← Chapters

အခန်း ၂၉၀

Vol. 25 Ch. 290

အခန်း ၂၉၀

Vol. 25 Ch. 290

အခန်း (၂၉၀) - တဟုတ်ထိုးကျော်ကြားမှု

ဘာသာပြန် - အားသစ်

“လင်းဖုန်း... မင်း ဘာဖြစ်လို့လဲ” လင်းဖုန်းထံမှ တစ်ခုခု ပုံမှန်မဟုတ်သည်ကို ခံစားမိလိုက်သဖြင့် လောင်ဘီသမ်က အလောတကြီး မေးမြန်းလိုက်သည်။

“လောင်ဘီသမ်... ငါ... ငါ စွမ်းအားအဆင့်တက်သွားပြီ ထင်တယ်”

“အဆင့်တက်သွားပြီ ဟုတ်လား။ မင်းရဲ့ စိတ်စွမ်းအားက တတိယအဆင့်ကို တက်လှမ်းသွားတာလား”

“ဟုတ်တယ်... ဘာကြောင့်လဲတော့ မသိဘူး၊ ခုလေးတင်ပဲ ရုတ်တရက် တက်လှမ်းသွားတာ”

“ခုနက မင်း ကောင်းကင်မျက်နျာကျက်ကြီးရဲ့ အခြေအနေအတိအကျကို ပိုင်းခြားစိတ်ဖြာဖို့အတွက် မင်းရဲ့ စိတ်စွမ်းအားနဲ့ ဖောက်ထွက်ဖို့ ကြိုးစားခဲ့တာလေ။ ခုနက မင်း တစ်ခုခု ရခဲ့လို့လား”

လောင်ဘီသမ်သည်လည်း ဤကောင်းကင်မျက်နှာကျက်ကြီးအကြောင်းကို အလွန်တရာ စူးစမ်းလိုနေသည်။

“ဘာမှ ထူးထူးခြားခြား မရှိပါဘူး”

အကြောင်းရင်းတချို့ကြောင့် လင်းဖုန်း သူ ခုနက မြင်တွေ့ခဲ့ရသော မြင်ကွင်းကို လောင်ဘီသမ်အား ထုတ်မပြောခဲ့ချေ။ သူ အလွန်တရာ စိတ်မလုံခြုံမှုကြီးကြီးမားမား ခံစားနေရသည်။ ခုနက မြင်ကွင်းက ဧကန်မုချ သာမန်အရာတစ်ခု မဟုတ်ပေ။

“လောင်ဘီသမ်... မင်း ဂြိုဟ်တွေနဲ့ ကြယ်တာရာတွေကို ဖန်တီးနိုင်တဲ့သူမျိုး ကြားဖူးလား။ ဥပမာ... ဂလက်ဆီအဆင့် သက်ရှိမျိုးပေါ့”

“ဂြိုဟ်တွေကို ဖန်တီးတာ။ ကြယ်တာရာတွေကို ဖန်တီးတာ ဟုတ်လား”

လောင်ဘီသမ် ခေါင်းခါလိုက်ပြီး ပြောသည်။ “မဖြစ်နိုင်တာ။ ကြီးမြတ်တဲ့ ဂလက်ဆီအဆင့် သက်ရှိတွေထဲမှာတောင် ဂြိုဟ်တစ်လုံးကို ဖန်တီးနိုင်တဲ့သူဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။ ဂြိုဟ်တစ်လုံး ဒါမှမဟုတ် ဂလက်ဆီတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့က အရမ်းလွယ်ပေမဲ့ ဖန်တီးဖို့ကျတော့ အရမ်းအရမ်းကို ခက်ခဲလှပါတယ်”

“ဒါဆို စကြဝဠာအဆင့် သက်ရှိတွေကရော” လင်းဖုန်း ထပ်မံ မေးမြန်းလိုက်သည်။

“စကြဝဠာအဆင့် သက်ရှိတွေ ဟုတ်လား”

လောင်ဘီသမ် ခဏမျှ စဉ်းစားလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

“စကြဝဠာအဆင့် သက်ရှိတွေက ဂြိုဟ်တွေကို ဖန်တီးနိုင်ခြင်း ရှိ မရှိ ဆိုတာကိုတော့ ငါလည်း မသေချာဘူး။ အဲဒီလို ဖြစ်တည်မှုမျိုးက စကြဝဠာတစ်ခုလုံးကိုတောင် လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်ပြီး... မယုံနိုင်စရာကောင်းတဲ့ စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားကြတာ။ ဒါပေမဲ့ ငါသိသလောက်တော့ ဘယ်စကြဝဠာအဆင့် သက်ရှိကမှ ဂြိုဟ်တစ်လုံးကို လူသိရှင်ကြား ဖန်တီးပြခဲ့ဖူးတာမျိုး မရှိဘူး”

လင်းဖုန်း စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားရသည်။

သူ့စိတ်အာရုံထဲတွင် ခုနက ပေါ်ထွက်လာခဲ့သော မြင်ကွင်းက အလွန်တရာ အံ့ဩမှင်သက်ဖွယ် ကောင်းလှပေသည်။ ထိုအလင်းတန်းက ဧကန်မုချ သာမန်အလင်းရောင်တစ်ခု မဟုတ်ချေ။ ထိုအလင်းတန်း ပေါ်ထွက်လာပြီးနောက်တွင် ဂလက်ဆီတစ်ခုလုံး၌ ကြယ်တာရာများစွာ ရုတ်တရက် ပေါ်ထွက်လာသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

ထို့အပြင် ထိုအလင်းရောင်က သူ ရှိနေသည့် ဤဂြိုဟ်ပေါ်သို့ ကောင်းကင်မျက်နှာကျက်ကြီးကိုပင် ချမှတ်ပေးခဲ့သေးသည်။

ဤသည်က သဘာဝအလျောက်ဖြစ်ပေါ်လာသော ဂြိုဟ်တစ်လုံး လုံးဝမဖြစ်နိုင်ပါချေ။

သို့သော်လည်း ဂလက်ဆီအဆင့်သက်ရှိများပင်လျှင် ဂြိုဟ်များကို မဖန်တီးနိုင်ချေ။ စကြဝဠာအတွင်းရှိ ကြီးမြတ်လှသော ဖြစ်တည်မှုကြီးများပင်လျှင် ဂြိုဟ်များကို မဖန်တီးနိုင်ရန် ရာခိုင်နှုန်း အလွန်များပြားလှပေသည်။ ထိုသို့ဆိုလျှင် ဤဂြိုဟ်ကို ဖန်တီးခဲ့သည့် ဖြစ်တည်မှုကြီးက မည်မျှအထိ ကြီးမြတ်လိုက်မည်နည်း။

လင်းဖုန်း လောင်ဘီသမ်ကို ထုတ်မပြောခဲ့ချေ။ ဤသတင်းက အလွန်တရာ ထိတ်လန့်စရာ ကောင်းလှ၏။ သူ့အလိုလိုသိစိတ်က ဤအကြောင်းကို လောင်ဘီသမ် အပါအဝင် မည်သူ့ကိုမျှ ထုတ်မပြောရန် တားမြစ်နေသည်။

“ပြန်ကြစို့”

လင်းဖုန်း ဝိုးတဝါးမြင်တွေ့နေရသော ကောင်းကင်မျက်နှာကျက်ကြီးကို နောက်ထပ်တစ်ကြိမ် အကြာကြီး စိုက်ကြည့်လိုက်သည်။ တစ်နေ့တွင် သူ ဤကောင်းကင်မျက်နှာကျက်ကြီး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပြီး ကျယ်ပြောလှသော စကြဝဠာကြီးအတွင်းသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

…

လင်းဖုန်း ကောင်းကင်မျက်နှာကျက်ကြီး၏ လျှို့ဝှက်ချက်ကို စူးစမ်းလေ့လာနေစဉ်အတွင်း လောင်ဘီသမ် ထုတ်လွှင့်လိုက်သော ကာကွယ်သူအဖွဲ့ချုပ်၏ မိတ်ဆက်ကြော်ငြာဗီဒီယိုဖိုင်က အွန်လိုင်းကွန်ရက်တစ်ခုလုံးတွင် မည်မျှအထိ ရေပန်းစား လူကြိုက်များသွားသည်ကို သူ မသိခဲ့ချေ။

လင်းဖုန်းသည် အဖွဲ့အစည်းသစ်တစ်ခုဖြစ်သော ကာကွယ်သူအဖွဲ့ချုပ်ကို တည်ထောင်ခဲ့၏။ အမှန်တကယ်တော့ ထိုကိစ္စကို လူအများစုက မသိကြသေးပေ။ သို့သော်လည်း လောင်ဘီသမ်က မိတ်ဆက်ဗီဒီယိုကို ထုတ်လွှင့်လိုက်သည်နှင့် တပြိုင်နက် ထိုဗီဒီယိုက အင်တာနက်ကွန်ရက်တစ်ခုလုံးတွင် ချက်ချင်းပင် ပေါက်ကွဲထွက်မတက် ရေပန်းစားသွားတော့သည်။

ဤမိတ်ဆက်ဗီဒီယိုထဲတွင် အခြားအပိုအဆာအကြောင်းအရာများ မပါဝင်ချေ။ ယင်းက လုံးဝဥဿုံ စစ်ပွဲမှတ်တမ်းရုပ်ရှင်တစ်ခုသာ ဖြစ်သည်။

လင်းဖုန်းက အစွမ်းထက်လှသော စက်ရုပ်စစ်တပ်ကြီးကို ဦးဆောင်ကာ မိုင်ပေါင်းထောင်ချီသော နယ်မြေကို ဖြတ်သန်းတိုက်ခိုက်ပြီး ရေတွက်၍မရနိုင်သော ကြမ်းကြုတ်သားရဲများကို ရှင်းလင်းသုတ်သင်ခဲ့၏။ သားရဲများ မည်မျှပင် များပြားနေပါစေ ယင်းတို့ထဲတွင် နတ်ဆိုးဗိုလ်ချုပ်များ မည်မျှပါဝင်နေပါစေ ဘာမှ အရေးမပါခဲ့ချေ။

စက်ရုပ်စစ်တပ်ကြီး၏ ရှေ့မှောက်တွင် အရာအားလုံးက အလွန်တရာ သေးငယ်လွန်းလှပေ၏။ စက်ရုပ်စစ်တပ်ကြီးက လမ်းခရီးတစ်လျှောက်ရှိ အတားအဆီးအားလုံးကို အပြတ်အသတ် ချေမှုန်းပစ်ခဲ့သည်။ မရေမတွက်နိုင်သောသားရဲများ သတ်ဖြတ်ခံခဲ့ရပြီး ပြင်ပနယ်မြေ၏ မိုင်ပေါင်းထောင်ချီ နယ်ပယ်ကြီးကို လုံးဝဥဿုံ ဘေးကင်းဇုန်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့၏။

ဤသည်က လူသားလူ့အဖွဲ့အစည်းတစ်ခုလုံးကို ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားစေခဲ့သည်။

လူသားများအနေဖြင့် ဤကြမ်းကြုတ်သားရဲများကို ဤမျှလောက် လွယ်ကူသက်သာစွာဖြင့် မည်သည့်အချိန်ကစ၍ ရင်ဆိုင်နိုင်ခဲ့သနည်း။

ထိုအေးစက်လှသည့် စက်ရုပ်များသည် ရန်သူအဖြစ်ဆိုလျှင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း လူသားများ၏ လက်အောက်ခံများ အဖြစ်ဆိုလျှင်မူ သားရဲများကို တိုက်ခိုက်ရာတွင် အလွန်တရာ အသုံးဝင်လှပေသည်။

မိတ်ဆက်ဗီဒီယို ရေပန်းစားလာသည်နှင့်အမျှ ကာကွယ်သူအဖွဲ့ချုပ်သည်လည်း အနှိုင်းမဲ့ ကျော်ကြားလာ၏။ ထို့အပြင် လင်းဖုန်းက အဖွဲ့ဝင်အဖြစ် လျှောက်ထားရန်အတွက် နည်းလမ်းများစွာကို ပံ့ပိုးပေးထားခဲ့သည်။ အသုံးအများဆုံး နည်းလမ်းမှာ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခြင်းပင်။

နာရီအနည်းငယ်အတွင်းမှာပင် သိုင်းသမားရာပေါင်းထောင်ချီ၍ လျှောက်ထားလာကြသည်။ သဘာဝကျစွာပင် ယင်းတို့ထဲမှ အများစုမှာ ပရော်ဖက်ရှင်နယ်သိုင်းသမားများ ဖြစ်ကြ၏။ မည်သို့ပင်ဆိုစေ အသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိသွားသော သိုင်းသမားတိုင်းနီးပါး မျိုးရိုးဗီဇကန့်သတ်ချက်ကို ဖောက်ထွက်ပြီးသည်နှင့် တပြိုင်နက် အဖွဲ့အစည်းတစ်ခုခုကို ချက်ချင်း ရွေးချယ်လေ့ရှိကြသည်။ လင်းဖုန်း၏ ကာကွယ်သူများအဖွဲ့ချုပ် တည်ထောင်ခြင်းက ဤအချက်တွင် များစွာနောက်ကျနေခဲ့လေပြီ။

သိုင်းသမားများအပြင် သိပ္ပံပညာရှင်များ၊ စီးပွားရေးသမားများကဲ့သို့ အချို့သော သာမန်လူများလည်း ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ရန် ကြိုးပမ်းလာကြသူများလည်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်းက သာမန်လူများ အဖွဲ့ချုပ်သို့ ဝင်ရောက်မည့် လမ်းကြောင်းကို လုံးဝပိတ်ဆို့ထားခြင်း မရှိသောကြောင့်ပင်။

အဓိကအဖွဲ့အစည်းကြီးငါးခုတွင်ပင် သိပ္ပံပညာရှင်များနှင့် သာမန်လူများထဲမှ ထူးချွန်ထက်မြက်သူတချို့ ဝင်ရောက်ပူးပေါင်းထားကြသည် မဟုတ်ပါလော။

အချို့သော စီးပွားရေးကုမ္ပဏီများနှင့် ကော်ပိုရေးရှင်းကြီးများပင်လျှင် ကာကွယ်သူအဖွဲ့ချုပ်နှင့် ဆက်သွယ်ရန် ကြိုးပမ်းလာကြသည်။ သူတို့သည်လည်း အချို့သော စီးပွားရေးအခွင့်အလမ်းများကို မြင်တွေ့သွားခဲ့ကြခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကာကွယ်သူအဖွဲ့ချုပ်မှာ ယခုမှ စတင်တည်ထောင်ခါစသာ ရှိသေးသည်။ ထိုစက်ရုပ်များ၏ လက်ထဲရှိ လက်နက်များက အဆင့်မြင့်နည်းပညာများဟု သတ်မှတ်နိုင်သည် မဟုတ်ပါလော။

ထို့အပြင် ထိုစက်ရုပ်များ၏ သတ္တုခန္ဓာကိုယ်များမှာ မည်သည့်သတ္တုအမျိုးအစား ဖြစ်သနည်း။ ထိန်းချုပ်မှုစနစ်ကရော မည်သို့နည်း။ လေ့လာစရာများစွာရှိနေ၏။

ထို့အပြင် ကာကွယ်ယသူအဖွဲ့ချုပ်က ကြမ်းကြုတ်သားရဲများစွာကို သုတ်သင်ရှင်းလင်းခဲ့သည်။ ဤသားရဲများကို ပြင်ပသို့ ပြန်လည်ရောင်းချရန် လိုအပ်ခြင်း ရှိ မရှိ စသည်ဖြင့် အားလုံးက စီးပွားရေး အခွင့်အလမ်းများ ဖြစ်ကြ၏။ မည်သည့်စီးပွားရေးသမားမှ ထိုအကျိုးအမြတ်များကို လက်လွတ်မခံလိုကြချေ။

သို့သော်လည်း စီးပွားရေးသမားများဖြစ်စေ၊ အဖွဲ့ချုပ်သို့ ဝင်ရောက်ရန် စိတ်အားထက်သန်စွာ လျှောက်ထားနေကြသူများဖြစ်စေ လက်ရှိကာကွယ်သူအဖွဲ့ချုပ်တွင် ဆက်သွယ်ရေးအရာရှိ တစ်ယောက်မျှပင် မရှိသေးသည်ကို မသိရှိကြချေ။ သူတို့၏ အုပ်စုလိုက် အမြောက်အမြား လျှောက်ထားလာသော လျှောက်လွှာများကို လောလောဆယ်တွင် ပုံစုထားရုံသာ ရှိသေးပြီး လင်းဖုန်း ကိုယ်တိုင် လာရောက်ကိုင်တွယ်ဖြေရှင်းမည့်အချိန်ကို စောင့်ဆိုင်းနေရသည်။

လင်းဖုန်း အပျက်အစီးနယ်မြေသို့ ပြန်လည်ရောက်ရှိလာပြီး မိတ်ဆက်ဗီဒီယို၏ တဟုန်ထိုးကျော်ကြားမှုကြောင့် လူပေါင်းရာနှင့်ချီ၍ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားကြသည်ကို မြင်လိုက်ရသောအခါ သူ ခေါင်းခဲသွားရသည်။

ဤမျှလောက် များပြားလှသော လူများကို... သူ တစ်ယောက်ချင်းစီ လိုက်လံ အတည်ပြုပေးနေရမည်လား။

“လောင်ဘီသမ်... သူတို့ကို စိစစ်လိုက်ကွာ။ အရင်ဆုံး အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေရဲ့ လျှောက်လွှာတွေကို အရင်စစ်လိုက်”

အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထံမှ လျှောက်လွှာများက သိပ်မများလှဘဲ ၆၃ စောင်သာ ရှိသည်။

အကြောင်းအမျိုးမျိုးကြောင့် ဤသိုင်းသမား ၆၃ ယောက်သည်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ခုလေးတင်မှ ဖောက်ထွက်နိုင်ခဲ့ကြခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းသို့ ဝင်ရောက်ရမည်ကို စဉ်းစားနေကြဆဲ ဖြစ်ကြသည်။

သူတို့ လင်းဖုန်း၏ ကာကွယ်သူအဖွဲ့ချုပ် အဖွဲ့ဝင်ခေါ်ယူခြင်း သတင်းစကားနှင့် မိတ်ဆက်ဗီဒီယိုကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ယင်းက သူတို့၏ စိတ်ဓာတ်ပြင်းပြမှုကို အမှန်တကယ်ပင် လှုံ့ဆော်ပေးခဲ့သည်။ သူတို့ စိတ်လှုပ်ရှားစွာဖြင့် ကာကွယ်သူအဖွဲ့ချုပ်သို့ ဝင်ရောက်ရန် ချက်ချင်း လျှောက်ထားလိုက်ကြခြင်း ဖြစ်သည်။

လင်းဖုန်း သဘာဝကျကျပင် ဤအသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို အတည်ပြုပေးလိုက်သည်။ ဤသည်က အဖွဲ့အစည်းသစ်တစ်ခု၏ အခြေခံအုတ်မြစ်ပင်။ အဓိကအဖွဲ့အစည်းကြီးငါးခုစလုံးတွင်လည်း အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ ဆက်တိုက်ဝင်ရောက်ပူးပေါင်းနေကြ၏။ ထိုသည်ကပင် ထိုအဖွဲ့အစည်းကြီးငါးခုကို ယနေ့ကဲ့သို့ အစွမ်းထက်ပြီး ဩဇာညောင်းသော အဖွဲ့အစည်းကြီးများ ဖြစ်လာစေခဲ့ခြင်းပင်။

လင်းဖုန်း၏ ကာကွယ်သူအဖွဲ့ချုပ်တွင် အသွင်ပြောင်းနယ်ပယ်သိုင်းသမား အရေအတွက် ဆယ်ဂဏန်းအနည်းငယ်သာ ရှိသော်လည်း ဤသိုင်းသမားဆယ်ဂဏန်းအနည်းငယ်က နောင်အနာဂတ်တွင် ထည်ဝါကြီးကျယ်သည့် သစ်ပင်ကြီးများအဖြစ် ကြီးထွားလာနိုင်မည့် မျိုးစေ့များပင်။

အခြားပရော်ဖက်ရှင်နယ်သိုင်းသမားများအတွက်မူ လင်းဖုန်း အခြားအဖွဲ့အစည်းကြီးငါးခု၏ နည်းလမ်းများကို အမှီသဟဲပြုကာ ကိုးကားလိုက်သည်။ ပရော်ဖက်ရှင်နယ်သိုင်းသမားများအတွက် သူတို့အားလုံးက တရားဝင်မဟုတ်သေးသည့် အရန်အဖွဲ့ဝင်များ ဖြစ်လာကြပေလိမ့်မည်။

သူတို့အားလုံး သတ်မှတ်ထားသော အချိန်ကာလအပိုင်းအခြားအလိုက် အဖွဲ့အစည်းအတွင်းရှိ အချို့အကျိုးခံစားခွင့်များကို ရရှိခံစားနိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် အုပ်စုလိုက်လေ့ကျင့်မှုများ၊ အချို့အရင်းအမြစ်များ၏ အတွင်းဈေးနှုန်း စသည်ဖြင့် အားလုံးအတွက် အချို့လျှော့ဈေးများ ရှိနေမည် ဖြစ်၏။ သို့သော်လည်း ယင်းတို့၏ အတိုင်းအတာကမူ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထက် နည်းပါးမည်မှာ အသေအချာပင်။

အကယ်၍ သူတို့သာ နောင်အနာဂတ်တွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လျှင် တရားဝင်အဖွဲ့ဝင်များ ဖြစ်လာကြပေလိမ့်မည်။ နောက်ဆုံးအချိန်အထိ သူတို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်လျှင်တောင်မှ ကာကွယ်သူအဖွဲ့ချုပ်အပေါ်ထားရှိသော သူတို့၏ ပံ့ပိုးကူညီမှုအမှတ်များကို စုဆောင်းခြင်းဖြင့် တရားဝင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

လင်းဖုန်း ထိုသိပ္ပံပညာရှင်များနှင့် စီးပွားရေးသမားများကို မည်သူ့ကိုမျှ ငြင်းပယ်ခြင်း မပြုခဲ့ချေ။ သူတို့ စီးပွားရေးအကြောင်း ဆွေးနွေးနိုင်သလို ကာကွယ်သူအဖွဲ့ချုပ်သို့လည်း ဝင်ရောက်ပူးပေါင်းနိုင်သည်။

ဤလူများနှင့်ဆိုလျှင် ကာကွယ်သူအဖွဲ့ချုပ်လည်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း လျှောက်လှမ်းနိုင်ပေလိမ့်မည်။

နောက်တစ်ဆင့်အနေဖြင့် လင်းဖုန်း ထိုအသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက် ရောက်ရှိလာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမည် ဖြစ်သည်။ ဤအသွင်ပြောင်းနယ်ပယ် သိုင်းသမား ၆၃ ယောက်ကို လုံးဝစိတ်ချလက်ချ ရှိစေခြင်းဖြင့်သာ ကာကွယ်သူအဖွဲ့ချုပ်က အမှန်တကယ် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနိုင်ပေမည်။ သို့မှသာ လူသားမျိုးနွယ်၏ ဆဋ္ဌမမြောက် အဖွဲ့အစည်းကြီးအဖြစ် တရားဝင် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း လင်းဖုန်းသည် ထိုသိုင်းသမား ၆၀ ကျော်ကို ကာကွယ်သူအဖွဲ့ချုပ်အပေါ် မိသားစုတစ်ခုလို သံယောဇဉ်တွယ်ပြီး သူတို့ကိုယ်ပိုင်အဖြစ် ခံစားရအောင် မည်သို့ ပြုလုပ်ရမည်ကို စဉ်းစားနေခဲ့သည်။

လင်းဖုန်း သိထားသည့်အရာတစ်ခုရှိ၏။ ပထမဆုံး အထင်အမြင်က အလွန်တရာ အရေးကြီးလှပေသည်။ အကယ်၍ ပထမဆုံး မြင်တွေ့လိုက်ရသည့် အထင်အမြင်က လိုအပ်ချက်ရှိနေမည်ဆိုပါက ထိုအသွင်ပြောင်းနယ်ပယ်သိုင်းသမားများကို ကာကွယ်သူအဖွဲ့ချုပ်အပေါ် စိတ်နှလုံးအကြွင်းမဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် တိုက်တွန်းဖို့ အလွန်ခက်ခဲသွားပေလိမ့်မည်။

ရုတ်တရက် လင်းဖုန်း မော့ကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ အပျက်အစီးနယ်မြေကို မြင်တွေ့လိုက်ရသဖြင့် သူ့စိတ်ထဲတွင် ချက်ချင်းပင် အကြံဉာဏ်အချို့ ရသွားတော့သည်။

All Chapters