အခန်း ၂၈၂
Vol. 25 Ch. 282
အခန်း (၂၈၂) - သူတော်စင်များညီလာခံသို့ တက်ရောက်ခြင်း
ဘာသာပြန် - အားသစ်
လင်းဖုန်းတစ်ယောက် ထိုကိစ္စကို ရင်ဆိုင်ဖြေရှင်းရမည့်နည်းလမ်း တွေးတောနေစဉ်မှာပင် အဝေးဆီမှ လေသင်္ဘောတစ်စင်း ပျံသန်းရောက်ရှိလာသည်။ များမကြာမီ လေသင်္ဘော မြေပြင်ပေါ်သို့ တဖြည်းဖြည်း ဆင်းသက်လာ၏။ ထို့နောက် တံခါးပွင့်သွားကာ လေသင်္ဘောအတွင်းမှ သိုင်းသမားအမြောက်အမြား ထွက်လာကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ စစ်ဝတ်စုံဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်ပင်။ သူ့နောက်တွင်မူ နှင်းခဲဘုရင်၊ သူ့ဒုတိယအစ်ကို လင်းဟိုင်နှင့် အခြားသော သိုင်းသမားများ လိုက်ပါလာကြသည်။
လင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ထိုလူအိုကြီး၏ အဆင့်အတန်းက ထင်ထားသည်ထက် ပိုမြင့်နိုင်ပေ၏။ နှင်းခဲဘုရင်လို အစွမ်းထက် သာလွန်နတ်ဘုရားအဆင့် သိုင်းသမားတစ်ယောက်ပင် ကိုယ်တိုင်ကိုယ်ကျ သူ့နောက်မှ လိုက်ပါလာရသည်။
နှင်းခဲဘုရင်ဟူသည် ဘုရင်ဘွဲ့အမည် ရရှိထားသော ထူးခြားပြောင်မြောက်သည့် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်ပါလျက် ထိုလူအိုကြီး၏ နောက်မှ လျှောက်လှမ်းနေရချေ၏။ ဤပုဂ္ဂိုလ်က သူတော်စင်တစ်ပါးပေလော။
သို့သော်လည်း လင်းဖုန်း လူသားမျိုးနွယ်ရှိ သူတော်စင်ကိုးပါးလုံးကို သိရှိထားသည်။ ဤလူအိုကြီးက သူတို့ထဲမှတစ်ဦး လုံးဝမဟုတ်သည်ကိုတော့ သေချာလှပေ၏။
ထိုလူအိုကြီးက လူစုကို ဦးဆောင်ကာ လင်းဖုန်းဘေးနားသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ ထို့နောက် လူအိုကြီး၏ ဦးဆောင်မှုအောက်တွင် လူတိုင်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
“သူတော်စင်ကြီးကို အရိုအသေပေးပါတယ်ခင်ဗျာ”
“သူတော်စင် ဟုတ်လား”
လင်းဖုန်း အနည်းငယ် ကြောင်အမ်းသွားသည်။ နှင်းခဲဘုရင်နှင့် အခြားသူများက နောက်ပြောင်နေသည့်ပုံစံမျိုး မရှိချေ။ ထို့အပြင် မည်သူကများ လင်းဖုန်းကို သူတော်စင်ဟု နောက်ပြောင်ပြီး ခေါ်ဝံ့ပါမည်နည်း။
“နှင်းခဲဘုရင်... ဒါက ဘာဖြစ်တာလဲ”
နှင်းခဲဘုရင်က ခေါင်းမော့လိုက်ပြီး ရိုသေလေးစားစွာဖြင့် လျှောက်တင်လိုက်သည်။ “သူတော်စင်ကြီး...အရှင် မသိသေးဘူးလား။ အန္တိမစစ်သေနာပတိချုပ်များဌာနမှာသူတော်စင်ကိုးပါးက သူတော်စင်များညီလာခံကို ကျင်းပပြီး အရှင့်ကို လူသားမျိုးနွယ်ရဲ့ ဒသမမြောက် သူတော်စင်အဖြစ် မြှင့်တင်ပေးဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။ ဒီထုတ်ပြန်ချက်ကိုလည်း အဓိက သတင်းမီဒီယာကြီးတွေကတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးကို ကြေညာပေးခဲ့ပြီးပါပြီ။ အရှင်က အခုအချိန်မှာဆိုရင် နာမည်ရော လက်တွေ့ပါ စစ်မှန်တဲ့ သူတော်စင်တစ်ပါး ဖြစ်သွားပါပြီခင်ဗျာ”
လင်းဖုန်း၏ အကြည့်များအတွင်း ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ သူတော်စင်တစ်ပါး ဖြစ်လာပြီ ဟုတ်လား။
ဤသည်က အနည်းငယ် ရုတ်တရက်ဆန်လွန်းလှ၏။ ယခင်က သူ နောင်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို တွေးတောနေခဲ့သေးသည်။ အဆုံးတွင် သူက ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မှာတင် သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းမျိုးရှိနေခြင်းကို မည်သို့မျှ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။
ဤသည်က မည်မျှအထိ ကြီးမားလှသည့် လျှို့ဝှက်ချက်ကြီး ဖြစ်သနည်း။
ယခင်က ညမိစ္ဆာအဖွဲ့အစည်းမှ သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားငါးဦးပင် လင်းဖုန်းကို သတ်ဖြတ်ရန် ရောက်ရှိလာခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်က မည်မျှအထိ ဆွဲဆောင်နိုင်စွမ်းရှိကြောင်း သိသာလှပေ၏။ သို့သော်လည်း အခြားတစ်ဖက်တွင်မူ သူ့၌ သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထိုမျှသာမက သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းမျိုးရှိသည့် ဖျက်ဆီးသူစက်ရုပ်ကြီးကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့လေပြီ။
ဤကဲ့သို့သော စွမ်းအားမျိုးက လူသားမျိုးနွယ်၏ အခြေအနေတစ်ရပ်လုံးကိုပင် လွှမ်းမိုးနိုင်စွမ်းရှိနေပြီဖြစ်ရာ သူတော်စင်ကိုးပါးအနေဖြင့် မည်သို့ ရွေးချယ်ကြမည်နည်း။
ယခုမူ သူတော်စင်ကိုးပါးက အဖြေတစ်ခု ရှင်းရှင်းလင်းလင်း ပေးအပ်ခဲ့လေပြီ။ သူတို့က လင်းဖုန်းကို သူနှင့် ထိုက်တန်သည့် ရာထူးနေရာတစ်ခု ပြတ်ပြတ်သားသား ပေးအပ်ခဲ့ကြ၏။ သူ့ကို လူသားမျိုးနွယ်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ဒသမမြောက် သူတော်စင်အဖြစ် ခန့်အပ်လိုက်ကြသည်။
လင်းဖုန်း၏ ရင်ထဲ၌ အလွန်တရာ အံ့အားသင့်ကာ စိတ်လှုပ်ရှားနေခဲ့သော်လည်း အပြင်ပန်းတွင်မူ ထူးမခြားနားပုံစံဖြင့် တည်ငြိမ်နေဟန်ရှိသည်။
“ခင်ဗျားက ဘယ်သူလဲ” လင်းဖုန်းက ထိုလူအိုကြီးကို ကြည့်ကာ မေးလိုက်သည်။
“ကျွန်တော်က စစ်တပ်ရဲ့ ကြယ်ငါးပွင့်ဗိုလ်ချုပ် လုံရှန်းပါ” လူအိုကြီးက တရိုတသေဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကြယ်ငါးပွင့်ဗိုလ်ချုပ်လား”
လင်းဖုန်း နားလည်သွားသည်။ နှင်းခဲဘုရင်ကိုယ်တိုင်ပင် ထိုလူအိုကြီး နောက်မှ လျှောက်လှမ်းရခြင်းမှာ မဆန်းတော့ပါချေ။ အဆင့်အတန်းအရ ကြည့်မည်ဆိုလျှင် နှင်းခဲဘုရင်က လုံရှန်းထက် နိမ့်ကျလှ၏။
စစ်တပ်၏ ကြယ်ငါးပွင့်ဗိုလ်ချုပ်များအားလုံးသည် သာလွန်နတ်ဘုရားနယ်ပယ် သိုင်းသမားများဖြစ်ကြပြီး စစ်တပ်တစ်ခုလုံးကို ထိန်းချုပ်ထားကြသူများဖြစ်ကြ၏။
စစ်တပ်တစ်ခုလုံးတွင် ကြယ်ငါးပွင့်ဗိုလ်ချုပ် စုစုပေါင်း ငါးဦးသာ ရှိသည်။ သူတို့က စစ်တပ်အဖွဲ့အစည်း၏ သူတော်စင်နှစ်ပါးကို ကိုယ်စားပြုကာ စစ်တပ်အဖွဲ့အစည်းတစ်ခုလုံးကို စီမံခန့်ခွဲကြသူများ ဖြစ်ကြသည်။ သဘာဝကျစွာပင် သူတို့အားလုံး အလွန်တရာ အစွမ်းထက်ကြပြီး သူတော်စင်များပြီးလျှင် စွမ်းအားအကြီးဆုံးသူများ ဖြစ်ကြ၏။
ထို့ပြင် ဤပုဂ္ဂိုလ်၏ မျိုးရိုးနာမည်ကလည်း လုံ ဖြစ်နေသည်။ လင်းဖုန်းအနေဖြင့် လုံရှန်းက ဗိုလ်ချုပ်လုံနှင့် ပတ်သက်မှုတစ်ခုခု ရှိနိုင်သည်ဟု တွေးမိလိုက်သည်။
“သူတော်စင်ကြီး... ကျွန်တော်တို့ အရှင့်ကို အထူးတလည် လာရှာတာပါ။ အရှင်က အခုအချိန်မှာ ဒသမမြောက်သူတော်စင် ဖြစ်လာပြီမို့ သူတော်စင်များညီလာခံကို တက်ရောက်ဖို့အတွက် အရည်အချင်း ပြည့်မီသွားပါပြီ။ လက်ရှိမှာ သူတော်စင်ခန်းက သူတော်စင်များညီလာခံကို ခေါ်ယူထားတာကြောင့် အရှင်လည်း တက်ရောက်ဖို့ လိုအပ်နေပါတယ်”
လုံရှန်း၏ စကားများကြောင့် လင်းဖုန်း သူတို့ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူတို့က လင်းဖုန်းကို သူတော်စင်များညီလာခံသို့ ဖိတ်ကြားရန်အတွက် လာရောက်ခဲ့ခြင်းပင်။
သဘာဝကျကျပင် လင်းဖုန်းသည်လည်း သူတော်စင်များညီလာခံအကြောင်းကို သိထားသည်။ ယင်းက အန္တိမစစ်သေနာပတိချုပ်များဌာန၏ လူသားမျိုးနွယ်အတွင်း အမြင့်ဆုံးအဆင့် အစည်းအဝေးကြီးဖြစ်ပြီး သူတော်စင်များသာ တက်ရောက်ခွင့် ရှိသည်။ သူတော်စင်များညီလာခံမှတစ်ဆင့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးသည်နှင့် ယင်းကို လူသားမျိုးနွယ်တစ်ခုလုံးအတွင်း ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရသည်။
ဥပမာအားဖြင့် သိုင်းသမားများအတွက် မူဝါဒအသစ်ကို သူတော်စင်များညီလာခံက အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
“ဟုတ်ပါပြီ။ ငါ သူတော်စင်များညီလာခံကို တက်ရောက်ပါ့မယ်”
“အရှင့်အတွက် သီးသန့်ဆက်သွယ်ရေးကိရိယာကို ကျွန်တော် ယူလာခဲ့ပါတယ်။ အရှင် ဘယ်နေရာမှာပဲ ရှိနေပါစေ ဒီကိရိယာကနေတစ်ဆင့် စိတ်အာရုံပုံရိပ်ကို ထုတ်လွှတ်ပြီးတော့ သူတော်စင်များညီလာခံကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်”
လင်းဖုန်း ခေါင်းညိတ်လိုက်ပြီး သီးသန့်ဆက်သွယ်ရေးကိရိယာကို လက်ခံလိုက်သည်။ အဆင့်မြင့် ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်သည်နှင့်အညီ သာမန် ဆက်သွယ်ရေးကိရိယာများနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။ လင်းဖုန်း လောင်ဘီသမ်ကိုပင် ထိုကိရိယာအား လျှို့ဝှက်စစ်ဆေးစေခဲ့သေးသည်။ ပြဿနာတစ်စုံတစ်ရာ ရှိမနေသည်က အသေအချာပင်။
ထို့နောက် လုံရှန်းတစ်ယောက် နှုတ်ဆက်ကာ ထွက်ခွာသွားပြီး နှင်းခဲဘုရင်နှင့် လင်းဟိုင်တို့သာ ကျန်ရစ်တော့သည်။
နှင်းခဲဘုရင်သည်လည်း ရင်ထဲ၌ အလွန်တရာ ကသောင်းကနင်းဖြစ်နေ၏။ လင်းဖုန်းတစ်ယောက် အမှန်တကယ်ပင် သူတော်စင်တစ်ပါး ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။ ဤဆက်နွှယ်မှုကြောင့် နှင်းခဲဘုရင်အနေဖြင့် နောင်တွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ သဘာဝကျကျပင် သူ လင်းဖုန်းနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း နားလည်ပေ၏။
ယခုအခါ သူတို့၏ အဆင့်အတန်းချင်းက ကွဲပြားသွားခဲ့ပြီဖြစ်ရာ နှင်းခဲဘုရင်အနေဖြင့် လင်းဖုန်းနှင့် အတန်ငယ်မျှသာ စကားပြောဆိုပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ မကြာမီ လင်းဖုန်းနှင့် လင်းဟိုင်တို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ သူတို့နှစ်ဦးသား အကြည့်ချင်းဆုံမိသွားကြပြီး လင်းဟိုင်မှာ အနည်းငယ်ပင် စိတ်လှုပ်ရှားနေဟန်ရှိ၏။
“ဒုတိယအစ်ကို... မင်း ဘာဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ”
လင်းဖုန်းမျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူ့အနေဖြင့် သူတော်စင်တစ်ပါး ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူ့မျက်လုံးထဲတွင်မူ မိသားစုဝင်များကသာ သူနှင့် အနီးစပ်ဆုံးပုဂ္ဂိုလ်များ ဖြစ်ကြသည်။
လင်းဟိုင်တစ်ယောက် လင်းဖုန်း၏ ရင်းနှီးဖော်ရွေလှသော အပြုံးကို မြင်လိုက်ရသည့်အခါမှသာ စိတ်သက်သာရာ ရသွားတော့သည်။
“တတိယညီလေး... မင်း သူတော်စင်တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူးကွာ။ အဖေနဲ့ အမေသာသိရင် အရမ်းကိုဝမ်းသာကြမှာပဲ”
“ဒုတိယအစ်ကို... အစ်ကို အိမ်ကို ဘေးကင်းကြောင်း သတင်းမပို့ရသေးဘူးလား”
“မပို့ရသေးဘူး။ စစ်တပ်ထဲမှာလည်း လုပ်စရာတွေ အများကြီးရှိနေသေးတာမို့ ငါ တကယ်ပဲ အချိန်မရသေးလို့ပါ”
“အစ်ကိုက စစ်တပ်ထဲမှာပဲ ဆက်ပြီး နေချင်သေးတာလား”
“တတိယညီလေး... မင်းရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်နဲ့ဆိုရင် ငါ့ကို တခြားနေရာကို လွယ်လွယ်ကူကူ ပြောင်းရွှေ့ပေးနိုင်တယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါက စစ်သားတစ်ယောက်ပဲလေ။ ငါ စစ်တပ်ထဲမှာ နေလာတာ နှစ်အတော်ကြာပြီဖြစ်လို့ တခြားနေရာကို သွားနေရရင် အသားကျမှာမဟုတ်ဘူး။ ဒါ့အပြင် ငါ စစ်တပ်ရဲ့ အငွေ့အသက်ကို သဘောကျတယ်၊ ဒါကြောင့်မို့...”
“ကျွန်တော် နားလည်ပါတယ်။ စိတ်မပူပါနဲ့။ အစ်ကို့ကို အတင်းအကျပ် မလုပ်ပါဘူး။ လူတိုင်းမှာ ကိုယ်စီရည်မှန်းချက်နဲ့ တန်ဖိုးတွေ ရှိကြတာပဲ။ အစ်ကို စစ်တပ်ထဲမှာ ရှိနေတာကိုလည်း အစ်ကို့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တစ်ခုတော့ မမေ့ပါနဲ့။ ကျွန်တော်တို့က မိသားစုတွေပဲ။ ဘာပဲဖြစ်ဖြစ် အစ်ကို့နောက်မှာ မိသားစု ရှိနေသေးတယ်ဆိုတာကိုပေါ့”
လင်းဖုန်းနှင့် လင်းဟိုင်တို့ မတွေ့ဖြစ်ကြသည်မှာ အတော်ကြာပြီဖြစ်သော်လည်း သူတို့ကြား၌ စိမ်းသက်သွားခြင်းမျိုး လုံးဝမရှိချေ။ လင်းဖုန်းက ယခုအခါ မြင့်မြတ်လှသည့် သူတော်စင်တစ်ပါး ဖြစ်နေပြီဖြစ်သော်လည်း အဆင့်အတန်း ကွာခြားမှုကြောင့် သူတို့နှစ်ဦးကြားတွင် အဆင်မပြေမှုမျိုး လုံးဝဖြစ်မလာပါချေ။
“ကောင်းပါပြီ ဒုတိယအစ်ကို... အဖေနဲ့ အမေဆီကို ဘေးကင်းကြောင်း အရင်ဆုံး ဖုန်းဆက်ပြောလိုက်ဦး။ ကျွန်တော် အရင်ဆုံး သူတော်စင်များညီလာခံကို သွားလိုက်ဦးမယ်”
လင်းဟိုင် ခေါင်းညိတ်လိုက်သည်။
ထို့နောက် လင်းဖုန်းတစ်ယောက် လင်းဟိုင်ကို အပျက်အစီးနယ်မြေအတွင်းသို့ ဦးဆောင်ခေါ်သွားသည်။ လင်းဟိုင်ကို အခြေချပေးပြီးနောက် လင်းဖုန်း လျှို့ဝှက်အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ကာ သူ့ဆက်သွယ်ရေးကိရိယာကို ကောက်ကိုင်လိုက်သည်။ သဘာဝကျစွာပင် ထိုကိရိယာ၌ သူတော်စင်များညီလာခံသို့ ချိတ်ဆက်နိုင်သည့် စွမ်းဆောင်ရည်တစ်ခု ပါဝင်နေသည်။
လင်းဖုန်း သူတော်စင်များညီလာခံသို့ ချိတ်ဆက်ဝင်ရောက်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူ့ရှေ့ရှိ ဆက်သွယ်ရေးကိရိယာမှ ဧရာမစိတ်အာရုံပုံရိပ်ကြီးတစ်ခု ထုတ်လွှတ်လိုက်တော့သည်။
“ရောက်လာပြီ”
သူတော်စင်များညီလာခံအတွင်း၌ လင်းဖုန်း၏ စိတ်အာရုံပုံရိပ် ပေါ်ထွက်လာသည့်အခါတွင်မူ အခြားသူတော်စင်များအားလုံး၏ မျက်နှာထက်တွင် မတူညီသော အမူအရာကိုယ်စီ ပေါ်ထွက်လာကြသည်။
သူတို့ ဝမ်းသာသည်ဖြစ်စေ စိတ်မကောင်းသည်ဖြစ်စေ သူတို့အားလုံးသည် လင်းဖုန်းကို စူးစိုက်ကြည့်ရှုနေကြသည်။ သူတို့အနေဖြင့် ဤသူတော်စင်အသစ်အပေါ် အလွန်တရာ စူးစမ်းလိုစိတ် ပြင်းပြနေကြဆဲပင်။
လင်းဖုန်း ဝေ့ကြည့်လိုက်သည်။ သူ ငယ်စဉ်ကတည်းက မီဒီယာများ၏ ကြေညာချက်များမှတစ်ဆင့် ရင်းနှီးသော်လည်း အနည်းငယ် စိမ်းသက်နေသော မျက်နှာကိုးခုကို မြင်တွေ့လိုက်ရသည်။ သူ အမှန်တကယ် လူချင်း ဆုံတွေ့ဖူးသူများကမူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့သာ ရှိသည်။
“သူတော်စင်လင်းဖုန်း... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ မျက်နှာထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်ထွက်လာသည်။
လင်းဖုန်း သူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က အကြောင်းအရာများကို ပြန်လည် တွေးတောမိလိုက်သည်။ မြင်ကွင်းများက သူ့စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲပင်။ အတိတ်ကာလက သူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို အလွန်တရာ မြင့်မြတ်လှသော ပုဂ္ဂိုလ်ကြီးအဖြစ် ယူဆခဲ့ပြီး သူ့တစ်သက်တာလုံးတွင် ထိုအဆင့်သို့ လိုက်မီရန် ခက်ခဲလိမ့်မည်ဟု ထင်မြင်ခဲ့ဖူးသည်။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာတင် သူ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် တစ်ဆင့်တည်းသို့ ရောက်ရှိလာခဲ့ချေပြီ။ ကံကြမ္မာသည်ကား အလွန်တရာ ဆန်းကြယ်လှပေ၏။
“သူတော်စင်လင်းဖုန်း... ငါတို့ သူတော်စင်ကိုးပါးအကြောင်းကို မင်း သိထားပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ထပ်ပြီး မိတ်ဆက်မနေတော့ပါဘူး။ ငါတို့ နောင်ကျရင်လည်း ပိုပြီးတော့ဆုံတွေ့ဖြစ်ကြမှာမို့ ပုံမှန်အတိုင်းပဲ ရင်းနှီးသွားကြပါလိမ့်မယ်။ ဒီသူတော်စင်များညီလာခံကိုတော့ လင်းဖုန်း... မင်းအတွက် သီးသန့်ခေါ်ထားတာပဲ” သူတော်စင်ခန်းက ဖြည်းဖြည်းချင်း ပြောကြားလိုက်သည်။
“ကျွန်တော့်အတွက် သီးသန့်ခေါ်ထားတဲ့ အစည်းအဝေးလား”
လင်းဖုန်း ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။ ဤသည်က အဓိကအကျဆုံး အချက်ဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။
ထာဝရသိုင်းတာအိုအရှင်