← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂)

“ယခုတစ်ကြိမ်မှာတော့ ပထမဆုကို ပြိုင်ပွဲဝင် ဝမ်ဒါလီက ဆွတ်ခူးသွားပါတယ်ခင်ဗျာ၊ ဒုတိယဆုကတော့ လီတင်း ဖြစ်ပြီး သူ့နောက်မှာတော့ ရှုလီ၊ ဝူအန်းနဲ့ လင်းယန်တို့က အစဉ်လိုက် ရှိနေကြပါတယ်”

ထိုအဆင့်သတ်မှတ်ချက်သည် လူတိုင်းကို အံ့အားသင့်စေခဲ့၏။ ပရိသတ်များသည် ပထမဆုကို သီချင်းကောင်းကောင်းဆိုနိုင်သည့် လီတင်း သို့မဟုတ် တိရစ္ဆာန်ကျွမ်းဘားပြကွက်များ တင်ဆက်ခဲ့သည့် လင်းယန်တို့ထဲမှ တစ်ယောက်ယောက် ရရှိလိမ့်မည်ဟု ထင်မှတ်ထားကြခြင်း ဖြစ်သည်။ ဝမ်ဒါလီသည် ထိုနေရာအား သိမ်းပိုက်သွားလိမ့်မည်ဟု မည်သူမျှ တွေးတောမထားခဲ့ကြချေ။

ဝမ်ဒါလီကိုယ်တိုင်လျှင် ထိုရလဒ်ကြောင့် အလွန်အမင်း တုန်လှုပ်သွားရှာသည်။ အင်တာနက် ပရိသတ်များမှာ ပို၍ ဇဝေဇဝါ ဖြစ်နေကြ၏။

“ရွာသားအများစုက ဝမ်ဒါလီကို တကယ်ပဲ မဲပေးခဲ့ကြတာလား”

“ဝမ်ဒါလီက လက်ရေးလှရေးပြတာ မဟုတ်လား၊ ဒီသက်ကြီးရွယ်အိုတွေက အဲဒါကို နားလည်ကြလို့လား၊ သိချင်ရုံသက်သက်ပါ”

“ဘာပဲဖြစ်ဖြစ် လင်းယန်က နောက်ဆုံးအဆင့် မရောက်သင့်ဘူး မဟုတ်လား၊ သူ့ရဲ့ တိရစ္ဆာန်လေးတွေ ဖျော်ဖြေတာက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲကို”

ညွှန်ကြားရေးမှူးဆန်းသည် ချောင်းတစ်ချက် ဟန့်လိုက်၍ ကြေညာလိုက်သည်။

“ဒီနေ့ပွဲကို ရွာသား ၃၆ ယောက် တက်ရောက်ခဲ့ပြီး ဝမ်ဒါလီက ၁၄ မဲ ရရှိခဲ့ပါတယ်၊ လီတင်းက ၇ မဲ၊ ရှုလီက ၆ မဲ၊ ဝူအန်းက ၅ မဲနဲ့ လင်းယန်က ၄ မဲ အသီးသီး ရရှိခဲ့ကြတာပါ၊ ပထမဆုရရှိတဲ့ ပြိုင်ပွဲဝင် ဝမ်ဒါလီကို ဂုဏ်ပြုပေးကြပါဦး”

ပွဲကြည့်စင်အောက်မှ လက်ခုပ်သံများ ခပ်စိပ်စိပ် ထွက်ပေါ်လာ၏။ ညွှန်ကြားရေးမှူးဆန်းသည် ပရိသတ်များ၏ သိလိုစိတ်ကို ရိပ်မိသဖြင့် ရွာသားတစ်ဦးအား အမှတ်မထင် လူတွေ့မေးမြန်းလိုက်သည်။

“အဖိုး... အဖိုးတို့က ဘာကြောင့် ဝမ်ဒါလီကို မဲပေးခဲ့ကြတာလဲ၊ အကြောင်းရင်းလေး သိခွင့်ရှိမလားခင်ဗျာ”

လင်းယန်မှအပ ကျန်ရှိသော ပြိုင်ပွဲဝင်များအားလုံးသည် ဘေးတွင်ရှိသော ဝမ်ဒါလီအား ကြည့်လိုက်ကြ၏။ ထိုကောင်လေးသည် အမှန်တကယ် သူ၏ အရည်အချင်းအစစ်အမှန်အား ဖုံးကွယ်ထားခဲ့ခြင်းလော။ အဆုံးအဖြတ်ပေးရမည့် အချိန်မျိုးတွင် ယခုကဲ့သို့ စွမ်းဆောင်နိုင်ရသနည်း။

ဝမ်ဒါလီကိုယ်တိုင်သည်လည်း ကြောင်တောင်တောင် ဖြစ်နေ၏။ သူသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် ပြင်ဆင်ထားခဲ့သော်လည်း မမျှော်လင့်စွာ ပထမဆု ရရှိသွားခြင်းဖြစ်၍ ထိုအရာသည် မထင်မှတ်ထားသော ကံကောင်းခြင်းတစ်ခု ဖြစ်တော့သည်။

အင်တာဗျူးခံရသော အဖိုးအိုသည် အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် ပြန်မေးပြီးနောက် ဖြေကြားလေသည်။

“ကျွန်တော့်ကို မေးတာလား၊ စာလုံးတွေကို ဒီလောက်လှပအောင် ရေးနိုင်တဲ့သူဟာ ပညာတတ်ပဲဗျ၊ ပညာတတ်တဲ့သူတွေက အစွမ်းအထက်ဆုံးပဲ၊ ကျွန်တော်တို့ရွာက ပညာတတ်တဲ့ လူကြီးမင်းတွေကို အင်မတန် ရိုသေလေးစားကြတာ”

ညွှန်ကြားရေးမှူးဆန်းသည် ရွာသားအချို့အား ဆက်တိုက် မေးမြန်းကြည့်သောအခါမှ အဖြေမှန်ကို ရရှိတော့၏။ အမှန်စင်စစ် ထိုသက်ကြီးရွယ်အိုများသည် ပညာ သင်ကြားခွင့် သိပ်မရခဲ့ကြ၍ အခြေခံစာလုံးအချို့ကိုသာ နားလည်ကြသူများ ဖြစ်သည်။ ဝမ်ဒါလီသည်လည်း ထိုအချက်အား ထည့်သွင်းစဉ်းစားကာ ရိုးရှင်းလွယ်ကူသော စာသားများကိုသာ ရွေးချယ်ရေးသားခဲ့ခြင်း ဖြစ်၏။

ရွာသားများသည် စာဖတ်တတ်သူများအား အလွန်အမင်း အထင်ကြီး လေးစားကြသဖြင့် ဝမ်ဒါလီအား ယခင် သူတို့ရွာရှိ ဆရာများနှင့် တစ်တန်းတည်းထားကာ စစ်မှန်သော ပညာရှိ လူကြီးမင်းတစ်ဦးအဖြစ် ယုံကြည်သွားကြခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ယခုကဲ့သို့ လှပသော လက်ရေးမျိုးကို မည်သို့ ရေးနိုင်ပါမည်နည်း။

သီချင်းဆိုခြင်း၊ ကခုန်ခြင်း သို့မဟုတ် တိရစ္ဆာန်ပြကွက်များ ပြသခြင်းတို့သည် ထိုသူတို့အတွက် ထူးဆန်းသော အရာများ မဟုတ်ကြပေ။ ထို့ကြောင့် သက်ကြီးရွယ်အို ရွာသားများသည် ဝမ်ဒါလီကို မဲပေးခဲ့ကြခြင်း ဖြစ်၏။ လင်းယန် ရရှိခဲ့သော မဲအနည်းငယ်သည် ရွာထဲရှိ ကလေးငယ်များ ပေးခဲ့သော မဲများသာ ဖြစ်သည်။

“အိုး... လင်းယန် သေချာပေါက် နိုင်မှာပဲဆိုပြီး သူငယ်ချင်းနဲ့ ငါးယွမ်တောင် လောင်းထားမိတယ်၊ ငါ့ရဲ့ ငါးယွမ်လေးတော့ သွားပါပြီ”

“ဒီရလဒ်က လူတိုင်းရဲ့အတွေးနဲ့ ပြောင်းပြန်ပဲနော်”

“ဝမ်ဒါလီက ရွက်ပုန်းသီးလေးပဲ”

“ဝမ်ဒါလီတော့ ပြန်လည် နိုးထလာပြီ ထင်တယ်”

“မင်း ပထမဆု ရသွားပြီဆိုတော့ ဆုကြေးငွေ ယွမ်တစ်သိန်းကို မင်းရဲ့ ဝင်ငွေစာရင်းထဲကို မကြာခင် လွှဲပေးပါ့မယ်”

ညွှန်ကြားရေးမှူးဆန်းသည် ဝမ်ဒါလီအား ရှေ့သို့ ဖိတ်ခေါ်လိုက်ကာ ဆို၏။

“ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူး၊ ကျွန်တော့်ကို အားပေးကြတဲ့ ရွာထဲက အဖိုးအဖွား၊ ဒေါ်ဒေါ်တို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်”

ဝမ်ဒါလီသည် ပြုံး၍ ဆိုလေသည်။

လင်းယန်သည် ပြိုင်ပွဲရလဒ်အပေါ် မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။ လင်းယန်သည် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သူ မဟုတ်ပေ။ ရွာသားများအား ဖျော်ဖြေရန်အတွက် သာမန်ပြကွက်တစ်ခု တင်ဆက်နိုင်ခဲ့ခြင်းပင်လျှင် သူ၏ ရည်မှန်းချက်ကို ပြည့်မြောက်စေခဲ့ပြီ ဖြစ်၏။

ရန်အာဟူသည် စိတ်မရှည်စွာဖြင့် ခေါင်းတယမ်းယမ်း ဖြစ်နေတော့၏။

“သူဌေးရာ... ဘာလို့ တစ်စက်ကလေးမှ မစိုးရိမ်ရတာလဲ၊ အဲဒါ ဆုကြေးငွေ တစ်သိန်းတောင်နော်၊ သူဌေးပြောတော့ ပထမဆု ယူချင်တယ်ဆို၊ ဒီအတိုင်းသာဆိုရင် ဝမ်ဒါလီကျော်တက်တာကို ခံရတော့မယ်”

သူသည် အသံအား နှိမ့်ကာ ဆက်ပြောလေသည်။

“ကျနော်သိသလောက်ဆိုရင် အဲဒီကောင်က အနီးနားက ရွာတော်တော်များများရဲ့ လယ်ယာထွက်ကုန်တွေကို လက်ဝါးကြီးအုပ်ပြီး အွန်လိုင်းကနေ ရောင်းနေတာ၊ သူ့ကို အားပေးတဲ့သူတွေလည်း အများကြီးပဲ၊ သူက သူဌေးရဲ့ နံပါတ်တစ် ပြိုင်ဘက်ပဲလေ၊ သူဌေး ဘာလို့ ဒီလောက်‌ အေးအေးဆေးဆေးနေနိုင်ရတာလဲဗျာ”

လင်းယန်သည် မျောက်အိုကြီး၏ အမြီးအား အသာဆွဲကာ သူ၏ ဒဏ်ရာများကို ပတ်တီးစည်းပေးပြီးနောက် မတ်တပ်ရပ်လိုက်၍ အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။

“ဪ... အင်းပါ”

မျောက်အိုကြီးသည် သူ၏ အမြီးကို မဆီမဆိုင် လာကိုင်သဖြင့် လင်းယန်အား မကျေမနပ်ဖြင့် ပြန်ရိုက်လေသည်။ မျောက်တစ်ကောင်၏ အမြီးကို စည်းမရှိကမ်းမရှိလာမထိရဆိုသည်ကို ထိုလူသား မသိလေသလော။ ထိုလူသားမှာ အမှန်တကယ် အနေအထိုင် မတတ်လှပေ။ သို့သော် ထိုလူသား၏ မြိန်လှစွာသော အရက်ချိုသည် ရှိပါဦးမည်လောဟု သူသည် တွေးတောနေမိသည်။

ချောင်ရှီဖုန်းသည် မျောက်အိုကြီးအား အနီးကပ် လေ့လာလိုသဖြင့် တိုးကပ်သွားသည်။ ထိုနေ့က ဗီဒီယိုထဲတွင် မြင်ခဲ့ရသော မျက်လုံးများ၏ အရိပ်အယောင်ကို သူ မေ့မရသေးချေ။

ထိုသည် မျောက်တစ်ကောင်တွင် ရှိသင့်သည့် အကြည့်မျိုး ဟုတ်မဟုတ်ကို သူသည် ယနေ့တိုင် သံသယရှိနေဆဲ ဖြစ်၏။ သို့သော် သူသည် လင်းယန်ကဲ့သို့ ထိတွေ့ရန် ကြိုးစားလိုက်သည်နှင့် မျောက်အိုကြီးသည် သူ့အား ချက်ချင်း ကုတ်ခြစ်လိုက်တော့သည်။

ချောင်ရှီဖုန်းသည် နာကျင်လွန်းသဖြင့် မျက်နှာပျက်သွားကာ နောက်သို့ ဆုတ်ခွာသွားရသည်။ မျောက်အိုကြီးသည် သူ၏ ချွန်ထက်သော သွားများကို ဖြဲပြ၍ အမွေးများ ထောင်ပြကာ ရန်ထောင်နေသည်။ ဤလူသားသည် မည်သို့လုပ်ရန် ကြိုးစားနေသနည်း။

သူ့အား အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကဲ့သို့ ဆက်ဆံနေခြင်းလော။ သူသည် မြင့်မြတ်သော မျောက်မင်းကြီး ဖြစ်၏။မည်သူမဆို လာရောက်ထိတွေ့နိုင်သည့် မျောက်မျိုး မဟုတ်ပေ။

“အဆင်ပြေရဲ့လား ညီအစ်ကိုချောင်”

အဖြစ်အပျက်သည် ရုတ်တရက်ဖြစ်သွားသဖြင့် လင်းယန်သည် ချောင်ရှီဖုန်းအား စိုးရိမ်တကြီး ကြည့်လိုက်၏။

‘သွားပါပြီ၊ ရုပ်ပျက်ဆင်းပျက်များ ဖြစ်သွားပြီလား မသိ’

ချောင်ရှီဖုန်းသည် မျက်နှာထက်မှ ပူစပ်ပူလောင် နာကျင်မှုကို အောင့်ခံထားရသည်။

လင်းယန်သည် မျောက်အိုကြီးအား စိုက်ကြည့်လိုက်ကာ ငေါက်လိုက်လေသည်။

“မင်း ဘာလို့ အကြောင်းမဲ့ လူကို တိုက်ခိုက်ရတာလဲ”

သူ့အိမ်တွင် တိရစ္ဆာန်များစွာ ရှိသော်လည်း ယခုကဲ့သို့ ရုတ်တရက် ရန်ပြုတတ်သူသည် ထိုတစ်ကောင်သာ ရှိသေး၏။ မျောက်၏ ခြေသည်းများသည် အထူး ထက်မြက်လှသဖြင့် ချောင်ရှီဖုန်း၏ မျက်နှာပေါ်တွင် သွေးစို့နေသော ကုတ်ခြစ်ရာ သုံးခု ထင်ကျန်ရစ်လေသည်။

လင်းယန်သည် နတ်ရေစင်ကို တဘက်တစ်ခုပေါ်သို့ အမြန်လောင်းချကာ ချောင်ရှီဖုန်း၏ မျက်နှာပေါ်သို့ အသာအယာ အုပ်ပေးလိုက်လေသည်။ တဘက်နှင့် ထိတွေ့လိုက်သည်နှင့် ပူစပ်ပူလောင် ဖြစ်နေသော နေရာသည် ချက်ချင်း အေးမြသွားတော့၏။

“ဟင်၊ ဒီတောင်ကျစမ်းရေက ဒီလောက်တောင် အစွမ်းထက်တာလား၊ နာကျင်မှုကိုပါ ပျောက်ကင်းစေနိုင်တာလား၊ အခု ကျွန်တော် ဘာမှ မခံစားရတော့ဘူး”

ချောင်ရှီဖုန်းသည် အံ့အားသင့်သွားကာ ဆိုလေသည်။ ရန်အာဟူသည် မယုံကြည်နိုင်ဟန်ဖြင့် မေးသည်။

“တကယ်ကြီးလား၊ ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်”

“တကယ် မနာတော့တာပါ”

ချောင်ရှီဖုန်းသည် အခိုင်အမာ ပြန်ဖြေလေသည်။

လင်းယန်သည် မျောက်အိုကြီး၏ အမြီးကို တိုက်ရိုက်ဖမ်းကိုင်ကာ လေထဲတွင် ဇောက်ထိုး ဆွဲထားလိုက်လေသည်။

“တောင်ပေါ်မှာ ဘုရင်လုပ်နေတာ မလုံလောက်လို့ ငါ့အိမ်ထိလာပြီး လူကို ဒဏ်ရာပေးတယ်ပေါ့လေ၊ မင်းက ရွှေရောင်မျောက် ဖြစ်နေလို့ ငါ မထိရဲဘူးလို့ မထင်နဲ့”

လင်းယန်သည် နိုင်ငံတော်အဆင့် (၁) အကာအကွယ်ပေးထားသော တိရစ္ဆာန်အား အမှန်တကယ် အန္တရာယ်ပြုရန် မရဲဝံ့သော်လည်း မျောက်တစ်ကောင်ကို ဆုံးမရန်အတွက် နာကျင်အောင် လုပ်စရာ မလိုသည်မှာ အမှန် ဖြစ်၏။

“မင်းမှာ တစ်နေ့လုံး သောင်းကျန်းဖို့ အင်အားတွေ ပိုနေတယ်ဆိုရင်တော့ ငါ့အတွက် ထင်းသွားခုတ်ပေးချေ”

လင်းယန်သည် မျောက်အိုကြီးအား ထင်းပုံဘေးသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ လူတစ်ရပ်နီးပါး မြင့်မားသော ထင်းပုံကြီးကို ကြည့်ရင်း မျောက်အိုကြီးသည် ထိုလူသားကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေ၏။ ထိုလူသားသည် သူ မည်သည်ကို ဆိုလိုနေမှန်း သိပါလော။

သူသည် ခံ့ညားထည်ဝါလှသော တောင်ပေါ်၏ ဘုရင်ဖြစ်၏။ လူသားများ၏ ခိုင်းဖတ်အဖြစ် အလုပ်လာလုပ်ပေးရမည် ဟူသည်မှာ မည်သို့မျှ မဖြစ်နိုင်သော အရာဖြစ်သည်။

မျောက်အိုကြီးသည် စိတ်ပျက်လက်ပျက် ဖြစ်သွားကာ ထိုနေရာမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သော်လည်း ထိုလူသား၏ အေးအေးဆေးဆေး ပြောလိုက်သော စကားတစ်ခွန်းကို ကြားလိုက်ရလေသည်။

“မင်း အခု ထွက်သွားမယ်ဆိုရင်တော့ အဲဒီညက အရက်ချိုကို နောက်တစ်ခါ ဘယ်တော့မှ သောက်ရတော့မှာ မဟုတ်ဘူး”

မျောက်အိုကြီး၏ ခြေလှမ်းများ ရပ်တန့်သွား၏။ ကျိန်စာသင့်အပ်သော ထိုလူသားသည် သူ့ကို မည်သည့်အရာဖြင့် ထိန်းချုပ်ရမည်ကို ကောင်းကောင်း သိနေလေပြီ၊ သို့သော် သူသည် တောင်ပေါ်၏ ဘုရင်တစ်ပါး ဖြစ်၍ ယခုကဲ့သို့သော ဆွဲဆောင်မှု တစ်ခုကိုမျှ တောင့်မခံနိုင်ရမည်လော။

မိနစ်ဝက်ခန့် ကြာသောအခါ...

ခြံဝင်းထောင့်တွင် ထင်းခုတ်နေသော မျောက်အိုကြီးအား ကြည့်၍ အင်တာနက် ပရိသတ်များသည် တဝါးဝါး ရယ်မောကြတော့သည်။

“တိရစ္ဆာန်တွေကို အလုပ်ခိုင်းတာ တရားမဝင်ဘူး မဟုတ်လား”

“တိုင်မယ်၊ ကျွန်တော် တိုင်မယ်၊ နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်ကို အလွဲသုံးစား လုပ်နေပါတယ်”

“ဟားဟားဟား... ဒီမျောက်အိုကြီးက သူ့အလိုလို လုပ်နေတာလို့ ဘာလို့ ခံစားရတာလဲ”

“သူ့အလိုအလျောက် မဟုတ်ဘဲ ဘယ်သူကများ ဟောက်ကောကို အတင်းခိုင်းနိုင်မှာလဲ”

“ဒီမျောက်က အရင်ကဆိုရင် ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့၊ ဒီနေ့တော့ အလုပ်တောင် လုပ်ပေးနေပါလား”

“ယာတောအိမ်ပိုင်ရှင် ပြောတာ မကြားဘူးလား၊ ထွက်သွားရင် အရက်သောက်ရမှာ မဟုတ်ဘူးတဲ့”

“မဖြစ်နိုင်တာ၊ ဟောက်ကောတောင် အရက်စွဲနေပြီလား”

“သစ်တောဦးစီးဌာနရေ... အမြန်လာကြည့်ကြပါဦး”

“တိရစ္ဆာန်တွေကို ပင်ပင်ပန်းပန်း အလုပ်မခိုင်းရဘူးဆိုပေမဲ့... သူတို့ဘာသာ စိတ်ပါလက်ပါ လုပ်နေရင်တော့ ဘယ်လိုလုပ်မလဲဆိုတာ ဥပဒေမှာပါလားဗျ”

All Chapters