← Chapters

အခန်း ၂၈၅

Vol. 25 Ch. 285

အခန်း ၂၈၅

Vol. 25 Ch. 285

အခန်း (၂၈၅) - ကာကွယ်သူအဖွဲ့ချုပ်

ဘာသာပြန် - အားသစ်

“ဒီနေရာက နောက်ဆိုရင် ငါ့ရဲ့ ဌာနချုပ် ဖြစ်လာလိမ့်မယ်”

လင်းဖုန်း အပျက်အစီးနယ်မြေကို ဝေ့ကြည့်လိုက်ပြီး ရင်ထဲ၌ ဂုဏ်ယူဝင့်ကြွားမှု တစ်စွန်းတစ်စကို ခံစားလိုက်ရသည်။

အပျက်အစီးနယ်မြေ ဖြစ်နေတော့ရော ဘာဖြစ်လဲ။

နောင်အနာဂတ်တွင် သူ ဤနေရာ၌ အလွန်တရာ ခမ်းနားထည်ဝါလှသော ဌာနချုပ်ကြီးတစ်ခုကို တည်ဆောက်ပေလိမ့်မည်။ မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ အရာအားလုံးကို ရှင်းလင်းပစ်ပြီး ဤနေရာကို လူသားများအတွက် သုခဘုံအသစ်တစ်ခု ဖြစ်လာစေရန် ဖန်တီးပေးမည်ဖြစ်သည်။

လူသားလောကသည် အမှန်တကယ်တော့ အဓိကအဖွဲ့အစည်းကြီးငါးခု၏ အုပ်ချုပ်မှုအောက်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့လေပြီ။ အဖွဲ့အစည်းသစ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခြင်းက ဧကန်မုချ ကြီးမားလှသည့် ပဋိပက္ခတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။

သူတော်စင်များက ဂရုမစိုက်လျှင်တောင်မှ... အဓိက အဖွဲ့အစည်းကြီးငါးခုက အခြားအဖွဲ့အစည်းတစ်ခု ဩဇာအာဏာကြီးမားလာမည်ကို လွယ်လင့်တကူ လက်သင့်ခံကြမည် မဟုတ်ချေ။

သို့သော်လည်း လင်းဖုန်းက သူ့အဖွဲ့အစည်းကို လူသားမြို့တော်တစ်ခုခုတွင် တည်ထောင်မည် မဟုတ်သလို လူသားလောက၏ သနားစရာကောင်းလှသည့် အကျိုးအမြတ် အနည်းငယ်မျှကိုလည်း အတင်းအကျပ်လုယူနေမည် မဟုတ်ချေ။

လောကကြီးသည်ကား အလွန်တရာ ကျယ်ပြောလှပြီး နေရာအများစုကို ကြမ်းကြုတ်သားရဲများက နေထိုင်ကျက်စားနေကြသည်။ ဥပမာအားဖြင့် ဤနေရာမှ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ နေရာတိုင်းကို ကြမ်းကြုတ်သားရဲများက သိမ်းပိုက်စိုးမိုးထားကြ၏။ ဤမျှ မြေသြဇာကောင်းမွန်လှသည့် နယ်မြေက အကျိုးအမြတ် မရှိနိုင်ပေဘူးလော။

လင်းဖုန်းအနေဖြင့် လူသားလောက၏ ဒသမမြောက်သူတော်စင် ဖြစ်လာပြီဖြစ်ရာ သဘာဝကျစွာပင် သူတော်စင်တစ်ပါး၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ရပေမည်။ သူတော်စင်တိုင်း လူသားမျိုးနွယ်အတွက် ကြီးကြီးမားမားစွမ်းဆောင်ချက်များ ပြုလုပ်ခဲ့ကြပြီး လင်းဖုန်းသည်လည်း ခြွင်းချက်မဟုတ်ချေ။

ဤမိုင်တစ်ထောင်ပတ်လည်ရှိ ကျယ်ဝန်းကာ မြေသြဇာကောင်းမွန်သည့် နယ်မြေမှာ လင်းဖုန်း လူသားမျိုးနွယ်အတွက် ပေးအပ်မည့် အကောင်းဆုံးလက်ဆောင်တစ်ခု ဖြစ်လာပေလိမ့်မည်။

လင်းဖုန်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ဤဧရိယာကို ရှင်းလင်းသွားမည်။ အနည်းဆုံး မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ နေရာအားလုံးကို ရှင်းလင်းပစ်ပြီး လုံးဝဥဿုံ ဘေးကင်းလုံခြုံသည် ဇုန်တစ်ခုအဖြစ် ဖန်တီးပေးသွားမည်။

ထိုအချိန်ရောက်လျှင် ကုန်သည်များနှင့် သိုင်းသမားများ အလုံးအရင်းဖြင့် ရောက်ရှိလာကြလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် လင်းဖုန်း အဖွဲ့အစည်းတစ်ခု တည်ထောင်ရခြင်း၏ အခြားရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးသည်။ ယင်းကား စွမ်းအင်များကို စုဆောင်းရန်ပင်။

မှန်ပေ၏။ လင်းဖုန်း၌ ယခုလက်ရှိတွင် စွမ်းအင်များစွာ ရှိနေပြီး တတိယအကြိမ် အသွင်ပြောင်းလဲခြင်း ပြုလုပ်ရန်အတွက် လုံလောက်သော်လည်း စတုတ္ထအကြိမ် သို့မဟုတ် ပဉ္စမအကြိမ် အသွင်ပြောင်းလဲခြင်းအတွက်ကော မည်သို့လုပ်မည်နည်း။

အဖွဲ့အစည်းတစ်ခုမရှိပါက တစ်ယောက်တည်းအားဖြင့် စွမ်းအင်များကို စုဆောင်းရန်က ဧကန်မုချ အလွန်နှေးကွေးပြီး အကျိုးသက်ရောက်မှု နည်းပေလိမ့်မည်။

“လောင်ဘီသမ်... ငါ့အတွက် အွန်လိုင်းပေါ်မှာ ကြေညာချက်တစ်ခု တင်ပေးပါ။ အဓိကအဖွဲ့အစည်းကြီးငါးခုကမဟုတ်တဲ့ ဘယ်သိုင်းသမားမဆို ငါ့အဖွဲ့ကနေ ကြိုဆိုကြောင်းပေါ့” လင်းဖုန်း လောင်ဘီသမ်ကို အမိန့်ပေးလိုက်သည်။

“မင်းရဲ့ အဖွဲ့အစည်းအတွက် နာမည်တစ်ခု ပေးရဦးမယ်လေ”

လောင်ဘီသမ်က လင်းဖုန်း၏ အစီအစဉ်ကို ကောင်းကောင်းသိနေပုံရ၏။ သူ လင်းဖုန်း အဖွဲ့အစည်း တည်ထောင်မည့်ကိစ္စကို အလွန်ပံ့ပိုးကူညီပေးနေသည်။ နောင်အနာဂတ်တွင် လင်းဖုန်း၏ ဩဇာလွှမ်းမိုးမှု အောက်၌ မြောက်ပိုင်းတောင်တန်းအခြေစိုက်စခန်းနှင့် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းတို့ကို ထည့်သွင်းပေးရန်ပင် စီစဉ်နေခဲ့သည်။

ထိုအချိန်ရောက်လျှင် မြေအောက်၌ မြှုပ်နှံထားသည့် အာကာသယာဉ်ကို အခြားသူများ ရှာဖွေတွေ့ရှိနိုင်ခြေ ပိုမိုနည်းပါးသွားပေလိမ့်မည်။

“နာမည် ဟုတ်လား”

လင်းဖုန်း သူ့ခေါင်းသူ ခပ်ဖွဖွ ရိုက်လိုက်မိသည်။ သူ တကယ် မေ့နေခဲ့သည်။ အဖွဲ့အစည်းတစ်ခု တည်ထောင်မယ်ဆိုမှတော့ နာမည်တစ်ခုမရှိဘဲနဲ့ ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။

ဥပမာအားဖြင့် အမည်နာမအတိုင်း ပညာရေးအဖွဲ့အစည်းက အကယ်ဒမီများကို အခြေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်၏။ အစိုးရအဖွဲ့အစည်းနှင့် စစ်တပ်အဖွဲ့အစည်းများ၏ သဘောသဘာဝများကိုလည်း ယင်းတို့၏ အမည်များအရ တစ်ချက်ကြည့်ရုံဖြင့် ကောင်းကောင်းသိနိုင်ပေသည်။

စီးပွားရေးအဖွဲ့အစည်းဟူသည်မှာလည်း အမည်က ညွှန်းဆိုနေသည့်အတိုင်း ကြီးမားလှသည့် စီးပွားရေးလုပ်ငန်းစုကြီးများက တည်ထောင်ထားခြင်း ဖြစ်ပေသည်။

အလွတ်တန်းကျင့်ကြံသူများသမဂ္ဂကမူ သူတော်စင်ယွမ်ယီကဲ့သို့ပင် အရာရာတိုင်းကို သဘာဝအတိုင်း စီးမြောစေရန် ခွင့်ပြုထားပြီး အလွန်လွတ်လပ်၍ ကန့်သတ်ချက်များ မရှိချေ။

အကယ်၍ လင်းဖုန်း အဖွဲ့အစည်းတစ်ခု တည်ထောင်မည်ဆိုပါက ထိုအဖွဲ့အစည်း၏ အမည်ကလည်း အလွန်အရေးကြီးလှပေ၏။ အမည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းဖုန်း အဖွဲ့အစည်းတည်ထောင်ရခြင်း၏ အခြေခံသဘောတရားကို ထင်ဟပ်စေနိုင်သင့်ပေသည်။

“ငါ ဘာလို့ အဖွဲ့အစည်းတစ်ခု တည်ထောင်ချင်ရတာလဲ”

လင်းဖုန်း နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်းဝင်သွားသည်။

တကယ်တန်းတွင် လင်းဖုန်း၏ လက်ရှိစွမ်းအားနှင့်ဆိုပါက အဖွဲ့အစည်းတစ်ခု တည်ထောင်ရန်အတွက် ဤမျှထိ အားစိုက်ထုတ်နေရန် မလိုချေ။ နောင်အနာဂတ်တွင် စွမ်းအင်များစုဆောင်းရာ၌ ပိုမိုအဆင်ပြေစေရန်အတွက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုသည်က အရေးကြီးဆုံး အကြောင်းရင်း မဟုတ်ချေ။

ဒါဆို အဓိကအကြောင်းရင်းက ဘာများလဲ။

လင်းဖုန်း သူ့မိဘများ၊ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် သူနှင့်အတူ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြသော မိတ်ဆွေသူငယ်ချင်းကောင်းများကို တွေးမိလိုက်သည်။

ယခင်က လင်းဖုန်း မျိုးရိုးဗီဇကန်သတ်ချက်ကို ချိုးဖျက်လိုခဲ့သည်။ သူ၏ ရောဂါဆန်းကို ကုသရန်အပြင် အခြားအကြောင်းရင်းများလည်း ရှိနေသေးသည် မဟုတ်ပါလော။

ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်းက သူ့ မိသားစုဝင်များနှင့် ချစ်ရသူများကို ကာကွယ်စောင့်ရှောက်လိုခြင်းကြောင့် ဖြစ်ပေမည်။ ထိုသည်က အရေးအကြီးဆုံး အကြောင်းရင်းတစ်ရပ်လည်း ဖြစ်ပေလိမ့်မည်။

နောက်ပိုင်းတွင် လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး သူ၏ ရောဂါဆန်းကို ကုသနိုင်ခဲ့သည့် အခါတွင်မူ မိသားစုကို ပို၍ပင် တန်ဖိုးထားလာသည်။ သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက သူ၏ မိသားစုဝင်များနှင့် ချစ်ရသူများကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ ဖြစ်ပေသည်။

နဂါးကျောက်တုံးမြို့တွင် သူ့လုပ်ရပ်က နဂါးကျောက်တုံးမြို့တော်ကို ကာကွယ်စောင့်ရှောက်နေကြသော သာမန်ပြည်သူအားလုံးကို ကာကွယ်ပေးခဲ့၏။

ယခုအချိန်၌ပင် လင်းဖုန်း သူတော်စင်တစ်ပါး ဖြစ်လာသော်လည်း သူ့မိသားစုကို ကာကွယ်စောင့်ရှောက်ရန်အပြင် ပိုများသည့် လူများကိုလည်း ကာကွယ်ပေးလိုသေးသည်။ အကယ်၍ မြို့တစ်မြို့က ကြမ်းကြုတ်သားရဲများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပြီး ကပ်ဘေးတစ်ခု ကျရောက်လာနိုင်မည်ဆိုပါက သူ မည်သို့မျှ လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ချေ။

“ကာကွယ်သူအဖွဲ့ချုပ်လို့ နာမည်ပေးလိုက်ရအောင်။ ကာကွယ်သူအဖွဲ့ချုပ်ကို ဝင်ရောက်မယ့် သိုင်းသမားတိုင်းက ကာကွယ်စောင့်ရှောက်လိုတဲ့ စိတ်နှလုံးရှိရမယ်။ သူတို့က သူတို့မိသားစုဝင်တွေ၊ ချစ်ရသူတွေ၊ မိတ်ဆွေသူငယ်ချင်းကောင်းတွေနဲ့ ပိုများတဲ့ လူတွေကို ကာကွယ်စောင့်ရှောက်ပေးကြရမယ်။ ဒါက ကာကွယ်သူအဖွဲ့ချုပ်ရဲ့ အဓိကရည်ရွယ်ချက်ပဲ”

လင်းဖုန်း စကားဆိုပြီးနောက် သူ့စိတ်နှလုံးမှာ ပိုမိုခိုင်မာပြတ်သားလာသလို ခံစားလိုက်ရပြီး လန်းဆန်းသွားသည်။ သူ့စိတ်စွမ်းအားစက်လုံးပင်လျှင် ပိုမိုကျစ်လျစ်လာသည့်အလား ထင်မှတ်ရပေသည်။

ဤသည်က ကာကွယ်သူအဖွဲ့ချုပ်၏ ရည်မှန်းချက်ဖြစ်သလို လင်းဖုန်း၏ ခိုင်မာသောသန္နိဋ္ဌာန်လည်း ဖြစ်ပေ၏။

မိမိ၏ဘေးနားရှိ လူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပိုများသည့် သာမန်ပြည်သူလူထုကို ကာကွယ်ပေးရန်။

“မင်းအနေနဲ့ ပရိုမိုးရှင်းဗီဒီယိုတွေ ဘာတွေ လုပ်ဖို့လိုမလား။ မင်း ဒီလိုမျိုး ကြေညာချက်တစ်ခုတည်းနဲ့ဆိုရင် လူအများကြီး မစည်းရုံးနိုင်မှာ ငါ စိုးရိမ်မိတယ်”

လောင်ဘီသမ် ခေါင်းခါလိုက်ပြီး သူ့လေသံက အနည်းငယ် လက်လျှော့ချင်နေသည့်ဟန်ရှိသည်။ လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်၏ ရည်ရွယ်ချက်ကို ပြောပြနေသည်ကို ကြားလိုက်ရသော်လည်း သူ့တွင် ဤမျှလောက်အထိ ခံစားချက်ကောင်းကောင်းမရှိချေ။ သူ့အမြင်တွင် ဤကဲ့သို့သော ကြေညာချက်မျိုးကို မည်သူကမျှ တုံ့ပြန်ကြမည် မဟုတ်ချေ။

“ပရိုမိုးရှင်းဗီဒီယိုတွေလား။ လောလောဆယ်တော့ အဲဒါတွေ မလိုသေးပါဘူး။ ဒီလိုလုပ်ရအောင်... ကြေညာချက်ကို မြန်မြန်ကြီးထုတ်ပြန်ဖို့ မလိုသေးဘူး။ အဖွဲ့ဝင် စုဆောင်းရေးကြေညာချက်ကို မထုတ်ပြန်ခင် ပတ်ဝန်းကျင်က ကြမ်းကြုတ်သားရဲတွေကို ငါ အရင် ရှင်းလင်းလိုက်မယ်။ ဒီအချိန်အတောအတွင်းမှာ သားရဲတွေ ရှင်းလင်းနေတဲ့ မြင်ကွင်းတချို့ကို ပရိုမိုးရှင်းဗီဒီယိုအဖြစ် ဖန်တီးပေးပါ။ ဒီလို လက်တွေ့ကျတဲ့ ပရိုမိုးရှင်းဗီဒီယိုမျိုးက ပိုပြီးတော့ ထိရောက်မှုလိမ့်မယ်လို့ ငါ ယုံကြည်တယ်”

လောင်ဘီသမ်၏ မျက်လုံးများလည်း တောက်ပသွားသည်။ “မဆိုးဘူး... ဒါ အကြံကောင်းပဲ”

လင်းဖုန်း ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူဖျက်ဆီးသူကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက အရင်တုန်းက ဖျက်ဆီးသူဖြစ်ခဲ့တယ်။ အခု ငါ ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်လိုက်ပြီဖြစ်လို့... မင်းရဲ့ နာမည်ကို ကာကွယ်သူလို့ ပြောင်းလိုက်တော့”

စက်ရုပ်၏ အမည်ကို ပြောင်းလဲရခြင်းက အလွန်ရိုးရှင်းလှပေ၏။ ထို့နောက် လင်းဖုန်း အပျက်အစီးနယ်မြေအတွင်းရှိ လက်နက်ကိုင်စက်ရုပ်အားလုံးကို အပြင်ထွက်ကာ နယ်မြေရှင်းရန် အမိန့်ပေးလိုက်သည်။

လင်းဖုန်း၌ အပျက်အစီးနယ်မြေရှိ အရာအားလုံးကို စိတ်တိုင်းကျ အမိန့်ပေးနိုင်သည့် အခွင့်အာဏာရှိနေပြီး ဖြစ်သည်။ ထို့ကြောင့် နယ်မြေအတွင်း၌ စက်ရုပ် အရေအတွက် မည်မျှရှိသည်ကို သူ ကောင်းကောင်းသိပေသည်။

မူလက စက်ရုပ်စုစုပေါင်း နှစ်သိန်းရှိခဲ့၏။ သို့သော်လည်း တိုက်ပွဲကြီးဖြစ်ပွားပြီးနောက် စက်ရုပ် နှစ်သောင်းခန့် ဆုံးရှုံးသွားခဲ့ရသည်။ ယခုအခါ စက်ရုပ် တစ်သိန်းရှစ်သောင်းသာ ကျန်ရှိတော့၏။

တစ်သိန်းရှစ်သောင်းနှင့် နှစ်သိန်းကြားရှိ ကွာဟချက်က မည်မျှအထိ ကြီးမားသနည်း။

ယင်းကို သာမန်မျက်စိဖြင့် ခွဲခြားသိမြင်ရန်က မဖြစ်နိုင်သလောက်ပင်။

စက်ရုပ်များ အတန်းလိုက်ထွက်ပေါ်လာသည့် အခါတွင်မူ လင်းဖုန်းကိုယ်တိုင်ပင် အလွန်တရာ အံ့အားသင့်သွားရသည်။ လက်နက်တပ်ဆင်ထားသော စက်ရုပ်များ အပျက်အစီးနယ်မြေထဲမှ တစ်ရုပ်ပြီးတစ်ရုပ် ထွက်ပေါ်လာကြပြီး အပြင်ဘက်ရှိ ကွင်းပြင်ထဲတွင် သိပ်သည်းစွာ ရပ်နေကြသည်။ အလွန်တရာ အထင်ကြီးစရာကောင်းလှသည့် မြင်ကွင်းတစ်ခုပင်။

ဤမြင်ကွင်းကို လောင်ဘီသမ်လည်း မှတ်တမ်းတင်ထားခဲ့သည်။ ဤသည်က အလွန်ကောင်းမွန်သည့် ပရိုမိုးရှင်းဗီဒီယိုတစ်ခု ဖြစ်လာပေလိမ့်မည်။

ယခင်ကတည်းက ဤစက်ရုပ်များ မည်မျှအထိ အစွမ်းထက်ကြောင်းကို လင်းဖုန်း ကောင်းကောင်းသိထားခဲ့သည်။ သိုင်းသမားများအနေဖြင့် သူတို့ကို ရင်ဆိုင်ရာတွင် အလွန်ကူကယ်ရာမဲ့ဖြစ်ခဲ့ကြရသည်။ မကြာခဏဆိုသလို သူတို့ စက်ရုပ်အနည်းငယ်ကို အနိုင်ယူရန်အတွက် ဆုံးရှုံးမှုကြီးကြီမားမား ခံစားခဲ့ကြရသည်။

သို့သော်လည်း လင်းဖုန်းအနေဖြင့် ဤစက်ရုပ်များအနေဖြင့် ကြမ်းကြုတ်သားရဲများကို ရင်ဆိုင်ရာတွင် မည်မျှအထိ ထိရောက်မှုရှိမည်ကိုမူ မသိသေးချေ။

လင်းဖုန်း အရင်ဆုံး စက်ရုပ်များကို စုံစမ်းထောက်လှမ်းရန် စေလွှတ်လိုက်သည်။ စစ်တပ်၏ သတင်းအချက်အလက်များနှင့် ပေါင်းစပ်လိုက်သည့်အခါ မိုင်တစ်ထောင် ပတ်လည်အတွင်း၌ အရွယ်အစားအမျိုးမျိုးရှိသော ကြမ်းကြုတ်သားရဲအုပ်စု ရာနှင့်ချီ၍ ရှိနေကြောင်း တွေ့ရသည်။

သဘာဝကျကျပင်... ယင်းတို့ထဲမှ အများစုမှာ ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းမျှသာရှိသည့် သားရဲအုပ်များဖြစ်ကြပြီး လင်းဖုန်း ယင်းတို့ကို လုံးဝအလေးမထားချေ။

ကြမ်းကြုတ်သားရဲ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ပါသည့် သားရဲအုပ် စုစုပေါင်းဆယ်အုပ်ရှိသည်။

လင်းဖုန်း၌ စစ်တပ်များကို ကွပ်ကဲရာတွင် အတွေ့အကြုံများစွာ မရှိသော်လည်း သူ့အင်အားစုများကို ခွဲထုတ်၍ မဖြစ်ကြောင်းကိုမူ ကောင်းကောင်းသိထားသည်။

ထို့ကြောင့် လင်းဖုန်း အနီးဆုံးနှင့် အင်အားအများဆုံး ကြမ်းကြုတ်သားရဲအုပ်ကို ရွေးလိုက်သည်။ သူကိုယ်တိုင် လက်နက်ကိုင်စက်ရုပ် တစ်သိန်းရှစ်သောင်းနှင့် ကာကွယ်သူကို ဦးဆောင်ကာ အင်တိုက်အားတိုက် ရှင်းလင်းမှုလုပ်ငန်းစဉ်များကို စတင်လိုက်တော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters