အခန်း (၁၀၂၉-၁၀၃၀)
Vol. 103 Ch. 1029-1030
အခန်း (၁၀၂၉) ဖြုန်းတီးတတ်သော သားရဲ သို့မဟုတ် အမွေဖျက်သား
ဤဖြူဖွေးသော အလင်းတန်းများ စုစည်းဖြစ်တည်လာသည့် ပိုင်ယန်တာအိုဆရာ၏ ပုံသဏ္ဌာန်မှာ နတ်မင်းကြီးအလား ကျက်သရေရှိလှပြီး၊ ထူးခြားဆန်းပြားလှသော အရှိန်အဝါများ ပြည့်နှက်နေခဲ့ကာ... တာအိုဂိုဏ်းအချို့တွင် ကိုးကွယ်ဆည်းကပ်ကြသော ဘိုးဘေးကြီးများနှင့် ထပ်တူထပ်မျှ တူညီလွန်းလှသဖြင့်၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မြူခိုးဝေဝါးနေသော အော်ရာစွမ်းအင်များမှာ... မြင်တွေ့ရသူတိုင်းအား မနေနိုင်ဘဲ ဦးခိုက်အလေးပြုလိုစိတ်များ တားမရဆီးမရ ဖြစ်ပေါ်လာစေခဲ့သည်။
နတ်ဆရာကြီး က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက သာမန် လေလွင့်နေတဲ့ တစ္ဆေရဲနာတစ်ကောင် မဟုတ်ဘူးပဲ... မင်းက ဘာကောင်လဲ"
ပိုင်ယန်တာအိုဆရာက နတ်ဆရာကြီးအား တည်ငြိမ်အေးစက်စွာဖြင့် တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး -
"ငါကိုယ်တော်က... အထက်ဘုံရဲ့ နတ်မင်းကြီးပဲ၊ မင်းလို လူ့လောကက သာမန်လူသားက... ငါ့ကို မြင်တာတောင် မဦးခိုက်ဘဲ နေရဲတယ်လား... သတ္တိကောင်းလှချေကော"
စကားဆုံးသည်နှင့်... ဒြပ်မဲ့လှသော ဖိအားတစ်ခုမှာ တောင်ကြီးတစ်လုံးအလား... တစ်ဟုန်ထိုး လွှမ်းမိုးချုပ်ချယ်သွားခဲ့တော့သည်။
ပိုင်ယန်တာအိုဆရာ၏ လူ့လောကရှိ ဤဝိညာဉ်ခန္ဓာကိုယ် မှာ... သူ၏စွမ်းပကားများ လုံးဝပြန်လည်နိုးထလာခြင်း မရှိသေးသော်လည်း၊ ထိုနတ်မင်းကြီးတစ်ပါး၏ အော်ရာစွမ်းအင်တစ်ခုတည်းဖြင့်ပင်... ကျင့်ကြံသူအမြောက်အမြားအား တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်လှပေသည်။
နတ်ဆရာကြီးက မချိပြုံး ပြုံးလိုက်ကာ -
"ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ"
တောင်ကြီးတစ်လုံးအလား လေးလံထိုင်းမှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ဤဖိအားလှိုင်းကြီးကို ရင်ဆိုင်ရချိန်တွင်... နတ်ဆရာကြီးမှာမူ မည်သည့်ခံစားချက်မျှ ရှိမနေခဲ့ချေ။
သူသည် လက်ထဲမှ မန္တန်တစ်ခုကို အမြန်ပြောင်းလဲလိုက်ပြီး...အဆောင်တစ်ရွက်ကို လေထုထဲသို့ ဝဲပျံပစ်လွှတ်လိုက်သည်။
"ငါ့ရဲ့ နာမတော်အားဖြင့်... စစ်မှန်တဲ့ မိုးကြိုးအာဏာစက်ကို ခေါ်ယူစေ... အမိန့်တော်အတိုင်း ချက်ချင်းဖြစ်စေ"
ဆရာကြီးက မန္တန်ကို ရွတ်ဖတ်ပြီးသည်နှင့်... ပိုင်ယန်တာအိုဆရာက နှာခေါင်းတစ်ချက် ရှုံ့လျက် လှောင်ပြောင်လိုက်သည်။
ဤတာအိုဆရာအိုကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ မလုံလောက်သေးသကဲ့သို့... သူသင်ယူထားသော မိုးကြိုးပညာရပ်မှာလည်း စစ်မှန်သောလမ်းစဉ် မဟုတ်ချေ၊ ထိုမန္တန်အသုံးအနှုန်းကို ကြားရသည်မှာလည်း တစ်မျိုးကြီး ဖြစ်နေခဲ့သည်။
မင်းရဲ့ နာမတော်တစ်ခုတည်းနဲ့တင်... ကောင်းကင်ဘုံက မိုးကြိုးတွေကို ခေါ်ယူနိုင်ပါ့မလား။
နတ်ဆရာကြီးသည် မူလက လုံဟူရှန်း၏ အထွတ်အထိပ် ဆရာကြီးလေးပါးအနက် တစ်ပါး ဖြစ်သော်လည်း... ကံဆိုးစွာဖြင့် ကျင့်ကြံခြင်းအဆင့်များ လျော့ကျသွားခဲ့ရသဖြင့်၊ ယခုအချိန်တွင် ဒုတိယအဆင့်ဖြစ်သော "ယင်ဝိညာဥ် ကျင့်ကြံခြင်းအဆင့်တွင်သာ ရှိနေသည်ကို... ပိုင်ယန်တာအိုဆရာက တစ်ချက်ကြည့်ရုံမျှဖြင့် ထိုးထွင်းသိမြင်နိုင်ခဲ့သည်။
ထို့ပြင် တစ်ဖက်လူ ရွတ်ဖတ်လိုက်သော မန္တန်ကို ကြားရုံမျှဖြင့်ပင်... ၎င်းမှာ စစ်မှန်သော တာအိုဂိုဏ်း၏ ထိပ်သီးပညာရပ် မဟုတ်ကြောင်း သူ ခံစားမိလိုက်သည်။
ထို့ထက်မက... ဆရာကြီးက မန္တန်ကို ရွတ်ဖတ်ပြီးသွားခဲ့သော်လည်း... ကောင်းကင်နှင့် မြေပြင်ကြားတွင် မည်သည့်ပြောင်းလဲမှုမျှ ပေါ်ပေါက်မလာခဲ့ချေ။
ပိုင်ယန်တာအိုဆရာက အေးစက်စွာ ရယ်မောလိုက်ပြီး -
"စကားလုံးတွေကတော့ ကြီးကျယ်လှချေလား... ဒီလောက်ပဲ စွမ်းဆောင်နိုင်တာလား၊ ငါကိုယ်တော်ကပဲ မင်းကို စစ်မှန်တဲ့ မိုးကြိုးပညာရပ်အကြောင်း သင်ကြားပေးရတာပေါ့ "
သူက လက်ကို မြှောက်၍ ချက်ချင်းပင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင်... ကောင်းကင်ယံထက်မှ ရုတ်တရက် မိုးလျှပ်စီးတစ်ခု ဖြတ်သန်းသွားခဲ့ပြီး၊ ကောင်းကင်ဘုံမှ တိုက်ရိုက် ကျရောက်လာခဲ့ကာ...
ဂျိန်း
ပိုင်ယန်တာအိုဆရာ၏ ဝိညာဉ်ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်တော့ရာ... ဝေဝါးလှသော ဖြူဖွေးသည့် အလင်းစက်အချို့သာ ကြွင်းကျန်ရစ်လျက်၊ လေထုထဲတွင် လွင့်မျောနေခဲ့တော့သည်။
နတ်ဆရာကြီးက -
"ဒီမိုးကြိုးပညာရပ်ကို မသုံးတာ ကြာသွားတော့... နည်းနည်းတောင် လက်ဝင်နေပြီပဲ"
ဟု ရေရွတ်လိုက်သည်။
စောစောပိုင်းက ထိုမိုးကြိုးပညာရပ်မှာ... အနည်းငယ် အချိန်နှောင့်နှေးသွားခဲ့ခြင်း ဖြစ်ပြီး၊ ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူမှာ မာန်မာန ပြည့်နှက်နေသဖြင့်... ချက်ချင်းပင် လက်ဦးမှုယူ၍ တိုက်ခိုက်ခြင်း မပြုခဲ့ချေ။
ဖြူဖွေးသောအလင်းစက်များမှာ လျင်မြန်စွာ ပြန်လည်ပြန့်ကားလာခဲ့ပြီး... ပိုင်ယန်တာအိုဆရာ၏ ပုံသဏ္ဌာန်အဖြစ် ထပ်မံ၍ စုစည်းဖြစ်တည်လာခဲ့ပြန်သည်။
ယခုအချိန်တွင်မူ... ဤနတ်မင်းကြီး၏ မျက်ဝန်းစုံအတွင်း၌ အံ့ဩတုန်လှုပ်ခြင်း အရောင်အဝါများ ပြည့်နှက်နေခဲ့သည်။
"မဖြစ်နိုင်တာ... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
နတ်ဆရာကြီးက တရားသေဝါဒဆန်ဆန်ဖြင့် တည်ငြိမ်စွာပင် အော်ဟစ်ဆဲရေးလိုက်သည်။
"လေလွင့်နေတဲ့ တစ္ဆေတစ်ကောင်က... ဘာဖြစ်လို့ စကားတွေ ဒီလောက်တောင် များနေရတာလဲ "
သူ၏လက်ထဲမှ မန္တန်တစ်ခုကို ထပ်မံ၍ အမူအရာပြောင်းလဲလိုက်ရာ... ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ဝဲပျံနေသော နဂါးတစ်ကောင်အလား... လျင်မြန်စွာပင် ပိုင်ယန်တာအိုဆရာ၏ ခန္ဓာကိုယ်အား တင်းကြပ်စွာ ချည်နှောင်ပစ်လိုက်တော့သည်။
ပိုင်ယန်တာအိုဆရာ၏ ခန္ဓာကိုယ်ထက်မှ နတ်မင်းကြီးတစ်ပါး၏ ကြီးကျယ်ခမ်းနားလှသော အော်ရာစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး... ချက်ချင်းပင် နတ်ဘုရားပညာရပ်များကို ထုတ်ဖော်ရန် ကြံရွယ်လိုက်သည်။
ဤဝိညာဉ်ခန္ဓာကိုယ်မှာ လုံးဝဥဿုံ ပြန်လည်နိုးထခြင်း မရှိသေးသော်လည်း... ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးကို ကိုင်တွယ်ရန်မှာ... သူ့အတွက် လက်ဖျောက်တစ်ချက်တီးရုံမျှဖြင့် လွယ်ကူလှပေသည်။
သို့သော်လည်း... သူ့အား ပိုမို၍ အံ့ဩတုန်လှုပ်သွားစေသည့် အရာမှာ ထပ်မံပေါ်ပေါက်လာခဲ့ပြန်ရာ... ကိုယ်ပေါ်ရှိ ဤရွှေရောင်အလင်းတန်းများမှာ... သူ့အား မည်သို့မျှ ရုန်းထွက်၍မရအောင် ချုပ်ချယ်ထားနိုင်ခြင်း ဖြစ်ပေသည်။
"ငါ့ရဲ့ နာမတော်အားဖြင့်... စစ်မှန်တဲ့ မိုးကြိုးအာဏာစက်ကို ခေါ်ယူစေ... အမိန့်တော်အတိုင်း ချက်ချင်းဖြစ်စေ "
ဆရာကြီးက လက်ညှိုးဖြင့် အသာအယာ ထောက်လိုက်ရာ... ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာလည်း လေထဲတွင် ဖရိုဖရဲ လွင့်ပျံသွားခဲ့သည်။
ဂျိန်း
ကောင်းကင်ဘုံမှ မိုးကြိုးဒဏ်ခတ်ချက်မှာ တိုက်ရိုက်ပင် ကျရောက်လာခဲ့တော့သည်။
ပိုင်ယန်တာအိုဆရာကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့ရာ... တစ်စက္ကန့်အတွင်းမှာပင် ပြာမှုန့်အဖြစ် ပြောင်းလဲလျက် အပြီးတိုင် ကွယ်ပျောက်သွားခဲ့ရတော့သည်။
နတ်ဆရာကြီးသည် ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို အသာအယာ ပုတ်ခါလိုက်ပြီး... ဝါကျင့်ကျင့် စာရွက်ထီးကို ချိုင်းကြားတွင် ညှပ်လျက်... အနက်ရောင်မြည်းကြီး ထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားသည်။
"ဒီခေတ်ကြီးထဲမှာ... ဘယ်ကလာတဲ့ တစ္ဆေနာတွေကပါ သူ့ကိုယ်သူ နတ်မင်းကြီးလို့ လာပြီး ဟန်ဆောင်နေကြတာလဲ... ဘယ်သူ့ကို လာလိမ်နေတာလဲ"
စကားဆုံးသည်နှင့်... သူသည် အနက်ရောင်မြည်းကြီးပေါ်သို့ ခုန်တက်လိုက်ပြီး... လေပြင်းတစ်ခုအလား ဝဲပျံထွက်ခွာသွားခဲ့တော့ရာ၊ ဘာအငွေ့အသက်မျှပင် ကြွင်းကျန်ရစ်ခြင်း မရှိတော့ချေ။
..................
လောင်ချောင်းမြို့ ၊ လျူမိသားစု၏ ဘိုးဘေးဘုရားကျောင်း
ဤနေရာတွင် မြက်ရိုင်းများ တောထနေခဲ့ပြီး... ပျက်စီးယိုယွင်းနေသော အဆောက်အအုံ အကြွင်းအကျန်များသာ ရှိနေခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က ဗုဒ္ဓဂိုဏ်းနှင့် တာအိုဂိုဏ်းမှ ကျင့်ကြံသူအချို့ ဤနေရာ၌ ပိတ်မိနေခဲ့စဉ်က... လီယန်ချူသည် ဤနေရာတွင် အရပ်မျက်နှာအနှံ့ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီးနောက်တွင်မူ... လျူမိသားစု၏ ဘိုးဘေးဘုရားကျောင်းတွင် နောက်ထပ် မည်သည့်ခြောက်လှန့်မှုမျိုးမျှ ပေါ်ပေါက်ခြင်း မရှိတော့ချေ။
ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့ချိန်တွင်... ရာသီဥတုက ရေကဲ့သို့ အေးစိမ့်နေခဲ့ပြီး... လမင်း၏ အရောင်အဝါများမှာ လျူမိသားစု၏ ဘိုးဘေးဘုရားကျောင်းထက်သို့ ဖြည်းညှင်းစွာ ကျရောက်နေခဲ့သည်။
ထိုအချိန်တွင်... လျူမိသားစု၏ ဘိုးဘေးဘုရားကျောင်းမှာ ရုတ်တရက် အသစ်စက်စက်အလား ပြောင်းလဲသွားခဲ့ပြီး... မူလက စွန့်ပစ်ထားခဲ့သော ဘုရားကျောင်း ပျက်ကြီးမှာ... ယခုအခါတွင် တစ်စုံတစ်ယောက်က ပြန်လည်ပြုပြင်မွမ်းမံထားသည့်အလား ဖြစ်ပေါ်လာခဲ့သည်။
ဝေးကွာသော နေရာမှ လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက... မီးရောင်များ လင်းထိန်နေခဲ့ပြီး၊ လူသံများဖြင့် စည်ကားသိုက်မြိုက်နေခဲ့ကာ... မူလက ကွယ်ပျောက်သွားခဲ့သော မြို့နယ်လေးတစ်ခုမှာ လူ့လောကထဲသို့ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည့်အလား ခံစားရပေသည်။
ဤပတ်ဝန်းကျင်တွင် လူသူကင်းမဲ့လှသဖြင့်... ဤနေရာရှိ ထူးဆန်းဆန်းပြားလှသော အခြင်းအရာကို မည်သူကမျှ သတိမပြုမိကြချေ။
ထိုအချိန်တွင်... အနီရောင် ဝတ်စုံကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးသည်... လျူမိသားစု၏ ဘိုးဘေးဘုရားကျောင်းအတွင်းမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။
သူမ၏ ခြေလှမ်းများမှာ မလျင်မြန်လှသော်လည်း... ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင်မူ... လျူမိသားစု၏ ဘိုးဘေးဘုရားကျောင်းမှာ တစ်ချက်မျှ တုန်ခါသွားလေ့ရှိသည်။
ဤအမျိုးသမီး၏ အရှေ့မှောက်တွင် ကြီးမားလှသော အတားအဆီး ဖိအားတစ်ခု ရှိနေသည့်အလား... သူမက ပြင်ပသို့ အဆက်မပြတ် လမ်းလျှောက်ထွက်လာခဲ့ရာ... သူမ၏ နောက်ကွယ်ရှိ ပုံရိပ်များမှာလည်း ရေလှိုင်းများအလား တဖျတ်ဖျတ် တုန်ခါလျက် အဆက်မပြတ် ပြောင်းလဲနေခဲ့တော့သည်။
ဤနေရာတွင် ထူးဆန်းဆန်းပြားလှသော မိစ္ဆာပစ္စည်းအမြောက်အမြားကို ဖိနှိပ်ချုပ်ချယ်ထားခြင်း ဖြစ်ပြီး... အထူးသဖြင့် ကန့်သတ်ချက် စည်းမျဉ်းများ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
မြို့နယ်လေး၏ ပြင်ပရှိ ဆိတ်ငြိမ်လှသော ကောင်းကင်နှင့် မြေပြင်ကြားတွင်လည်း... ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲကြီးအချို့ ပုန်းကွယ်နေခဲ့ကြသဖြင့်... ရင်ကို တုန်လှုပ်သွားစေနိုင်ပေသည်။
သို့သော်လည်း ယခုအချိန်တွင်မူ... ဤမြို့နယ်လေးမှာ အလွန်ပင် အေးချမ်းသာယာနေခဲ့ပြီး... ထူးဆန်းသော မိစ္ဆာအငွေ့အသက်များ အားလုံး ကွယ်ပျောက်သွားခဲ့သည့်အလား ဖြစ်နေခဲ့သည်။
ဤအမျိုးသမီးသည် မြို့နယ်လေး၏ ပြင်ပသို့ လမ်းလျှောက်ထွက်လာခဲ့ပြီးနောက်... သူမ၏ နောက်ကွယ်ရှိ ဤဘိုးဘေးဘုရားကျောင်း ပုံရိပ်မှာလည်း ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့ရပြီး... နောက်ဆုံး၌ လုံးဝဥဿုံ ကြေမွပျက်စီးသွားခဲ့တော့သည်။
ဤနေရာ၏ စွမ်းအင်များကို ထိန်းညှိပေးထားသော အော်ရာစွမ်းအားများမှာ အပြီးတိုင် ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်ပုံရပေသည်။
မူလက မီးရောင်များ လင်းထိန်နေခဲ့သော ဘိုးဘေးဘုရားကျောင်းမှာ... ထပ်မံ၍ ပျက်စီးသွားခဲ့ရပြီး၊ အဆောက်အအုံ ပျက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြန်သည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့ပြီး... ရင်ထဲမှ ဝန်ထုတ်ဝန်ပိုးကြီး ကျသွားသည့်အလား သက်ပြင်းတစ်ချက် ချလိုက်ကာ -
"နောက်ဆုံးတော့... ဒီတစ္ဆေနေရာကနေ ထွက်လာနိုင်ခဲ့ပြီပဲ"
မူလက လီယန်ချူသည် ဤနေရာရှိ ကန့်သတ်ချက်များကို ဖောက်ခွဲဖျက်ဆီးလျက် ထွက်ခွာသွားခဲ့ပြီးနောက်... အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည်လည်း မိမိ၏ ပုံသဏ္ဌာန်ကို ဖော်ထုတ်ခဲ့ပြီး... မြို့နယ်လေး၏ ပြင်ပရှိ ရိုင်းစိုင်းလှသော မိစ္ဆာသားရဲကြီးများနှင့် တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင်... သူမသည် လက်ကိုမြှောက်၍ အကြောဆန့်လိုက်ရာ... သူမ၏ မပြစ်မကွက်လှပသော ခန္ဓာကိုယ် ကောက်ကြောင်းအလှမှာ လုံးဝဥဿုံ ထင်ဟပ်ပေါ်လွင်သွားခဲ့တော့သည်။
ခြေလှမ်းတစ်ချက်ကို အသာအယာ လှမ်းလိုက်ရုံမျှဖြင့်... ပတ်ဝန်းကျင်ရှိ အခြေအနေများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရသည်။
၎င်းမှာ "မြေပြင်ကို ကျုံ့စေသော ပညာရပ်" ပင် ဖြစ်ပေသည်။
မည်မျှကြာမြင့်သွားခဲ့သည်ကို မသိရဘဲ... သူမသည် ကြီးကျယ်ခမ်းနားလှသော အိမ်တော်ကြီးတစ်ခု၏ အရှေ့မှောက်သို့ ရောက်ရှိလာခဲ့တော့သည်။
"လီအိမ်တော်"
အိမ်ရှေ့တံခါးဝတွင်မူ... ကျောက်ခြင်္သေ့ကြီးနှစ်ကောင် ရှိနေခဲ့ပြီး... ထိုအရာများအတွင်း၌ ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအားများ ကိန်းအောင်းနေခဲ့သဖြင့်... မိစ္ဆာများကို နှိမ်နင်းကာ ဘေးအန္တရာယ်များကို တားဆီးပေးနိုင်စွမ်း ရှိပေသည်။
ကျင့်ကြံသူများအနေဖြင့် ကောင်းကင်မျက်စိ ကို ဖွင့်လှစ်လိုက်မည်ဆိုပါက... ၎င်းအတွင်းရှိ ကြီးမားလှသော စွမ်းအားများကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။
အိမ်တော်တစ်ခုလုံး၏ အထက်တွင်မူ... မင်္ဂလာရှိလှသော တိမ်တိုက်အော်ရာများ ဖုံးလွှမ်းနေခဲ့သဖြင့်... အလွန်ပင် ဆန်းပြားလှကြောင်း ထင်ရှားပေသည်။
"ဒီနေရာမှာပဲ ဖြစ်ရမယ်"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ခေါင်းကို မော့ကြည့်လိုက်ရာ... သူမ၏ လက်ဝါးပြင်ထက်တွင် အနက်ရောင် အရောင်အဝါစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သေသေချာချာ စိုက်ကြည့်လိုက်မည်ဆိုပါက... ထိုအရောင်အဝါစွမ်းအင်များအတွင်း၌ အလွန်ဆန်းပြားလှသော အလံတော်တစ်ခု ရှိနေသည့်အလား ထင်မှတ်ရသည်။
၎င်းမှာ သုံးလက်မခွဲခန့်သာ ရှည်လျားပြီး... ၎င်းအတွင်း၌ ဆန်းပြားလှသော စွမ်းအင်အော်ရာများ ရစ်ပတ်နှောင်ဖွဲ့နေခဲ့ခြင်း ဖြစ်သည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ခန္ဓာကိုယ်မှာ တစ်ချက်မျှ လှုပ်ရှားသွားခဲ့ပြီး... ဤအိမ်တော်ကြီးအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့တော့သည်။
ဤအိမ်တော်ကြီးမှာ အလွန်ပင် ကျယ်ဝန်းလှပြီး... အတွင်း၌ မဏ္ဍပ်များနှင့် အဆောင်အဦးများစွာ ရှိနေခဲ့သကဲ့သို့... ကျောက်တောင်တုများနှင့် ရေကန်များလည်း ရှိနေခဲ့သဖြင့်၊ ဖုန်းရွှေစနစ် ကောင်းမွန်လှကြောင်း ထင်ရှားပေသည်။
ဤကဲ့သို့သော ဖုန်းရွှေစနစ်မျိုးတွင်မူ... လေလွင့်နေသော တစ္ဆေရဲနာများတင်မက... ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအားအချို့ကို ဆက်ခံထားသော မိစ္ဆာနတ်ဘုရားများ နှင့် ကျင့်ကြံခြင်းအဆင့် မြင့်မားလှသော မိစ္ဆာကောင်များပင်လျှင်... ရုတ်တရက် ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိချေ။
မကောင်းဆိုးဝါး မိစ္ဆာကောင်များအတွက်မူ... ဤနေရာမှာ ခြေလှမ်းတိုင်းတွင် သေဘေးနှင့် ရင်ဆိုင်ရနိုင်သော နေရာတစ်ခုပင် ဖြစ်ပေသည်။
ယခုအချိန်တွင်... ညဉ့်နက်ပိုင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း... ဆိတ်ငြိမ်လှသော အဆောင်တစ်ခုအတွင်း၌မူ မီးရောင်များ လင်းထိန်နေဆဲ ဖြစ်သည်။
၎င်းမှာ ဤနေရာရှိ အရှင်သခင်၏ စာကြည့်ဆောင်ဖြစ်ပြီး... အမည်မှာ လင်ဖုန်းရွှမ် ဟု ခေါ်တွင်ပေသည်။
လီအိမ်တော်၏ အရှင်သခင်မှာ... အထက်တန်းစား မျိုးရိုးကြီးစုမှ သားသမီးတစ်ဦး ဖြစ်သည်ဟု ဆိုကြပြီး... အသက်ငယ်ရွယ်ကာ ငွေကြေးဓန ချမ်းသာကြွယ်ဝလှသကဲ့သို့... အလွန်ပင် ခန့်ညားထည်ဝါပြီး စမတ်ကျလှသူ ဖြစ်ပေသည်။
သူ၏ဘေးနားတွင် လှပချောမွေ့လှသော ဇနီးမယားများနှင့် အဆောင်အယောင် မိန်းမလှလေးများစွာ ဝိုင်းရံနေလေ့ရှိပြီး... လောင်ချောင်းမြို့အတွင်း၌ သူ၏ဂုဏ်သတင်းမှာ အလွန်အမင်း ကျော်ကြားခြင်း မရှိသော်လည်း... ပတ်ဝန်းကျင်ရှိ လမ်းမများပေါ်တွင် နေထိုင်ကြသော ပြည်သူများမှာမူ... ဤလီသခင်လေးအကြောင်းကို ကောင်းစွာ သိရှိကြပေသည်။
သူ့တွင် မကုန်ခမ်းနိုင်သော ငွေကြေးဓနများ ရှိနေသည့်အလား ဖြစ်ပြီး... သူ၏ဘေးနားရှိ အမျိုးသမီးများမှာလည်း တစ်ယောက်ထက်တစ်ယောက် ပိုမို၍ လှပချောမွေ့ကြပေသည်။
ပေ့ဖုန်းနယ်မြေ ရှိ နာမည်ကျော် ကြေးစားမိန်းမလှလေးများ ကိုပင်... သူ၏အိမ်တော်အတွင်း၌ မကြာခဏ မြင်တွေ့ရလေ့ရှိသဖြင့်... လူအများအား အလွန်ပင် မနာလိုဖြစ်စေကာ အားကျစေရပေသည်။
ယခုအချိန်တွင်... စာကြည့်ဆောင်အတွင်းမှ လူအများအား မျက်နှာပျက်စေကာ ရင်တုန်သွားစေနိုင်သော အသံအချို့ ထွက်ပေါ်နေခဲ့သည်။
အမျိုးသမီးတစ်ဦးသည် ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာလှသော ပိုးသားဝတ်ရုံကိုသာ ဆင်မြန်းထားပြီး... လှပသော ခန္ဓာကိုယ် ကောက်ကြောင်းအလှနှင့် ဆွဲဆောင်မှုရှိလှသော မျက်နှာပြင်ဖြင့်... စာကြည့်ဆောင်အတွင်းရှိ ဒန်းတစ်ခုပေါ်တွင် ထိုင်လျက်... ရှေ့နောက် လွှဲရမ်းနေခဲ့သည်။
သူမ၏ ဖြူဖွေးနူးညံ့လှသော ခြေတံရှည်ကြီးနှစ်ဖက်မှာ... လေထဲတွင် ဟိုဟိုဒီဒီ လှုပ်ရှားနေခဲ့သဖြင့်... မြင်တွေ့ရသူတိုင်းအား ရင်ခုန်စိတ်လှုပ်ရှားသွားစေနိုင်ပေသည်။
အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှသော "လင်ဖုန်းရွှမ်" ဟူသည့် နာမည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ... နံရံတစ်ခုလုံးတွင် စာအုပ်များစွာ ပြည့်နှက်နေခဲ့သော်လည်း... အခန်းအတွင်း၌မူ ဒန်းတစ်ခုကို ဆင်မြန်းထားခဲ့ခြင်း ဖြစ်သည်။
ထို့ထက်မက ညဉ့်နက်ပိုင်းအချိန်တွင်... လှပချောမွေ့လှသော နာမည်ကြီး ကြေးစားမိန်းမလှလေးတစ်ဦးမှာ... ဤနေရာ၌ ဒန်းလွှဲရမ်းလျက် ကစားနေခဲ့ခြင်း ဖြစ်ပေသည်။
လူငယ်တစ်ဦးသည် ဘယ်ညာနှစ်ဖက်စလုံးတွင် မိန်းမလှလေးများကို ပွေ့ပိုက်ထားလျက်... ပြုံးပြုံးကြီး စိုက်ကြည့်နေခဲ့သည်။
သူ့ရင်ခွင်အတွင်းရှိ အမျိုးသမီးနှစ်ဦးမှာလည်း... ပေ့ဖုန်းနယ်မြေတွင် အလွန်ပင် ကျော်ကြားလှသော နာမည်ကြီး မိန်းမလှလေးများ ဖြစ်ကြပြီး... သာမန် အရာရှိကြီးများနှင့် သူဌေးကြီးများပင်လျှင် ချဉ်းကပ်ရန် မလွယ်ကူလှချေ။
၎င်းတို့နှစ်ဦးမှာ အနုပညာအရည်အချင်း ပြည့်ဝကြသူများ ဖြစ်ကြပြီး... စောင်းပညာ၊ စစ်တုရင်ပညာ၊ စာပေပညာနှင့် ပန်းချီပညာရပ်များကိုပါ အလွန်တရာ ကျွမ်းကျင်ကြသဖြင့်... မျက်စိအလွန် မြင့်မားကြသူများ ဖြစ်သည်။
ပေ့ဖုန်းနယ်မြေသည် ကျန်နန်နယ်မြေ ကဲ့သို့ စာပေထွန်းကားခြင်း မရှိသော်လည်း... ဤကဲ့သို့သော အဆင့်အတန်းမြင့် မိန်းမလှလေးများမှာမူ... လူအများ၏ ဝိုင်းဝံပူဇော်ခြင်းကို ခံရလေ့ရှိပေသည်။
လူအများအပြားမှာ ငွေကြေးအမြောက်အမြား အကုန်အကျခံလျက်... မိန်းမလှလေးများ၏ ပြုံးပန်းတစ်ချက်ကို ရရှိရန်အတွက် ကြိုးပမ်းကြရခြင်း ဖြစ်ပေသည်။
ယခုအချိန်တွင်မူ... ဤနာမည်ကြီး မိန်းမလှလေးနှစ်ဦးမှာ... ထိုလူငယ်၏ ဘေးနားသို့ တိုးဝှေ့မှီတွဲနေခဲ့ကြပြီး... လူငယ်၏ ပါးစပ်ထက်သို့ နှုတ်ခမ်းချင်းတေ့လျက် ဝိုင်များကို တိုက်ကျွေးနေခဲ့ကြသည်။
ကြည်လင်လှသော မျက်ဝန်းစုံနှင့် လှပသော သွားလေးများဖြင့်... ချိုသာစွာ ပြုံးရယ်နေခဲ့ကြသဖြင့်... ထိုလူငယ်အပေါ်တွင် အလွန်ပင် စိတ်ညွတ်နူးနေခဲ့ကြကြောင်း ထင်ရှားပေသည်။
ဤလူငယ်၏ အမူအရာမှာ သာမန်လူနှင့်မတူဘဲ... ကိုယ်ပေါ်တွင် မြင့်မြတ်လှသော ဂုဏ်သရေရှိ အော်ရာစွမ်းအင်များ ပြည့်နှက်နေခဲ့သဖြင့်... အချို့သော မင်းစိုးရာဇာများနှင့် မင်းညီမင်းသားများပင်လျှင်... သူ၏အရှေ့မှောက်တွင် အရောင်အဝါ မှိန်ဖျော့သွားရမည် ဖြစ်သည်။
ယခုအချိန်တွင် သူသည် အလွန်ပင် ရိုးရှင်းလှသော အဝတ်အစားများကိုသာ ဆင်မြန်းထားသော်လည်း... ရွှံ့နွံထဲသို့ ကျရောက်သွားခဲ့သော တော်ဝင်မျိုးနွယ်စုဝင် တစ်ဦးအလား... ထူးခြားလှပေသည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် လင်ဖုန်းရွှမ် ၏ တံခါးဝရှေ့သို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။
သူမသည် အတွင်းမှ ထွက်ပေါ်နေသော မိန်းမလှလေးများ၏ ချိုသာလှသည့် အသံများကို ကြားရလျှင်... နှုတ်ခမ်းစွန်းကို အသာအယာ ကွေးညွတ်လျက် ပြုံးလိုက်မိသည်။
သို့သော်လည်း ထိုအချိန်တွင်... ဘေးနားရှိ မျောက်လေးတစ်ကောင်မှာ ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး... သူမအား ကြည့်လျက် သွားများကို ဖြဲပြကာ မာန်ဖီလိုက်တော့သည်။
"ချီ ချီ ချီ"
ဤမျောက်လေးသည် အထက်အောက် ဆုန်ချည်ခုန်ချည် လုပ်ဆောင်နေခဲ့ပြီး... အနီရောင်ဝတ်စုံဝတ် အမျိုးသမီးအား ဒေါသတကြီး စိုက်ကြည့်လျက်... လက်နှစ်ဖက်ကို မြေပြင်ပေါ်သို့ ချထားကာ မိမိ၏ ဒေါသကို ပြသနေခဲ့သည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက အသာအယာ ပြုံးလိုက်သည်။
"မျက်စိမရှိတဲ့ တိရစ္ဆာန်လေး... နောက်တစ်ဖန် ပြန်လည်မွေးဖွားလာရတာက မင်းရဲ့ ကံကောင်းခြင်းပဲ ဖြစ်တယ်... ကိုယ့်ကိုယ်ကိုယ် သေကြောင်း မကြံစမ်းနဲ့"
ဤမျောက်ငယ်လေးသည် ထိုစကားကို ကြားလျှင် ချက်ချင်းပင် ဒေါသပြင်းထန်သွားခဲ့ရပြီး... အမျိုးသမီးထံသို့ ခုန်အုပ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် -
အခန်းအတွင်းမှ ကြည်လင်ပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ရပ်လိုက်စမ်း"
မျောက်ငယ်လေးသည် ဒေါသတကြီးဖြင့်ပင် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ရသော်လည်း... မျက်ဝန်းစုံဖြင့်မူ ထိုအနီရောင်ဝတ်စုံဝတ် အမျိုးသမီးအား စိုက်ကြည့်နေဆဲ ဖြစ်သည်။
အခန်းတံခါးမှာ ပွင့်ဟလာခြင်း မရှိသော်လည်း... မျက်နှာပြင် ဖြူစင်ချောမွေ့လှသော လူငယ်တစ်ဦးသည် ပြင်ပသို့ လမ်းလျှောက်ထွက်လာခဲ့သည်။
သူ့ပုံသဏ္ဌာန်မှာ... အခန်းတွင်းရှိ မိန်းမလှလေးများကို ဘယ်ညာပွေ့ပိုက်လျက်... ပျော်ပါးနေသော လီသခင်လေးနှင့် ထပ်တူထပ်မျှ တူညီလွန်းလှသည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက တည်ငြိမ်စွာပင် ဆိုလိုက်သည်။
"မင်းရဲ့ ဝိညာဉ်ခန္ဓာကိုယ် ကို ထုတ်ဖော်ပြီး... ငါ့ကို လာတွေ့ရဲတယ်ပေါ့... မင်းက တကယ်ပဲ မကြောက်ဘူးလား"
မျက်နှာပြင် ဖြူစင်ချောမွေ့လှသော ဤလူငယ်က ပြုံးလျက် -
"မိန်းကလေးက... ဝေးကွာတဲ့ နေရာကနေ ရောက်ရှိလာတာ ဖြစ်လို့... ကျွန်တော်က ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရမှာ ဖြစ်ပေမဲ့... အခန်းတွင်းမှာ မိန်းမလှလေးတွေကို ထိတ်လန့်သွားမှာ စိုးရိမ်လို့ပါ၊ သူတို့အားလုံးက သာမန်လူသားတွေ ဖြစ်ကြလို့... မိန်းကလေးအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက တည်ငြိမ်စွာပင် ဆိုလိုက်သည်။
"ကိုင်ယွန်းနတ်သမီး မှာ... တကယ့်ကို ကောင်းမွန်တဲ့ တပည့်တစ်ယောက် ရှိတာပဲ"
လူငယ်က မေးမြန်းလိုက်သည်
"မိန်းကလေးက... ဒီကို ရောက်လာတာ ကျန်မုန့်အပင် အတွက်လား"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက အေးစက်စွာဖြင့် -
"မှန်တယ်" ဟု ဆိုလိုက်သည်။
လူငယ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ... မျက်နှာပြင်ထက်တွင် မချိပြုံးတစ်ချက် ပေါ်ထွက်လာခဲ့သည်။
"အဲဒီအရာက... ကျွန်တော့်ရဲ့ လက်ထဲမှာ တကယ်မရှိပါဘူး"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက မျက်ခုံးကို ပင့်လိုက်ကာ -
"ဒီစကားကို... မင်းကိုယ်တိုင်ရော ယုံရဲ့လား"
လူငယ်က သက်ပြင်းတစ်ချက် အသာချလိုက်ကာ -
"မိန်းကလေးက မယုံကြည်ဘူးဆိုရင်လည်း... ကျွန်တော့်မှာ အခြားဖြေရှင်းနည်းလမ်း မရှိတော့ပါဘူး... တိုက်ပွဲတစ်ပွဲ ဆင်နွှဲရုံပဲ ရှိတာပေါ့"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက -
"မင်းက တကယ့်ကို ရိုးသားဖြောင့်မတ်တာပဲ" ဟု ဆိုလိုက်သည်။
လူငယ်က တိုးညှင်းစွာ ဆိုလိုက်သည် -
"မတတ်နိုင်ဘူးလေ... ကံကောင်းထောက်မစွာနဲ့ ပြန်လည်အသက်ရှင်လာရတာ ဖြစ်လို့... မိမိရဲ့ အသက်ကို ပိုပြီးတော့ တန်ဖိုးထားမိတာပေါ့၊ ဒါပေမဲ့ ကံကြမ္မာ အကျိုးဆက်အချို့ကတော့... ငါ့ဆီကို အမြဲတမ်း လာပြီး ရှာဖွေနေဆဲပဲ"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက ရုတ်တရက် ပြုံးရွှင်စွာ ရယ်မောလိုက်သည်။
" 'ဂျန်မု' ကို ငါ မယူတော့ဘူး... ဒါပေမဲ့ ဝိညာဥ်ခြောက်ပါးအလံ ရဲ့ ယုံကြည်မှုသက်သေ ပစ္စည်းကိုတော့ မင်း ငါ့ကို ပေးရမယ်... ဒါဆိုရင် ငါ ချက်ချင်း ထွက်သွားမယ်"
လူငယ်က သူမအား တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီးနောက်... ရုတ်တရက် ဆိုလိုက်သည်။
"ထင်မှတ်မထားဘဲ... မိန်းကလေးက ဒီအရာအတွက် ရောက်လာတာ ဖြစ်နေတာပဲ"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက -
"ဘယ်လိုလဲ...အလံရဲ့ ယုံကြည်မှုသက်သေကို ငါ့လက်ထဲ အပ်နှံလိုက်ရင်... ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်"
လူငယ်က ပြုံးလျက် -
"ဒီလို ကောင်းမွန်တဲ့ ကိစ္စရှိတာကို... မိန်းကလေးက စောစောက မပြောဘူး"
သူသည် လက်ကို လေထုထဲသို့ အသာအယာ ဆန့်ထုတ်လိုက်ရာ... အနက်ရောင် အရောင်အဝါစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး... သူ၏ လက်ဝါးပြင်ထက်တွင် ရစ်ပတ်နှောင်ဖွဲ့နေခဲ့သည်။
၎င်းမှာ ဤအမျိုးသမီး၏ လက်ထဲရှိ အရာနှင့် ထပ်တူထပ်မျှ တူညီလွန်းလှပြီး... ၎င်းအတွင်း၌လည်း အလံတော်တစ်ခု ရှိနေကာ... ဆန်းပြားလှသော အော်ရာစွမ်းအင်များ ပြည့်နှက်နေခဲ့သည်။
သူသည် ထိုအနက်ရောင် အော်ရာစွမ်းအင်ကို အနီရောင်ဝတ်စုံဝတ် အမျိုးသမီးထံသို့ တိုက်ရိုက်ပင် အပ်နှံလိုက်တော့သည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ခေတ္တမျှ မှင်တက်သွားပြီးနောက်... ထိုအနက်ရောင် စွမ်းအင်ကို သိမ်းဆည်းလိုက်ကာ... သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ရာ... ၎င်းမှာ တကယ့်ကို အလံ ၏ ယုံကြည်မှုသက်သေ ပစ္စည်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"ကိုင်ယွန်းနတ်သမီးက... မင်းလို တပည့်မျိုးကို လက်ခံခဲ့တာပဲ"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်ဝန်းစုံအတွင်း၌... ဆန်းပြားလှသော အရောင်အဝါများ ထင်ဟပ်သွားခဲ့သည်။
လူငယ်က မျက်လုံးကို တစ်ချက်ပင့်လိုက်ကာ -
"ဖြုန်းတီးတတ်တဲ့ သားရဲ ဒါမှမဟုတ် အမွေဖျက်သား လား"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက -
"ငါကတော့ အဲဒီလို မပြောပါဘူး... ဒါပေမဲ့ မင်းရဲ့ ပုံစံကတော့... တကယ့်ကို ဖြုန်းတီးတတ်တဲ့ အမွေဖျက်သားတစ်ယောက်နဲ့ တူနေတာတော့ အမှန်ပဲ"
လူငယ်က ဂရုမစိုက်ဟန်ဖြင့် ပုခုံးကို တွန့်လိုက်သည်
"ဖြုန်းတီးတတ်တဲ့ သားရဲ ဖြစ်ဖြစ်... အမွေဖျက်သား ဖြစ်ဖြစ်ပေါ့... ဒီလောကထဲမှာ မွန်မြတ်လှတဲ့ ဝိုင်တွေနဲ့ မိန်းမလှလေးတွေထက်... ပိုပြီးတော့ တန်ဖိုးထားစရာ ကောင်းတဲ့အရာ ဘာရှိဦးမှာလဲ"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သူ့အား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီးနောက်... လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် လူငယ်က ချက်ချင်းပင် မေးမြန်းလိုက်သည်။
"ဒါနဲ့... မိန်းကလေးရဲ့ နာမည်ကို... ကျွန်တော် ဘယ်လို ခေါ်ရမလဲ မသိဘူး"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး... လှည့်ကြည့်လိုက်ရာ... သူမ၏ မျက်ဝန်းစုံအတွင်း၌ အနည်းငယ်မျှ ရက်စက်လှသော အော်ရာစွမ်းအင်များ ထင်ဟပ်နေခဲ့ကာ... ခဏမျှ ကြာပြီးမှသာ တိုးညှင်းစွာ ဆိုလိုက်သည်။
"ဒူဟုန်ရင်"
လူငယ်က လက်နှစ်ဖက်ပူးယှက်လျက် နှုတ်ဆက်လိုက်ကာ -
"ထင်မှတ်မထားဘဲ ဟုန်ရင်နတ်သမီး ဖြစ်နေတာပဲ..ဒါကြောင့်မို့လို့ ဒီလောက်တောင် ကျက်သရေရှိပြီး တောက်ပနေတာကိုး... နတ်သမီး ဘေးအန္တရာယ်ကနေ လွတ်မြောက်လာနိုင်ခဲ့တဲ့အတွက်... ဂုဏ်ယူဝမ်းမြောက်ပါတယ်"
ဒူဟုန်ရင်၏ မျက်ဝန်းစုံအတွင်း၌ စူးစမ်းလိုစိတ်အချို့ ထွက်ပေါ်လာခဲ့ပြီး... မျက်နှာပြင် ဖြူစင်ချောမွေ့လှသော ဤသခင်လေး အား အထက်အောက် ထပ်မံ၍ စိုက်ကြည့်လိုက်သည်။
"ငါ မှတ်မိတာ မမှားဘူးဆိုရင်... မင်းရဲ့ နာမည်က လီရွှန် ဟုတ်တယ်မလား"
လူငယ်က ခေါင်းညိတ်ပြလျက် -
"မှန်ပါတယ်... ဟုန်ရင်နတ်သမီးက ကျွန်တော့်ရဲ့ နာမည်ကို သိရှိနေတဲ့အတွက်... တကယ့်ကို အားနာမိပါတယ်"
ဒူဟုန်ရင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...
တည်ငြိမ်စွာဖြင့် -
"မင်းရဲ့ ဆရာကော" ဟု မေးမြန်းလိုက်သည်။
လူငယ်က ခေါင်းကို ခါယမ်းလိုက်ကာ -
"အတိတ်က ရေစက်တွေ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လို့... ဆရာ့ရဲ့ သတင်းအစအနကို... ကျွန်တော်လည်း မသိရှိတော့ပါဘူး"
ဒူဟုန်ရင်သည် မိမိ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထိုအချိန်တွင် လူငယ်က ထပ်မံ၍ ဆိုလိုက်သည်
" 'ထျန်းကျူးနယ်မြေ က... မကြာမီ ရက်ပိုင်းအတွင်းမှာ ပွင့်တော့မှာ ... ကြွင်းကျန်ရစ်တဲ့ အလံရဲ့ ယုံကြည်မှုသက်သေ ပစ္စည်းတွေကလည်း...အတွင်းမှာ ရှိနေလိမ့်မယ်၊ တကယ်လို့ နတ်သမီးအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်... သွားရောက်ကြည့်ရှုနိုင်ပါတယ်"
ဒူဟုန်ရင်သည် လှည့်ထွက်သွားရန် ကြံရွယ်လိုက်စဉ်... ထိုစကားကို ကြားလျှင် ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်ရပြီး... သူ့အား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လျက် -
"မင်း ဒါကို ဘယ်လိုလုပ် သိတာလဲ"
လူငယ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် ပြုံးလိုက်သည်။
"ကျွန်တော်လည်း သူတစ်ပါးပြောစကားကို ကြားသိခဲ့ရုံပါ... နတ်သမီးအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် သွားရောက်ကြည့်ရှုနိုင်ပြီး... နေရာကတော့ ဝူထိုင်ရှန်း မှာ ပါ"
ဒူဟုန်ရင်သည် ထိုစကားကို ကြားလျှင် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရပြီး... မည်သည့်စကားမျှ ပြန်လည်ပြောကြားခြင်း မရှိဘဲ... တိုက်ရိုက်ပင် လှည့်ထွက်သွားခဲ့တော့သည်။
သူမ ထွက်ခွာသွားခဲ့ပြီးနောက်တွင်မူ... မျောက်ငယ်လေးသည် မျက်နှာပြင် ဖြူစင်ချောမွေ့လှသော လူငယ်၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး -
"သခင်ကြီး... ဝိညာဥ်ခြောက်ပါးအလံ ရဲ့ ယုံကြည်မှုသက်သေ ပစ္စည်းကို... ဒီအတိုင်းပဲ သူမရဲ့ လက်ထဲကို အပ်နှံလိုက်တာလား... ဒီအမျိုးသမီးရဲ့ အော်ရာစွမ်းအင်တွေ ပြန်လည်နိုးထခြင်း မရှိသေးတဲ့ အချိန်မှာ... အခွင့်ကောင်းယူပြီး ဖမ်းဆီးပစ်လို့ ရတာပဲကို"
ဤလူငယ်မှာမူ... မဟာရှနိုင်ငံတော်၏ ကျန့်နန်မြို့စားမင်းကြီး လီရွှန် ပင် ဖြစ်ပေသည်။
သူသည် ထိုစကားကို ကြားလျှင် အသာအယာ ပြုံးလိုက်ကာ... မိမိ၏ ဘေးနားရှိ မျောက်ငယ်လေးအား စိုက်ကြည့်လျက် -
"အဲဒီလူတွေကိုပဲ... သေကျေပျက်စီးအောင် တိုက်ခိုက်ခိုင်းလိုက်ပါ... ငါက ကံကောင်းထောက်မစွာနဲ့ ပြန်လည်အသက်ရှင်လာရတာ ဖြစ်လို့... သူတစ်ပါးနဲ့ အော်ဟစ်သတ်ဖြတ်ခြင်းတွေကို မလုပ်ချင်တော့ဘူး"
ဤမျောက်ငယ်လေးမှာ... မူလက ဂူဗိမာန်သင်္ချိုင်းအတွင်းရှိ မျောက်အိုကြီး ဖြစ်ပြီး... ခန္ဓာကိုယ် အရိုးအဆစ်များ လဲလှယ်လျက်... နောက်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သဖြင့်၊ ယခုအချိန်တွင် သူ၏ မိစ္ဆာခန္ဓာကိုယ်မှာ ရှေးယခင်ကထက် များစွာ သာလွန်လှပေသည်။
သူသည် ထိုစကားကို ကြားလျှင် ချက်ချင်းပင် ဆိုလိုက်သည်။
"ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်... တကယ်လို့ အတိတ်က ကံကြမ္မာ ရေစက်ရှိခဲ့တဲ့ လူတွေက... တစ်ယောက်ပြီးတစ်ယောက် တံခါးဝအထိ လာရောက်ရှာဖွေကြမယ်ဆိုရင်... ငါတို့မှာ ဘယ်လောက်ပဲ ပိုင်ဆိုင်မှုတွေ ရှိနေပါစေ... လုံလောက်မှာ မဟုတ်ဘူး"
လီရွှန်က ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ကာ -
"အဆိုးဆုံးဖြစ်လာရင်... ထွက်ပြေးရုံပေါ့... တတ်နိုင်သမျှတော့ လက်မပါဘဲ နေတာက အကောင်းဆုံးပဲ"
လီရွှန်သည် အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်လိုက်စဉ်... တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ကာ -
"မင်းရဲ့ ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်း အော်ရာစွမ်းအင်တွေက အလွန် ပြင်းထန်လွန်းတယ်... နောက်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့တာတောင် ကွယ်ပျောက်သွားခြင်း မရှိသေးဘူး၊ မနက်ဖြန်ကျရင် ငါ မင်းကို အော် မေတောင် ဆီကို ခေါ်ဆောင်သွားပြီး... ဟိုအရှင်သခင်ကြီး ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေကို သွားရောက်ရှာဖွေကြရအောင်"
မျောက်ငယ်လေးသည် ခေတ္တမျှ မှင်တက်သွားပြီးနောက်
"သခင်ကြီး ရဲ့ အမိန့်တော်အတိုင်း နာခံပါ့မယ်" ဟု ဆိုလိုက်သည်။
လီရွှန်က အသာအယာ ပြုံးလိုက်ကာ... အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး... ရင်ခွင်အတွင်း၌ မိန်းမလှလေးများကို ပွေ့ပိုက်ထားသော လူငယ်ခန္ဓာကိုယ်နှင့် လုံးဝဥဿုံ တစ်သားတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားခဲ့တော့သည်။
၎င်းမှာ... သူ၏ ဝိညာဉ်ခန္ဓာကိုယ် တစ်ခုသာ ပြင်ပသို့ ထွက်ပေါ်သွားခဲ့ခြင်း ဖြစ်ပေသည်။
စောစောပိုင်းက သူနှင့် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတို့၏ ပြင်ပရှိ စကားပြောဆိုမှုများကို... အခန်းတွင်းရှိ မိန်းမလှလေးသုံးဦးမှာ မည်သည့်အသံမျှ ကြားသိခဲ့ရခြင်း မရှိချေ၊ အခန်းတစ်ခုလုံးမှာ ကန့်သတ်ချက်များဖြင့် ပိတ်ဆို့ထားခြင်း ခံထားရသည့်အလား ဖြစ်နေခဲ့သည်။
လီရွှန်၏ မျက်နှာအမူအရာမှာ ထပ်မံ၍ ကာမဂုဏ်လိုက်စားသော ပုံစံသို့ ပြောင်းလဲသွားခဲ့ပြီး... လက်ညှိုးဖြင့် အသာအယာ လှုပ်ခတ်လိုက်ရာ -
ဒန်းလွှဲကစားနေသော မိန်းမလှလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ပိုးသားဝတ်ရုံမှာ... လေပြင်းတစ်ခု တိုက်ခတ်သွားသည့်အလား ချက်ချင်းပင် ကွာကျလျက် မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့တော့သည်။
ထိုမိန်းမလှလေးမှာ တိုးညှင်းစွာ ညည်းတွားလိုက်မိပြီး... မျက်နှာပြင်တစ်ခုလုံး နီမြန်းသွားခဲ့ရရှာသည်။
ပေ့ဖုန်းနယ်မြေတွင် ကျော်ကြားလှသော ဤအဆင့်မြင့် မိန်းမလှလေးမှာ... ယခုအချိန်တွင် အနည်းငယ်မျှ ရှက်သွေးဖြာနေခဲ့ရပြီး... လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ဖုံးကွယ်လျက်၊ ချစ်စနိုး အမူအရာဖြင့် -
မျက်နှာပြင် ဖြူစင်ချောမွေ့လှသော လူငယ်အား စိုက်ကြည့်ကာ -
"သခင်လေး... ရှင်က ကျွန်မကို ထပ်ပြီးတော့ ကျီစယ်ပြန်ပြီ"
..................
ဝူထိုင်ရှန်း
ကြီးမားလှသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အရှေ့မှောက်တွင်... သက်ကြီးဝါကြီး ဘုန်းတော်ကြီးတစ်ပါးသည် တင်ပလ္လင်ခွေလျက် ဆိတ်ငြိမ်စွာ ထိုင်နေခဲ့သည်။
ဤဘုန်းတော်ကြီး၏ ခန္ဓာကိုယ်မှာ အလွန်ပင် ထွားကျိုင်းတောင့်တင်းလှပြီး... ထိုနေရာ၌ ထိုင်နေရုံမျှဖြင့်ပင် သာမန်လူများထက် ခေါင်းတစ်ဝက်ခန့် ပိုမို၍ မြင့်မားနေခဲ့သည်။
လက်နှစ်ဖက်ကို ပူးယှက်လျက်... ခန္ဓာကိုယ်ပေါ်တွင် စိပ်ပုတီးတစ်ကုံးကို ဆင်မြန်းထားကာ... အရှေ့မှောက်တွင် ကြီးမားလှသော သစ်သားငါးရုပ် တစ်ခု ရှိနေခဲ့ပြီး -
ယခုအချိန်တွင် ပါးစပ်မှလည်း ဗုဒ္ဓကျမ်းစာများကို တတွတ်တွတ် ရွတ်ဖတ်ပူဇော်နေခဲ့သည်။
ဝူထိုင်ရှန်း၏ ဖာမင်းဘုန်းတော်ကြီး မှာ... နှစ်ပေါင်းများစွာ ဤနေရာ၌ မီးဆီမီးခွက်များကို ထွန်းညှိလျက် ဗုဒ္ဓမြတ်စွာအား ပူဇော်နေခဲ့ခြင်း ဖြစ်ပြီး... လောကီကိစ္စရပ်များကို မည်သို့မျှ စပ်စုမေးမြန်းခြင်း မရှိချေ။
ဤမဟာအဆောက်အအုံအတွင်း၌မူ... ဗုဒ္ဓဂိုဏ်း၏ အစွမ်းထက်လှသော အစီအရင်များစွာ ရှိနေခဲ့သဖြင့်... ဖာမင်းဘုန်းတော်ကြီး၏ သက်တမ်းကို ဆွဲဆန့်ပေးထားနိုင်ကာ၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကိုလည်း ပိတ်ဆို့ထားနိုင်စွမ်း ရှိပေသည်။
ရုတ်တရက်... ဖာမင်းဘုန်းတော်ကြီးသည် ကျမ်းစာများကို ရွတ်ဖတ်ပူဇော်နေစဉ်မှာပင်... သူ၏ လည်ပင်းထက်ရှိ စိပ်ပုတီးကြိုးမှာ ရုတ်တရက် ပြတ်တောက်သွားခဲ့ရပြီး... ပုတီးစေ့များမှာ မြေပြင်ပေါ်သို့ တဖြဖြ ကြွေကျသွားခဲ့တော့သည်။
ဤဗုဒ္ဓဂိုဏ်း၏ အထွတ်အထိပ် ဘုန်းတော်ကြီးသည် မျက်ဝန်းစုံကို ဖွင့်လှစ်လိုက်ရာ... မျက်ဝန်းစုံအတွင်းမှ ရွှေရောင်အလင်းတန်းများ တဟုန်ထိုး ထွက်ပေါ်လာခဲ့တော့သည်။
သူသည် မိမိ၏ တန်ခိုးပညာရပ်များကို ထုတ်ဖော်လိုက်ရာ... မကြာမီမှာပင် ဝူထိုင်ရှန်းတစ်ခုလုံးရှိ အခြေအနေများကို အာရုံခံမိသွားခဲ့သည်။
မျက်ဝန်းကို ပြန်လည်ရုပ်သိမ်းလိုက်ကာ... သက်ပြင်းတစ်ချက်ကို အသာချလိုက်တော့သည်။
"ကြီးမားတဲ့ ဘေးဒုက္ခကြီးပါလား"
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး... ချက်ချင်းပင် မိမိ၏ တန်ခိုးစွမ်းအားဖြင့် ဝူထိုင်ရှန်း၏ ကျောင်းထိုင်ဆရာတော်ထံသို့ အသံလှိုင်း ပေးပို့လိုက်သည်။
"ကျိယွန်း ... ဝူထိုင်ရှန်းအတွင်း ဘုရားကျောင်းအသီးသီးထံကို အမိန့်တော် ပေးပို့လိုက်စမ်း၊ တပည့်များအားလုံးကို တောင်အောက်သို့ ဆင်းခွင့် လုံးဝပိတ်ပင်ထားပြီး... ကာကွယ်ရေး အစီအရင် ကို ချက်ချင်း ဖွင့်လှစ်လိုက်ပါ"
ယခုအချိန်တွင်... ကျမ်းစာများကို ရွတ်ဖတ်ပူဇော်နေသော ဝူထိုင်ရှန်း၏ ကျောင်းထိုင်ဆရာတော် ကျိယွန်းဆရာတော်ကြီး မှာ... ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ရပြီး၊ လက်နှစ်ဖက်ကို ပူးယှက်လျက် -
"အမိန့်တော်အတိုင်း နာခံပါ့မယ်"
မဟာအဆောက်အအုံအတွင်း၌... အမြဲတမ်း ဆိတ်ငြိမ်စွာဖြင့် ဗုဒ္ဓအား ပူဇော်နေခဲ့သော ဖာမင်းဘုန်းတော်ကြီးသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
"ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေက... ဝူထိုင်ရှန်းမှာ ပွင့်ပေါ်လာမှာပဲ... ဝူထိုင်ရှန်းအတွင်း ဗုဒ္ဓဂိုဏ်းတပည့်တွေကို... ဒီလို အရှုပ်အရှင်း ကိစ္စရပ်တွေထဲမှာ လုံးဝ မပါဝင်စေရဘူး"
သူသည် ငယ်စဉ်ကတည်းကပင် ဝူထိုင်ရှန်း၌ ကျင့်ကြံခဲ့ခြင်း ဖြစ်ပြီး... မူလက မီးဖိုဆောင်တွင် ထင်းခုတ်ရသော ကိုရင်လေးတစ်ပါး မျှသာ ဖြစ်သဖြင့်... မည်သူကမျှ မသိရှိကြချေ။
နောက်ပိုင်းတွင် ကျမ်းစာများကို ရွတ်ဖတ်ပူဇော်စဉ်... ခန္ဓာကိုယ်ပေါ်မှ ဉာဏ်ပညာအလင်းတန်းများ ထွက်ပေါ်လာခဲ့သဖြင့်... အဆင့်မြင့် ဘုန်းတော်ကြီးတစ်ပါး၏ သဘောကျခြင်းကို ခံခဲ့ရကာ၊ တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရပြီးနောက်... ဗုဒ္ဓတရားတော်များကို သင်ကြားခွင့် ရရှိခဲ့ရာမှ... ယခုအချိန်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရှေးယခင်က အဆင့်မြင့် ဘုန်းတော်ကြီးများမှာ... တစ်ပါးပြီးတစ်ပါး သက်တမ်းကုန်ဆုံးလျက် ပျံလွန်တော်မူခဲ့ကြသည်။
ထိုထင်းခုတ်ခဲ့ရသော ကိုရင်လေးတစ်ပါးသာလျှင်... ယခုအချိန်အထိ သက်တမ်းရှည်လျားစွာဖြင့် အသက်ရှင်ကျန်ရစ်နေခဲ့ခြင်း ဖြစ်ပေသည်။
"အမိန့်တော်... အာမိတောဖော... ငါကိုယ်တော်ကလည်း လောကီစိတ်တွေ လှုပ်ခတ်မိသွားခဲ့ပြီပဲ၊ ဘေးဒုက္ခကြီးက ပေါ်ပေါက်တော့မှာ ဖြစ်လို့... ဒီတစ်ကြိမ် စမ်းသပ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါ့မလား မသိဘူး"
ဖာမင်းဘုန်းတော်ကြီးသည် ထပ်မံ၍ တင်ပလ္လင်ခွေ ထိုင်လိုက်ပြန်ရာ... မြေပြင်ပေါ်ရှိ စိပ်ပုတီးစေ့များမှာ လေထုထဲသို့ ဖျတ်ခနဲ ဝဲပျံတက်လာခဲ့ကြပြီး... ဖြည်းညှင်းစွာ စုစည်းဖြစ်တည်လျက် သူ၏ လည်ပင်းထက်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။
သို့သော်လည်း မူလက ပြတ်တောက်သွားခဲ့သော ပုတီးကြိုးမှာမူ... ပြန်လည်ဆက်စပ်သွားခြင်း မရှိဘဲ... ရွှေရောင်အလင်းတန်း တစ်စင်းကသာ ထိုစိပ်ပုတီးစေ့များကို သီတန်းနှောင်ဖွဲ့ပေးထားခဲ့ခြင်း ဖြစ်ပေသည်။
..................
အမြဲတမ်း ကျင့်ကြံခြင်း၏ သန့်စင်သော နယ်မြေအဖြစ် တည်ရှိခဲ့သော ဝူထိုင်ရှန်းသည်... ရုတ်တရက် တောင်တံခါးကို ပိတ်ဆို့လိုက်တော့သည်။
ဘုရားဖူးခရီးသည်များမှာ တောင်ပေါ်သို့ တက်လှမ်းခွင့် မရှိတော့သကဲ့သို့... ဂိုဏ်းအတွင်းရှိ တပည့်များမှာလည်း တောင်အောက်သို့ ဆင်းလျက် လှုပ်ရှားသွားလာခွင့် မရှိတော့ချေ။
ထိုအချက်ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်းဂိုဏ်းအသီးသီးမှာ... ကြီးစွာ တုန်လှုပ်သွားခဲ့ကြရပြီး... ရင်းနှီးကျွမ်းဝင်လှသော ဂိုဏ်းများကလည်း စာပေများ ပေးပို့ခြင်း သို့မဟုတ် လူလွှတ်၍ စုံစမ်းစစ်ဆေးခြင်းများကို လုပ်ဆောင်လာကြသည်။
ဝူထိုင်ရှန်းဘက်မှ ပေးအပ်လာသော အဖြေစကားမှာမူ... အလွန်ပင် ရိုးရှင်းလှပေသည်။
"လောကအလယ်မှာ ဘေးဒုက္ခကြီး ပေါ်ပေါက်တော့မှာ ဖြစ်လို့... ဗုဒ္ဓဂိုဏ်းတပည့်များ အနေနဲ့ အရှုပ်အရှင်း ကိစ္စရပ်တွေထဲမှာ မပါဝင်လိုကြတဲ့အတွက်... တောင်တံခါးကို အပြီးတိုင် ပိတ်ဆို့လိုက်ရခြင်း ဖြစ်ပါတယ်"
ဒေသခံ ကျင့်ကြံခြင်း အင်အားစုများ၊ နာမည်ကျော် ဂိုဏ်းကြီးများနှင့်... တရားရေးရုံးတော် ၏ ရုံးခွဲများမှာလည်း... အလွန်ပင် အံ့အားသင့်သွားကြရသည်။
ဝူထိုင်ရှန်းက တောင်တံခါးကို ပိတ်ဆို့လိုက်ချိန်တွင်... ဗုဒ္ဓဂိုဏ်းတပည့်တစ်ဦးသည် စာတစ်စောင်ကို ကိုင်စွဲလျက်... တရားရံုး၏ ရုံးခွဲဆီသို့ ရောက်ရှိလာခဲ့သည်။
ယခုအချိန်တွင် တရားရုံး ၌ လူအင်အား အမြောက်အမြား ရှိနေခဲ့ပြီ ဖြစ်သဖြင့်... အော်ရာစွမ်းအားမှာလည်း အလွန်ပင် ကြီးမားလှပေသည်။
မိမိကိုယ်တိုင်ကပင် အစိုးရမင်းများ၏ နောက်ခံအင်အားကို ရရှိထားခြင်း ဖြစ်ပြီး... ယခုအခါတွင်လည်း ကြီးကျယ်လှသော မျိုးရိုးကြီးစုများနှင့် ဂိုဏ်းအသီးသီး၏ စွမ်းအားများကို စုစည်းထားသဖြင့်... ၎င်းအတွင်း၌ ထိပ်သီးပညာရှင် အမြောက်အမြား ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
ဒေသခံ တရားရုံးခွဲ၏ တာဝန်ခံမှာ... အသက်သုံးဆယ်ကျော် အရွယ်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး... သူသည် လွတ်လပ်သော ကျင့်ကြံသူ တစ်ဦး ဖြစ်ကာ၊ ဆက်ခံထားသော ပညာရပ်မှာလည်း တာအိုဂိုဏ်း၏ လမ်းစဉ် ဖြစ်ပေသည်။
သူ၏ ဂိုဏ်းလမ်းစဉ်မှာ ဆေးလုံးသွန်းလုပ်ခြင်းကို မကျင့်ကြံဘဲ... အစီအရင်စာရွက် ပညာရပ်များကိုသာ သီးသန့်ကျင့်ကြံခြင်း ဖြစ်သည်။
ဤလွတ်လပ်သော ကျင့်ကြံသူ၏ အမည်မှာ လျူချီ ဟု ခေါ်တွင်ပြီး... ကြားရသည်မှာ အလွန်ပင် သာမန်ဆန်လှကာ၊ ကျင့်ကြံသူတစ်ဦး၏ ဆန်းပြားလှသော အငွေ့အသက်များ မရှိချေ။
သို့သော်လည်း သူ ရုံးခွဲ၏ အာဏာစက်ကို လက်ခံရယူခဲ့ပြီးနောက်တွင်မူ... ပတ်ဝန်းကျင်ရှိ မိစ္ဆာကောင်များမှာ လျင်မြန်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး... မိစ္ဆာဂိုဏ်းအမြောက်အမြားလည်း လျင်မြန်စွာ နှိမ်နင်းခြင်း ခံလိုက်ရသည်။
နယ်မြေတစ်ခုလုံး၏ လုံခြုံရေးမှာ... ချက်ချင်းပင် အေးချမ်းသာယာသွားခဲ့ရသည်။
ဝူထိုင်ရှန်းမှ သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးသည် စာကို ကိုင်စွဲလျက်... တရားရုံးခွဲသို့ ရောက်ရှိလာခဲ့ချိန်တွင် -
လျူချီသည် စာကို လက်ခံရယူကာ ဖတ်ရှုလိုက်ပြီးနောက်... ချက်ချင်းပင် မျက်နှာပြင်တစ်ခုလုံး ကြီးစွာ ပြောင်းလဲသွားခဲ့ရသည်။
"ဆရာတော်... ကျိယွန်း ကျောင်းထိုင်ဆရာတော်ကြီးကို... ဒီကိစ္စကို ကျွန်တော် လျူချီ သိရှိသွားပြီဖြစ်ကြောင်း... ပြန်လည်လျှောက်တင်ပေးပါဦး"
သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးက လက်နှစ်ဖက်ပူးယှက်လျက် -
"ကောင်းလှပါပြီ... ငါကိုယ်တော် ပြန်လည်ထွက်ခွာပါ့မယ်" ဟု ဆိုလိုက်သည်။
စကားဆုံးသည်နှင့် သူသည် လှည့်ထွက်သွားခဲ့တော့သည်။
ဤဘုန်းတော်ကြီး၏ တန်ခိုးပညာရပ်မှာ အလွန်ပင် မြင့်မားလှပြီး... ခြေလှမ်းတစ်ချက် လှမ်းလိုက်တိုင်းတွင် မီတာရာချီမျှ ကွာဝေးသွားခဲ့ရာ... ၎င်းမှာ ဗုဒ္ဓဂိုဏ်း၏ ထိပ်သီးတန်ခိုးပညာရပ် ဖြစ်ပြီး၊ သူသည် ကျိယွန်းဆရာတော်ကြီး၏ နောက်ဆုံးပိတ် တပည့်ရင်း ဖြစ်ပေသည်။
ယခုကဲ့သို့ ကောင်းကင်လမ်းစဉ် ပွင့်ပေါ်လာသော ခေတ်ကြီးတွင်... ပါရမီရှင်များ အပြိုင်အဆိုင် ထွက်ပေါ်လာခဲ့ကြရာ -
လူအများအပြားမှာ ကန့်သတ်ချက်များကို ဖောက်ခွဲလျက်... ကျင့်ကြံခြင်းအဆင့်မှာလည်း တဟုန်ထိုး မြင့်တက်နေခဲ့ကြသည်။
ဤသက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးမှာလည်း ၎င်းတို့အနက်မှ တစ်ဦး ဖြစ်ပြီး... နာရီဝက်အတွင်းမှာပင် ကျင့်ကြံခြင်းအဆင့် အမြောက်အမြားကို ဆက်တိုက်ဖောက်ထွက်နိုင်ခဲ့ကာ၊ ယခုအခါတွင်မူ ယင်ဝိညာဉ်အဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သဖြင့်... အလွန်မြင့်မားလှသော ပါရမီကို ပြသနေခဲ့ခြင်း ဖြစ်ပေသည်။
လျူချီသည် လက်ထဲရှိ စာကို စိုက်ကြည့်လိုက်ရာ... ၎င်းစာအိတ်အတွင်း၌မူ ဝူထိုင်ရှန်း၏ ပတ်ဝန်းကျင်တွင် ထျန်းကျူး နယ်မြေ ပွင့်ပေါ်တော့မည် ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ထို့ကြောင့် ဤကိစ္စကို အစိုးရမင်းများထံသို့ အမြန်ဆုံး အစီရင်ခံတင်ပြရန်နှင့်... ဝူထိုင်ရှန်းရှိ ဘုန်းတော်ကြီးများမှာမူ ဤကိစ္စရပ်တွင် ပါဝင်ပတ်သက်လိုခြင်း မရှိကြောင်း ရေးသားထားသည်။
လျူချီသည် ချက်ချင်းပင် အချက်ပြဆက်သွယ်ရေး ရတနာကို ထုတ်ယူလိုက်ကာ... ဤကိစ္စကို တရားရုံးတော် ၏ ဌာနချုပ်ဆီသို့ တိုက်ရိုက်ပင် အစီရင်ခံ တင်ပြလိုက်တော့သည်။
သူ၏ ရင်ထဲ၌လည်း စိတ်လှုပ်ရှားမှုအချို့ ဖြစ်ပေါ်လာခဲ့ရသော်လည်း... မကြာမီမှာပင် ၎င်းကို ပြန်လည်ဖိနှိပ်ချုပ်ချယ်လိုက်ပြီး -
"ဝူထိုင်ရှန်းတောင်မှ... တောင်တံခါးကို ပိတ်ဆို့လိုက်ပြီ ဖြစ်လို့၊ ဒီကိစ္စကို သွားရောက်ပြီး မပြိုင်ဆိုင်တာက အကောင်းဆုံးပဲ... အခွင့်အရေး အခွင့်အလမ်းတွေ ရှိနေနိုင်ပေမဲ့၊ အသက်ရှင်ကျန်ရစ်မှသာ... ရယူနိုင်မှာ"
၎င်းမှာ... တရားရုံးခွဲ၏ တာဝန်ခံ လျူချီ၏ သဘောထား ခံယူချက်ပင် ဖြစ်ပေသည်။
အခန်း (၁၀၃၀) ရှေးဟောင်းရတနာအာဏာစက်
ဝေချန်းမြို့...
ချင်းယီမယ်တော်ဘုရားကျောင်း ၏ အရှေ့မှောက်တွင်... မျက်နှာပွင့်လန်းဆန်းပြီး စမတ်ကျလှသော လူငယ်မြို့တော်ဝန် တစ်ဦးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ကာ၊ မျက်ဝန်းအစုံအတွင်း၌ စူးစမ်းလိုစိတ်အချို့ ထွက်ပေါ်လျက် ရှိနေခဲ့သည်။
သူ့ဘေးနားရှိ လက်အောက်ငယ်သားလေးတစ်ဦးက ချက်ချင်းပင် -
" ကျိန်ဖမ်းဆီးရေးမှူး... ဘာဖြစ်လို့လဲခင်ဗျာ" ဟု မေးမြန်းလိုက်သည်။
ကျိန့်ဟွမ်သည် ချင်ယီမယ်တော်ဘုရားကျောင်းကို စိုက်ကြည့်လျက် စိတ်ကူးယဉ်နေရာမှ... ထိုငယ်သားလေး၏ စကားကြောင့် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... သွားကြစို့၊ လမ်းမတွေကို ဆက်ပြီး ကင်းလှည့်ရအောင်"
ထိုငယ်သားလေးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသော်လည်း... ကျိန့်ဖမ်းဆီးရေးမှူးမှာ စွမ်းပကား ကြီးမားလှသူ ဖြစ်သည့်အပြင်၊ ၎င်းတို့အား ခန္ဓာကိုယ် သန်မာထွားကျိုင်းစေရန်နှင့် သိုင်းလောက၏ ထိပ်သီးပညာရှင်များထက် မနိမ့်ကျစေရန်အတွက် လေ့ကျင့်ခြင်းလမ်းစဉ် ကိုပါ သင်ကြားပေးထားခဲ့သဖြင့်... လက်အောက်ငယ်သားများမှာ သူ့အား နတ်ဘုရားတစ်ပါးအလား ကိုးကွယ်ဆည်းကပ်ထားကြပေသည်။
ယခုအချိန်တွင် အကြီးအကဲဖြစ်သူက ထိုသို့ပြောဆိုလိုက်သဖြင့်... သူသည်လည်း ချက်ချင်းပင် နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့တော့သည်။
ကျန့်ဟွမ်၏ ရင်ထဲ၌မူ အံ့ဩတုန်လှုပ်ခြင်းအချို့ ရှိနေခဲ့သည်။
" ချင်းယီမယ်တော်ဘုရားကျောင်းအတွင်းက ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအား တွေ... ဘာဖြစ်လို့ ဗလာကျင်းနေရတာလဲ၊ စိတ်ဝင်စားဖို့ကောင်းလိုက်တာ... ဘုရားကျောင်းနတ်ဘုရားတစ်ပါးက ကိုးကွယ်မှုကို ခံယူနေတဲ့အချိန်မှာပဲ... အဲဒီစွမ်းအားတွေက ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ"
"ဒါ့အပြင်... ဘာဖြစ်လို့ ငါကိုယ်တိုင်တောင် သူမရဲ့ သဲလွန်စကို ရှာမတွေ့နိုင်ရတာလဲ"
သူသည် ရှေးယခင်က ဤ ချင်းယီမယ်တော်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ဖူးပေသည်။
ဤနေရာသည် ဒေသတွင်း၌ ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအား အစည်ကားဆုံးသော ဘုရားကျောင်းကြီးတစ်ကျောင်း ဖြစ်သဖြင့်... သဘာဝအတိုင်း လာရောက်ကြည့်ရှုရခြင်း ဖြစ်သည်။
အမှန်စင်စစ်အားဖြင့်... သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းနှင့် ဆိုပါက... ဘုရားကျောင်းနတ်ဘုရား မဆိုထားနှင့်၊ နှစ်ပေါင်းများစွာ ကိုးကွယ်ပူဇော်ခြင်း ခံထားရသည့် စစ်မှန်သော နတ်မင်းကြီးများကိုပင် သူက မျက်စိထဲ ထည့်ထားသူ မဟုတ်ချေ။
သို့သော်လည်း မိမိ၏ ဇနီးသည်နှင့် အဖော်ပြုပေးရန်အတွက်သာ... ကျိန့်ဟွမ်က ဤနေရာသို့ အကြိမ်အနည်းငယ် လာရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ... ချင်းယီမယ်တော်ဘုရားကျောင်း၏ ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအားများမှာ ရုတ်တရက် လုံးဝ ခြောက်ကပ်သွားခဲ့သဖြင့်... ကျိန့်ဟွမ်မှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့ရသော်လည်း၊ အလွန်အကျွံ အတွေးမများတော့ဘဲ -
"လီတာအိုဆရာက ဝေမြို့မှာ ကိုယ်တိုင်စောင့်ကြပ် နေတာပဲ... နောက်ထပ် ဘာကိစ္စမျိုး ပေါ်ပေါက်နိုင်ဦးမှာလဲ"
ကျိန့်ဟွမ်က ပြုံးလိုက်ပြီး... လမ်းမများထက်သို့ ဆက်လက်၍ ကင်းလှည့်ထွက်ခွာသွားခဲ့တော့သည်။
..................
ချင်းယွန်းတာအိုကျောင်း...
လီယန်ချူသည် အခန်းအတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေခဲ့ပြီး... မိမိ၏ ဝိညာဉ်ခန္ဓာကိုယ်ကို ဖော်ထုတ်လျက် မဟာဟင်းလင်းပြင်ထက်သို့ စိတ်အာရုံလွှင့်ပျံ နေခဲ့သည်။
ဤစိတ်အာရုံလွှင့်ပျံခြင်း ပညာရပ်မှာ အလွန်ပင် ဆန်းပြားနက်ရှိုင်းလှပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တောင်ပိုင်းနယ်စပ် သို့ ရောက်ရှိသွားခဲ့သည်။
တောင်ပိုင်းနယ်စပ် ၏ တောင်တန်းကြီးတစ်သောင်း၏ နက်ရှိုင်းသော နေရာတစ်ခုတွင်... ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွေ့လှသော တာအိုဆရာငယ်တစ်ဦးသည် ဖြည်းညှင်းစွာ လမ်းလျှောက်သွားနေခဲ့သည်။
သူသည် ချင်းမိုဂူ ၏ အရှေ့မှောက်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး... နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ -
"ဘာထူးခြားမှုမျိုးမှ ရှိမနေဘူးပဲ"
သူသည် နေရာအချို့သို့ ဆက်တိုက် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သော်လည်း...တောင်းပိုင်းနယ်စပ် တွင် မည်သည့်ပြဿနာမျိုးမျှ ပေါ်ပေါက်ခြင်း မရှိသကဲ့သို့၊ မိစ္ဆာနယ်ပယ်မှလည်း ထပ်မံကျူးကျော်လာမည့် အခြေအနေမျိုးကို မတွေ့ရှိခဲ့ရချေ။
တာအိုကျောင်းအတွင်း၌မူ... လီယန်ချူသည် ဖြည်းညှင်းစွာ မျက်ဝန်းစုံကို ဖွင့်လှစ်လိုက်ရာ... ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ ဖိတ်လျှံထွက်ပေါ်နေခဲ့ပြီး၊ မျက်ဝန်းအတွင်း၌ ခရမ်းရွှေရောင် အလင်းတန်းများ ထင်ဟပ်လာခဲ့သည်။
"သိုင်းနတ်ဘုရားအဆင့်ကလည်း... ချန်နိုင်ငံ ရဲ့ ပြင်ပနယ်မြေတွေကိုတော့ လှမ်းပြီး မစောင့်ကြည့်နိုင်ဘူးပဲ... တကယ်လို့ ဝေးလံသီခေါင်တဲ့ နေရာတွေမှာ...မဟာရှန်းနိုင်ငံတော်ရဲ့ အကြွင်းအကျန် အင်အားစုတွေက အရှုပ်အရှင်းတွေ လုပ်နေမယ်ဆိုရင်လည်း... ထိုးထွင်းပြီး မသိမြင်နိုင်ဘူး"
သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
ဤရက်ပိုင်းအတွင်း... သူသည် ဟင်းလင်းပြင်ထက်သို့ စိတ်အာရုံ ခဏခဏ လွှင့်ပျံလေ့ရှိပြီး... ကျိုဖုန်းတောင်၊ မော်ရှန်းတောင် စသည့် နေရာအမြောက်အမြားကို သွားရောက်စစ်ဆေးခဲ့သော်လည်း... မည်သည့်ပြဿနာမျှ မရှိဘဲ၊ လေငြိမ်လှိုင်းငြိမ် ဖြစ်နေခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ ငြိမ်သက်လွန်းနေခြင်းကပင်... လီယန်ချူ၏ ရင်ထဲ၌ မကောင်းသော အတိတ်နိမိတ် ခံစားချက်ကို ပိုမို၍ ကြီးထွားလာစေခဲ့သည်။
"ဒီမဟာရှန်းနိုင်ငံတော်ရဲ့ အကြွင်းအကျန်တွေက... တကယ့်ကိုပဲ ဒီလောက်တောင် ငြိမ်ငြိမ်သက်သက် နေကြမှာတဲ့လား"
ရှေးယခင်က သူနှင့် ထိတွေ့ခဲ့ဖူးသော ငရဲတောင် နှင့် ချွန်းချိုးလင် တို့မှာ အပြီးတိုင် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
ရှန့်ရှန်းနန်းတော် ၏ သတင်းအစအနကို ယခုအချိန်အထိ လိုက်လံစုံစမ်း၍ မရသေးသော်လည်း... လက်ရှိအခြေအနေအရ ကြည့်မည်ဆိုပါက... မှောင်မိုက်သော အရိပ်ထဲတွင် ပုန်းကွယ်နေသော မဟာရှန်းနိုင်ငံတော်၏ အကြွင်းအကျန်များမှာ... ပိုမို၍ ယုတ်မာကောက်ကျစ်ပုံရပေသည်။
၎င်းတို့သည် လူ့လောကတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် ဖျက်ဆီးပစ်ရန် ကြံရွယ်နေကြခြင်း ဖြစ်သည်။
"ဒီလူတွေက... နောက်ဆုံးမှာ ဘာကို လုပ်ချင်နေကြတာလဲ၊ မိစ္ဆာနယ်ပယ်က လူ့လောကကို ကျူးကျော်ဝင်ရောက်တာက... သူတို့အတွက် ဘာအကျိုးအမြတ် ရှိလို့လဲ"
လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက်တွင် သူသည် အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့ရာ... သံစားသားရဲကြီး မှာ ရင်ပြင်အတွင်း၌ စောင့်ကြပ်နေခဲ့သည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ် ပုံသဏ္ဌာန်မှာ ရှေးယခင်ကထက် နှစ်ပတ်ခန့် ပိုမို၍ သေးငယ်သွားခဲ့သော်လည်း... ကိုယ်ပေါ်ရှိ အော်ရာစွမ်းအားများမှာမူ များစွာ ပိုမို၍ ထူထပ်သိပ်သည်းလာခဲ့သည်။
ယခုအခါ လူတစ်ရပ်ခန့်သာ မြင့်မားတော့ပြီး... ပုံသဏ္ဌာန်မှာလည်း များစွာ ပိုမို၍ ချောမွေ့သပ်ရပ်လာခဲ့သဖြင့်... မြင်တွေ့ရသူတိုင်းအား အလွန်ပင် စိတ်ကြည်နူးစေပေသည်။
"မင်းရဲ့ ကျိုရှောင်နတ်ဘုရား ကျမ်းစာ ကျင့်ကြံတာ... ဘယ်လိုလဲ"
လီယန်ချူက မေးမြန်းလိုက်သည်။
သံစားသားရဲကြီးသည် ကျိုရှောင်နတ်ဘုရား ကျမ်းစာကို ကျင့်ကြံရာတွင် အောင်မြင်မှုအချို့ ရရှိထားခဲ့ပြီ ဖြစ်သဖြင့်... သူသည် လီယန်ချူနှင့်အတူ ကျင့်ကြံခြင်းလမ်းစဉ်ရှိ အချို့သော အမြင်များကို အပြန်အလှန် ဆွေးနွေးလိုက်ကြသည်။
ယခုအချိန်တွင် သူသည် ရှေးဟောင်းနတ်သားရဲကြီး တစ်ကောင်သာမက... မိစ္ဆာဂိုဏ်း၏ လေ့ကျင့်သူ တစ်ဦးလည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်း မန္တန်လမ်းစဉ်မှာ အနည်းငယ် ပြုပြင်ပြောင်းလဲထားခြင်း ခံရသော်လည်း... လူသားမျိုးနွယ်စု၏ ကျင့်ကြံခြင်း မန္တန်များနှင့်မူ အလွန်ပင် တူညီလှပေသည်။
၎င်းတို့နှစ်ဦး ခေတ္တမျှ ဆွေးနွေးလိုက်ကြပြီးနောက်... သံစားသားရဲကြီးမှာ ကြီးစွာသော အသိဉာဏ်ပညာများကို ရရှိသွားခဲ့ရသည်။
လီယန်ချူသည် ယခုအချိန်တွင် သိုင်းနတ်ဘုရား အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သကဲ့သို့...တာအိုလမ်းစဉ်၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဟွမ်ထင်တာအိုကျမ်းစာ မှာ ကျယ်ပြန့်နက်ရှိုင်းလှပြီး... တည်ငြိမ်အေးချမ်းလှသဖြင့် -
တာအိုလမ်းစဉ်၏ ကျင့်ကြံခြင်းအပေါ်တွင် သူ၏ အမြင်များမှာလည်း အလွန်ပင် ထူးခြားဆန်းပြားလှရာ... သံစားသားရဲကြီး၏ သံသယများကို ကောင်းစွာ ဖြေရှင်းပေးနိုင်ခဲ့ပေသည်။
သံစားသားရဲကြီးက ရင်ထဲမှ -
"ဒီတာအိုကျောင်းထဲမှာ တစ်နှစ်ကျင့်ကြံရတာက... တောင်တန်းတွေထဲမှာ အနှစ်တစ်ရာ ကျင့်ကြံရတာနဲ့ တူတူပဲ"
ဟု ရေရွတ်လိုက်မိသည်။
သူသည် မိမိ၏ အနာဂတ်လမ်းစဉ်မှာ ပိုမို၍ တောက်ပလင်းထိန်လာခဲ့ပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။
ကျွေ့ဟွာ မှာလည်း... မကြာသေးမီက ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအားများကို သန့်စင်လိုက်သဖြင့်... တိုးတက်မှုနှုန်းမှာ အလွန်ပင် လျင်မြန်လှပြီး၊ ကိုယ်ပေါ်ရှိ သွေးမျိုးဆက်နှစ်ခုမှာလည်း ပိုမို၍ သန်မာထက်မြက်စွာ ပေါင်းစပ်သွားခဲ့သည်။
သံစားသားရဲကြီးနည်းတူ... သူမသည်လည်း ကျိုရှောင်နတ်ဘုရား ကျမ်းစာကို ကျင့်ကြံထားခဲ့ခြင်း ဖြစ်သည်။
ကျိုရှောင်နတ်ဘုရား ကျမ်းစာမှာ အလွန်ပင် အစွမ်းထက်လှပြီး...ကျွေ့ဟွာ၏ ခန္ဓာကိုယ်အတွင်း၌လည်း ကောင်းကင်နဂါးသွေးမျိုးဆက် ရှိနေသဖြင့်... တိုးတက်မှုနှုန်းမှာ မြားပျံအလား လျင်မြန်လှပေသည်။
ကျမ်းစာကို ကျင့်ကြံပြီးနောက်တွင်မူ... သူမသည် ခန္ဓာကိုယ်အတွင်းရှိ ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအားများကို လုံးဝဥဿုံ သန့်စင်ပစ်လိုက်ကာ... တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်လိုက်တော့ရာ
ယခုအချိန်တွင် ရှေးဟောင်းသွေးမျိုးဆက်ကြီး နှစ်ခုအပြင်... နတ်ဘုရားလမ်းစဉ်၏ စွမ်းအားများကိုပါ ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။
ကျွေ့ ဟွာ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထူးခြားလှပြီး... ရှေးယခင်ကထက် များစွာ ပိုမို၍ သန်မာလာခဲ့သည်။
သူမသည် သွေးမျိုးဆက်နှစ်ခု၏ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အလွန်ပင် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။
ကျိုရှောင်နတ်ဘုရား ကျမ်းစာကို ကျင့်ကြံပြီးနောက်တွင်... သူမသည် ဆိုင်ရှင်မ ထံသို့လည်း သွားရောက်သင်ကြားပြသပေးရန် တောင်းဆိုခဲ့သည်။
ဆိုင်ရှင်မ က သူမအတွက် အထူးသီးသန့်ဖြစ်သော ထိုက်ယင်ကျမ်းစာ ကို ပြုပြင်မွမ်းမံပေးခဲ့သည်။
ဤလမင်းကောင်းကင်ကျမ်းစာမှာ... မော်ရှန်းတောင်၏ ချိုင်ဖုန်းနတ်သမီးထံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး... ယခုအခါတွင် ချိုင်ဖုန်းနတ်သမီးမှာ နောက်တစ်ဖန် ပြန်လည်မွေးဖွားခြင်း သံသရာထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သော်လည်း... ဤအဆင့်မြင့်ကျမ်းစာမှာမူ ကျန်ရစ်နေခဲ့ခြင်း ဖြစ်ပေသည်။
ကျွေ့ ဟွာသည် ကျိုရှောင်နတ်ဘုရား ကျမ်းစာနှင့် ထိုက်ယင်ကျမ်းစာ ဟူသည့် မဟာကျမ်းစာကြီး နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေခဲ့သဖြင့်... ယခုအခါတွင် အလွန်ပင် စိတ်ဝင်စားစွဲလန်းနေခဲ့ပြီး... ကိုယ်ပေါ်ရှိ အော်ရာစွမ်းအားများမှာလည်း ပိုမို၍ ထူထပ်သိပ်သည်းလာခဲ့သည်။
ယခုအချိန်တွင်... သူမသည် ဆိုင်ရှင်မ ၏ ရင်ခွင်အတွင်း၌ ငြိမ်သက်စွာ ဝပ်စမ်းနေခဲ့ပြီး... ခေါင်းလေးတစ်ခုကိုသာ ဖော်ပြထားသည်။
ခန္ဓာကိုယ်အတွင်းရှိ မဟာကျမ်းစာနှစ်ခု၏ အော်ရာစွမ်းအားများကို လည်ပတ်လျက်... တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။
သို့သော်လည်း ဆိုင်ရှင်မ ၏ ထူးခြားလှသော အော်ရာစွမ်းအင် နယ်ပယ်အောက်တွင်မူ... မည်သူကမျှ ကျွေ့ ဟွာ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းမှုများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိချေ။
လီယန်ချူက ရှာဖွေလျက် ရောက်ရှိလာခဲ့ရာ... ဆိုင်ရှင်မက ပြုံး၍ -
"ရှင်က ကြည့်ရတာ အရမ်းကို အေးအေးလူလူ ရှိနေတာပဲ...ကျွေ့ဟွာထက်တောင် ကြိုးစားအားထုတ်မှု မရှိဘူး"
ဟု ဆိုလိုက်သည်။
လီယန်ချူက ခပ်ပြုံးပြုံးဖြင့် -
"ဘယ်တတ်နိုင်ပါ့မလဲ... ငါက သူမထက် ကျင့်ကြံခြင်းအဆင့်တစ်ခုလုံး ကြီးကြီးမားမား မြင့်မားနေတာကိုး"
ဆိုင်ရှင်မ က မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
ထိုအချိန်တွင် ကျွေ့ဟွာမှာ နိုးထလာခြင်း မရှိသေးဘဲ... ဆိုင်ရှင်မ ၏ နူးညံ့လှသော ရင်ခွင်အတွင်း၌ သက်တောင့်သက်သာ မှီတွဲလျက်... တိတ်တဆိတ် ဆက်လက်ကျင့်ကြံနေခဲ့သည်။
"မကြာသေးခင်က သိုင်းလမ်းစဉ်ကို ကျင့်ကြံတာ... ဘာအသိဉာဏ်သစ်တွေ ရရှိခဲ့လဲ"
လီယန်ချူက ခေါင်းကို ခါယမ်းလိုက်ပြီး -
"သိုင်း လမ်းစဉ်က... တကယ့်ကိုပဲ မြေပြင်နတ်ဘုရားအဆင့်အထိ ရောက်ရှိနိုင်ပုံရတယ်... ဒါပေမဲ့ ငါကတော့ အရှေ့က လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး"
ဆိုင်ရှင်မ က မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးမှ ဆိုလိုက်သည်။
"ဒါကတင်ပဲ အတော်လေးကို ကောင်းမွန်နေပါပြီ... တစ်ခါတင်ပဲ သိုင်းလမ်းစဉ်ရဲ့ နတ်ဘုရားအဆင့်ကို အောင်မြင်သွားမယ်ဆိုရင်... ဒုတိယအဆင့် မြေပြင်နတ်ဘုရား နဲ့ ထပ်တူညီသွားပြီ... ဒါကတင်ပဲ အလွန်ကို ကြောက်ဖို့ကောင်းနေပြီ"
လီယန်ချူက အံ့ဩတုန်လှုပ်စွာဖြင့် -
"ဒုတိယအဆင့် မြေပြင်နတ်ဘုရား ဟုတ်လား"
ဆိုင်ရှင်မ က -
"မြေပြင်နတ်ဘုရား လမ်းစဉ်ကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး... ကိုးဆင့်မြောက်ပြီးရင်တော့ ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိမှာ"
"ဘယ်သူမဆို ခြေလှမ်းတစ်လှမ်းချင်းစီအလိုက် ကျင့်ကြံရတာ ဖြစ်ပေမဲ့... သိုင်းလမ်းစဉ်တစ်ခုတည်းကသာ... ဒီအဆင့်ကို ခြေချလိုက်တာနဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒုတိယအဆင့် မြေပြင်နတ်ဘုရား နဲ့ ချက်ချင်း တူညီသွားတာ ဖြစ်တယ်"
လီယန်ချူမှာ မှင်တက်သွားခဲ့ရပြီး... အချိန်အတော်ကြာမှသာ စိတ်ကို ပြန်လည်စုစည်းနိုင်ခဲ့တော့သည်။
"အရင်က မင်း ငါ့ကို ဒီအကြောင်းအရာကို မပြောခဲ့ဖူးဘူးနော်"
ဆိညင်ရှင်မ က မျက်လုံးကို ပုတ်ခတ်လျက်
"အရင်က ရှင်က ယန်ဝိညာဉ်ခန္ဓာကိုယ် အဆင့်ပဲ ရှိသေးတာ... မြေပြင်နတ်ဘုရားအဆင့်တောင် မဟုတ်တာကို"
လီယန်ချူ - "..............."
ဆိုင်ရှင်မ က ဆက်လက်၍ -
"နတ်ဘုရားတွေရဲ့ သက်တမ်းက ရှည်လျားလှပြီး... အနည်းဆုံး နှစ်ထောင်ချီ ရှိတတ်ကြတယ်... သိုင်းလမ်းစဉ်ရဲ့ စနစ်ကတော့ အလွန်ကို မြန်ဆန်တယ်လို့ ပြောလို့ရတာပေါ့"
လီယန်ချူက ခေါင်းညိတ်လိုက်သည်။
ချွေယန်ဂူအရှင်သခင်၏ မှတ်တမ်းများအတွင်း၌လည်းကောင်း... ပိုင်ယန်တာအိုဆရာ၏ ပါးစပ်ဖျားမှလည်းကောင်း... သိုင်းလမ်းစဉ် မှာ မြေပြင်နတ်ဘုရားအဆင့်အထိသာ ရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရသည်။
သူသည် ဆိုင်ရှင်မ အား ခပ်ပြုံးပြုံး စိုက်ကြည့်လိုက်ပြီး
"လူတွေ ပြောကြတာ ရှိတယ်... အိမ်တစ်အိမ်မှာ လူအိုကြီးတစ်ယောက် ရှိနေတာက... ရတနာတစ်ပါး ရှိနေတာနဲ့ တူတူပဲတဲ့... ဒီစကားက တကယ့်ကို မှန်ကန်တာပဲ"
ဆိုင်ရှင်မက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လီယန်ချူအား စိုက်ကြည့်ကာ -
" ရှင့်ရဲ့ အဓိပ္ပာယ်က... ကျွန်မကို အိုနေပြီလို့ ပြောတာလား"
လီယန်ချူက ရယ်မောလိုက်ပြီး -
"မင်းက ဘယ်မှာ အိုလို့လဲ... အလွန်ကို နူးညံ့ပျိုမြစ်နေတုန်းပဲကို"
ဆိုင်ရှင်မ မှာမူ မျက်နှာပြင်တစ်ခုလုံး နီမြန်းသွားခဲ့ရရှာပြီး... သူ့အား တံတွေးဖြင့် ထွေးလိုက်သည်။
"ဟွန့်... သွားစမ်းပါ"
၎င်းတို့နှစ်ဦး စကားပြောဆိုနေကြစဉ်မှာပင်... လီယန်ချူ၏ ကိုယ်ပေါ်ရှိ အချက်ပြဆက်သွယ်ရေး ရတနာမှာ ရုတ်တရက် တုန်ခါသွားခဲ့ရသည်။
သူသည် သိုလှောင် အိတ် အတွင်းမှ အချက်ပြအေဆာင် ကို ထုတ်ယူလိုက်ရာ... ၎င်းထက်တွင် တရားရုံးတော်၏ ဒုတိယအရာရှိကြီး ရွှီထျန်းနန်ထံမှ သတင်းစကား ပေါ်ထွက်လာခဲ့သည်။
"ဝူထိုင်ရှန်းမှာ ထျန်းကျူးနယ်မြေ ပွင့်ပေါ်တော့မယ်... လီတာအိုဆရာအနေနဲ့ သွားရောက်ကြည့်ရှုဖို့ စိတ်ဝင်စားမှု ရှိရဲ့လား"
လီယန်ချူက ခေတ္တမျှ မှင်တက်သွားပြီးနောက်.. ရွှီ ထျန်းနန်ထံသို့ ချက်ချင်းပင် စာပြန်လိုက်သည်။
"ထျန်းကျူးနယ်မြေ ဟုတ်လား... မကြားဖူးဘူးပဲ"
ရွှီထျန်းနန်
"ထျန်းကျူးနယ်မြေအတွင်းမှာ ဆေးဖက်ဝင် နတ်သစ်ပင်တွေရှိပြီး... ဆန်းပြားလှတဲ့ ကောင်းကင်မြေပြင် ရတနာအမြောက်အမြား ရှိနေတယ်... ကြားသိရတာကတော့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ကွယ်လွန်ခဲ့တဲ့ နေရာဖြစ်ပြီး... အတွင်းမှာ ရှေးဟောင်းခေတ်ကာလက ကျမ်းစာမန္တန်တွေ ဆက်ခံဖို့ ကျန်ရစ်နေခဲ့တယ်လို့ ဆိုကြတယ်"
လီယန်ချူက ထပ်မံ၍ -
"အဲဒီ ရှေးဟောင်းနတ်ဘုရားက ဘယ်သူလဲဆိုတာ သိရလား"
ရွှီထျန်းနန် -
"မရှင်းလင်းဘူး... မှတ်တမ်းအမြောက်အမြားက မစုံလင်ဘူး... သိရတာကတော့ ထျန်းကျူးနယ်မြေအတွင်းမှာ ကြီးမားလှတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပြီး... သာမန် လျှို့ဝှက်နယ်မြေတွေထက် များစွာ ပိုမိုမြင့်မားတယ်လို့ပဲ"
လီယန်ချူက -
"ကြီးမားတဲ့ လျှို့ဝှက်ချက် ဟုတ်လား"
ရွှီထျန်းနန်က -
"မှတ်တမ်းအမြောက်အမြားမှာ ဖော်ပြထားတာကတော့... ထျန်းကျူးနယ်မြေအတွင်းမှာ လေလွင့်နေတဲ့ တစ္ဆေေနာတွေ ရှိနေပြီး... ကျင့်ကြံသူတွေ အဲဒီထဲကို ဝင်ရောက်သွားခဲ့ရင်... ကျင့်ကြံခြင်း မန္တန်စွမ်းအားတွေနဲ့ ရတနာတွေကို ထုတ်ဖော်အသုံးပြုလို့ မရတော့ဘူးတဲ့၊ ကန့်သတ်ချက် စည်းမျဉ်းတစ်ခုခု မိသွားသလိုမျိုးပဲ... ဒါမှမဟုတ်လည်း စိတ်ထင်မှားခြင်း နယ်ပယ်တစ်ခုလိုမျိုး ဖြစ်နေခဲ့တာ၊ ရတနာ တစ်ခုရဲ့ စွမ်းအားကြောင့် လွှမ်းမိုးခံထားရတာ ဖြစ်နိုင်တယ်လို့ သံသယရှိကြတယ်"
လီယန်ချူသည် လက်ညှိုးဖြင့် စာကို လျင်မြန်စွာ ပြန်လည်ရေးသားလိုက်ပြီး... ဤကိစ္စရပ်က သူ၏ စိတ်ဝင်စားမှုကို ကြီးစွာ ဆွဲဆောင်လိုက်တော့သည်။
ဆိုင်ရှင်မလက သူ အပြန်အလှန် စကားပြောဆိုနေသည်ကို မြင်လျှင် မနေနိုင်ဘဲ -
"ဘာဖြစ်လို့လဲ" ဟု မေးမြန်းလိုက်သည်။
လီယန်ချူက ရွှီထျန်းနန်၏ စကားများကို ဆိုင်ရှင်မ အား ပြန်လည်ပြောပြလိုက်ရာ... အိမ်ရှင်မကြီးက ကြားလျှင် ချက်ချင်းပင် ဆိုလိုက်သည်။
"ပတ်ဝန်းကျင် အခြေအနေတွေကို လွှမ်းမိုးချုပ်ချယ်နိုင်တယ်... လေလွင့်နေတဲ့ တစ္ဆေတွေ ရှိနေပြီး... မန္တန်စွမ်းအားတွေ လုံးဝ ပျောက်ကွယ်သွားတယ် ဟုတ်လား"
"ဒါက... ရှင်အရင်က သွားခဲ့ဖူးတဲ့ မြို့နယ်လေးတွေနဲ့ မတူဘူးလား"
လီယန်ချူမှာ ခေတ္တမျှ မှင်တက်သွားခဲ့ရသည်
ရှေးယခင်က ကောင်းပုရွာ၏ သတင်းအစအနကို ရှာဖွေရန်အတွက်... သူသည် ကျင်ရွှေမြို့နယ်လေးအတွင်းသို့ မှားယွင်းစွာ ဝင်ရောက်ခဲ့ဖူးရာ... ကျင်ရွှေမြို့နယ်လေးသည်လည်း သူ့အား ဤကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းခဲ့ဖူးပေသည်။
နောက်ပိုင်းတွင် ထိုရှေးဟောင်းမြို့နယ်လေးအတွင်း၌ ပြဿနာများ ပေါ်ပေါက်ခဲ့ပြီး... အတွင်း၌ မဟာမိစ္ဆာဘုရင်နှင့် ဆုံတွေ့ခဲ့ကာ... မဟာမိစ္ဆာဘုရင်က မိစ္ဆာဂိုဏ်းကို တည်ထောင်လျက် အတွင်းရှိ ထိပ်သီးပညာရှင်များကို သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။
ရှေးယခင်က ထိုရှေးဟောင်းမြို့နယ်လေးအတွင်း၌ သေဆုံးသွားခဲ့ကြသော ထိပ်သီးပညာရှင်များမှာ... ရတနာ၏ ဝိညာဉ်အစောင့်အရှောက် ကဲ့သို့သော ဖြစ်တည်မှုများသာ ဖြစ်ကြပေသည်။
၎င်းမှာ ဝိညာဉ်အစောင့်အရှောက် ဖြစ်သဖြင့်... သဘာဝအတိုင်း ရတနာ ရှိနေရမည် ဖြစ်သော်လည်း... လီယန်ချူမှာမူ ထိုရတနာ၏ သဲလွန်စကို ရှာမတွေ့ခဲ့ချေ။
နောက်ပိုင်းတွင် တုတ်ကောက်ကိုင်ထားသော လူအိုကြီးနှင့် ဆုံတွေ့ခဲ့ပြီး... တစ်ဖက်လူနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တွင်... ဤကိစ္စရပ်မှာ ပြီးဆုံးသွားခဲ့ရသည်။
လီယန်ချူသည် ထိုရတနာကို... ထိုလူအိုကြီးက သိမ်းဆည်းယူဆောင်သွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကြီးစွာ သံသယရှိနေခဲ့သည်။
ထို့နောက်တွင် သူသည် နေရာနှစ်ခုကို တွေးတောမိလိုက်ရာ... တစ်ခုမှာ သူသွားရောက်ခဲ့ဖူးသော လျူမိသားစု၏ ဘိုးဘေးဘုရားကျောင်း ဖြစ်ပြီး -
အခြားတစ်ခုမှာမူ ထောင်ယွမ်ရှန်း လျှို့ဝှက်နယ်မြေ ဖြစ်ပေသည်။
ထောင်ယွမ်ရှန်း လျှို့ဝှက်နယ်မြေအတွင်း၌ ထူးဆန်းဆန်းပြားလှသော တာအိုကျောင်းများ ရှိနေခဲ့ပြီး... မိစ္ဆာအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ရှေးယခင်ကတည်းက သူသည် အနည်းငယ် သံသယရှိခဲ့သည်မှာ... မင်္ဂလာရှိလှသော လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌... ဘာဖြစ်လို့ ဤကဲ့သို့သော မိစ္ဆာတာအိုကျောင်းမျိုး ပေါ်ပေါက်နေရသနည်း ဟူ၍ ဖြစ်သည်။
"ဒါဆို... ဒီနေရာတွေ အားလုံးက... ရတနာနဲ့ ဆက်စပ်နေတာများလား"
လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ဤထျန်းကျူးနယ်မြေအပေါ်တွင် ကြီးစွာသော စိတ်ဝင်စားမှု ဖြစ်ပေါ်လာခဲ့ရသည်။
"ရတနာအာဏာစက်က ရှေးဟောင်းမြို့နယ်လေးကို လွှမ်းမိုးထားတဲ့ စွမ်းအားကတော့... မိစ္ဆာအငွေ့အသက်ဘက်ကို ပိုပြီး နီးစပ်ပုံရတယ်"
လီယန်ချူသည် ရင်ထဲ၌ အာရုံတစ်ခု ရရှိလိုက်ပြီး... ထိုနေရာသို့ မိစ္ဆာဂိုဏ်းနှင့် အမှောင်လမ်းစဉ်မှ ကျင့်ကြံသူအမြောက်အမြား လာရောက်ကြလိမ့်မည် ဖြစ်ကြောင်း ခံစားမိလိုက်သည်။
"ဒီလိုဆိုရင်တော့... ကုသိုလ်မှတ် တွေ ရောက်လာတော့မှာပဲ... အဟမ်း... ကောင်းကင်ဘုံကိုယ်စား လမ်းစဉ်ကို ဖော်ဆောင်တာ ဖြစ်လို့... ကုသိုလ်မှတ် ရှိတာ မရှိတာကတော့ အရေးမကြီးပါဘူး"
..................
ဝူထိုင်ရှန်း၏ ပတ်ဝန်းကျင်ရှိ တောင်ကြားတစ်ခုအတွင်း၌...
ရုတ်တရက် မင်္ဂလာရှိလှသော အလင်းတန်းများ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး... ကောင်းကင်ယံထက်သို့ တိုက်ရိုက်ပင် ထိုးတက်သွားခဲ့တော့သည်။
လေထုထဲတွင် မင်္ဂလာရှိလှသော တိမ်တိုက်ပုံရိပ်များ ပေါ်ထွက်လာခဲ့ပြီး... ၎င်းအတွင်း၌ ဆန်းပြားလှသော သားရဲကြီးများနှင့် ဆေးဖက်ဝင် နတ်သစ်ပင်များကို ဝေဝါးစွာ မြင်တွေ့နိုင်ခဲ့သဖြင့်... နတ်ဘုရားများ နေထိုင်ရာ နယ်မြေတစ်ခုအလား ဖြစ်နေခဲ့သည်။
သို့သော်လည်း ဝူထိုင်ရှန်းပေါ်တွင် သီတင်းသုံးနေကြသော ဘုရားကျောင်းများမှ တပည့်များမှာမူ... ဤအခြင်းအရာကို အလွန်ပင် အံ့ဩတုန်လှုပ်သွားကြရသော်လည်း... မည်သူကမျှ ဘုရားကျောင်း၏ ပြင်ပသို့ လှမ်းမျှော်ထွက်ခွာခြင်း မရှိကြချေ။
တောင်ပေါ်မှ အမိန့်တော်များ ကျရောက်လာခဲ့သည်မှာ... ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်သမျှ အရာအားလုံးမှာ လျှံထွက်နေသော ပုံရိပ်ယောင်များသာ ဖြစ်ပြီး... အိမ်မက်အလား၊ ရေပူဖောင်းအလား ဖြစ်ကာ၊ ကြီးမားလှသော ဘေးဒုက္ခကြီး ပေါ်ပေါက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
တကယ်လို့ မိမိ၏ မူလစိတ်နှလုံးကို မထိန်းချုပ်နိုင်ဘဲ... စိတ်မိစ္ဆာများကို မတွန်းလှန်နိုင်ပါက... သေဘေးနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ရေးသားထားသည်။
ထို့ကြောင့်... ယခုအချိန်တွင် ဝူထိုင်ရှန်းတစ်ခုလုံး၌ ကျမ်းစာရွတ်ဖတ်သံများမှာ သာယာနာပျော်ဖွယ် ထွက်ပေါ်နေခဲ့ပေသည်။
ဗုဒ္ဓဂိုဏ်းတပည့်များ အားလုံးမှာ ဗုဒ္ဓအား ပူဇော်လျက် ကျမ်းစာများကိုသာ ရွတ်ဖတ်နေကြပြီး... ပြင်ပအရာများကြောင့် စိတ်နှလုံး လှုပ်ခတ်ခြင်း မရှိကြချေ။
ဝူထိုင်ရှန်း၏ အထက်တွင်လည်း ရွှေရောင်အလင်းတန်းများ လွှမ်းမိုးချုပ်ချယ်ထားခဲ့သည်။
ကာကွယ်ရေး အစီအရင် ကို ဖွင့်လှစ်ထားခဲ့သဖြင့်... တောင်တံခါးကို ကာကွယ်စောင့်ရှောက်ထားပြီး... တပည့်များအား မိစ္ဆာများ၏ နှောင့်ယှက်ခြင်းမှ ကာကွယ်ပေးထားခဲ့ခြင်း ဖြစ်သည်။
ဤပုံရိပ်ယောင် အခြင်းအရာမှာ အချိန်အတော်ကြာအောင် တည်ရှိနေခဲ့ပြီးမှသာ... ဖြည်းညှင်းစွာ ကွယ်ပျောက်သွားခဲ့ရသည်။
သို့သော်လည်း ၎င်းမှာ လူအမြောက်အမြား၏ စုံစမ်းထိုးထွင်းကြည့်ရှုခြင်းကို ခံခဲ့ရပေသည်။
ယခုလောကတွင် လျှို့ဝှက်နယ်မြေများနှင့် မင်္ဂလာနယ်မြေများစွာ ထွက်ပေါ်နေခဲ့သဖြင့်... ကျင့်ကြံသူအမြောက်အမြား သေဆုံးခဲ့ရပြီး ဖြစ်သည်။
ထို့ကြောင့်... လူအများစုမှာ ဤကဲ့သို့သော အခြေအနေမျိုးအပေါ်တွင် သဘောထား ခပ်အေးအေးသာ ရှိကြတော့ပြီး... ရှေးယခင်ကကဲ့သို့ လျှို့ဝှက်နယ်မြေတစ်ခု မြင်ရုံမျှဖြင့် မနေနိုင်မထိုင်နိုင် ဝိုင်းအုံဝင်ရောက်ခြင်းမျိုး မရှိကြတော့ချေ။
ထိုအချိန်တွင်... လူအနည်းငယ်မှာ ဤမင်္ဂလာနယ်မြေသို့ ရှာဖွေရောက်ရှိလာခဲ့ကြပြီး... အလင်းတန်းများ ထွက်ပေါ်နေသော နေရာအတွင်းမှတစ်ဆင့် ထျန်းကျူးနယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက်... ခန့်ညားထည်ဝါပြီး စမတ်ကျလှသော တာအိုဆရာငယ်တစ်ဦးသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး... သူ၏ ဘေးနားတွင်မူ ကြောင်ကလေးတစ်ကောင် လိုက်ပါလာခဲ့ကာ... တစ်ကိုယ်လုံးမှာ လိမ္မော်ရောင် ရှိနေခဲ့ပြီး၊ အလွန်ပင် မာန်မာန ပြည့်နှက်နေပုံရပေသည်။
မူလက သံစားသားရဲကြီးမှာလည်း လိုက်ပါလာရန် ကြံရွယ်ခဲ့သော်လည်း... ထင်မှတ်မထားဘဲ ကျွေ့ဟွာ၏ အရိုက်အနှက်ကို ခံခဲ့ရသည်။
သူသည် စိတ်အေးချမ်းသာစွာဖြင့် တာအိုကျောင်းအတွင်း၌သာ ကျန်ရစ်ခဲ့ရပြီး... တောင်စောင့်နတ်ဘုရားကြီးအဖြစ် တာဝန်ယူခဲ့ရရှာသည်။
လီယန်ချူ၏ အကြည့်မှာ ထိုအလင်းတန်းများ ထွက်ပေါ်နေသော နေရာထက်သို့ ကျရောက်သွားခဲ့ပြီး ခပ်ပြုံးပြုံးဖြင့် -
"ဒီထျန်းကျူးနယ်မြေ ပွင့်ပေါ်လာတာကတော့... အတော်လေးကို ဟိတ်ဟန်ကြီးလှချေလား၊ ဒါပေမဲ့ လာတဲ့လူကတော့ အများကြီး ရှိမနေဘူးပဲ"
ကျွေ့ ဟွာက ခေတ္တမျှ တွေးတောလိုက်ပြီးမှ ဆိုလိုက်သည်
"ဒါကတော့... လူတွေက သေရမှာကို ကြောက်သွားကြလို့ ဖြစ်မှာပေါ့၊ ဘာပဲဖြစ်ဖြစ် ရတနာတွေကို ရယူဖို့ဆိုတာ... အသက်ရှင်နေမှပဲ ရမှာကို"
လီယန်ချူကလည်း ထိုစကားကို အလွန်ပင် သဘောကျမိသည်။
မင်္ဂလာနယ်မြေများမှာ ပြောရဆိုရ လွယ်ကူလှပြီး... ပြင်ပမိစ္ဆာအချို့သာ ကြွင်းကျန်ရစ်လေ့ရှိသဖြင့်... အစွမ်းထက်လှသော နည်းလမ်းများ ရှိနေပါက... အတွင်း၌ အခွင့်အရေး အခွင့်အလမ်းအမြောက်အမြားကို ရရှိနိုင်ပေသည်။
သို့သော်လည်း ဤရှေးဟောင်းလျှို့ဝှက်နယ်မြေများမှာမူ... ပြောရခက်လှပေရာ၊ လီရှန်းတာအိုကျောင်း တွင် ပုန်းကွယ်နေသော ထိုနက်ရှိုင်းလှသော ချောက်ကြီးအတွင်း၌ပင်... လျှို့ဝှက်ဆန်းပြားလှသော အလောင်းစား နတ်ဘုရား ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နတ်နန်းတော်အတွင်းရှိ နတ်ဘုရားများမှာလည်း မိစ္ဆာကောင်များက အသွင်ပြောင်းလဲထားခြင်း ဖြစ်သဖြင့်... ဤကိစ္စရပ်တစ်ခုတည်းနှင့်ပင် လူအများကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်လှပေသည်။
တတိယအဆင့် ထိပ်သီးပညာရှင်များ ဝင်ရောက်သွားခဲ့လျှင်ပင်... ကိုးပုံတစ်ပုံခန့် သေဆုံးနိုင်သဖြင့်... လူအမြောက်အမြား၏ စိတ်ကူးများကို ရိုက်ချိုးပစ်လိုက်ခြင်း ဖြစ်သည်။
လီယန်ချူနှင့်ကျွေဟွာတို့သည် ထျန်းကျူးနယ်မြေအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ကြရာ... မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အခင်းအကျင်းများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့တော့သည်။
အကြည့်ကျရောက်ရာ နေရာတိုင်းတွင်... တောင်တန်းများနှင့် ရေပြင်များမှာ လှပတင့်တယ်နေခဲ့ပြီး... တောင်ခြေတွင် ရွာငယ်လေးတစ်ရွာ ရှိနေခဲ့ကာ... မီးခိုးများ တဖျတ်ဖျတ် ထွက်ပေါ်နေခဲ့ပြီး၊ အလွန်ပင် အေးချမ်းသာယာလှသော အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိနေ၍သာ ဖြစ်ပြီး... မဟုတ်ပါက မည်သည့် တောင်ရွာလေးတစ်ရွာသို့ ရောက်ရှိနေခဲ့သည်ဟုပင် ထင်မှတ်ရပေမည်။
ကျွေ့ ဟွာက အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်... ရွာတစ်ရွာ ရှိနေခြင်းက လူသားများ ရှိနေခြင်းကို ပြသနေခြင်း ဖြစ်ပေသည်။
"ဒီထျန်းကျူးနယ်မြေအတွင်းမှာ... တကယ့်ကိုပဲ လူတွေ နေထိုင်ကြတာလား"
လီယန်ချူက တည်ငြိမ်စွာဖြင့် တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး -
"လူသားတွေ... ဖြစ်ချင်မှ ဖြစ်မှာပါ"
တကယ်လို့ ထျန်းကျူးနယ်မြေအတွင်း၌ ထိုရှေးဟောင်းမြို့နယ်လေးကို ဖြစ်တည်စေနိုင်သော ထူးခြားလှသည့် ရတနာအာဏာစက် ရှိနေခဲ့မည်ဆိုပါက... ယခု မြင်တွေ့နေရသော ဤတောင်ရွာလေးသည်လည်း... ကျင့်ကြံသူများ၏ မန္တန်စွမ်းအားများနှင့် စိတ်အာရုံများကို ပိတ်ဆို့ထားနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း လီယန်ချူမှာမူ ယခုအချိန်တွင် သိုင်းလမ်းစဉ်၏ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သဖြင့်... ရင်ထဲ၌ ရဲတင်းလှကာ၊ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆိုလိုက်သည်။
"သွားကြစို့... သွားပြီးတော့ ကြည့်ရအောင်"
ကျွေ့ ဟွာသည် ခပ်ဖွဖွလေး ခုန်ပျံလိုက်ရာ... ချက်ချင်းပင် အဖြူရောင်ကျားသစ်ကြီးပုံစံ ကြီးမားသော ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့ပြီး... ကိုယ်ပေါ်တွင် ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအားများဖြင့် ဖြစ်တည်လာသော ဖဲကြိုးများ ဝဲပျံနေခဲ့သဖြင့်... အလွန်ပင် ဆန်းပြားလှပေသည်။
၎င်းမှာ လူ့လောကရှိ သာမန်သတ္တဝါတစ်ကောင် မဟုတ်တော့ဘဲ... ကိုးကွယ်ဆည်းကပ်ခြင်းကို ခံယူထားသော နတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့သည်။
လီယန်ချူသည် သူမ၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး... ကျွေ့ဟွာ၏ တင်ပါးကို ခပ်ဖွဖွလေး ပုတ်လိုက်မိသည်။
ကျွေ့ဟွာမှာမူ ခြေထောက်များ တစ်ချက်မျှ ပျော့ခွေသွားခဲ့ရပြီး... ဆန်းပြားလှသော ခံစားချက်တစ်ခုမှာ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းသွားခဲ့တော့သည်။
မနေနိုင်ဘဲ ခေါင်းကို လှည့်၍ လီယန်ချူအား အပြစ်တင်လိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ
"စီးရင်လည်း စီးပေါ့... ဘာဖြစ်လို့ ငါ့တင်ပါးကို လာပြီး ပုတ်ရတာလဲ"
လီယန်ချူက ခြေထောက်နှစ်ဖက်ဖြင့် ညှပ်လိုက်ပြီး... သူမအား ထပ်မံ၍ တစ်ချက် ပုတ်လိုက်ပြန်သည်။
"သတိထားဦး... ရတနာတွေကို သူတစ်ပါးက လုယူသွားလိမ့်မယ်"
သူသည် ကောက်ကျစ်စွာဖြင့်ပင် စကားလမ်းကြောင်းကို လွှဲပြောင်းပစ်လိုက်ရာ...ကျွေ့ဟွာလည်း ခေါင်းကို ပြန်လှည့်လိုက်ပြီး... ခန္ဓာကိုယ်ကို လှုပ်ရှားလျက် လေပြင်းတစ်ခုအလား ဝဲပျံထွက်ခွာသွားခဲ့တော့သည်။
ဤတောင်ရွာအတွင်းရှိ လူသားများ ဆင်မြန်းထားသော ဝတ်စုံများမှာ အလွန်ပင် ရှေးကျလှပြီး... မဟာရှန်းခေတ်ကာလ က ဝတ်စုံများနှင့် ဆင်တူလှပေသည်။
တာအိုဆရာငယ်တစ်ဦးသည် ကြောင်ကြီးတစ်ကောင်ကို စီးနင်းလျက် ရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
အမျိုးသမီးငယ်လေးတစ်ဦးမှာ ချက်ချင်းပင် မျက်နှာပြင်တစ်ခုလုံး ဖြူဖျော့ ဝေဝါးသွားခဲ့ရပြီး... အော်ဟစ်လိုက်မိတော့သည်။
"မိစ္ဆာကောင်ကြီး ရှိနေတယ်"
သူမသည် ခြေထောက်များ ပျော့ခွေသွားခဲ့ရပြီး... မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရရာ၊ ကြည့်ရသည်မှာ ကြီးစွာ ထိတ်လန့်သွားခဲ့ရရှာပုံပေါ်သည်။
ကျွေ့ ဟွာက အေးစက်စွာဖြင့် -
"မင်းကမှ မိစ္ဆာကောင်... ငါကိုယ်တော်က တောင်စောင့်နတ်ဘုရားပဲ... တောင်စောင့်နတ်ဘုရားကို နားလည်ရဲ့လား"
ထိုလူငယ်အမျိုးသမီး၏ ကိုယ်ပေါ်ရှိ ဝတ်စုံမှာ ပါးလွှာလှပြီး... အသားအရေမှာ အနည်းငယ် ညိုမှောင်နေခဲ့သော်လည်း... ခန္ဓာကိုယ် ကောက်ကြောင်းအလှမှာ ကောင်းမွန်လှပြီး၊ သန်မာထွားကျိုင်းလှသဖြင့်... ကလေးကောင်းစွာ မွေးဖွားနိုင်မည့် ပုံစံမျိုး ရှိပေသည်။
သူမ၏ အော်ဟစ်သံကြောင့် လူအမြောက်အမြား၏ အာရုံစိုက်ခြင်းကို ခံလိုက်ရပြီး... သန်မာထွားကျိုင်းလှသော အမျိုးသားတစ်ဦးသည် မုဆိုးတစ်ဦးအလား ဝတ်ဆင်ထားခဲ့ပြီး... လက်ထဲတွင် သံချွန်စတီးခက်ရင်းကြီး တစ်ခုကို ကိုင်စွဲထားသည်။
"ရှို့အာ... မကြောက်နဲ့... ငါလာပြီ"
သူသည် ခြေလှမ်းအနည်းငယ်အတွင်းမှာပင် အမြန်ပြေးဝင်လာခဲ့ပြီး... လီယန်ချူက ကြောင်ကြီးတစ်ကောင်ကို စီးနင်းထားသည်ကို မြင်လျှင်... လက်ထဲမှ သံချွန်ကို ကိုင်စွဲလျက် ထိုအမျိုးသမီးငယ်၏ အရှေ့မှောက်တွင် ကာကွယ်လိုက်သည်။
"ဘယ်ကလာတဲ့ မိစ္ဆာကောင်လဲ... ငါတို့ ယွန်းရင်ရွာ ထဲကို ဘာဖြစ်လို့ ကျူးကျော်ဝင်ရောက်ရဲတာလဲ"
လီယန်ချူ၏ အကြည့်မှာ ထိုလူနှစ်ဦးထက်သို့ ကျရောက်သွားခဲ့သော်လည်း... သူ၏ ဝိညာဥ်မျက်စိဖြင့်ပင် မည်သည့်ထူးခြားမှုကိုမျှ ထိုးထွင်းမမြင်နိုင်ခဲ့ချေ။
၎င်းတို့နှစ်ဦးမှာ သာမန်လူသားများအလား ဖြစ်နေခဲ့သည်။
"ဒါဆို... ဒါတွေက တကယ့် လူသားအစစ်အမှန်တွေလား"
ထိုအချိန်တွင် ရွာသားအချို့ ထပ်မံ၍ ဝိုင်းအုံလာခဲ့ကြပြီး... သန်မာထွားကျိုင်းလှသော လူငယ်အချို့မှာလည်း လက်ထဲတွင် လေးနှင့် မြားများကို ကိုင်စွဲလျက် ရောက်ရှိလာကြသည်။
လူငယ်မုဆိုးသည် လီယန်ချူနှင့် ကျွေ့ဟွာတို့အား အလွန်ပင် သတိကြီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် ခေါင်းကို လှည့်၍ ထိုအမျိုးသမီးငယ်အား ထပ်မံ၍ နှစ်သိမ့်လိုက်ပြန်သည်။
"ရှို့အာ... မကြောက်နဲ့... ငါရှိနေသရွေ့တော့... မင်းကို ဘယ်သူမှ နာကျင်အောင် မလုပ်နိုင်စေရဘူး"
ထိုအမည်ကို ကြားရလျှင်... လီယန်ချူ၏ နှုတ်ခမ်းစွန်းမှာ မနေနိုင်ဘဲ တစ်ချက်မျှ တွန့်ကွေးသွားခဲ့ရသည်။
ကျွေ့ ဟွာက တည်ငြိမ်စွာဖြင့် -
"ငါကိုယ်တော်က တောင်စောင့်နတ်ဘုရားပဲ... တကယ်လို့ မင်းတို့တွေက ထပ်ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ ပြောနေဦးမယ်ဆိုရင်တော့... ငါကိုယ်တော်ကလည်း အားနာနေမှာ မဟုတ်ဘူး"
သူမ၏ ကိုယ်ပေါ်ရှိ အော်ရာစွမ်းအားမှာ မြင့်မြတ်လှပြီး... ကိုးကွယ်ဆည်းကပ်ခြင်း စွမ်းအားများဖြင့် ဖြစ်တည်လာသော ဖဲကြိုးများမှာလည်း ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်နေခဲ့သဖြင့်... တကယ့်ကိုပဲ ကိုးကွယ်ပူဇော်ခြင်း ခံရသော နတ်ဘုရားတစ်ပါးနှင့် တူညီလှပေသည်။
လူအိုကြီးတစ်ဦးသည် လမ်းလျှောက်ထွက်လာခဲ့ပြီး... သူသည် အလွန်ပင် ဂုဏ်သရေရှိပုံရကာ၊ ချက်ချင်းပင် ဆိုလိုက်သည်။
"ဘယ်သူမှ ဇွတ်တရွတ် မလုပ်ကြနဲ့... ဒါက ထင်ရှားလှတဲ့ နတ်ဘုရားတစ်ပါးပဲ... ဘယ်မှာ မိစ္ဆာကောင် ဖြစ်ရမှာလဲ"
ဤလူအိုကြီးမှာ အလွန်ပင် အရှိန်အဝါ ရှိပုံရပြီး... သူ၏ စကားဆုံးသည်နှင့် လူအများမှာ လက်ထဲရှိ လက်နက်များကို အသီးသီး ချထားလိုက်ကြတော့သည်။
လူအိုကြီးသည် ဦးခေါင်းထက်တွင် မြင့်မားလှသော သရဖူကို ဆင်မြန်းထားပြီး... ကိုယ်ပေါ်ရှိ ဝတ်စုံမှာလည်း အလွန်ပင် ရှေးကျလှကာ... လီယန်ချူထံသို့ လက်နှစ်ဖက်ပူးယှက်လျက် နှုတ်ဆက်လိုက်သည်။
"တာအိုဆရာကြီးက ဘယ်အရပ်မျက်နှာကနေ လာခဲ့ပြီး... ဘယ်ကို သွားရောက်ချင်လို့လဲ မသိဘူး"
လီယန်ချူက အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့သဖြင့်... ပါးစပ်ကို ဖွင့်၍ မေးမြန်းလိုက်သည်။
"အဘိုးအို... ဒီနေရာက ဘာနေရာလဲ"
လူအိုကြီးက ဆိုလိုက်သည်
"ဒီနေရာကို ယွန်းရင်ရွာ လို့ ခေါ်တွင်ပြီး... လျန်နိုင်ငံ ရဲ့ နယ်နိမိတ်အတွင်းမှာ ရှိတာ ဖြစ်တယ်... တာအိုဆရာကြီးက လျန်နိုင်ငံက လူ မဟုတ်ဘူးလား"
လီယန်ချူက မျက်ခုံးကို ပင့်လိုက်ကာ
"လျန်နိုင်ငံ ဟုတ်လား"
သူသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက်... ရင်ခွင်အတွင်းမှ ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်သည်။
ရှစ်ခွင်မှန်၏ မြင့်မြတ်လှသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး... ရွာသားတစ်ယောက်ချင်းစီထက်သို့ ဖြတ်သန်းကြည့်ရှုလိုက်သော်လည်း... မည်သည့်ထူးဆန်းမှုကိုမျှ ရှာမတွေ့ခဲ့ချေ။
၎င်းတို့မှာ လေလွင့်နေသော တစ္ဆေနာများ မဟုတ်ကြဘဲ... အသက်ရှင်ကျန်ရစ်နေသော လူသားအစစ်အမှန်များ ဖြစ်ကြပေသည်။
ပတ်ဝန်းကျင်ရှိ ရွာသားများမှာမူ... လီယန်ချူသည် နတ်ဘုရားတစ်ပါးကို စီးနင်းလျက် ရောက်ရှိလာခြင်း ဖြစ်သည့်အပြင်... မိမိကိုယ်တိုင်ကလည်း အလွန်ပင် ခန့်ညားထည်ဝါပြီး စမတ်ကျလှကာ၊ ထူးခြားလှသော အော်ရာစွမ်းအင်များ ပြည့်နှက်နေသည်။
ထို့ကြောင့် ၎င်းတို့သည် သူအား တန်ခိုးပညာရပ် မြင့်မားလှသော အဆင့်မြင့် ပညာရှင်ကြီးတစ်ဦးအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
ရှေးယခင်က သူတို့သည် သူ့အား မိစ္ဆာကောင်အဖြစ် သတ်မှတ်ခဲ့ကြသည်ကိုလည်း လုံးဝ မေ့လျော့သွားခဲ့ကြပြီ ဖြစ်သည်။
စကားအချို့ ပြောဆိုပြီးနောက်တွင်... ထိုလူအိုကြီးသည် လီယန်ချူအား မိမိ၏ အိမ်တွင်းသို့ ဖိတ်ခေါ် ကြိုဆိုခဲ့သည်။
ထိုလူအိုကြီးမှာ ယွန်းရင်ရွာ၏ ရွာလူကြီး ( ဖြစ်ပြီး... မျိုးရိုးအမည်မှာ ဝမ် ဖြစ်ပေသည်။
လီယန်ချူသည် ထိုလူအိုကြီး၏ ပါးစပ်ဖျားမှ သိရှိခဲ့ရသည်မှာ... ဤနေရာကို လျှပ်စီးကျွန်း ဟု ခေါ်တွင်ပြီး... အတွင်း၌ နိုင်ငံသုံးနိုင်ငံ ရှိနေကာ၊ လျန်နိုင်ငံမှာ ၎င်းတို့အနက်မှ တစ်ခု ဖြစ်သည်ဟူ၍ ဖြစ်သည်။
ဤလူအိုကြီးမှာ သဘာဝအတိုင်း သူအား အခြားနိုင်ငံမှ လာရောက်သော ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။
ကျွေ့ ဟွာသည် မိမိ၏ တန်ခိုးစွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်ကာ... လိမ္မော်ရောင် ကြောင်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲလျက်... လီယန်ချူ၏ ပုခုံးထက်တွင် ပျင်းရိစွာ မှီတွဲနေခဲ့သည်။
လူအိုကြီးသည် ၎င်းတို့နှစ်ဦးအား အလွန်ပင် ထက်ထက်သန်သန်ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ရွာအတွင်းရှိ အစားအစာများမှာ အလွန်ပင် သပ်ရပ်လှပခြင်း မရှိသော်လည်း... ငါးများ၊ အသားများနှင့်... လတ်ဆတ်လှသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များစွာ ရှိနေခဲ့သည်။
လူအိုကြီးက အလွန်ပင် ထက်ထက်သန်သန်ဖြင့် -
"တာအိုဆရာကြီးက ဝေးကွာတဲ့ နေရာကနေ ရောက်ရှိလာတာ ဖြစ်လို့... အရင်ဆုံး ငါတို့ ယွန်းရင်ရွာမှာ သီတင်းသုံးပါဦး... ငါတို့ကိုလည်း အိမ်ရှင်အဖြစ် ဧည့်ခံခွင့် ပေးပါဦး"
လီယန်ချူကလည်း ငြင်းပယ်ခြင်း မရှိဘဲ... တကယ့်ကိုပဲ ဤယွန်းရင်ရွာအတွင်း၌ နေထိုင်ခဲ့တော့သည်။
ရွာလူကြီး ထွက်ခွာသွားခဲ့ပြီးနောက်...ကျွေ့ဟွာက လီယန်ချူအား စိုက်ကြည့်ကာ -
"ဒီနေရာက ထျန်းကျူးနယ်မြေ မဟုတ်ဘူးလား... ဘာဖြစ်လို့ နိုင်ငံအမြောက်အမြား ရှိနေပြီး... ဒီရွာသားတွေပါ ရှိနေရတာလဲ"
လီယန်ချူက ခေါင်းကို ခါယမ်းလိုက်သည်။
ဤနေရာတွင်... စိတ်အာရုံကို ထုတ်ဖော်အသုံးပြု၍ မရသော်လည်း... တန်ခိုးစွမ်းအားများနှင့် မန္တန်များမှာမူ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိချေ။
ရှေးယခင်က သူ သွားရောက်ခဲ့ဖူးသော ထိုရှေးဟောင်းမြို့နယ်လေးများနှင့်မူ မတူညီချေ။
"ရောက်လာမှတော့ အေးအေးဆေးဆေး နေရုံပေါ့... ဒီနေရာမှာ လှည့်ပတ်ကြည့်ရှုရတာကလည်း... မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး"
သူ့ရင်ထဲ၌လည်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့ရသည်... ထင်မှတ်မထားဘဲ မဟာစကြာဝဠာကြီးများအနက်မှ ကမ္ဘာတစ်ခုခုအတွင်းသို့ မှားယွင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး... လျှို့ဝှက်နယ်မြေတစ်ခု မဟုတ်နေခဲ့ခြင်းများလား။
သို့မဟုတ်လည်း ဤကဲ့သို့သော ထျန်းကျူးနယ်မြေမှာ... မူလကတည်းကပင် တစ်ခြား တိုင်းတပါးနယ်မြေ ဖြစ်နေခဲ့ခြင်းများလား။