အခန်း ၂၈၃
Vol. 25 Ch. 283
အခန်း (၂၈၃) - အပြိုင်အဆိုင်စည်းရုံးကြခြင်း
ဘာသာပြန် - အားသစ်
“အမှန်ပဲ... ဒီအစည်းအဝေးကို သူတော်စင်လင်းဖုန်းအတွက် သီးသန့်ခေါ်ယူထားတာပါ”
သူတော်စင်ခန်း၏ စကားအဆုံးတွင် ကျန်သူတော်စင်များအားလုံး၏ မျက်နှာအမူအရာက အနည်းငယ် တည်ကြည်လေးနက်သွားသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင် ခြွင်းချက်မရှိချေ။
“သူတော်စင်ခန်း...ဘာကိစ္စများ ရှိလို့လဲခင်ဗျ”
လင်းဖုန်းသည်လည်း ဤကဲ့သို့သောနေ့မျိုး ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း စောစောစီးစီးကတည်းက ကြိုတင်တွေးဆထားခဲ့ပြီးသားပင်။ သူတော်စင်ကိုးပါးက သူ့ကို ဒသမမြောက်သူတော်စင်အဖြစ် သတ်မှတ်လိုက်ကြခြင်းမှာ သူတို့၏ ရိုးသားဖြောင့်မတ်သော စေတနာကို အရင်ဆုံး ပြသလိုခြင်းကြောင့်ဖြစ်သည်။ သူတို့၏ စေတနာကို ပြသပြီးပြီဖြစ်ရာ သဘာဝကျစွာပင် တချို့အရာများကို ရှင်းရှင်းလင်းလင်း မေးမြန်းစိစစ်ရန် လိုပေလိမ့်မည်။
“သူတော်စင်လင်းဖုန်း... ငါတို့ အတည်ပြုချင်တာကတော့... မင်း လက်ရှိအချိန်မှာ တကယ်ပဲ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကိုပဲ ပြီးမြောက်ထားသေးတာလား ဆိုတာပါပဲ” သူတော်စင်ခန်းက လေသံခပ်တိုးတိုးဖြင့် မေးမြန်းလိုက်သည်။
ဤမေးခွန်းက သူတော်စင်ကိုးပါးလုံး သိလိုနေကြသည့် မေးခွန်း ဖြစ်ပေလိမ့်မည်။ သူတို့ လင်းဖုန်း၏ ဇာတ်ကြောင်းအားလုံးကို အလွန်တရာ ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးထားခဲ့ကြပြီး ဖြစ်သော်လည်း လင်းဖုန်းကိုယ်တိုင် ဝန်ခံပြောကြားချက်ကိုမူ ကြားသိလိုကြဆဲပင်။
“ဟုတ်ပါတယ်... ကျွန်တော် လက်ရှိမှာ တကယ်ပဲ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကိုပဲ ပြီးမြောက်ထားပါသေးတယ်”
လင်းဖုန်း သူတော်စင်များအားလုံးကို ဝေ့ကြည့်လိုက်သည်။ သူ ဤကိစ္စကို လျှို့ဝှက်ထားလိုလျှင်ပင် ကြာကြာဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း သိထားသဖြင့် ပွင့်ပွင့်လင်းလင်းသာ ပြောဆိုလိုက်သည်။ သူ့၌ သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည့်အပြင် ယခုအခါတွင်လည်း သူတော်စင်တစ်ပါးဖြစ်နေခဲ့ပြီ ဖြစ်ရာ ဤသူတော်စင်ကိုးပါးကို သူ နည်းနည်းမျှပင် ကြောက်ရွံ့နေစရာ မလိုတော့ချေ။
“ရှူး...”
လူတိုင်း အသက်ရှူသံများ ပြင်းထန်သွားကြရသည်။ သူတို့ရင်ထဲ၌ ကြိုတင်တွေးဆထားခဲ့ကြသော်လည်း လင်းဖုန်းကိုယ်တိုင် ဝန်ခံပြောကြားလိုက်သည်ကို ကြားလိုက်ရသည့်အခါတွင်မူ များစွာ ထိတ်လန့်တုန်လှုပ်မိသွားကြရဆဲပင်။
လင်းဖုန်းသည်ကား ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်မျှသာ ရှိသေးသော်လည်း သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းမျိုး ရှိနေသည်တကား။ အကယ်၍ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိထားကြသည့် မိမိတို့ကဲ့သို့ သူတော်စင်များသာ ထိုရှေးဟောင်းယဉ်ကျေးမှု၏ အမွေအနှစ်ကို ရရှိခဲ့မည်ဆိုပါက မည်မျှအထိ အစွမ်းထက်သွားကြမည်နည်း။
ထိုအချက်ကို တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် သူတော်စင်ခန်းပင်လျှင် ရင်ထဲ၌ လှိုင်းတံပိုးများ ထန်သွားရသည်။
“သူတော်စင်လင်းဖုန်း... မင်း ရရှိခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်က ဘာလဲဆိုတာ ပြောပြလို့ရမလား” သူတော်စင်ဘာတိုင်က အလွန်တရာ စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်တော့သည်။
လင်းဖုန်း၏ မျက်နှာအမူအရာကမူ ပြောင်းလဲခြင်းမရှိပါချေ။ သူက သူတော်စင်ဘာတိုင်ကို တစ်ချက်မျှသာ ကြည့်လိုက်သည်။ သဘာဝကျကျပင် လင်းဖုန်း သူတော်စင်ဘာတိုင်ကို သိထားသည်။ လူသားမျိုးနွယ်အတွင်းရှိ လူတိုင်းနီးပါး သူတော်စင်ကိုးပါး၏ စွမ်းဆောင်ချက်များနှင့် ပုံရိပ်များကို ကောင်းကောင်း သိရှိကြသည်။
သူတော်စင်ဘာတိုင်သည်ကား စီးပွားရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့သူပင်။ သူသည် မူလကတည်းက အင်အားကြီးမားလှသော မျိုးနွယ်စုကြီးတစ်ခုမှ မွေးဖွားလာခဲ့သူ ဖြစ်၏။ ဤစီးပွားရေးလုပ်ငန်းစု မျိုးနွယ်စုကြီးက ကမ္ဘာ့စည်းစိမ်ဥစ္စာ၏ ၁၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး သူတို့၏ ဩဇာအာဏာမှာ အလွန်တရာ ကြီးမားလှပေသည်။
အချို့သောလူများကမူ ကွယ်ရာတွင် ထိုမျိုးနွယ်စုကြီးအား လူ့အဖွဲ့အစည်း၏ ကင်ဆာကျိတ်တစ်ခုအဖြစ်အထိပင် ပုံဖော်ပြောဆိုကြဖူးသည်။
သို့သော်လည်း သူတော်စင်ဘာတိုင်က လူသားမျိုးနွယ်၏ မဏ္ဍိုင်တစ်ခု ဖြစ်နေခဲ့သဖြင့် မည်သူကမျှ ဘာတိုင်၏မိသားစုကို ပွင့်ပွင့်လင်းလင်း မဆန့်ကျင်ဝံ့ကြချေ။
လင်းဖုန်း၏ မနှစ်မြို့သော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သူတော်စင်ခန်းက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ “သူတော်စင်ဘာတိုင်... ကျေးဇူးပြုပြီး မင်းရဲ့ အပြောအဆိုကို ဆင်ခြင်ပေးပါ”
သူတော်စင်ဘာတိုင်၏ မျက်နှာထက်တွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြန်လည်ပြောကြားလိုက်သည်။ “သူတော်စင်ခန်း... ကျွန်တော်တို့ လူသားလောကကြီးက လက်ရှိအချိန်မှာ အရမ်းအန္တရာယ်များတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ စွမ်းအားတွေကို မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခုရှိနေပြီပဲ။ ဘာလို့ အသုံးမချရမှာလဲ။ သူတော်စင်လင်းဖုန်းအနေနဲ့လည်း လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် သဘာဝကျစွာနဲ့ပဲ နားလည်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”
လင်းဖုန်း၏ စိတ်ထဲ၌ သူတော်စင်ဘာတိုင်အပေါ် ထားရှိသည့် အမြင်က ပို၍ပင် ဆိုးရွားသွားသည်။ အတိတ်ကာလက ဘာတိုင်မိသားစုသည် အလွန်တရာ အငမ်းမရ လောဘကြီးလှကြောင်း ကောလာဟလတချို့ ကြားသိခဲ့ရဖူးသည်။ သူတို့ ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းကြီးတချို့က အရာအရာကို လက်ဝါးကြီးအုပ်ကာ ကဏ္ဍအမြောက်အမြားကို ချုပ်ကိုင်ထားကြသည်။
ယခု သူတော်စင်ဘာတိုင်၏ စိတ်မရှည်လှသော အမူအရာကို ကြည့်ခြင်းအားဖြင့် ထိုကောလာဟလများက တကယ်ပင် အနည်းငယ် မှန်ကန်နေပုံရ၏။
“သူတော်စင်ဘာတိုင်... ကျွန်တော် အမွေအနှစ်တချို့ကို ရခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီအမွေအနှစ်က အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း စတုတ္ထအကြိမ်ကို ရောက်ရှိနေပြီးသား ပုဂ္ဂိုလ်တွေအတွက်တော့ ဘာမှ အသုံးမဝင်ပါဘူး”
“သူတော်စင်လင်းဖုန်း... မင်း ရရှိထားတဲ့ အမွေအနှစ်ကိုသာ ငါတို့ကို ပြောပြပါ။ ငါတို့ အတူတူ လေ့လာဆန်းစစ်ကြည့်ကြတာပေါ့။ အဲ့ဒါက ငါတို့ကိုလည်း အတွေးသစ် အမြင်သစ် တစ်ခုခု ပေးနိုင်ပြီးတော့ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်မလားဆိုတာ ဘယ်သူသိမလဲ”
သူတော်စင်ဘာတိုင် စကားမဆုံးခင်မှာတင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။ “သူတော်စင်ဘာတိုင်... ကျေးဇူးပြုပြီး ငါတို့ အန္တိမစစ်သေနာပတိချုပ်များဌာနရဲ့ ရည်ရွယ်ချက်ကို သတိရပေးပါ။ သူတော်စင်လင်းဖုန်းက ဒသမမြောက်သူတော်စင်ဖြစ်ပြီးတော့ ငါတို့ရဲ့ ရဲဘော်ရဲဘက်တစ်ယောက်လည်း ဖြစ်တယ်။ မင်းရဲ့စကားက ဘာကို ဆိုလိုချင်တာလဲ။ သူတော်စင်လင်းဖုန်းကို အတင်းအကျပ် ဖိအားပေးချင်တာလား။ ငါကတော့ အရင်ဆုံးအနေနဲ့ လုံးဝသဘောမတူဘူးလို့ပဲ ပြောလိုက်မယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ဒေါသကြီးပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်၏။ သူ့လေသံအရ သူတော်စင်ဘာတိုင်အပေါ် အလွန်တရာ မကျေမနပ်ဖြစ်နေကြောင်း ထင်ရှားလှပေသည်။
“ပြိုင်ဘက်ကင်းလက်သီးသူတော်စင်... ငါကလည်း လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားပြီး ပြောနေတာပါ”
“ဟမ့််... မင်းက မင်းကိုယ်ကျိုးစီးပွားအတွက်ပဲ စဉ်းစားနေတာလို့ပဲ ငါ ထင်တယ်”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် သူတော်စင်ဘာတိုင်တို့နှစ်ဦး အငြင်းပွားလာကြတော့သည်။ သူတော်စင်များကြားရှိ အငွေ့အသက်ကလည်း အနည်းငယ် တင်းမာသွားသည်။
လင်းဖုန်း ဤမြင်ကွင်းအားလုံးကို စောင့်ကြည့်နေသည်။ သူတော်စင်ကိုးပါးက အပြင်ပန်းတွင် မြင်တွေ့ရသလို သဟဇာတဖြစ်နေကြပုံမရပေ။ သူတို့ကြားတွင်လည်း အငြင်းပွားမှုတချို့ ရှိနေကြဆဲဖြစ်သည်။ ထိုအကြောင်းကို ပြင်ပလူများကသာ မသိရှိကြခြင်းဖြစ်၏။
“သူတော်စင်ဘာတိုင်...ပြိုင်ဘက်ကင်းလက်သီးသူတော်စင်...မင်းတို့နှစ်ယောက်လုံး အငြင်းအခုံတွေ ခဏလောက် ရပ်ကြပါဦး”
သူတော်စင်ခန်းက ဝင်ရောက်ပြောဆိုလိုက်သဖြင့် ထိုသူတော်စင်နှစ်ဦးစလုံး အချေအတင်ပြောဆိုနေခြင်းကို ရပ်လိုက်ကြသည်။
“သူတော်စင်လင်းဖုန်း... မင်းက အခုအချိန်မှာ သူတော်စင်တစ်ပါး ဖြစ်နေပြီပဲ။ မင်းက ငါတို့ထဲက တစ်ယောက်ဖြစ်သလို လူသားမျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်တယ်။ ငါတို့ ဘယ်သူတော်စင်ကိုမှ အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ပါဘူး။ မင်းမှာ ကိုယ်ပိုင် ကံကောင်းခြင်းတွေ အခွင့်အလမ်းတွေ ရှိခဲ့တာပဲ။ ဒီနေရာမှာရှိတဲ့ သူတော်စင်တိုင်းမှာလည်း ကိုယ်စီကိုယ်စီ ကံကောင်းခြင်းတွေ အခွင့်အလမ်းတွေ ရှိခဲ့ကြတာပဲ။ ဒါပေမဲ့ ငါတို့အားလုံး အဲဒါတွေကို အများပြည်သူအတွက် ပေးအပ်ခဲ့ကြလို့လား။ မပေးခဲ့ဘူးလေ။ ငါကိုယ်တိုင်လည်း တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒမျိုး ကင်းစင်နေတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... ငါတို့အားလုံးက လူသားမျိုးနွယ်ဝင်တွေပဲ”
သူတော်စင်ခန်း၏ အကြည့်က အနည်းငယ် စူးရှလှပေ၏။ အထူးသဖြင့် သူတော်စင်ဘာတိုင်အပေါ် စူးစိုက်ကြည့်နေခြင်းပင်။
လင်းဖုန်း ခဏမျှ တိတ်ဆိတ်သွားရသည်။ သူ နားလည်သွားလေပြီ။ သူတော်စင်ခန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့နှစ်ဦးစလုံးက သူ့ကို ပံ့ပိုးကူညီပေးနေကြ၏။ ထို့ပြင် ပညာရေးအဖွဲ့အစည်းက တစ်သားတည်း လှုပ်ရှားလေ့ရှိကြသည်။ ပညာရေးအဖွဲ့အစည်း၏ ကျန်သူတော်စင်နှစ်ပါးသည်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ဧကန်မုချ ပံ့ပိုးကူညီပေးကြပေလိမ့်မည်။
ဤနည်းအားဖြင့် လင်းဖုန်းက တစ်ယောက်တည်း အထီးကျန်ဖြစ်မနေချေ။ ထိုမျှသာမကသေး သူ့အနေဖြင့် သူတော်စင်ခန်း၏ အတွေးအခေါ်ကို အလွန် သဘောကျလှပေသည်။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များနှင့် အခွင့်အလမ်းများ ရှိကြစမြဲသာ။ အကယ်၍ သူတော်စင်များက အမွေအနှစ်တစ်ခုခု ရရှိထားသူတိုင်းကို အတင်းအကျပ် အပ်နှံခိုင်းမည်ဆိုပါက လူသားလောကကြီးတစ်ခုလုံး ယခုအချိန်တွင် ဖရိုဖရဲ ဖြစ်နေပေလိမ့်မည်။
“သူတော်စင်ခန်း... စိတ်မပူပါနဲ့။ ကျွန်တော်က လူသားမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစောက်ဖြစ်ပြီးတော့ အမြဲတမ်းလည်း ဖြစ်နေမှာပါ။ သင့်တော်တဲ့ အချိန်ကျရင်... ကျွန်တော် အဲ့ဒါကို သေသေချာချာ လေ့လာဆန်းစစ်ပြီး သိုင်းပညာစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အခါကျရင် လူသိရှင်ကြား ထုတ်ပြန်ပေးပါ့မယ်”
“မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ် သူတော်စင်လင်းဖုန်း။ ကောင်းပါပြီ... ဒီကိစ္စကို ဒီနေရာတင်ပဲ ရပ်လိုက်ကြရအောင်”
သူတော်စင်ဘာတိုင်အနေဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း သူတော်စင်ခန်းကိုယ်တိုင်က ထိုသို့ ပြောဆိုလိုက်သည်ကို မြင်လိုက်ရသည့်အခါတွင်မူ ဆက်လက်၍ မမေးမြန်းရဲတော့ချေ။ မဟုတ်ပါက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၊ သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့က သူ့အပေါ် ဧကန်မုချ မနှစ်မြို့ဖြစ်ကြပေလိမ့်မည်။
“သူတော်စင်လင်းဖုန်း... ငါတို့ ကိုးယောက်နဲ့ မင်းကို မိတ်ဆက်ပေးပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ပေးတဲ့အပြင် ဒီသူတော်စင်များညီလာခံကို ခေါ်ယူရခြင်းရဲ့ တခြားအရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခု ရှိသေးတယ်။ မင်း ဘယ်အဖွဲ့အစည်းကို ဝင်ချင်လဲဆိုတာ စဉ်းစားထားပြီးပြီလား”
ဤသည်က ဤသူတော်စင်များညီလာခံ ကျင်းပရခြင်း၏ အစစ်အမှန် ရည်ရွယ်ချက်ပင်။
“ဘယ်အဖွဲ့အစည်းကို ဝင်မလဲ ဟုတ်လား”
လင်းဖုန်း သူတော်စင်ကိုးပါးကို ဝေ့ကြည့်လိုက်သည်။ ထွေထွေထူးထူး ပြောနေရန်မလိုပေ။ ဤသူတော်စင်ကိုးပါးလုံးတွင် ကိုယ်စီအဖွဲ့အစည်းများ ရှိကြ၏။ သူတို့အားလုံးစုပေါင်းကာ အဓိကအဖွဲ့အစည်းကြီးငါးခုကို ဖွဲ့စည်းထားကြခြင်း ဖြစ်သည်။
ဤအဓိကအဖွဲ့အစည်းကြီးငါးခုကို အသုံးပြု၍ သူတော်စင်ကိုးပါးက လူသားမျိုးနွယ်၏ အမြင့်ဆုံးအာဏာကို ချုပ်ကိုင်ထားကြသည်။ ဤနည်းအားဖြင့် သူတို့ ကြမ်းကြုတ်သားရဲများနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း ကြီးကြီးမားမား အားသာချက်များကို ရကြသည်။ အနည်းဆုံးအနေဖြင့် လူအင်အားကို အလွန်လျင်မြန်စွာ စည်းရုံးလှုံ့ဆော်နိုင်ကြသည်။
ဤအဓိကအဖွဲ့အစည်းကြီး ငါးခု၏ ပံ့ပိုးကူညီမှု မရှိပါက ဤမျှလောက် များပြားလှသော ရှေ့တန်းစစ်မျက်နှာပြင် အခြေစိုက်စခန်းများကို ထိန်းသိမ်းထားရန်က ဘယ်လိုမှ မဖြစ်နိုင်ပါချေ။
“လင်းဖုန်းက အနန္တလမ်းစဉ်အကယ်ဒမီကနေ လာတာဖြစ်လို့ သူ သဘာဝကျကျပဲ ပညာရေးအဖွဲ့အစည်းကို ဝင်ရောက်ရမှာပေါ့ကွ”
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က စကားဆိုလိုက်ပြီး လင်းဖုန်းကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
လင်းဖုန်းသည် ယခုအခါ သူတော်စင်တစ်ပါး ဖြစ်နေလေပြီ။ တုန်ဖန်းရှန်သည်လည်း ပါရမီရှင်တစ်ဦးဖြစ်ပြီး သူတော်စင်တစ်ပါး ဖြစ်လာရန် အခွင့်အလမ်းအများဆုံးရှိသည့် စူပါပါရမီရှင်တစ်ဦးပင်။ နောင်အနာဂတ်တွင် အနန္တလမ်းစဉ်အကယ်ဒမီ တစ်ခုတည်းမှ သူတော်စင်သုံးပါးအထိပင် ထွက်ပေါ်လာနိုင်ပေသည်။
ထိုအချိန်ရောက်လျှင် အနန္တလမ်းစဉ်အကယ်ဒမီက မည်မျှအထိ ဂုဏ်သိက္ခာ ကြီးမားလိုက်ပါမည်နည်း။
သူတော်စင်များတွင်ပင် ကိုယ်စီကိုယ်စီ ကိုယ်ကျိုးစီးပွား တွက်ချက်မှုများ ရှိကြစမြဲပင်။ အနန္တလမ်းစဉ်အကယ်ဒမီက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အခြေခံအုတ်မြစ်ဖြစ်၏။ အနန္တလမ်းစဉ်အကယ်ဒမီ၏ အကျိုးစီးပွားအတွက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် လင်းဖုန်းကို ပညာရေးအဖွဲ့အစည်းသို့ ဝင်ရောက်ရန် သဘာဝကျကျ မျှော်လင့်နေမိသည်။
“ဟဲဟဲ...ပြိုင်ဘက်ကင်း...အဲဒါကတော့ မင်းပြောသလို ဖြစ်လာရမယ်လို့ တပ်အပ်ကြီးမဟုတ်ပါဘူး။ ကိုယ်လာခဲ့တဲ့ အဖွဲ့အစည်းကိုပဲ ပြန်ဝင်ရမယ်လို့ ဘယ်သူက ပြောထားလို့လဲ။ ငါတို့ စစ်တပ်အဖွဲ့အစည်းကလည်း သူတော်စင်လင်းဖုန်းကို ငါတို့နဲ့ ပူးပေါင်းဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်” စစ်တပ်အဖွဲ့အစည်းမှ သူတော်စင်ကျိုးထျန်းချီက ပြောကြားလိုက်သည်။
“ငါတို့ စီးပွားရေးအဖွဲ့အစည်းကလည်း သူတော်စင်လင်းဖုန်းကို ကြိုဆိုနေပါတယ်။ တကယ်လို့ သူတော်စင်လင်းဖုန်းသာ ငါတို့ စီးပွားရေးအဖွဲ့အစည်းကို ဝင်ရောက်ဖို့ ဆန္ဒရှိမယ်ဆိုရင်... ကျွန်တော့်အနေနဲ့ စီးပွားရေးလုပ်ငန်းစုရဲ့ လုပ်ငန်းတွေထဲက အနည်းဆုံး သုံးပုံတစ်ပုံကို သူတော်စင်လင်းဖုန်းဆီ ချက်ချင်း အပ်နှံပေးဖို့ ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်”
သူတော်စင်ဘာတိုင်သည်လည်း လင်းဖုန်းကို စည်းရုံးရန်အတွက် အပြိုင်အဆိုင် ပါဝင်လာသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူ လင်းဖုန်းကို အနည်းငယ် ပစ်မှတ်ထား ပြောဆိုခဲ့သော်လည်း အကယ်၍ လင်းဖုန်းကို စီးပွားရေးအဖွဲ့အစည်းအတွင်းသို့ ဆွဲဆောင်နိုင်မည်ဆိုပါက ပြီးခဲ့ပြီးသား အဆင်မပြေမှုများကို မည်သူကမျှ ဂရုစိုက်နေကြမည် မဟုတ်ချေ။
“ကြည့်ရတာ ငါလည်း မပြောဘဲ နေလို့မရတော့ဘူး ထင်တယ်။ သူတော်စင်လင်းဖုန်း... မင်း အစိုးရအဖွဲ့အစည်းကိုရော ဝင်ရောက်ဖို့ စိတ်ကူးရှိရဲ့လား”
သူတော်စင်ခန်းကိုယ်တိုင်ပင် လင်းဖုန်းကို သူတို့အဖွဲ့သို့ ဝင်ရောက်ရန်အတွက် အပြိုင်အဆိုင် စည်းရုံးပြောဆိုလာရတော့သည်။
ထာဝရသိုင်းတာအိုအရှင်