အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀)
“လင်းညီလေး”
ထန်ဟွာမင်သည် လေချဉ်တစ်ချက် ထုတ်လိုက်၍ ရန်အာဟူ ထမင်းစားပြီးသောအခါ အချိုပွဲအနေဖြင့် သစ်သီးဝလံများကို မြိန်ရည်ယှက်ရည် သုံးဆောင်နေမိ၏။ ထိုစဉ် သူ၏ စိတ်ထဲ၌ ထိုအရေးကိစ္စကို လင်းယန်အား မည်ကဲ့သို့ စကားပလ္လင်ခံ၍ စတင်ပြောဆိုရမည်နည်းကို အလေးအနက် စဉ်းစားနေသည်။
“ကျွန်တော့်ရဲ့ စပါးပျိုးပင်တွေမှာ တစ်ခုခု ပြဿနာရှိနေလို့လားဗျာ၊ ပရော်ဖက်ဆာထန် အကယ်၍ အမှားအယွင်း တစ်စုံတစ်ရာ ရှိနေရင်လည်း ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းသာ ပြောကြားပေးပါ၊ ဒါက ကျွန်တော် စပါးကို ပထမဦးဆုံးအကြိမ် စိုက်ပျိုးဖူးတာ ဖြစ်လို့၊ လုပ်ငန်းအတွေ့အကြုံလည်း သိပ်ပြီး မရှိလှပါဘူးဗျာ”
လင်းယန်သည် အင်တာနက်စာမျက်နှာပေါ်တွင် စပါးပျိုးပင်များနှင့် ပတ်သက်သော ဓာတ်ပုံအချို့ကို ရှာဖွေကြည့်ရှုဖူး၏။ ပုံစံများသည် သူ ကိုယ်တိုင် ပြုစုပျိုးထောင်ထားသော စပါးပျိုးပင်များနှင့် လုံးဝ ခြားနားကွဲပြားနေသည် မဟုတ်လော။ သူ၏ စပါးပျိုးပင်များသည် အမြဲတမ်း ပုံမှန်ထက် ပိုမို၍ ကြီးထွားလွန်းနေသကဲ့သို့ ခံစားနေရသည်။
ထိုအခြေအနေသည် နောက်ပိုင်းတွင် စပါးနှံများ ရိတ်သိမ်း၍ မရနိုင်တော့သည့် အဆင့်သို့ ရောက်ရှိသွားနိုင်သလော။ သို့မဟုတ် သူ ချက်ပြုတ်စိုက်ပျိုးစဉ်အတွင်း နတ်ရေစင်ကို အလွန်အကျွံ ထည့်သွင်းမိသွားခဲ့ခြင်းကြောင့် ဖြစ်နိုင်မည်လော။ ထိုအရာသည် စပါးပျိုးပင်များကို သက်တမ်းမတိုင်မီ ရင့်မှော်ကြီးထွားသွားစေခဲ့ခြင်း ဖြစ်သလော။
ရန်အာဟူသည်လည်း အလွန် စူးစမ်းလိုသော အမူအရာဖြင့် ထန်ဟွာမင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။
“မဟုတ်တာပဲဗျာ မင်းရဲ့ စပါးပျိုးပင်တွေက ပုံမှန်ထက်ကို ပိုပြီးတော့ အဆမတန် ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးနေတာပါ၊ စိုက်ပျိုးရေးပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ ပြောရမယ်ဆိုရင်တော့၊ မင်းရဲ့ စပါးပျိုးပင်တွေက မျိုးဗီဇ ထူးခြားပြောင်းလဲသွားတဲ့ ပုံသဏ္ဌာန် ရှိနေတယ်၊ သူတို့ရဲ့ အမြစ်အဖွဲ့အစည်းတွေ ဖွံ့ဖြိုးရုံတင်မကဘဲ၊ တစ်ပင်လုံးကလည်း တော်တော်အားရှိတယ်”
လင်းယန်သည် စိတ်ထဲ၌ ဝေခွဲမရ ဖြစ်သွား၍ မေးလိုက်၏။
“ဒါဆိုရင် ကျွန်တော့်ရဲ့ စပါးပျိုးပင်တွေက အလွန် ကောင်းမွန်တဲ့ အဆင့်မှာ ရှိနေတယ်လို့ ဆိုလိုတာလားဗျ”
ထန်ဟွာမင်သည် ခေါင်းညိတ် ထောက်ခံ၍ ပြောလိုက်သည်။
“ကောင်းမွန်စွာ ဖွံ့ဖြိုးနေတဲ့ အမြစ်စနစ်တွေက မြေဆီလွှာရဲ့ အောက်ခြေအနက်ပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိကြတယ်၊ အဲဒီလိုမျိုး ထိုးဖောက်နိုင်တဲ့အတွက် မြေဆီလွှာထဲက အာဟာရဓာတ်တွေနဲ့ ရေတွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ပြီး၊ အပင်တစ်ပင်လုံးကို ပိုမို သန်စွမ်းထွားကျိုင်းလာအောင် ထောက်ပံ့ပေးနိုင်တာပေါ့”
“ယခုအချိန်မှာတော့ သူတို့က ပျိုးပင်အဆင့်မှာပဲ ရှိနေသေးတယ်ဆိုပေမယ့်၊ မင်းကိုယ်တိုင် မြင်တွေ့ရတဲ့အတိုင်းပဲ အလွန်အမင်း ထူးခြားစွာ သန်စွမ်းနေကြတယ်၊ ဒါက စပါးအထွက်နှုန်းကို အဆမတန် တိုးတက်လာစေဖို့အတွက် ရာခိုင်နှုန်း အလွန်မြင့်မားလှတယ်ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ သန်စွမ်းထွားကျိုင်းတဲ့ ကြီးထွားမှုက အပင်ရဲ့ ပတ်ဝန်းကျင်ဒဏ် ခံနိုင်ရည်နဲ့ ရောဂါဘယ ကာကွယ်နိုင်စွမ်းကို ပိုမို ကောင်းမွန်စေလို့ပဲ ဖြစ်တယ်”
ထိုစကားကို ကြားသိလိုက်ရသောအခါ ရန်အာဟူသည် မိမိလက်ထဲရှိ သစ်သီးကို ဆက်လက်စားသောက်ရန် မေ့လျော့သွားရ၍ နားစွင့်ကာ အသေအချာ အာရုံစိုက် နားထောင်တော့၏။
‘ဘုရားရေ ထိုမျှအထိတောင် အစွမ်းထက်လှတာလား၊ သူ့ရဲ့ သူဌေးကတော့ ဘာပဲလုပ်လုပ် တကယ်ကို အံ့ဩလောက်အောင် တော်လွန်းလှပေသည်’
ထန်ဟွာမင်သည် စပါးပျိုးပင်များကို လက်ညှိုးညွှန်ပြ၍ လင်းယန်အား ဆက်လက် ပြောကြားလိုက်၏။
“မင်းရဲ့ စပါးပျိုးပင်တွေကို ကြည့်လိုက်စမ်းပါ၊ သူတို့ရဲ့ သစ်ရွက်တွေက သာမန် စပါးပျိုးပင်တွေထက် ပိုမို ထူထဲနေပြီး၊ တစ်ပင်လုံးရဲ့ အသွင်အပြင်ကလည်း အလွန် စိမ်းစိုဝေဆာနေတယ်၊ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့၊ ငါ မျိုးဗီဇပြောင်းလဲနေတဲ့ စပါးပင်တွေအကြောင်းကို သုတေသနပြုနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်”
“ထိုစီမံကိန်းကြီးက ငါတစ်ယောက်တည်းတင်မကဘဲ စိုက်ပျိုးရေးတက္ကသိုလ်ထဲက အခြားသော လုပ်ဖော်ကိုင်ဖက် ပရော်ဖက်ဆာကြီးတွေပါ ဝိုင်းဝန်းကြိုးပမ်းနေကြတာ ဖြစ်ပေမယ့်၊ ယနေ့အထိတော့ မည်သည့် တိုးတက်မှုအသစ်မျှ ထွက်ပေါ်မလာခဲ့သေးပါဘူး”
“လင်းညီလေး မင်းအနေနဲ့ ဒီမျိုးဗီဇပြောင်းလဲနေတဲ့ စပါးပျိုးပင်တွေရဲ့ တစ်ဝက်လောက်ကို ငါ့ကို ပေးသနားနိုင်မလားဗျာ”
လင်းယန်သည် အနည်းငယ် အံ့အားသင့်သွား၍ မေး၏။
“ဆရာက ဒီပျိုးပင်တွေကို တက္ကသိုလ်ဆီကို သယ်ဆောင်သွားချင်တာလား”
ကီလိုမီတာ တစ်ထောင်ကျော်မျှ ဝေးကွာလှသော ခရီးလမ်းကြီး ဖြစ်သဖြင့်၊ ထိုကဲ့သို့သော ခရီးဝေး သွားလာပြီးသောအခါ ထိုပျိုးပင်ငယ်လေးများ ရှင်သန်နိုင်စွမ်း ရှိမရှိကို သူသည် လုံးဝ အာမမခံနိုင်ချေ။
ထန်ဟွာမင်သည် ဦးခေါင်းကို ခါယမ်းကာ လင်းယန်အား ပြောလိုက်၏။
“ဒါတွေကို အဝေးကြီး သယ်ဆောင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ အစီအစဉ်ကတော့ ဒီအရေးကြီးတဲ့ အကြောင်းအရာကို ဒေသခံ စိုက်ပျိုးရေးဦးစီးဌာနဆီကို အမြန်ဆုံး အစီရင်ခံစာ တင်ပြသွားမယ်၊ ပြီးတော့ ငါတို့တက္ကသိုလ်ဘက်က ပရော်ဖက်ဆာကြီး အချို့ကို ဒီနေရာဆီ တိုက်ရိုက် ခေါ်ဆောင်လာခဲ့ပြီး မင်းတို့ရဲ့ ကျေးရွာထဲမှာပဲ စမ်းသပ်စိုက်ပျိုးသွားဖို့ ရည်ရွယ်ထားပါတယ်၊ မင်းအနေနဲ့ လုံးဝ စိုးရိမ်ပူပန်မနေပါနဲ့၊ ငါ ပျိုးပင်တွေကို အလကား တောင်းမှာ မဟုတ်ပါဘူး၊ အကယ်၍ မင်းရဲ့လက်ထဲမှာ ပိုလျှံနေတဲ့ လယ်ကွင်းပြင်တွေ ရှိနေမယ်ဆိုရင်တော့၊ တို့တွေရဲ့ စပါးသုတေသန စီမံကိန်းအတွက် အသုံးပြုဖို့ မင်းဆီကနေ လယ်ကွင်းတွေကို ငှားရမ်းချင်ပါတယ်၊ အဲဒီအတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေကိုလည်း အထက်လူကြီးတွေဆီကနေ ငါ ကိုယ်တိုင် အစွမ်းကုန် တောင်းခံပေးသွားမှာပါ”
လင်းယန်သည် ငွေကြေးထောက်ပံ့မှုဟူသော စကားလုံးကို ကြားသိလိုက်ရသောအခါ မျက်လုံးအစုံမှာ ရုတ်ချည်း တောက်ပသွားရတော့၏။ ယခုအချိန်တွင် သူ၏ဘဝအတွက် အလိုအပ်ဆုံးသော အရာမှာ ငွေကြေးရှာဖွေခြင်း မဟုတ်လော။ ထိုအခြေအနေသည် အပျိုရှာ ကညာတွေ့ခြင်းပင်တည်း။
လင်းယန်ထံမှ မည်သည့် တုံ့ပြန်သံမျှ ထွက်ပေါ်မလာသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ထန်ဟွာမင်သည် အခြားတစ်ဖက်သားသည် စိတ်ပါဝင်စားမှု မရှိဟု ထင်မှတ်သွားရှာသဖြင့် အလျင်အစလို ထပ်မံ ပြောကြားလိုက်ပြန်သည်။
“ဒီအရေးကိစ္စက ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံး တိုးတက်ပြောင်းလဲရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတာမို့လို့ပါ လင်းညီလေးရာ၊ အကယ်၍ မင်းရဲ့ဘက်က လိုအပ်ချက် တစ်စုံတစ်ရာ ရှိနေမယ်ဆိုရင်လည်း လွတ်လပ်စွာ ပြောဆိုနိုင်ပါတယ်၊ ငါ့အနေနဲ့ အထက်လူကြီးတွေဆီကနေ တောင်းခံပေးနိုင်သမျှ အရာအားလုံးကို အစွမ်းကုန် ကြိုးပမ်းပေးသွားမှာပါ”
လင်းယန်သည် အခြေအနေကို အကဲခတ်လိုက်ပြီးနောက်တွင် သူ၏ မျက်နှာပေါ်၌ လွန်စွာ တောက်ပလှသော အပြုံးတစ်ပွင့် ထင်ဟပ်လာခဲ့၍ ပြောလိုက်၏။
“မဟုတ်တာပဲဗျာ... မဟုတ်တာပဲ၊ ကျွန်တော့်ဘက်ကတော့ လုံးဝ ကန့်ကွက်စရာ မရှိပါဘူး”
“ကောင်းပါပြီဗျာ၊ ကျွန်တော့်ရဲ့ အမည်ပေါက်နဲ့ တည်ရှိနေတဲ့ လယ်ကွင်းပြင်တွေက အများကြီး ရှိပါသေးတယ်၊ ဆရာတို့ဘက်က လူတွေ ရောက်ရှိလာတဲ့ အခါကျရင်တော့ စတင် စိုက်ပျိုးနိုင်ပါတယ်”
ထန်ဟွာမင်၏ မျက်နှာတွင် ဝမ်းမြောက်လှသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။
“ဒါဆိုရင်တော့ ငါ ကျောင်းကို အမြန်ဆုံး ပြန်မှဖြစ်မယ်၊ အထက်က လူကြီးတွေကို ဒီအကြောင်းအရာတွေကို အရင်ဆုံး အသိပေးတင်ပြရမယ်၊ ပြီးမှ လူကြီးတွေကတစ်ဆင့် ဒီဒေသစိုက်ပျိုးရေးဦးစီးဌာနဆီကို တရားဝင် အကြောင်းကြားစာ ပေးပို့ခိုင်းရမှာ၊ မင်းအနေနဲ့လည်း ထိုစပါးပျိုးပင်တွေကို အကောင်းဆုံး ဖြစ်အောင် သေချာလေး ပြုစုစောင့်ရှောက်ပေးထားပါဦးဗျာ”
ထိုစကားကို ပြောကြားပြီးသောအခါ ထန်ဟွာမင်သည် နောက်ထပ် တစ်စက္ကန့်မျှ ရပ်တန့်မနေတော့ဘဲ အလွန် အလျင်စလိုဖြင့် ပြန်လည် ထွက်ခွာသွားခဲ့လေပြီ။ အခြားတစ်ဖက်သားသည် ထိုစိုက်ပျိုးရေး စီမံကိန်းအပေါ် မည်မျှအထိ စိတ်အားထက်သန်စွာ ရင်းနှီးမြှုပ်နှံထားကြောင်း ထင်ရှားလှသည်။
လင်းယန်သည်လည်း တိုင်းပြည်၏ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ပြန့်ပွားရေးအတွက် မိမိ၏ အသက်ခန္ဓာကို ပေးဆပ်၍ ကြိုးပမ်းအားထုတ်နေကြသော ထန်ဟွာမင်ကဲ့သို့သော သုတေသန ပညာရှင်ကြီးများကို ရင်ထဲမှ အစစ်အမှန် လေးစားမိ၏။
ထိုသူသည် အလျင်အစလို ရောက်ရှိလာခဲ့၍ ယခု အလျင်အစလို ပြန်လည် ထွက်ခွာသွားခဲ့လေပြီ။ လင်းယန်သည် ပျိုးပုံးအတွင်းရှိ စပါးပျိုးပင်များအား ငေးမောကြည့်ရှု၍၊ မိမိအနေဖြင့် မမျှော်လင့်ဘဲ အဖိုးတန်လှသော စီးပွားရေး အကျိုးအမြတ်တစ်ခုအား ထပ်မံ ရရှိတော့မည် ဖြစ်ကြောင်း တွေးတောမိကာ ရေရွတ်လိုက်သည်။ ကံကြမ္မာသည် သူ့အား ချမ်းသာကြွယ်ဝစေချင်နေခြင်း ဖြစ်သလော။
“တောသစ်သီးတွေကို အသေအချာ ဆေးကြောထားရဲ့လားဗျာ”
ရန်အာဟူသည် ပါးစပ်အတွင်း သစ်သီးများ ပြည့်နှက်နေသဖြင့် ဗလုံးဗထွေးဖြင့် ပြန်လည် စကားဆို၏။
“သိပ်လည်း အသန့်ရှင်းကြီးမဟုတ်သလို၊ သိပ်လည်း ညစ်ပတ်မနေပါဘူးဗျာ၊ စားမိရုံနဲ့တော့ ရောဂါ မဖြစ်နိုင်ပါဘူးကွာ”
လင်းယန်သည် သစ်သီးတစ်လုံးကို အင်္ကျီဖြင့် အသာအယာ သုတ်လိုက်၍ စားလိုက်ကာ ပြော၏။
“ဒါနဲ့ တောဝက်ဘုရင်ရဲ့ ခွေးစာ ကြော်ငြာရိုက်ကူးရေး အခြေအနေက ဘယ်လိုရှိလဲ၊ ဗီဒီယိုတွေ အားလုံး ရိုက်ကူးပြီးသွားပြီလား”
“ပြီးခါနီးနေပါပြီဗျာ၊ ခဏနေရင် ကျွန်တော် ဗီဒီယိုကို အချောသတ် တည်းဖြတ်ပြီးတာနဲ့ အင်တာနက်ပေါ်ကို တိုက်ရိုက် တင်လိုက်လို့ရပါပြီ”
“အကယ်၍ တို့တွေအနေနဲ့ ထိုကဲ့သို့သော ကြော်ငြာအချို့ကိုသာ ထပ်မံ ရရှိမယ်ဆိုရင်တော့၊ ကုန်ပစ္စည်းတွေ ရောင်းချနိုင်ဖို့အတွက် ဦးနှောက်ကို အပင်ပန်းခံပြီး စဉ်းစားနေစရာ မလိုတော့ဘူး မဟုတ်လား”
လင်းယန်သည် ခပ်ဖွဖွ ရယ်မောလိုက်ကာ ပြော၏။
“ကြော်ငြာတွေ ရရှိဖို့ဆိုတာ ဘယ်လောက်အထိ လွယ်ကူပါ့မလဲဗျာ”
“ဘာပဲဖြစ်ဖြစ် ဒီနေ့ မွန်းလွဲပိုင်းမှာ လုပ်စရာ အလုပ်ကြီးကြီးမားမား မရှိဘူးဆိုတော့၊ တို့တွေ တောတောင်ထဲကို သွားပြီးတော့ တောကန်စွန်းဥတွေ သွားတူးကြရင် မကောင်းဘူးလား”
ရန်အာဟူသည် လွန်ခဲ့သော နှစ်ရက်ခန့်က လယ်ကွင်းထဲတွင် အလုပ်ကြမ်း လုပ်ကိုင်ခဲ့ရသဖြင့် သူ၏ ကျောပြင်တစ်ခုလုံး နာကျင်ကိုက်ခဲနေဆဲ ဖြစ်ကာ၊ အပြင်သို့ လုံးဝ မထွက်ခွာချင်ပေ။
“သူဌေး၊ ခွေးကိုပဲ အတူ ခေါ်ဆောင်သွားလိုက်လို့မရဘူလားဗျာ၊ ကျွန်တော်က အိမ်မှာပဲ ဗီဒီယိုတွေကို အချောသတ် တည်းဖြတ်နေရမှာ ဖြစ်လို့၊ အကယ်၍ ကျွန်တော်ပါ လိုက်သွားမယ်ဆိုရင်တော့ သူဌေးအတွက် ဗီဒီယိုတွေကို တည်းဖြတ်ပေးမယ့်သူ ရှိတော့မှာ မဟုတ်ဘူးလေ”
လင်းယန်သည် အခြေအနေကို ပြန်လည် တွေးတောကြည့်လိုက်၍ ရန်အာဟူ၏စကားမှာ အမှန်တကယ် ယုတ္တိရှိကြောင်း လက်ခံလိုက်၏။
“ဒါဆိုရင်လည်း အိမ်နောက်ဖေးဝင်းထဲက ငန်းဖြူကြီးတွေကို အစာကျွေးဖို့ မမေ့ပါနဲ့ဦး၊ အဲဒီ ငန်းဖြူကြီးတွေက မကြာသေးခင်ကစပြီး ပုံမှန်ထက် ပိုပြီးတော့ သောင်းကျန်းနေကြတယ်၊ ဒါက အစာတွေ အလွန်အကျွံ စားသောက်မိလို့ ဖြစ်ရတာ၊ နောက်ပိုင်းကျရင်တော့ တစ်နေ့ကို တစ်ကြိမ်ပဲ အစာကျွေးတဲ့ စနစ်ကို ပြောင်းလဲလိုက်ရမယ်”
သူသည် ထိုငန်းဖြူကြီးများ၏ အညစ်အကြေးများအား အချိန်ခဏခဏ ပေး၍ သန့်ရှင်းရေး ပြုလုပ်နေရသဖြင့် အလွန် စိတ်ပင်ပန်းနေရခြင်း ဖြစ်သည်။ သူသည် မူလက ထိုငန်းဖြူကြီးများကို လွတ်လပ်စွာ သွားလာကျက်စားခွင့် ပေးခဲ့ခြင်း ဖြစ်၏။
သူတို့သည် အပြင်သို့ အပြေးအလွှား သွားလာလှုပ်ရှားခြင်းသည် အသားများကို ပိုမို၍ ကျစ်လျစ် သိပ်သည်းလာစေနိုင်သည် မဟုတ်လော။
သို့သော် ထိုငန်းဖြူကြီးများသည် ရွာခံလူများကို မြင်တွေ့ရသည်နှင့် အနောက်မှနေ၍ လိုက်လံ ကိုက်ခဲတတ်ကြသဖြင့်၊ လင်းယန်အနေဖြင့် သူတို့ကို အိမ်နောက်ဖေးဝင်းအတွင်း၌သာ ပိတ်လှောင် မွေးမြူထားရခြင်း ဖြစ်သည်။
“ကောင်းပါပြီ ကျွန်တော် နားလည်ပါတယ် သူဌေး”
အမွေးဝါသည် လင်းယန် တောတောင်ထဲသို့ သွားရောက်တော့မည်ဟူသော စကားကို ကြားသိလိုက်ရသောအခါ အနီးသို့ အပြေးအလွှား ရောက်ရှိလာခဲ့၍ သူ၏ ခြေထောက်ကို ပွတ်သပ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်ပြီးကလေးကဲ့သို့ ဂျီကျတော့၏။ သူ့အား အတူ ခေါ်ဆောင်သွားရန် လင်းယန်ကို အတင်းအကျပ် ပူဆာနေခြင်း ဖြစ်သည်။
“ဝုတ်... ဝုတ်... ဝုတ်”
ခွေးကြီးသည် အမွေးဝါအား ကြည့်ရှု၍ ပြင်းထန်စွာ ဟောင်လိုက်သည်။ ထိုစိတ်အနှောင့်အယှက်ပေးလှသော ကျားစုတ်ကလေးသည် ဤအိမ်မှ အမြန်ထွက်သွားစေချင်သည်။ သူသည် အမြဲတမ်း မိမိ၏ နေရာအား လုယူရန် ကြိုးပမ်းနေသည် မဟုတ်လော။ ထိုအိမ်ဝင်းအတွင်း၌ သူသည် မည်သည့်အချိန်မှစ၍ သခင့်အချစ်တော် ဖြစ်သွားရသနည်း။
အမွေးဝါနှင့် ခွေးကြီးတို့၏ကြားရှိ ဆက်ဆံရေးသည် အမြဲတမ်း တင်းမာမှုများ ပြည့်နှက်နေတတ်၏။ သို့သော် ထိုကျားငယ်လေးနှင့် ခွေးကြီးတို့သည် လက်တွေ့တွင် တစ်ခါမျှ အပြင်းအထန် ရန်ဖြစ်ခြင်းမျိူး မရှိကြချေ။ သူတို့သည် လင်းယန်၏ ငြိုငြင်မှုအား ခံရ၍ အိမ်ပြင်ပသို့ မောင်းထုတ်ခြင်း ခံရမည်ကို အလွန် စိုးရိမ်နေကြခြင်းကြောင့် ဖြစ်နိုင်သည်။
ထို့ကြောင့် ရံဖန်ရံခါတွင် ပြင်းထန်စွာ အော်ဟစ်မြည်တမ်းခြင်းမှတစ်ပါး သူတို့သည် မည်သည့် ကြီးမားသော ပြဿနာကိုမျှ ဖန်တီးခြင်း မရှိကြချေ။ လင်းယန်သည် အမွေးဝါ၏ တင်ပါးကို လက်ဖြင့် အသာအယာ ရိုက်ပုတ်လိုက်မိ၏။
ထိုကောင်လေး ရောက်ရှိလာခြင်းသည် မည်မျှတောင်ကြာမြင့်သွားခဲ့ပြီဖြစ်၍ ထွားကျိုင်းနေရသနည်း။ သူသည် ထိုကောင်လေးအား ပုံမှန်ထက် ပိုမို၍ ထွားကျိုင်းအောင် မွေးမြူမိသွားခဲ့ပြီ ထင်၏။
“မင်းတို့ နှစ်ကောင်လုံး အိမ်မှာပဲ နေခဲ့ပြီး မင်းတို့ရဲ့ အမေကို အဖော်ပြုပေးလိုက်ကြပါ၊ ဒီနေ့တော့ ငါက ခွေးကြီးကိုပဲ အပြင်ကို လမ်းလျှောက်ဖို့ ခေါ်သွားမလို့၊ နောက်တစ်ကြိမ်ကျမှ မင်းတို့ကို အတူ ခေါ်
သွားပေးမယ်”
“အဓိက အကြောင်းအရင်းကတော့ ဒီနေ့တို့တွေက တောင်ခြေရင်းနားမှာပဲ တောကန်စွန်းဥတွေ သွားရောက် တူးမှာ ဖြစ်လို့၊ မင်းတို့ လိုက်လာရင်လည်း သေချာပေါက် ပျင်းရိငြီးငွေ့နေမှာ စိုးလို့ပါပဲ”
အမွေးဖြူသည် ထိုအရေးအပေါ် မည်သည့် စိတ်အနှောင့်အယှက်မျှ မရှိသော်လည်း၊ မွေးရာပါ လှုပ်ရှားရသည်ကို ခုံမင်နှစ်သက်သော အဝါလေးသည် မကျေမနပ် ဖြစ်သွားရရှာသည်။ သူသည် လင်းယန်အပေါ် အချိုသတ်၍မရကြောင်းသိရှိလိုက်ရသောအခါ၊ ကျားအမကြီးရှိရာ ဘက်သို့ အပြေးအလွှား သွားရောက်ကာ တိုင်တန်းတော့၏။
ကျားအမကြီးသည် မိမိအား ဂျီကျနေသောသားငယ်ကို တစ်ချက်မျှ စောင်းငဲ့ကြည့်ရှုလိုက်ပြီးနောက် ရှေ့လက်ဝါးကြီးဖြင့် သူ့အား အဝေးသို့ ရိုက်ထုတ်ပစ်လိုက်သည်။
မြေပြင်ပေါ်တွင် သုံးပတ်ခွဲမျှ လိမ့်ဆင်းသွားခဲ့ရသော ကျားငယ်လေးသည် သူ၏ ဦးခေါင်းကို မော့တင်လိုက်၍ မိမိ၏ အမေကို ကြောင်အမ်းအမ်း အမူအရာဖြင့် စိုက်ကြည့်နေမိသည်။
‘အခုလေးတင် ဘာဖြစ်သွားတာလဲ၊ သူ ဘာဖြစ်လို့ အကန်ခံလိုက်ရတာလဲ’
လင်းယန်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရရှာ၏။
“ငါ တစ်ရေးလောက် အိပ်လိုက်ဦးမယ်၊ တို့တွေ အိပ်ရာကနိုးမှပဲ တောင်ပေါ်ကို အတူ သွားကြတာပေါ့”
တစ်ဖက်တွင် ရန်အာဟူသည် မွန်းလွဲပိုင်း အိပ်စက်အနားယူခြင်းကို လုံးဝ ဘေးဖယ်ထားကာ၊ ဗီဒီယိုများ တည်းဖြတ်ခြင်း လုပ်ငန်းစဉ်အတွင်းသို့ အပြည့်အဝ စိတ်အာရုံ နှစ်မြှုပ်ထားတော့သည်။ သူသည် မိမိ၏ သူဌေးနှင့် အခြားသော ပြိုင်ပွဲဝင် လေးယောက်တို့၏ အကြားတွင် ကြီးမားလှသော ကွာခြားချက်ကြီးကို ဖန်တီးပေးရမည် မဟုတ်လော။
ထိုလူများအနေဖြင့် အခြေအနေကို သိရှိ၍ အခက်အခဲများ ရှေ့မှောက်တွင် နောက်ဆုတ်သွားကြစေရန် ဖြစ်၏။ ထိုလူများတွင် မည်မျှအထိ စွမ်းရည်ရှိနေကြသဖြင့် မိမိ၏ သူဌေးကို ပြိုင်ဆိုင်ရန် ဝံ့ရဲနေကြရသနည်း။
အထူးသဖြင့် ဝမ်တာလီဟု ခေါ်ဆိုသော ထိုလူ ဖြစ်သည်။ မနေ့ညက ရန်အာဟူသည် ထိုသူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရောက်ကြည့်ရှုဖူး၏။ ထိုသူသည် ပရသတ်များ၏ သနားဂရုဏာစိတ်ကို ရယူနိုင်မယ့် စကားလုံးများကို အသုံးပြု၍ စည်းရုံးနေခဲ့သည် မဟုတ်လော။
သို့သော် သူ၏ အရောင်းအချက်အလက်များမှာ အမှန်တကယ် ကောင်းမွန်လွန်းလှ၏။ မနေ့ည တစ်ညတည်းတွင် အော်ဒါမှာယူမှုပေါင်း ငါးထောင်ကျော်အထိ ရောင်းချနိုင်ခဲ့သည်။ ရန်အာဟူသည် ထိုအကြောင်းအရာကို တွေးတောမိတိုင်း မနာလိုစိတ်ကြောင့် သွားများ ကျိန်းစပ်လာရ၏။
သူသည် ယနေ့နံနက်ပိုင်းတွင် ထိုအကြောင်းအရာကို လင်းယန်အား ပြောပြခဲ့သော်လည်း လင်းယန်မှာမူ ထိုအရာအပေါ် လုံးဝ ဂရုစိုက်ခြင်း မရှိချေ။ အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေလျှင်၊ မိမိတို့၏ပြိုင်ဖက်များသည် မိမိတို့၏ အဆင့်ကို မကြာမီအတွင်း အမီလိုက်လာတော့မည် မဟုတ်လော။
သူသည် အခြေအနေကို လုံးဝ ခွင့်မပြုနိုင်ပါချေ။ ထို ဆုကြေးငွေ သန်းသုံးဆယ်သည် သေချာပေါက် သူ၏ သူဌေးပိုင်ဆိုင်သင့်သော အရာသာ ဖြစ်ရမည်။ အဖြစ်အပျက်၏ အဓိက ကာယကံရှင်ဖြစ်သော လင်းယန်သည် အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်၏။
ဝမ်တာလီသည်ကား သူသည် လင်းယန်ကဲ့သို့ တည်ငြိမ်နိုင်စွမ်း လုံးဝ မရှိပါချေ။
“ဘာဖြစ်လို့ အခုအချိန်အထိ ရောင်းအားက လေးသိန်းခြောက်သောင်းပဲ ရှိနေသေးတာလဲ”
ဝမ်တာလီသည် မိမိ၏ အရောင်းစာရင်းဇယား အချက်အလက်များကို ကြည့်ရှုနေမိ၏။ လင်းယန်၏ အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ၊ သူ၏ ရင်ထဲ၌ မွမ်းကြပ်မှုများအား ခံစားနေရသည်။ သူသည် အနီးနားရှိ ကျေးရွာများအတွင်းမှ ကုန်သည်မြောက်မြားစွာနှင့် စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်၏။
မနေ့က တောကန်စွန်းဥများအား အရောင်းမြှင့်တင်ခဲ့ခြင်း လုပ်ငန်းစဉ်သည် အတော်လေး ချောမွေ့ခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင် အခြားသော ထူးခြားလှသော စွမ်းရည်များ မရှိသော်လည်း၊ သူ၏ တစ်ခုတည်းသော အားသာချက်မှာ စကားပြော ကောင်းမွန်ခြင်း ဖြစ်၏။
သူသည် ကျောင်းသားဘဝကတည်းက မိမိ၏ စကားပြော စွမ်းရည်အား အထင်အရှား ပြသနိုင်ခဲ့သူ ဖြစ်သည်။ ယခုအခါတွင် ပိုမို၍ နှုတ်စွမ်းရည် ထက်မြက်လာခဲ့၏။
အလွန် သာမန်ဆန်လှသော အရောင်းပစ္စည်းများသည်လျှင် သူ၏ ရှင်းလင်းပြောကြားချက်အောက်တွင် ကောင်းကင်ဘုံမှ အဖိုးတန်ပစ္စည်းကဲ့သို့ ဖြစ်သွားရသည် မဟုတ်လော။ ထို့ကြောင့် မနေ့က တောကန်စွန်းဥများ၏ ရောင်းအားမှာ အမှန်တကယ် ကောင်းမွန်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အဓိက ပြဿနာမှာ ထိုအရှိန်အဟုန်သည် လင်းယန်အား ကျော်တက်ရန် အလွန် နှေးကွေးလွန်းနေသေးခြင်း ဖြစ်၏။ ထိုနှုန်းအတိုင်းသာ သွားနေမည်ဆိုလျှင် ပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်တိုင်အောင် သူသည် လင်းယန်၏ အဆင့်ကို မှီနိုင်လိမ့်မည် မဟုတ်ပါချေ။
သူသည် အခြားသော နည်းလမ်းသစ်တစ်ခုအား သေချာပေါက် စဉ်းစားရတော့မည် ဖြစ်သည်။