အာရုဏ်ဦးနှင့် ပျက်သုန်းခြင်း (၁)
Vol. 62 Ch. 1036
အဆင့် ၃ သွေးပဲစေ့ တစ်ထောင်ကျော်နှင့် အဆင့် ၄ သွေးပဲစေ့ ၁၀၀ နီးပါး… အကယ်၍ ၎င်းတို့ကို ရိက္ခာပစ္စည်းများနှင့် လဲလှယ်မည်ဆိုပါက သံမဏိအစောင့်တပ်ရင်းတစ်ခုလုံးကို အပြည့်အစုံတပ်ဆင်ပေးနိုင်လောက်သည်အထိ လုံလောက်ပေသည်။
“မိုးလင်းဖို့ နှစ်နာရီလောက်ပဲ လိုတော့မယ်ထင်တယ်။ လင်းရှန်... မင်းကြောင့်သာမဟုတ်ရင် ငါတို့အားလုံး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ရိုင်ယန်က ထိုအချိန်တွင် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
“ဟုတ်တယ် နှစ်နာရီ...”
လင်းရှန်သည် သူ၏ အမြင်အာရုံထဲရှိ အချိန်ရေတွက်မှုကိုကြည့်လိုက်သည်။
၀၁:၅၅:၀၉၊၊
အချိန်ရေတွက်မှုပြီးဆုံးရန် နှစ်နာရီပင်မပြည့်တော့ချေ။
မိုးလင်းပြီးနောက် တစ်ခုခုဖြစ်ပျက်တော့မည်ဟု ဆိုလိုနေတာလား…
လင်းရှန်သည် လက်ရှိတွင် စိတ်ရှုပ်ထွေးနေမိပြီး ယခုကဲ့သို့ များပြားသောစွမ်းအင်များက အဖွဲ့ဝင်များအပေါ် မည်သည့်ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်နည်းဟု စိုးရိမ်နေသလို၊ နီးကပ်လာနေသော အချိန်ရေတွက်မှုအတွက်လည်း စိတ်မအေးဖြစ်နေမိသည်။
ကလစ်
ထိုစဉ် လင်းရှန်၏ ရှေ့မှ အလိုအလျောက်တံခါးသည် ရုတ်တရက် ပွင့်သွားပြီး အတွင်းမှ အသံတစ်သံထွက်ပေါ်လာသည်။
“အပြင်မှာ အကြာကြီးရပ်နေတာပဲ၊၊ အထဲဝင်ပြီးမထိုင်ဘူးလား”
လင်းရှန်သည် ခဏမျှအံ့သြသွားပြီးမှ သူ့၏ အကြည့်ကို လွှဲလိုက်သည်။ အနန္တရထားပေါ်တွင် နောက်ဆုံးတော့ ဒုတိယမြောက်လူတစ်ယောက်နိုးလာခဲ့ချေပြီ။
တွဲ ၉ သည် လင်းရှန်က မိုနီကာကို သူမ၏ ကိုယ်ပိုင်အခန်းအဖြစ် လက်ဆောင်ပေးထားခြင်းဖြစ်သည်။ ထို့ပြင် မိုနီကာက သူမ၏ ဘုရင်မိုနီကာရထားကို လင်းရှန်နှင့် ရှင်းဂျီတို့အား ပြန်လည်မွမ်းမံရန်ခွင့်ပြုခဲ့သည့်အတွက် လင်းရှန်ဘက်က ပြန်လည်ပေးဆပ်ခြင်းလည်းဖြစ်သည်။ ဤတွဲသည် မူလက ဘုရင်မ မိုနီကာ၏ တွဲ ၁ ဖြစ်ခဲ့ပြီး လင်းရှန်က အပြစ်ပြောစရာမရှိအောင်အဆင့်မြှင့်တင်ပေးထားသော်လည်း အတွင်းပိုင်းဖွဲ့စည်းပုံမှာမူ အပြောင်းအလဲသိပ်မရှိလှပေ။
သီးသန့်ရေချိုးကန်၊ ခေတ်မီရေနွေးစနစ်၊ အအေးခံဝိုင်ဘီဒိုနှင့် သီးသန့်ဗီရို။ ဤတွဲကိုဖြတ်သန်းမှသာ နောက်ဘက်ရှိ ဂတ်စ်တာဘိုင်ရထားခေါင်း ဝေးလ် 03E နှင့် Gemini 11R ဆီသို့ သွားရောက်နိုင်သည်။ ထို့ပြင် ဗိုင်အိုလာနှင့် ပြုပြင်ထိန်းသိမ်းရေးစက်ရုပ်များရှိနေခြင်းကြောင့် အခြားသူများမှာ နောက်ဘက်တွဲများသို့လာခဲလှသဖြင့် ဤတွဲသည် မိုနီကာအတွက် အတော်လေးဆိတ်ငြိမ်သောနေရာတစ်ခုဖြစ်သည်။
အတွင်းသို့ဝင်လိုက်သည်နှင့် သင်းပျံ့သောရနံ့တစ်ခုက ဆီးကြိုနေပြီး လင်းရှန် အကြည့်ကို အပေါ်ပို့လိုက်သောအခါ ယောဂဝတ်စုံနှင့်တူသည့် ရိုးရှင်းပြီး ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသော မိုနီကာကို တွေ့လိုက်ရသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး ယောဂလေ့ကျင့်ခန်းတစ်ခုခုကို လေ့ကျင့်နေဟန်တူသည်။ ခန္ဓာကိုယ်အကြောဆန့်နေရင်း တစ်ဖက်ကလည်းအမှောင်စွမ်းအင်ကိုပြောင်းလဲနေပုံရသည်။ သူမသည် ဤဝတ်စုံကို အတွင်းခံဝတ်စုံနေရာတွင် တိုက်ရိုက်အစားထိုးအသုံးပြုထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် အတွင်းခံဝတ်စုံနှင့် စွမ်းအားဝတ်စုံတို့ကို ဝတ်ဆင်ထားရသဖြင့် အတွင်းခံသပ်သပ်ဝတ်ဆင်ရခြင်းမှာ အမှန်တကယ်ပင် အဆင်မပြေလှပေ။
သို့သော် ဤကိုယ်ကြပ်ဝတ်စုံသည် မိုနီကာ၏ ရူးသွပ်ဖွယ် အချိုးအစားကျလွန်းသောခန္ဓာကိုယ် ကောက်ကြောင်းများကို အထင်အရှားပေါ်လွင်နေစေရာ တစ်ချက်မျှကြည့်ရုံနှင့်ပင် ဂါလန်မီးတောင်ပေါက်ကွဲသကဲ့သို့ အမျိုးသားတစ်ဦး၏ ပင်ကိုယ်ရမ္မက်ဆန္ဒများကို လှုံ့ဆော်ပေးနိုင်ရန် လုံလောက်ပေသည်။
“ကျွန်မ ချောင်းနားထောင်ချင်လို့တော့မဟုတ်ပေမဲ့ ရှင်က တံခါးဝမှာ စကားပြောနေတော့ မကြားဘဲနေဖို့ခက်တယ်လေ”
မိုနီကာက ခြေထောက်မြှောက်သည့် လေ့ကျင့်ခန်းကို အဆုံးသတ်လိုက်ရင်းပြောလိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာထရပ်ကာ လက်ပိုက်လျက် သူ့ဘက်သို့ အနည်းငယ်လှည့်ပြီးမော့ကြည့်လိုက်သည်။
“အကယ်၍ ရှင့်အနေနဲ့ သလင်းကျောက်မွေးမြူခြင်းကို စမ်းသပ်ဖို့ လူလိုတယ်ဆိုရင် ကျွန်မ ပူးပေါင်းပေးနိုင်ပါတယ်။ ဒီဆင့်ကဲပြောင်းလဲမှုလမ်းစဉ်နဲ့ပတ်သက်ပြီး ရှင့်မှာသံသယတွေရှိနေသေးမှန်း ကျွန်မသိပါတယ်”
မိုနီကာက ကမ်းလှမ်းလာသည်။
လင်းရှန်သည် ထိုစကားကို ကြားသောအခါ ခဏမျှစဉ်းစားလိုက်ပြီးမှ မိမိ၏အတွေးကို နောက်ဆုံးတွင်ဖွင့်ဟလိုက်သည်။
“သံသယမဟုတ်ပါဘူး၊ စိုးရိမ်စိတ်ပါ။ ငါ ဖီးနစ်နဲ့ ဆွေးနွေးခဲ့ပြီးပြီ၊၊ သူတို့ရဲ့ စမ်းသပ်မှုတွေထဲမှာ ဘေးထွက်ဆိုးကျိုးတချို့ ရှိနေတာကို တွေ့ထားကြတယ်”
သူက ပြန်ပြောလိုက်သည်။
“ကျွန်မတို့ ကြုံတွေ့ခဲ့ရသမျှအရာအားလုံးပြီးနောက်မှာ ဘေးထွက်ဆိုးကျိုးဆိုတာ ကျွန်မတို့အတွက် တကယ်ပဲ စိုးရိမ်စရာဖြစ်နေတုန်းပဲမို့လား”
မိုနီကာက ပြန်လည်မေးခွန်းထုတ်သည်။
လင်းရှန်က ခပ်ဖွဖွရယ်မောလိုက်သည်၊၊
“သူတို့အားလုံးလည်း မင်းပြောသလိုပဲပြောကြတာပဲ”
ထို့နောက် သူက မိုနီကာကို ကြည့်ကာ တည်ကြည်သော လေသံဖြင့် “ဒါက မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပြင်ပပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းရမှာလေ… မင်းမကြောက်ဘူးလား”
မျှော်လင့်မထားဘဲ မိုနီကာက အနည်းငယ်ရယ်မောလိုက်ပြီး သူမ၏ အကြည့်များက လှိုင်းလုံးများကဲ့သို့ လင်းရှန်ကို ကြည့်လိုက်သည်။ ထို့နောက် ဝိုင်ဘီဒိုဘက်သို့ လှည့်သွားရင်း လင်းရှန်ကို လုံးဝအံ့အားသင့်သွားစေမည့် စကားတစ်ခွန်းကို တည်ငြိမ်သောလေသံဖြင့် ပြောလိုက်လေသည်။
“လူအများကြီးက ကျွန်မခန္ဓာကိုယ်ထဲကို အရာဝတ္ထုတွေ ထည့်သွင်းချင်ကြတာပဲ… အဲ့ဒါက ဘာဖြစ်လို့လဲ”
လင်းရှန်လည်း သူနောက်ထပ်ပြောမည့်စကားအားလုံးမှာ အဓိပ္ပာယ်မရှိသောစကားများဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
မိုနီကာ၏ လက်ထဲမှ ဝိုင်ဖန်ခွက်ကို လှမ်းယူလိုက်ပြီး လင်းရှန် ဘာမှမပြောဘဲနေလိုက်သည်၊၊ မိုနီကာက ဝိုင်တစ်ငုံသောက်လိုက်ရင်း သူ့ကို တစ်ချက်ကြည့်သည်။ သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူမက မျက်ခုံးကို အသာအယာပင့်ကာပြောလိုက်သည်။
“ရှင်က စိုးရိမ်လွန်နေတာပဲ။ ကြည့်စမ်း… ကျွန်မတို့က ပင်လယ်နက်အောက်က ရထားပေါ်မှာ ရောက်နေရင်တောင် အိပ်ရမယ့်အချိန်ကျရင်တော့ အိပ်ရတာပဲမလား”
သူမသည် ပြတင်းပေါက်နားသို့ လျှောက်သွားရာ ညှို့မှိုင်းနေသော ပင်လယ်နက်၏ ကြယ်မှုန်သလင်းမှန်ပေါ်တွင် သူမ၏ မျက်နှာရိပ်ထင်ဟပ်နေသည်။
“အခုပဲ အသက်ရှင်ပြီး နောက်တစ်ခဏမှာ သေဆုံးရတာမျိုး.. အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ကံကြမ္မာအတိုင်းဖြစ်လာတာလည်းဖြစ်နိုင်တာပဲ။ အဲ့ဒီလိုဆိုရင် ဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို ဖောက်ထွက်ကြည့်ပြီး လူသားမျိုးနွယ်ရဲ့အကန့်အသတ်က ဘယ်နားမှာလဲဆိုတာ ဘာလို့မကြည့်ရမှာလဲ”
“အကန့်အသတ်ဟုတ်လား”
လင်းရှန်က ဝိုင်ခွက်ကို အတွေးနက်နေဟန်ဖြင့် လှည့်ပတ်နေပြီးမှ “အမှောင်ဖက်ခြမ်းရဲ့ စွမ်းအားတွေက အမှောင်ထုကို အနိုင်ယူနိုင်ပါ့မလား”
မိုနီကာက ဖျော့တော့စွာ ပြုံးလိုက်ပြီး လင်းရှန်ကို ကြည့်ကာ ပြောသည်။
“ရှင်ပြောချင်တာက အမှောင်ယဉ်ကျေးမှုက အပြာရောင်ဂြိုလ်ကို ဖျက်ဆီးချင်တာဆိုရင် လူသားတွေကို ခုခံနိုင်မယ့်စွမ်းအား ဘာလို့ပေးမလဲဆိုတာမဟုတ်လား။ လူအများကြီးမှာ ဒီလိုအတွေးမျိုးရှိကြတယ်။ ကျွန်မ ဂြိုဟ်ပတ်ရထားလမ်းပေါ်မှာ ထွက်ပြေးတုန်းက တချို့လူတွေနဲ့ ဆုံခဲ့ဖူးတယ်။ အကောင်းမြင်သမားတွေကတော့ ဒါဟာ ပေါင်းစည်းခြင်းစွမ်းအားတစ်ခု၊ ပိုမြင့်မားတဲ့ယဉ်ကျေးမှုတွေရဲ့ အသွင်ပြောင်းလဲမှုတစ်ခုလို့ ယူဆပြီး လူသားမျိုးနွယ်ပြန်လည်မွေးဖွားလာတာလို့ ထင်ကြတယ်။ အဆိုးမြင်သမားတွေကတော့ ဒါဟာ အမှောင်ယဉ်ကျေးမှုရဲ့ စမ်းသပ်ချက်တစ်ခုပဲ၊၊ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက စမ်းသပ်ခံသက်သက်ပဲဖြစ်ပြီး ကျွန်မတို့ ရှာဖွေနေတဲ့ အာရုဏ်ဦးက အချည်းနှီးအားထုတ်မှုပဲလို့ ထင်ကြတယ်”
“ဒါဆို မင်းကော ဘယ်လိုထင်လဲ”
လင်းရှန်က မေးလိုက်သည်။
မိုနီကာက ပုခုံးတွန့်ပြကာ “ကျွန်မတော့ နှစ်ခုလုံးကို လက်ခံတယ် ဒါမှမဟုတ် နှစ်ခုလုံးကို လက်မခံဘူး”
“တကယ်တော့ အမှန်တရားကဘာလဲဆိုတာ တကယ်ပဲအရေးကြီးလို့လား။ လူသားတွေမှာ စွမ်းအားမရှိရင် နည်းပညာလက်နက်တွေသုံးပြီး ခုခံကြတာပဲ။ စွမ်းအားရှိလာတော့လည်း ပြန်တိုက်ဖို့ ဆင့်ကဲပြောင်းလဲမှုကို သုတေသနလုပ်ကြတာပဲ။ ဒါက ရေနစ်နေတဲ့သူတစ်ယောက်က ကောက်ရိုးပဲဖြစ်ဖြစ်၊ ဆူးပင်ပဲဖြစ်ဖြစ် နီးစပ်ရာကို ဘာမှမစဉ်းစားဘဲလှမ်းဆွဲလိုက်သလိုမျိုးပေါ့”
သူမက စကားဆုံးသောအခါ လင်းရှန်ကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“အဆင့်နိမ့်ယဉ်ကျေးမှုတွေမှာ ရွေးချယ်ခွင့်မရှိဘူး။ အကယ်၍ ကမ္ဘာပျက်ကပ်နေ့မှာ အမှောင်ယဉ်ကျေးမှုက အပြာရောင်ဂြိုလ်ကို ဖျက်ဆီးခဲ့မယ်ဆိုရင် အဲ့ဒီရည်ရွယ်ချက်က ဒီကမ္ဘာကို ဖုန်မှုန့်တစ်စလို သဘောထားရုံသက်သက်ပဲ။ အတွေးတွေ၊ မုန်းတီးမှုတွေနဲ့ စွမ်းအင်နယ်ပယ်တွေက အရေးကြီးလို့လား”
“မင်းကို ရှင်းလင်းပစ်တာက မင်းနဲ့ဘာမှမဆိုင်ဘူး”
လင်းရှန်က သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်တွင် ဖတ်ဖူးသည့် နာမည်ကြီးစာသားကို ပြန်လည်သတိရကာ တည်ငြိမ်စွာပြန်ပြောလိုက်သည်။
“အတိအကျပဲ”
မိုနီကာက လင်းရှန်ထံသို့ လျှောက်လာရင်း “အကယ်၍ စွမ်းအားအညွှန်းကိန်းကို နှစ်ဆမြှင့်တင်လိုက်နိုင်လို့ ရှင်သန်ခွင့်နှုန်းက ၁ ရာခိုင်နှုန်းပဲ တက်လာမယ်ဆိုရင်တောင် ဒါက လောင်းကြေးထပ်ဖို့ထိုက်တန်တယ်မဟုတ်လား”
“မင်းပြောတာမှန်တယ်”
လင်းရှန်က တိတ်ဆိတ်စွာ သဘောတူညီကာ သက်ပြင်းအရှည်ကြီး ချလိုက်သည်၊၊
“မိုးလင်းလို့ အခြားနှောင့်ယှက်မှုတွေမရှိရင် ဒီသလင်းကျောက်ဆင့်ကဲပြောင်းလဲမှုကို စမ်းသပ်ဖို့ ပြင်ဆင်ကြတာပေါ့။ ပင်လယ်လင်းယုန်အဖွဲ့ကလူတွေလည်း ဒီမှာပဲရှိနေတာဆိုတော့ သူတို့က ငါတို့ကို လမ်းညွှန်ပေးနိုင်လိမ့်မယ်”
မိုနီကာက ထိုစကားကို ကြားသောအခါ မေးလိုက်သည်။
“ဒါဆို ဖီးနစ်ကော… သူတို့ကို ဆက်သွယ်ဖို့ ရှင့်မှာ နည်းလမ်းမရှိဘူးလား”
လင်းရှန်က အချိန်ရေတွက်မှုကို တစ်ချက်ကြည့်လိုက်ပြီး ခွက်ထဲမှ ဝိုင်ကို ကြည့်ကာ တစ်ကျိုက်တည်းသောက်ပစ်လိုက်သည်။ ထို့နောက် ဝိုင်ခွက်ကို စားပွဲပေါ်တင်ကာ တည်ကြည်သောမျက်နှာထားဖြင့် ရှေ့တွဲများဆီသို့ ဦးတည်ပြီးလှည့်ထွက်ခဲ့သည်။
“မကြာခင်သိရမှာပါ”
လင်းရှန် ထွက်ခွာသွားသည်ကို ကြည့်ရင်း မိုနီကာ၏ မျက်ဝန်းထဲတွင် ပြုံးယောင်သန်းသွားသည်။ သူမသည် ပြတင်းပေါက်အပြင်ဘက်မှ အလင်းနှင့် အရိပ်များကိုလှည့်ကြည့်ကာ တိုးတိုးလေးရေရွတ်လိုက်သည်။
“စွမ်းအားက တိုက်ပွဲရဲ့အခြေခံပဲ၊၊ စွန့်လွှတ်အနစ်နာခံမှုက အောင်ပွဲရဲ့ လှေကားထစ်ပဲ။ ငါတို့ ကပ္ပတိန်က ငါတို့အဖွဲ့ဝင်တွေအပေါ် အလေးအနက်ထားလွန်းတယ်”
လင်းရှန်သည် တိတ်ဆိတ်နေသောရထားတွဲများကို ဖြတ်သန်းလျှောက်လှမ်းနေသော်လည်း သူ၏နှလုံးသားမှာမူ လုံးဝတည်ငြိမ်ခြင်းမရှိပေ။ ထင်ရှားစွာပင် ဘေးကင်းလုံခြုံနေသော်လည်း ယခင်က ရထားပေါ်တွင် အကျပ်အတည်းမှ ထွက်ပြေးလွတ်မြောက်ခဲ့စဉ်က ရရှိခဲ့ဖူးသည့်အေးချမ်းမှုကို သူ မခံစားရချေ။ တစ်ချက်မှာ ရေအောက်ဝန်းကျင်တွင် ရောက်ရှိနေခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ချက်မှာ အချိန်ရေတွက်မှုကြောင့်ဖြစ်သည်။
အချိန်နီးကပ်လာသည်နှင့်အမျှ သူ မစိုးရိမ်ဘူးဟုဆိုလျှင် မုသားပြောရာရောက်ပေလိမ့်မည်။ ထိုအချိန်မှာ မိုးလင်းခါနီးအချိန်ဖြစ်ပုံရသော်လည်း လင်းရှန်အနေဖြင့် ထိုနေရာတွင် စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားလုပ်နိုင်စရာမရှိသဖြင့် အမြဲတမ်းသတိကြီးစွာထားတတ်သော သူ၏နှလုံးသားကို ကယောက်ကယက်ဖြစ်စေသည်။
သူသည် တွဲ ၃ ကို ဖြတ်သန်းစဉ် ငွေနဂါးဆယ်ဆပန်းအနားတွင် ရပ်တန့်လိုက်သည်။ အာကာသဒိုင်မေးရှင်းစွမ်းအားရှိသော ဤကပ်ဘေးအပင်သည် သူတို့ကို သုံးကြိမ်တိုင်တိုင်ကယ်တင်ခဲ့ဖူးသည်။ တစ်ကြိမ်မှာ ရေကန်နက်ကြီးအနားတွင်ဖြစ်ပြီး၊ တစ်ကြိမ်မှာ တွင်းနက်ကို ဖြတ်သန်းစဉ်၊ ထို့နောက် မနေ့ညက ရေအောက်ဝဲဂယက်မှ ထွက်ပြေးစဉ်ကဖြစ်သည်။ ယခုအခါ စိုက်ပျိုးမှန်ခန်းထဲတွင် စိုက်ပျိုးထားရာ ၎င်း၏အမြစ်များအတွင်း စီးဆင်းနေသော ခရမ်းရင့်ရောင်အလင်းတန်းများမှာ ထိန်းချုပ်ခံထားရသကဲ့သို့ မှေးမှိန်နေပြီး ပွင့်ခဲ့သော ပန်းပွင့်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သာမန်မြက်ပန်းတစ်ပွင့်ကဲ့သို့သာ မြင်တွေ့ရတော့သည်။
“မှော်ရတနာတစ်ခုလိုပဲ၊၊ သာမန်မြက်ပင်တစ်ပင်လိုဖြစ်နေတာကို ဘာလို့ ဒီလိုအံ့ဖွယ်စွမ်းဆောင်ရည်တွေ ရှိနေရတာလဲ...”