← Chapters

အခန်း ၂၈၆

Vol. 25 Ch. 286

အခန်း ၂၈၆

Vol. 25 Ch. 286

အခန်း (၂၈၆) - ရှင်းလင်းခြင်း

ဘာသာပြန် - အားသစ်

လက်နက်ကိုင်စက်ရုပ် တစ်သိန်းရှစ်သောင်းက ပြိုင်ဘက်ကင်း အရှိန်အဝါကြီးမားလှသည့် စစ်တပ်ကြီးတစ်ခုအဖြစ် ချီတက်ထွက်ခွာလာကြသည်။

လင်းဖုန်းက တကယ်တန်း မည်သည့်နည်းဗျူဟာကိုမျှ ချမှတ်မထားခဲ့ပါချေ။ မိုင်တစ်ထောင်ပတ်လည်လောက် ဧရိယာမျှကို ရှင်းလင်းဖို့အတွက် မည်သို့ကြောင့် ဗျူဟာလိုမည်နည်း။ သူ လမ်းတစ်လျှောက်ရှိ မည်သည့်သားရဲများကိုမဆို အကုန်လုံး အမြစ်ပြတ် ချေမှုန်းသွားရုံသာရှိ၏။

ဤမိုင်တစ်ထောင်ပတ်လည်ဧရိယာကို လုံးဝဥဿုံ ဘေးကင်းလုံခြုံသည့် ဇုန်တစ်ခုအဖြစ် ပြောင်းလဲနိုင်မှသာ သူ့ရည်မှန်းချက် အောင်မြင်သည်ဟု သတ်မှတ်နိုင်ပေမည်။

စက်ရုပ်တစ်သိန်းရှစ်သောင်းကို အမိန့်ပေးကွပ်ကဲရန်က အလွန်လွယ်ကူလှ၏။ လင်းဖုန်း တစ်ဦးတည်းဖြင့်ပင် ကွပ်ကဲနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက ပရိုဂရမ်များသာဖြစ်ကြ၍ပင်။ သူတို့အားလုံး သတ်ဖြတ်ရေးစက်ယန္တရားများအဖြစ် မွေးဖွားလာကြခြင်းဖြစ်၏။ စစ်ပွဲဟူသည် သူတို့အတွက် အသင့်တော်ဆုံးအရာပင်။

အမိန့်တစ်ချက်တည်းနှင့်ပင် သူတို့ ကြောက်မက်ဖွယ်ကောင်းသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ဖော်ဆောင်နိုင်စွမ်းရှိကြသည်။ အကယ်၍ လင်းဖုန်းသာ သိုင်းသမားတစ်သိန်းရှစ်သောင်းကို ဦးဆောင်ရမည်ဆိုပါက အခြေအနေက လုံးဝကွဲပြားခြားနားသွားပေမည်။ သူ အပြည့်အဝထိန်းချုပ်နိုင်ရန် အလွန်တရာ ခက်ခဲသွားပေလိမ့်မည်။

ထို့အပြင် ဤလက်နက်တပ်ဆင်ထားသောစက်ရုပ် တစ်သိန်းရှစ်သောင်းက အလွန်လျင်မြန်စွာ ရွေ့လျားနိုင်ကြ၏။ အပျက်အစီးနယ်မြေမှ ထွက်ခွာလာပြီးနောက် လင်းဖုန်း ဦးတည်ရာတစ်ခုတည်းသို့သာ ချီတက်သွားသည်။ သူ ဤဧရိယာအတွင်းရှိ သားရဲများအားလုံးကို တစ်ဖက်မှစ၍ အကုန်လုံး ရှင်းလင်းသွားလို၏။

ရှင်းလင်းရေးလုပ်ငန်းစဉ်က နေရာတိုင်းကို ဒီရေလှိုင်းများလွှမ်းသွားသည့်အလား နေရာတစ်ခုတစ်လေကိုမျှ လွတ်သွားခြင်း မရှိစေရပါချေ။

လင်းဖုန်း၏လှုပ်ရှားမှုက စစ်တပ်၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားသည်။

“ဗိုလ်ချုပ်... သူတော်စင်လင်းဖုန်းက စက်ရုပ်တွေအများကြီးကို လှုပ်ရှားစေလိုက်ပါပြီ။ စက်ရုပ်စစ်တပ်အင်အားက ခန့်မှန်းခြေ နှစ်သိန်းနီးပါးလောက် ရှိပါတယ်”

စစ်တပ်အရာရှိ၏ အသံမှာ တုန်ယင်နေ၏။ ဤသည်ကား လက်နက်ကိုင်စက်ရုပ်နှစ်သိန်းပင်။ ဖန်သားပြင်ပေါ်တွင် ဤမျှလောက် များပြားလှသည့် စက်ရုပ်များကို မြင်တွေ့ရခြင်းက မည်မျှအထိ အသည်းတုန်စရာကောင်းလိုက်သနည်း။

ထို့အပြင် စစ်တပ်သည် ယခင်က ဤစက်ရုပ်များကြောင့် ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရဖူးသည်။ သို့သော် ထိုအချိန်က လက်နက်ကိုင်စက်ရုပ် သောင်းဂဏန်းလောက်သာ ရှိခဲ့၏။

“စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ သူတော်စင်လင်းဖုန်းက သူ့ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို တည်ထောင်မယ်လို့ အတည်ပြုထားပြီးသားပဲ။ ကြည့်ရတာ သူတော်စင်လင်းဖုန်းက ဒီဧရိယာကို ရှင်းလင်းပြီးတော့ သူ့ရဲ့ဌာနချုပ်ကို ဒီနေရာမှာ တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ပုံပဲ”

ကြယ်ငါးပွင့်ဗိုလ်ချုပ် ဗိုလ်ချုပ်လုံက သိပ်ပြီး စိတ်လှုပ်ရှားနေခြင်း မရှိချေ။ သူက သူတော်စင်များညီလာခံ၏ ရလဒ်ကို သိရှိထားပြီးဖြစ်သည်။ အနည်းငယ်မျှ တွေးတောလိုက်ရုံဖြင့် လင်းဖုန်း၏ ရည်ရွယ်ချက်ကို သဘာဝကျကျပင် သိနိုင်ပေသည်။

သို့သော်လည်း သူ စိတ်မလှုပ်ရှားသည်က ဂရုမစိုက်ဟု ဆိုလိုခြင်းမဟုတ်ချေ။

ဤသည်က လင်းဖုန်း၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်စက်ရုပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ခွင့်ရမည့် ရှားရှားပါးပါး အခွင့်အရေးတစ်ခုပင်။

“သေသေချာချာ အာရုံစိုက်ထားကြ”

အခြေခံအားဖြင့် ဤကိစ္စကို စစ်တပ်ကသာ အာရုံစိုက်နေခြင်းဖြစ်သည်။ ထို့အပြင် လင်းဖုန်းက ဤဧရိယာကို ရှင်းလင်းလိုက်သည်နှင့် တစ်ပြိုင်နက် စစ်တပ်အတွက်လည်း ကိစ္စကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤဧရိယာကို ပြင်ပနယ်မြေ၏ အနက်ပိုင်းဟု သတ်မှတ်နိုင်၏။ နေရာတိုင်းတွင် ကြမ်းကြုတ်သားရဲများ ရှိနေကြသည်။ ထိုအကြောင်းရင်းကြောင့်ပင် စစ်တပ်က ရှေ့တန်းစစ်မျက်နှာပြင် အခြေစိုက်စခန်းဆယ်ခုကျော်ကို တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လင်းဖုန်းသာ ဤဧရိယာကို ရှင်းလင်းပေးနိုင်မည်ဆိုပါက စစ်တပ်အနေဖြင့် ဤရှေ့တန်း အခြေစိုက်စခန်းများကို ရုပ်သိမ်းနိုင်ပေလိမ့်မည်။

“ရှေ့မှာ ကြမ်ကြုတ်သားရဲတွေရှိတယ်”

လင်းဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ စက်ရုပ်စစ်တပ်ကို ဦးဆောင်ကာ တွေ့သမျှမြင်သမျှ အားလုံးကို ခြေမှုန်းသွား၏။ သူတို့ရင်ဆိုင်ရသော ပြန့်ကျဲနေသည့် သားရဲများက သူတို့အတွက် မည်သည့် စိန်ခေါ်မှုမှ မဟုတ်ချေ။

ရှေ့ဘက်မလှမ်းမကမ်းတွင် အစွယ်ရှည်သားရဲဟုခေါ်သည့ ကြမ်းကြုတ်သားရဲတစ်မျိုးနှင့် ကြုံတွေ့ရသည်အထိ ဤအတိုင်းပင် ဆက်ဖြစ်နေခဲ့သည်။

ဤအစွယ်ရှည်သားရဲများမှာ ကြီးမားလှပြီး သူမြင်ဖူးသမျှသားရဲများထဲတွင် နှာမောင်းရှည်သားရဲများပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည်။ ထို့အပြင် သူတို့၌ အစွယ်များလည်း ရှိကြ၏။ သူတို့က ခွန်အားနှင့် ကာကွယ်ရေးပိုင်းတွင် အထူးပြုသည့်သားရဲများဖြစ်ကြပြီး ထိပ်တိုက်ရင်ဆိုင်ရန် အလွန်ခက်လှပေသည်။

ထို့အပြင် သူတို့၏ အရေအတွက်ကလည်း အလွန်များပြားလှ၏။ စစ်တပ်၏ ခန့်မှန်းချက်များအရ အစွယ်ရှည်သားရဲ သုံးသောင်းကျော်ခန့်ရှိသည်ဟု သိရသည်။

အစွယ်ရှည်သားရဲများကို ခုခံရန်အတွက် စစ်တပ်က ရှေ့တန်းစစ်မျက်နှာပြင် အခြေစိုက်စခန်းနှစ်ခုကိုပင် အထူးတလည် တည်ဆောက်ထားခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ရှေ့တန်းအခြေစိုက်စခန်းနှစ်ခုမှ သိုင်းသမားများက အဝေးဆီမှ အလုံးအရင်းဖြင့် ပြေးဝင်လာနေသော သိပ်သည်းလှသည့် စက်ရုပ်စစ်တပ်ကြီးကို တွေ့မြင်ပြီးဖြစ်သည်။ ကံကောင်းစွာဖြင့် သူတို့အားလုံး စစ်တပ်ထံမှ အမိန့်စကားကို ရရှိထား၏။ ယင်းမှာ အသစ်တက်လှမ်းလာသော သူတော်စင်လင်းဖုန်း ဦးဆောင်လာသည့် စက်ရုပ်စစ်တပ်ဖြစ်ကြောင်း သိရှိထားကြသဖြင့် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်မလာခဲ့ချေ။

အခြေစိုက်စခန်း ခံတပ်အပေါ်မှနေ၍ သိုင်းသမား အများအပြားမှာ အဝေးဆီရှိ စက်ရုပ်စစ်တပ်ကြီးကို အာရုံစိုက် ကြည့်ရှုနေကြသည်။

“ဒါ သူတော်စင်လင်းဖုန်းပဲ။ သူတော်စင်တစ်ပါး ကိုယ်တိုင်ကိုယ်ကျ ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“ဟားဟား... ငါက ဗဟိုပင်လယ်မြို့ကကွ။ ငါတို့ ဗဟိုပင်လယ်မြို့ကနေ သူတော်စင်တစ်ပါး ထွက်ပေါ်လာလိမ့်မယ်လို့ အိမ်မက်တောင် မမက်ရဲခဲ့ဘူး”

“ဒီစက်ရုပ်စစ်တပ်တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။ အရင်တုန်းက အဲ့ကောင်တွေ ငါတို့ အခြေစိုက်စခန်းကို လာမတိုက်ခိုက်ခဲ့ပေမဲ့ တခြား အခြေစိုက်စခန်းတွေဆို ကြီးကြီးမားမားဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်ဆိုတာ ငါ သိတယ်။ ကံကောင်းလို့ သူတော်စင်လင်းဖုန်းက အဲ့ကောင်တွေကို ထိန်းချုပ်နိုင်ခဲ့လို့ပေါ့။ အခု အဲ့ဒီစက်ရုပ်တွေကို ငါတို့ လူသားတွေအတွက် အသုံးချလို့ရပြီလေ”

“မှန်တာပေါ့။ သူတော်စင်လင်းဖုန်းရဲ့ ဦးဆောင်မှုအောက်မှာ ဒီစက်ရုပ်တွေ ဘယ်လောက်ထိ အစွမ်းထက်နိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်”

“အဲဒီ အစွယ်ရှည်သားရဲတွေကို ဒီကြောက်စရာကောင်းတဲ့ စက်ရုပ်တွေရဲ့ အရသာကို ကောင်းကောင်းလေး ခံစားခွင့်ပေးလိုက်ကြစို့”

မည်သူမျှ ကြောက်ရွံ့နေခြင်း မရှိကြချေ။ မည်သို့ပင်ဆိုစေ ဤနေရာတွင် သူတော်စင်တစ်ပါး ရှိနေသည် မဟုတ်ပါလော။ အစွယ်ရှည်သားရဲများက အခြေစိုက်စခန်းကို လာရောက်တိုက်ခိုက်မည်ကို သူတို့ အဘယ်အတွက်ကြောင့် ကြောက်ရွံ့နေကြမည်နည်း။

ဤသည်က ကံကောင်း၍ တစ်သက်တွင် တစ်ကြိမ်သာ ကြုံတွေ့နိုင်သော အခွင့်အရေးမျိုးပင်။ သူတို့အားလုံး သူတော်စင်တစ်ပါး ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်မည့် မြင်ကွင်းကိုပင် တွေ့မြင်ခွင့်ရကောင်း ရနိုင်ပေလိမ့်မည်။

မကြာမီ လင်းဖုန်း အစွယ်ရှည်သားရဲများကို ရှာဖွေတွေ့ရှိသွားသည်။

အမှန်တကယ်တော့ လင်းဖုန်း၏ စက်ရုပ်စစ်တပ်က အစွယ်ရှည်သားရဲများ၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် အခိုက်အတန့်တွင်ပင် ဤအစွယ်ရှည်သားရဲများက သူတို့ကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ ထိုသတ္တဝါများက အတိုင်းအတာတစ်ခုအထိ ဉာဏ်ရည်ရှိသည့် သားရဲများဖြစ်ကြပြီး သူတို့ထဲတွင် နတ်ဆိုးဗိုလ်ချုပ် များလည်း ပါကြသည်။

ထို့ကြောင့် လင်းဖုန်း ဤအစွယ်ရှည်သားရဲများကို မြင်တွေ့လိုက်ရချိန်တွင် သောင်းနှင့်ချီသော အစွယ်ရှည်သားရဲများက စက်ရုပ်စစ်တပ်ကြီးကို ခြိမ်းခြောက်နေသည့်အလား စူးစိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ဤအင်အားစုက လင်းဖုန်း ယခင်က ကြုံတွေ့ခဲ့ဖူးသော တီကောင်သားရဲများ၊ မြောက်ပိုင်းနှင့် တောင်ပိုင်း တောင်တန်းအခြေစိုက်စခန်းများတွင် ကြုံတွေ့ခဲ့ရသော မြေပုရွက်ဆိတ်များနှင့် သင်းခွေချပ်သားရဲများထက် များစွာ ပိုအစွမ်းထက်ပေသည်။ စစ်တပ် အခြေစိုက်စခန်းနှစ်ခုဖြင့်ပင် အစွယ်ရှည်သားရဲများကို မဖြေရှင်းနိုင်ခဲ့ကြသည်မှာ မဆန်းတော့ချေ။

“အရှေ့က အစွယ်ရှည်သားရဲတွေကို ဖျက်ဆီးပစ်ကြ”

လင်းဖုန်း၏ အကြည့်များက အေးစက်နေပြီး စက်ရုပ်အားလုံးကို ချက်ချင်း အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် စက်ရုပ်စစ်တပ်ကြီး လှုပ်ရှားလာသည်။ တစ်သိန်းရှစ်သောင်းသော စက်ရုပ်များက ဒီရေလှိုင်းတစ်ခုအလား စနစ်တကျ တိုးဝင်သွားကြတော့သည်။ ထိုကြမ်းကြုတ်လှသော အစွယ်ရှည်သားရဲများကို ရင်ဆိုင်ရာတွင် လက်နက်တပ်ဆင်ထားသည့် စက်ရုပ်များက အနည်းငယ်မျှပင် နောက်တွန့်သွားခြင်း မရှိကြပါချေ။

သူတို့အားလုံး အစွယ်ရှည်သားရဲများကို အဝေးမှနေ၍ တိုက်ခိုက်ရန် စွမ်းအင်လက်နက်များကိုပင် အသုံးပြုခဲ့ကြသည်။

ဤသည်ကား တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပင်။ စွမ်းအင်လက်နက်များ အသုံးပြုခြင်းက အစွယ်ရှည်သားရဲများစွာကို သတ်ဖြတ်နိုင်ရုံသာမက အနီးကပ်တိုက်ပွဲတွင်ပင် အစွယ်ရှည်သားရဲများက မည်သို့မျှ အသာစီးမရခဲ့ကြချေ။

အစွယ်ရှည်သားရဲများအနေဖြင့် သတ္တုများဖြင့် ဖုံးအုပ်ထားသော စက်ရုပ်များကို ရင်ဆိုင်ရာတွင် မည်သည့် အားသာချက်မျှ မရှိကြချေ။

လင်းဖုန်း လေထဲတွင် ပျံသန်းရင်း အေးစက်စက် စောင့်ကြည့်နေသည်။

စက်ရုပ်များ ဝင်ရောက်တိုက်ခိုက်သည့်အခါ ပြင်းထန်ကြမ်းကြုတ်သော အစွယ်ရှည်သားရဲများမှာ တံစဉ်ဖြင့် ရိတ်သိမ်းခံရသော ဂျုံပင်များအလား အတုံးအရုံး ပြိုလဲကျသွားရတော့သည်။ တချို့အစွယ်ရှည်သားရဲများက ရံဖန်ရံခါ စက်ရုပ်များကြားသို့ ဝင်ရောက်လာနိုင်ခဲ့လျှင်ပင် သူတို့သည်ကား ကျယ်ပြောလှသော သမုဒ္ဒရာအတွင်းသို့ ကျဆင်းသွားသည့် ရေမှုန်ရေမွှားများအလား ရေပွက်တစ်ခုမျှပင် မဖြစ်စေဘဲ လွင့်စင်ပျောက်ကွယ်သွားသည်။

“ဂရား...”

ထိုနတ်ဆိုးများ လုံးဝ ဒေါသထွက်သွားကြသည်။ အစွယ်ရှည်သားရဲသုံးသောင်းထဲတွင် နတ်ဆိုး အကောင်တစ်ရာ အနည်းဆုံးရှိပြီး နတ်ဆိုးဗိုလ်ချုပ် သုံးကောင် ပါသည်။ သူတို့က လင်းဖုန်း ယခုအချိန်အထိ မြင်တွေ့ခဲ့ဖူးသမျှထဲတွင် အစွမ်းထက်ဆုံးသော သားရဲများ ဖြစ်ကြသည်။

ရာနှင့်ချီသော နတ်ဆိုးများက အရူးအမူး ဝင်ရောက်လာကြသည့် အခါတွင်မူ စက်ရုပ်စစ်တပ်အတွင်း အနည်းငယ် ဖရိုဖရဲ ဖြစ်သွားစေသော်လည်း ထိုမျှသာ။ နတ်ဆိုးများကို ရင်ဆိုင်ရာတွင် ဤစက်ရုပ်များက သူတို့ကို အလျင်အမြန် ဝန်းရံကာ ခွဲထုတ်လိုက်ပြီး သူတို့၏ အဆင့်မြင့်ပစ်ခတ်မှုစွမ်းအားကို အသုံးပြုလိုက်ကြသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ရာနှင့်ချီသော နတ်ဆိုးများ လွတ်လမ်းမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားကြရသည်။

လင်းဖုန်း၏ ရင်ထဲ၌ အနည်းငယ် လှုပ်ခတ်သွားရသည်။ ဤစက်ရုပ်များကို ရင်ဆိုင်ရာတွင် စစ်တပ်က အဆက်မပြတ် ရှုံးနိမ့်နေခဲ့ရသည်မှာ မဆန်းတော့ချေ။ ရာနှင့်ချီသော နတ်ဆိုးများပင် ဒီအတိုင်း အလွယ်တကူသတ်ဖြတ်ခြင်း ခံလိုက်ရသည်။ အကယ်၍သာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးဆိုပါလျှင်လည်း ဤထက်ပိုကောင်းသည့် အခြေအနေမျိုး ရှိမည်မဟုတ်ချေ။

သို့သော်လည်း နတ်ဆိုးဗိုလ်ချုပ်သုံးကောင် ကျန်ရှိနေသေးသည်။ ထိုသုံးကောင်က အမှန်တကယ်ပင် ထူးထူးခြားခြား အားကောင်းလှ၏။ သူတို့ စက်ရုပ်များကြားသို့ အကြမ်းပတမ်း ဝင်ရောက်လာချိန်တွင် စက်ရုပ်များကို အပျက်အစီးတချို့ ဖြစ်စေခဲ့သည်။

သို့သော်လည်း လင်းဖုန်းက ကာကွယ်သူကို ချက်ချင်း ဝင်ရောက်တိုက်ခိုက်ဖို့ အမိန့်မပေးခဲ့ချေ။ ထို့အစား သူက အေးစက်တည်ငြိမ်သည့် မျက်နှာထားဖြင့်သာ စောင့်ကြည့်နေခဲ့သည်။

ဤလက်နက်ကိုင်စက်ရုပ်များ မည်မျှအထိ အစွမ်းထက်ကြောင်းနှင့် အခြေအနေကို ထိန်းချုပ်နိုင်ခြင်း ရှိ မရှိကိုလည်း သူ မြင်တွေ့လိုသေးသည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters