← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁)

(T/N…. လယ်တောအိမ်အစား ယာတောအိမ်ဟု ပြောင်းလဲအသုံးပြုထားသည်)

ရွာသားများသည် မြင်ကွင်းကို ကြည့်ရှု၍ အံ့အားသင့်စွာဖြင့် အော်လိုက်ကြသည်။ လင်းယန်၏ လက်ထဲမှ ပန်းသီးအား ဝှစ်ခနဲ လုယူသွားသူသည် အခြားမဟုတ် မျောက်တစ်ကောင် ဖြစ်နေသောကြောင့် ဖြစ်၏။ ထိုမျောက်သည် ပန်းသီးအား လုယူပြီးသောအခါ သစ်ပင်ပေါ်တွင် ဇောက်ထိုးတွဲလွဲခို၍ မြိန်ရည်ယှက်ရည် စားသုံးနေသည်။

“ဒီမျောက်က ဘယ်က ရောက်လာတာလဲ”

“ဘာလို့ ရုတ်တရက်ကြီး မျောက်တစ်ကောင် ပေါ်လာရတာလဲ၊ ရှောင်လင်း မျောက်မွေးထားတယ်လို့လည်း တစ်ခါမှ မကြားမိပါဘူး”

“ဟိုး... ကြည့်စမ်းပါဦး၊ တကယ့်ကို အံ့သြဖို့ကောင်းတဲ့ မျောက်ပဲ၊ ဇောက်ထိုးတောင် ခိုနိုင်တယ်”

ရွာသားများသည် ရုတ်တရက် ပေါ်ပေါက်လာသော ထိုမျောက်အပေါ်တွင် သိလိုစိတ်များ ပြင်းပြနေကြသော်လည်း လင်းယန်အတွက် ထိုမျောက်သည် အလွန် ရင်းနှီးနေသော ခံစားချက်အား ပေးစွမ်းနေသည်။

“အရင်က အရက်လာခိုးသောက်တဲ့ မျောက်အိုကြီးလား”

လင်းယန်သည် အသေအချာ မပြောနိုင်သေးချေ။ အကြောင်းအရင်းမှာ ယခုတွေ့ရသော မျောက်သည် ယခင်ထက် ဒဏ်ရာဒဏ်ချက် ပိုမိုများပြားနေကာ ခန္ဓာကိုယ်သည်လည်း ပို၍ ပိန်ချုံးနေသောကြောင့် ဖြစ်၏။ မတွေ့ရသည့် အတောအတွင်း မည်သို့သော လောကဓံများအား ဖြတ်သန်းခဲ့ရသဖြင့် ထိုမျှအထိ ပိန်လှီသွားရသနည်းဟု သူ တွေးတောနေမိသည်။

မျောက်သည် လက်ထဲမှ ပန်းသီးအား နှစ်ကိုက်သုံးကိုက်ဖြင့် အပြတ်ရှင်းလိုက်ပြီးနောက် လင်းယန်အား ကြည့်ကာ သွားဖြဲပြသည်။ သူသည် ပန်းသီးစေးများ ပေကျံနေသော လက်ကို မိမိ၏ အမွေးအမျှင်များပေါ်တွင် အသာအယာ သုတ်သင်ပြီးသောအခါ တစ်ခဏအတွင်း ခြံစည်းရိုးတံတိုင်းပေါ်သို့ ခုန်တက်သွား၏။

လင်းယန်သည် ထိုမျောက်မှာ ယခင်ကဲ့သို့ ပြန်လည်ပျောက်ကွယ်သွားတော့မည်ဟု ထင်မှတ်နေစဉ် သူသည် သစ်သီးအပုံလိုက်အား ပိုက်ကာ ပြန်လည်ရောက်ရှိလာ၍ လင်းယန်၏ ရှေ့မှောက်၌ ချထားပေးသည်။

ထိုအသီးအနှံများသည် ယနေ့နံနက် ခြံထဲတွင် ထူးဆန်းစွာ ရောက်ရှိနေသော တောသီးများ ဖြစ်၏။

“မနက်က သစ်သီးတွေ လာပို့တာလည်း မင်းပဲပေါ့လေ”

လင်းယန်သည် မျက်ခုံးတစ်ဖက်အား ပင့်လိုက်၍ မေးလိုက်ရာ မျောက်သည် ငြင်းဆိုခြင်းမပြုဘဲ ခေါင်းကိုသာ တကုတ်ကုတ် လုပ်ကာ သစ်ပင်ပေါ်သို့ ပြန်တက်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များသည် ထိုမျောက်ကို မြင်သောအခါ အထူး စိတ်လှုပ်ရှားနေကြသည်။

“ဒါ ငါတို့ရဲ့ ဟောက်ကော မဟုတ်လား၊ သူ ပြန်လာပြီဟေ့”

“ဟောက်ကောက တောင်ပေါ်မှာ ပျင်းလို့ Host ဆီကို အလည်လာတာ ဖြစ်မှာပါ”

“ဘာလို့ ဒီမျောက်က သွေးရာဗရပွနဲ့ ဖြစ်နေရတာလဲ၊ တောင်ပေါ်က တခြားမျောက်တွေနဲ့ ထပ်ချပွဲ နွှဲလာတာလား”

“မျောက်တွေက သူတို့အချင်းချင်းကြားမှာ သိပ်မတည့်ကြဘူးလို့ ကြားဖူးတယ်၊ နယ်မြေလုတာတို့ အစားအစာလုတာတို့ကတော့ ထုံးစံပဲလေ”

“ဒီနေ့ ဒီမျောက်အိုကြီးက တော်တော်လေး ပျော်နေသလိုပဲလို့ ငါ ခံစားနေရတယ်”

“တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ၊ ဒဏ်ရာရနေတာတောင် ဒီလောက် ပျော်နိုင်ကြသေးတယ်”

ချောင်ရှီဖုန်းသည်လည်း သူ အလွန်တွေ့မြင်လိုလှသော ရွှေရောင်မျောက်အား နောက်ဆုံးတွင် တွေ့မြင်ခွင့် ရလိုက်ပြီ။ ထိုမျောက်အိုကြီး ပေါ်လာသည်ကို မြင်ရသောအခါ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားကောင်းကောင်း မပြောနိုင်တော့ချေ။ တစ်ဖက်တွင် လင်းယန်သည် မျောက်၏ ဒဏ်ရာများအား ကြည့်၍ တွေးနေမိသည်။

“ဒဏ်ရာတွေက အပြည့်နဲ့ပါလား၊ တောသီးလေး နည်းနည်းပါးပါး လာပို့ရုံနဲ့ မင်းရဲ့ ဆေးဖိုးဝါးခတွေကို ကျေအေးပေးမယ်လို့ မထင်နဲ့ဦး၊ လာခဲ့... ငါ မင်းရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးမယ်”

လင်းယန်သည် သက်ပြင်းချ၍ မျောက်မင်းအား ခေါ်လိုက်သည်။

သူသည် ထိုအတိုင်းသာ ဆက်သွားနေလျှင် ယာတောအိမ် ပိုင်ရှင်အဖြစ်မှ တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ်သို့ ပြောင်းလဲသွားတော့မည်ကို ခံစားနေရ၏။ သူသည် ယာတောအိမ်တစ်ခုကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင် တိရစ္ဆာန်များအား ဧည့်ခံကျွေးမွေးနေရသော ဂေဟာတစ်ခု ဖြစ်နေ၏။

လင်းယန်သည် သူ၏ ဒဏ်ရာများကို ကုသပေးနေစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း မေ့လျော့မထားချေ။ သူသည် အမွေးဖြူ နှင့် အမွေးဝါလေးအား ရွာသားများအတွက် ပြကွက်အချို့ တင်ဆက်ခိုင်းလိုက်သည်။ ထိုကျားပေါက်လေး နှစ်ကောင်သည် အမြွှာများ ဖြစ်ကြသော်လည်း တစ်ကောင်နှင့်တစ်ကောင် လုံးဝမတည့်ကြသဖြင့် သူတို့၏ ဟန်ချက်မညီသော လှုပ်ရှားမှုများသည် ရွာသားများကို ရယ်မောပျော်ရွှင်စေသည်။

အမှန်စင်စစ် တိရစ္ဆာန်များအား အသုံးချ၍ ဖျော်ဖြေခြင်းကို ကန့်ကွက်သင့်သော်လည်း သူတို့ကိုယ်တိုင် အားတက်သရော တင်ဆက်လိုနေခြင်းကို မည်သူမျှ တားဆီး၍ မရနိုင်ချေ။ သခင်ဖြစ်သူ၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် အမွေးဖြူ နှင့် အမွေးဝါတို့သည် တစ်ကောင်နှင့် တစ်ကောင် ပြေးတမ်းလိုက်တမ်း ကစားကြကာ ခြံဝင်းငယ်လေးတစ်ခုလုံးကို ဆူညံပွက်လောရိုက်အောင် ဖန်တီးနေကြသည်။

လင်းယန်သည် အိမ်ထဲမှ ဆေးသေတ္တာအား ထုတ်ယူကာ ဝရန်တာတွင် ထိုင်၍ မျောက်မင်းကြီးအား ဆေးထည့်ပေးနေ၏။ ယခုတစ်ခေါက် တွေ့ရှိရသော ဒဏ်ရာများမှာ သူ့အား ပို၍ ဇဝေဇဝါ ဖြစ်စေသည်။

“မင်းရဲ့ အသားတွေက လန်ထွက်နေတာပဲ... ဒီဒဏ်ရာတွေက မင်းတို့ အမျိုးအနွယ်အချင်းချင်း လုပ်ကြတာလား”

“မင်းတို့ မျောက်တွေဆိုတာက သာမန် ရန်ဖြစ်ရုံပဲ ရှိတတ်တာ မဟုတ်ဘူးလား၊ အခုတော့ ဘာလို့ ဒီလောက်တောင် လက်ရဲဇက်ရဲ ရှိနေကြတာလဲ”

လင်းယန်သည် မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ ရွှေရောင်မျောက်များသည် နိုင်ငံတော်အဆင့် (၁) အကာအကွယ်ပေးထားသော တိရစ္ဆာန်များ ဖြစ်သော်လည်း ထိုကဲ့သို့ အချင်းချင်း သတ်ဖြတ်နေကြလျှင် မကြာမီ မျိုးသုဉ်းသွားတော့မည်မှာ အသေအချာ ဖြစ်၏။

“ချစ်... ချစ်”

မျောက်အိုကြီးသည် နှစ်ချက်မျှ အော်မြည်လိုက်၏။ ထိုလူသားသည် ဘာကို နားလည်နိုင်ပါမည်နည်း။ ထိုသည်မှာ သူတို့၏ မျိုးနွယ်စုဆိုင်ရာ ဂုဏ်သိက္ခာ ဖြစ်သည်။ မျောက်မင်းကြီး ရာထူးအား လုယူရသော တိုက်ပွဲ ဖြစ်သည်မဟုတ်လော။ လူသားများသည် အမှန်တကယ် အသိဉာဏ် နည်းပါးလှသည်။ သို့သော် သူသည် ယခုအခါ မျောက်မင်းကြီး ရာထူးကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်၍ ထိုတောတောင်တစ်ခုလုံးတွင် သူ၏ နေရာတစ်ခု ခိုင်မာသွားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ထိုလူသားအပေါ်တွင် စိတ်ဆိုးမနေရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာ၏ ပတ်ဝန်းကျင်မှာ ဒဏ်ရာကုသရန် အလွန်သင့်လျော်သဖြင့် ခေတ္တမျှ နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ ထို့ပြင် ထိုလူသားသည် စကား အနည်းငယ် များသော်လည်း မျောက်မင်းကြီးတစ်ပါးအနေဖြင့် မိမိ၏ လက်အောက်ခံကို သည်းခံပေးရမည် မဟုတ်လော။ ဟုတ်ပေသည်၊ မျောက်မင်းကြီး၏ စိတ်ထဲတွင် သူ့အား ကူညီခဲ့သော လင်းယန်အား လက်အောက်ခံ တစ်ဦးအဖြစ် သတ်မှတ်လိုက်သည်။

မီးရှူးမီးပန်း ပါတီသည် ယခုအခါ မဲပေးသည့် အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်၏။ ကျားပေါက်လေး နှစ်ကောင်သည်လည်း အားကုန်သွားသဖြင့် ဘေးတွင် လဲလျောင်းကာ အမောဖြေနေကြသည်။ ရွာသားများ၏ ရယ်မောသံများသည် ရပ်တန့်ခြင်း မရှိသေးချေ။

“ကဲ... လေးစားအပ်ပါတဲ့ ရွာသားတို့ခင်ဗျာ၊ အခုဆိုရင် မိမိတို့ အနှစ်သက်ဆုံး အစီအစဉ်ကို မဲပေးနိုင်ပါပြီ”

ညွှန်ကြားရေးမှူးဆန်းသည် ပြုံးကာ ဆိုလေသည်။

“မဲပေးချိန်က တစ်မိနစ်ပဲ ရပါမယ်၊ အမြန်ဆုံး မဲပေးကြပါ၊ မဲရလဒ်တွေကို ကြေညာပြီးတာနဲ့ ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီရဲ့ လက်ရှိ ဝင်ငွေတွေကိုလည်း ကြေညာပေးသွားမှာ ဖြစ်ပါတယ်၊ ဪ... ပြီးတော့ ဒီမဲပေးပွဲမှာ ပထမရတဲ့သူက အစီအစဉ်အဖွဲ့ဆီကနေ ရန်ပုံငွေ ကျပ်တစ်သိန်း ပံ့ပိုးမှု ရရှိမှာ ဖြစ်ပါတယ်၊ ဒီငွေကိုလည်း ဝင်ငွေအဖြစ် ထည့်သွင်းရေတွက်သွားမှာပါ”

ညွှန်ကြားရေးမှူးဆန်းသည် ထိုစကားကို တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်၍ ယခု ကြေညာလိုက်သောအခါ ပြိုင်ပွဲဝင်များ၏ ရင်ခုန်သံသည် ပို၍ မြန်ဆန်လာသည်။ သို့သော် လင်းယန်မှာမူ သူ့အာရုံနှင့်သူဖြစ်နေသဖြင့် ရင်ခုန်ဖို့ရာ အခွင့်မသာပေ။ သူသည် မျောက်အိုကြီး၏ အမွေးများအား ပွတ်သပ်ပေး၍ ရေရွတ်လိုက်၏။

“မင်းလည်း အသက်ကြီးလှပြီပဲ၊ အရိုးတခြား အသားတခြား ဖြစ်နေတဲ့ အိုမင်းနေတဲ့ မင်းကြီးက တခြားသူတွေနဲ့ ရန်ဖြစ်နေတုန်းလား၊ တကယ်ပဲ အသက်ကို ဖက်နဲ့ထုပ်ထားတာပဲ”

မျောက်မင်းကြီးသည် ထိုစကားအား ကြားသောအခါ ဆွံ့အသွား၍ မည်သို့ပြောရမှန်း မသိသော မျက်နှာပေးဖြင့် ကြည့်နေသည်။ ထိုလူသားသည် မည်သည့်အရာများအား လျှောက်ပြောနေသနည်း။ မျိုးနွယ်စု၏ ဘုရင်တစ်ပါးအနေဖြင့် ဝါရင့်၍ အစွမ်းထက်သူကသာ မျိုးနွယ်စုအား ပိုမိုကောင်းမွန်စွာ အုပ်ချုပ်နိုင်သည် မဟုတ်လော။ ‘အရိုးတခြား အသားတခြား’ ဟူသော စကားအား သူသည် လုံးဝ လက်မခံနိုင်ချေ။

ရွာသားများသည် အသေအချာ စဉ်းစားပြီးနောက် သူတို့၏ ဆန္ဒမဲများအား ပေးအပ်လိုက်ကြသည်။ ညွှန်ကြားရေးမှူးဆန်း၏ အဖွဲ့သားများသည်လည်း မဲများကို အမြန်ဆုံး ရေတွက်ကြ၏။ အင်တာနက် ပရိသတ်များသည် ရလဒ်အား ခန့်မှန်းနေကြပြီ ဖြစ်သည်။

“ငါ့တစ်သက်မှာ အရှေ့မြောက်ကျားတွေရဲ့ ဖျော်ဖြေမှုကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး၊ ရွာသားတွေလည်း လင်းယန်ကို မဲပေးကြမှာပါ၊ ဒီလောက် ချစ်စရာကောင်းတဲ့ ကျားပေါက်လေးတွေကို ဘယ်သူက ငြင်းနိုင်မှာလဲ”

“ငါတော့ အဲဒီလို မထင်ဘူး၊ လီတင်းရဲ့ သီချင်းကလည်း တော်တော်ကောင်းတာပဲ”

“ဒါဆို ရှုလီရဲ့ အကကရော မကောင်းဘူးလို့ ပြောချင်တာလား”

“ဝမ်ဒါလီရဲ့ လက်ရေးလှ ရေးတာကတော့ တခြားသူတွေနဲ့ ယှဉ်ရင် သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းသလိုပဲ”

“ငါတို့ မဲပေးခွင့်မရတာ နှမြောဖို့ကောင်းတယ်၊ ငါတို့သာ မဲပေးခွင့်ရရင် လင်းယန်က ပထမမှာ အခိုင်အမာ ရှိနေမှာ”

ညွှန်ကြားရေးမှူးဆန်းသည် ချောင်းတစ်ချက် ဟန့်လိုက်ကာ ဆိုလိုက်၏။

“ဒီနေ့ရဲ့ ပထမဆုရှင်ကတော့ ကျွန်တော်တို့ အားလုံးကို တကယ်ပဲ အံ့အားသင့်စေခဲ့ပါတယ်”

“အားလုံးပဲ ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းမိကြလား”

ပရိသတ်များသည် စိတ်မရှည်နိုင်တော့ချေ။

“ကျော်ထက်အောင်လို လုပ်မနေဘဲ မြန်မြန် ကြေညာပေးစမ်းပါ”

“ငါတို့ စောင့်နေတာ ကြာလှပြီ၊ မြန်မြန်ပြောတော့”

“မင်း ပထမရမယ်လို့ ထင်လား”

ချောင်ရှီဖုန်းသည် လင်းယန်၏ လက်မောင်းအား အသာတို့ကာ မေးလိုက်၏။ လင်းယန်သည် ခေါင်းခါပြလိုက်ပြီး မျှော်လင့်ချက် သိပ်မထားဟန် ပြလေသည်။

“သိပ်တော့ မဖြစ်နိုင်ဘူးဗျ၊ ကျွန်တော့်ရဲ့ ပြကွက်က တကယ့် ဖျော်ဖြေမှုတစ်ခုလို့တောင် မသတ်မှတ်နိုင်ပါဘူး”

သို့သော် ထိုခဏတွင် ညွှန်ကြားရေးမှူးဆန်း၏ ပထမဆုရှင် ကြေညာသံအား လူတိုင်း ကြားလိုက်ရသည်။ ထိုသူမှာ အမှန်တကယ် လူတိုင်းကို အံ့အားသင့်စေခဲ့သူ ဖြစ်သည်။

All Chapters