ရေမျက်နှာပြင် (၁)
Vol. 62 Ch. 1038
“အဲ့လိုလား”
လင်းရှန်က ဉာဏ်ရည်တုဦးနှောက်ဘက်သို့ ခေါင်းလှည့်လိုက်သည်။
“အမှောင်စွမ်းအင်ကို စုပ်ယူတာက အနာကျက်တာကိုတောင် မြန်စေတာလား”
[ပင်မဆဲလ်တွေ ပြန်လည်ပြည့်ဖြိုးလာတာ၊ ရောဂါခုခံနိုင်စွမ်းမြင့်တာ၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတာ၊ လိင်စိတ်ဆန္ဒ တိုးပွားလာတာ… စတာတွေ အားလုံးပါဝင်ပါတယ်]
“ဘယ်လို”
ဗိုင်အိုလာက ဆက်ပြောသည်။
[လူသားတွေရဲ့ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုက အကောင်းဘက်က မြှင့်တင်ပေးတဲ့ ဖြစ်စဉ်တစ်ခုပဲ၊၊ အဲ့ဒီမှာလုပ်ဆောင်ချက်မျိုးစုံ၊ ဟော်မုန်းတွေက အလွန်အကျွံထွက်လာနိုင်တယ်။ ဒီအခြေအနေကို သက်သာစေဖို့အတွက် ရှင့်အနေနဲ့ ချန်ဆီရွှမ်၊ ကီကီ ဒါမှမဟုတ် ရှင်စိတ်ကူးယဉ်နေတဲ့ အခြားအမျိုးသမီးတွေနဲ့ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ကျွန်မအကြံပြုချင်ပါတယ်၊၊ ဒါက အကောင်းမြင်စိတ်ခံစားမှုတွေကို မြှင့်တင်ရာမှာ ကူညီပေးပါလိမ့်မယ်]
လင်းရှန် မျက်လုံးမှိတ်ကာ နားထင်ကို နှိပ်လိုက်သည်။
“မင်း နားလည်မှုလွဲနေပြီ၊၊ အဲ့ဒါကပြဿနာမဟုတ်ဘူး”
[ဂရေ့စ်ရဲ့ ဒေတာမှတ်တမ်းတွေအရတော့ ရှင်က ရင်ခုန်စိတ်လှုပ်ရှားစရာထွက်ပြေးမှုတွေ သို့မဟုတ် တိုက်ပွဲတွေပြီးဆုံးသွားတိုင်း ယာဉ်အတွင်းက အမျိုးသမီးတွေနဲ့ စိတ်အားထက်သန်စွာ တွေ့ဆုံလေ့ရှိတယ်လို့ ကျွန်မသိထားပါတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုလား]
ထိုစကားကို ကြားသောအခါ လင်းရှန် ဆွံ့အသွားလေသည်။
“မဟုတ်ပါဘူး၊၊ အဲ့ဒီလိုပြီးဆုံးမှုတွေနဲ့ ဘာမှမဆိုင်ပါဘူး၊၊ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ငါတို့တွေက အန္တရာယ်တွေ အများကြီးနဲ့ ရင်ဆိုင်နေရလို့ အခွင့်အရေး ရှားရှားပါးပါးရှိတာပါ... ထားလိုက်ပါတော့… ငါက ဘာလို့ ဒါတွေကို မင်းကို ရှင်းပြနေရတာလဲ”
လင်းရှန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဗိုင်အိုလာ… မင်းတစ်ခုခုကိုင်တွယ်ပေးဖို့ ငါလိုတယ်”
ဗိုင်အိုလာက လှည့်လိုက်ပြီး သူ၏ရှေ့တွင် ကျော့ရှင်းစွာ ရပ်လိုက်သည်။
[ကျေးဇူးပြု၍ ပြောပါ]
လင်းရှန် သက်ပြင်းအရှည်ကြီးချလိုက်ပြီး တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။
“နောက်ထပ် ၂ နာရီအတွင်းမှာ ဘာတွေပဲဖြစ်ပျက်ပါစေ… ငါသေဆုံးသွားတာ ဒါမှမဟုတ် ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်နိုင်စွမ်းဆုံးရှုံးသွားပြီး အနန္တရထားကို မမောင်းနှင်နိုင်တော့တာ ဒါမှမဟုတ် အဖွဲ့ဝင်တွေကို မကာကွယ်နိုင်တော့တာမျိုးဖြစ်ခဲ့ရင် မင်းရဲ့ စီမံခန့်ခွဲပိုင်ခွင့်အာဏာကို ချန်ဆီရွှမ်နဲ့ ကီကီဆီကို လွှဲပြောင်းပေးလိုက်ပါ”
[ဗိုင်အိုလာ နားလည်ပါပြီ၊၊ ရှင်က ရှင်သန်မှုအကျပ်အတည်းတစ်ခုကို ကြိုတင်ခံစားနေရတာပဲ...]
“ငါ့စကားဆုံးအောင် နားထောင်ဦး”
လင်းရှန်က လက်မြှောက်ကာ ကြားဖြတ်တားဆီးလိုက်ပြီး ဆက်ပြောသည်။
“ငွေကျည်ဆန်ကတစ်ဆင့် ငါက ဂရေ့စ်နဲ့ ဆက်သွယ်ထားတယ်၊၊ ဒီချိတ်ဆက်မှုက ချူယန်နဲ့လည်း ရှိနေတယ်၊၊ ဒါကြောင့် ငါ့ဆီမှာ တစ်ခုခုဖြစ်ပွားခဲ့ရင် ငါက ကောင်းကင်အမိုးခုံးရထားကို လွှတ်တင်လိုက်မယ်၊၊ ပြီးရင် မင်းရဲ့ နောက်ထပ်ပစ်မှတ်က ဖီးနစ်ရဲ့ ဖီးနစ်မြို့တော်ဖြစ်ရမယ်၊၊ ဘယ်လိုတန်ကြေးပဲ ပေးဆပ်ရရ တောင်ဘက်ကောင်းကင်တံခါးကို ဖီးနစ်နဲ့ ချူယန်က ထိန်းချုပ်နိုင်အောင်ကူညီပေးရမယ်။ နားလည်လား”
ဗိုင်အိုလာက တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီး ခေါင်းကို အနည်းငယ်စောင်းကာ ယန္တရားမျက်နှာဖြင့် လင်းရှန်ကို ကြည့်လိုက်သည်။
[ရှင်က အာရုဏ်ဦးကို ကြောက်ရွံ့နေတယ်လို့ ကျွန်မ နားလည်လို့ရမလား]
လင်းရှန်သည် သူ၏အကြည့်ကို စုစည်းလိုက်ပြီး တည်ကြည်ကာ ပြင်းထန်သော လေသံဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး… ငါက စိုးရိမ်နေရုံတင်ပါ၊၊ အာရုဏ်ဦးနဲ့ ပျက်သုဉ်းခြင်းက...”
“ဖြစ်ပွားခဲ့ပြီးသားလည်း ဖြစ်နိုင်တယ်”
…
သမုဒ္ဒရာရေနက်ပိုင်းအတွင်း၌ အနန္တရထားသည် ပင်လယ်နက်ကြီး၏ လုံးဝမှောင်မည်းပြီး သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုထဲတွင် ဒဏ်ရာရထားသော ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ တိတ်တဆိတ်ရွေ့လျားနေသည်။ ယခင်ကဖြစ်ပွားခဲ့သော ကမ္ဘာတုန်ဟည်းမတတ် နျူကလီးယားပေါက်ကွဲမှု၊ မီးတောင်ပေါက်ကွဲမှုနှင့် သတ္တုများကို ဆွဲဖြဲပစ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဝဲဂယက်ကြီးတို့သည် ကျော်လွန်သွားခဲ့ပြီဖြစ်ရာ ယခုအခါ ကွေးကောက်ပုံပျက်နေသော ရထားကိုယ်ထည်သတ္တုခွံနှင့် ရထားတွဲလေထုထဲတွင် လှည့်ပတ်နေသည့် ဖျော့တော့သောသွေးညှီနံ့တို့သာ ကျန်ရစ်တော့သည်။
အသံဗလံကင်းမဲ့သောမှောင်မည်းမှုထဲတွင် လင်းရှန်သည် မိမိကိုယ်ကိုယ်အေးစက်ပြီး ဆားငန်လှိုင်းများရှိသော ပင်လယ်ရေများက ဝန်းရံထားသကဲ့သို့ ခံစားနေရသည်။
ရထားကိုယ်ထည်တစ်ခုလုံးမှာ ဖိအားဒဏ်ကြောင့် ရံဖန်ရံခါညည်းတွားသံတိုးတိုးထွက်ပေါ်နေပြီး ယင်းအသံသည် ပင်လယ်နက်ထဲတွင် ရေပူဖောင်းများ ရံဖန်ရံခါပေါက်ကွဲသံ၊ တစ္ဆေဆန်သောဆိုနာအသံတို့နှင့် ရောပြွမ်းလျက် ဤသေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှု၏ နောက်ခံအသံဖြစ်နေသည်။
လင်းရှန်သည် ဗိုင်အိုလာကို လွှဲအပ်ခဲ့သော တာဝန်ဝတ္တရားများကြောင့် သူ၏ သတိကြီးသော စိတ်နေသဘောထားအရ လေးလံသောမျက်နှာထားဖြင့် ထိန်းချုပ်ခန်းထဲတွင် ထိုင်နေမိသည်။
၁:၃၂:၀၃၊၊
အချိန်ရေတွက်မှုမှာ သူ၏ရှေ့တွင် ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ တိတ်တဆိတ်ကုန်ဆုံးနေသဖြင့် လင်းရှန်အနေဖြင့် ဆင်ခြင်တုံတရားနှင့် ပြတ်သားမှုကို အပြည့်အဝထိန်းသိမ်းရန် ခက်ခဲနေသည်။
ဤအရာသည် ထူးဆန်းသည့် သတ္တဝါများနှင့် မတူချေ။ အန္တရာယ်များလှသော ညဉ့်နက်သန်းခေါင်နှင့် နက်ရှိုင်းသောသမုဒ္ဒရာအောက်ခြေတွင်ဖြစ်နေလျှင်ပင် လင်းရှန်သည် အနည်းဆုံးတော့ သူ့၏စွမ်းအားကို အသုံးပြုနိုင်သေးသလို သူ၏အနားတွင် အနန္တရထား၊ ဆရာမချန်၊ ကီကီနှင့် အခြားအဖွဲ့ဝင်များလည်းရှိနေသည်။
သို့သော် ဤအချိန်ရေတွက်မှုမှာမူ ထူးခြားဆန်းကြယ်စွာဖြင့် သူ၏ဦးခေါင်းထက်တွင် ဓားတစ်လက်ကဲ့သို့ ဆွဲချိတ်ထားသည်။ အချိန်ရေတွက်မှုပြီးဆုံးသွားသောအခါ ဘာဖြစ်လာမည်ကို သူမသိသလို၊ ၎င်းကို မည်သို့တားဆီးရမည် သို့မဟုတ် ၎င်းပေါ်လာရခြင်း၏ နိယာမကိုလည်း လုံးဝနားမလည်နိုင်ဘဲ သူ၏ ထိန်းချုပ်မှုနှင့် အသိဉာဏ်တို့ထက်လုံးဝကျော်လွန်နေသည်။
[အာရုဏ်ဦးနဲ့ ပျက်သုဉ်းခြင်းက ဖြစ်ပွားခဲ့ပြီးသားလည်း ဖြစ်နိုင်ပါတယ်၊၊ ဒါက... အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အမြင်ပဲ။ ဒဿနိကဗေဒရှုထောင့်ကနေကြည့်ရင် ဟီဂယ်က “ပဋိပက္ခဆိုတာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံတွန်းအားပဲ” လို့ တင်ပြခဲ့ဖူးတယ်။ ပျက်သုဉ်းခြင်းဆိုတာ စနစ်ဟောင်းပြိုလဲခြင်းရဲ့ ထင်ရှားတဲ့ ရလဒ်ဖြစ်ပြီး အာရုဏ်ဦးဆိုတာကတော့ ယဉ်ကျေးမှုအသစ်ဖြစ်တည်လာခြင်းရဲ့ မထင်ရှားတဲ့ ဖြစ်စဉ်ပဲ။ ရူပဗေဒရှုထောင့်ကနေကြည့်ရင်တော့ “Schrödinger’s Cat” စိတ်ကူးစမ်းသပ်ချက်နဲ့ ဆင်တူတယ်၊၊ အချိန်ဒိုင်မေးရှင်းကို စောင့်ကြည့်လေ့လာခြင်းမရှိတဲ့အခါ အာရုဏ်ဦး (ရှင်သန်ခြင်း) နဲ့ ပျက်သုဉ်းခြင်း (သေဆုံးခြင်း) က အကြောင်းအကျိုးကွင်းဆက်တစ်ခုတည်းအဖြစ်မပြိုလဲမချင်း အဆုံးစွန်သောအခြေအနေနှစ်ခုအဖြစ် ဒွန်တွဲတည်ရှိနေနိုင်တယ်]
လင်းရှန်၏ စကားကို ကြားပြီးနောက် ဗိုင်အိုလာက ခေတ္တမျှဆိုင်းသွားပြီးမှ ပြန်လည်တုံ့ပြန်ခဲ့သည်။
လင်းရှန် စိတ်မရှည်သလို ခံစားလိုက်ရသဖြင့် သူ၏မျက်ခုံးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ရေပြင်ပေါ်တက်ဖို့ ပြင်ဆင်ပါ၊၊ ပြီးတော့ မိုးမလင်းခင် ဒါမှမဟုတ် အန္တရာယ်ကနေမလွတ်မြောက်ခင်အထိ ပင်လယ်ပြင်ကို ကင်းလှည့်ပြီး လုံခြုံရေးကို သေချာအောင်လုပ်”
ဗိုင်အိုလာက လင်းရှန်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြန်ပြောသည်။
[နားလည်ပါပြီ၊၊ ရေပြင်ပေါ်တက်ခြင်းနဲ့ ရေပြင်စုံစမ်းစစ်ဆေးခြင်းကို ချက်ချင်း စတင်ပါမယ်]
“ရိုင်ယန်... အတူတူလိုက်ပါပြီး တိုက်ပွဲအတွက် ပြင်ဆင်ထား...”
လင်းရှန်က ရထားတွဲဘက်သို့ လှည့်ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။
“လူတိုင်းကို နှိုးလိုက်တော့။ မိုးလင်းလို့ ဘေးကင်းတာ သေချာပြီး အကျပ်အတည်းကနေ လွတ်မြောက်သွားရင် အလှည့်ကျနားဖို့ စီစဉ်ရမယ်။ ငါတို့ရဲ့ လက်ရှိအခြေအနေက စွန့်စားရလွန်းတယ်”
“ငါလည်း အဲ့ဒီလိုပဲတွေးတယ်၊၊ လင်းရှန်… ဒါပေမဲ့ ငါတို့ တိုက်ခိုက်ရေးသမားတချို့ကို အရင်ဆုံးပြင်ဆင်ထားခိုင်းဖို့ ငါအကြံပြုချင်တယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေက အရေးပေါ်ကုသဖို့လိုနေပြီး အခုက အကောင်းဆုံးအခွင့်အရေးပဲ” ရိုင်ယန်၏ အသံက ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာသည်။
“ကောင်းပြီ”
ညွှန်ကြားချက်များပေးပြီးနောက် လင်းရှန်သည် ယန္တရားစွမ်းအားကိုဖြန့်ကျက်ကာ အနန္တရထားတစ်ခုလုံးကို လွှမ်းခြုံလျက် ဘက်စုံယန္တရားပြုပြင်မှုကို လုပ်ဆောင်ရင်း နည်းဗျူဟာများကို စဉ်းစားနေမိသည်။ ၎င်းတို့ ရေပြင်ပေါ်သို့ ချောချောမွေ့မွေ့ရောက်ရှိပြီး အကျပ်အတည်းမှ လွတ်မြောက်သွားသည်နှင့် သူသည် ကောင်းကင်အမိုးခုံးရထားကို အသုံးပြုကာ စွန့်စားပြီး ကူးပြောင်းနိုင်မည်ဖြစ်သည်။ ကောင်းကင်အမိုးခုံးရထား၏ သတင်းအချက်အလက်စွမ်းရည်စနစ်ကို အသုံးပြု၍ Fire Book နှင့် ရေမျက်နှာပြင်-ကောင်းကင်တည်နေရာပြစနစ်တို့မှတစ်ဆင့် ရီပက်ဘလစ်ကန်ကျွန်းစု သို့မဟုတ် နောဧတို့ကို ရှာဖွေရန်မှာ ပြဿနာရှိလိမ့်မည်မဟုတ်ချေ။
သို့သော် ထိုအရာမတိုင်မီတွင် ယခုအချိန်၌ မမျှော်လင့်ထားသောအရာတစ်ခုခုဖြစ်ပွားလာနိုင်သဖြင့် သူ ရှင်သန်နိုင်ရန် သေချာအောင်လုပ်ရမည်ဖြစ်သည်။ အနန္တရထားနှင့် ပိုင်ဖုန်း-၀၉ တို့၏ ဘေးကင်းလုံခြုံမှုအတွက် အရေးကြီးသောအချိန်တွင် အမာခံအဖွဲ့ဝင်များကို အသင့်အနေအထားရှိနေစေရန် နှိုးထားရမည်ဖြစ်သည်။
လင်းရှန်သည် အချိန်ရေတွက်မှုမပြည့်မီ သူ့အနေဖြင့် အနန္တရထားနဲ့ အဝေးသို့ ခွာရမလားဆိုသည်ကိုပင် စဉ်းစားမိသည်။
အကောင်းအဆိုးရောပြွမ်းနေသော အတွေးအမျိုးမျိုးဖြင့် လင်းရှန်သည် မရေမတွက်နိုင်သောအရာများကို အတွေးနယ်ချဲ့နေမိသည်၊၊
ဂလုတ် ဂလုတ်၊၊
ရထားနံရံအပြင်ဘက်မှ ပြင်းထန်သော ရေဖိအားတုန်ခါသံထွက်ပေါ်လာရာ လင်းရှန်၏ အကြည့်က ဆိုနာတိုင်းတာကိရိယာမျက်နှာပြင်ပေါ်တွင် မြဲမြံသွားသည်။ မကြာမီမှာပင် ပစိဖိတ်သမုဒ္ဒရာ၏ မှောင်မည်းသောရေပြင်ပေါ်တွင် ရထားတန်းရှည်ကြီးတစ်ခုသည် ရေပြင်ပေါ်သို့ ဖြည်းညှင်းစွာပေါ်ထွက်လာခဲ့ပြီး ၎င်းနှင့်အတူ ကြီးမားလှသော တွင်းနက်အဆင့် နျူကလီးယားရေငုပ်သင်္ဘော ပိုင်ဖုန်း-၀၉ လည်း ပါလာခဲ့သည်။
[ရေမိုင် ၅၀ အကွာဝေးအထိ အနိမ့်ပျံရေပြင်ကင်းထောက်မှုကို အောင်မြင်စွာ လုပ်ဆောင်ပြီးပါပြီ၊၊ လောလောဆယ်တော့ ဘေးကင်းပါတယ်။ လက်ရှိပင်လယ်ပြင်ရဲ့ ရာသီဥတုက ပုံမှန်မဟုတ်ဘဲ ထူထပ်တဲ့ပင်လယ်မြူခိုးတွေရှိနေပါတယ်၊၊ မိုးမလင်းခင် ဒါမှမဟုတ် မြူတွေမပျောက်မချင်း ရထားတံခါးတွေကို မဖွင့်ဖို့ အကြံပြုပါတယ်]
ရှူးးး
ပြတင်းပေါက်အပြင်ဘက်တွင် ရေထုတ်လွှတ်ပေါက်မှ ရေများအဆက်မပြတ်ကျဆင်းနေသည်။ လင်းရှန် မတ်တတ်ရပ်လိုက်ရာ ပြတင်းပေါက်အပြင်ဘက်တွင် လှိုင်းထနေသော ပင်လယ်ပြင်ကြီးသာရှိပြီး အနန္တရထား၏ ရှာဖွေရေးမီးမောင်းက အဝေးကြီးအထိ မလင်းနိုင်ချေ။ ပင်လယ်ပြင်တစ်ခုလုံးမှာ ထူထပ်သောမြူများဖြင့် ဖုံးလွှမ်းနေပြီး လှိုင်းတံပိုးများက အနည်းငယ်မြင့်တက်နေကာ လှိုင်းရိုက်သံများ ပဲ့တင်ထပ်နေသည်။
လင်းရှန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ချက်ချင်း လှည့်ပြန်လာသည်၊၊
“ဒရုန်းတွေကို အရပ်လေးမျက်နှာကို ဖြန့်ကျက်ပြီး တတ်နိုင်သလောက်အဝေးဆုံးအထိ စုံစမ်းခိုင်းလိုက်”
ညွှန်ကြားချက်ပေးပြီးသည်နှင့် လင်းရှန်က ဆက်သွယ်ရေးကိရိယာကို နှိပ်ရန် လှည့်လိုက်ပြီး ရုတ်တရက်ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေများအတွက်ပြင်ဆင်ရန် အနန္တရထားပေါ်ရှိလူတိုင်းကို နှိုးရန်ရည်ရွယ်လိုက်သည်။
သို့သော် သူလှည့်လိုက်သောအခါ ထိန်းချုပ်ခန်းတံခါးဝတွင် ဝေဝါးသောပုံရိပ်တစ်ခုပေါ်လာပြီး လေထဲတွင် မျောလွင့်လျက် လက်ပိုက်ကာ သူ့ကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကီကီ၊၊
“ရှင့်ရဲ့အချိန်ရေတွက်မှုက တစ်နာရီတောင်မလိုတော့ဘူးမဟုတ်လား”
“၅၈ မိနစ်” လင်းရှန် ခေါင်းညိတ်လိုက်သည်။
“မိုးလင်းတော့မယ်”
ကီကီက ထိုအချိန်တွင် အနားသို့ပျံသန်းလာပြီး လင်းရှန်နှင့် မျက်နှာချင်းဆိုင်လျက် မေးခွန်းထုတ်လာသည်။
“ရှင်ဘာလို့ ကျွန်မကိုမနှိုးတာလဲ။ အချိန်ရေတွက်မှုပြီးဆုံးသွားတဲ့အခါ ဘယ်လိုအန္တရာယ်မျိုးမဆို ဖြစ်လာမှာကို မစိုးရိမ်ဘူးလား၊၊ ဒါမှမဟုတ် ဒါကို ရှင်တစ်ယောက်တည်းရင်ဆိုင်ဖို့ ရည်ရွယ်နေတာလား”
လင်းရှန် ခေတ္တမျှ ဆွံ့အသွားပြီး “ငါ အခုပဲ လူတိုင်းကို နှိုးတော့မလို့ပါ”
“အဲ့လိုလား” ကီကီ၏ အကြည့်က သံသယများဖြင့် ပြည့်နှက်နေပြီး လင်းရှန်ကို ကြည့်ကာ မေးလိုက်သည်၊၊
“ရှင် ဖြေရှင်းမယ့်နည်းလမ်းကို တွေးမိပြီလား”
“မတွေးမိသေးဘူး”
“အရင်ဆုံး လူတိုင်းကို နှိုးကြတာပေါ့။ ငါ သေချာစဉ်းစားပြီးပြီ၊၊ ဒီအချိန်ရေတွက်မှုက ဘယ်လိုမှ နိမိတ်မကောင်းဘူး။ အခြေအနေကို ရှင်းရှင်းလင်းလင်းမသိရခင်မှာ ငါက အနန္တရထားနဲ့ အဝေးကို ခွာရလိမ့်မယ်၊၊ ဒါပေမဲ့...”