှသာ ကျန်ရှိနေခဲ့လေ၏။

နောက်ပိုင်းတွင် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာသည်နှင့်အမျှ အိတ်ကလေးမှာ အာဟာရများကို စုပ်ယူကာ သူ၏စွမ်းအားများကို တဖြည်းဖြည်း ပြန်လည်ရရှိလာပြီး သူ၏ ဝိညာဉ်အနှစ်သာရကို အားဖြည့်ပေးခဲ့သည်။ ယနေ့ ဝိညာဉ်လက်နက် အစောင့်အရှောက်အသစ်တစ်ခုကို မွေးဖွားပေးနိုင်ခဲ့သည့် အချိန်အထိပင်။ ယန်နှင့်မတူဘဲ ဤဝိညာဉ်သစ်မှာ အတိတ်က မှတ်ဉာဏ်များကို မှတ်မိခြင်း မရှိတော့ချေ။ ယခုအခါ ၎င်းသည် ဗလာစာရွက်တစ်ရွက်ကဲ့သို့ အပြစ်ကင်းစင်ပြီး ဖြူစင်လှပေသည်။ ၎င်းက သူ့ကို ပြန်လည်နိုးထစေခဲ့သော လုချင်းအား မိသားစုဝင်တစ်ဦးကဲ့သို့ သဘောထားလေ၏။ အခြားမည်သည့်အရာကိုမျှ နားမလည်သေးသော မွေးကင်းစကလေးငယ်တစ်ဦးနှင့် အလွန်တူလှပေသည်။

"ဝိညာဉ်လက်နက်တစ်ခုကို သန့်စင်ဖို့ဆိုတာ သန္ဓေသားဝိညာဉ်အဆင့်နဲ့ အဲ့အဆင့်အထက် ကျင့်ကြံသူတွေပဲ ကြိုးစားခွင့်ရှိတယ်လို့ ရှေးဟောင်းမှတ်တမ်းတွေမှာ ဆိုထားတာ အံ့ဩစရာမရှိဘူးပဲ။ ဒီကောင်းကင်နဲ့မြေကြီး ချီအိတ်ထဲက ဝိညာဉ်လက်နက် အစောင့်အရှောက်ကို ပြန်ပြီးပြုစုပျိုးထောင်ဖို့အတွက်တောင် ငါ့မှာ နှစ်တွေအများကြီး အချိန်ယူခဲ့ရတာ။ ဝိညာဉ်လက်နက်အသစ်တစ်ခုကို အစကနေစပြီး ဖန်တီးဖို့ဆိုရင် စိတ်ကူးလို့မရနိုင်လောက်အောင် များပြားတဲ့ အရင်းအမြစ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်မှာ ကျိန်းသေပဲ။ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူကလွဲရင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီဝန်ထုပ်ဝန်ပိုးကို တကယ်ကြီး မခံနိုင်ဘူးပဲ"

လုချင်း၏ အတွေးများက သူ၏ ကိုယ်ပိုင်အသက်သွေးကြောလက်နက်ဖြစ်သော ဓာတ်ကြီးငါးပါး ဘူးသီးခြောက်ဆီသို့ လွင့်မျောသွားလေ၏။ ၎င်း၏ နဂိုမူလလက်နက်မှာ ကပ်ရောဂါအဘိုးအို၏ အသက်သွေးကြော ဝိညာဉ်လက်နက်ဖြစ်သော ကပ်ရောဂါဘူးသီးခြောက် ဖြစ်ပေသည်။ လုချင်းက ၎င်းအတွင်းရှိ ဝိညာဉ်လက်နက် အစောင့်အရှောက်ကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပြီးနောက် ကပ်ရောဂါဘူးသီးခြောက်မှာ သူ၏ ဝိညာဉ်သဘာဝကို ဆုံးရှုံးသွားပြီး သာမန် အဖိုးတန်လက်နက်တစ်ခုအဖြစ်သို့ လျော့ကျသွားခဲ့လေ၏။

နောက်ပိုင်းတွင် လုချင်းက ၎င်းကို ပြန်လည်သန့်စင်ကာ သူ၏ ကိုယ်ပိုင်အသက်သွေးကြောလက်နက်ဖြစ်သော ဓာတ်ကြီးငါးပါး ဘူးသီးခြောက်အဖြစ် ပြောင်းလဲခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ အဆက်မပြတ် သန့်စင်ကာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ဓာတ်ကြီးငါးပါး ဘူးသီးခြောက်မှာ ဝိညာဉ်လက်နက် အစောင့်အရှောက်တစ်ခု မွေးဖွားလာမည့် အရိပ်အယောင် သို့မဟုတ် စစ်မှန်သော ဝိညာဉ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားမည့် လက္ခဏာ တစ်စုံတစ်ရာမျှ မပြသခဲ့ပေ။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေနှင့်ပင် သတ္တမအကြိမ် အသွင်ပြောင်းခြင်းသို့ မရောက်မီ ဓာတ်ကြီးငါးပါး ဘူးသီးခြောက်ကို စစ်မှန်သော ဝိညာဉ်လက်နက်တစ်ခုအဖြစ် သန့်စင်နိုင်ရန် မဖြစ်နိုင်ကြောင်း လုချင်း ခန့်မှန်းမိလေ၏။

လုချင်း တိတ်ဆိတ်စွာ တွေးတောနေစဉ် ရုတ်တရက် အလင်းတန်းတစ်ခု အပြင်ဘက်မှ ပျံသန်းဝင်ရောက်လာတော့သည်။ သူက ၎င်းကို ဖမ်းယူလိုက်ပြီး သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ဝမ်းသာသွားသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။

"ရှောင်ယန်က နောက်ဆုံးတော့ အတိဒုက္ခကို ရင်ဆိုင်ပြီး အဆင့်တက်တော့မှာလား"

All Chapters