အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇)
“မင်း နောက်ထပ်တစ်လှမ်း ထပ်တိုးလာရင် ဒီည ညစာ မစားရဘူးလို့သာ မှတ်လိုက်တော့”
လင်းယန်သည် မိမိ၏ ကိုယ်ပေါ်သို့ အတင်းတိုးဝှေ့မှီတွယ်နေသော ခွေးကြီးအား အဝေးသို့ တွန်းထုတ်လိုက်သည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ အခုရက်ပိုင်းအတွင်း ခွေးကြီးသည် သူ့အနီးသို့ ကပ်ဖားရပ်ဖား လုပ်ရသည် အလွန် နှစ်သက်နေ၏။
ပတ်ဝန်းကျင် ရာသီဥတုသည် အပြင်းအထန် ပူပြင်းလှသည့်ကြားမှ ထိုခွေးကြီးသည် သူ၏ ပါးစပ်မှ တံထွေးများ ပေကျံနေသော လျှာကြီးဖြင့် လင်းယန်၏ မျက်နှာတစ်ခုလုံးအား လျက်ပစ်ရန် ကြိုးပမ်းနေသည်။ ခွေးကြီးသည် လင်းယန်အား အလွန် မခံမရပ်နိုင်ဖြစ်ရသော အမူအရာဖြင့် ကြည့်ရှု၍ အော်မြည်နေတော့၏။
“ဝုတ်... ဝုတ်... ဝုတ်”
အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။ သူသည် သခင်ကြီး အချစ်ဆုံးသော အိမ်မွေးတိရစ္ဆာန် မဟုတ်တော့သည်မှာ အမှန် ဖြစ်သည်။ ထိုကျားကြီး နှစ်ကောင်သည် သူ၏ အိမ်ဂေဟာအတွင်းမှ မည်သည့်အချိန်ကျမှသာ ထွက်ခွာသွားကြမည်နည်း။ ထိုကောင်များကြောင့် သူသည် သခင်ကြီး၏ မျက်နှာသာပေးမှုအား ဆုံးရှုံးခဲ့ရခြင်း ဖြစ်၏။
အမှန်စင်စစ် သူသည် သခင်ကြီး၏ ပထမဆုံးသော နောက်လိုက် ဖြစ်သည်မဟုတ်လော။ ခွေးကြီးသည် ယခင်က မကြုံတွေ့ဖူးသော အန္တရာယ် အခြေအနေအား ပြင်းထန်စွာ ခံစားနေရသည်။ လင်းယန်၏ မျက်နှာသာပေးမှုအား ပြန်လည်ရရှိရန်အတွက် သူသည် ထိုနှစ်ရက်အတွင်း နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့၏။
လင်းယန် ချက်ပြုတ်သောအခါ သူသည် ရေခပ်ပေး၍ ဝက်စာကျွေးသောအခါ အစာကျွေးသည့် ပုံးကို သယ်ဆောင်ပေးကာ လင်းယန် အိပ်စက်သောအခါတွင် မီးခလုတ်အား ပိတ်ပေးသည်အထိ ဖြစ်သည်။ ထိုအပြုအမူများကြောင့် လင်းယန်ကိုယ်တိုင် အခြေအနေတစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ထိုခွေးကြီးသည် အခုနှစ်ရက်အတွင်း အလွန်အမင်း အလိုက်သိလွန်းနေသည် မဟုတ်လော။
သူသည် နတ်ရေစင်အား အလွန်အကျွံ သောက်သုံးမိသွား၍ ဖြစ်နိုင်မည်လော။ သူသည် မိမိ၏ အိမ်မှုကိစ္စများအား ဝေမျှလုပ်ဆောင်ပေးရန် စဉ်းစားနေခြင်း ဖြစ်သလော။
ရှောင်ကျွီဟွားသည် လင်းယန်၏ လက်မောင်းပေါ်တွင် ရစ်ပတ်လျက် သူ၏ လျှာကလေးအား တဖျတ်ဖျတ် ထုတ်ပြ၍ ခွေးကြီးအား စိုက်ကြည့်နေကာ သူ့ကို အနီးသို့ တိုးမလာစေရန် တားဆီးနေသည်။ လင်းယန်သည် ရှောင်ကျွီဟွား၏ ဦးခေါင်းအား အသာအယာ သပ်ပေးကာ ပြော၏။
“ကဲပါ အားလုံးက မိသားစုဝင်တွေပဲဥစ္စာ၊ ဘာလို့ ဒီလောက်တောင် ရန်လိုနေကြတာလဲ၊ သစ်တောဦးစီးဌာနက လူတွေကတော့ တကယ်ပဲ လက်ဖျားခါရမယ်၊ အရှေ့မြောက်ကျား သုံးကောင်ကို ငါ့အိမ်မှာ ထားပစ်ခဲ့တာက ထားပါဦး၊ ဒီလောက်ကြာတဲ့အထိ ရွှေရောင်မျောက်နဲ့ မင်းတို့ရဲ့ အခြေအနေကို တစ်ချက်ကလေးတောင် လာပြီး မမေးတော့ဘူး”
သူသည် အစောပိုင်းမှ ရှောင်ကျွီဟွားအား ပြုစုစောင့်ရှောက်ရန် သဘောတူခဲ့ခြင်းမှာ ယာယီမျှသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုမျှအထိ အဆိပ်ပြင်းလှသော မြွေကြီးတစ်ကောင်အား အိမ်တွင် မွေးမြူထားခြင်းမှာ အန္တရာယ် အနည်းငယ် ရှိနေသေးသည် မဟုတ်လော။ သို့သော် သစ်တောဦးစီးဌာနမှ အဖိုးအိုကြီးများသည် ထိုအရေးကိစ္စအား လုံးဝ မေ့လျော့သွားကြဟန် တူသည်။
ထိုမျောက်အိုကြီးသည်လည်း ထိုနှစ်ရက်အတွင်း သူ၏ အိမ်၌ အလွန် သက်တောင့်သက်သာ နေထိုင်နေခဲ့၏။ ထိုရက်ပိုင်းအတွင်း မျောက်ကြီးသည် ထိုကျားပေါက်လေးများ၏ ကျောပေါ်သို့ ခွစီး၍ပင် အာဏာပြ စိုးမိုးနေသည်။ အမွေးဖြူ နှင့် အမွေးဝါတို့သည်လည်း မျောက်အိုကြီး ခိုင်းသမျှအား ငြင်းဆန်ခြင်းမရှိစွာ ခေါင်းငုံ့ခံနေကြ၏။ ထို့ကြောင့် မျောက်များသည် ဉာဏ်ပညာ အလွန်ကြီးမားကြသည်ဟု ပြောကြခြင်း ဖြစ်လိမ့်မည်။
ယခုအချိန်တွင် မျောက်အိုကြီးသည် မူလက လင်းယန်ပိုင်ဆိုင်သော သစ်သားကုလားထိုင်ရှည်ပေါ်တွင် လဲလျောင်း၍ အမွေးဝါအား ရေယူလာပေးရန် အမိန့်ပေးနေ၏။ အမွေးဝါသည် သူ၏ အမြီးအား တယမ်းယမ်းဖြင့် သူရေသောက်လေ့ရှိသော ပုံးကြီးကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
ထို့နောက် ပုံးကို မျောက်အိုကြီး၏ ဘေးတွင် ချထားပေး၏။ မျောက်အိုကြီးသည် နယ်မြေခံ ဧကရာဇ်တစ်ပါးကဲ့သို့ ပြုမူနေပုံမှာ လင်းယန်အား အမှန်တကယ် စကားမဲ့သွားစေသည်။
“ဟေ့... တောခိုမျောက်ကြီး၊ မင်းတော်တော် တရားလွန်နေပြီနော်၊ ငါ့အိမ်မှာ ယာယီ လာခိုလှုံနေတာကို ထားပါဦး၊ ငါ့အိမ်မွေးတိရစ္ဆာန်တွေကို ဘာလို့ ဒီလောက်အထိ နှိပ်စက်နေရတာလဲ”
မျောက်အိုကြီးသည် လင်းယန်အား မဲ့ပြလိုက်သည်။ ထိုသည်ကို မည်သို့လျှင် နှိပ်စက်ခြင်းဟု ခေါ်ဆိုနိုင်မည်နည်း။သူတို့ကိုယ်တိုင်သည် သူ့ထံတွင် အညံ့ခံလိုကြခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးအား အပြစ်တင်ရမည်ဆိုလျှင် တောင်ပေါ်ဘုရင်ဖြစ်သော သူ၏ ဆွဲဆောင်မှု အလွန် ကြီးမားလွန်းသောကြောင့်သာ ဖြစ်လိမ့်မည်။
“ငါ အခုချက်ချင်း သစ်တောဦးစီးဌာနကို ဖုန်းဆက်ပြီး မင်းကို ဘာပဲဖြစ်ဖြစ် လာခေါ်ခိုင်းရမယ်”
ထိုမျောက်သည် သူ၏ အိမ်သို့ စတင်ရောက်ရှိခါစအချိန်တွင် အမိန့်ပေးသည်များအား မိနစ်အနည်းငယ်မျှ နားထောင်ခဲ့၍ ထင်းပင် ခုတ်ပေးခဲ့သေးသည်။
သို့သော် ယခုအခါ သုံးရက် မပြည့်သေးသည့် အချိန်အတွင်း မျောက်အိုကြီးသည် သူ၏ အိမ်တွင် အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူနေ၍ အရှေ့မြောက်ကျားပေါက် နှစ်ကောင်အား စေခိုင်းနေရုံတင်မက အိမ်နောက်ဘက်ရှိ ငန်းကြီးများပင်လျှင် ထိုမျောက်အိုကြီး၏ ရက်စက်လှသော လက်ချက်အောက်တွင် မြေစာပင် ဖြစ်ရ၏။ အရေးကြီးဆုံး အချက်မှာ ထိုမျောက်အိုကြီးသည် အစားအစာများအား ခိုးယူစားသောက်ရန် အလွန် ဝါသနာပါခြင်း ဖြစ်သည်။
“ငါ့အိမ်မှာ အလကားထိုင်စားမယ့် ကောင်တွေကို အစာမကျွေးနိုင်ဘူး”
လင်းယန်သည် မျောက်အိုကြီးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၍ ချက်ချင်း ညွှန်ကြားရေးမှူးလီ၏ ဖုန်းနံပါတ်အား နှိပ်လိုက်သည်။
“ညွှန်ကြားရေးမှူးလီ သစ်တောဦးစီးဌာနက ဒီရက်ပိုင်းအတွင်းမှာ ခွင့်ရက်အရှည်ကြီးတွေ စတင်ယူနေကြတာလားဗျာ၊ ကျွန်တော့်အိမ်က ရွှေရောင်မျောက်ကို ဘယ်တော့လောက်မှ လာခေါ်ဖို့ ပြင်ဆင်ထားကြလဲ၊ သူက နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန် ဖြစ်လို့ ကျွန်တော့်အိမ်မှာ ဆက်ပြီး နေနေတာက မသင့်တော်ဘူး မဟုတ်လား”
လင်းယန်သည် သေချာ မေးမြန်းလိုက်၏။
ညွှန်ကြားရေးမှူးလီသည် လင်းယန်၏ ဖုန်းခေါ်ဆိုမှုအား မြင်လိုက်ရသည်နှင့် သူ မည်သည့်စကား ပြောဆိုမည်ကို ကြိုတင် ခန့်မှန်းမိ၏။ သူသည် ကြိုတင် ပြင်ဆင်ထားသော စကားလုံးများအား ပြောလိုက်၏။
“ရှောင်လင်း ဒီရွှေရောင်မျောက်ကို နေရာချထားရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သစ်တောဦးစီးဌာနက ဝန်ထမ်းတွေဟာ ဒီရက်ပိုင်းအတွင်းမှာ အလွန် အလုပ်များနေကြလို့ ဒီအချက်ကို မစဉ်းစားမိခဲ့ကြဘူး၊ ကျွန်တော်တို့ဆီမှာ ကယ်ဆယ်ဖို့ လိုအပ်နေတဲ့ အခြားသော နိုင်ငံတော်အဆင့် (၁) အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေ အများကြီး ရှိနေသေးတော့ ဝန်ထမ်းအင်အား မလုံလောက် ဖြစ်နေရတယ်၊ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာကလည်း ပြည့်နေပြီ၊ ကျွန်တော်တို့ သင့်တော်မယ့် တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦးကိုလည်း မငှားရမ်းရသေးလို့ ထိုအရာကို ကောင်းကောင်း မစီမံနိုင်မှာ စိုးရိမ်ရတယ်၊ ဒါကြောင့် ရွှေရောင်မျောက်ကို မင်းရဲ့ အိမ်မှာပဲ ခေတ္တမျှ ထပ်မံ ထားရှိပေးလို့ ရမလား၊ ကျွေးမွေးစရိတ်တွေကိုတော့ အချိန်တန်ရင် စနစ်တကျ ပြန်လည် လွှဲပြောင်းပေးမှာမို့လို့ မင်းအနေနဲ့ စိတ်အေးအေး ထားနိုင်ပါတယ်”
ညွှန်ကြားရေးမှူးလီ၏ ချိုသာလှသော စကားများအား နားထောင်၍ လင်းယန်သည် မိမိ၏ ရှေ့မှောက်တွင် ဆော့ကစားနေသော မျောက်အိုကြီးကို ပြန်လည် ကြည့်ရှုလိုက်မိသည်။
“ညွှန်ကြားရေးမှူးလီ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ရဲ့ ယာတောအိမ်ကို တိရစ္ဆာန်ရုံတစ်ခုလို သဘောထားလို့ မရဘူးလေဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး စီးပွားရေး လုပ်ရတော့မှာလဲ”
ညွှန်ကြားရေးမှူးလီသည် ထိုမေးခွန်းအား ပါးနပ်စွာ ရှောင်လွှဲ၍ ပြောလိုက်သည်။
“အမှန်တော့ ဒါက မကောင်းတဲ့ အရာတစ်ခု မဟုတ်နိုင်ပါဘူး၊ အင်တာနက်ပေါ်က ပရိသတ်အများစုက ထိုရွှေရောင်မျောက်ကို အလွန် သဘောကျနေကြတာကို ကျွန်တော် တွေ့ရတယ်မဟုတ်လား၊ မင်းအနေနဲ့ သူ့ကို သက်ရှိ ကြော်ငြာတစ်ခုအနေနဲ့ အသုံးပြုလို့ ရတာပဲဥစ္စာ”
လင်းယန်၏ နှုတ်ခမ်းများသည် တွန့်သွားရသည်။ သစ်တောဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၏ ပါးစပ်မှ ထိုကဲ့သို့သော စကားမျိုး ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
အဆုံးသတ်တွင် ထိုဖုန်းခေါ်ဆိုမှုသည် လင်းယန် မျှော်လင့်ထားသော ရည်မှန်းချက်ကို မအောင်မြင်ခဲ့ပါချေ။ ညွှန်ကြားရေးမှူးလီသည် ရွှေရောင်မျောက်အား အမြန်ဆုံး လာရောက်ခေါ်ဆောင်ပါမည်ဟုသာ ကတိပြုခဲ့သည်။
လင်းယန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ နားထင်ကို ပွတ်သပ်၍ မျောက်အိုကြီး၏ အမြီးအား ဆွဲကာ အမွေးဖြူ၏ ကျောပေါ်မှ ဆွဲချလိုက်၏။
“မင်း တောကောင်စုတ် မင်းက အရှေ့မြောက်ကျားပေါက် နှစ်ကောင်ကို မင်းရဲ့ စီးတော်ယာဉ်လို သဘောထားနေတာလား၊ ဆွန်ဝူခုန်းတောင်မှ မင်းလောက် အစွမ်းမထက်ဘူး”
လင်းယန်သည် မျောက်အိုကြီးကို လေထဲသို့ မြှောက်မလိုက်၍ ပြော၏။
“မင်း ဒီမှာ နေချင်ရင် နေနိုင်တယ်၊ ဒါပေမဲ့ မင်းက ငါ့ရဲ့ စကားကို နားထောင်ရမယ်၊ နားမထောင်ဘူးဆိုရင်တော့ မင်းနေခဲ့တဲ့ တောထဲကို ငါကိုယ်တိုင် မင်းကို ဂုတ်ဆွဲပြီးတော့ကို ပို့မှာ၊ ကြားတယ်နော်”
ထိုစကားလုံးများသည် မျောက်အိုကြီးအတွက် မည်သို့သော ခြိမ်းခြောက်မှုမျှ မရှိတော့သည်မှာ ထင်ရှားလှသည်။ လင်းယန်သည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်၍ မိမိကိုယ်မိမိ တည်ငြိမ်အောင် ပြုလုပ်လိုက်၏။
“အော် အေးဆေးပဲပေါ့၊ အရက်မသောက်ချင်တော့ဘူးထင်တယ်၊ အရက်တင်မကဘူး၊ မင်းသာ ငါ့ကို ဒေါသထွက်အောင် ထပ်လုပ်ရင် ရေတောင် သောက်ရတော့မှာ မဟုတ်ဘူး”
ဂရုမစိုက်ဟန် ပြုမူနေသော မျောက်အိုကြီးသည် ထိုစကားအား ကြားလိုက်ရသည်နှင့် ချက်ချင်း ပျာပျာသလဲ ဖြစ်သွားရသည်။ သူသည် ထိုနေရာတွင် ဆက်လက် နေထိုင်နေ၍ မထွက်ခွာခြင်းမှာ ထိုအရက်ကလေး အနည်းငယ်ကြောင့် ဖြစ်၏။
ထို့ပြင် ထိုလူသား၏ အိမ်ရှိ ရေသည်လည်း အလွန် ချိုမြိန်လှသည်။ သူသည် တောထဲသို့ ပြန်သွားလျှင် ထိုမျှ ကောင်းမွန်သော အရာများကို မည်သည့်နေရာတွင် သောက်သုံးနိုင်တော့မည်နည်း။
မျောက်အိုကြီးသည် ချက်ချင်း သူ၏ ရင်ဘတ်အား ပုတ်ပြ၍ ခေါင်းငြိမ့်ပြကာ လင်းယန်အပေါ် သစ္စာရှိပါမည်ဟု ပြသလိုက်သည်။ ထိုအခါမှ လင်းယန်သည် သက်ပြင်းတစ်ချက်ကို စိတ်အေးစွာ ချနိုင်တော့၏။
“အဲဒီလိုမှပေါ့၊ မနက်ဖြန် မင်း နွားကျောင်းရမယ်၊ အာဟူကတော့ ငါနဲ့အတူ ပျိုးပင်သွားစိုက်ရမယ်”
စပါးစိုက်ပျိုးခြင်း လုပ်ငန်းသည် မည်သည့်အခါမျှ ရိုးရှင်းသော အလုပ်တစ်ခု မဟုတ်ချေ။ မျိုးစေ့များမှ ပျိုးပင်များအဖြစ် ထွက်ပေါ်လာပြီးသောအခါ ထိုပျိုးပင်များကို လယ်ကွင်းများအတွင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးရမည် ဖြစ်သည်။ ထို့နောက်မှ စပါးပင်များကို စနစ်တကျ စိုက်ပျိုးရခြင်း ဖြစ်၏။ ထိုအရာသည် အပြောလွယ်သော်လည်း အလုပ်ခက်သည့်အလုပ်ဖြစ်သည်။
ရန်အာဟူသည် ညှိုးငယ်သော မျက်နှာထားဖြင့် တသမ်းသမ်း ဖြစ်နေရှာ၏။
“သူဌေး... ကျနော်တို့တွေ နောက်ထပ် နှစ်ရက်လောက် ထပ်ပြီး နားလို့ မရဘူးလားဗျာ”
ထိုစပါးစိုက်ပျိုးခြင်းမှာ အောင်မြင်လိမ့်မည် မဟုတ်ဟု ရန်အာဟူ ခံစားနေရဆဲ ဖြစ်သည်။ သူ၏ သူဌေးသည် မည်သည်ကြောင့် ထိုမျှအထိ ဇွဲနပဲကြီးစွာဖြင့် လုပ်ဆောင်နေရသည်ကို သူ မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်ရသည်။