← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅)

လင်းယန်သည် ဂရုမစိုက်သည့်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်ကာ ပြောလိုက်၏။

“သူ့ကို ငါက အတင်းအကျပ် ခိုင်းစေနေတာ မဟုတ်ပါဘူး၊ သူက သူ့ရဲ့ လုပ်အားနဲ့ ထိုက်တန်တဲ့ ဆုလာဘ်ကို ရှာဖွေနေတာပဲဥစ္စာ”

ထို့အပြင် မျောက်အိုကြီးသည် သူ၏ ခြံဝင်းထဲသို့ မိမိအလိုအလျောက် ရောက်ရှိလာခြင်း ဖြစ်ကာ သစ်တောဦးစီးဌာနမှ လူများ သိရှိသွားလျှင် ကန့်ကွက်စရာ အကြောင်းမရှိချေ။ သို့သော် တစ်ညလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သစ်တောဦးစီးဌာနဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးခြင်းသည် အမှန်တကယ် ထူးဆန်းလှ၏။

ထိုသတ္တဝါသည် နိုင်ငံတော်အဆင့် (၁) အကာအကွယ်ပေးထားသော တိရစ္ဆာန် ဖြစ်လျက်နှင့် သူတို့သည် ထိုမျှအထိ ဂရုမစိုက်စွာ နေနိုင်ကြမည်လော။

အမှန်စင်စစ်တွင် ညွှန်ကြားရေးမှူးလီသည် လင်းယန်နှင့် ပတ်သက်သော သတင်းများအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ရွှေရောင်မျောက်သည် လင်းယန်၏ နေအိမ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိနေကြောင်း သိရသောအခါ သူသည် များစွာ အံ့အားသင့်သွားရသည်။

“ညွှန်ကြားရေးမှူး အဲဒီရွှေရောင်မျောက်ကို ဘေးမဲ့တောဆီ ပြန်ပို့ဖို့ လူလွှတ်ရမလား၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာကိုပဲ ခေါ်လာခဲ့ရမလားခင်ဗျာ”

ရှောင်ဝမ်သည် ရိုသေစွာ မေးမြန်းလိုက်၏။

မကြာသေးမီမှ အကာအကွယ်ပေးထားသော တိရစ္ဆာန်များသည် ဘေးမဲ့တောအတွင်းမှ ရှီရွှေရွာသို့ မကြာခဏ ထွက်လာတတ်ကြသဖြင့် ဂေဟစနစ်တွင် ပြဿနာတစ်စုံတစ်ရာ ရှိနေနိုင်သည်ဟု သူတို့ ယူဆထားကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မနေ့က အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့၏။

လက်ရှိတွင် စုံစမ်းစစ်ဆေးရန်အတွက် ဘေးမဲ့တောအတွင်းသို့ လူလွှတ်ထားသော်လည်း အစီရင်ခံစာ ပြန်လည်ရရှိရန် အနည်းဆုံး တစ်ပတ်ခန့် ကြာဦးမည် ဖြစ်သည်။ အကယ်၍ ဘေးမဲ့တော၏ ဂေဟစနစ်တွင် အမှန်တကယ် ပြဿနာရှိနေလျှင် ထိုတိရစ္ဆာန်များ၏ ကျက်စားရာနေရာအား ပြောင်းလဲပေးရတော့မည် ဖြစ်၏။ ထို့ကြောင့် လင်းယန်နှင့်အတူ ရွှေရောင်မျောက် ရှိနေသည်ကို သိသော်လည်း သူတို့သည် ချက်ချင်း အရေးမယူဘဲ ဆိုင်းငံ့ထားခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးလီသည် စားပွဲတင်ခုံအား လက်ချောင်းများဖြင့် အသာအယာ တောက်၍ စဉ်းစားနေသည်။

“ဘေးမဲ့တောဆီ သွားတဲ့သူတွေ ပြန်မလာသေးဘူး၊ ရွှေရောင်မျောက်ကို ဂေဟာဆီ ခေါ်လာမယ်ဆိုရင်လည်း သူက တောရိုင်းထဲမှာ ကျင်လည်ခဲ့တာဆိုတော့ လှောင်အိမ်ထဲက ပတ်ဝန်းကျင်နဲ့ ချက်ချင်း အသားကျမှာ မဟုတ်ဘူး”

ရှောင်ဝမ်သည် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ကာ အကြံပြုလိုက်၏။

“ဒါဆိုရင် အရင်တစ်ခါလိုပဲ အဲဒီမျောက်ကို လင်းယန်နဲ့အတူ ထားလိုက်ရင်ရော ဘယ်လိုလဲခင်ဗျာ”

ညွှန်ကြားရေးမှူးလီသည် သူ့အား တစ်ချက်ကြည့်လိုက်သည်။ သူကိုယ်တိုင်သည်လည်း ထိုအတိုင်း စဉ်းစားနေခဲ့ခြင်း ဖြစ်၏။ သို့သော် လင်းယန်သည် သဘောတူ၊ မတူအား မသိသေးသဖြင့် ထိုအချက်အား စိုးရိမ်နေမိသည်။

“ရှောင်လင်းက ဒီကိစ္စကို သဘောတူဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေ ရှိမလဲ”

ရှောင်ဝမ်သည် ခပ်တိုးတိုး ရယ်မောလိုက်ကာ ပြော၏။

“အင်း... ကျွန်တော်တို့ သစ်တောဦးစီးဌာနကနေ ရန်ပုံငွေတွေ ထပ်တိုးပြီး ချပေးရင်ရော၊ သူက အစီအစဉ်တစ်ခုမှာ ပါဝင်နေတာဆိုတော့ ငွေကြေး လိုအပ်နေမှာပဲလေ၊ ဒီဘက်ကနေ ချဉ်းကပ်ကြည့်ရင် အဆင်ပြေနိုင်ပါတယ်”

“နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်ကြည့်ရအောင်၊ ဒီနှစ်ရက်အတွင်းမှာတော့ မျောက်ကို ရှောင်လင်းရဲ့ အိမ်မှာပဲ အရင်နေခိုင်းထားလိုက်ပါ၊ ဒီတိရစ္ဆာန်လေးတွေက သူ့ဆီမှာ နေရတာကို တော်တော်လေး သဘောကျပုံရတယ်”

ညွှန်ကြားရေးမှူးလီသည် လင်းယန်၏ အိမ်တွင် တိရစ္ဆာန်များ ပြည့်နှက်နေသည်အား အမှတ်ရသွားကာ ဆုံးဖြတ်လိုက်သည်။

ရှောင်ဝမ်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ညွှန်ကြားရေးမှူးလီတွင် ယခုကဲ့သို့ လိမ္မာပါးနပ်စွာ ကြံစည်တတ်သော အပိုင်းရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုသည်မှာ လင်းယန်ဘက်မှ စတင်၍ လာရောက်ဆွေးနွေးလာစေရန် ဖန်တီးနေခြင်းလော။

လင်းယန်သည် ညွှန်ကြားရေးမှူးလီ၏ ကြံစည်မှုများအား မသိရှိနိုင်သေးချေ။ အကြောင်းအရင်းမှာ သူသည် စပါးပင်ပျိုးရန်အတွက် အလုပ်များနေသောကြောင့် ဖြစ်၏။ မျိုးစေ့များ ရွေးချယ်ပြီးလျှင် နောက်တစ်ဆင့်သည် သူတို့ကို ဆေးကြောသန့်စင်အခြောက်ခံရန် ဖြစ်သည်။ စပါးစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သူ့တွင် အတွေ့အကြုံ များစွာ မရှိသေးသဖြင့် အဆင့်တိုင်းကို အထူးဂရုတစိုက် ဆောင်ရွက်နေရသည်။

သူသည် ဝယ်ယူလာသော စပါးမျိုးစေ့များအား ဇလုံတစ်ခုထဲသို့ ထည့်ကာ သန့်စင်သော နတ်ရေစင်ဖြင့် စိမ်လိုက်ပြီးသောအခါ ထုံးများကို ထည့်လိုက်၏။ ထိုသည်မှာ ရွာတွင် အသုံးအများဆုံးသော မျိုးစေ့စိမ်နည်း ဖြစ်သည်။ မျိုးစေ့များကို ထုံးရေထဲတွင် ခေတ္တမျှ စိမ်ထားပြီးသောအခါ ဆေးကြောသန့်စင်ကာ အညှောက်ဖောက်နိုင်ပြီ ဖြစ်၏။

“ကဲ... ပြီးပြီ”

လင်းယန်သည် လက်ကို ခါလိုက်ကာ မျိုးစေ့ဇလုံကြီးအား ဘေးသို့ မ၍ ယူသွားသည်။

“ဟေ့... မျောက်အိုကြီး၊ အဲဒါကို အခုချက်ချင်း ပြန်ပေးစမ်း..”

ချောင်ရှီဖုန်းသည် ထိုမျောက်အိုကြီး၏ လက်ချက်ကြောင့် တော်တော်လေး ဒေါသထွက်နေရ၏။ မျောက်အိုကြီးသည် သူ့အား လျှာထုတ်ပြကာ လှောင်ပြောင်၍ သစ်ပင်ပေါ်သို့ လျင်မြန်စွာ ခုန်တက်သွားသည်။ သူ၏ လက်ထဲတွင် ချောင်ရှီဖုန်း၏ ဖုန်းအား ကိုင်ထားဆဲဖြစ်၏။

ထိုအရာသည် အမှန်တကယ် စိတ်ဝင်စားဖို့ ကောင်းလှ၏။ သူသည် ဖုန်း၏ ဆယ်လ်ဖီစနစ်အား မသိဘဲ နှိပ်လိုက်မိသဖြင့် သစ်ပင်ပေါ်မှနေ၍ ဓာတ်ပုံများစွာကို စတိုင်ကျကျ ရိုက်ကူးလိုက်၍ အွန်လိုင်းပေါ်သို့ တင်လိုက်သေး၏။

ထိုအခါ ချောင်ရှီဖုန်း၏ အကောင့်မှ သတင်းအသစ် တက်လာသည်အား မြင်လိုက်ရသောအခါ အင်တာနက် ပရိသတ်များသည် ချက်ချင်း ဝင်ရောက်ကြည့်ရှုကြတော့သည်။ သို့သော် မြင်လိုက်ရသည်မှာ မျောက်၏ ကြီးမားလှသော မျက်လုံးကြီးများနှင့် ထူးဆန်းလှသော ရှုထောင့်ပေါင်းစုံမှ ပုံရိပ်များသာ ဖြစ်သည်။

“ဒါက ဘာကြီးလဲ၊ ဘာလို့ ဒီလောက်တောင် အပေါ်စီးက ရိုက်ထားတာလဲ”

“ဟာ... ဒါ သစ်ပင်ပေါ်ကနေ ရိုက်ထားတာ မဟုတ်လား”

“ဒါ မျောက်ကြီးလား”

“ဒါ မျောက်ရဲ့ ဆယ်လ်ဖီပုံတွေလို့တော့ မပြောနဲ့ဦးနော်”

“ရယ်ရလွန်းလို့ သေတော့မယ်၊ ဟိုးအောက်က သစ်ပင်အောက်မှာ ရပ်နေတာ ဆရာချောင် မဟုတ်လား၊ ဆိုလိုတာက ဆရာချောင်ရဲ့ ဖုန်းကို မျောက်က လုသွားတာပေါ့”

“ဟောက်ကောကတော့ တကယ်ကို အစွမ်းထက်တာပဲ”

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ချောင်ရှီဖုန်းသည် သစ်ပင်အောက်တွင် စိတ်မရှည်စွာဖြင့် လမ်းလျှောက်နေရ၏။ သူသည် အမှန်စင်စစ် ထိုမျောက်အိုကြီးနှင့် ရင်းနှီးအောင် ကြိုးစားလိုခြင်း ဖြစ်သည်။

မျောက်များသည် လူသားများနှင့် အနီးစပ်ဆုံး ဖြစ်သဖြင့် သူနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ပြီးမည်ဆိုလျှင် သူ၏ ရင်ထဲမှ သံသယများအား ဖြေဖျောက်နိုင်လိမ့်မည်ဟု မျှော်လင့်ထား၏။ သို့သော် ထိုမျောက်အိုကြီးသည် သူ၏ လက်ထဲမှ ဖုန်းအား လုယူသွားခဲ့သည်။

လင်းယန်သည် သစ်ပင်အောက်တွင် ရပ်ကာ မျက်မှောင်ကြုတ်လိုက်၍ ဆိုလေသည်။

“ပစ္စည်းတွေ လုယူတာက အကျင့်ကောင်း မဟုတ်ဘူးနော်၊ သူ့ကို အဲဒါ အခုချက်ချင်း ပြန်ပေးလိုက်”

“ကျီကျီ... ကျီကျီ”

မျောက်အိုကြီးသည် ဖုန်းအား ကိုင်၍ လင်းယန်၏ ရှေ့မှောက်၌ ဟိုဘက်ဒီဘက် လွှဲပြကာ သစ်ကိုင်းတစ်ခုမှ တစ်ခုသို့ ခုန်လွှားနေ၏။ မြင်ရသည့်အမူအရာသည် လင်းယန်အား ဒေါသထွက်အောင် တမင်တကာ လုပ်နေဟန်ဖြစ်၍ သူသည် လုံးဝ မဆင်းလျှင် သူ့အား မည်သို့လုပ်နိုင်မည်နည်း။ သတ္တိရှိလျှင် အပေါ်သို့ တက်ဖမ်းကြည့် ဟူသော အမူအရာမျိုး ဖြစ်သည်။

မျောက်အိုကြီးသည် ဖုန်းအား ပြန်မပေးသည့်အပြင် ချောင်ရှီဖုန်း ဖုန်းပြောနေသည်ကို အတုယူကာ ဖုန်းအား သူ၏ နားအနားသို့ ကပ်ထားလိုက်သေး၏။

“ကျီကျီ”

သူသည် ခေါင်းကို တလေးတစား ငြိမ့်ပြ၍ ပါးစပ်မှလည်းအသံများ ပြုလုပ်နေလေသည်။ မသိလျှင် တစ်စုံတစ်ယောက်နှင့် တကယ် စကားပြောနေသည့်အမူအရာမျိုး ထင်မှတ်ရပေမည်။ ထိုအပြုအမူသည် လင်းယန်အား ရယ်မောမိစေတော့သည်။

“သစ်ပင်ပေါ်မှာ ရပ်နေရုံနဲ့ မင်းကို ငါ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေတာလား၊ အဲဒါကို ပြန်မပေးရင် ဒီခြံထဲကို ခြေတစ်လှမ်းတောင် ထပ်မနင်းရဘူးလို့ မှတ်လိုက်”

မျောက်အိုကြီးသည် နှာခေါင်းရှုံ့၍ လင်းယန်၏ စကားကို ဂရုမစိုက်ချေ။ သူသည် ထိုခြံထဲသို့ သူ လိုချင်သည့်အချိန်တိုင်း ဝင်ထွက်နိုင်၍ ထိုပျက်စီးနေသော တံခါးနှင့် တစ်ဝက်တစ်ပျက် နံရံလေးသည် သူ့အား တားဆီးနိုင်မည် မဟုက်လော။ သူသည် တောင်ပေါ်၏ ဘုရင်လည်း ဖြစ်ပေသည်။

လင်းယန်သည် သူ၏ အတွေးအား ရိပ်မိဟန်ဖြင့် ပြောလိုက်၏။

“ဒါဆိုရင်လည်း စမ်းကြည့်ကြည့်ပေါ့၊ ငါ မွေးထားတဲ့ အရှေ့မြောက်ကျား သုံးကောင်က အလကား မဟုတ်ဘူးနော်၊ မင်းသာ ဒီခြံထဲကို ခြေတစ်လှမ်း လှမ်းရဲလှမ်းကြည့်လိုက်၊ သူတို့က မင်းကို အပြင်ရောက်အောင် မောင်းထုတ်လိမ့်မယ်”

အမွေးဖြူ နှင့် အမွေးဝါတို့သည် မတ်တပ်ရပ်လိုက်ကာ မျောက်အိုကြီးအား ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြ၏။ သူတို့သည် အမြဲ ဆူညံပူညံ လုပ်တတ်သော ထိုမျောက်အိုကြီးအား မောင်းထုတ်ရန် အခွင့်အရေးကို စောင့်စားနေခဲ့ကြသည် မဟုတ်လော။

မျောက်အိုကြီးသည် ကျားပေါက်လေးများ၏ ဒေါသကို မြင်လိုက်ရသဖြင့် ခေါင်းအား တစ်ချက်ကုတ်ကာ ဖုန်းကို ချောင်ရှီဖုန်းထံသို့ တိုက်ရိုက် ပစ်ချပေးလိုက်သည်။ ချောင်ရှီဖုန်းသည် လျင်မြန်စွာ ဖမ်းယူနိုင်ခဲ့သဖြင့်သာ ဖုန်းလေးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်မသွားခြင်း ဖြစ်၏။

‘ဟမ့် လူသားတွေ ပြောလေ့ရှိတဲ့ စကားက ဘာတဲ့... သည်းခံကျင့်သုံး အမြတ်ဆုံး’

သူသည် ပညာရှိသော မျောက်တစ်ကောင်ဖြစ်၏။ တစ်နေကုန် စားလိုက် အိပ်လိုက် လုပ်နေသော ထိုကောင်ကြီးများကဲ့သို့ မဟုတ်ရာ သူ၏ ကြီးမားသော စီမံကိန်းများအတွက် သူသည်းခံရမည်။

All Chapters