အခန်း (၅၀၉-၅၁၀)
Vol. 51 Ch. 509-510
အခန်း ၅၀၉ - ရှောင်ယန် အတိဒုက္ခကို ရင်ဆိုင်ခြင်း
တောင်တန်းတစ်သိန်း၏ အနက်ရှိုင်းဆုံး နေရာတွင် လုချင်း တစ်ချိန်က အတိဒုက္ခကို ကျော်ဖြတ်ခဲ့သော တောင်တစ်တောင် ရှိလေ၏။ မဟုတ်သေး၊ ၎င်းကို တောင်တစ်တောင်ဟုပင် ခေါ်ဆို၍ မရနိုင်တော့ပေ။ ရွှေအမြုတေ မိုးကြိုးအတိဒုက္ခ လေးကြိမ်ဆက်တိုက် ဖျက်ဆီးမှုကို ခံခဲ့ရပြီးနောက်၌ ၎င်းမှာ အကြိမ်ကြိမ် မိုးကြိုးပစ်ခံရကာ ပြိုကျပျက်စီးခဲ့ရသည်။ ယခုအခါ ၎င်းမှာ ပေအနည်းငယ်မျှသာ မြင့်သော တောင်ကုန်းလေးတစ်ခုအဖြစ်သို့ လျော့ကျသွားခဲ့လေပြီပင်။ တစ်ချိန်က အမြင့်မားဆုံး တောင်ထွတ်တစ်ခု ဖြစ်ခဲ့ရာမှ ယခုအခါ ပတ်ဝန်းကျင်ရှိ တောင်ထွတ်များထက်ပင် ပို၍နိမ့်ကျသော တောင်ကုန်းပုလေးတစ်ခု ဖြစ်လာခဲ့တော့သည်။
ပြီးတော့ ယနေ့တွင် ၎င်းသည် နောက်ထပ် ရွှေအမြုတေ အတိဒုက္ခတစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်လေ၏။
ဤတောင်ကုန်းလေးပေါ်တွင် လုချင်းနှင့် အခြားသူများ စုဝေးနေကြသည်။ ရှောင်ယန်၏ အတိဒုက္ခကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် လာရောက်သူ အတော်များများ ရှိလေ၏။ သမားတော်ကြီးချန်နှင့် ရှောင်လီတို့အပြင် ဝေ့ရှန်ဟိုင်၊ ဝေ့ရှင်းဟယ်နှင့် ဝေ့ကျိအန်းတို့လည်း ရောက်ရှိနေကြသည်။ သခင်မဝေ့ပင်လျှင် လာရောက်ခဲ့လေ၏။
နှစ်နှစ်ဆယ်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သခင်မဝေ့၏ ရုပ်ရည်သွင်ပြင်မှာ များစွာ ပြောင်းလဲသွားခြင်း မရှိပေ။ သူမသည် အလှပဆုံး အရွယ်ရောက်နေသော အမျိုးသမီးတစ်ဦးနှင့် တူနေဆဲပင် ဖြစ်၏။ သူမ၏ သွေးနှင့် ချီစွမ်းအင်မှာလည်း အားကောင်းနေဆဲဖြစ်ပြီး ကိုယ်တွင်းအင်္ဂါအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။ သို့သော် သူမ၏ လှုပ်ရှားမှုတိုင်းတွင် သိုင်းပညာရှင်တစ်ဦး၏ အငွေ့အသက်မျိုးတော့ မရှိချေ။ သူမ၏ ခန္ဓာကိုယ်မှာ သန်မာသော်လည်း စစ်မှန်သော သိုင်းပညာ အောင်မြင်မှု မရှိကြောင်း ထင်ရှားနေပါ၏။
"ရှောင်ယန်... ဒီအတိဒုက္ခကို ဖြတ်ကျော်တဲ့အခါကျ သတိထားရမယ်နော်" သခင်မဝေ့က အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်လေ၏။
သူမသည် ကျင့်ကြံခြင်းအကြောင်းကို နားမလည်ပေ။ သူမ၏ ချီနှင့် သွေးစွမ်းအင်များ သန်မာနေရခြင်းမှာ လွန်ခဲ့သောနှစ်များအတွင်း ရှောင်ယန်ပေးခဲ့သော ဝိညာဉ်ဆေးလုံးများစွာကြောင့် ဖြစ်ပေသည်။ အတိဒုက္ခများနှင့် ပတ်သက်၍ သူမ ဘာမျှ မသိချေ။ ကျော်ဖြတ်ရန် အလွန်ခက်ခဲကြမ်းတမ်းကြောင်းကိုသာ သိထားပါ၏။ ထို့ကြောင့် ရှောင်ယန်အတွက် သူမ၏ စိုးရိမ်မှုမှာ အလွန်နက်ရှိုင်းနေတော့သည်။
"စိတ်မပူပါနဲ့ ဒေါ်လေး၊ သမီး အဆင်ပြေမှာပါ"
ငယ်ရွယ်သော မိန်းကလေးတစ်ဦး၏ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားဆဲဖြစ်သော ရှောင်ယန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်လေ၏။
"ကောင်းတယ်။ အဲ့လိုစိတ်ဓာတ်မျိုး ရှိရမယ်။ အဲ့လိုသဘောထားမျိုးရှိနေရင် မြေးလေးက ခြေသုံးလှမ်းလောက်တောင် ရှေ့ရောက်နေပြီ" သမားတော်ကြီးချန်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးလျက် ပြောလိုက်လေ၏။
သူ၏ အငွေ့အသက်မှာ တွင်းနက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းပြီး တည်ငြိမ်နေလေသည်။ နှစ်နှစ်ဆယ်ကျော် ကုန်လွန်သွားခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်းမှာလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့လေပြီပင်။ ယခုအခါ၌ သူသည် ရွှေအမြုတေအဆင့်၏ ပထမအကြိမ် အသွင်ပြောင်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဒုတိယအကြိမ် အသွင်ပြောင်းခြင်းသို့ ခြေချရန် သိပ်မလိုတော့ချေ။ ထိုကျင့်ကြံခြင်း အရှိန်အဟုန်မှာ အလွန်အမင်း မြန်ဆန်လှပေသည်။
သိထားရမည်မှာ သမားတော်ကြီးချန်သည် ထိုအချိန်က အထက်တန်းအဆင့် ရွှေအမြုတေကို သန့်စင်ခဲ့ပြီး ရွှေရောင်တိမ်တိုက် အတိဒုက္ခ၏ နဝမမိုးကြိုးအတိဒုက္ခထိ ကျော်ဖြတ်ခဲ့သူ ဖြစ်လေ၏။ သူ၏ ဝိညာဉ်စွမ်းအား အမြုတေမှာ အခြားသော အထက်တန်းအဆင့် ရွှေအမြုတေများကြားတွင်ပင် အမြင့်ဆုံးအဆင့်၌ ရှိနေပေသည်။ နှစ်နှစ်ဆယ်အတွင်း ပထမအကြိမ် အသွင်ပြောင်းခြင်း အထွတ်အထိပ်သို့ ရောက်ရှိရန်ဆိုသည်မှာ ကမ္ဘာလောကကြီးများတွင်ပင် လျှော့တွက်၍မရသော အရှိန်အဟုန်တစ်ခု ဖြစ်၏။
ဥပမာအားဖြင့် မြင့်မြတ်သောတောင်တော်မှ သခင်ကြီးသုံးပါးကို ကြည့်နိုင်သည်။
သူတို့သည် ဤကမ္ဘာလောကရှိ ရွှေအမြုတေ ကျင့်ကြံသူများ၏ ပထမဆုံးအသုတ်တွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်း အမြင့်ဆုံးဖြစ်သော ပထမသခင်ကြီးပင်လျှင် ပထမအကြိမ် အသွင်ပြောင်းခြင်း၏ အထွတ်အထိပ်တွင်သာ ရှိနေသေးပြီး ဒုတိယအကြိမ် အသွင်ပြောင်းခြင်းသို့ တကယ် မရောက်ရှိသေးပေ။
"နားလည်ပါပြီ အဘိုးချန်" ရှောင်ယန်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်၏။
"ကံကောင်းပါစေ ရှောင်ယန်" ရှောင်လီက ရှေ့သို့ထွက်လာကာ ချိုသာစွာ အော်ဟစ်လိုက်သည်။
ဝူရှင်းကလည်း အနီးသို့ ချဉ်းကပ်လာပြီး ရှောင်ယန်၏ လက်ကို ချစ်ခင်မြတ်နိုးစွာ ပွတ်သီးပွတ်သပ်လုပ်ရင်း သူမအား အားပေးနေလေ၏။ လူတိုင်းက သူတို့၏ အကြံဉာဏ်များ ပေးပြီးသောအခါ နောက်ဆုံးတွင် လုချင်းက ရှေ့သို့ ထွက်လာခဲ့လိုက်တော့သည်။ သူ၏ရှေ့မှ ရဲရင့်သော မိန်းကလေးကို ကြည့်ရင်း သူ၏အတွေးများက အတိတ်ဆီသို့ လွင့်မျောသွားလေ၏။ သူ စတင်နိုးထလာချိန်က မီးခိုးရောင် ပေါက်စီကို ဆုပ်ကိုင်ထားပြီး သူ့ကို ဝမ်းသာအားရ ကြည့်နေခဲ့သော မိန်းကလေးငယ်လေးကို သူ ပြန်မြင်ယောင်လာသည်။ သူက လက်လှမ်းလိုက်ပြီး ရှောင်ယန်၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေ၏။
"သွားတော့... အတိဒုက္ခကို သွားရင်ဆိုင်လိုက်။ ညီမလေးအတွက် ကိုကို ဒီမှာရှိနေမယ်"
"ဟုတ် ညီမလေး သိပါတယ်"
သူမအစ်ကို၏ လက်ဖဝါးမှ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် ရှောင်ယန်၏ နှလုံးသားမှာ ပို၍ပင် တည်ငြိမ်သွားတော့သည်။ သူမ၏ အဖြေစကားမှာ တိုးညင်းသော်လည်း ပြတ်သားနေလေ၏။
"ကောင်းပြီ။ သွားတော့။ ညီမလေးကို ကိုကိုပေးထားတာတွေကို သတိရပါ။ ဘာကိုမှ ချန်မထားနဲ့။ သုံးရမယ့်ဟာတွေကို သုံးသာပစ်လိုက်"
လုချင်းက သူ၏လက်ကို ပြန်ရုတ်လိုက်ပြီး သမားတော်ကြီးချန်ဘက်သို့ လှည့်လိုက်သည်။
"ဆရာ... ဟိုဘက်ကို သွားကြရအောင်"
"အေးပါကွာ"
သမားတော်ကြီးချန်က ခေါင်းညိတ်လိုက်ပြီး လေထဲသို့ ပျံတက်ကာ အနီးနားရှိ တောင်ထွတ်တစ်ခုဆီသို့ ပျံသန်းသွားလိုက်၏။ လုချင်းက သူ၏လက်အင်္ကျီကို ဝှေ့ယမ်းကာ တိမ်တိုက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး သခင်မဝေ့နှင့် အခြားသူများကို ဝေးကွာပြီး ဘေးကင်းသော တောင်ထွတ်တစ်ခုဆီသို့ သယ်ဆောင်သွားစေတော့သည်။ ကောင်းကင်အတိဒုက္ခသည် ကြီးမားလှသော စွမ်းအားများကို သယ်ဆောင်ထားပါ၏။ ကျင့်ကြံခြင်း အလုံအလောက် မရှိသူများအနေဖြင့် အလွန်နီးကပ်စွာ သွားပါက ဝိညာဉ်ထိခိုက်မှုကို အလွယ်တကူ ခံရနိုင်ပေသည်။ သခင်မဝေ့နှင့် ကျန်သူများက အနည်းငယ် ဝေးကွာသော တောင်ထွတ်တစ်ခုသို့ ရောက်ရှိသွားသောအခါ...
ရုတ်တရက် အထက်ကောင်းကင်ပြင်မှ နားကွဲမတတ် မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ကြီးမားကျယ်ပြန့်ပြီး ဖိနှိပ်ထားသော ကောင်းကင်ဘုံ၏ အာဏာစက်ကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ ဧရာမ အတိဒုက္ခတိမ်တိုက် ဝဲကတော့ကြီးတစ်ခုက စတင်ဖြစ်ပေါ်လာလေ၏။
"ဒါ... ဒါက ရှောင်ယန် ရင်ဆိုင်ရမယ့် အတိဒုက္ခလား"
သခင်မဝေ့သည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော အတိဒုက္ခတိမ်တိုက် ဝဲကတော့ကြီးကို စိုက်ကြည့်ရင်း သူမ၏အသံမှာ ကြောက်ရွံ့အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သူမသည် ဂုဏ်သရေရှိ မိသားစုတစ်ခုမှ အထက်တန်းလွှာ အမျိုးသမီးတစ်ဦးသာ ဖြစ်၏။ သူမ၏ ခင်ပွန်းနှင့် သားများက အတိဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အကြိမ်ကြိမ် ပြောပြခဲ့သည်ကို ကြားဖူးသော်လည်း မည်သည့်စကားလုံး၊ မည်သည့် စိတ်ကူးယဉ်မှုကမျှ သူမ၏ မျက်စိရှေ့မှောက်ရှိ အဖြစ်အပျက်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
"ဒီလိုအရာမျိုးကို... လူ့ခွန်အားနဲ့ တကယ်ပဲ ခံနိုင်ရည်ရှိပါ့မလား" သူမရှေ့ရှိ ကပ်ဆိုးကြီးကဲ့သို့သော မြင်ကွင်းကို ကြည့်ရင်း သခင်မဝေ့၏ ရင်ထဲတွင် အလိုလို တင်းကျပ်သွားလေတော့သည်။
"ဆရာ... ရှောင်ယန်ရဲ့ အတိဒုက္ခတိမ်တိုက် အရွယ်အစားက... အဲဒီတုန်းက ဆရာချန် ရင်ဆိုင်ခဲ့ရတာထက် မလျော့ဘူးပဲ" ဝေ့ကျိအန်းက အံ့အားသင့်စွာ ရေရွတ်လိုက်လေ၏။
"တကယ်ပဲကွာ။ ဆရာချန်ရဲ့ အတိဒုက္ခက ရွှေရောင်တိမ်တိုက် အတိဒုက္ခလေ။ ကြည့်ရတာ ရှောင်ယန်လည်း အတူတူပဲ ထင်တယ်" မာကူးက မျက်နှာတွင် အံ့အားသင့်မှု အပြည့်ဖြင့် ပြောလိုက်သည်။ ထိုလူနှစ်ဦးစလုံးမှာ ထူးခြားသော အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။ ယခုအခါ သူတို့သည် အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြောင်း သိသာနေပါသည်။
"အဲဒီတုန်းက ဆရာချန်ရဲ့ အတိဒုက္ခက တောင်တွေကိုတောင် အပိုင်းပိုင်း အစစဖြစ်သွားစေနိုင်တာမလား။ ခု ရှောင်ယန်ကကော ခံနိုင်ရည်ရှိပါ့မလား မသိဘူး"
"သူ အဆင်ပြေမှာပါ။ ရှောင်ယန်က လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်ခဲ့တာလေ။ အဲဒီအချိန်ကတည်းကစပြီး ဆယ်နှစ်တိတိ အဲဒီအဆင့်မှာပဲ သူ့ကိုယ်သူ့ ကိုယ်ရည်သွေးနေခဲ့တာ။ ဆရာချန် ပြောတာအရဆိုရင် ရှောင်ယန်ရဲ့ အုတ်မြစ်နဲ့ နက်ရှိုင်းမှုက အဲဒီတုန်းက သူလုပ်နိုင်ခဲ့တာထက်တောင် အများကြီး သာလွန်သေးတယ်တဲ့"
"အမှန်ပဲ။ ပြီးတော့ သခင်လေးလုချင်းက သူ့ကို ဘယ်လောက်တောင် ချစ်သလဲဆိုတာပဲ ကြည့်လေ။ ဒီအတိဒုက္ခကို ကျော်ဖြတ်နိုင်ဖို့ သူ ဘယ်လောက်တောင် ပြင်ဆင်ပေးထားမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဘာပြဿနာမှ ရှိမှာမဟုတ်လောက်ပါဘူး"
အခြားတစ်ဖက်တွင် ဝေ့ရှန်ဟိုင်နှင့် ဝေ့ရှင်းဟယ်တို့ကလည်း ဆွေးနွေးမှုတွင် ပါဝင်လာကြလေ၏။ မိသားစုဝင်များ၏ ယုံကြည်မှုအပြည့်ရှိသော စကားများကို ကြားရသောအခါ သခင်မဝေ့၏ စိုးရိမ်ပူပန်နေသော စိတ်မှာလည်း အနည်းငယ် သက်သာရာရသွားတော့သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ နောက်ထပ် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြန်၏။ များမကြာမီမှာပင် ရွှေရောင်တောက်ပနေသော အတိဒုက္ခတိမ်တိုက်များ စတင်စုဝေးလာပြီး ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်ဘုံ၏ အာဏာစက်ကြီးကို ထုတ်လွှတ်လိုက်တော့သည်။
"ဒီအတိဒုက္ခရဲ့ စွမ်းအားက အဲဒီတုန်းက ငါရင်ဆိုင်ခဲ့ရတာထက်တောင် ပိုကြီးနေပါလား။ ကြည့်ရတာ ရှောင်ယန်က ဒီနှစ်တွေအတွင်းမှာ သူ့ရဲ့ ကျင့်ကြံခြင်းကို တကယ်ပဲ ကြိုးစားအားထုတ်ခဲ့တဲ့ပုံပဲ" ရှောင်ယန်ရပ်နေသော တောင်ကုန်းဘေးရှိ အနီးနား တောင်ထွတ်တစ်ခုပေါ်မှ သမားတော်ကြီးချန်သည် အထက်မှ ဖိချလာသော ကောင်းကင်ဘုံ၏ အာဏာစက်ကို ခံစားရင်း သက်ပြင်းချလိုက်လေ၏။
"သူ လုံးဝ ပေါ့ပေါ့ဆဆ မနေခဲ့ပါဘူး ဆရာ"
အထက်တွင် ဖြစ်ပေါ်နေသော ရွှေရောင်တိမ်တိုက်ကို ကြည့်ရင်း လုချင်းက ခေါင်းအနည်းငယ် ညိတ်လျက် ပြောလိုက်သည်။ ဤအရာကို သူ ကြာမြင့်စွာကတည်းက မျှော်လင့်ထားခဲ့သော်လည်း ရွှေရောင်တိမ်တိုက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရမှသာ သူ၏စိတ်ကို အေးချမ်းသွားစေတော့သည်။ ရှောင်ယန်သာ ဤရွှေရောင်တိမ်တိုက် အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပါက သူမသည် အထက်တန်းအဆင့် ရွှေအမြုတေကို သန့်စင်နိုင်မည်ဖြစ်ပြီး သူမ၏ ရှေ့ဆက်ရမည့်လမ်းမှာလည်း ဖြောင့်ဖြူးကျယ်ပြန့်သွားမည်ပင်။
သူမ အတိဒုက္ခကို ကျော်ဖြတ်နိုင်ပါ့မလား ဆိုသည့်အချက်နှင့် ပတ်သက်၍မူ...
လုချင်းတွင် သူမ ကျော်ဖြတ်နိုင်မည်ဟူသော ယုံကြည်မှု အပြည့်အဝ ရှိနေလေ၏။
မည်သို့ပင်ဆိုစေ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း သူမအတွက် စမ်းသပ်မှုများနှင့် ကိုယ်ရည်သွေးနိုင်ဖို့ အတွေ့အကြုံပေါင်း မရေမတွက်နိုင်အောင် သူ စီစဉ်ပေးခဲ့ပြီး ဖြစ်သည်။ သူမ၏ အုတ်မြစ်မှာလည်း အမြင့်ဆုံးအဆင့်အထိ ခိုင်မာနေပြီ ဖြစ်၏။ ထို့ပြင် သူပြင်ဆင်ပေးထားသော အဖိုးတန်ဆေးလုံးများနှင့် မှော်လက်နက်များနှင့်ဆိုလျှင် သာမန် ရွှေရောင်တိမ်တိုက် အတိဒုက္ခလောက်ကတော့ သူမကို ရပ်တန့်နိုင်ရန် လုံးဝ လုံလောက်မည် မဟုတ်ပေ။
ဝုန်း
ဆရာနှင့်တပည့် စကားပြောနေစဉ်မှာပင် အပြည့်အဝ ဖြစ်တည်လာပြီဖြစ်သော ရွှေရောင်အတိဒုက္ခတိမ်တိုက်ထဲမှ မိုးကြိုးများသည် နောက်ဆုံးတွင် ကြီးမားကျယ်လောင်သော အသံကြီးနှင့်အတူ ဆင်းသက်လာတော့လေ၏။
……….
အခန်း ၅၁၀ - ကောင်းကင်ဖြိုခွင်း ဓားငယ်
ဝုန်း
နောက်ဆုံးကျဆင်းလာသော ကောင်းကင်အတိဒုက္ခမိုးကြိုးအား ရှောင်ယန်က ပြိုင်ဘက်ကင်းမျှ ထက်ရှလှသည့် ဓားချီစွမ်းအင်များဖြင့် ပိုင်းဖြတ်ချလိုက်လေတော့သည်။
သူမ၏ ဓားချီစွမ်းအင်မှာ ကောင်းကင်ယံထက်သို့ပင် ထိုးဖောက်တက်သွားပြီး မိုးကြိုးတိမ်တိုက်များကို ထွင်းဖောက်ကာ တိမ်ဝဲကတော့ကြီးတစ်ခုလုံးကို နှစ်ခြမ်းကွဲသွားစေခဲ့၏။
မိုးကြိုးတိမ်ဝဲကတော့ကြီးမှာ အနည်းငယ်တုန်ခါသွားပြီးနောက် နောက်ဆုံးတွင်တော့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ ရှောင်ယန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေပြီး တဖြည်းဖြည်းချင်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။
သဘာဝနိယာမစွမ်းအားများ ကိန်းဝပ်နေသော ကြီးမားလှသည့် သက်စောင့်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာကာ ရှောင်ယန်ကို ရစ်ပတ်လွှမ်းခြုံသွားလေ၏။ ၎င်းက သူမ၏ဒဏ်ရာများကို ကုသပေးနေသည့်တစ်ပြိုင်နက် ရွှေအမြုတေအဆင့်၏ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းလဲခြင်းကိုပါ အပြီးသတ်နိုင်ရန် ကူညီပေးနေတော့သည်။
ထိုစဉ် သမားတော်ကြီးချန်နှင့် အခြားသူများမှာတော့ သူတို့ရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အမှင်သက်စွာဖြင့် ရပ်နေမိကြလေသည်။
"ဆရာ... ရှောင်ယန်ရဲ့ ဓားချက်ကလေ ဆရာ ကောင်းကင်အတိဒုက္ခကို ပိုင်းဖြတ်ခဲ့တုန်းက ဟန်ပန်မျိုး နည်းနည်းလေး ပါနေတယ်နော်" လုချင်းက ပြုံးလျက် ပြောလိုက်သည်။
"ငါ့ကိုလာမြှောက်မနေပါနဲ့ကွာ" သမားတော်ကြီးချန်က သတိပြန်ဝင်လာရင်း ရယ်မောလိုက်၏။ "ရှောင်ယန်ရဲ့ ဓားက ငါ အရင်တုန်းက လုပ်နိုင်ခဲ့တာထက် အများကြီး သာတယ်လေ။ သူက နဝမမြောက် အတိဒုက္ခမိုးကြိုးကိုတောင် ပိုင်းဖြတ်နိုင်ခဲ့တာလေ"
သမားတော်ကြီးချန်၏ ရင်ထဲမှ အံ့ဩတုန်လှုပ်မှုကား မပြယ်သေးချေ။ အရင်တုန်းက သူ ကောင်းကင်အတိဒုက္ခကို ပိုင်းဖြတ်စဉ်က အဋ္ဌမမြောက်မိုးကြိုးကိုသာ ပိုင်းဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုဓားချက်ကို ထုတ်ဖော်အပြီးတွင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခွန်အားများလည်း အကုန်အစင် ခမ်းခြောက်သွားခဲ့ရသည်။
သို့သော် ရှောင်ယန်ကမူ ယခုလေးတင် နဝမမြောက်မိုးကြိုးကို ကြံ့ကြံ့ခံဖြတ်ကျော်ပြီးနောက် ဒဏ်ရာရထားသည်ဆိုသော်ငြား ခွန်အားအကြွင်းအကျန်များ ရှိနေသေးပါ၏။ သူ၏အတိတ်ကပုံစံနှင့် နှိုင်းယှဉ်ပါက သူမက အဆပေါင်းများစွာ ပို၍သန်မာနေလေသည်။
"အားချင်း... ရှောင်ယန်ရဲ့ ဒီဓားထဲမှာ ကောင်းကင်ကိုတောင် ခွဲဖြတ်ပစ်နိုင်မယ့် စွမ်းအားအရိပ်အယောင်လေးတွေ ပါနေသလို ခမ်းနားကြီးကျယ်တဲ့ အသိမျိုးလည်း ပါနေတယ်။ ဒါ မင်းဖန်တီးထားတဲ့ ဓားသိုင်းပညာ မဟုတ်လား" သမားတော်ကြီးချန်က တွေးတွေးဆဆဖြင့် မေးလိုက်၏။
"ဟုတ်ပါတယ်ဗျ" လုချင်းက ခေါင်းညိတ်လိုက်သည်။ "ဒါက အရင်တုန်းက ကျွန်တော်ရခဲ့တဲ့ ဓားတာအိုအမွေအနှစ်တစ်ခုကို အခြေခံပြီး ဖန်တီးထားတဲ့ ဓားသိုင်းပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမှ အပြည့်အဝ ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တာလေ။ ရှောင်ယန်က အခြေတည်အဆင့်မှာတင် ကောင်းကင်ဖြိုခွင်း ဓားအသိရဲ့ အရိပ်အယောင်လေးကို နားလည်သဘောပေါက်သွားလိမ့်မယ်လို့ ကျွန်တော်တောင် မမျှော်လင့်ထားမိဘူး"
အမှန်တကယ်ပင် ရှောင်ယန် ခုလေးတင် ထုတ်ဖော်လိုက်သော ဓားချီစွမ်းအင်သည် သာမန်ဓားချီ မဟုတ်ပေ။ ၎င်းတွင် ကောင်းကင်ဘုံကို ဖြိုခွင်းနိုင်စွမ်းရှိသည့် အစွမ်းထက်သော ဓားအသိ အနည်းငယ်မျှ ပါဝင်နေလေ၏။
လွန်ခဲ့သောနှစ်များစွာက လုချင်းသည် နဂါးပြာမိုးတိမ်အက်ကွဲကြောင်း ချောက်ကမ်းပါးတွင် ကျန်ရစ်ခဲ့သော 'ကောင်းကင်ဖြိုခွင်း ဓားရာ' မှတစ်ဆင့် ရှေးဟောင်းအမွေအနှစ်တစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ 'ကောင်းကင်ကို ဖြိုခွင်းသူ တာအိုဆရာ' ၏ အမြင့်မားဆုံးသော ဓားသိုင်းပညာရပ်ဖြစ်သည့် 'ကောင်းကင်ဖြိုခွင်း ဓားချီ' ပင် ဖြစ်တော့သည်။
မူလက ကောင်းကင်ဖြိုခွင်း ဓားချီဟူသည် လွန်စွာနက်နဲသိမ်မွေ့ပြီး အဆင့်မြင့်မားလွန်းလှသဖြင့် ယင်းအား စတင်လေ့ကျင့်ရန်ပင် 'သန္ဓေသားဝိညာဉ်အဆင့်' ရှိရန် လိုအပ်ပေသည်။ သို့ရာတွင် လုချင်း၌ လွန်ခဲ့သောနှစ်ပေါင်းသောင်းချီက 'ကောင်းကင်ကို ဖြိုခွင်းသူ တာအိုဆရာ' ထုတ်ဖော်ခဲ့သည့် ဓားအလင်းတန်းမြင်ကွင်းအား ထပ်တလဲလဲ ကြည့်ရှုလေ့လာနိုင်စွမ်းရှိသော ထူးခြားသည့် ဝိညာဉ်ရေးရာစွမ်းရည်တစ်ခု ရှိနေခဲ့လေ၏။
နှစ်များတစ်လျှောက် အဆက်မပြတ် လေ့လာရှုမြင်ခြင်းနှင့် ဉာဏ်အလင်းပွင့်ခြင်းများမှတစ်ဆင့် ၎င်း၏လျှို့ဝှက်ချက်အချို့ကို သူ တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူ၏ဝိညာဉ်ရေးရာစွမ်းရည်ကို အသုံးချကာ သရုပ်ဖော်ပုံဖော်ခြင်း၊ မွမ်းမံခြင်းများ ပြုလုပ်ခြင်းဖြင့် နောက်ဆုံးတွင် သန္ဓေသားဝိညာဉ်အဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် သင့်လျော်သော ပြည့်စုံသည့် ဓားသိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တော့သည်။
ကောင်းကင်ဖြိုခွင်း ဓားချီမှ ဆင်းသက်လာသော ဤဓားသိုင်းသည် အစစ်အမှန်သိုင်းပညာရပ်ကို သင်ယူရန်အတွက် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးဝင်လှသည်။ ထို့ကြောင့် လုချင်းက ၎င်းအား "ကောင်းကင်ဖြိုခွင်း ဓားငယ်" ဟု အမည်ပေးခဲ့လေသည်။
ကောင်းကင်ဖြိုခွင်း ဓားငယ်သည် ဝင်ရောက်လေ့ကျင့်ရန် လိုအပ်ချက် သိပ်မမြင့်မားလှသော ပြည့်စုံသည့် ဓားသိုင်းအမွေအနှစ်တစ်ခု ဖြစ်သည်။ မွေးရာပါနယ်ပယ်ရှိ ကျင့်ကြံသူများအနေဖြင့် စတင်လေ့ကျင့်နိုင်ပြီး ရွှေအမြုတေအဆင့်အထိ လေ့ကျင့်နိုင်ပေသည်။ ၎င်းကို ဖန်တီးပြီးနောက် လုချင်းက ရှောင်ယန်အား လက်ဆင့်ကမ်း သင်ကြားပေးခဲ့သည်။
ပုံမှန်အခြေအနေအရဆိုလျှင် ကောင်းကင်ဖြိုခွင်း ဓားငယ်၏ တိုးတက်မှုအဆင့်ကို အခြေခံကာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးမှသာ ကောင်းကင်ဖြိုခွင်း ဓားအသိ၏ အရိပ်အယောင်လေးကို စတင်နားလည်နိုင်မည်ပင်။ သို့သော် မမျှော်လင့်ထားဘဲ ရှောင်ယန်၏ ဓားတာအို ပါရမီမှာ အံ့မခန်း မြင့်မားနေခဲ့၏။
နှစ်အတန်ကြာ လေ့ကျင့်ပြီးနောက် အခြေတည်အဆင့်မှာပင် ကောင်းကင်ဖြိုခွင်း ဓားအသိ၏ အစွန်းအစလေးကို သူမ ထိုးထွင်းသိမြင်သွားခဲ့သည်။ ဤအချက်ကပင် သူမအား ကောင်းကင်အတိဒုက္ခကို ပိုင်းဖြတ်နိုင်သည့် အံ့မခန်းလုပ်ရပ်ကို စွမ်းဆောင်နိုင်စေခဲ့ခြင်း ဖြစ်တော့သည်။
"တကယ့်ကို မယုံနိုင်စရာပဲ... သူ့ရဲ့ ကျင့်ကြံခြင်းပါရမီက အဆင့်တက်လာတာနဲ့အမျှ ပိုပိုပြီး အားကောင်းလာသလိုပဲ။ အရင်တုန်းက သူ နိုးထလာခဲ့တဲ့ မွေးရာပါ တာအိုခန္ဓာကိုယ်က သာမန်မဟုတ်တဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်ရမယ်" လုချင်းက တိတ်တဆိတ် တွေးတောနေမိလေ၏။
အရင်က သမားတော်ကြီးချန် မွေးရာပါနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်စဉ်က ရှောင်ယန်သည် မွေးရာပါနယ်ပယ်လမ်းစဉ်၏ အသက်စွမ်းအင်ချီ တစ်စက်ကို တိုက်ဆိုင်စွာ စုပ်ယူမိခဲ့ပြီး မွေးရာပါ တာအိုခန္ဓာကိုယ်၏ အရိပ်အယောင်အချို့ နိုးထလာခဲ့သည်။
နောက်ပိုင်းတွင် ကမ္ဘာ့မူလအစ ချီစွမ်းအင်နှင့် သူမ၏ခန္ဓာကိုယ်ကို ပေါင်းစပ်ပြီးနောက် လုချင်း ထောက်ပံ့ပေးခဲ့သော ဆေးလုံးအမျိုးမျိုးကို နှစ်ပေါင်းများစွာ စားသုံးခဲ့ရသဖြင့် သူမ၏ မွေးရာပါ တာအိုခန္ဓာကိုယ် အနှစ်သာရမှာ ပိုမို၍ အားကောင်းလာခဲ့သည်။ နောက်ဆုံးတွင် အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ပြီးနောက်၌ မွေးရာပါ တာအိုခန္ဓာကိုယ်၏ အပြည့်အဝ ဖွဲ့စည်းပုံကို အလုံးစုံ နိုးထစေနိုင်ခဲ့လေသည်။
အစပိုင်းတွင်တော့ လုချင်းက ထိုအပေါ် သိပ်အရေးမစိုက်ခဲ့ပေ။ သို့သော် နှစ်တွေကြာလာသည်နှင့်အမျှ ရှောင်ယန်၏ ကျင့်ကြံခြင်းအောင်မြင်မှုများမှာ သတ်မှတ်ထားသည့် စံချိန်များကိုပါ ချိုးဖောက်လာသည့်အခါ၌ ဤမွေးရာပါ တာအိုခန္ဓာကိုယ်၏ စွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို လုချင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့တော့သည်။
"မင်းရဲ့ ဒီဓားသိုင်းက တကယ်ကို ကြောက်စရာကောင်းတာပဲ" သမားတော်ကြီးချန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
လုချင်းက ကောင်းကင်ဖြိုခွင်း ဓားငယ်ကို ဖန်တီးပြီးနောက် မှီငြမ်းနိုင်ရန် သမားတော်ကြီးချန်အား မျှဝေပေးခဲ့ဖူးသည်။ သို့သော် ထိုအချိန်က သမားတော်ကြီးချန်မှာ ရွှေအမြုတေကို ဖွဲ့စည်းပြီးဖြစ်ကာ သူပိုင်ဆိုင်သော ဓားသိုင်းလမ်းစဉ်ကို စတင်ပုံဖော်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထိုသိုင်းကို လေ့လာရုံသာလေ့လာခဲ့ပြီး အလေးအနက်ထား ကျင့်ကြံခဲ့ခြင်းမရှိပေ။ သို့တိုင် ယခုအခါ အပြည့်အဝ ကျွမ်းကျင်သွားပြီးနောက် ပေါ်ထွက်လာသည့် စွမ်းအားကို မြင်တွေ့ရသောအခါ၌ သူ အလွန်အမင်းကို မှင်သက်သွားခဲ့ရလေ၏။
သူတို့နှစ်ဦး စကားပြောဆိုနေချိန်တွင် အနီးအနားရှိ ရှောင်လီနှင့် ဝူရှင်းတို့မှာလည်း ကြက်သေသေနေဆဲဖြစ်သည်။ သူတို့ကိုလည်း အပြစ်ဆို၍ မရပါချေ။ ရှောင်ယန် အတိဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသော မြင်ကွင်းက အလွန်ကိုမှ အံ့မခန်း ဖြစ်လွန်းနေသောကြောင့်ပင်တည်း။
ရွှေရောင်တိမ်တိုက် ကောင်းကင်အတိဒုက္ခမှ ကျဆင်းလာသော မိုးကြိုးကိုးချက်အနက် ပထမခြောက်ချက်မှာ သူမအတွက် မပြောပလောက်သည့် အခက်အခဲမျှသာ ဖြစ်သည်။ နောက်ဆုံးသုံးချက်က သူမကို ဒဏ်ရာရစေခဲ့သော်လည်း မျှော်လင့်ချက်မဲ့လောက်သည့် အခြေအနေမျိုးအထိ မရောက်ရှိစေခဲ့ချေ။
အံ့သြစရာအကောင်းဆုံးမှာ အားအပြင်းဆုံးဖြစ်သည့် နဝမမြောက် မိုးကြိုးကို သူမက ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်ကာ အတိဒုက္ခတိမ်ဝဲကတော့ကြီးကိုပါ နှစ်ခြမ်းကွဲသွားစေခဲ့ခြင်းပင်။ အစမှအဆုံးတိုင် အတိဒုက္ခကို လွယ်ကူစွာ ဖြတ်ကျော်သွားနိုင်ခဲ့သည့် သူမ၏လုပ်ရပ်မှာ ယုံကြည်နိုင်ဖွယ်ရာ မရှိလှပေ။ အထူးသဖြင့် အတိတ်က သူတို့၏ ကိုယ်ပိုင်အတိဒုက္ခများကြောင့် သေလုမြောပါး ဖြစ်ခဲ့ရသော ရှောင်လီနှင့် ဝူရှင်းတို့အတွက်မူ ပို၍ပင် အံ့ဩစရာကောင်းနေတော့သည်။
"ရှောင်ယန်က ဒီလောက်တောင် အစွမ်းထက်နေပြီလား" သတိပြန်ဝင်လာသည့်အခါ ဝူရှင်းက တီးတိုးရေရွတ်လိုက်သည်။
"အားချင်းက ဒီနှစ်တွေတစ်လျှောက်လုံး ရှောင်ယန်ရဲ့ လေ့ကျင့်ရေးတွေမှာ တင်းကြပ်ခဲ့တာလေ။ ဒီနေ့အတွက် ကြိုတင်ပြင်ဆင်ပေးခဲ့တာ ဖြစ်ရမယ်" ရှောင်လီက ဝင်ပြောလိုက်၏။
လွန်ခဲ့သောဆယ်စုနှစ်တစ်ခုအတွင်း လုချင်းသည် သူ၏ သိုင်းပညာရပ် ကျင့်ကြံမှု တိုးတက်စေရန် ရုန်းကန်နေရချိန်တွင်ပင် ရှောင်ယန်၏ လေ့ကျင့်မှုများကို ကိုယ်ရည်သွေးပေးရန်နှင့် သူမ၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် အချိန်များစွာ သုံးစွဲခဲ့သည်။ တစ်ခါတစ်ရံ ဘေးမှစောင့်ကြည့်နေရသော ရှောင်လီမှာ လုချင်းတစ်ယောက် အရမ်းကို ပြင်းထန်လွန်းသည်ဟု ခံစားခဲ့ရဖူးပါ၏။ သို့သော် ယခုပြန်တွေးကြည့်သောအခါ ထိုပြင်းထန်မှုကပင် ယနေ့ ရှောင်ယန်အား အတိဒုက္ခကို လွယ်ကူစွာ ရင်ဆိုင်နိုင်ရန် ဖန်တီးပေးခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။
"အားချင်း... သူ ဘာအတွက် ကြိုတင်ပြင်ဆင်နေတာလဲ"
ရှောင်လီက လုချင်းကို အလိုလိုပင် လှမ်းကြည့်လိုက်မိသည်။ နှစ်တွေကြာလာသည်နှင့်အမျှ လုချင်းသည် တစ်စုံတစ်ရာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံရကြောင်း သူမ ရေးတေးတေး ခံစားမိခဲ့သည်။ သူ ဘယ်သောအခါမှ မဖြေရှင်းနိုင်သည့် အရာတစ်ခုက သူ၏စိတ်ကို ဖိစီးနေသကဲ့သို့ပင်။ ၎င်းမှာ လုချင်းထံ၌ မြင်တွေ့ရခဲသော စိတ်ခံစားမှုမျိုး ဖြစ်သည်။ အရင်ကဆိုလျှင် သူသည် အရာရာတိုင်းတွင် ပြတ်သားပြီး ဆုံးဖြတ်ချက် ခိုင်မာသူ ဖြစ်သည်။ ယခု ရှောင်ယန်၏ လေ့ကျင့်ရေးအပေါ် သူ မည်မျှ တင်းကြပ်ခဲ့သည်ကို ပြန်လည်တွေးတောကြည့်လိုက်သောအခါ... လုချင်း သူတို့ထံမှ တစ်ခုခုကို ဖုံးကွယ်ထားကြောင်း ရှောင်လီ ပြင်းပြင်းထန်ထန် ခံစားလိုက်ရလေသည်။
"ကဲ... ရှောင်ယန် နိုးလာပြီ။ သူ့ဆီ သွားကြရအောင်"
လုချင်းက ရှောင်လီ၏ အကြည့်ကို သတိမထားမိခဲ့ပေ။ ရှောင်ယန့်ကို ဝန်းရံနေသည့် မြူဖြူများ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်ကို မြင်သောအခါ၌ သူမ၏ အသွင်ပြောင်းလဲခြင်း အကြမ်းဖျင်း ပြီးစီးသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ထို့နောက် သူတို့အားလုံး သူမ ရှိရာသို့ ပျံသန်းသွားကြလေ၏။
ကောင်းကင်အတိဒုက္ခ၏ ဖျက်ဆီးမှုကို ခံရပြီးနောက် အစောပိုင်းက မြေစာပုံသက်သက်သာ ကျန်ရှိတော့သည့် တောင်ထွတ်တစ်ခုလုံးမှာ ယခုအခါ လုံးဝ ပြန့်ပြူးသွားခဲ့ပြီဖြစ်သည်။ သို့သော် တစ်နည်းအားဖြင့် ၎င်းက ကောင်းသောအရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အနည်းဆုံးတော့ အနာဂတ်တွင် မည်သူမျှ ဤနေရာ၌ ၎င်းတို့၏ အတိဒုက္ခကို ကျော်ဖြတ်ရဲမည် မဟုတ်ကြောင်း လုချင်း ယုံကြည်ထားလေသည်။
မြူခိုးများ အပြည့်အဝ ပျောက်ကွယ်သွားချိန်တွင် ရှောင်ယန် မျက်လုံးပွင့်လာခဲ့သည်။
"ရှောင်ယန်... အတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်နော် နင့်ရဲ့ နောက်ဆုံး ဓားချက်က တကယ့်ကို အံ့မခန်းပဲ။ မိုးကြိုးကို ရိုက်ချိုးလိုက်ရုံတင်မကဘူး မိုးကြိုးတိမ်တိုက်တွေကိုပါ နှစ်ခြမ်းခွဲပစ်လိုက်တာလေ..." ရှောင်ယန် နိုးလာသည်နှင့်တစ်ပြိုင်နက် ရှောင်လီက စိတ်လှုပ်ရှားစွာဖြင့် စကားတွေ တရစပ် ပြောလေတော့သည်။
ခဏအကြာတွင် ထိုနေရာလေးသည် အသံဗလံများဖြင့် ထပ်မံ၍ အသက်ဝင် စည်ကားသွားလေတော့၏။