အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈)
နွေဦးကာလ၏ ပြင်းထန်လှသော အပူရှိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ဆောင်းဦးကူးပြောင်းစ ကာလ၏ လေထုထဲတွင် ပူနွေးစိုစွတ်သော အပူငွေ့အကြွင်းအကျန်များသည် အနည်းငယ် မျှောလွင့်ရစ်သိုင်းနေဆဲ ဖြစ်၏။ ထန်ဟွာမင်သည် ကျောပိုးအိတ်ကြီးအား လွယ်ထားလျက် သူ၏ နဖူးပြင်ပေါ်မှ စီးကျလာသော ချွေးစက်များကို လက်ဖျံဖြင့် သုတ်လိုက်သည်။
ထိုစဉ် လေပြေညင်းနှင့်အတူ လွင့်ပျံလာသော ဟင်းလျာများ၏ မွှေးပျံ့လှသော ရနံ့ကို ရှူရှိုက်မိလိုက်ကာ၊ သူ၏ ဝမ်းဗိုက်အတွင်းမှ ဆာလောင်မွတ်သိပ်မှု အသံများသည် မဆိုင်းမတွဘဲ ထွက်ပေါ်လာခဲ့သည်။
“ဘိုးဘိုးရဲ့ ယာတောအိမ် ဆိုတာ ဒါလား၊ ဒီနေရာ ဖြစ်ရမယ်”
ထန်ဟွာမင်သည် သူ၏ သူငယ်ချင်းဟောင်းအား စပရိုက်တိုက်ချင်သဖြင့် ချောင်ရှီဖုန်းထံသို့ ချက်ချင်း ဖုန်းမခေါ်ဆိုခဲ့ပါချေ။ သူသည် တံခါးမကြီးအား နှစ်ချက်မျှ ခေါက်လိုက်သော်လည်း မည်သည့် တုံ့ပြန်သံမျှ ထွက်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် သူသည် တံခါးကို အသာအယာ တွန်းဖွင့်ကာ
အတွင်းသို့ လှမ်းဝင်လိုက်သည်။
“ချောင်ရှီဖုန်း... ဟေ့ကောင်... ချောင်ရှီဖုန်း”
ရင်ပြင်ဝင်းအတွင်းရှိ မြင်ကွင်းအား အသေအချာ မြင်တွေ့လိုက်ရသော အခါတွင် ထန်ဟွာမင်သည် မိမိ အတွင်းသို့ လှမ်းဝင်ခဲ့မိသော ခြေလှမ်းတစ်လှမ်းစာကို နောက်သို့ အမြန်ဆုံး ပြန်လည် ဆုပ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။
‘မဟုတ်သေးဘူး ဒါက မဖြစ်နိုင်ဘူး’
သူသည် နေရာမှားကာ ရောက်ရှိလာခြင်း ဖြစ်ရမည်။ သာမန် ယာတောအိမ်ဝင်းတစ်ခုအတွင်း၌ ထိုမျှ ကြီးမားလှသော ကျားကြီးတစ်ကောင်ကို မည်သို့လျှင် မွေးမြူထားနိုင်မည်နည်း။
ကျားအမကြီးသည် သူ၏ အမြီးကြီးအား ပျင်းရိဖွယ် အမူအရာဖြင့် နှစ်ချက်မျှ ယမ်းခါလိုက်၍ ၊ ထိုမဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်အား သတိပေး တားမြစ်သည့် အကြည့်စူးစူးဖြင့် စိုက်ကြည့်နေ၏။
ပတ်ဝန်းကျင် လေထုတစ်ခုလုံးသည် တစ်ခဏချင်းအတွင်း ဆိတ်ငြိမ်သွားခဲ့သော်လည်း ထန်ဟွာမင်၏ကြောက်စိတ်မှာ တစ်စတစ်စ ပိုမိုပြင်းထန်လာသည်။ မိမိ ရောက်နေသည်မှာ နေရာများမှားနေသလား ဆိုသည့်စိတ်ဖြင့် မိမိ၏ ဦးခေါင်းအထက်ရှိ ဆိုင်းဘုတ်ကို မော့၍ ကြည့်ရှုမိ၏။
ဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသည်မှာ အမှန်တကယ် ဘိုးဘိုးရဲ့ ယာတောအိမ် ဖြစ်ပေသည်။ချောင်ရှီဖုန်းတစ်ယောက် သူ့အား ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ပြောင်ကျီစယ်နေခြင်း ဖြစ်သလော။
ထိုကောင်သည် အထက်တန်းကျောင်းသားဘဝကတည်းမှ ထိုကဲ့သို့ နောက်ပြောင်ရသည်ကို အလွန် ခုံမင်နှစ်သက်ခဲ့သူ မဟုတ်လော။ ထန်ဟွာမင်သည် ချောင်ရှီဖုန်းအား ဖုန်းခေါ်ဆို၍ စစ်ကြောရေးဝင်ရန်ပြင်ဆင်လိုက်စဉ် အခြားတစ်ဖက်ရှိ အိမ်အတွင်းမှ ထိုသူသည် ကမူးရှူးတိုး ထွက်ခွာလာခဲ့သည်။
“ကိုကြီးထန် မင်း ဘယ်တုန်းက ရောက်နေတာလဲ၊ ရောက်ရင်လည်း ငါ့ဆီ ဖုန်းတစ်ချက်လောက် ခေါ်ပါဦးတော့လား၊ ဘာလို့ တံခါးဝမှာ သစ်ငုတ်တိုလို ရပ်နေရတာလဲ၊ အထဲကို အမြန် ဝင်ခဲ့စမ်းပါ”
ချောင်ရှီဖုန်းသည် ကျောပိုးအိတ်တစ်လုံးအား လွယ်လျက် အလျင်စလို အိမ်ထဲမှထွက်လာခဲ့၏။
“မင်း ရောက်လာတာ တိုက်ဆိုင်သွားတာပဲ၊ မင်း ဒီမှာ ရက်အနည်းငယ်လောက် အေးအေးဆေးဆေး အပန်းဖြေနေလိုက်ဦး၊ တိရစ္ဆာန်ရုံမှာ မွေးထားတဲ့ ခြင်္သေ့ကြီးတစ်ကောင် သောင်းကျန်းနေလို့၊ အခြေအနေ ဘာဖြစ်လဲဆိုတာ သွားကြည့်ဖို့ ငါ အခုချက်ချင်း ပြန်ရတော့မယ်”
ချောင်ရှီဖုန်း၏ မျက်နှာတွင် အလွန်အမင်း စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ထင်ဟပ်နေ၍ ဗြုန်းစားကြီး ပေါ်ပေါက်လာသော ထိုအရေးပေါ် အခြေအနေကြောင့် သူသည်လည်း မတတ်နိုင်အောင် ဖြစ်ရသည်။ ထန်ဟွာမင်သည် ကြောင်အမ်းအမ်း ဖြစ်သွား၍ ပြောလိုက်၏။
“မဟုတ်သေးဘူးလေ၊ ခဏနေပါဦး၊ မင်းက ဒီအတိုင်းကြီး ထွက်သွားတော့မလို့လား၊ မင်း ငါ့ကို ပြောခဲ့တဲ့ ဘိုးဘိုးရဲ့ ယာတောအိမ်ဆိုတာ တကယ်ပဲ ဒီနေရာလား”
ထန်ဟွာမင်သည် ယခုအထိ ဤနေရာကိုဘိုးဘိုးရဲ့ ယာတောအိမ်ဟု မယုံကြည်သေးပေ။
“ဒီနေရာက တကယ်ပဲ ဘေးကင်းရဲ့လားလို့ မင်း သေချာရဲ့လား”
အကယ်၍ ချောင်ရှီဖုန်း ပေးပို့ခဲ့သော ပျိုးပင်ဓာတ်ပုံသာ မရှိခဲ့လျှင် သူသည် မိမိ၏ တက္ကသိုလ်ထံမှ အဖိုးတန်လှသော ခွင့်ရက်ကို အထူးတလည် တောင်းခံ၍ ထိုနေရာသို့ လာရောက်လိမ့်မည် မဟုတ်ချေ။ ရှန်မြို့သည် သူ စာသင်ကြားပေးနေသော ကျောင်းနှင့် အလွန် ဝေးကွာလှသည် မဟုတ်လော။
“မင်းက ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါက မင်းကို လိမ်ပါ့မလား၊ မင်း ဒီမှာပဲ စိတ်အေးလက်အေး နေထိုင်နေပါ၊ ငါ စကားတွေ အရှည်ကြီး မပြောနိုင်တော့ဘူး၊ ဘတ်စ်ကားမီအောင် အမြန် သွားရတော့မယ်”
“ယာတောအိမ်ရဲ့ ပိုင်ရှင်က ရွာလူကြီးဆီ ဖုန်းဆက်ပြီး ငါ့ကို လိုက်ပို့ပေးဖို့ အကူအညီတောင်းပေးထားလို့ ရွာလူကြီးရဲ့ ကားလည်း ရောက်နေပြီ၊ ငါ သွားတော့မယ်၊ အိမ်ပိုင်ရှင်က အနောက်ဘက်မှာ ငန်းတွေကို အစာကျွေးနေတယ်၊ မင်း အထဲကို အရင် ဝင်နှင့်လိုက်တော့”
အလုပ်ကိစ္စများ အလွန် အလျင်စလို ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သောကြောင့် ချောင်ရှီဖုန်းသည် သူငယ်ချင်းဟောင်းနှင့် ကောင်းကောင်းမွန်မွန် နှုတ်ဆက် စကားဆိုရန် အချိန်မရရှိခဲ့ပါချေ။
ထန်ဟွာမင်၏ တုံ့ဆိုင်းနေသော အကြည့်များအောက်တွင် ချောင်ရှီဖုန်းသည် မတုံ့မဆိုင်း လှည့်ထွက်ခွာသွားခဲ့သည်။ ထန်ဟွာမင်သည် ဝင်းအတွင်းရှိ ကျားကြီးအား ကြည့်ရှု၍ ထပ်တလဲလဲ တုံ့ဆိုင်းနေမိသော်လည်း အတွင်းသို့ လှမ်းဝင်ရန် သတ္တိကို မနည်းမနော မွေးမြူနေရဆဲ ဖြစ်၏။
ခဏနေပါဦး၊ ထိုအရှေ့မြောက်ကျားကြီး၏ ဘေးတွင် လဲလျောင်းနေသော သတ္တဝါသည် ဝံပုလွေတစ်ကောင် ဖြစ်နေသလော။ ဘုရားရေ ၊ ချောင်ရှီဖုန်းသည် ထိုအကြောင်းအရာများကို ယခင် သူ့အား တစ်စုံတစ်ရာမျှ ပြောပြခဲ့ခြင်း မရှိပါချေ။ ဤနေရာသို့ လာခဲ့ခြင်းကပင် အမှားတစ်ခုပေလော။ ယခုအချိန်တွင် သူသည် ချောင်ရှီဖုန်းနှင့်အတူ မြို့ထဲသို့ အမြန်ဆုံး ပြန်လည် လိုက်ပါသွားချင်စိတ်များသာ တဖွားဖွား ပေါ်ပေါက်နေမိသည်။
သို့သော် ဓာတ်ပုံမှစပါးပျိုးပင်များသည်လည်း သူ့အတွက် အလွန်အရေးကြီးနေ၏။ အကယ်၍ ဓာတ်ပုံထဲကအတိုင်း မျိုးဗီဇပြောင်းလဲကာ ထူးခြား သန်စွမ်းနေသော စပါးပင်များသာ အမှန်အကန် ဖြစ်နေလျှင်၊ သူ၏ ဘဝတစ်ဝက်ကျော်မျှ အချိန်ပေး၍ ကြိုးပမ်းအားထုတ်ခဲ့ရသော စပါးအထွက်နှုန်း တိုးတက်ရေး သုတေသနစီမံကိန်းကြီးသည် နောက်ဆုံးတွင် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာတော့မည် မဟုတ်လော။
မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်ကြီး အောင်မြင်တော့မည်ဟူသော အတွေးအား တွေးတောမိလိုက်သည်နှင့် ထန်ဟွာမင်သည် သတ္တိကို အားတင်းကာ နောက်ဆုံးတွင် သူ၏ ညာဘက်ခြေလှမ်းကို ရှေ့သို့ လှမ်းထုတ်လိုက်သည်။
သို့သော် ခြေလှမ်းလှမ်းပြီး တစ်ဏအတွင်း မည်သည့်နေရာမှ ရောက်ရှိလာသည်မသိရသော ရွှေရောင်မျောက်တစ်ကောင်သည် သူ၏ ရှေ့မှောက်သို့ ရုတ်ချည်း ပေါ်ပေါက်လာခဲ့၏။ သူ၏ လက်ထဲတွင် တောသစ်သီးတစ်လုံးအား ကိုင်ဆောင်၍ ကိုက်ဝါးနေကာ အော်မြည်နေတော့သည်။
“ချုပ်... ချုပ်... ချုပ်... ချုပ်”
‘အဲဒါ ဘယ်သူလဲ၊ မင်းရဲ့ နာမည်ကို အမြန်ဆုံး ပြောစမ်း၊ အကယ်၍ မင်းက ဤအိမ်ဝင်း၏ တံခါးမကြီးအတွင်းသို့ လှမ်းဝင်ချင်တယ်ဆိုရင်တော့ တောင်ပေါ်ဘုရင်ဖြစ်တဲ့ ငါ့ရဲ့ ခွင့်ပြုချက်ကို အရင်ဆုံး ရယူရလိမ့်မယ်’
ထန်ဟွာမင်သည် လုံးဝ မျှော်လင့်မထားသော အခြေအနေကြောင့် အလန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်ရရှာ၏။
“ဘုရား... ဘုရား... ဒီညစ်ပတ်စုတ်ပြတ်နေတဲ့ မျောက်ကြီးက ဘယ်ကနေ ရောက်လာတာလဲ၊ ဒီကျေးလက်ဒေသမှာ တိရစ္ဆာန်ရုံတစ်ခု ဖွင့်လှစ်ထားတာလား၊ ရွာခံလူတွေ လယ်ကွင်းထဲမှာ တစ်နေကုန် ပင်ပန်းအောင် လုပ်ကိုင်ပြီးတဲ့အခါ အားလပ်ချိန်မှာ တိရစ္ဆာန်တွေကို လာရောက် ကြည့်ရှုဖျော်ဖြေဖို့အတွက် ဖန်တီးထားတာလား၊ ဒါက မဟုတ်သေးပါဘူး”
ထန်ဟွာမင်သည် သူ၏ အနက်ရောင် ကိုင်းမျက်မှန်ကို အမြန်ဆုံး ပင့်တင်လိုက်၍ ရေရွတ်မိတော့သည်။
“ဒါက ရွှေရောင်မျောက် မဟုတ်ဘူးလား”
အရှေ့မြောက်ကျား ဖြစ်စေ၊ ရွှေရောင်မျောက် ဖြစ်စေ သူတို့အားလုံးသည် နိုင်ငံတော်အဆင့် (၁) အကာအကွယ်ပေးထားသော တိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော။ မည်သို့သော အကြောင်းကြောင့် ထိုတိရစ္ဆာန်များသည် နေရာတစ်ခုတည်းတွင် တစ်ချိန်တည်း၌ တူညီစွာ ပေါ်ပေါက်နေကြရသနည်း။
မျောက်အိုကြီးသည် ထိုလူသား၏ ခေါ်ဆိုမှုအပေါ် အလွန် မကျေမနပ် ဖြစ်သွားရ၏။
‘ညစ်ပတ်စုတ်ပြတ်နေနေတဲ့ မျောက် ဟုတ်လား’
ထိုအဓိပ္ပာယ်မရှိသော လူသားသည် တောင်ပေါ်ဘုရင် အပေါ် ရိုသေလေးစားရမည်ကို လုံးဝ နားမလည်ပါချေ။ ထိုလူသားတွင် မည်သည့် ယဉ်ကျေးပျူငှာမှုမျှ မရှိပေ။ အတွင်းသို့ မဝင်ရောက်မီ သူ့ကို တံခါးပိတ်၍ လက်မှတ်ဝယ်ယူခိုင်းသင့်သည်။
လင်းယန်သည် အိမ်ပြင်ပမှ ဆူညံသံများအား ကြားလိုက်ရသဖြင့် ငန်းကြီးတစ်ကောင်၏ လည်ပင်းကို ကိုင်ဆွဲ၍ အိမ်အတွင်းမှ လှမ်းထွက်လာခဲ့၏။
“ဟေ့ကောင် အေးအေးဆေးဆေး နေစမ်း၊ ငါ မင်းကို အိမ်နောက်ဖေးဝင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားတာကို မင်းက တစ်နေကုန် ထွက်ပျံဖို့ပဲ စဉ်းစားနေတယ်၊ မင်းက ငန်းကြီးတစ်ကောင်ပဲ၊ ဟင်္သာကိုးစား အနွယ်ဝင် မဟုတ်ဘူး”
“မင်း နောက်တစ်ခါ ထပ်ပြီး ပျောက်ချက်သားကောင်းနေရင်တော့ မင်းကို ငါ ချက်ချင်းပဲ ဟင်းချက်ပစ်မယ်၊ ရာသီဥတုကလည်း တဖြည်းဖြည်း အေးစိမ့်လာပြီဆိုတော့ ငန်းသားသံဒယ်အိုးချက် စားဖို့အတွက် အလွန် သင့်တော်လှတယ်”
လည်ပင်းကို အကိုင်ခံထားရသော ငန်းကြီးသည် မကျေမနပ်ဖြစ်၍ ရုန်းကန်ရန် အပြင်းအထန် ကြိုးပမ်းနေသော်လည်း လင်းယန်၏ လက်ဖျံဖြင့် နှစ်ချက်မျှ ထပ်မံ ရိုက်ပုတ်ခြင်း ခံလိုက်ရပြီးနောက်မှသာ ငြိမ်သက်သွားရရှာတော့သည်။ လင်းယန်သည် အိမ်ဝင်းအပြင်ဘက်တွင် တုံ့ဆိုင်းစွာ ရပ်တန့်နေသော ထန်ဟွာမင်ကို မြင်တွေ့လိုက်ရသော အခါ သူ၏မျက်နှာပေါ်တွင် နွေးထွေးလှသော အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့၏။
“ခင်ဗျားက အစ်ကိုချောင် ပြောခဲ့တဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ဖြစ်ရမယ်၊ ခင်ဗျားက စပါးစိုက်ပျိုးရေးပညာရှင်လို့တော့ ကြားထားပါတယ်ဗျ၊ အထဲကို အမြန်ဆုံး ကြွလှမ်းခဲ့ပါဗျာ ကြိုဆိုပါတယ်”
နောက်ဆုံးတွင် သက်ရှိသာမန်လူသားတစ်ဦးအား မြင်တွေ့လိုက်ရသဖြင့် ထန်ဟွာမင်သည် ရင်ထဲ၌ သက်ပြင်းတစ်ချက် ချနိုင်တော့ကာ၊ အရှေ့မြောက်ကျားကြီး၏ အကြည့်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ရှောင်လွှဲ၍ အတွင်းသို့ သတိကြီးစွာဖြင့် လှမ်းဝင်လာခဲ့သည်။ သူသည် ထိုအရှေ့မြောက်ကျားကြီး ဗြုန်းစားကြီး သောင်းကျန်းလာ၍ မိမိအား အရှင်လတ်လတ် ဝါးမြိုပစ်မည်ကို အလွန် စိုးရိမ်နေမိခြင်း ဖြစ်၏။
“ဒီလောက်အထိ အားနာမနေပါနဲ့ဗျာ၊ မင်းက ချောင်ရှီဖုန်းရဲ့ သူငယ်ချင်းဆိုတော့ ငါ့ရဲ့ သူငယ်ချင်းလည်း ဖြစ်တာပေါ့”
“ညီအစ်ကို မင်းက ဘာဖြစ်လို့ မင်းရဲ့ အိမ်ဝင်းထဲမှာ နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန်တွေကို ဒီလောက်အထိ အမြောက်အမြား မွေးမြူထားရတာလဲဗျာ”