← Chapters

အခန်း ၂၈၄

Vol. 25 Ch. 284

အခန်း ၂၈၄

Vol. 25 Ch. 284

အခန်း (၂၈၄) - အဖွဲ့အစည်းသစ်တစ်ခု တည်ထောင်ခြင်း

ဘာသာပြန် - အားသစ်

လက်ရှိအချိန်တွင် အဓိကအဖွဲ့အစည်းကြီးငါးခု၌ ပညာရေးအဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်း၊ စစ်တပ်အဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်းနှင့် အလွတ်တန်းကျင့်ကြံသူများသမဂ္ဂတို့ ပါဝင်ကြသည်။

ဤအဓိကအဖွဲ့အစည်းကြီးငါးခုက လူသားလောက၏ ကဏ္ဍတိုင်းနီးပါးကို ချုပ်ကိုင်ထားကြသည်။ ထိုအဖွဲ့ကြီးများက နေရာအနှံ့ပျံ့နှံ့နေကြပြီး မည်သူမှ ဤအဖွဲ့အစည်းကြီးငါးခု၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ကြချေ။ ဤသည်က ကြောက်မက်ဖွယ်ရာကောင်းလှသည်ဟု ထင်ရ၏။ သို့သော်လည်း ဤအဖွဲ့အစည်းကြီးငါးခုက ဤမျှလောက်အထိ အစွမ်းထက်နေခဲ့ကြခြင်းကြောင့်သာလျှင် လူသားများအနေဖြင့် မိမိတို့၏ နယ်မြေများကို အဆက်မပြတ် တိုးချဲ့နိုင်ကာ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။

လူသားမျိုးနွယ်၏ နည်းပညာက စဉ်ဆက်မပြတ် တူးဖော်တွေ့ရှိနေရသော ရှေးဟောင်းယဉ်ကျေးမှုများထံမှ တဖြည်းဖြည်း ရရှိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိုးတက်မှုအရှိန်အဟုန်က ပေါက်ကွဲထွက်လုမတတ် မြန်ဆန်လှသည်ဟု ပုံဖော်ပြောဆိုနိုင်၏။ နှစ်စဉ်နှစ်တိုင်းနီးပါး အဓိကနည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုတချို့ ထွက်ပေါ်လာလေ့ရှိသည်။

သိုင်းပညာလမ်းစဉ်က မည်မျှအထိ အရှိန်အဟုန်ပြင်းပြင်း တိုးတက်လာခဲ့သည်ဆိုသည်ကိုမူ ပြောနေရန်ပင် မလိုတော့ချေ။ လက်ရှိလူသားမျိုးနွယ်သည်ကား သိုင်းပညာခေတ် ဗဟိုချက်အတွင်းသို့ပင် ဝင်ရောက်လာခဲ့ကြလေပြီ။

လင်းဖုန်းအနေဖြင့် ထိုအဖွဲ့အစည်းများနှင့် ကင်းကွာအောင် နေထိုင်ရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။ သူ အဖွဲ့အစည်းတစ်ခုခုအတွင်းသို့ ဝင်ရောက်သည်ဖြစ်စေ သူကိုယ်တိုင် အဖွဲ့အစည်းတစ်ခုအဖြစ် သီးခြားရပ်တည်သည်ဖြစ်စေ တစ်ခုခုကို ရွေးချယ်ရပေတော့မည်။

ထိုအပျက်အစီးနယ်မြေ၊ ဖျက်ဆီးသူစက်ရုပ်ကြီးနှင့် လင်းဖုန်းကိုယ်တိုင်၌ ရှိနေသော လျှို့ဝှက်ချက်အမြောက်အမြားကို ထည့်သွင်းစဉ်းစားမည်ဆိုပါက လင်းဖုန်းအနေဖြင့် မည်သည့်အဖွဲ့အစည်းအတွင်းသို့မဆို ဝင်ရောက်ရန်က သိပ်ပြီး အဆင်မပြေလှချေ။

သူ့အနေဖြင့် ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရန် လိုအပ်ပေသည်။ ကိုယ်ပိုင်လျှို့ဝှက်ချက်တချို့ကို လူသိရှင်ကြား ထုတ်ပြန်လိုလျှင်ပင် သူ့ကိုယ်ပိုင်အဖွဲ့အစည်းကို ဦးစားပေးရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် လူသားမျိုးနွယ်တစ်ခုလုံးအတွင်းသို့ တဖြည်းဖြည်း ချပြရမည် ဖြစ်ပေသည်။

လူသားတို့၏ စိတ်သဘောထားဟူသည်ကား ခန့်မှန်းရ အခက်ခဲဆုံးအရာပင်။ သို့ဖြစ်ရာ လင်းဖုန်းအနေဖြင့် သတိကြီးကြီး ထားမှရလိမ့်မည်။

အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် ခက်ခဲမှုနှင့်ပတ်သက်၍မူ…။ လင်းဖုန်း၏ လက်ရှိ ဩဇာအာဏာ၊ အပျက်အစီးနယ်မြေနှင့် လောင်ဘီသမ်၏ ကူညီပံ့ပိုးမှုများ ရှိနေပြီဖြစ်ရာ အဖွဲ့အစည်းတစ်ခု တည်ထောင်ရန်က သူ့အတွက် ပြဿနာတစ်ခု လုံးဝမဟုတ်တော့ပါချေ။

ထို့ကြောင့် လင်းဖုန်းက ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကို ကြည့်ကာ အားနာနာဖြင့် ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး... ကျွန်တော့်အနေနဲ့ ပညာရေးအဖွဲ့အစည်းကို မဝင်ရောက်နိုင်တဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါခင်ဗျာ”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အလျင်အမြန် မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ။ မင်းက ကမ်းလှမ်းချက်တွေကို အားမရလို့လား။ စိတ်မပူပါနဲ့။ မင်းသာ ပူးပေါင်းမယ်ဆိုရင် မင်းဖာသာ ကိုယ်ပိုင်အကယ်ဒမီတစ်ခု တည်ထောင်ချင်ရင်တောင် ငါတို့ အပြည့်အဝပံ့ပိုးကူညီပေးမှာပါကွာ”

သူတော်စင်ခန်းက ပြုံးလျက် မေးလိုက်သည်။ “သူတော်စင်လင်းဖုန်း... မင်းက အစိုးရအဖွဲ့အစည်းကို ဝင်ဖို့ ရွေးမလို့လား”

“မဟုတ်ပါဘူး... ကျွန်တော် ဘယ်အဖွဲ့အစည်းကိုမှ ဝင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဖာသာ ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကိုပဲ တည်ထောင်ဖို့ ဆုံးဖြတ်ထားပါတယ်” လင်းဖုန်းက ပြတ်ပြတ်သားသား ဖြေကြားလိုက်တော့သည်။

“ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်မယ်။ ဟုတ်လား”

လူတိုင်း ကြောင်အမ်းသွားရသည်။ သူတို့ ဤဖြစ်နိုင်ချေကို တွေးမထားခဲ့ကြသည် မဟုတ်သော်လည်း လက်ရှိ လူ့အဖွဲ့အစည်းအတွင်း၌ အဓိကအဖွဲ့အစည်းကြီးငါးခုက နေရာအနှံ့ ချုပ်ကိုင်ထားကြပြီးဖြစ်၏။ မည်သည့်အဖွဲ့အစည်းသစ်ကများ ခြေကုပ်ယူနိုင်ပါဦးမည်နည်း။

လင်းဖုန်းက သူတော်စင်တစ်ပါး ဖြစ်နေခဲ့လျှင်ပင် ဆဋ္ဌမမြောက် အဖွဲ့အစည်းတစ်ခုအဖြစ် အတင်းအကျပ် ကြားဝင်ဖွဲ့စည်းတည်ထောင်ဖို့က ထင်သလောက်မလွယ်ချေ။

အကယ်၍ အသစ်တည်ထောင်လိုက်သော အဖွဲ့အစည်း၌ ကြီးမားသည့်စွမ်းအားမျိုး ရှိမနေပါက တည်ထောင်နေစရာအကြောင်း ဘာရှိဦးမည်နည်း။

“သူတော်စင်လင်းဖုန်း... အဖွဲ့အစည်းတစ်ခု တည်ထောင်ရတာက အရမ်းခက်ခဲတယ်နော်။ မင်း သေသေချာချာ စဉ်းစားပါဦး”

သူတော်စင်ခန်း၏ မျက်နှာအမူအရာသည်လည်း တည်ကြည်လေးနက်သွားသည်။ လင်းဖုန်း အဖွဲ့အစည်းသစ်တစ်ခု တည်ထောင်ခြင်းက အဓိကအဖွဲ့အစည်းကြီးငါးခု၏ အကျိုးစီးပွားကို ထိခိုက်လာမည်ကို သူ တကယ် စိုးရိမ်မိနေသည်။ အကယ်၍ အဖွဲ့အစည်းများကြား ပဋိပက္ခဖြစ်ပွားလာပါက လူ့အဖွဲ့အစည်းအတွင်း၌ ပြည်တွင်းစစ် ဖြစ်လာနိုင်ပေသည်။ ရရှိလာမည့် အကျိုးအမြတ်က ဆုံးရှုံးမှုကို ကာမိနိုင်လိမ့်မည် မဟုတ်ချေ။ ဒါ့အပြင် ဤသည်က သူတော်စင်ခန်း မြင်တွေ့လိုသော အရာလည်း မဟုတ်ပါချေ။

လင်းဖုန်း သဘာဝကျစွာပင် သူတော်စင်ခန်း စိုးရိမ်နေသည့်အရာကို သိထားသဖြင့် အနည်းငယ်ပြုံးလျက် ပြောလိုက်သည်။ “သူတော်စင်ခန်း... ကျွန်တော် သေချာစဉ်းစားပြီးပါပြီ။ ကျွန်တော်တည်ထောင်မယ့် အဖွဲ့အစည်းရဲ့ အခြေစိုက်စခန်းက ကန့်ကျောက်အခြေစိုက်စခန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အပျက်အစီးနယ်မြေထဲလုပ်မှာပါ။ ဒါ့အပြင် ကျွန်တော်က အဓိကအဖွဲ့အစည်းကြီးငါးခုထဲကို မဝင်ရသေးတဲ့ သိုင်းသမားတွေကိုပဲ စည်းရုံးသိမ်းသွင်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တခြားတောင်းဆိုချက်တစ်ခု ရှိပါသေးတယ်။ သူတော်စင်ကျိုးထျန်းချီ...သူတော်စင်ပါမန်...သူတော်စင်တို့အနေနဲ့ ကန့်ကျောက်ခြေစိုက်စခန်းကို ကျွန်တော့်ဆီလွှဲပေးဖို့ ဆန္ဒရှိကြပါရဲ့လား။ စစ်တပ်အနေနဲ့ ကန့်ကျောက်ခြေစိုက်စခန်းကနေ ဆုတ်ခွာပေးနိုင်ပါတယ်။ နောင်အနာဂတ်မှာ အဲဒီနေရာက ကျွန်တော်တည်ထောင်မယ့် အဖွဲ့အစည်းရဲ့ ဌာနချုပ် ဖြစ်လာမှာဖြစ်ပြီးတော့ ပြင်ပနယ်မြေကို အမြဲတမ်း စောင့်ကြပ်သွားမှာပါ”

“ဟားဟားဟား... ဒါက အသေးအဖွဲကိစ္စလေးတစ်ခုပဲဥစ္စာ။ သူတော်စင်လင်းဖုန်းအနေနဲ့ ဒီလို ဝေးလံခေါင်သီတဲ့နေရာမှာ ဌာနချုပ်တည်ဆောက်ပြီးတော့ ပြင်ပနယ်မြေကို အမြဲတမ်းစောင့်ကြပ်ပေးမယ်ဆိုမှတော့... ကျုပ်တို့ စစ်တပ်အဖွဲ့အစည်းအနေနဲ့ သဘာဝကျကျပဲ ပံ့ပိုးကူညီပေးရမှာပေါ့”

သူတော်စင်ကျိုးထျန်းချီ ချက်ချင်းပင် သူ့သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်သည်။ သူတော်စင်ပါမန်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။ အကယ်၍ သူတို့ ကန့်ကျောက်ခြေစိုက်စခန်းမှ ဆုတ်ခွာပေးလိုက်မည်ဆိုပါက ထိုနေရာရှိ သိုင်းသမားများစွာအနေဖြင့် စစ်တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ အခြေစိုက်စခန်းအသစ်များ တည်ထောင်နိုင်ကြပေလိမ့်မည်။ လင်းဖုန်းက စစ်တပ်ကို ကူညီရာရောက်နေခြင်းဖြစ်ရာ စစ်တပ်အနေဖြင့် အဘယ်မှာ ငြင်းပယ်စရာအကြောင်း ရှိဦးမည်နည်း။

“ကောင်းပါပြီ... သူတော်စင်လင်းဖုန်းအနေနဲ့ ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့... ဒီကိစ္စကို ဒီအတိုင်းပဲ အတည်ပြုလိုက်ကြရအောင်”

သူတော်စင်ခန်းက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ပေးလိုက်သည်။ ထိုသို့ဖြင့် သူတော်စင်များညီလာခံကြီး ပြီးဆုံးသွားသည်။ သူတော်စင်များက လင်းဖုန်းကို တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကားပြောကြားပြီးနောက် စိတ်အာရုံပုံရိပ်များ ပျောက်ကွယ်သွားကြတော့သည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကမူ ကျန်ရစ်နေခဲ့ဆဲပင်။ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “လင်းဖုန်း...ဟူး…နှမြောစရာကောင်းလိုက်တာကွာ။ မင်း ပညာရေးအဖွဲ့အစည်းကို မဝင်ခဲ့ပေမဲ့... ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ အနန္တလမ်းစဉ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ သူတော်စင်တစ်ပါးပဲ။ နောင်အနာဂတ်မှာ မင်းကိုယ်ပိုင်အဖွဲ့အစည်းကို တည်ထောင်တဲ့ အခါကျလို့ အခက်အခဲတစ်ခုခုနဲ့ ကြုံရတယ်ဆိုရင် ငါ့ဆီကို တိုက်ရိုက်လာရှာလို့ရတယ်နော်”

“ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး... ဒီလိုဆိုရင်တော့ ကျွန်တော့်အနေနဲ့ ကြိုပြီးတော့ပဲ ကျေးဇူးတင်ရမှာပေါ့”

လင်းဖုန်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် ပြောဆိုဆက်ဆံရာတွင် အားနာသလိုလို ဟန်ဆောင်ပန်ဆောင်လုပ်မနေချေ။ သူတော်စင်ကိုးပါးထဲတွင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကသာ သူ့ကို စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်များမရှိဘဲ လုံးဝဥဿုံ ပံ့ပိုးကူညီပေးမည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း သေချာလှပေသည်။

သူတော်စင်များ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြပြီးနောက် နောက်ဆုံးတွင် သူတော်စင်ခန်း တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

သူတော်စင်ခန်း၌ သူ့အား ပြောစရာစကားတချို့ ဧကန်မုချ ရှိနေကြောင်း လင်းဖုန်း အတပ်သိသည်။

“သူတော်စင်လင်းဖုန်း... မင်း ခုနက သူတော်စင်များညီလာခံကို တွေ့ခဲ့ရပြီးပြီပဲ။ သူတော်စင်ကိုးပါးက တကယ်တော့ လုံးဝကြီး တစ်ကိုယ်ကောင်းစိတ် ကင်းစင်နေကြတာ မဟုတ်ဘူး။ သူတို့မှာလည်း ကိုယ်စီကိုယ်စီ အကျိုးစီးပွားတွက်ချက်မှုတွေ ရှိကြစမြဲပဲ”

“ကျွန်တော် သိပါတယ်။ သာမန်သိုင်းသမားတွေမှာတောင် ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးကြတာပဲ။ သူတော်စင်တွေဆိုရင် ပိုလို့တောင် ရှိဦးမှာပေါ့။ သူတို့လည်း ပုထုဇဉ်လူသားပဲလေ။ ဒါပေမဲ့ ကျွန်တော် ယုံကြည်ထားတာကတော့... အကုန်လုံးခြုံငုံပြီး ကြည့်မယ်ဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးနေကြသရွေ့တော့ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်”

“မှန်တာပေါ့။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါ သူတော်စင်တွေကြားက ပဋိပက္ခတွေကို မကြာမကြာ ကြားဝင်ညှိနှိုင်းပေးခဲ့ရတယ်။ ဒါကြောင့်မို့လည်း အတိုင်းအတာကြီးကြီးမားမားနဲ့ အကြီးအကျယ်ပဋိပက္ခဖြစ်တာမျိုး မရှိသေးတာပေါ့။ အခု မင်း ဒသမမြောက်သူတော်စင် ဖြစ်လာပြီ။ ဒါက အရေအတွက်အပြောင်းအလဲတစ်ခုကို ကိုယ်စားပြုနေတာ ဖြစ်ပေမဲ့... မင်းက မျှော်လင့်ချက်တစ်ခုလည်း ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”

“မျှော်လင့်ချက် ဟုတ်လား”

“မင်းလည်း ဒီအကြောင်းတွေကို သိထားသင့်ပါတယ်။ သူတော်စင်ကိုးပါးက ပြင်ပနယ်မြေကို စောင့်ကြပ်နေကြရတာဆ်ုတော့ ငါတို့မှာ တကယ်တမ်း အားလပ်ချိန်ဆိုတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတော်စင်တိုင်းက သက်ဆိုင်ရာနတ်ဆိုးဧကရာဇ်တွေနဲ့ ရင်ဆိုင်နေကြရလို့ပဲ။ ငါတို့ ခဏတဖြုတ် ထွက်သွားတဲ့ အခိုက်အတန့်မှာတင် အဲ့ဒီနတ်ဆိုးဧကရာဇ်တွေက ပြဿနာရှာကြလိမ့်မယ်။ အဲ့ကောင်တွေက ငါတို့ လူ့အဖွဲ့အစည်းအတွက် ကပ်ဘေးတစ်ခု သယ်ဆောင်လာကြလိမ့်မယ်”

“ဒါဆိုရင် အဲဒီနတ်ဆိုးဧကရာဇ်တွေကို ဘာလို့ အမြစ်ပြတ် ချေမှုန်းမပစ်ကြတာလဲ”

“ငါတို့သာ အမြစ်ဖြုတ်နိုင်မယ်ဆိုရင် စောစောစီးစီးကတည်းက လုပ်ခဲ့ကြမှာပေါ့ကွာ။ အဲ့ဒီနတ်ဆိုးဧကရာဇ်တွေထဲက တစ်ကောင်ချင်းစီရဲ့ စွမ်းအားက ငါတို့ သူတော်စင်တွေထက် နည်းနည်းမှနိမ့်မနေဘူးလေ။ ငါတို့အနေနဲ့ လောလောဆယ် အင်အားချင်းပူးပေါင်းဖို့အတွက် အခွင့်မသာသေးတာကြောင့်မို့ အဲ့ဒီနတ်ဆိုးဧကရာဇ်တွေကို ဘယ်လိုလုပ် အမြစ်ပြတ်ချေမှုန်းနိုင်ပါ့မလဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတော်စင်လင်းဖုန်း ရှိလာပြီဖြစ်တဲ့အပြင် မင်းရဲ့ ထိန်းချုပ်မှုအောက်မှာလည်း သူတော်စင်အဆင့် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ စက်ရုပ်ကြီးရှိနေပြီဆိုတော့ အခြေအနေက ငါတို့ဘက်ကို ပိုပြီးအသာစီးရလာပြီပဲ”

“ခင်ဗျား ဆိုလိုချင်တာက... သူတော်စင်ခန်း...”

“နောင်အနာဂတ်ကျရင် သူတော်စင်လင်းဖုန်းအနေနဲ့ မင်းရဲ့ ကျင့်စဉ်အဆင့်အတန်း တည်ငြိမ်သွားတဲ့ အခါကျရင်ပေါ့။ ငါတို့နဲ့ အင်အားချင်း ပူးပေါင်းပြီး နတ်ဆိုးဧကရာဇ်တချို့ကို အမြစ်ပြတ်သုတ်သင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်”

ဤသည်က လင်းဖုန်းအား ကြိုတင်ဖိတ်ခေါ်ချက်တစ်ခုအဖြစ် သတ်မှတ်နိုင်၏။ ဤကိစ္စကပင် သူတော်စင်ခန်းအနေဖြင့် လင်းဖုန်းအား ဒသမမြောက်သူတော်စင်အဖြစ် တက်လှမ်းနိုင်ရန်အတွက် ဤမျှလောက်အထိ အစွမ်းကုန် ပံ့ပိုးကူညီပေးခဲ့ရခြင်း၏ အဓိက အကြောင်းရင်း မဟုတ်ပါလော။

လင်းဖုန်း ခဏမျှ တွေးတောနေခဲ့သည်။ နောက်ဆုံးတွင် သူ ခေါင်းမော့ကာ ပြန်လည်ပြောကြားလိုက်သည်။ “အဲ့ဒါက ကျွန်တော့်ရဲ့ ဝတ္တရားပဲ ဖြစ်ပါလိမ့်မယ်”

“ကောင်းပြီလေ... အချိန်အခါသင့်တဲ့ အခါကျရင် ငါ သူတော်စင်လင်းဖုန်းကို အကြောင်းကြားလိုက်ပါ့မယ်”

သူတော်စင်ခန်း နောက်ဆုံး စိတ်အေးသွား၏။ သို့ဖြစ်ရာ လင်းဖုန်းကို နှုတ်ဆက်ကာ သူ၏စိတ်အာရုံပုံရိပ်သည်လည်း အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။

လင်းဖုန်း သူတော်စင်များ ညီလာခံနေရာကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် အကြာကြီးထိုင်မနေတော့ချေ။ သူ ချက်ချင်း ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ရာ သူ့စိတ်အာရုံပုံရိပ်သည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားတော့သည်။

“ဟူး...”

လင်းဖုန်း သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ထပ်မံဝေ့ကြည့်လိုက်သည်။ လက်ရှိတွငိ သူ အပျက်အစီးနယ်မြေအတွင်းရှိ လျှို့ဝှက်အခန်းငယ်ထဲ၌ ရှိနေဆဲပင်။

စောစောက သူတော်စင်များညီလာခံကြီးက အလွန်တရာ ဆန်းကြယ်လှပေ၏။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ယင်းက လင်းဖုန်းကို အမြင်ပိုပွင့်လင်းလာစေခဲ့သည်။ သူ လူ့အဖွဲ့အစည်း၏ အမြင့်ဆုံး

အာဏာပိုင်များ ဖြစ်ကြသည့် သူတော်စင်ကိုးပါးကြားရှိ အခြေအနေမှန်ကို သိရှိခွင့်ရခဲ့သည်။

တွေးနေစရာပင်မလို။ သူတော်စင်များကြားတွင်လည်း အကျိုးစီးပွားကွဲပြားမှုများနှင့် အဆင်မပြေမှုများ ရှိကြစမြဲသာ။ သို့သော်လည်း သူတော်စင်ခန်းကဲ့သို့ သူတော်စင်များ၏ ကြားဝင်ညှိနှိုင်းပေးမှုအောက်တွင် သူတို့သည်ကား အလုံးစုံခြုံငုံကြည့်လျှင် အချင်းချင်း သဟဇာတဖြစ်အောင် ထိန်းသိမ်းထားနိုင်ကြဆဲပင်။

သို့သော်လည်း သူ ဒသမမြောက်သူတော်စင်အဖြစ် ရောက်ရှိလာခြင်းက ထိုဟန်ချက်ညီမျှမှုကို ဖျက်ဆီးပစ်နိုင်ပေ၏။

သို့သော်လည်း ထိုကိစ္စရပ်များက လောလောဆယ် လင်းဖုန်း ထည့်သွင်းစဉ်းစားရမည့်အရာများ မဟုတ်ပါချေ။ လက်ရှိ သူ သူတော်စင်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်၏။ အဖွဲ့အစည်းသစ်တစ်ခုကို တည်ထောင်ရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်ရာ သူ့အနေဖြင့် အရင်ဦးဆုံး အခြေခံစည်းမျဥ်းဘောင်တစ်ခုကို ချမှတ်တည်ဆောက်ရပေမည်။

အဆုံးတွင် အခုအချိန်အထိ လင်းဖုန်းက တစ်ကိုယ်တော် စစ်သေနာပတိချုပ်တစ်ဦးအဖြစ်သာ ရှိနေသေး၏။

သူ့ကို လုံးဝဥဿုံ တစ်ကိုယ်တည်းဖြစ်နေသည်ဟုတော့ မဆိုနိုင်ချေ။ လင်းဖုန်း၌ အနည်းဆုံး စက်ရုပ်လက်အောက်ငယ်သားပေါင်း နှစ်သိန်းကျော်ရှိနေသည်။ ထိုစက်ရုပ်များအားလုံးက သူ့အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိကြသူများ ဖြစ်ကြ၏။

ထာဝရသိုင်းတာအိုအရှင်

All Chapters