အခန်း ၂၈၉
Vol. 25 Ch. 289
အခန်း (၂၈၉) - တက်လှမ်းခြင်းနှင့်ထိတ်လန့်မှု
ဘာသာပြန် - အားသစ်
“ဒါက...”
လင်းဖုန်း အလွန်တရာ ထိတ်လန့်သွားရသည်။ သူ ဤကဲ့သို့သော အတွေ့အကြုံမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ သူ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက်ပိုင်း မည်သူ့ကိုပင် ရင်ဆိုင်ရပါစေ သူ အမြဲတမ်းလိုလို ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။
ယခုမူ ကောင်းကင်မျက်နှာကျက်ကြီးကို အားအင်အကုန်သုံး၍ ထိုးနှက်လိုက်သော်လည်း မည်သည့် လှုပ်ရှားမှု စိုးစိမျှပင် ရှိမနေသည်မှာ မယုံနိုင်စရာကောင်းလှပေ၏။
ကောင်းကင်မျက်နှာကျက်ကြီးက နဂိုအတိုင်း တည်ရှိနေဆဲဖြစ်သော်လည်း လင်းဖုန်း ရပ်တန့်မသွားချေ။ သူ့တစ်ကိုယ်လုံးရှိ စွမ်းအားများကို အပြင်းအထန်လှုံ့ဆော်ကာ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အရူးအမူး ပေါက်ကွဲထွက်လာစေသည်။ သူ့ဆဲလ်များအတွင်းတွင် ပါရှိသော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားများက ဆူနာမီလှိုင်းလှုံကြီးတစ်ခုအလား တိုးဝှေ့ထွက်ပေါ်လာတော့သည်။
ဝုန်း ဝုန်း ဝုန်း
တစ်ကြိမ်ပြီးတစ်ကြိမ် လင်းဖုန်း၏ မီတာ ၂၆၀ ရှိသော ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်အတွင်းရှိ ကြီးကျယ်လှသည့် စွမ်းအားများကို အရူးအမူး ထုတ်ဖော်လိုက်ပြီး ကီလိုမီတာထောင်ပေါင်းများစွာ အထက်ရှိ ကောင်းကင်မျက်နှာကျက်ကြီးကို အသည်းအသန် ဖျက်ဆီးပစ်ရန် ကြိုးပမ်းတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ လင်းဖုန်း ရပ်တန့်လိုက်သည်။
သူ နဂိုအတိုင်း မပျက်မစီးရှိနေဆဲဖြစ်သော ကောင်းကင်မျက်နှာကျက်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် စိတ်ပျက်အားလျော့သည့် အရိပ်အယောင်တစ်ခု ထင်ဟပ်သွားရသည်။ သူ မည်သို့ပင် တိုက်ခိုက်ပါစေ ကောင်းကင်မျက်နှာကျက်ကြီးကို အနည်းငယ်မျှပင် လှုပ်ခတ်စေအောင် မလုပ်နိုင်ချေ။
လင်းဖုန်းသည် သူ့ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်အတွက် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကိုသာ ပြုလုပ်ရသေး၏။ သို့ပေသော်ငြား စွမ်းအားသီသန့်ပိုင်းတွင်မူ မည်သည့် သူတော်စင်ထက်မဆို များစွာသာလွန်နေသည်ကို ထည့်သွင်းစဉ်းစားရပေမည်။ နတ်ဆိုးဧကရာဇ်များပင်လျှင် စွမ်းအားပိုင်းတွင် လင်းဖုန်းကို သာလွန်နိုင်ဖို့ ခဲယဥ်းလှပေမည်။
သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား လင်းဖုန်း၏ စွမ်းအားဖြင့် နာရီဝက်ခန့် အရူးအမူး တိုက်ခိုက်ပြီးသည့်တိုင်အောင် ကောင်းကင်မျက်နှာကျက်ကြီးကို မည်သို့မျှ မသက်ရောက်စေနိုင်ခဲ့ချေ။ ကြည့်ရသည်မှာ ဤကောင်းကင်မျက်နှာကျက်ကြီးက အမှန်တကယ်ပင် မရိုးရှင်းလှပေ။
ဖြစ်နိုင်သည်က လင်းဖုန်း တတိယအကြိမ်၊ စတုတ္ထအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းများကို ပြုလုပ်ပြီးနောက် သို့တည်းမဟုတ် ဂြိုဟ်အဆင့်သက်ရှိတစ်ခု ဖြစ်လာပြီးမှသာ ဤကောင်းကင်မျက်နှာကျက်ကြီးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
သူ ကောင်းကင်မျက်နှာကျက်ကြီးကို မဖျက်ဆီးနိုင်ခဲ့သော်လည်း ဤသည်က လင်းဖုန်း မျှော်လင့်ထားသည့်အတိုင်းပင်။ သူ ကောင်းကင်ကျက်နှာကျက်အနီးသို့ တိုးကပ်လိုက်ပြီး အနည်းငယ်ဖောက်မြင်ရသော ကောင်းကင်မျက်နှာကျက်ကြီးမှတစ်ဆင့် အပြင်ဘက်ရှိ အဆုံးမဲ့စကြဝဠာကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။
အပြင်စကြာဝဠာကြီးမှာ အေးစက်ကာ မှောင်မိုက်နေပြီး အဝေးကြီးအထိ မမြင်ရချေ။ သို့သော်လည်း ယင်း၏ ကျယ်ပြောလှမှုက လင်းဖုန်း ယခင်က မြင်တွေ့ခဲ့ဖူးသမျှသော တောရိုင်းမြေ၊ မြစ်ချောင်း သို့တည်းမဟုတ် သမုဒ္ဒရာများထက် များစွာ ပိုသာပေသည်။ နှိုင်းရက်စရာပင် မရှိချေ။
ဤသည်မှာ လောင်ဘီသမ် ရောက်ရှိလာခဲ့သော စကြဝဠာကြီးပင်။
“လောင်ဘီသမ်... မင်းရဲ့ အိမ်က ဒီနေရာကနေဆို ဘယ်လောက်ထိ ဝေးလဲ” လင်းဖုန်း ရုတ်တရက် မေးမြန်းလိုက်သည်။
“ငါ့အိမ်က အရမ်းဝေးလံလှတဲ့ ဘော်နီယိုဂလက်ဆီမှာ ရှိတာ။ ဒီနေရာကနေဆို အရမ်းအရမ်းကို ဝေးလွန်းပါတယ်ကွာ။ အတိတ်တုန်းက ငါ စကြဝဠာထဲမှာ အချိန်အတော်ကြာ လျှောက်သွားခဲ့ရတာမို့ အကွာအဝေးအတိအကျကိုတော့ မခန့်မှန်းနိုင်တော့ပါဘူး”
လောင်ဘီသမ်သည်လည်း သူ့အိမ်ကို လွမ်းဆွတ်နေပုံရသည်။ သူ့အသံထဲတွင် လွမ်းဆွေးမှုအရိပ်အယောင်တစ်ခု စွက်ဖက်နေ၏။
“မင်းအိမ်က အရမ်းလှပပြီးတော့ အေးချမ်းနေမှာ သေချာတယ်။ နည်းပညာလည်း အရမ်းမြင့်မှာပဲ။ ဒါ့အပြင် မင်းလို စက်မှုသက်ရှိတွေရဲ့ သက်တမ်းကလည်း ပြဿနာရှိမှာ မဟုတ်ဘူး။ ငါတို့ ကမ္ဘာထက် အများကြီး ပိုကောင်းမှာပဲ...”
လင်းဖုန်း တကယ်ပင် အားကျမိသွားသည်။ စက်မှုသက်ရှိတစ်ခုဖြစ်သော လောင်ဘီသမ်၏ နည်းပညာက အလွန်တရာ မြင့်မားလှပေမည်။ ထို့အပြင် လောင်ဘီသမ်သည် စကြဝဠာထဲတွင် ဤမျှလောက် ကြာမြင့်စွာ လျှောက်သွားခဲ့သော်လည်း... သူ့သက်တမ်းက တစ်လျှောက်လုံး အကန့်အသတ် မရှိနေပုံရသည်။
လောင်ဘီသမ်တည်ရှိရာ ယဉ်ကျေးမှုက အလွန်လှပပြီး အဆင့်မြင့်မြင့် ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ကာ လက်ရှိ လူသားယဉ်ကျေးမှုထက် များစွာပိုမိုသာလွန်လှပေလိမ့်မည်။ လူသားများမှာမူ ရှင်သန်ရန် နေရာအတွက် ပြင်ပနယ်မြေရှိ ကြမ်းကြုတ်သားရဲများနှင့် အပြိုင်အဆိုင် လုယူနေကြရဆဲသာ။
ထိုနှစ်ခုကြားတွင် မိုးနှင့်မြေလို ကွာခြားချက် ရှိနေပေလိမ့်မည်။
“လှပတယ်။ အေးချမ်းတယ် ဟုတ်လား”
လောင်ဘီသမ်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ဆက်ပြောသည်။ “ငါ့အိမ်က ဘယ်တုန်းကမှ ငြိမ်းချမ်းမှုဆိုတာကို မသိခဲ့ဘူး။ အဲဒီမှာ အမြဲတမ်း စစ်ပွဲတွေနဲ့ သတ်ဖြတ်မှုတွေပဲ ရှိတယ်။ နယ်မြေချဲ့ထွင်ဖို့အတွက် ငါတို့က ဆက်တိုက် တိုက်ခိုက်သတ်ဖြတ်ပြီး ဖျက်ဆီးပစ်ရုံပဲ ရှိတယ်။ ငါ့ရဲ့ ယဉ်ကျေးမှုက အနည်းဆုံး အစွမ်းထက်တဲ့ ယဉ်ကျေးမှု ထောင်ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့ပြီးပြီ။
စကြဝဠာထဲမှာ ဘယ်တော့မှ အေးချမ်းမှုနဲ့ သဟဇာတဖြစ်မှုဆိုတာ ရှိလာမှာ မဟုတ်ဘူး။ စစ်ပွဲနဲ့ သတ်ဖြတ်ခြင်းက စကြဝဠာရဲ့ ထာဝရ အဓိက အကြောင်းတရားပဲ။ အဲဒါက နည်းပညာယဉ်ကျေးမှုပဲဖြစ်ဖြစ် ကျင့်ကြံခြင်းယဉ်ကျေးမှုပဲဖြစ်ဖြစ် အတူတူပဲ”
စကြဝဠာထဲတွင်လည်း အားကြီးသူက အားနည်းသူကို နိုင်ထက်စီးနင်းပြုသည့် တောတွင်းဥပဒေသက ထိပ်ဆုံး၌ ရှိနေသည်မှာ ထင်ရှားလှပေသည်။ စက်မှုယဉ်ကျေးမှုသည် အစွမ်းထက်သော ယဉ်ကျေးမှု ထောင်ပေါင်းများစွာကို ဖျက်ဆီးခြင်းဖြင့်သာ ယနေ့ကဲ့သို့ အစွမ်းထက်လာခဲ့ခြင်းဖြစ်၏။
ထိုသို့ဆိုလျှင် ဤကောင်းကင်မျက်နှာကျက်ကြီးက ဤကမ္ဘာမြေကို ကာကွယ်ရန်အတွက် ရှိနေခြင်းများလော။
“ဘယ်သူက ကောင်းကင်မျက်နှာကျက်အကာအကွယ်ကြီးကို ဖန်တီးခဲ့တာလဲ၊ ပြီးတော့ ရည်ရွယ်ချက်ကရော ဘာလဲ” လင်းဖုန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ မသိချေ။ လောင်ဘီသမ်ပင် မသိချေ။ ဖြစ်နိုင်သည်မှာ နောင်အနာဂတ်တွင် တစ်ယောက်ယောက်က ကောင်းကင်မျက်နှာကျက်ကြီးကို ဖောက်ထွက်နိုင်မှသာ တစ်ခုခုကို သိရှိနိုင်ပေလိမ့်မည်။
လင်းဖုန်း ကောင်းကင်မျက်နှာကျက်ကြီးဆီသို့ ရောက်ရှိလာခဲ့သော်လည်း သူ ချက်ချင်း ပြန်မသွားချင်သေးချေ။ သူ လက်ဗလာဖြင့် မပြန်သွားနိုင်ပေ။
သူ ကောင်းကင်မျက်နှာကျက်ဆီသို့ လာခဲ့ရခြင်းမှာ ယင်းကို ဖျက်ဆီးနိုင်ခြင်း ရှိ မရှိ ကြည့်ရန်နှင့် သူ့စိတ်စွမ်းအားကို အဆင့်ထိုးဖောက်စေနိုင်မည့် တစ်စုံတစ်ခုကို ရရှိနိုင်ခြင်း ရှိ မရှိ ကြည့်ရန် ဖြစ်သည်။
သူ ကောင်းကင်မျက်နှာကျက်ကြီးကို မဖျက်ဆီးနိုင်ခဲ့သဖြင့် လင်းဖုန်းအနေဖြင့် စိတ်စွမ်းအားကို ကျင့်ကြံရန် ကြိုးစားရုံသာ ရှိတော့သည်။
ကောင်းကင်မျက်နှာကျက်ကြီးက ခပ်ရေးရေးသာ မြင်ရပြီး အပြင်သို့ အနည်းငယ်သာမြင်ရကာ အလွန်တရာ ဆန်းကြယ်လှပေသည်။ လင်းဖုန်း၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားအပြည့် လက်သီးချက်ပင် ၎င်းကို မည်သည့် ထိခိုက်ပျက်စီးမှုမျှ မဖြစ်စေနိုင်ခဲ့ချေ။
ထို့ကြောင့် လင်းဖုန်းသည် သူ့စိတ်စွမ်းအားကို စုစည်းလိုက်ပြီး ကောင်းကင်မျက်နှာကျက်ကြီးပေါ်သို့ ဖြည်းဖြည်းချင်း ဖြန့်ကြက်လိုက်သည်။
ဝူ
ရုတ်တရက် ကောင်းကင်မျက်နှာကျက်ကြီးမှာ အနည်းငယ် တုန်ခါသွာသည်။ တစ်ချိန်တည်းမှာပင် လင်းဖုန်း၏ စိတ်စွမ်းအားက လှုံ့ဆော်ခံလိုက်ရပုံရ၏။ သတင်းအချက်အလက် အမြောက်အမြားက လင်းဖုန်း၏ စိတ်စွမ်းအားမှတစ်ဆင့် သူ၏ စိတ်အာရုံအတွင်းသို့ စီးဝင်လာသည်။
ဝုန်း
လင်းဖုန်း၏ စိတ်အာရုံမှာ အနည်းငယ် တုန်လှုပ်သွားရသည်။ ခမ်းနားထည်ဝါပြီး ဆန်းကြယ်လှသော မြင်ကွင်းတစ်ခု သူ့စိတ်အာရုံထဲတွင် ပေါ်ထွက်လာသည်။
မည်းမှောင်လှသော စကြဝဠာကြီးအတွင်း၌ ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ကြယ်တာရာများ ပျက်စီးသွားခဲ့ပြီး ဂလက်ဆီများ ပြိုကွဲသွား၏။ အလင်းနှစ် ဘီလီယံပေါင်းများစွာ ကျယ်ပြန့်သော ဂလက်ဆီများအတွင်းရှိ ဂြိုဟ်အားလုံး ပြာအတိ ပြောင်းလဲသွားခဲ့ပြီး လုံးဝဥဿုံ ပျက်စီးသွားသည်။
လင်းဖုန်းတစ်ယောက် ဤကြီးမားလှသည့ ပေါက်ကွဲမှုနှင့် ဖျက်ဆီးမှုကြီးကြောင့် အလွန်တရာ ထိတ်လန့်သွားရသည်။ သူ့အတွေးများပင်လျှင် ခဏတာမျှ ရပ်တန့်သွားရသည်။
စကြဝဠာကြီး ပေါက်ကွဲပြီးနောက်တွင်မူ အပိုင်းအစများနှင့် ဖုန်မှုန့်များမှာ နေရာအနှံ့ ပျံ့ကျဲသွား၏။ ထာဝရ စကြဝဠာကြီးအတွင်း၌ အလင်းရောင်မရှိ၊ အရောင်အသွေးမရှိ၊ သက်ရှိမရှိဘဲ အေးစက်လှသော အမှောင်ထုသာ ကျန်ရှိတော့သည်။
ဤအမှောင်ထုက ထာဝရကာလတိုင်အောင် အလွန်တရာ ကြာမြင့်စွာ တည်ရှိနေတော့မည့်အလား ဖြစ်နေသည်။
ရုတ်တရက် တစ်နေ့တွင် အေးစက်လှသော စကြဝဠာကြီးအတွင်း၌ အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ဤအလင်းတန်းက ပိုမိုကြီးမားလာပြီး ဂလက်ဆီတစ်ခုလုံးကို ပြည့်နှက်သွားသည်အထိ ဖြစ်လာသည်။ မယုံနိုင်စရာကောင်းလောက်အောင်ပင်။ မရေမတွက်နိုင်သော ကြယ်တာရာများနှင့် ဂြိုဟ်များက ဟာလာဟင်းလင်းပြင်ထဲမှ တဖြည်းဖြည်း ပေါ်ထွက်လာကြသည်။
လင်းဖုန်း ဤသည်က စိတ်အာရုံချောက်ခြားခြင်းလား မသိချေ။ သို့သော်လည်း အတိုချုပ်ပြောရလျှင်မူ ပုံမှန်မဟုတ်ဘဲ စူးရှတောက်ပလှသော အလင်းရောင်တစ်ခု ရုတ်တရက် စုစည်းလာပြီး တဖြည်းဖြည်းချင်း ဂြိုဟ်တစ်ခုအဖြစ် ပုံပေါ်လာသည်။
ထိုသာမန်ဂြိုဟ်က အေးစက်ပြီး မှောင်မိုက်လှသော စကြဝဠာကြီးအတွင်း၌ တည်ရှိနေ၏။ ကြည့်ရသည်မှာ အလွန်တရာ အထီးကျန်နေပုံရသည်။
ထိုဂြိုဟ် ပေါ်ထွက်လာပြီးနောက်တွင်မူ... အခြားသော အလင်းတန်းတစ်ခုက ထိုဂြိုဟ်ကို လွှမ်းခြုံသွားခဲ့ပြီး တစ်နည်းနည်းဖြင့် ခပ်ဝါးဝါးအလင်းမျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည်။
“ကောင်းကင်မျက်နှာကျက်ကြီးလား”
လင်းဖုန်း ရုတ်တရက် လန့်နိုးလာသည်။ ထိုအခိုက်အတန့်တွင် သူသည် ထိုမဟာပေါက်ကွဲမှုကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသလို ခံစားလိုက်ရသည်။ သူ့စိတ်အာရုံထဲရှိ စိတ်စွမ်းအားလုံးပင်လျှင် ထိုအခိုက်အတန့်တွင် ပြိုကွဲပျက်စီးသွားရသည်။
သို့သော်လည်း ပြိုကွဲသွားပြီးနောက်တွင်မူ စိတ်စွမ်းအား ထပ်မံပြန်လည်စုစည်းလာသည်။ ပြိုကွဲပျက်စီးခြင်း လုပ်ငန်းစဉ်ကို အကြိမ်အနည်းငယ် ပြန်လည် ပြုလုပ်ပြီးနောက် စိတ်စွမ်းအားစက်လုံးက ပိုမိုသေးငယ်သွား၏။ သို့သော်လည်း ပိုမို သိပ်သည်းကျစ်လစ်လာသည်။ ထို့အပြင် ထိုစက်လုံး၌ ခပ်ဖျော့ဖျော့တောက်ပမှုတစ်ခုပင် ရှိနေသည်။
စိတ်စွမ်းအားစက်လုံးမှာ စူးစားရှရှ တောက်ပနေသည်။ ဤသည်မှာ ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ် တတိယအဆင့်၏ ဝိသေသလက္ခဏာပင်။
သူ ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ လင်းဖုန်း၏ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်က တတိယအဆင့်သို့ ရောက်ရှိသွားလေပြီ။
စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ တတိယအဆင့်တွင် စိတ်စွမ်းအားစက်လုံးက ပိုမိုသိပ်သည်းကျစ်လစ်လာပြီး စိတ်စွမ်းအား ပိုမိုအစွမ်းထက်လာခြင်းအပြင် အကြီးမားဆုံးသော ဝိသေသလက္ခဏာမှာ စိတ်စွမ်းအားကို မိမိကိုယ်ပိုင် စိတ်ဆန္ဒနှင့် ပေါင်းစပ်နိုင်ခြင်းပင်။
ယခုအခါ လင်းဖုန်း၏ စိတ်စွမ်းအား အနည်းငယ်တိုင်းက သူ့ကိုယ်ပိုင်စိတ်ဆန္ဒနှင့် ပေါင်းစပ်သွားနိုင်ပြီ ဖြစ်သည်။ ဤနည်းဖြင့် လင်းဖုန်း အခြားသူများကို ထောင်ချောက်ဆင်ရန်အတွက် စိတ်အာရုံလှည့်စားမှုများကိုပင် အသုံးပြုရန် မလိုတော့ပေ။ သူ့စိတ်စွမ်းအားကို အသုံးပြု၍ အခြားသူများကို အတင်းအကျပ် ထိန်းချုပ်နိုင်စွမ်း ရှိလာပြီဖြစ်သည်။
ဤသည်က အမှန်တကယ်ပင် နှိုင်းယှဉ်၍မရလောက်အောင် အာဏာစက်ပြင်းထန်လှပေသည်။ လင်းဖုန်းထံမှ စိတ်စွမ်းအားမုန်တိုင်း တစ်ချက်တည်းဖြင့်ပင် ယခုအခါ သာမန်နတ်ဆိုးများကို သက်ရောက်မှုရှိစေနိုင်ပြီး အတင်းအကျပ် ထိန်းချုပ်နိုင်စွမ်းပင် ရှိနေလေပြီ။
သူ့ စိတ်စွမ်းအားတက်လှမ်းသွားခဲ့ပြီဖြစ်ရာ လင်းဖုန်းအနေဖြင့် သူ့စိတ်စွမ်းအားက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို မစုစည်းနိုင်တော့မည်ကို စိုးရိမ်စရာမလိုဘဲ တတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် စတင် ပြင်ဆင်နိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ဤသည်က လင်းဖုန်းကို အကြီးမားဆုံး ထိတ်လန့်သွားစေသည့်အရာ မဟုတ်ပါချေ။
လင်းဖုန်းကို အလွန့ထိအလွန်တ်လန့်သွားစေသည့်အရာက စောစောက သူ့စိတ်အာရုံထဲတွင် ပေါ်ထွက်လာခဲ့သော မှတ်ဉာဏ်များပင်။ သူ ရောက်ရှိနေသော ဤဂြိုဟ်ကြီးမှာ လူတစ်ယောက်ယောက်က တမင်တကာ ဖန်တီးတာများလား။
ထာဝရသိုင်းတာအိုအရှင်