အခန်း ၂၈၈
Vol. 25 Ch. 288
အခန်း (၂၈၈) - ကောင်းကင်မျက်နှာကျက်
ဘာသာပြန် - အားသစ်
လင်းဖုန်းတွင် သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သော်လည်း သူတော်စင်များ ညီလာခံသို့ တက်ရောက်ပြီးနောက်နှင့် သူ့ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားသည်နှင့်အမျှ သူ ကြုံတွေ့ရသော စွမ်းအားအဆင့်အတန်းများက ပိုအစွမ်းထက်လာပြီး သူ သိလာရသော လျှို့ဝှက်ချက်များကလည်း ပိုမို နက်ရှိုင်းလာခဲ့သည်။
ထူးဆန်းသည်က သူ ပို၍ပင် လုံခြုံမှုမရှိသလို ခံစားလာရ၏။ အန္တရာယ်အကြီးကြီးတစ်ခု ကျရောက်လာတော့မည်ဟုပင် ခပ်ရေးရေး ခံစားနေရသည်။
သတ္တမမြောက်ယဉ်ကျေးမှုနှင့် တတိယမြောက်ယဉ်ကျေးမှုတို့၏ ပျက်စီးဆုံးရှုံးမှုကြီးက လင်းဖုန်းကို အလွန် ရှုပ်ထွေးသွားစေခဲ့သည်။ အကယ်၍ သူတို့က ပြင်ပအင်အားစုတစ်ခုခုကြောင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်မည်ဆိုပါက ထိုအင်အားစုက မည်မျှအထိ အစွမ်းထက်ပြီး ဖျက်ဆီးနိုင်စွမ်း ကြီးမားလိုက်မည်နည်း။
သူ၏လက်ရှိစွမ်းအားက များစွာ လိုအပ်ချက်ရှိနေသေးသည်။
လင်းဖုန်းက သူ့မိသားစု၊ ချစ်ရသူများနှင့် ပိုများသည့်လူများကို ကာကွယ်ပေးလို၏။ ထို့ကြောင့် သူ ထိုလူများကို ကာကွယ်ပေးနိုင်စွမ်းရှိသည့် စွမ်းအားမျိုးကို လိုအပ်ပေသည်။
ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက လုံးဝလုံလောက်မှု မရှိသေးချေ။
လင်းဖုန်းသည် တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် စတင်ပြင်ဆင်တော့သည်။ သို့သော်လည်း သူ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ပြုလုပ်ချင်သည်ဆိုပါက စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကို တတိယအဆင့်သို့ အရင်ဆုံး ရောက်ရှိအောင် ကျင့်ကြံရမည်ဖြစ်သည်။ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ ဒုတိယအဆင့်လောက်နှင့် လုံးဝ လုံလောက်မှုမရှိပါချေ။
အကယ်၍ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်အဆင့်မတက်ပဲ လင်းဖုန်း တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ပြုလုပ်နိုင်ခဲ့လျှင်တောင်မှ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်မည် မဟုတ်ချေ။
စိတ်စွမ်းအားက အခြေခံအုတ်မြစ်ပင်။
သို့သော်လည်း လင်းဖုန်း ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကိုသာ ပုံမှန်အတိုင်း ကျင့်ကြံနေမည်ဆိုပါက စိတ်စွမ်းအား တတိယအဆင့်သို့ ရောက်ရှိရန် အချိန်မည်မျှယူရမည်ကို မသိနိုင်ချေ။
သူ့အနေဖြင့် ဆန်းကြယ်ပစ္စည်းများကို ဆက်လက်ဝယ်ယူနိုင်သော်လည်း ယင်းကလည်း အချိန်များစွာ ယူရပေလိမ့်မည်။ အဆုံးတွင် လင်းဖုန်း၏ စိတ်စွမ်းအားအပေါ် ဆန်းကြယ်ပစ္စည်းများ၏ အကျိုးသက်ရောက်မှုက ပိုပိုပြီး အားနည်းလာခဲ့ပြီပင်။
“လောင်ဘီသမ်... တကယ်လို့ ငါ စိတ်စွမ်းအား တတိယအဆင့်ကို အချိန်တိုအတွင်းမှာ အမြန်ဆုံး တက်လှမ်းချင်တယ်ဆိုရင်... ပိုကောင်းတဲ့ နည်းလမ်းများ ရှိမလား” လင်းဖုန်း လောင်ဘီသမ်ကို ထပ်မံ မေးမြန်းလိုက်သည်။
လောင်ဘီသမ် ခေါင်းခါကာ ပြောလိုက်သည်။ “တကယ်တော့ တချို့စကြဝဠာ ဆန်းကြယ်ပစ္စည်းတွေကလည်း အရမ်းထိရောက်မှု ရှိပါတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ဒီကမ္ဘာမှာ အဲဒီလို စကြဝဠာဆန်းကြယ်ပစ္စည်းမျိုး ရှိနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်တာ သိသာတယ်။ တကယ်လို့ မင်းက အဆင့်ဆင့် ကျင့်ကြံသွားမယ်ဆိုရင် မင်းရဲ့ တိုးတက်မှုက တကယ်ကို အရမ်းနှေးကွေးနေမှာပါ။ ဒါပေမဲ့ တခြားနည်းလမ်းတစ်ခုကတော့ လုံးဝ မရှိတာမျိုးတော့ မဟုတ်ပါဘူး”
“ဘာနည်းလမ်းလဲ”
“စကြဝဠာထဲကို ဝင်ရောက်ဖို့ပဲ။ ပုံမှန်အားဖြင့် ဂြိုဟ်အဆင့်အောက်ရှိတဲ့ သက်ရှိတွေက စကြဝဠာထဲကို ပထမဆုံးအကြိမ် ဝင်ရောက်တဲ့ အချိန်မှာ ကြီးမားတဲ့ အသိဉာဏ်ပွင့်လင်းမှုတစ်မျိုးကို ကြုံတွေ့ရလေ့ရှိတယ်။ တကယ်ပဲ မင်း ကျယ်ပြောပြီး အေးစက်လှတဲ့ စကြဝဠာကြီးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရတဲ့ အခါကျရင် တစ်စုံတစ်ခုကို ဧကန်မုချ နားလည်သဘောပေါက်သွားလိမ့်မယ်။
ဒါပေမဲ့ မင်း ဘယ်လောက်အထိ နားလည်သဘောပေါက်နိုင်မလဲဆိုတာ ဒါမှမဟုတ် မင်းရဲ့ စိတ်စွမ်းအားက ဘယ်အတိုင်းအတာအထိ တိုးတက်လာမလဲဆိုတာကိုတော့ ငါ တပ်အပ်မပြောနိုင်ဘူး။ တကယ်လီု့ မင်းသာ ကံကောင်းမယ်ဆိုရင်တော့ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ရဲ့ တတိယအဆင့်ကို တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်ပါလိမ့်မယ်”
“စကြဝဠာထဲကို ဝင်ရောက်ရမယ် ဟုတ်လား”
လင်းဖုန်း အနည်းငယ် ဆွံ့အသွားရသည်။ ကောင်းကင်ကျက်နှာကျက် ရှိနေပါလျက်နှင့် သူ မည်သို့နှယ် စကြဝဠာထဲကို ဝင်ရောက်နိုင်ပါမည်နည်း။
သို့သော်လည်း ကောင်းကင်မျက်နှာကျက်အကြောင်း ပြောရမည်ဆိုလျှင် လင်းဖုန်း ထိုအကြောင်းကို အမှန်တကယ်ပင် စူးစမ်းလိုစိတ် ပြင်းပြနေ၏။ လူတိုင်း ကောင်းကင်မျက်နှာကျက်အကြောင်းကို သိရှိထားကြသော်လည်း မည်သို့ ပုံပန်းသဏ္ဍာန်ရှိကြောင်း သို့မဟုတ် မည်မျှအထိ ဆန်းကြယ်ကြောင်းကိုမူ လူအများစုက မသိကြချေ။
ဖြစ်နိုင်သည်မှာ သာလွန်နတ်ဘုရားနယ်ပယ်အထက်ရှိ သိုင်းသမားများသာလျှင် ကောင်းကင်မျက်နှာကျက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ရန်အတွက် ကောင်းကင်ပေါ်သို့ ကီလိုမီတာထောင်ပေါင်းများစွာအထိ ပျံသန်းနိုင်ကြပေလိမ့်မည်။
“ကောင်းကင်မျက်နှာကျက်..”
လင်းဖုန်း တကယ်ပင် အနည်းငယ် စိတ်ဝင်စားသွားသည်။ ဤကောင်းကင်မျက်နှာကျက်ကြီးက လူသားများကို စကြဝဠာထဲသို့ မဝင်ရောက်နိုင်ရန် ကာဆီးထားသော်လည်း ယင်းက လူသားများကို စကြဝဠာအတွင်းရှိ ကပ်ဘေးအမျိုးမျိုး၏ တိုက်ခိုက်ခံရခြင်းမှလည်း ကာကွယ်ပေးထားသည် မဟုတ်ပါလော။
မည်သူက ကောင်းကင်မျက်နှာကျက်ကို ဖန်တီးခဲ့သနည်း။ ကောင်းကင်မျက်နှာကျက် တည်ရှိနေခဲ့သည်က နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ ယင်းကို မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။
ကောင်းကင်မျက်နှာကျက်နှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာ ရှိနေသည်။
“လောင်ဘီသမ်... ကောင်းကင်မျက်နှာကျက်နဲ့ ပတ်သက်ပြီး မင်း ဘာတွေ သိထားလဲ”
“မင်း ကောင်းကင်မျက်နှာကျက်ဆီ သွားချင်လို့လား”
လောင်ဘီသမ်က လင်းဖုန်း ဘာတွေးနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သည်။
“အေး ဟုတ်တယ်... ကောင်းကင်မျက်နျာကျက် ရှိနေတာကြောင့် ငါ စကြဝဠာထဲကို မဝင်ရောက်နိုင်ပေမဲ့ အနည်းဆုံးတော့ ငါ ကောင်းကင်မျက်နှာကျက်ဆီကို သွားကြည့်လို့ ရတယ်လေ”
လင်းဖုန်း သူ့အတွေးများကို မဖုံးကွယ်ထားချေ။ ကောင်းကင်မျက်နှာကျက်ကြီးက အလွန်တရာ ဆန်းကြယ်လှပေရာ သူ စောစောဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှုရပေမည်။
“မင်းရဲ့ လက်ရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်နဲ့ဆိုရင် ကောင်းကင်မျက်နှာကျက်ကို သွားကြည့်ဖို့က ဘာမှ မခက်ပါဘူး”
လင်းဖုန်း အပျက်အစီးနယ်မြေမှ ထွက်ခွာလာခဲ့သည်။ သူ ခြေတစ်ချက် ဆောင့်နင်းကာ ဒုံးပျံတစ်စင်းအလား ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
လင်းဖုန်း၏ ပျံသန်းနှုန်းက အလွန်လျင်မြန်လွန်းလှသဖြင့် သူ့ပတ်ဝန်းကျင် တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်နေသည့်အလား ထင်မှတ်ရသည်။ အဝေးမှ ကြည့်မည်ဆိုပါက ဧရာမမီးလုံးကြီးတစ်လုံး ကောင်းကင်ပေါ်သို့ ပျံတက်သွားသကဲ့သို့ ဖြစ်နေသည်။
ဤသည်က လင်းဖုန်းနှင့် လေထုအကြား ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် မီးတောက်များသာဖြစ်သည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့်ဆိုပါက သာမန်မီးတောက်များက ဘာမှမဟုတ်ချေ။
မကြာမီ လင်းဖုန်းသည် တိမ်တိုက်များအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ဤနေရာတွင် အပူချိန်က တဖြည်းဖြည်း ကျဆင်းလာ၏။ ဤသည်မှာ ထရိုပိုစဖီးယားဟုခေါ်သော မြေပြင်နှင့် အနီးကပ်ဆုံး လေထုအလွှာ ဖြစ်သည်။
အောက်ဆုံးလေထုလွှာသည် မြေပြင်မှ ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေး၏။ လင်းဖုန်း အောက်ဆုံးလေထုလွှာကို ဖြတ်သန်း၍ ဆက်လက် ပျံသန်းသွားသည်။ သူ့အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး အပူချိန်ကလည်း ပိုမိုကျဆင်းလာသည်။
မြေပြင်မှ ကီလိုမီတာ ၅၀ အကွာသို့ ရောက်သောအခါ သူ အလယ်လေထုလွှာ(Stratosphere)သို့ ရောက်ရှိသွားသည်။ ဤနေရာတွင် အပူချိန်အလွန်နိမ့်ပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး အေးလွန်းလှသဖြင့် လင်းဖုန်း၏ ခန္ဓာကိုယ်ပင် မခံနိုင်တော့ချေ။
သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ချက်ချင်း အသုံးပြုလိုက်သည်။ ၁၀ မီတာခန့်ရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်က ဤသို့သော အအေးဒဏ်ကို ခုခံရန်အတွက် လုံလောက်ပေ၏။
ဤနေရာတွင် ကောင်းကင်မျက်နှာကျက်ကို မမြင်ရသေးသဖြင့် လင်းဖုန်း အထက်သို့ ဆက်လက် ပျံသန်းသွားသည်။ အလယ်လေထုလွှာကို ဖြတ်သန်းပြီးနောက် သူသည် မြေပြင်မှ ကီလိုမီတာ ၁၀၀ ခန့် ကွာဝေးသော အထက်လေထုလွှာ(Mesosphere)သို့ ရောက်ရှိသွားသည်။ ယင်းအထက်တွင် မြေပြင်မှ ကီလိုမီတာ ၈၀၀ ခန့် ကွာဝေးသည့် အပူလေထုလွှာ(Thermosphere)ရှိနေသည်။
အပူလေထုလွှာသို့ ရောက်ရှိပြီးနောက် လင်းဖုန်းသည် သူ့ပတ်ဝန်းကျင်ရှိ ကြယ်တာရာစွမ်းအားများ အလွန်တရာတက်ကြွလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ အပူချိန်ပင်လျှင် များစွာ မြင့်တက်လာ၏။ အကယ်၍ သူ ဤနေရာတွင် ကြယ်တာရာစွမ်းအားများကို စုပ်ယူမည်ဆိုပါက ဧကန်မုချ အားစိုက်ရသလောက် အကျိုးသက်ရောက်မှု ပိုမို ရရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း လင်းဖုန်း ဤနေရာသို့ ကြယ်တာရာစွမ်းအားစုပ်ယူရန် လာခဲ့ခြင်းမဟုတ်ချေ။ ဤနေရာတွင် ကောင်းကင်မျက်နှာကျက်ကို မမြင်ရသေးပေ။ ထို့ကြောင့် သူ အထက်သို့ ဆက်လက် ပျံသန်းသွားသည်။ ဤတစ်ကြိမ်တွင်မူ အချိန်ပိုယူရ၏။
လင်းဖုန်း မြေပြင်မှ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသော နေရာသို့ ရောက်ရှိသောအခါ နောက်ဆုံးတွင် သူ ဆန်းကြယ်လှသော ခပ်ဝါးဝါးအလင်းတန်း မျက်နှာပြင်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤအလင်းတန်း မျက်နှာပြင်ကြီးက ခပ်ရေးရေးသာ မြင်ရပြီး သာမန်မျက်စိဖြင့်ကြည့်ရှုရန် အနည်းငယ် ခက်ခဲလှသည်။ သူ ဝိုးတဝါးသာ မြင်တွေ့နိုင်သည်။
သို့သော် သူစိတ်စွမ်းအားကို အသုံးပြုလိုက်သောအခါ ဤအလင်းတန်း မျက်နှာပြင်ကြီး တည်ရှိနေခြင်းကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်ပေသည်။
“ဒါ ကောင်းကင်မျက်နှာကျက်လား”
လင်းဖုန်း ပိုမိုနီးကပ်စွာ ချဉ်းကပ်သွားသည်။ လင်းဖုန်း၏ စိတ်စွမ်းအား မြင်တွေ့ရသလောက် ဤခပ်ရေးရေးသာ မြင်ရပြီး ကျိုးပဲ့လွယ်ပုံရသော အလင်းတန်းမျက်နှာပြင်ကြီးက ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ယင်းက မည်မျှအထိ ကြီးမားကျယ်ပြန့်မည်ကို မသိနိုင်ချေ။
လင်းဖုန်း အထက်သို့ ဆက်လက် ပျံသန်းရန် ကြိုးစားကြည့်လိုက်သည်။
ဘန်း
လင်းဖုန်းသည် ဝါဂွမ်းစိုင်ကြီးတစ်ခုနှင့် ဝင်တိုက်မိသွားသလို ခံစားလိုက်ရပြီး သူ့စွမ်းအားများက မည်သည့်နေရာသို့မျှ မသက်ရောက်နိုင်ခဲ့ချေ။
“လောင်ဘီသမ်... ဒါက ဂြိုဟ်တစ်ခုလုံးကို ချိတ်ပိတ်ထားပြီး လူသားတွေကို စကြဝဠာထဲ မဝင်ရောက်နိုင်အောင် တားဆီးထားတဲ့ ကောင်းကင်မျက်နှာကျက်လား။ ကြည့်ရတာ နည်းနည်း ထူးဆန်းနေပေမဲ့ ဒါက ပြောလောက်အောင်ကြီးတော့ မမာလောက်ပါဘူးနော်”
“မင်း စမ်းကြည့်လို့ ရတယ်” လောင်းဘီသမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
လင်းဖုန်း တကယ်ပင် စမ်းသပ်ကြည့်ရန် ရည်ရွယ်ထားသည်။ အတိတ်ကာလက သူသည် ကောင်းကင်မျက်နျာကျက်မှာ အလွန်တရာ ဆန်းကြယ်လှပြီး သူတော်စင်များပင်လျှင် မဖျက်ဆီးနိုင်ကြောင်း အမြဲ ကြားခဲ့ဖူးသည်။ ယနေ့ သူ ဤနေရာသို့ ရောက်ရှိလာပြီဖြစ်ရာ သဘာဝကျစွာပင် သူကိုယ်တိုင် စမ်းသပ်ကြည့်ရပေမည်။
“ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်”
လင်းဖုန်းသည ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ မီတာ ၂၆၀ ရှိသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် အလွန်တရာကြီးမားလှသည်ဟု ထင်ရသော်လည်း လေထုထဲနှင့် ကောင်းကင်မျက်နှာကျက် အောက်တွင်မူ အလွန်တရာ သေးငယ်လွန်းလှသည်ဟု ထင်ရ၏။
မီတာ ၂၆၀ ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ဖြင့် လင်းဖုန်း သူ့တစ်ကိုယ်လုံးတွင် အဆုံးမဲ့စွမ်းအားများ ပြည့်နှက်နေသည်ဟု ခံစားနေရသည်။
“ပျက်စီးစမ်း”
လင်းဖုန်း လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားများအားလုံးကို လုံးဝချန်လှပ်ထားခြင်းမရှိဘဲ အကုန်အစင် ပေါက်ကွဲထွက်လာသည်။
ကာကွယ်သူစက်ရုပ်ကြီးပင် ဤလက်သီးချက်ကို တောင့်ခံနိုင်မည် မဟုတ်ချေ။ ဤသည်မှာ လုံးဝဥဿုံ သူတော်စင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်း ဖြစ်ပြီး သူတော်စင်များထဲတွင်ပင် အားအကောင်းဆုံးထဲတွင် ပါပေလိမ့်မည်။
စွမ်းအားပိုင်းကို သီးသန့် ကြည့်မည်ဆိုပါက လင်းဖုန်းက သူတော်စင်အားလုံးထဲတွင် ထိပ်ဆုံး၌ ရှိနေ၏။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင်လျှင် သူ့ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။
ဝုန်း
လင်းဖုန်း၏ လက်သီးတစ်ချက်ဖြင့် တောင်တန်းတစ်ခုလုံးကိုပင် မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။ အကယ်၍ လင်းဖုန်းသာ သူ့စွမ်းအားအပြည့်ဖြင့် လက်သီးတစ်ချက် ထိုးချလိုက်မည်ဆိုပါက မြို့တစ်မြို့လုံးပင် ပျက်စီးသွားနိုင်ပေသည်။
သူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုက မည်မျှအထိ ကြောက်စရာကောင်းလိုက်သနည်း။
သို့သော်လည်း ဤကဲ့သို့ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်သော လက်သီးချက်က ကောင်းကင်မျက်နှာကျက်နှင့် ဝင်တိုက်မိသည့် အခါတွင်မူ မည်သည့် လှုပ်ခတ်မှုမျှ ဖြစ်မလာခဲ့ချေ။ ရေပြင်ပေါ်ရှိ ဂယက်လှိုင်းများအလား အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားရုံမျှသာ ရှိပြီး ရေပွက်တစ်ခုလောက်ပင် မဖြစ်လာချေ။
ကောင်းကင်မျက်နှာကျက်က မည်သည့် ထိခိုက်ပျက်စီးမှုမျှမရှိဘဲ နဂိုအတိုင်း တည်ရှိနေပေသည်။
ထာဝရသိုင်းတာအိုအရှင်