အခန်း (၂၀၆၁-၂၀၆၂)
Vol. 207 Ch. 2061-2062
အခန်း (၂၀၆၁) ပိုလျှံနေသည်ကို လျှော့ချပြီး လိုအပ်သည်ကို ဖြည့်တင်းခြင်း
"ဘာ"
နုပျိုလန်းဆန်းသည့် လူငယ်လေးတစ်ယောက်မှာ ထိုက်ရှီးဝမ်ကျန်းကို မယုံနိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျန်ရှိနေသည့် ကျောင်းသားသစ်များမှာ သက်ပြင်းချလိုက်ကြသော်လည်း ဖန့်ချန်၏ အစွမ်းမှာ တကယ်ပင် အားကောင်းလွန်းလှသည်ဟု တွေးမိကြသည်။ ကရုဏာတောင်မှာ သူတို့ထင်ထားသလောက် အားနည်းမနေဘူးလား။
သို့သော်လည်း သူတို့ မလောင်းရဲကြပေ။
မည်သို့ဆိုစေကာမူ သူတို့၏ ကံကြမ္မာကို လောင်းကြေးထပ်နေရခြင်း ဖြစ်သည်။ ကရုဏာတောင်ကို မရောက်ရလျှင် အကောင်းဆုံးပင်။
အကယ်၍ ကရုဏာတောင်မှာလည်း အားနည်းမနေဘူးဆိုလျှင် တခြားတောင်ထိပ်များမှာ ပို၍ပင် အားကောင်းနေလိမ့်မည်ဟု ဆိုလိုရာရောက်သည်။
"ဝမ်ချုံစန်း၊ ဒါက ကာကွယ်ရေးဆရာကြီးတွေရဲ့ ဆုံးဖြတ်ချက်ပဲ၊ ငါ့သဘောနဲ့ လုပ်တာ မဟုတ်ဘူး"
ထိုက်ရှီးဝမ်ကျန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
ဝမ်ချုံစန်းက ဖန့်ချန်ကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီးနောက် ခါးသီးစွာဖြင့် -
"ထိုက်ရှီး အစ်ကိုကြီး၊ တခြား ရွေးချယ်စရာ မရှိတော့ဘူးလား"
"မရှိတော့ဘူး"
ထိုက်ရှီးဝမ်ကျန်းက လက်ကို ခါယမ်းပြပြီးနောက် ကျောင်းသားသစ်များကို ခေါ်ဆောင်ကာ တန်းစီ၍ ထွက်ခွာသွားတော့သည်။
ဝေရှင်း၊ ကျိလင်နှင့် အခြားသူများမှာ ဖန့်ချန်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တစ်ချက်စိုက်ကြည့်ပြီးနောက် ဆက်လက် ထွက်ခွာသွားကြသည်။
ခဏချင်းမှာပင် ကရုဏာတောင်ဘက်မှာ အလွန်တိတ်ဆိတ်သွားပြီး တောင်ကြားထဲမှ ရံဖန်ရံခါ ထွက်ပေါ်လာသည့် စာရွတ်သံများသာ ကျန်ရှိတော့သည်။
"မင်းနာမည် ဝမ်ချုံစန်းလား၊ ဘယ်ကနေ ရောက်လာတာလဲ"
ဖန့်ချန်သည် ရှေ့ကလူငယ်လေးကို တည်ငြိမ်စွာဖြင့် ကြည့်၍ မေးသည်။
"ဆရာ... အစ်ကိုကြီး၊ ကျွန်တော်က ယွမ်ကျဲ နတ်ဘုရားနယ်မြေကနေ ရောက်လာတာပါ"
ဝမ်ချုံစန်း၏ မျက်လုံးများမှာ တုန်လှုပ်နေသည်။
သူ့ရှေ့ကလူမှာ အားကောင်းကြောင်း သူ ဝန်ခံသည်။ သို့သော် ကရုဏာတောင်အကြောင်း သတင်းစကားများနှင့် ခရီးမထွက်မီ သူ့ဆရာ ဖြစ်သူ မှာကြားခဲ့သည့် စကားများကြောင့် သူသည် ကရုဏာတောင်၏ တပည့်တစ်ယောက် မဖြစ်ချင်ခဲ့ပေ။
သို့သော် ယခုအချိန်တွင်မူ ကိစ္စမှာ ပြောင်းလဲ၍ မရနိုင်တော့မှန်း သိသဖြင့် မတတ်သာဘဲ လက်ခံလိုက်ရသည်။
"မင်းက ငယ်သေးတာပဲ၊ ငါ မင်းကို ဝမ်ငယ် လို့ပဲ ခေါ်တော့မယ်။ မင်းက အသက်ငါးရာ မပြည့်ခင်မှာတင် တစ်ပိုင်းသူတော်စင် ဖြစ်နေပြီဆိုတော့ မင်းရဲ့ ပါရမီက အတော်လေး ထက်မြက်ပုံရတယ်။ အတွင်းကမ္ဘာနယ်မြေက ဘယ်အဆင့်လဲ"
ဖန့်ချန်က ပြုံး၍ မေးသည်။
"'ဝမ်ငယ်' ဟုတ်လား"
ဝမ်ချုံစန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ကို တစ်ခါမှ ဤကဲ့သို့ မခေါ်ဖူးသော်လည်း တစ်ဖက်လူမှာ သူ့ထက် အသက်ကြီးပြီး စောဝင်ထားသည့် အကြီးတန်းကျောင်းသား ဖြစ်သဖြင့် ဤသို့ ခေါ်ခြင်းမှာ မမှားပေ။
စိတ်ထဲရှိသည့် မသက်ဆိုင်သော အတွေးများကို ဖယ်ထုတ်လိုက်ပြီးနောက် ဝမ်ချုံစန်း၏ မျက်လုံးထဲတွင် မောက်မာမှုအနည်းငယ် ပေါ်လာသည်။
"အစ်ကိုကြီး၊ ကျွန်တော့်ရဲ့ အတွင်းကမ္ဘာနယ်မြေ အဆင့်ကတော့ အဲ့လောက် မမြင့်ပါဘူး၊ ကမ္ဘာကြီးအဆင့်ပဲ ရှိပါတယ်"
ကမ္ဘာကြီးအဆင့်
သူ ကမ္ဘာကြီးအဆင့် အတွင်းကမ္ဘာနယ်မြေကို စုစည်းနိုင်ခဲ့သည့်အချိန်က ဝမ်မျိုးနွယ်စု တစ်ခုလုံး အံ့အားသင့်ခဲ့ရသည်။
အသက်စွမ်းအင် နှင့် ကမ္ဘာတည်ဆောက်ခြင်းသူတော်စင်များစွာတို့သည် အမှန်တကယ် ဟုတ်မဟုတ် စစ်ဆေးရန် ရောက်လာကြပြီး၊ အတွင်းကမ္ဘာနယ်မြေ အဆင့်မှာ အမှန်တကယ်ပင် ကမ္ဘာကြီးအဆင့်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူတို့အားလုံး သူ့ကို တပည့်အဖြစ် ခံယူချင်ခဲ့ကြသည်။
သူတို့ထဲတွင် ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့၌ ရာထူးကြီးကြီး ရယူထားသူများပင် ပါဝင်သည်။
ဤကဲ့သို့ အရည်အချင်းမျိုးဖြင့် နောင်တစ်ချိန်တွင် ကမ္ဘာကြီးသူတော်စင် အဆင့်သို့ မရောက်နိုင်ဘူးဟု မဆိုသာသော်လည်း အသက်စွမ်းအင်အဆင့်ကိုတော့ ကျော်လွန်သွားနိုင်ပြီး ကမ္ဘာတည်ဆောက်ခြင်းအဆင့်ထိတော့ အနည်းဆုံး ရောက်နိုင်မည်မှာ သေချာသည်။
"အဲ့ဒီအရည်အချင်းက တကယ်တော့ မမြင့်ပါဘူး။ ငါတို့ ကရုဏာတောင်က တပည့်တွေရဲ့ ပါရမီတွေက မညံ့ကြပါဘူး။ ဒီလိုလုပ်၊ တခြား အစ်ကိုကြီး၊ အစ်မကြီးတွေလည်း မလာကြသေးတော့ ငါ မင်းကို ကရုဏာတောင်နဲ့ ရင်းနှီးအောင် အရင် လိုက်ပြပေးမယ်"
ဖန့်ချန်က သာမန်အတိုင်း ခေါင်းညိတ်ပြီးနောက် လှည့်ထွက်သွားသည်။
ဝမ်ချုံစန်းမှာ ထိုနေရာတွင် ခဏမျှ ငေးမှိုင်နေသည်။
တစ်ဖက်လူမှာ မိမိ၏ အရည်အချင်းကို မြင်လျှင် အံ့အားသင့်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် ဤမျှလောက်ပင် ဂရုမစိုက်ဟန် ပြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟုတ်တာပဲ၊ ရွှေဟွေးတက္ကသိုလ်ဆိုတာ ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းကျောင်း ဖြစ်တာပဲ၊ ငါ့ရဲ့ ကမ္ဘာကြီးအဆင့်ပါရမီကို အထင်မကြီးတာလည်း မဆန်းပါဘူး……"
ဤသို့ တွေးမိသောအခါ ဝမ်ချုံစန်း၏ စိတ်ထဲတွင် ရှိနေသည့် မောက်မာမှုမှာ ချက်ချင်းပင် လျော့နည်းသွားပြီး ဖန့်ချန်၏ နောက်မှ အမြန်လိုက်ပါသွားသည်။
ဖန့်ချန်သည် သူ့ကို စာကြည့်တိုက်သို့ ခေါ်သွားကာ လှည့်လည်ပြသသည်။
"ဖန့် အစ်ကိုကြီး၊ ဒီမှာရှိတဲ့ စာအုပ်တွေက အကုန်လုံး အလကား စာတွေပဲ။ နတ်ဘုရားစွမ်းအားကိုလည်း မသင်ပေးဘူး၊ ကျင့်ကြံနည်းကိုလည်း မပြောပြဘူး……
ဒီစာအုပ်တွေကို ဖတ်လို့ ဘာအသုံးဝင်မှာလဲ"
ဝမ်ချုံစန်းမှာ တစ်ပတ်ပတ်ကြည့်ပြီးနောက် မေးမြန်းလိုက်သည်။
"ဘယ်လိုလုပ် အသုံးမဝင်မှာလဲ ဒီစာအုပ်တွေက ဟင်လင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ရဲ့ သမိုင်းအကြောင်းကို ပြောပြနေတာပဲ။ အရာရာတိုင်းမှာ ဗဟုသုတတွေ ပါဝင်နေတယ်။
ငါတို့ ကရုဏာတောင်က စိတ်နှစ်ခွမရှိဘဲ စာပေကျမ်းဂန်တွေကိုပဲ ဖတ်ရှုဖို့၊ အပြင်လောကရဲ့ ကိစ္စတွေကို နားမထောင်ဘဲနေဖို့ အလေးထားတယ်။ တတ်နိုင်သလောက်တော့ တခြားသူတွေနဲ့ မတိုက်ခိုက်ဘဲ နေနိုင်အောင် ကြိုးစားရမယ်"
ဖန့်ချန်က သာမန်အတိုင်း ပြောသည်။
"ဒါပေမဲ့ ဒီလိုဆိုရင် ဘယ်လိုလုပ် စွမ်းအား တိုးတက်မှာလဲ"
ဝမ်ချုံစန်းမှာ အံ့ဩတကြီး မေးသည်။
သူတစ်ယောက်တည်း မဟုတ်၊ ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ထဲရှိ ၉၉ ရာခိုင်နှုန်းသော သူများသည် စွမ်းအား တိုးတက်ချင်လျှင် အပြင်ထွက်၍ တခြားသူများနှင့် အဆက်မပြတ် တိုက်ခိုက်ကာ မိမိကိုယ်ကို ပွတ်တိုက် လေ့ကျင့်ရမည်ဟု ထင်မှတ်ထားကြသည်။
တံခါးပိတ် ကျင့်ကြံခြင်းမှာ လုံးဝ မဖြစ်နိုင်ဟု သူတို့ ယုံကြည်ကြသည်။
"မင်းမှာ နှစ်တစ်ထောင် သင်တန်းကာလ ရှိတယ်။ ဒီတစ်ထောင်က မင်း နားလည်သဘောပေါက်ဖို့ လုံလောက်တာပေါ့။
ဘာလို့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ပြီး ကောင်းကင်ငါးပါး စစ်မြေပြင်မှာ တိုက်ခိုက်နေဦးမှာလဲ။
မင်း တိုက်ပွဲအနည်းငယ် ရှုံးသွားရင် တစ်နှစ်ကို ပေးရတဲ့ ရွှေဟွေးတံဆိပ် (၃၀) ကိုတောင် ရှာနိုင်တော့မှာ မဟုတ်ဘူး။
အသက်ပါ ဆုံးရှုံးသွားရင် ပိုတောင် ဆုံးရှုံးရဦးမယ်"
ဖန့်ချန်က တည်ငြိမ်စွာဖြင့် -
"ဒီနှစ်တစ်ထောင်က မင်းရဲ့ စိတ်ရှည်သည်းခံမှုကို လေ့ကျင့်ပေးတာပဲ။ မင်း ဒီနှစ်တစ်ထောင်အတွင်းမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်နိုင်ရင် နောက်ထပ် အဆင့်တိုင်းမှာ ပိုပြီး အောင်မြင်လွယ်ကူလာလိမ့်မယ်။ လမ်းလွဲစရာ မလိုတော့ဘူး"
ခဏမျှ ရပ်တန့်ပြီးနောက် -
"ဒါ့အပြင် ငါတို့ ကရုဏာတောင်က ကောင်းမွန်ခြင်းကို အလေးထားတယ်။ မသတ်ဖြတ်နိုင်ရင် မသတ်ဖြတ်ဘဲ နေရမယ်၊ သူတစ်ပါးကို ကောင်းရာလမ်းကို ညွှန်ပြပေးနိုင်ရင်လည်း လွတ်မသွားစေနဲ့။ ဒါကို အပြင်ပန်း သူတော်ကောင်း၊ အတွင်းမှာ ဧကရာဇ် လို့ ခေါ်တယ်"
ဝမ်ချုံစန်းမှာ ကြားရသည်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ ထိုအချိန်တွင် ဖန့်ချန်သည် သူ့ကို စာသင်ခန်းသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
ကျန်းတောက်ယွဲ့တို့မှာလည်း စာရွတ်ဆိုခြင်းကို ရပ်လိုက်ပြီး ဝမ်ချုံစန်းကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ကြသည်။
နှစ်ဦးစလုံး အပြန်အလှန် မိတ်ဆက်ကြပြီးနောက် ကျန်းတောက်ယွဲ့မှာ ကမ္ဘာတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် သူတော်စင် ဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်ချုံစန်း၏ ကရုဏာတောင်အပေါ် အထင်သေးမှုမှာ သိသိသာသာ လျော့နည်းသွားသည်။
"ဒီလူတွေ... အကုန်လုံးက သူတော်စင်တွေပဲ။ ဖန့်အစ်ကိုကြီးမှ ဝင်လာတာ နှစ်ငါးရာပဲ ရှိသေးလို့ တစ်ပိုင်းသူတော်စင်အဆင့်မှာ ရှိနေတာ၊ ဒါပေမဲ့ မေဒေါင်ကွမ်းကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့တယ်...
ကရုဏာတောင်က ငါ ထင်ထားတာထက် အများကြီး သာလွန်နေတာပဲ၊ ဘာလို့ လူတိုင်းက ကရုဏာတောင်က အားနည်းတယ်လို့ ပြောနေကြတာလဲ"
ဝမ်ချုံစန်းမှာ အကြောင်းရင်းကို နားမလည်နိုင် ဖြစ်နေသည်။
သို့သော် ကျန်းတောက်ယွဲ့က ကရုဏာတောင်၏ ကြီးမားသော နည်းလမ်းသုံးသွယ်အကြောင်း ပြောပြသည့်အခါ ဝမ်ချုံစန်းမှာ သဘောပေါက်သွားသည်။
"ဟုတ်ပြီ၊ ဒီနည်းလမ်းသုံးသွယ်ရဲ့ စွမ်းအားက အားနည်းလွန်းလို့ပဲ။
ခုဏက ဖန့်အစ်ကိုကြီး မေဒေါင်ကွမ်းကို နိုင်ဖို့ သုံးခဲ့တဲ့ နည်းလမ်းကလည်း ကရုဏာတောင်ရဲ့ နည်းလမ်းသုံးသွယ် မဟုတ်ဘူး။ အားနည်းလွန်းလို့ သူ မသုံးခဲ့တာ ဖြစ်လိမ့်မယ်……"
"ဝမ်ငယ်၊ အစ်ကိုကြီး၊ အစ်မကြီးတွေကို မင်း သိပြီးပြီဆိုတော့ ဒီကာလအတွင်းမှာ ဒီမှာပဲ စာကောင်းကောင်း ဖတ်ပြီး အစ်ကို၊ အစ်မတွေနဲ့ ပိုရင်းနှီးအောင် လုပ်ထားလိုက်ဦး"
ဖန့်ချန်က ဝမ်ချုံစန်း၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။
"စာဖတ်တာ... စာဖတ်တာက ကျွန်တော့်အတွက် မသင့်တော်လောက်ဘူး..."
ဝမ်ချုံစန်းမှာ အခက်တွေ့နေဟန်ဖြင့် -
"ကျွန်တော်က ငယ်ငယ်လေးကတည်းက တိုက်ခိုက်ရတာကို ကြိုက်တာ။ တခြားသူနဲ့ မတိုက်ရရင် မနေတတ်ဘူး"
"ကောင်းကင်လမ်းစဥ် ဆိုတာ ပိုလျှံနေသည်ကို လျှော့ချပြီး လိုအပ်သည်ကို ဖြည့်တင်းပေးတာပဲ။ တခြားသူနဲ့ တိုက်ခိုက်တာက ကောင်းတဲ့အရာ ဖြစ်ပေမဲ့ နည်းလမ်းကို သိဖို့ လိုတယ်။
အကယ်၍ တိုက်ခိုက်မှုကြောင့် ကိုယ့်အတွင်းကမ္ဘာနယ်မြေရဲ့ အခြေခံစွမ်းအားကို ပျက်စီးစေပြီး ကိုယ့်ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေမယ်ဆိုရင်တော့ အကျိုးမရှိတဲ့အပြင် အရှုံးနဲ့သာ ရင်ဆိုင်ရလိမ့်မယ်"
ကျန်းတောက်ယွဲ့က ဝမ်ချုံစန်းကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
" ခုဏက ဖန့်ညီလေးနဲ့ ကျိုကျီတောင်က မေဒေါင်ကွမ်း တိုက်ပွဲကို မင်း မြင်ခဲ့တယ်မလား"
"မြင်ခဲ့ပါတယ်"
ဝမ်ချုံစန်းက အလျင်အမြန် ခေါင်းညိတ်သည်။
"ဘာမှ အပြောင်းအလဲ မရှိရင် မေဒေါင်ကွမ်းရဲ့ သူတော်စင်လမ်းမှာ အဆုံးသတ်သွားပြီ။
သူ မကြိုးစားလို့လား ပါရမီ မရှိလို့လားအခွင့်အရေး မရှိလို့လား။
သူ့ရဲ့ ဒီနှစ်ငါးရာအတွင်းမှာ ကြိုးစားခဲ့တာ၊ ပါရမီကလည်း မညံ့ဘူး။ ရွှေဟွေးတက္ကသိုလ်ကို ဝင်နိုင်တာက သူ့အခွင့်အရေးပဲ။
ဒါပေမဲ့ ဘာလို့ ဒီလို အဖြစ်ဆိုးမျိုး ကြုံရတာလဲ"
ကျန်းတောက်ယွဲ့က စိတ်စေတနာကောင်းဖြင့် -
"တိုက်ခိုက်ရတာကို အရမ်းကြိုက်လွန်းလို့ပဲ။ ကရုဏာတောင်က တခြားသူကို ကောင်းရာလမ်းကို ညွှန်ပြဖို့၊ တိတ်ဆိတ်စွာ နေထိုင်ဖို့ကို အလေးထားတယ်။
ဒီလိုမှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီး ပိုမိုမြင့်မားတဲ့ အဆင့်ကို တက်လှမ်းနိုင်မှာ"
ဝမ်ချုံစန်းမှာ ကြောင်အသွားပြီး စိတ်ထဲမှ ပြန်လည်ချေပချင်သော်လည်း မည်သို့ စပြောရမည်ကို မသိတော့ပေ။ နောင်တစ်ချိန်တွင် ကရုဏာတောင်မှာသာ နေရတော့မည်၊ တောင်ကို ပြောင်း၍ မရတော့မည်ကို သိလိုက်ရသောအခါ သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အားမလိုအားမရဖြင့် -
"အစ်ကိုကြီး၊ ကျွန်တော် ပြန်ပြီး စဥ်းစားလိုက်ပါဦးမယ်"
"ဟုတ်ပြီ၊ နောက်ရက်ကျရင် စာဖတ်ဖို့ လာခဲ့ဦးနော်"
ကျန်းတောက်ယွဲ့က ပြုံး၍ ပြောသည်။
ဝမ်ချုံစန်းမှာ ထွက်ပြေးသွားသကဲ့သို့ပင် ထိုနေရာမှ ထွက်ခွာသွားသည်။
သူ ထွက်သွားပြီးနောက် လူတိုင်း၏ အကြည့်မှာ ဖန့်ချန်ဆီသို့ ရောက်သွားကြသည်။
"ဖန့်ညီလေး၊ ငါတို့နဲ့ စာရင် မင်းရဲ့ စိတ်ရှည်မှုက အလွန်ကောင်းတယ်။ နှစ်ငါးရာကျော်လောက် သည်းခံခဲ့ပြီးမှ ဒီတစ်ခေါက် ဘာလို့ သည်းမခံနိုင်ရတာလဲ။
မင်းကို ၃ ပုံ ၁ ပုံပဲ ထုတ်ပြခိုင်းတာလေ၊ ၈ ပုံလောက် ထုတ်ပြတာ မဟုတ်ဘူး။ အခုတော့ မေဒေါင်ကွမ်းရဲ့ သူတော်စင်လမ်းကို ဖြတ်တောက်လိုက်တာပဲ။ ကျိုကျီတောင်က ဝေဆရာက ငါတို့ဆရာဆီ လာပြီး ဒုက္ခပေးတော့မှာပဲ"
ကျန်းတောက်ယွဲ့က စိတ်စေတနာကောင်းဖြင့် -
"နောင်ဆိုရင်တော့ သည်းခံဖို့ မမေ့နဲ့ဦး"
ဖန့်ချန် စကားမပြောရသေးခင်မှာပင် အပြင်ဘက်မှ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။
"ရှူရှန့်၊ အပြင်ကို ထွက်ခဲ့ "
အခန်း (၂၀၆၂) မင်းမသေရင် ငါသေရမည်
"ကျိုကျီတောင်က ဝေဆရာ ရောက်လာပြီ။"
ကျန်းတောက်ယွဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ချက်ချင်းပင် သူ့နေရာသို့ ပြန်ထိုင်ကာ စာပေကျမ်းဂန်များကို ဆက်လက် ရွတ်ဆိုနေလိုက်သည်။
ထိုအချိန်တွင် ရှူရှန့် သည် စာသင်ခန်းထဲသို့ ဝင်လာပြီး အေးစက်စက် အကြည့်များဖြင့် လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် ကျန်းတောက်ယွဲ့အပေါ်၌ အကြည့်ရပ်တန့်သွားသည်။
"ကျန်းတောက်ယွဲ့၊ မင်းက အကြီးတန်း တပည့် ဖြစ်လျက်နဲ့ ဒီလို ကိစ္စလေးကိုတောင် ဘာလို့ သေချာ မရှင်းနိုင်ရတာလဲ။"
"ဆရာ၊ လင်ဖုန်းက ကျွန်တော့်ရဲ့ အဓိပ္ပာယ်ကို လွဲမှားပြီး နားလည်သွားတာ ဖြစ်နိုင်ပါတယ်။ သူ့ကို အပြစ်မတင်ပါနဲ့။"
ကျန်းတောက်ယွဲ့က ထရပ်လိုက်ပြီး လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်။
လင်ဖုန်းမှာ ထိုမြင်ကွင်းကို ကြောင်ကြည့်နေမိပြီး နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမှ မဆိုနိုင်ခဲ့ပေ။
"ကိစ္စက ဖြစ်ပျက်ခဲ့ပြီဆိုတော့ အကုန်လုံး ငါနဲ့အတူ အပြင်ကို လိုက်ခဲ့၊ ဟိုဘက်က ဘယ်လိုမျိုး အဖြေတောင်းဆိုမလဲဆိုတာ သွားကြည့်ကြတာပေါ့ "
ရှူရှန့်က ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
လူတိုင်းမှာလည်း ဘာမှ ပြန်မပြောဝံ့ဘဲ သူ့နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားကြသည်။
အစအဆုံးတိုင်အောင်ပင် သူသည် ဖန့်ချန်ကို ဒုက္ခမပေးခဲ့သည့်အပြင် ဖန့်ချန်ကို တစ်ခွန်းမျှပင် အပြစ်တင် ဆူပူခြင်း မရှိခဲ့ပေ။
ကရုဏာတောင်အပြင်ဘက်တွင် ခမ်းနားထည်ဝါသော အတွင်းကမ္ဘာနယ်မြေ၏ တံခါးဝတစ်ခုမှာ ဝိုးတဝါး ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
စွမ်းအင်စုစည်းခြင်း သူတော်စင်တို့၏ အတွင်းကမ္ဘာနယ်မြေနှင့် ယှဉ်လျှင် ဤအတွင်းကမ္ဘာနယ်မြေမှာ အဆပေါင်းများစွာ ပိုမို အားကောင်းနေသည်။
ရှူရှန့်သည် လူတိုင်းကိုခေါ်၍ ကရုဏာတောင်အပြင်ဘက်သို့ ရောက်လာပြီး ထိုအတွင်းကမ္ဘာနယ်မြေကို မြင်လိုက်ရသည့်အခါ အေးစက်စက် ပြုံးလိုက်သည်။
"ဝေကွမ်းရှောင်၊ မင်းကတော့ သြဇာအာဏာကြီးလှချည်လား၊ ငါ့ရဲ့ ကရုဏာတောင်ရှေ့အထိတောင် လာရောက်ပြီး အနိုင်ကျင့်နေတာလား။ ငါတို့ ကရုဏာတောင်က လူတိုင်းဟာ စာပေသာ တတ်ကျွမ်းပြီး တိုက်ခိုက်ရင် အားမရှိတဲ့သူတွေလို့ ထင်နေတာလား။"
"ဒီစကားတွေ ထားလိုက်ပါ၊ ငါ့တပည့် မေဒေါင်ကွမ်းရဲ့ သူတော်စင်လမ်းကို အဖြတ်ခံလိုက်ရတာ၊ ဒီအကြွေးကို မင်း ဘယ်လိုရှင်းမလဲ။"
"မင်းရဲ့ တပည့်တွေကပဲ ငါ့ရဲ့ ကရုဏာတောင် တပည့်တွေကို ခဏခဏ လာရောက် စိန်ခေါ်နေတာလေ၊ အခု တစ်ခါရှုံးသွားတာနဲ့ သူတော်စင် ဖြစ်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာက ဘယ်သူ့အပြစ်လဲ။"
ရှူရှန့်က လက်စများကို လိပ်တင်လိုက်ပြီး -
"မင်းက မင်းတပည့်အတွက် လက်စားချေချင်တယ်ဆိုရင် ငါနဲ့ တိုက်၊ လာခဲ့၊ ဒီနေ့ မင်းမသေရင် ငါသေရမယ် "
ချက်ချင်းပင် သူ၏ ရုပ်ခန္ဓာမှာ အတွင်းကမ္ဘာနယ်မြေထဲသို့ ပျောက်ကွယ်သွားသည်။
ခမ်းနားလှသော အတွင်းကမ္ဘာနယ်မြေ တံခါးဝမှာ ချက်ချင်းပင် ပွင့်ဟလာပြီး ၎င်း၏ စွမ်းအားမှာ ဝေကွမ်းရှောင်ထက် လုံးဝ မလျော့နည်းပေ။
"ရှုံးနိမ့်ဖူးတဲ့ သူက ဘာပြောရမှာလဲ၊ တိုက်ရင် တိုက်မှာပေါ့၊ ငါက မင်းကို ကြောက်နေရမှာလား "
ဝေကွမ်းရှောင်မှာလည်း အလျှော့မပေးပေ။
နှစ်ဦးစလုံးမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်ထဲသို့ ပြေးဝင်ပျောက်ကွယ်သွားကြသည်။
"အစ်ကိုကြီး၊ ဒီလို တိုက်ပွဲမျိုးကို ကျွန်တော်တို့လည်း သွားကြည့်သင့်တယ်မလား။ တစ်စုံတစ်ရာ သင်ယူနိုင်ကောင်းပါရဲ့ "
တစ်ယောက်ယောက်က ကျန်းတောက်ယွဲ့ကို မျှော်လင့်ချက်ဖြင့် ကြည့်ပြီး မေးလိုက်သည်။
ကျန်းတောက်ယွဲ့သာ ခေါင်းညိတ်လိုက်မည်ဆိုလျှင် သူတို့အားလုံး ဟင်းလင်းပြင်ထဲသို့ ပြေးဝင်ကာ ကမ္ဘာကြီးအဆင့် သူတော်စင်နှစ်ဦး၏ တိုက်ပွဲကို သွားကြည့်ကြပေလိမ့်မည်။
"မင်းတို့ သေချင်လည်း သေပေါ့၊ ငါကတော့ အသက်ရှင်ချင်သေးတယ်။"
ကျန်းတောက်ယွဲ့က တည်ငြိမ်စွာဖြင့် ပြောသည်။
"ကမ္ဘာကြီးအဆင့် သူတော်စင်တွေ တိုက်ကြတာဟာ ကောင်းကင်နဲ့ မြေကြီးကိုပါ ပျက်စီးစေနိုင်တယ်။ သူတို့ တိုက်ပွဲရဲ့ ပိုလျှံစွမ်းအင် အနည်းငယ်မျှနဲ့တင် မင်းတို့ရော ငါ့ရဲ့ အတွင်းကမ္ဘာနယ်မြေကိုပါ လုံးဝ ဖျက်ဆီးပစ်နိုင်တယ်။ မင်းတို့ သွားချင်ရင် ကိုယ့်ဖာသာ သွားကြ၊ ငါတော့ မသွားဘူး "
"ဒါဆိုရင် ကျွန်တော်တို့လည်း မသွားတော့ပါဘူး။"
လူတိုင်းက အားနာစွာဖြင့် ပြန်ပြောကြသည်။
သူတို့သည် ကမ္ဘာကြီးအဆင့် သူတော်စင်တို့၏ တိုက်ပွဲကို အမှန်တကယ် မမြင်ဖူးသဖြင့် ၎င်း၏ အတိုင်းအတာကို မသိကြသော်လည်း အနည်းငယ် တွေးကြည့်ရုံဖြင့် နားလည်နိုင်သည်။
ဤအဆင့်အတန်းရှိသော အားကောင်းသူတို့၏ ကျင့်စဉ်အဆင့်မှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည်။
ထိုသူနှစ်ဦးမှာ ရွှေဟွေးတက္ကသိုလ်၏ ဆရာများ ဖြစ်ကြသည်။
အပြင်လောကရှိ နယ်မြေအသီးသီးကို စောင့်ကြပ်နေသည့် နတ်ဘုရားနယ်မြေ နယ်မြေရှင်များထက်ပင် အဆပေါင်းများစွာ ပို၍ အစွမ်းထက်ကြသည်။
မဟုတ်ရင် ကမ္ဘာတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေပြီး ကမ္ဘာကြီးအဆင့် သူတော်စင်ဖြစ်ဖို့ တစ်ဆင့်သာ လိုတော့သည့် ကျန်းတောက်ယွဲ့တောင်မှ အဘယ်ကြောင့် သွားကြည့်ဖို့ မဝံ့ရဲပါမည်နည်း။
"ဖန့်ညီလေး၊ ဆရာတို့ရဲ့ ဒီတိုက်ပွဲကတော့ နှစ်ပေါင်းများစွာကြာမှ ပြီးဆုံးမှာ။ မင်း အရင်ဆုံး စွမ်းအားစွမ်းရည်ခန်းမကို သွားပြီး မဟာကရုဏာလက်သီးကို လေ့လာကြည့်ပါလား။"
ကျန်းတောက်ယွဲ့က ပြောရင်းနှင့် ရွှေဟွေးတံဆိပ် (၂၀) ကို ထုတ်ယူကာ ဖန့်ချန်ကို ပေးလိုက်သည်။
"အစ်ကိုကြီး၊ အစ်ကို့ဆီမှာ လုံလောက်ရဲ့လား "
ဖန့်ချန်မှာ ထူးဆန်းသည့် အကြည့်ဖြင့် မေးသည်။
"ဖန့်ညီလေး၊ အစ်ကိုကြီးအတွက် မပူပါနဲ့။ ငါတို့အထဲမှာ အစ်ကိုကြီးရဲ့ စည်းစိမ်ဥစ္စာက အကြွယ်ဝဆုံးပဲ၊ မင်း ခန့်မှန်းလို့တောင် မရနိုင်ဘူး "
တစ်ယောက်ယောက်က ရယ်မောလျက် ပြောသည်။
ကျန်းတောက်ယွဲ့မှာ တည်ငြိမ်စွာပင် နေနေပြီး မောက်မာခြင်း မရှိဘဲ ဖန့်ချန်၏ ပခုံးကို ခပ်ဖွဖွ ပုတ်ကာ စိတ်စေတနာကောင်းဖြင့် ပြောသည်။
"နောက်ဆိုရင် လုပ်ကိုင်တာ သတိထားပါဦး။ ဆရာ့အတွက် နောက်ထပ် ဒုက္ခတွေ မရှာပေးနဲ့တော့၊ နားလည်လား။
ကိစ္စတိုင်းမှာ သည်းခံပါ၊ တစ်လှမ်းဆုတ်ပေးလိုက်ရင် ကောင်းကင်တစ်ခုလုံး ကျယ်ပြန့်သွားမှာပါ။ တကယ်လို့ တကယ်ကို သည်းမခံနိုင်တော့ဘူးဆိုရင် အစ်ကိုကြီး၊ အစ်မကြီးတွေကို ပြောလိုက်ပါ၊ သူတို့ကပဲ သွားပြီး ညှိနှိုင်းပေးလိမ့်မယ်။ လူတွေကို ကောင်းရာလမ်းကို ညွှန်ပြပေးဖို့ဆိုတာ သူတို့ရဲ့ အထူးကျွမ်းကျင်မှုပဲ "
"ဟုတ်ကဲ့၊ အစ်ကိုကြီး"
ဖန့်ချန်က အဆက်မပြတ် ခေါင်းညိတ်သည်။
"သွားတော့"
ကျန်းတောက်ယွဲ့က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ဖန့်ချန်မှာ ထပ်မံ၍ စွမ်းအားစွမ်းရည်ခန်းမသို့ ရောက်လာခဲ့သည်။
ရက်အနည်းငယ် အကြာတွင် ကျန်းတောက်ယွဲ့တို့မှာလည်း ဤနေရာတွင် စုဝေးနေကြပြန်သည်။
"နောက်ထပ် နားလည်သဘောပေါက်မှု တစ်ခု အောင်မြင်ပြန်ပြီ။ အစ်ကိုကြီး၊ ကောင်းကင်နိမိတ်ဖြစ်စဥ် အတွင်းကမ္ဘာနယ်မြေက တကယ်ပဲ ဒီလောက်တောင် ထူးခြားတာလား "
လင်ဖုန်းမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကျွန်တော့်လို ကမ္ဘာကြီးအဆင့် အတွင်းကမ္ဘာနယ်မြေပဲ ရှိတဲ့သူဆိုရင် နောက်ပိုင်းမှာ ဘာအနာဂတ်မှ ရှိမှာ မဟုတ်တော့ဘူး..."
"အတွင်းကမ္ဘာနယ်မြေရဲ့ အဆင့်မြင့်လေလေ ကျင့်ကြံဖို့အတွက် အကျိုးရှိလေလေ ဆိုတာ အမှန်ပဲ။
ဒါပေမဲ့ တကယ့်ကို ဘယ်လို အောင်မြင်မှုမျိုး ရနိုင်မလဲဆိုတာက အတွင်းကမ္ဘာနယ်မြေ တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘူး။
စွမ်းအားစွမ်းရည်ကို နားလည်သဘောပေါက်ခြင်းကလည်း အတွင်းကမ္ဘာနယ်မြေနဲ့ မဆိုင်ဘူး။ ဖန့်ညီလေးရဲ့ ပါရမီက အလွန်ကောင်းမွန်လို့ပဲ၊ မဟုတ်ရင်လည်း ဖန့်ညီလေးရဲ့ စိတ်ဝိညာဉ်စွမ်းအားက ပုံမှန်ထက် ပိုပြီး အားကောင်းနေလို့ ဖြစ်မယ် "
ကျန်းတောက်ယွဲ့က ပြုံး၍ ပြောသည်။
"ငါခန့်မှန်းတာကတော့ ပထမအချက် ဖြစ်မယ်။ ဖန့်ညီလေးရဲ့ ပါရမီက တကယ်ပဲ ထက်မြက်တာပါ။ နောက်ထပ် ရာစုနှစ်အနည်းငယ် ကြာရင် သူက စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို လွယ်လွယ်ကူကူနဲ့ တက်လှမ်းနိုင်လိမ့်မယ်။
အဲဒီအခါကျရင် မင်းတို့ထဲမှာ ရိုးရှင်းတဲ့ လုပ်ငန်းတစ်ခုခု ရှိရင် ဖန့်ညီလေးကို လုပ်ကြည့်ခိုင်းလိုက်ပါ။ အဲဒါဆိုရင် ဖန့်ညီလေးလည်း ငါတို့ ကရုဏာတောင်ရဲ့ ပညာရှိစာပေတွေကို ဘယ်လို လေ့လာရမလဲဆိုတာကို သိသွားလိမ့်မယ် "
"အဲဒါဆိုရင် ကျွန်တော် ပြင်ဆင်မှု အနည်းငယ် လုပ်ထားလိုက်မယ်၊ အဲဒီအခါကျရင် ရိုးရှင်းတဲ့ လုပ်ငန်းတစ်ခုကို ဖန့်ညီလေးကို လုပ်ခိုင်းလိုက်မယ်။"
လင်ဖုန်းက စဉ်းစားကာ ပြောသည်။
"ဒါပေမဲ့ စွမ်းအင်စုစည်းခြင်း အဆင့် နောက်ဆုံးပိုင်းမှာ ရှိတဲ့သူတစ်ယောက်တော့ လိုက်သွားဖို့ လိုအပ်မယ်။"
"စွမ်းအင်စုစည်းခြင်း အဆင့် နောက်ဆုံးပိုင်းဆိုရင်တောင် မလုံလောက်ဘူး၊ ဝမ်ယန်ညီမလေးကို သွားခိုင်းလိုက်။"
ကျန်းတောက်ယွဲ့၏ အကြည့်မှာ လူအုပ်ထဲရှိ အေးစက်စက် အမူအရာရှိသော အမျိုးသမီးတစ်ယောက်အပေါ် ရောက်သွားသည်။
ဤအမျိုးသမီးမှာ ကြည်လင်နေသော ရေအိုင်လေးတစ်ခုကဲ့သို့ ဖြစ်ပြီး တစ်ကိုယ်လုံးတွင် ယဉ်ကျေးမှုနှင့် အေးဆေးတည်ငြိမ်ခြင်း အငွေ့အသက်များ လွှမ်းခြုံနေကာ ကြည့်လိုက်ရုံနှင့်ပင် စိတ်ကို အေးချမ်းစေသည်။
"အစ်ကိုကြီး စဉ်းစားပေးတာ တကယ်ပဲ ပြည့်စုံပါတယ်။ ဝမ်ယန်အစ်မကြီးသာ လိုက်ပါသွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲ။"
လင်ဖုန်းမှာ ချက်ချင်းပင် ချီးကျူးစကား ဆိုလိုက်သည်။
"အစ်ကိုကြီး၊ အကယ်၍ ဖန့်မောင်လေးက နှစ်တစ်ထောင်အတွင်းမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ရင်ကော "
ဝမ်ယန်ချင်ရှုက တည်ငြိမ်စွာ မေးလိုက်သည်။
"အဲဒီအခါကျရင်တော့ အစဉ်အလာအတိုင်းပဲ၊ ငါကိုယ်တိုင် စီစဉ်ပေးပြီး ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ထဲမှာ ရာထူးတစ်ခုခု ပေးလိုက်မယ်။ ဖန့်ညီလေးရဲ့ ပါရမီအရ ရာထူးကို အနည်းငယ် မြှင့်ပေးပြီး အရန်နယ်မြေရှင်အဖြစ် လေ့ကျင့်ပေးလိုက်ရင် ရပြီ။"
ကျန်းတောက်ယွဲ့က သာမန်အတိုင်း ပြောလိုက်သည်။
လူတိုင်းမှာ ခေါင်းညိတ်လိုက်ပြီး သဘောတူကြောင်း ပြသကြသည်။
အကယ်၍ အပြင်လူ တစ်ယောက်ယောက်သာ ဤစကားများကို ကြားလိုက်ရပါက အလွန်တုန်လှုပ်သွားမည်ဖြစ်ပြီး ကျန်းတောက်ယွဲ့တို့မှာ လေပဲကြီးနေသည်ဟုသာ ထင်ကြလိမ့်မည်။
"ကျန်းအစ်ကိုကြီး ရှိပါသလား"
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ ချိုင်စစ်ရှို၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ချိုင်ညီလေးနဲ့ လုကျိုဝမ်ညီလေးတို့ ကရုဏာတောင်ကို မလာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ဒီနေ့ ဘာကိစ္စနဲ့ လာကြတာလဲ "
လင်ဖုန်းမှာ အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ထူးဆန်းသည့် အမူအရာဖြင့် ပြောသည်။
"သွား၊ သွားကြည့်ရအောင်။"
ကျန်းတောက်ယွဲ့က လူတိုင်းကိုခေါ်၍ စွမ်းအင်စွမ်းရည်ခန်းမအပြင်ဘက်သို့ ရောက်လာကြသည်။
ချိုင်စစ်ရှိုနှင့် လုကျိုဝမ်တို့နှစ်ဦးမှာ ရှုပ်ထွေးသည့် မျက်နှာအမူအရာများဖြင့် ရှိနေပြီး ကျန်းတောက်ယွဲ့တို့ အုပ်စုလိုက် ထွက်လာသည်ကို မြင်လိုက်ရသောအခါ ခဏတာ ကြောင်သွားကြသည်။
လုကျိုဝမ်က ချိုင်စစ်ရှိုကို ခပ်ဖွဖွ တွန်းလိုက်သည်။
ချိုင်စစ်ရှိုမှာ စိတ်ထဲမှ အနည်းငယ် ကျိန်ဆဲလိုက်ပြီးနောက် ချက်ချင်းပင် ရှေ့တိုးလာကာ လက်အုပ်ချီလိုက်သည်။
"ကျန်းအစ်ကိုကြီး"
"ညီလေးနှစ်ယောက် ဘာကိစ္စ ရှိလို့လဲ"
ကျန်းတောက်ယွဲ့က တည်ငြိမ်စွာ မေးသည်။
"ဒီကိစ္စကတော့..."
ချိုင်စစ်ရှိုမှာ အားနာစွာဖြင့် ပြောသည်။
"ကျွန်တော်နဲ့ လုညီလေးတို့က..."
"ဘာလုပ်ချင်လို့လဲ"
ကျန်းတောက်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ပုံမှန်ဆိုရင် မင်းတို့ကို စာပေကျမ်းဂန်တွေ ကောင်းကောင်း ဖတ်ဖို့ ပြောထားတာမဟုတ်လား၊ ဘာလို့ အခု စကားတောင် မပြောတတ်တော့တာလဲ"
လုကျိုဝမ်က ထိုမြင်ကွင်းကို မြင်သောအခါ ချိုင်စစ်ရှိုအတွက် အစား ဝင်ပြောလိုက်သည်။
"ကျန်းအစ်ကိုကြီး၊ ကျွန်တော်တို့နှစ်ယောက်က ဒီဂျွန်တောင် ကို တပည့်အဖြစ် ဝင်ချင်လို့ပါ။ ကာကွယ်ရေးဆရာကြီးတွေဆီကနေလည်း ခွင့်ပြုချက် ရထားပြီးပြီ၊ ကရုဏာတောင်ဘက်ကနေ လူလွှတ်ပေးဖို့ပဲ လိုတော့တာပါ..."
"ဒီဂျွန်တောင်လား ဟုတ်ပြီ၊ မင်းတို့က စွမ်းအားရှင်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဆိုတော့ ဒီဂျွန်တောင်ဘက်ကို ပြောင်းသွားတာလည်း သဘာဝကျပါတယ် "
ကျန်းတောက်ယွဲ့က ခေါင်းညိတ်လိုက်သည်။
"မင်းတို့အစား ရှူဆရာကို ငါ ပြောပြပေးလိုက်မယ်၊ မင်းတို့ သွားချင်ရင် သွားလို့ရပါတယ် "
"..."
နှစ်ဦးစလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနည်းငယ် တုန်လှုပ်ခြောက်ခြား သွားကြသည်။
ဒီလောက်နဲ့ပဲ ပြီးသွားပြီလား။