← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း (၄၉)

လင်းယန်သည် တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောကြားလိုက်သည်။

“ဒီကောင်တွေကို သစ်တောဦးစီးဌာနက ကျွန်တော့်ဆီမှာ လာအပ်ပြီး ယာယီစောင့်ရှောက်ခိုင်းထားတာပါ”

ထန်ဟွာမင်သည် တစ်ခဏမျှ တိတ်ဆိတ်ကာ ခေါင်းထဲ၌အတွေးမျိုးစုံ ရောက်နေလေတော့၏။ သစ်တောဦးစီးဌာနမှ လူများသည် တကယ် ရဲတင်းလွန်းလှသည်။ ထိုသတ္တဝါများသည် ချစ်စရာ တိရစ္ဆာန်ငယ်လေးများ မဟုတ်ကြဘဲ ဒေါသအမျက်ချောင်းချောင်း ထွက်လာလျှင် လူကို အသက်အန္တရာယ် ပေးနိုင်စွမ်းရှိသည် မဟုတ်လော။

သို့သော် ထိုကိစ္စမှာ သစ်တောဦးစီးဌာန၏ တာဝန်သာဖြစ်သဖြင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သော သူ၏အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပါချေ။

“ဂူး... ဂူး... ဂရု”

ထန်ဟွာမင်သည် လင်းယန်အား ထူးခြားဆန်းပြားလှသော စပါးပျိုးပင်များကို သွားရောက်ကြည့်ရှုရန် ခေါ်ဆောင်ခိုင်းဖို့ ပြင်ဆင်လိုက်စဉ် သူ၏ ဝမ်းဗိုက်အတွင်းမှ ဆာလောင်လှသော အသံများသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ထိုအခါ လင်းယန်သည် နူးညံ့စွာ ပြုံးလိုက်၍ မေးမြန်းလိုက်၏။

“ပရော်ဖက်ဆာထန် မင်းလည်း ခရီးဝေးကနေ လာခဲ့ရတာဆိုတော့ အခုထိ နေ့လယ်စာ မစားရသေးဘူး မဟုတ်လား”

“စားဖို့သောက်ဖို့က မလောပါဘူးဗျာ၊ မင်းရဲ့ အညှောင့်ပေါက်နေတဲ့ စပါးစေ့တွေကို အရင်ဆုံး ကြည့်ချင်လို့ပါ”

သူသည် ထိုနေရာသို့ အထူးတလည် လာရောက်ခဲ့ရသည့် စစ်မှန်သော ရည်ရွယ်ချက် ဖြစ်သည်။ မည်သို့ဖြစ်စေ အရေးကြီးလှသော ဤအချိန်အခါမျိုးတွင် ခွင့်ရက်ယူကာ စိတ်အေးလက်အေး အပန်းဖြေနေရန် သူ၏ ရင်ထဲ၌ မစွမ်းသာနိုင်ပါချေ။

“အာဟူ”

လင်းယန်သည် လှမ်း၍ ခေါ်လိုက်၏။ အိမ်အတွင်း၌ ဖရဲသီးကို မြိန်ရည်ယှက်ရည် ဝါးမြိုစားသောက်နေသော ရန်အာဟူသည် အသံကြားသည်နှင့် အပြင်သို့ ပြေးထွက်လာခဲ့သည်။

“သူဌေး ကျွန်တော့်ကို ခေါ်တာလားဗျ”

“ပရော်ဖက်ဆာထန်ကို စပါးပျိုးပင်တွေဆီ လိုက်ပြပေးလိုက်ပါဦး”

“ငါကတော့ ဧည့်သည်အတွက် ဟင်းတွေ အရင်သွားချက်လိုက်မယ်”

လင်းယန်သည် မနေ့ကတည်းက ထိုပရော်ဖက်ဆာထန်၏ ကိုယ်ရေးရာဇဝင်နှင့် အဖိုးတန်လှသော သုတေသနလုပ်ငန်းများကို ကြိုသိထား၏။ သူသည် ထိုကဲ့သို့သော စပါးစိုက်ပျိုးရေး ပညာရှင်ကြီးများကို အလွန် ကြည်ညိုလေးစားမိသည်။

ထိုကဲ့သို့သော ပညာရှင်ကြီးများ၏ စွမ်းဆောင်မှုကြောင့်သာလျှင် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍသည် ထိုမျှအထိ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာနိုင်ခြင်း ဖြစ်ပေသည်။ လူမှုပတ်ဝန်းကျင် တိုးတက်မှုအတွက် အရှိမဖြစ် အလိုအပ်ဆုံးသော အရာမှာ အစားအစာ ဖြစ်သည်မဟုတ်လော။

အစားအစာဟူသည် နိုင်ငံတော် တည်တံ့ဖွံ့ဖြိုးရေး၏ အခြေခံအုတ်မြစ်ကြီး ဖြစ်သည်။ ထို့ကြောင့် လင်းယန်သည် ပရော်ဖက်ဆာထန်အပေါ် အလွန်အမင်း ရိုသေလေးစားမှု ရှိနေခြင်း ဖြစ်၏။

ရန်အာဟူသည် မလေးမစား မပြုမူဝံ့ဘဲ မိမိ၏လက်ထဲတွင် ကိုင်ဆောင်ထားဆဲဖြစ်သော တစ်ဝက်မျှသာ စားရသေးသည့် ဖရဲသီးစိတ်အား နှမြောတသစွာ ကြည့်ရှုနေရှာသည်။ သူသည် တုံ့ဆိုင်းနေမိသော်လည်း နောက်ဆုံးတွင် ထန်ဟွာမင်၏ ရှေ့မှောက်၌ လျှပ်စီးလက်သည့် အရှိန်အဟုန်ဖြင့် ထိုဖရဲသီးအား ပါးစပ်အတွင်းသို့ အကုန်သွတ်သွင်းကာ အမြန်ဆုံး ဝါးပစ်လိုက်တော့၏။

ထန်ဟွာမင်သည် ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ အလွန် အံ့အားသင့်သွားရသည်။ သုံးစက္ကန့်အတွင်း ဖရဲသီးတစ်စိတ်ကို အကုန်စားပစ်လိုက်တာက တကယ်ကို ချီးကျူးရမယ့် စွမ်းရည်ပဲ။

ရန်အာဟူသည် သူ၏ နှုတ်ခမ်းထောင့်မှ ဖရဲသီးအရည်များကို သုတ်လိုက်ပြီးနောက် ဆရာထန်ကို စပါးပင်များရှိရာဆီသို့ လမ်းပြခေါ်ဆောင်သွားလေသည်။

“ပရော်ဖက်ဆာထန် ဒီဘက်ကို ကြွပါဗျ”

ပရော်ဖက်ဆာထန်သည် ပျိုးပုံးအတွင်းရှိ စပါးပျိုးပင်များအား ကြည့်ရှု၍ ချက်ချင်း ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မျက်လုံးများကို အဝိုင်းသား ပြူးကျယ်လျက် အသေအချာ စစ်ဆေးရှုမြင်တော့၏။ ထိုစပါးပျိုးပင်များသည် မနေ့က သူ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် မြင်တွေ့ခဲ့ရသည်ထက် ပိုမို၍ သန်စွမ်းထွားကျိုင်းနေကြသည်။ သစ်ရွက်များသည် စိမ်းစိုဝေဆာလျက် ပင်စည်များသည်လည်း တောင့်တင်းခိုင်မာလှသည်။

“အညှောင့်စဖောက်တာက တကယ်ပဲ သုံးရက်ပဲရှိသေးတာလား”

ထန်ဟွာမင်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်ရသော လေသံဖြင့် မေးမြန်းလိုက်၏။ သာမန် စိုက်ပျိုးရေး နည်းစနစ်များဖြင့် ပျိုးထောင်ထားသော စပါးပင်များသည် ထိုမျှအထိ စိမ်းစိုဝေဆာသော အခြေအနေသို့ လုံးဝ ရောက်ရှိနိုင်မည်မဟုတ်ပါချေ။ ထို့ပြင် ထိုမျှအထိလည်း တောင့်တင်းခိုင်မာမှု ရှိလိမ့်မည်မဟုတ်ဘဲ လေပြေညင်းတိုက်ခတ်ရုံမျှဖြင့် လဲပြိုသွားမတတ် နုနယ်နေမည် ဖြစ်သည်။

သို့သော် ထိုပျိုးပင်များသည် သာမန် ပျိုးပင်များထက် နှစ်ဆမျှ ပိုမိုကြီးထွားနေခဲ့ပြီ ဖြစ်၏။ သူတို့သည် သုံးရက်မျှသော အချိန်တိုအတွင်း ထိုကဲ့သို့သော အခြေအနေသို့ မည်သို့လျှင် ရောက်ရှိသွားနိုင်သနည်း။ ထန်ဟွာမင်သည် ပျိုးထောင်ခြင်း လုပ်ငန်းစဉ်၏ မည်သည့်အဆင့်တွင် လွဲမှားမှုများ ရှိသွားခဲ့သနည်းဟု စတင်တွေးတောမိတော့သည်။

ချောင်ရှီဖုန်း၏ ပြောကြားချက်အရ ထိုယာတောအိမ်၏ ပိုင်ရှင်သည် စိုက်ပျိုးရေးလောကသို့ အသစ်စက်စက် ရောက်ရှိလာသူတစ်ဦးသာ ဖြစ်၍ စပါးစိုက်ပျိုးခြင်းအပေါ် အပေါ်ယံမျှသာ နားလည်ထားသူ ဖြစ်၏။ အကယ်၍ စိုက်နည်းကြောင့် မဟုတ်လျှင် ပတ်ဝန်းကျင် အပူချိန်၏ ကွဲပြားခြားနားမှုကြောင့် ဖြစ်နိုင်မည်လော။ ထန်ဟွာမင်သည် ယခင်ကတည်းမှ ကျဲပါးလှသော သူ၏ ဆံပင်များအား လက်ဖြင့် ကုပ်ခြစ်မိသည်။

သူ၏ စိတ်ကူးအာရုံထဲတွင် အတွေးသစ်တစ်ခုသည် တိတ်တဆိတ် ပေါ်ပေါက်လာခဲ့၏။ သို့သော် ထိုအတွေးစကို အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ လင်းယန်၏ သဘောထားအပေါ်တွင် မူတည်နေပေသည်။

သို့သော်လည်း ထန်ဟွာမင်သည် သူ၏စိတ်ကူးကို ချက်ချင်း အကောင်အထည်ဖော်လိုက်၏။ စိုက်ပျိုးရေးတက္ကသိုလ်ရှိ သူ၏ လုပ်ဖော်ကိုင်ဖက် ဆရာများထံသို့ ဗီဒီယိုကော(လ်) ချက်ချင်း ခေါ်လိုက်သည်။

“ကိုကြီးထန် မင်းက ဘာစကားမှ မပြောဘဲ ရွာငယ်လေးတစ်ရွာကို တစ်ယောက်တည်း ပြေးသွားတယ်လို့ ငါ ကြားတယ်နော်”

“ဒါက မင်းရဲ့ ပုံစံနဲ့ လုံးဝ မတူဘူး၊ မင်းက စာတောင် မသင်ဘဲ ထွက်သွားတာ၊ ဒီနေ့ မင်းရဲ့ ကျောင်းသားတွေက မင်း ဘယ်ပျောက်သွားလဲဆိုပြီး ငါ့ကို လာပြီး အတင်းမေးနေကြတယ် သိရဲ့လား”

“ဘုရားရေ မင်းက တကယ်ပဲ ရွာထဲကို ရောက်နေတာလား”

ဖုန်း၏ အခြားတစ်ဖက်ရှိ လူသုံးယောက်သည် တစ်ယောက်တစ်ပေါက်ဖြင့် အလန့်တကြား မေးမြန်းကြသည်။ သူတို့အားလုံးသည် စိုက်ပျိုးရေးတက္ကသိုလ်တွင် ထင်ရှားကျော်ကြားလှသော ပရော်ဖက်ဆာကြီးများ ဖြစ်ကြ၏။ ထန်ဟွာမင်သည် စကားများအား အရှည်ကြီး မပြောတော့ဘဲ ကင်မရာကို ပျိုးပင်များဆီသို့ ချိန်ရွယ်ပြသလိုက်သည်။

“မင်းတို့ ဒါကို ကြည့်စမ်း ဒါ ဘာလဲဆိုတာကို သိလား”

ဖုန်း၏ အခြားတစ်ဖက်မှ လူသုံးယောက်မှာ မတူညီသော အံ့အားသင့်မှု အသံများဖြင့် တစ်ပြိုင်နက်တည်း ဟစ်အော်မိကြတော့သည်။

“ဒါတွေက စပါးပျိုးပင်တွေလား”

“ဘာဖြစ်လို့ သာမန် စပါးပင်တွေထက် ဒီလောက်အထိ အားရှိနေရတာလဲ”

“ကိုကြီးထန် ဒါက မင်း တိတ်တဆိတ် သုတေသနပြုပြီး အောင်မြင်သွားတဲ့ ရလဒ်သစ်တော့ မဟုတ်ပါဘူးနော်၊ မင်း တကယ်တော်တယ်၊ ငါတို့တွေကို ကွယ်ဝှက်ပြီး သုတေသနတွေ လုပ်နေခဲ့တာပေါ့”

“မင်း စပါးပျိုးပင်တွေကို ဘယ်လိုနည်းနဲ့ စိုက်ပျိုးခဲ့လဲဆိုတာ အမြန်ဆုံး ပြောစမ်းပါဦး”

“ဒီစပါးပင်တွေရဲ့ အထွက်နှုန်းက သာမန်စပါးပင်တွေထက် နှစ်ဆမက ပိုမိုများပြားနိုင်မယ့် အနေအထား ရှိတယ်ဗျာ”

စပါးစိုက်ပျိုးရေး သုတေသန စီမံကိန်းကြီးသည် အချိန်အတော်ကြာအောင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။ လူတိုင်းသည် အပေါ်ယံတွင် မည်သည့်စကားမျှ မပြောကြသော်လည်း၊ ရင်ထဲ၌ အလွန် စိုးရိမ်ပူပန်နေကြရသည် မဟုတ်လော။ သို့သော် ထိုပျိုးပင်များသည် သူတို့အား မျှော်လင့်ချက် အလင်းရောင်သစ်ကို ပြန်လည် မြင်တွေ့စေခဲ့ပြီ ဖြစ်သည်။

“ဒါကြောင့်မို့လို့ပဲ ငါက ခွင့်ရက်ယူပြီး ဒီရွာငယ်လေးဆီကို အပြေးအလွှား လာခဲ့ရတာပေါ့”

ထန်ဟွာမင်သည် သူ ရောက်ရှိလာရခြင်း၏ အကြောင်းအရင်းကို သူတို့အား အေးအေးဆေးဆေး ရှင်းလင်းပြောပြလိုက်၏။ ထိုလူသုံးယောက်သည်လည်း ချက်ချင်း ထိုနေရာသို့ လာရောက်ချင်ကြကြောင်း ပြောဆိုကြတော့သည်။

“မင်းတို့က ဘာဖြစ်လို့ ဒီလောက်အထိ ဝေးကွာတဲ့နေရာကို လာချင်နေရတာလဲ၊ ထို့ပြင် အိမ်ရှင်က မင်းတို့ကို လက်ခံမှာလား ဆိုတာကလည်းရှိသေးတယ်လေ၊ အေးဆေးပေါ့၊ ငါ အခြေအနေကို အရင်ဆုံး စုံစမ်းကြည့်ပါရစေဦး၊ အကယ်၍ ဒီပျိုးပင်အချို့ကို တက္ကသိုလ်ရဲ့ ဓာတ်ခွဲခန်းဆီကို သုတေသနပြုဖို့ သယ်ဆောင်သွားလို့ရရင် အကောင်းဆုံးပေါ့”

သို့သော် ထန်ဟွာမင်သည် လက်တွေ့တွင် ဖြစ်နိုင်ခြေမရှိကြောင်း သိရှိပေသည်။ လင်းယန်သည် သဘောမတူမည်ကို စိုးရိမ်ခြင်းကြောင့် မဟုတ်ဘဲ၊ လမ်းခရီးသည် အလွန် ဝေးကွာလှသဖြင့် တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ထိုပျိုးပင်များ ရှင်သန်နိုင်စွမ်း ရှိမရှိကို မည်သူမျှ အာမမခံနိုင်ခြင်းကြောင့် ဖြစ်၏။

ဖုန်းချလိုက်ပြီးသောအခါ ထန်ဟွာမင်သည် ဗီဒီယိုများနှင့် ဓာတ်ပုံမြောက်မြားစွာကို ရိုက်ကူးလိုက်ပြီးမှသာ စပါးပင်ထံမှ အာရုံလွှနိုင်တော့သည်။ စိုက်ပျိုးရေး နားမလည်သော ရန်အာဟူသည် ဘေးမှ ကြည့်ရှု၍ ဝေခွဲမရဖြစ်ကာ သူ၏ ဦးခေါင်းကိုသာ ကုပ်ခြစ်နေမိရှာသည်။

ထိုသည် စိုက်ပျိုးရေး ပရော်ဖက်ဆာကြီးများ၏ စပါးအပေါ် ထားရှိသော စွဲလမ်းမှု ဖြစ်ပါသလော။ သူသည် လုံးဝ နားမလည်နိုင်သော်လည်း သူ၏ ရင်ထဲ၌ ထိုလူကြီးများအပေါ် လေးစားမှုများ ပြင်းထန်စွာ ပေါ်ပေါက်လာရသည်။ ထိုလူများသည် အသိပညာ အလွန်မြင့်မားကြသူများ ဖြစ်ကြပြီး၊ မိမိကဲ့သို့သော လမ်းဘေး လေလွင့်လူငယ်တစ်ဦးနှင့် လုံးဝ ခြားနားလှသည် မဟုတ်ပါလော။

ထန်ဟွာမင်သည် ပြန်လည် မတ်တတ်ရပ်လိုက်ချိန်တွင် ဦးခေါင်းတစ်ခုလုံး မူးဝေသွားရ၏။ မနက်စာ မစားခဲ့ရခြင်းနှင့် အချိန်အတော်ကြာအောင် ဆောင့်ကြောင့်ထိုင်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ် မသက်မသာ ဖြစ်သွားရခြင်း ဖြစ်ပေသည်။ ထိုစဉ် သူသည် နှာခေါင်းအတွင်းသို့ တိုးဝှေ့ဝင်ရောက်လာသော ဆွဲဆောင်မှုရှိလှသည့် ဟင်းနံ့မွှေးမွှေးကို ရုတ်တရက် ရှူရှိုက်မိလိုက်သည်။ထိုအနံ့သည် လင်းယန် ချက်ပြုတ်နေသော ဟင်းလျာတို့၏ ရနံ့ ဖြစ်၏။

“ဟင်းနံ့ကို ရှူမိတာနဲ့ သွားရည်တွေတောင် ကျလာချင်တယ် မဟုတ်လားဗျာ”

ရန်အာဟူသည် ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။ ထန်ဟွာမင်းသည် ရန်အာဟူကိုပင် အားနာမိသည်။ သို့သော် မွှေးသည်မှာကား အမှန်ပင်ဖြစ်သည်။

“ကျွန်တော်တို့ သူဌေးရဲ့ ဟင်းချက်လက်ရာက တကယ်ကို ကောင်းလွန်းလို့၊ ပရော်ဖက်ဆာထန်အနေနဲ့ ခဏနေရင် အရသာရှိလှတဲ့ ဟင်းတွေကို စားသောက်ရတော့မှာပါ”

မကြာမီ အချိန်အတွင်း ထန်ဟွာမင်သည် ရန်အာဟူ ပြောကြားခဲ့သော စကားလုံးများမှာ လုံးဝ ချဲ့ကားပြောဆိုခြင်း မဟုတ်ကြောင်းကို ကိုယ်တိုင်ကိုယ်ကျ နားလည်သွားရသည်။ အလွန် သာမန်ဆန်လှသော ဟင်းချက်စရာ ပစ္စည်းများသည်ပင်လျှင် လင်းယန်၏ လက်ချက်အောက်တွင် ထူးခြားဆန်းပြားလှသော ရနံ့များကို ထွက်ပေါ်စေခဲ့၏။

“ဒီပဲငပိ၊ ပဲကပ်ပြားနဲ့ ကြက်ခြေထောက် စွပ်ပြုတ်ကို ဘယ်လို ချက်ထားတာလဲဗျာ၊ ဒီဟင်းကို အကြိမ်ကြိမ် စားဖူး ပေမယ့်၊ ဒီလိုအရသာမျိုးကိုတော့ တစ်ခါမှ မရဖူးသေးဘူး”

ထန်ဟွာမင်သည် မိမိ၏ ပညာရှင် သိက္ခာကို ဂရုမစိုက်နိုင်တော့ဘဲ ဟင်းလျာများအား အားပါးတရ စားသောက်တော့၏။

“ပဲပြားကလည်း ဘာဖြစ်လို့ ဒီလောက်အထိ နူးညံ့နေရတာလဲ၊ ဒီလောက်ထိနူးညံ့တာတောင် မူလပုံစံမပျက်အောင်ချက်နိုင်တာ မိုက်တယ်ဗျာ”

လင်းယန်သည် မိမိ၏ ရှေ့မှောက်ရှိ ဟင်းလျာအချို့ကို ကြည့်ရှုလိုက်မိသည်။ သူသည် ချက်ပြုတ်စဉ်အတွင်း နတ်ရေစင်ကို ထည့်သွင်းခဲ့သောကြောင့် ဖြစ်သည်မှာ အမှန် ဖြစ်၏။ အမှန်စင်စစ် အရှိကိုအရှိအတိုင်း ပြောရမည်ဆိုလျှင် သူ၏ ဟင်းချက်စွမ်းရည်သည် ထိုမျှအထိ မရှိပါ။

သူ၏ ဟင်းချက်လက်ရာ သက်သက်သည် သာမန် လည်တောအိမ်တစ်ခု ဖွင့်လှစ်ရန်အတွက်သာ လုံလောက်သော အဆင့်တွင် ရှိသည်။ ထိုမျှအထိ အရသာကောင်းနေရခြင်း၏ အဓိက အကြောင်းအရင်းမှာ နတ်ရေစင်ကြောင့်သာ ဖြစ်၏။ မည်မျှ အရသာဆိုးရွားလှသော အစားအစာ ဖြစ်ပါစေ နတ်ရေစင် အနည်းငယ် ထည့်သွင်းလိုက်ရုံမျှဖြင့် အကောင်းဆုံးသော အရသာကို ထွက်ပေါ်လာစေနိုင်သည်။

“ပရော်ဖက်ဆာထန်၊ အရသာရှိရင် စားသာစားဗျာ၊ အားနာမနေနဲ့”

မျောက်အိုကြီးသည် ထိုသူတို့ မြိန်ရည်ယှက်ရည် စားသောက်နေကြသည်ကို မြင်တွေ့ရသောအခါ၊ စိတ်ထဲ၌ မကျေမနပ်ဖြစ်၍ အနီးသို့ ချဉ်းကပ်လာခဲ့သည်။

“ချုပ်... ချုပ်... ချုပ်... ချုပ်”

သူသည် ထန်ဟွာမင်၏ ဘေးတွင် ရပ်တန့်ကာ အဆက်မပြတ် အော်မြည်နေတော့၏။ သို့သော် သူသည် ယခင်ကကဲ့သို့ ထန်ဟွာမင်အား လက်ဖြင့် တို့ထိခြင်း သို့မဟုတ် နောက်ပြောင်ခြင်းများကို မပြုလုပ်ဝံ့ချေ။

“ဒီမျောက်ကလေးက ဗိုက်ဆာနေလို့လားဗျာ”

ထန်ဟွာမင်သည် ဗိုက်ပြည့်သွားသဖြင့် လေချဉ်တစ်ချက်တက်လိုက်၍ ထိုမျောက်ကို နူးညံ့သော အကြည့်ဖြင့် ကြည့်ရှုလိုက်သည်။ သို့သော် မမျှော်လင့်ဘဲ မျောက်အိုကြီးသည် သူ့အား အလွန် မကျေမနပ် ဖြစ်ရသော မျက်နှာထားဖြင့် ပြန်လည် စိုက်ကြည့်နေခဲ့၏။

လင်းယန်သည် စိတ်အနှောင့်အယှက်ဖြစ်ရသဖြင့် ရွှေရောင်မျောက်၏ လည်ပင်းအား ကိုင်ဆွဲလိုက်ကာ အမိန့်ပေးလိုက်လေသည်။

“မင်း ဒီမှာ ဘာလာလုပ်နေတာလဲ၊ ငါ့အတွက် သွားပြီး ပန်းကန်တွေ ဆေးစမ်း”

လင်းယန်သည် နိုင်ငံတော်အဆင့် (၁) အကာအကွယ်ပေးထားသော အဖိုးတန် ရွှေရောင်မျောက်တစ်ကောင်ကို ထိုမျှအထိ သဘာဝကျစွာဖြင့် အလုပ်ခိုင်းနေသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ထန်ဟွာမင်မှာ မျက်လုံးများ ပြူးကျွတ်မတတ် အံ့အားသင့်သွား၏။ ချောင်ရှီဖုန်းတစ်ယောက် ထိုနေရာတွင် ထိုမျှအထိ အချိန်အကြာကြီး နေထိုင်သွားနိုင်ခဲ့ခြင်းမှာ မဆန်းချေ။

ထိုယာတောအိမ်သည် အမှန်တကယ် စိတ်ဝင်စားစရာ အလွန်ကောင်းလှသည်။ အခြားသော နေရာများတွင် ထိုမျှအထိသော ကျေးလက်ဒေသ၏ အငွေ့အသက်များကို မည်သို့ ခံစားရရှိနိုင်ဦးမည်နည်း။ ထိုကဲ့သို့သော စိတ်ဝင်စားစရာ တိရစ္ဆာန်များကို မြင်တွေ့နိုင်မည်လော။

မျောက်အိုကြီးသည် ယခုအခါ ရင်ထဲ၌ မကျေနပ်မှုများ ပြည့်နှက်နေခဲ့၏။ သူသည် ယခင်ကဲ့သို့ တောတောင်ထဲမှ ဘာမှမသိနားမလည်သော မျောက်တစ်ကောင် မဟုတ်တော့ချေ။ ထိုနှစ်ရက်အတွင်း ရန်အာဟူနှင့်အတူ အချိန်ကုန်လွန်ခဲ့ပြီးသောအခါ၊ သူသည် အင်တာနက်ပေါ်ရှိ ဗီဒီယိုမြောက်မြားစွာလည်း ကြည့်ရှုဖူးခဲ့ပြီ ဖြစ်သည်။

သူတို့၏ မျောက်မျိုးနွယ်စုဝင် ဖြစ်သော အခြားသော မျောက်တစ်မျိုးသည် တောင်ကုန်းပေါ်တွင် ဘုရင်တစ်ပါးကဲ့သို့ စိုးမိုးနေကြသည် မဟုတ်လော။ သူတို့သည် မိမိတို့ မနှစ်သက်သော မည်သည့်လူကိုမဆို ပါးစပ်ကို ဖြတ်၍ အချက်‌ပေါင်းများစွာ ရိုက်ပုတ်နိုင်စွမ်း ရှိကြ၏။ သို့သော် သူသည် ဂုဏ်သိက္ခာကြီးမားလှသော မျောက်မင်းတစ်ကောင် ဖြစ်သည့်အလျောက် မည်သည့်အတွက်ကြောင့် ဤနေရာတွင် ပန်းကန်ဆေးသည့် အလုပ်အား လုပ်နေရသနည်း။

မျောက်အိုကြီးသည် တွေးမိလေလေ ပိုမို၍ ဒေါသထွက်လာလေလေ ဖြစ်ရကာ၊ သူ၏ နားရွက်နှင့် ပါးပြင်များကို ကုပ်ခြစ်၍ လင်းယန်အား တောတောင်ကြီးရှိရာ ဘက်သို့ လက်ညှိုးထိုးပြတော့သည်။ လင်းယန်သည် သူ၏ အဓိပ္ပာယ်ကို သေသေချာချာ နားမလည်သဖြင့် မေးလိုက်၏။

“ငါ မင်းကို အလုပ်ခိုင်းတာကို မင်းက အိမ်ပေါ်ကနေ ဆင်းပြေးချင်နေတာလား”

မျောက်အိုကြီးသည် ဒေါသတကြီးဖြင့် ခြေနှစ်ဖက်ကို ဆောင့်လိုက်၍ အော်မြည်တော့သည်။

“ချုပ်... ချုပ်... ချုပ်”

‘ဉာဏ်ပညာမရှိသည့် လူမိုက်’

လင်းယန်သည် နားလည်သွား၍ ပြောလိုက်၏။

“မင်း ငါ့ကို ဆဲနေတာပေါ့ ဟုတ်လား”

မျောက်အိုကြီးသည် လင်းယန်၏ စကားများကို ဆက်လက် ဂရုမစိုက်စွာ မီးခိုးငွေ့တစ်ဝိုက်ကဲ့သို့ လျင်မြန်လှသော အရှိန်အဟုန်ဖြင့် အပြင်သို့ ပြေးထွက်သွားခဲ့ပြီ။ ရန်အာဟူသည် မျောက်ကြီးထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အနောက်မှ အလျင်စလို လိုက်လံ ဖမ်းဆီးရှာသည်။

သို့သော် လူသားတစ်ဦး၏ အရှိန်သည် မျောက်တစ်ကောင်ကို မည်သို့လျှင် မှီနိုင်မည်နည်း။ နှစ်စက္ကန့်အတွင်းမှာ မျောက်၏ ပုံရိပ်သည် ကွယ်ပျောက်သွားခဲ့၏။

“သူဌေး သူ ထွက်ပြေးသွားပြီဆိုတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲဗျာ”

လင်းယန်သည် သူ့အား စိတ်ပျက်လက်ပျက် အကြည့်ဖြင့် ကြည့်ရှုလိုက်၍ ပြောကြားလိုက်လေသည်။

“သူက နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ တိရစ္ဆာန် ဖြစ်လို့ ငါတို့တွေက သူ့ကို ထိန်းချုပ်ထားလို့ မရဘူးလေ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ သူ ပြန်လာလိမ့်မယ်”

သူ၏ စကားလုံးများထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေ၏။ သူ၏ သိရှိနားလည်မှုအရ ထိုမျောက်အိုကြီးသည် သေချာပေါက် ထိုနေရာသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။

All Chapters