အခန်း ၂၈၁
Vol. 25 Ch. 281
အခန်း (၂၈၁) - ဖျက်ဆီးခြင်းလှံတံနှင့်ပေါင်းစပ်ခြင်း
ဘာသာပြန် - အားသစ်
“ဖျက်ဆီးခြင်းလှံတံနဲ့ ပေါင်းစပ်ဖို့အတွက်က ဇီဝိန်ချုပ်မူလဇစ်မြစ်စွမ်းအားကို နားလည်သဘောပေါက်ဖို့ လိုတယ် ဟုတ်လား။ ဒါက တကယ်ကို နည်းနည်းတော့ လက်ဝင်တာပဲ...”
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ ဇီဝိန်ချုပ်စွမ်းအားနှင့်ပတ်သက်၍ သိပ်မသိလှပေရာ နားလည်သဘောပေါက်ရန်က ပို၍ပင် မဖြစ်နိုင်သေးချေ။ လောလောဆယ်တွင် ဇီဝိန်ချုပ်စွမ်းအားကို နားလည်သဘောပေါက်အောင် မလုပ်နိုင်သေးသဖြင့် အရင်ဆုံး ဖျက်ဆီးခြင်းလှံတံနှင့် အတင်းအကျပ် ပေါင်းစပ်နိုင်ခြင်း ရှိ မရှိ သူ စမ်းသပ်ကြည့်ရပေမည်။
ထို့ကြောင့် လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ရုတ်တရက် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ့ရင်ဘတ်တွင် အပေါက်အကြီးကြီးတစ်ခု ပေါ်လာသော်လည်း သွေးတစ်စက်မျှ ကျဆင်းလာခြင်းမရှိချေ။ ယင်းမှာ လင်းဖုန်း သူ့ဆဲလ်များ၏ စီစဉ်ဖွဲ့စည်းမှုကို ပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်သည်။
“ပေါင်းစပ်စမ်း”
လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ခပ်မြင့်မြင့် မြှောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ရှိ အပေါက်ကြီးအတွင်းသို့ ဖြည်းဖြည်းချင်း ထိုးစိုက်လိုက်တော့သည်။
ဝုန်း
လင်းဖုန်း တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ သူ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားကို မည်သည့်အခါကမျှ လှုံ့ဆော်နိုင်ခဲ့ခြင်း မရှိသော်လည်း လှံတံ သူ့တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်တွင်မူ ဇီဝိန်ချုပ်စွမ်းအားက ရုတ်ချည်း ပေါက်ကွဲထွက်လာသည်။
ထွက်ပေါ်လာသည့် ဇီဝိန်ချုပ်စွမ်းအားက အနည်းငယ်မျှသာရှိသော်လည်း လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ဆဲလ်များကို အလျင်အမြန် ဖျက်ဆီးပစ်နေသည်။
မရေမတွက်နိုင်သောဆဲလ်များ လောင်ကျွမ်းပျက်စီးကုန်ကြ၏။ ဤနှုန်းအတိုင်းဆိုပါက လင်းဖုန်းအနေဖြင့် ခဏတာမျှအချိန်အတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားနိုင်ပေသည်။
“ဖျက်ဆီးသူ... ငါ့ဆီကို စွမ်းအင်တုံးတွေ ဆက်ပြီး သယ်ပေးစမ်း”
လင်းဖုန်း အံတင်းတင်းကြိတ်လိုက်သည်။ ဇီဝိန်ချုပ်စွမ်းအား ထွက်ပေါ်လာသည်ဖြစ်ရာ ဤသည်က သူ၏ ပေါင်းစပ်မှုနည်းလမ်း မှန်ကန်ကြောင်း သက်သေပြနေပေ၏။ သူ လောလောဆယ်တွင် ဇီဝိန်ချုပ်စွမ်းအားကို နားလည်သဘောပေါက်အောင် မလုပ်နိုင်သေးသဖြင့် အတင်းအကျပ်သာ ပေါင်းစပ်ရန် ကြိုးစားရပေတော့မည်။
အတင်းအကျပ်ပေါင်းစပ်ခြင်း၏ အကျိုးဆက်က မသေးလှပေ။ တစ်ခဏအတွင်း၌ပင် သူ့တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော ဆဲလ်များ လောင်းကျွမ်းပျက်စီးကုန်ကြတော့သည်။ လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် မြန်မြန်ဆန်ဆန် ကျုံ့ဝင်သွားရသည်။
သို့သော်လည်း လင်းဖုန်း လက်မလျှော့ပေ။ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို လှုပ်ရှားစေလိုက်ကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်တုံးများ တစ်ခုပြီးတစ်ခု ပြိုကွဲပျက်စီးသွားပြီး စွမ်းအင်အနှစ်သာရ အမြောက်အမြားကို အလျင်အမြန် စုပ်ယူလိုက်တော့သည်။ ထိုသို့ဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ဆဲလ်များက ထပ်မံကွဲပွားလာကြပြီး ပျက်စီးသွားသည့် ဆဲလ်များနေရာကို အလျင်အမြန် ပြန်လည်အစားထိုး ဖြည့်တင်းပေးလိုက်ကြသည်။
ဤလုပ်ဆောင်ချက်က စွမ်းအင်ကို အလွန်အမင်း ဖြုန်းတီးရာရောက်သော်လည်း ဖျက်ဆီးခြင်းလှံတံနှင့် ပေါင်းစပ်ရန် သူ့အတွက် လက်ရှိအကောင်းဆုံးနည်းလမ်းသာ ဖြစ်၏။
အချိန်များ တတိတိကုန်လွန်လာသည်နှင့်အမျှ စက်ရုပ်ပေါင်းရာချီက စွမ်းအင်တုံးများစွာကို အဆက်မပြတ် သယ်ယူပို့ဆောင်ပေးနေကြသည်။ ဤအပျက်အစီးနယ်မြေကို သိမ်းပိုက်ထားနိုင်ခဲ့သည့် လင်းဖုန်းတစ်ဦးတည်းသာလျှင် ဤမျှလောက် များပြားလှသော စွမ်းအင်ကို စိတ်ရှိသလို ဖြုန်းနိုင်စွမ်းရှိပေ၏။
ယင်းက အမိုက်မဲဆုံးနှင့် အကြမ်းတမ်းဆုံးနည်းလမ်း ဖြစ်သော်လည်း အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိလှပေသည်။ အချိန်တစ်ခုကြာပြီးနောက် လင်းဖုန်း၏ ရင်ဘတ်က ဖျက်ဆီးခြင်းလှံတံကို တဖြည်းဖြည်းချင်း လုံးဝဥဿုံ ဝါးမြိုသွားတော့သည်။ ဖျက်ဆီးခြင်းလှံတံသည်လည်း ဇီဝိန်ချုပ်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေခြင်း မရှိတော့ဘဲ ငြိမ်သက်သွားပြီဖြစ်ရာ လင်းဖုန်း၏ဆဲလ်များက ဖျက်ဆီးခြင်းလှံတံကို လုံးဝလွှမ်းခြုံထားနိုင်သွားသည်။
ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားကြောင့် လင်းဖုန်းအနေဖြင့် ထိုစွမ်းအားက မည်သည့် ကြယ်တာရာစွမ်းအား၊ သိုင်းပညာစွမ်းအားများနှင့်မဆို လုံးဝကွဲပြားခြားနားနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ လုံးဝဥဿုံ ကွဲပြားခြားနားသည့် စွမ်းအားတစ်ရပ်ပင်။ ဤသည်ကား မူလဇစ်မြစ်ဖြစ်ပေ၏။
ဂြိုဟ်တိုင်းတွင် မူလဇစ်မြစ်စွမ်းအား ပါဝင်နေသည်။ ဂြိုဟ်အဆင့်အထက်ရှိ အစွမ်းထက် သက်ရှိတချို့သာလျှင် ဂြိုဟ်အတွင်းရှိ မူလဇစ်မြစ်စွမ်းအားကို ထုတ်ယူနိုင်ကြပြီး ယင်းကို အသုံးပြုကာ မူလဇစ်မြစ်လက်နက်အမျိုးမျိုးကို သွန်းလုပ်နိုင်ကြသည်။
ထိုမူလဇစ်မြစ်လက်နက်များ အားကုန်ထုတ်ကာ ပေါက်ကွဲထွက်လာလျှင် လောကကြီးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး စကြဝဠာအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသည့် စကြဝဠာမုန်တိုင်းကြီးများကို ဖြစ်ပေါ်စေနိုင်သည်။ တိုက်ကွက်တစ်ခုတည်းနှင့်ပင် ဂြိုဟ်များကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေနိုင်၏။ ထိုလက်နက်များကို အသုံးပြု၍ ကြီးမြတ်လှသည့် ဂြိုဟ်ဆင့်သက်ရှိများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိကြသည်။
မူလဇစ်မြစ်လက်နက်များက ထိုမျှလောက်အထိ ကြောက်စရာကောင်းလွန်းလှသဖြင့်လည်း လင်းဖုန်း ဤဖျက်ဆီးခြင်းလှံတံနှင့် အသည်းအသန် ပေါင်းစပ်လိုနေခြင်းဖြစ်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ လင်းဖုန်း ဇီဝိန်ချုပ်စွမ်းအားနှင့် ဆက်လက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရင်း ထိုစွမ်းအားကို ခွဲခြမ်းစိတ်ဖြာလေ့လာနေ၏။ သူ့စိတ်အာရုံထဲတွင် တောက်လောင်နေသည့် ကြယ်တစ်စင်း ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ အပူရှိန်ကို အဆက်မပြတ် ထုတ်လွှတ်နေ၏။ ထိုကြယ် ပြိုကွဲပျက်စီးသွားသည့် အခိုက်အတန့်တွင် စွမ်းအားများက ပေါက်ကွဲမှုနှင့်အတူ တဟုန်ထိုးထွက်ပေါ်လာတော့သည်။
ဖြစ်နိုင်သည်မှာ ထိုစွမ်းအားသည်ကား ဇီဝိန်ချုပ်စွမ်းအားပင် ဖြစ်ပေလိမ့်မည်။
ထိုမျှသာမကသေး။ လင်းဖုန်း ယခင်က ဟင်းလင်းပြင်ပူပေါင်းကို လေ့ကျင့်ခဲ့ဖူး၏။ ထိုနည်းစနစ်၏ သဘောတရားကလည်း ကြယ်ပေါက်ကွဲခြင်းကို အတုယူထားခြင်းဖြစ်သဖြင့် ဇီဝိန်ချုပ်စွမ်းအားနှင့် အနည်းငယ် ဆင်တူလှပေသည်။ သို့သော်လည်း ဟင်းလင်းပြင်ပူပေါင်းက ပြိုလဲပျက်စီးခြင်းဖြစ်စဉ်ကို အတုယူထားခြင်းဖြစ်ပြီး ဇီဝိန်ချုပ်စွမ်းအားကမူ ကြယ်တစ်စင်းပြိုကွဲပျက်စီးချိန်တွင် ထွက်ပေါ်လာသည့်စွမ်းအားဖြစ်၏။
ဇီဝိန်ချုပ်စွမ်းအား၏ အငွေ့အသက်များကို ခံစားနေရင်း လင်းဖုန်း ထိတ်လန့်အံ့ဩမိသည်။
စကြဝဠာ၏စွမ်းအားက လင်းဖုန်း၏ စိတ်ကူးစိတ်သန်းများကို လုံးဝကျော်လွန်နေပေသည်။ သူ ယခု ဒုတိယအကြိမ် အသက်ထိဉာဏ်အသွင်ပြောင်းလဲခြင်း ပြုလုပ်နိုင်ခဲ့ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ခဲ့သော်လည်း ဤကျယ်ပြောလှသော စကြဝဠာကြီးထဲတွင်မူ သူ့ကိုယ်သူ အလွန်တရာ သိမ်ဖျင်းသေးနုပ်လွန်းလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
အကယ်၍ သူသာ ကြယ်တစ်လုံးပြိုကွဲပျက်စီးမှုနှင့် တကယ်တမ်း မျက်မြင်ဒိဋ္ဌ ဆုံတွေ့ရမည်ဆိုပါက ကြယ်ပေါက်ကွဲမှု၏စွမ်းအား ဘီလီယံပုံတစ်ပုံမျှကပင် လင်းဖုန်းကို အကြိမ်ပေါင်းသောင်းချီအောင် သတ်ဖြတ်ရန် လုံလောက်ပေသည်။
လင်းဖုန်း ဇီဝိန်ချုပ်စွမ်းအားကို နားလည်သဘောပေါက်လာသည်နှင့်အမျှ တိုက်ပွဲဝင်ခန္ဓာကိုယ်၏ ဆဲလ်များ ပျက်စီးမှုကလည်း တဖြည်းဖြည်း လျော့နည်းလာသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ဆဲလ်များတွင် ထိုစွမ်းအားကို ခုခံနိုင်စွမ်း အနည်းငယ် ရှိလာခဲ့ပြီဖြစ်ပုံရ၏။
ယင်းက အမှန်တကယ် ခုခံနိုင်သည့်စွမ်းအားမျိုး မဟုတ်ပေ။ လင်းဖုန်းအနေဖြင့် ဇီဝိန်ချုပ်စွမ်းအားနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သိရှိလာပြီး စတင် နားလည်သဘောပေါက်လာခြင်းကြောင့်သာ ဇီဝိန်ချုပ်စွမ်းအားကို အနည်းငယ် တောင့်ခံနိုင်လာခြင်းပင်။
တိုက်ပွဲဝင်ခန္ဓာကိုယ် ဆဲလ်များတွင်လည်း ပြန်လည်ရှင်သန်နိုင်စွမ်း ရှိကြ၏။ လင်းဖုန်း၏ ဆဲလ်များက မိမိဘာသာ ပြန်လည်ကုသနိုင်ပြီး ဖျက်ဆီးခြင်းလှံတံ၏ ဇီဝိန်ချုပ်စွမ်းအားနှင့် ဟန်ချက်ညီမျှမှုတစ်ခုကို ဖန်တီးနိုင်ခဲ့သည့်အချိန်တွင် လင်းဖုန်းအနေဖြင့် စွမ်းအင်အများကြီး ထပ်မလိုတော့ချေ။
အသေးစား စွမ်းအင်တုံးလေးတစ်ခုတည်းနှင့်ပင် လင်းဖုန်းအတွက် သူ့ခန္ဓာကိုယ်အတွင်း ဟန်ချက်ညီမျှမှုကို နှစ်အနည်းငယ်ကြာအောင် ထိန်းသိမ်းထားရန် လုံလောက်ပေသည်။ ထို့ကြောင့် လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံနှင့် အခြေခံအားဖြင့် ပေါင်းစပ်သွားခဲ့ပြီဟု ဆိုရပေမည်။
သဘာဝကျကျပင်... ဤသည်က ယာယီပေါင်းစပ်မှုသာ ရှိသေးသည်။ ယင်းက ဖျက်ဆီးခြင်းလှံတံကို သူ့တိုက်ပွဲဝင်ခန္ဓာကိုယ်အတွင်း၌ တည်ရှိနေစေရန်သာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဇီဝိန်ချုပ်စွမ်းအားကို ထုတ်ယူအသုံးချရန်အတွက်မူ လင်းဖုန်းအနေဖြင့် ယခုလက်ရှိအဆင့်တွင် လုံးဝမလုပ်ဆောင်နိုင်သေးချေ။
သို့ပေသော်ငြား လင်းဖုန်းတွင် အချိန်ရှိသည်။ သူ ဇီဝိန်ချုပ်စွမ်းအားကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်အောင် လုပ်ဆောင်နိုင်သည်။ ဇီဝိန်ချုပ်စွမ်းအားအပေါ် ပိုမိုနက်ရှိုင်းစွာ နားလည်လာသည့် အခါကျမှသာ သူ ဖျက်ဆီးခြင်းလှံတံကို အမှန်တကယ် အသုံးပြုဖို့ ကြိုးစားနိုင်ပေလိမ့်မည်။
ထိုအချိန်ရောက်မှသာ ဤကြောက်မက်ဖွယ်ရာ မူလဇစ်မြစ်လက်နက်ကြီးက လင်းဖုန်း၏ အစစ်အမှန် ကိုယ်ပိုင်လက်နက် ဖြစ်လာပေလိမ့်မည်။
“ကောင်းပြီ...ဖျက်ဆီးသူ၊ စက်ရုပ်တွေကို ရပ်ခိုင်းလိုက်တော့”
လင်းဖုန်းအနေဖြင့် စွမ်းအင်များစွာ ထပ်မံသယ်ယူခိုင်းဖို့ မလိုတော့ချေ။
သူ ဖျက်ဆီးခြင်းလှံတံနှင့် ယာယီပေါင်းစပ်ပြီးနောက် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို သာမန်လူသားတစ်ဦး၏ အရွယ်အစားအထိ အလျင်အမြန် ချုံ့လိုက်သည်။ ထူးဆန်းသည်မှာ သူ့ခန္ဓာကိုယ်အတွင်းရှိ ဖျက်ဆီးခြင်းလှံတံသည်လည်း လိုက်လံကျုံ့ဝင်သွားခြင်းပင်။ အလွန်ပင် ဆန်းကြယ်လှပေ၏။
“ဖျက်ဆီးသူ... ငါ ဒီအပျက်အစီးနယ်မြေရဲ့ ထိန်းချုပ်ခွင့်အာဏာအကုန်လုံး လိုတယ်။ မင်း လွှဲပေးလို့ရတယ် မလား”
“သခင်... ကျွန်တော် အာဏာကို လွှဲပြောင်းပေးနိုင်ပါတယ်။ ကျေးဇူးပြုပြီး သွေးတစ်စက်လောက် ချပေးပါ”
လင်းဖုန်း ခေါင်းညိတ်လိုက်ပြီး ဖျက်ဆီးသူ၏ လက်ပေါ်သို့ သွေးတစ်စက်ချပေးလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဖျက်ဆီးသူက ထိန်းချုပ်ခွင့်အာဏာများကို လင်းဖုန်းထံသို့ စတင်လွှဲပြောင်းပေးလိုက်တော့သည်။
ဤသည်က အချိန်ယူရပေဦးမည်။ အာဏာအားလုံးကို လုံးဝဥဿုံ လွှဲပြောင်းပေးရန်အတွက် အနည်းဆုံး သုံးရက်ခန့် ကြာမြင့်မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အပျက်အစီးနယ်မြေအတွင်းရှိ အရာများစွာက ပျက်စီးနေပြီး တစ်ခုချင်းစီကို ပြန်လည်ပြုပြင်ရန် လိုအပ်နေသေး၍ပင်။
သို့သော်လည်း လင်းဖုန်းက စက်ရုပ်များအား ထိန်းချုပ်ခွင့်အာဏာကိုမူ အလျင်အမြန် ရရှိသွားသည်။ ထိန်းချုပ်ခွင့်ရရှိသွားပြီဖြစ်ရာ သူ ဖျက်ဆီးသူမှတစ်ဆင့် မဟုတ်ဘဲ ဤစက်ရုပ်များကို တိုက်ရိုက်အမိန့်ပေးနိုင်ပေပြီ။
ဧရာမအရွယ်အစားရှိသည့် ဖျက်ဆီးသူကြီးကို ကြည့်ကာ လင်းဖုန်း အနည်းငယ် ခေါင်းခဲသွားရသည်။
ဖျက်ဆီးသူက သူ့လက်အောက်ငယ်သားဖြစ်ပြီး သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းမျိုးရှိသည်။ သူ မည်သို့ လက်လွှတ်နိုင်ပါမည်နည်း။ သို့သော်လည်း ဖျက်ဆီးသူသည်ကား သတ်ဖြတ်ရေးစက်ယန္တရားတစ်ခုအဖြစ် မွေးဖွားလာခဲ့ခြင်းပင်။ ဤမျှလောက် ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် လင်းဖုန်းနောက်သို့ နေရာအနှံ့ လိုက်ပါရန်က မဖြစ်နိုင်ပါချေ။
သူ့အနေဖြင့် ဖျက်ဆီးသူကို ဤနေရာ၌သာ ထားရစ်ခဲ့ရမည်ဖြစ်ပုံရ၏။ လင်းဖုန်းအနေဖြင့် ဤအပျက်အစီးနယ်မြေကို အခိုင်အမာ ဆုပ်ကိုင်ထိန်းချုပ်ထားရပေမည်။ အကယ်၍ ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ဤနေရာက အခြေစိုက်စခန်းဖြစ်လာမည်ဖြစ်ပြီး ဖျက်ဆီးသူ စောင့်ကြပ်နေမည်ဖြစ်ရာ အလွန်ဘေးကင်းလုံခြုံနိုင်ပေသည်။
သို့သော်လည်း ဤသည်က သူတော်စင်ကိုးပါး၏ သဘောတူညီချက် လိုပေလိမ့်မည်။
လင်းဖုန်းသည်လည်း သူတော်စင်ကိုးပါး၏ တုံ့ပြန်မှုအပေါ် သေချာရေရာခြင်းမရှိချေ။ ဥပမာအားဖြင့် အကယ်၍ သူတော်စင်ကိုးပါးက သူ့အား သူ့လျှို့ဝှက်ချက်များကို အပ်နှံခိုင်းမည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။
လင်းဖုန်းအနေဖြင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကျင့်စဉ်ကို အပ်နှံရန်က မဖြစ်နိုင်ပါချေ။ လောင်ဘီသမ်ကလည်း ထိုကိစ္စကို ခွင့်ပြုမည်မဟုတ်ပေ။
အမှန်တကယ်တော့ လင်းဖုန်း တွေးထားခဲ့ပြီးသားပင်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ အဆုံးစွန်စွမ်းအားများကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ပြဿနာအမြောက်အမြား ဧကန်မုချ ရှိလာပေလိမ့်မည်။ သူ နောင်တွင် ထိုပြဿနာတို့ကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ဆိုသည်ကို ကြိုတင်စဉ်းစားထားရပေဦးမည်။
ထာဝရသိုင်းတာအိုအရှင်