← Chapters

အခန်း (၅၁၃-၅၁၄)

Vol. 44 Ch. 513-514

အခန်း (၅၁၃-၅၁၄)

Vol. 44 Ch. 513-514

အပိုင်း (၅၁၃)

နန်းတော် အတွင်း၌....

နန်ကုန်းချော့က မေးလိုက်၏။ “အရှင်မင်းမြတ်... ဒီတိုက်ပွဲကို တားဆီးရမလား။”

ဧကရာဇ်၏ မျက်လုံးများ အနည်းငယ် မှေးသွားပြီး စဉ်းစားခန်း ဝင်နေတော့သည်။

အောက်ယွီက စီးကွမ်နှင့် စိန်ခေါ်တိုက်ခိုက်မည်ဟူသော အချက်၌ သေချာပေါက် ကောက်ကျစ်သော လှည့်ကွက်များ ရှိနေပေလိမ့်မည်။ သာမန်သိုင်းပညာ အဆင့်အတန်းချင်း နှိုင်းယှဉ်မည်ဆိုပါက အောက်ယွီကဲ့ သို့သောသူ အယောက်တစ်ရာပင် ဖြစ်လင့်ကစား စီးကွမ်ကို ယှဉ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

စီးကွမ်၏ လက်ချက် တစ်ချက်တည်းဖြင့်ပင် အသက်ပျောက်သွားနိုင်သည် ဖြစ်ရာ၊ အောက်ယွီတစ်ယောက် ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်ဆောင်မိခြင်းလားဟု တွေးစရာ ရှိသည်။

သို့ရာတွင် အောက်ယွီသည် ထိုသို့ စိတ်လိုက်မာန်ပါ တဇွတ်ထိုးလုပ်တတ်သည့် လူစားမျိုး မဟုတ်ပေ။ အောက်ယွီဟူသည် သရဲတစ္ဆေပမာ ဉာဏ်နီဉာဏ်နက် များလှသူဖြစ်သောကြောင့် ဤကိစ္စ၏ နောက်ကွယ်တွင် ကြီးမားသော အကြံအစည်နှင့် ပရိယာယ်များ သေချာပေါက် ရှိနေပေလိမ့်မည်။

ဆရာတော် ဝူရှင်းက ပြောလိုက်၏။ “အရှင်မင်းမြတ်... ဒါကကျုပ်ကို အရမ်း ထူးဆန်းတဲ့ တိုက်ပွဲ တစ်ပွဲကို သတိရသွားစေပါတယ်။”

ဧကရာဇ်က မေးလိုက်သည်။ “ဘယ်တိုက်ပွဲလဲ။”

ဆရာတော် ဝူရှင်းက ပြန်ဖြေလိုက်၏။ “ပိုင်ရှင်မဲ့နယ်မြေမှာ ယွင်ကျုံးဟဲ့နဲ့ မော့ချိုတို့ တိုက်ခိုက်ခဲ့တဲ့ ပွဲပါ။ မော့ချိုရဲ့ သိုင်းပညာက အရမ်း မြင့်မားပြီး ယွင်ကျုံးဟဲ့ကတော့ ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်ပါဘူး။ ရလဒ်အနေနဲ့ တိုက်ပွဲ စတင်တဲ့ အချိန်မှာကောင်းကင်ကနေ မိုးကြိုးပစ်ချလာပြီး မော့ချိုကို အရှင်လတ်လတ် မိုးကြိုးပစ် သတ်လိုက်ပါတယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ မျက်မှောင်များ ကျုံ့သွားတော့သည်။

ဟေးပင်းထိုင် အကြီးအကဲ အနေဖြင့် နန်ကုန်းချော့ သည် ဤတိုက်ပွဲ အကြောင်းကို အစောကြီးတည်းက တွေးမိခဲ့သော်လည်း နှုတ်မှ ထုတ်မပြောခဲ့ချေ။

ဧကရာဇ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ဒီနေ့ ထပ်ပြီး ဖြစ်လာအုံးမလို့လား။ အဲဒါဆိုရင်တော့ စိတ်ဝင်စားစရာပဲ။”

ထို့နောက် သူသည် ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်၏။ ယမန်နေ့ညတည်းက ကောင်းကင်ကြီးက မည်းမှောင်နေပြီး မိုးချုန်းသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

သို့ပေမည့် နေ့လည်ပိုင်း ရောက်ချိန်မှာတော့ တိမ်မည်းများ အားလုံးကွဲလွင့်သွားပြီး နေမင်းကြီးပင် ထွက်ပေါ်နေပြီဖြစ်ရာ လျှပ်စီး၊ မိုးကြိုး၏ အရိပ်အယောင်မျှပင် လုံးဝ မရှိတော့ချေ။

ဧကရာဇ်က မေးလိုက်၏။ “နန်ကုန်းချော့... ခင်ဗျား ဘယ်လို ထင်လဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်သည်။ “အောက်ယွီမှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ သူက အလွယ်တကူ အနိုင်ရဖို့ ကြိုးစားနေလို့ အခုလို အန္တရာယ် စွန့်တာပါ။ ဒါပေမဲ့ အဆုံးမှာတော့ သူ လောသွားတာပါ။ ဒီနေ့ သူက အသက်အန္တရာယ်ကို စွန့်ပြီး ညီလာခံကို တက်လာတာဟာ မင်းသမီး ရှန်ရှန်း အတွက်ပါပဲ။”

နန်ကုန်းချော့၏ စကားများသည် အစအဆုံး လိုက်ဖက်မညီသော်လည်း လူတိုင်းကတော့ နားလည်ကြ၏။

ယနေ့ အခြေအနေကို ကြည့်ရလျှင် အောက်ယွီသည် ညီလာခံတွင် တစ်ယောက်ယောက်က သူ့ကို ရိုက်သတ်မည် ဆိုသည်ကို ကြိုတင် သိရှိထားပုံရ၏။ အဘယ်ကြောင့်ဆိုသော် နန်းတွင်းတွင် ဧကရာဇ်ဟောင်း၏ လျှို့ဝှက် သူလျှိုများ ရှိနေသောကြောင့်ပင်။

အောက်ယွီတွင် လူစားလဲမည့် အကြံအစည် ရှိသော်လည်း အမှားအယွင်း အနည်းငယ် ရှိပါက သူကိုယ်တိုင် ရိုက်သတ်ခံရနိုင်ခြေ ရှိ၏။

သို့ပေမည့် အောက်ယွီ သည် လာရောက်ခဲ့ဆဲ ဖြစ်သည်။ နန်ကုန်းချော့၏ အမြင်တွင် ဤသည်မှာ စီးကွမ်ကို လူသိရှင်ကြား ပြစ်မှုကျူးလွန်စေရန် ဖိအားပေးပြီး ဧကရာဇ်ကို မင်းသမီး ရှန်ရှန်းနှင့် စီးကွမ် တို့၏ စေ့စပ်ထားမှုကို ဖျက်သိမ်းစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့ပေမည့် မထင်မှတ်ဘဲ စီးကွမ်သည် အမည်ခံ အနေဖြင့်သာ သားတော် နေရာမှ ရုပ်သိမ်းခံလိုက်ရပြီး စေ့စပ်ထားမှုမှာမူ ဆက်လက် တည်ရှိနေဆဲပင်။

နန်ကုန်းချော့က ဆက်ပြောလိုက်၏။ “ရှစ်လပိုင်း ရှစ်ရက်နေ့ မင်္ဂလာဆောင်ရက်နဲ့ ပိုပိုပြီး နီးကပ်လာလို့ အောက်ယွီက လောလာပြီး အန္တရာယ် စွန့်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

ဧကရာဇ်က ပြောလိုက်သည်။ “ဒီတိုက်ပွဲကို ဖျက်သိမ်းဖို့ အမိန့်ထုတ်သင့်လားလို့ ကိုယ်တော်က ခင်ဗျားကို မေးနေတာ။”

‘အရှင်မင်းမြတ်... ခင်ဗျားက ကျုပ်ကို ပြန်မေးနေတာလား။’

နန်ကုန်းချော့သည် ခေတ္တ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ “ဒီတိုက်ပွဲကို ဖျက်သိမ်းသင့်တယ်လို့ ကျုပ် ထင်ပါတယ်။”

ဧကရာဇ်က မေးလိုက်သည်။ “အင်း... ဘာဖြစ်လို့လဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “ဒီလူနှစ်ယောက်လုံးက အရမ်း အရေးကြီးပါတယ်။ ဘယ်သူပဲ သေသွားပါစေ ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။”

နန်ကုန်းချော့၏ ဤသဘောထားကို ဧကရာဇ်က သိပ်မကျေနပ်ချေ။ ဧကရာဇ်သည် အေးစက်စက် ပြုံးလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “အဲဒါဆိုလည်း ဘာမှ မသိသလိုပဲ ဟန်ဆောင်နေလိုက်ကြတာပေါ့။ သဘောလည်း မတူသလို၊ ကန့်ကွက်တာလည်း မလုပ်ဘူးပေါ့။”

မြို့တော်ရှိ ကျိန့်ဟိုင်မြို့စားအိမ်တော်...

အောက်မင်က ပြောလိုက်၏။ “သခင်လေး... အောက်ယွီက အရမ်းကို ဉာဏ်များလွန်းပါတယ်။ ပြီးတော့ ဒီတစ်ကြိမ် သူက မီတျဲ ချိုင့်ဝှမ်းကိုလည်း သွားခဲ့ဖူးတယ်။”

စီးကွမ်က ပြောလိုက်သည်။ “မီတျဲ ချိုင့်ဝှမ်း လား။ ကျုပ်တို့နဲ့ မီတျဲ ချိုင့်ဝှမ်းရဲ့ ဆက်ဆံရေးက သူ့ထက် ပိုကောင်းပါတယ်။”

အောက်မင်က ပြောလိုက်၏။ “မီတျဲ ချိုင့်ဝှမ်းက ကုသိုလ်ကိုပဲ အသိအမှတ်ပြုပြီး ဆက်ဆံရေးကို အသိအမှတ် မပြုပါဘူး။ ဒါကြောင့် သတိထားဖို့ လိုအပ်ပါတယ်။”

စီးကွမ်က မေးလိုက်သည်။ “ခင်ဗျား ထင်တာ အောက်ယွီက အဆိပ် သုံးမယ်လို့ ထင်နေတာလား။ လူမသိ သူမသိ အဆိပ်တွေပေါ့။”

အောက်မင်က ပြန်ဖြေလိုက်၏။ “အောက်ယွီ သုံးနိုင်တဲ့ လှည့်ကွက်တွေ အားလုံးကို ကာကွယ်ထားဖို့ လိုပါတယ်။”

စီးကွမ်သည် မျက်စိရှေ့ရှိ သံချပ်ကာကို ကြည့်ရင်း မနေနိုင်ဘဲ ပြောလိုက်၏။ “ကျုပ်ရဲ့ သိုင်းပညာက သူ့ထက် အဆတစ်ထောင် သာလွန်တာကို ကျုပ်က ဒီ သံချပ်ကာကြီးကို ဝတ်သွားရင် လူတွေက လှောင်ပြောင်ကြမှာပေါ့။”

မျက်စိရှေ့ရှိ ဤသံချပ်ကာသည် စီးကွမ် မြင်ဖူးသမျှ အလွန်အကျွံ အဖြစ်ဆုံး သံချပ်ကာပင် ဖြစ်၏။ တစ်ကိုယ်လုံးကို အပြည့်အဝ ဖုံးအုပ်ထားပြီး အဆစ်အဆက် နေရာများတွင်ပင် မိကျောင်းရေ၊ သံကြိုးကွက်နှင့် ပိုးထည် သုံးထပ်တိုင်တိုင် ပါဝင်သည်။

မျက်လုံး နေရာကိုပင် မဖော်ထားဘဲ ပွင့်လင်းမြင်သာသော သလင်းကျောက်များကို တပ်ဆင်ထားသည်။ ပါးစပ်လည်း မရှိသလို နှာခေါင်းပေါက်လည်း မရှိချေ။

“သခင်လေး... ခင်ဗျားရဲ့ သိုင်းပညာနဲ့ဆိုရင် အောက်ယွီကို သတ်ဖို့က မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြီးသွားမှာပါ။ ဒါကြောင့် အဲဒီ အချိန်တိုလေး အတွင်းမှာ အသက်မရှူရတာ ဘာမှ မဖြစ်ပါဘူး။”

အောက်မင်က ပြောလိုက်၏။ “ဒါပေမဲ့ ဒီ သံချပ်ကာကြီးက တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပြီး လေတောင် မဝင်နိုင်အောင် လုပ်ထားတာမို့လို့ အဆိပ် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ရုံသာမက မီး တိုက်ခိုက်မှုတွေကိုပါ ကာကွယ်နိုင်ပါတယ်။”

စုချင်ဝမ်၏ သားတော်က ပြောလိုက်သည်။ “ဒီ သံချပ်ကာက ဘယ်လို လျှို့ဝှက် လက်နက်တွေကို မဆို၊ ဘယ်လို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေကို မဆို၊ အောက်ယွီရဲ့ ဘယ်လို နည်းလမ်းတွေကို မဆိုကာကွယ်နိုင်တယ်လို့ ပြောလို့ရပါတယ်။”

“အရမ်း အရှက်ကွဲစရာကောင်းတယ်။”

စီးကွမ်က ပြောလိုက်၏။ “လူတွေက ကျုပ်ကကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ အောက်ယွီကို ကြောက်နေတယ်လို့ ထင်သွားကြလိမ့်မယ်။”

အောက်မင်က ပြောလိုက်သည်။ “သခင်လေး... အောက်ယွီကို သတ်ဖို့အတွက် နည်းနည်းလောက် အရှက်ကွဲရတာ ဘာဖြစ်လို့လဲ။ ဒါက နှစ်ထောင်ချီမှာ တစ်ခါကြုံရခဲတဲ့ အခွင့်အရေးကြီးပါ။ လုံးဝ လက်လွတ်ခံလို့ မဖြစ်ပါဘူး။”

စီးကွမ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကျုပ်က အောက်ယွီ တစ်ယောက်ကို မသတ်နိုင်ဘူးလို့ ခင်ဗျားတို့က ထင်နေကြတာလား။ သူ့ကို သတ်ရတာ ခွေးတစ်ကောင်ကို သတ်ရတာထက်တောင် ပိုလွယ်ပါသေးတယ်။”

အောက်မင်က ပြောလိုက်သည်။ “သခင်လေး... သတိထားတာက အမြဲတမ်းကောင်းပါတယ်။”

ဘေးနားရှိ လူများ အားလုံးကလည်း ဝိုင်းဝန်း ဖျောင်းဖျကြသောကြောင့် ကျိန့်ဟိုင်မြို့စား သားတော်လည်း အဆိပ်များနှင့် လျှို့ဝှက် လက်နက်များကို ကာကွယ်ရန် အရင်က မရှိခဲ့ဖူးသော တစ်ကိုယ်လုံး ဖုံးအုပ်ထားသည့် သံချပ်ကာကို ဝတ်ဆင်ရန် သဘောတူလိုက်တော့၏။

ဝတ်ဆင်ပြီးချိန်မှာတော့ လုံးဝ လေမဝင်နိုင်သော သံလူ တစ်ယောက်ကဲ့သို့ ဖြစ်သွား၏။ အထူးသဖြင့် ဤကဲ့သို့ နွေရာသီ အချိန်တွင် အလွန် ပူအိုက်လွန်းလေသည်။

သို့ရာတွင် အောက်မင်၏ ပြောစကားမှာ လုံးဝမှန်ကန်လှသည်။ မည်သည့်ကိစ္စတွင်မဆို ဘေးကင်းရန်အတွက် အစဉ်သတိပြုခြင်းသည်သာ အကောင်းဆုံးဖြစ်၏။ အကြောင်းမူကား အောက်ယွီဟူသော ထိုခွေးသူခိုးသည် လွန်စွာပင် ဉာဏ်နီဉာဏ်နက် များပြားလှသောကြောင့်ပင်။

တည်နေရာ တစ်ခုရှိ လျှို့ဝှက် မြေအောက်ခန်း အတွင်း၌ ယွင်ကျုံးဟဲ့ သည် သူ၏ အကြီးမားဆုံး လက်နက်ကြီးကို နောက်ဆုံးအကြိမ် စစ်ဆေးနေသည်။

အရှေ့တွင် တုတ်ချောင်း သုံးချောင်း ရှိပြီး အားလုံးသည် မတူညီသော နည်းလမ်းများကို အသုံးပြုထားသည်။ ဇင့်-မန်းဂနိစ်၊ ခဲ-အက်ဆစ်၊ ဇင့်-ငွေ တို့ဖြစ်၏။

သေချာပေါက် ဤသုံးခုစလုံးသည် ဘက်ထရီ ပြုလုပ်သည့် နည်းများသာ ဖြစ်၏။ လအတော်ကြာ ကြိုးစား အားထုတ်မှုများကြောင့် ဤအရာ သုံးခုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ကုန်ကျစရိတ်ကို တွက်ချက်မည်ဆိုပါက တုတ်ချောင်း တစ်ချောင်းလျှင် ငွေသား ထောင်ချီကုန်ကျမည် ဖြစ်ပြီး အားလုံးကို X စိတ်ကျန်းမာရေး ဆေးရုံ အတွင်းရှိ ကွန်ပျူတာမှ ပုံစံကြမ်းအတိုင်း သူကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်၏။

သူ ပြုလုပ်ချင်သော လက်နက်မှာ လျှပ်စစ် တုတ်ချောင်း ဖြစ်၏။ ခေတ်သစ်ကမ္ဘာမြေပေါ်တွင် ရဲသုံး လျှပ်စစ် တုတ်ချောင်း တစ်ချောင်းသည် ဗို့အား သိန်းချီ ရှိသော်လည်း ယွမ် ရာဂဏန်း အနည်းငယ်သာ တန်ဖိုးရှိသည်။

ထို့အပြင် ပြုလုပ်ရသည့် သဘောတရားများမှာ လုံးဝ မခက်ခဲချေ။ ဓာတ်ခဲ အမျိုးမျိုး ပြုလုပ်သည့် သဘောတရားများမှာလည်း မခက်ခဲဘဲ ခေတ်သစ်ကမ္ဘာမြေပေါ်ရှိ လက်မှုပညာရှင် အများအပြားသည် ဖုန်းဘက်ထရီများကို ကိုယ်တိုင် ပြုလုပ်နိုင်ကြ၏။

အလယ်တန်းကျောင်း စမ်းသပ်မှုများတွင်ပင် ပါဝင်လေ့ရှိပြီး တီဗီ အစီအစဉ် အများအပြားတွင်လည်း ကလေးများကို သိပ္ပံ စမ်းသပ်မှုများ သင်ကြားပေးရာ၌ လက်လှည့် မော်တာတစ်ခု ကိုယ်တိုင် ပြုလုပ်နည်း၊ ပြုတ်ထားသော အာလူး အတွင်းသို့ သတ္တုပြား နှစ်ခု ထိုးထည့်ကာ ဘက်ထရီအဖြစ် အသုံးပြုပြီး မီးသီး လင်းအောင် ပြုလုပ်နည်း စသည်တို့ကို သင်ကြားပေးလေ့ ရှိသည်။

ထို့ကြောင့် ဤကမ္ဘာလောကတွင် ယွင်ကျုံးဟဲ့ကို မီးသီး တစ်လုံး ပြုလုပ်ခိုင်းမည်ဆိုပါက မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လေဟာနယ် ဖန်တီးဖို့က အရမ်း ခက်ခဲလွန်းသောကြောင့်ပင်။

သို့ရာတွင် လျှပ်စစ်တုတ်ချောင်း၏ တိကျမှုလိုအပ်ချက်မှာ ထိုမျှအထိ အသေးစိတ်ကျရန် မလိုပေ။ ထိုသို့ဆိုစေကာမူ ယွင်ကျုံးဟဲ့အနေဖြင့် လအတော်ကြာ အချိန်ယူ၍ ဖန်တီးခဲ့ရသော ဤလျှပ်စစ်တုတ်ချောင်း၏ အရွယ်အစားမှာ နှောင်းခေတ်ပေါ် လက်နက်များနှင့် နှိုင်းယှဉ်ပါက အဆမတန် ကြီးမားလွန်းနေသည်။

၎င်းသည် အရှည် တစ်မီတာခွဲကျော် (၆ ပေခန့်) ရှိပြီး အတွင်း၌ ဓာတ်ခဲ ဆယ်လုံးထက်မနည်း ထည့်သွင်း ထားရသည့်အပြင်၊ ရှုပ်ယှက်ခတ်နေသော ဝါယာကြိုးတစ်မျှင်ချင်းစီကိုလည်း လျှပ်ကာပစ္စည်းများဖြင့် သေချာစွာ ဖုံးအုပ်ထားရ၏။

စွမ်းအင်သိပ်သည်းဆကို နှောင်းခေတ်နည်းပညာကဲ့သို့ မလုပ်ဆောင်နိုင်၍ အရေအတွက်ဖြင့်သာ အစားထိုး ဖြည့်ဆည်းရသောကြောင့် အသုံးပြုရာတွင် အန္တရာယ် များလှ၏။ ထို့ကြောင့်ပင် ဤလျှပ်စစ်တုတ်ချောင်း သုံးချောင်းသည် ရှည်လျားလေးလံကာ ကြီးမားခိုင်ခံ့သော ပုံသဏ္ဌာန် ဖြစ်နေရခြင်း ဖြစ်သည်။

တုတ်ချောင်းတစ်ခုချင်းစီကို နွားသားရေဖြင့် ပတ်ထားပြီး ထိပ်ဖျားတွင် ထက်မြက်သော လှံထိပ်များကို တပ်ဆင်ထားသော်လည်း၊ အခွစုံပါရှိသောကြောင့် ငါးဖမ်းသည့် ခက်ရင်းခွများနှင့်သာ ပိုမိုတူညီနေ၏။

၎င်းအပြင် အခွများအကြားတွင် လျှပ်ကာပစ္စည်းများ ခံထားရသောကြောင့် သံမဏိသန့်သန့်ဖြင့် ပြုလုပ်ထားခြင်းလည်း မဟုတ်ပေ။

ထို့ကြောင့် ပြင်ပအမြင်အားဖြင့် ကြည့်မည်ဆိုပါက ငါးဖမ်းခက်ရင်းခွပုံစံ လှံရှည်ကြီး သုံးချောင်းနှင့်သာ လုံးဝ တူညီနေသည်။

ဤအရာများကို လျှပ်စစ်တုတ်ချောင်းကြီးများ ဖြစ်သည်ဟု မည်သူကမှ ရိပ်မိနိုင်မည် မဟုတ်သကဲ့သို့၊ ဤကမ္ဘာလောကရှိ လူသားတို့သည် လျှပ်စစ်တုတ်ချောင်းဟူသည်မှာ မည်သည့်အရာ ဖြစ်သနည်း ဆိုသည်ကိုပင် သိရှိကြမည် မဟုတ်ချေ။

ရှေ့မှောက်တွင် ချထားသော တုတ်ချောင်း သုံးချောင်း၏ တည်ငြိမ်မှုကို ဆန်းစစ်ကြည့်လျှင် ဇင့်-မန်းဂနိစ် နည်းစနစ်က အတည်ငြိမ်ဆုံးဖြစ်ပြီး၊ စွမ်းအားအရှိဆုံးမှာ ဇင့်-ငွေ နည်းစနစ် ဖြစ်ကာ၊ ပြုလုပ်ရ အလွယ်ကူဆုံးမှာ ခဲ-အက်ဆစ် နည်းစနစ် ဖြစ်သည်။

သို့ရာတွင် အတွင်း၌ ပြင်းထန်သော ဆာလဖျူရစ်အက်ဆစ်များ ပါဝင်နေသောကြောင့် ၎င်း၏ တည်ငြိမ်မှုမှာမူ အနည်းငယ် ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်နေ၏။

အချိန်ကာလ လွန်စွာကျပ်တည်းလွန်းလှသောကြောင့် ဤလက်နက် သုံးခုကို လက်တွေ့စမ်းသပ်မှု နှစ်ကြိမ်မျှသာ ပြုလုပ်ရသေးသော်လည်း၊ ထွက်ပေါ်လာသည့် ရလဒ်ကြောင့် ယွမ်ထျန်းရှဲ့တစ်ယောက် လုံးဝအံ့ဩမှင်သက် သွားခဲ့ရသည်။

ထိုခံစားချက်မှာ စုတ်ချက်တစ်ခုအတွင်း ဝိညာဉ်လွင့်စဉ်သွားရသကဲ့သို့ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။

……………..

အပိုင်း (၅၁၄)

နောက်ဆုံး ဆုံးဖြတ်ချက်အနေနှင့် မည်သည့်နည်းစနစ်ကို ရွေးချယ်ရမည်နည်း။ ယွင်ကျုံးဟဲ့ အနည်းငယ် တွေဝေသွားပြီးနောက် အစွမ်းအထက်ဆုံး ဖြစ်သော ဇင့်-ငွေ နည်းစနစ်ဖြင့် ပြုလုပ်ထားသည့် လျှပ်စစ် လှံရှည်ကို ရွေးချယ်လိုက်သည်။

ဤလျှပ်စစ် လှံရှည်ကြီးကို ကိုင်ဆောင်ထားရင်း ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှိတ်ကာ ဦးနှောက်ထဲတွင် အမှတ်(၉)ကွမ်တန်၏ အကူအညီဖြင့် နောက်တစ်ကြိမ် လက်တွေ့ စမ်းသပ်မှုကို ပြုလုပ်နေတော့၏။

အမှန်အတိုင်း ပြောရလျှင် ယွင်ကျုံးဟဲ့တွင် အကြီးမားဆုံး လက်နက်ကြီး ရှိနေသော်လည်း ဤတိုက်ပွဲ၌ အသက်အန္တရာယ် အလွန် များပြားနေဆဲ ဖြစ်သည်။

သေချာပေါက် ကိုးဆယ်ရာခိုင်နှုန်း သေနိုင်ခြေ မရှိသော်လည်း အနည်းငယ်မျှသာ ကွာဟသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ သိုင်းပညာမှာ အရမ်းကို မြင့်မားလွန်းသောကြောင့်ပင်။ စီးကွမ်က သူ့ကို သတ်ရန် ၀.၁ စက္ကန့်ပင် မလိုချေ။

ယွင်ကျုံးဟဲ့၏ လျှပ်စစ် လှံရှည်၏ ခလုတ်ကို စောနှိပ်၍ မရသလို နောက်ကျမှ နှိပ်၍လည်း မရချေ။ ၀.၁ စက္ကန့်ခန့် တိကျနေရန် လိုအပ်သည်။

ထို့အပြင် စီးကွမ်၏ လှံချက် ထွက်ပေါ်လာမည့် လမ်းကြောင်းနှင့် ထောင့်ချိုးကိုလည်း တိတိကျကျ တွက်ချက်ထားရမည်ဖြစ်ပြီး အနည်းငယ်မှ လွဲချော်၍ မရနိုင်ချေ။

ကြိုတင်ကာကွယ်ရန် လိုအပ်သလို လျှပ်စစ် ခလုတ် နှိပ်ရန်လည်း ကြိုတင် ပြင်ဆင်ထားရမှာဖြစ်၏။ အချုပ်အားဖြင့် အနည်းငယ် အမှားအယွင်း ရှိသွားပါက ယွင်ကျုံးဟဲ့၏ အသက်အန္တရာယ် ရှိသွားမှာဖြစ်သည်။

ထို့ကြောင့် အမှတ် (၉) ကွမ်တန်ဓာတ်ခွဲခန်း၏ လက်တွေ့စမ်းသပ်ချက်များသာ မရှိခဲ့ပါက ယွင်ကျုံးဟဲ့သည် အစွမ်းအထက်ဆုံး လက်နက်ကြီးကို ကိုင်ဆောင်ထားရသည်ဖြစ်စေ ဤမျှအထိ သေလမ်းရှာမည့်သူ မဟုတ်ပေ။

ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်မှသည် ယွင်ကျုံးဟဲ့သည် ထိုကဲ့သို့သော လက်တွေ့ စမ်းသပ်မှုများကို အကြိမ် ရာနှင့်ချီ၍ မနားမနေ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

စီးကွမ်၏ တိုက်ခိုက်မည့် အနုပညာ၊ ထိုးနှက်မည့် လမ်းကြောင်းပုံစံ အားလုံးကိုလည်း စိတ်ကူးဖြင့် အကြိမ်ကြိမ်အခါခါ အသေးစိတ် တွက်ချက်ပုံဖော်ထားပြီး ဖြစ်တော့၏။

“သခင်လေး... အချိန် တော်တော်လေး နီးကပ်နေပြီ။”

ယွင်ကျုံးဟဲ့သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး အပြင်ဘက်သို့ လျှောက်သွားကာ မြို့တော်၏ ပြိုင်ပွဲစင်မြင့်ဆီသို့ ဦးတည်သွားတော့သည်။

လမ်းတစ်လျှောက်လုံးတွင် လာရောက်ကြည့်ရှုကြသော လူအုပ်ကြီးမှာ ပင်လယ်ပြင်ပမာ လှိုင်းတံပိုးထသကဲ့သို့ စည်ကားသိုက်မြိုက်လှပေသည်။ သတင်းပျံ့နှံ့သွားသည့် အရှိန်အဟုန်မှာ အံ့ဩစရာကောင်းလောက်အောင်ပင် မြန်ဆန်လှ၏။

ကျိန့်ဟိုင်မြို့စား၏ သားတော်သည် အရှေ့ဘက် မျက်နှာစာမှ ထွက်ခွာလာခဲ့ရာ ၎င်း၏ ကိုယ်ပေါ်တွင်မူ ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေးသော တစ်ကိုယ်လုံးဖုံး သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုအရာမှာ မည်သည့်အဆိပ်အတောက်နှင့် လျှို့ဝှက်လက်နက်မျိုးကိုမဆို အကြွင်းမဲ့ကာကွယ်နိုင်ရန် စနစ်တကျ ပြင်ဆင်လာခြင်း ဖြစ်၏။

အခြားတစ်ဖက်တွင်မူ ယွင်ကျုံးဟဲ့သည် မည်သည့်ကာကွယ်ရေး သံချပ်ကာမှ ဝတ်ဆင်မထားဘဲ ရိုးရှင်းသော သာမန်အဝတ်အစားကိုသာ ဝတ်ဆင်ထားသည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း အခြားရွေးချယ်စရာလမ်း မရှိသောကြောင့် ဖြစ်၏။ အကယ်၍သာ လေးလံသော သံချပ်ကာကို ဝတ်ဆင်လိုက်ပါက သူသည် လမ်းပင် ကောင်းကောင်းလျှောက်နိုင်တော့မည် မဟုတ်ချေ။

သို့ဖြစ်ရာ တစ်မီတာခွဲကျော် (၆ ပေခန့်) ရှည်လျားသော ဤလျှပ်စစ်လှံရှည်ကြီးကို မြှောက်ပင့်ဝှေ့ယမ်းရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

ထို့အပြင် စီးကွမ်၏ ပြင်းထန်လှသော လှံချက်များကိုမူ မည်မျှပင် ခိုင်ခံ့သည့် သံချပ်ကာမျိုး ဝတ်ဆင်ထားပါစေဦးတော့ ကာကွယ်နိုင်စွမ်းရှိမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့ သည် လှံရှည်ကြီးကို ကျောပိုးကာ လမ်းမကြီး ပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေပြီး အလွန် သနားဖွယ်ကောင်းသော ပုံစံမျိုး ရှိနေ၏။

လမ်းဘေးဝဲယာ နှစ်ဖက်စလုံးရှိ လူအုပ်ကြီးသည် သူ့အား အသက်ဝိညာဉ် မရှိတော့သည့် လူသေတစ်ယောက်ပမာ သနားစိတ်ဖြင့် ငေးမောကြည့်ရှုနေကြသည်။

ဆောင်းလေပြေညင်းတစ်ချက် အဝှေ့တွင် အောက်ယွီ၏ ဆံနွယ်ရှည်တို့သည် လေထဲ၌ လွင့်ပျံသွားကြရာ၊ ထိုမြင်ကွင်းက သူ့အား ရှေးဟောင်းသူရဲကောင်းတစ်ဦး၏ ကဗျာတစ်ပုဒ်ကိုပင် သတိရတမ်းတ ရွတ်ဆိုချင်စိတ် ပေါ်စေခဲ့၏။

‘လေက အေးစက်ပြီး ယီမြစ်က ရေခဲနေတယ်။ သူရဲကောင်း တစ်ယောက် ထွက်သွားရင် ပြန်မလာတော့ဘူး။ ချီးတဲ့မှ... ဘာလို့ ဒီတစ်ကြောင်းတည်းပဲ ဖြစ်နေရတာလဲ။’

ဆန့်ကျင်ဘက် အနေဖြင့် စီးကွမ်၏ ခြေလှမ်းတိုင်းမှာ လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေပြီး ဩဇာတိက္ကမ ကြီးမားလှသည်။

လူနှစ်ဦးသည် မြို့တော်၏ ပြိုင်ပွဲစင်မြင့်ပေါ်တွင် ဆုံတွေ့ကြပြီး ဤနေရာတွင်လည်း လူပင်လယ်ပြင်လို စည်ကားနေကာ ထောင်ချီခန့် ရှိနေ၏။

မြို့တော်၏ ပြိုင်ပွဲစင်မြင့်သည် အထူးသဖြင့် ပြိုင်ပွဲများအတွက် သီးသန့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ စစ်ဖက်ဆိုင်ရာ စာမေးပွဲအတွက် အသုံးပြုခြင်း ဖြစ်၏။ အရေးကြီးသော အချိန်များတွင် စာမေးပွဲခန်းအဖြစ် အသုံးပြုပြီး သာမန် အချိန်များတွင် ပြိုင်ပွဲများကျင်းပခြင်း၊ ဇာတ်ပွဲများကပြခြင်း တို့အတွက် အသုံးပြုလေ့ ရှိသည်။

ဤနေရာတွင် ထိုင်ခုံ ထောင်ချီရှိပြီး သာမန် ပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့် မရှိဘဲ ဤပြိုင်ပွဲကို ကြည့်ရှုခွင့် ရရှိသူများမှာ မြို့တော်မှ မှူးမတ်များသာ ဖြစ်၏။

ဧကရာဇ် မလာသလို၊ မိဖုရားကြီး မလာခဲ့ချေ။ ဆူမီယွမ်နှင့် နိုင်ကော်မှ မည်သူမှ မလာရောက်ခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် နန်းတွင်းအနေဖြင့် ဤကဲ့သို့သော လူသိရှင်ကြား ပြိုင်ပွဲမျိုးကို ပွင့်ပွင့်လင်းလင်း မထောက်ခံနိုင်သောကြောင့် ဖြစ်ပြီး ဤနေရာသည် အနောက်တိုင်း အင်ပါယာ မဟုတ်သောကြောင့် ပြိုင်ပွဲ ကျင်းပသည့် အလေ့အထ မရှိသောကြောင့်ပင်။

သို့ပေမည့် မှူးမတ် အများစု လာရောက်ခဲ့ကြပြီး တော်ဝင်မိသားစုဝင်များ၊ နိုင်ကော်နှင့် ဆူမီယွမ်တို့မှ ဝန်ကြီးချုပ်များနှင့် နိုင်ကော်၊ ဆူမီယွမ်တို့မှ အမတ်ကြီးများ၏ သားသမီးများလည်း လာရောက်ခဲ့ကြသည်။

ယနေ့ပွဲကို ကြီးကြပ်သူမှာ လျန်ချင်ဝမ် ဖြစ်သည်။ သူသည် တောင်ပိုင်းကျိုးအင်ပါယာတွင် အသက်အကြီးဆုံးနှင့် မျိုးရိုးစဉ်ဆက် အမြင့်ဆုံး တော်ဝင်မိသားစုဝင်ဖြစ်ပြီး ယခုနှစ်တွင် အသက် ရှစ်ဆယ့်ခုနစ်နှစ် ရှိပြီဖြစ်ကာ မျိုးရိုးအရဆိုလျှင် ထျန်းယန် ဧကရာဇ်ဟောင်း၏ ဦးလေး တော်စပ်သူ ဖြစ်၏။

ဤကဲ့သို့ အသက်အရွယ် ကြီးမြင့်လာသည်အထိ ဖြတ်သန်းခဲ့ပြီးပြီဖြစ်ရာ၊ သူ့အတွက်မူ လောကတွင် တွန့်ဆုတ် ကြောက်ရွံ့နေစရာ အရာဟူ၍ ဘာမှ မရှိတော့ပေ။

အခြားသောသူများသည် အကျိုးဆက်ကို တွေးဆကာ ဤပြိုင်ပွဲအား ဒိုင်လူကြီးအဖြစ် ကြီးကြပ်ကွပ်ကဲရန် မဝံ့မရဲ ဖြစ်နေကြသော်လည်း၊ သူကမူ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ရဲရဲဝံ့ဝံ့ပင် ရှေ့ထွက်လာခဲ့သည်။

“ပြိုင်ပွဲတွေမှာ ဓားနဲ့ လှံတွေက မျက်စိမပါဘူး။ အရင်ဆုံး သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်ကို လက်မှတ်ထိုးကြ။”

ယွင်ကျုံးဟဲ့ နှင့် စီးကွမ် တို့ ရှေ့သို့တက်လာပြီး သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်ကို လက်မှတ်ထိုးလိုက်ကြရာ စာချုပ် သုံးစောင်ရှိပြီး တစ်ယောက် တစ်စောင်စီ သိမ်းဆည်းထားကာ အဘိုးအို လျန်ချင်ဝမ်က တစ်စောင် သိမ်းဆည်းထားလိုက်၏။

“ပြိုင်ပွဲမှာ လျှို့ဝှက် လက်နက်တွေ အသုံးမပြုရဘူး၊ အဆိပ်လည်း အသုံးမပြုရဘူး။ တစ်ယောက်ချင်းစီ ခန္ဓာကိုယ် စစ်ဆေးမယ်။”

လူနှစ်ဦးသည် ခြေလက်များကို ကားထားပေးပြီး စစ်ဆေးမှုကို ခံယူလိုက်ကြကာ တစ်ကိုယ်လုံးကို သေချာစွာ စစ်ဆေးပြီးနောက် မည်သည့် လျှို့ဝှက် လက်နက်မှ မပါရှိကြောင်း အတည်ပြုလိုက်သည်။

“လက်နက်တွေကို စစ်ဆေးမယ်။”

လူနှစ်ဦးသည် လက်နက်များကို အပ်နှံလိုက်ပြီး ကျွမ်းကျင်သူ လေးဦးက လူနှစ်ဦး၏ လက်နက်များကို သေချာစွာ စစ်ဆေးကြည့်ရှုကြ၏။

ယွင်ကျုံးဟဲ့၏ လက်နက်မှာ လျှပ်စစ် လှံရှည် ဖြစ်သော်လည်း သေချာပေါက် မည်သည့် ထူးခြားချက်မှ မတွေ့ရှိရဘဲ ပုံမှန် လှံရှည် တစ်ချောင်း အဖြစ်သာ တွေ့ရှိရသည်။

သို့ပေမည့် စစ်ဆေးသူများက အနည်းငယ် အထင်သေးသွားကြသည်။ အောက်ယွီ ကိုင်ဆောင်ထားသော ဤလှံရှည်သည် အလွန်ဆုံး ပေါင်သုံးဆယ်ကျော်ခန့်သာ အလေးချိန်ရှိရာ မည်သို့သော လက်နက်ဆန်းကြီး ဖြစ်သနည်း။

အသွင်သဏ္ဌာန်မှာလည်း စစ်မြေပြင်သုံး လက်နက်နှင့် မတူဘဲ ငါးဖမ်းသည့် ခက်ရင်းခွကြီးနှင့်သာ သဏ္ဌာန်တူလှသောကြောင့် မြင်ရသူအပေါင်းက ရန်သူကို တိုက်ခိုက်မည့်အစား ငါးသွားဖမ်းမလို့လား ဟုပင် စိတ်ထဲမှ လှောင်ပြောင်မိကြသည်။

အခြားတစ်ဖက်တွင်မူ စီးကွမ်၏ လှံရှည်ကြီးမှာမူ ပေါင် ရှစ်ဆယ်၊ ကိုးဆယ်ခန့်အထိ အဆမတန် လေးလံကြီးမား လှသောကြောင့် ၎င်းတို့နှစ်ဦး၏ လက်နက်ချင်းမှာပင် ကွာခြားချက်က သိသာထင်ရှားလွန်းနေတော့၏။

အားလုံး စစ်ဆေးပြီးသွားချိန်မှာတော့ လျန်ချင်ဝမ်က ပြောလိုက်သည်။ “နှစ်ယောက်လုံး စင်ပေါ် တက်ပါ။”

ထို့နောက် ယွင်ကျုံးဟဲ့နှင့် စီးကွမ် တို့သည် စစ်စည်တီးသံများနှင့်အတူ ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်ရောက် သွားကြတော့၏။

စီးကွမ် သည် ခြေဖျားလေး အနည်းငယ် ထောက်လိုက်ပြီး သုံးမီတာကျော် မြင့်မားသော ပြိုင်ပွဲစင်မြင့်ပေါ်သို့ အလွယ်တကူ ခုန်တက်သွားတော့၏။ ယွင်ကျုံးဟဲ့မှာ ခေါင်းငုံ့ကာ ဘေးနားရှိ လှေကားမှ တက်သွားရသည်။

ပြိုင်ပွဲစင်မြင့်ဆီသို့ တက်လှမ်းရမည့် လှေကားထစ်များမှာ မတ်စောက်လွန်းလှသောကြောင့် ယွင်ကျုံးဟဲ့မှာ သာမန်အတိုင်း ခြေလှမ်း မလှမ်းနိုင်ဘဲ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်လုံးကိုပါ ကုတ်တွယ်အားပြု၍ တရွတ်တိုက် တွားတတ်ခဲ့ရပြီးမှသာ စင်မြင့်ထက်သို့ ခဲယဉ်းစွာ ရောက်ရှိသွားတော့၏။

“ဟား... ဟား...ဟား... ဟား......”

လူအုပ်ထဲမှ အသံကျယ်ကျယ်ဖြင့် ရယ်မောသံများ ထွက်ပေါ်လာတော့သည်။

“ရွှီး... ရွှီး... အောက်ယွီ... အရှက်ကွဲနေတဲ့ အသုံးမကျတဲ့ကောင်... အသုံးမကျတဲ့ကောင်...”

လူအုပ်ထဲရှိ မှူးမတ် သားသမီးများက လှောင်ပြောင်နေကြ၏။

‘ဆယ်ပေလောက်ပဲ မြင့်တဲ့ ပြိုင်ပွဲစင်မြင့်ကိုတောင် ခင်ဗျားက လက်နဲ့ ခြေထောက်တွေ သုံးပြီး တက်ရတယ် ဆိုတော့ ဝက်နဲ့ ခွေးလောက်တောင် အသုံးမကျတဲ့သူပဲ။ အဲဒါကိုများ စီးကွမ် နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ချင်သေးတယ်။ ခင်ဗျားရဲ့ ဦးနှောက်ထဲ ရေဝင်နေတာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် ဒီနေ့ ညီလာခံမှာ အရိုက်ခံရလို့ ဦးနှောက် ပျက်သွားတာ ဖြစ်မယ်။’

ပြိုင်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိသွားချိန်မှာတော့ လူနှစ်ဦးသည် ဆယ်မီတာခန့် အကွာအဝေးမှနေ၍ မျက်နှာချင်းဆိုင် ရပ်နေကြသည်။

စီးကွမ် သည် အေးအေးဆေးဆေး ရှိနေသော်လည်း အောက်ယွီကမူ မောဟိုက်နေသည်။ ဤလျှပ်စစ် လှံရှည်ကြီးမှာ အရမ်းကို လေးလံလွန်းလှပြီး ပေါင်သုံးဆယ် ဆိုသည်မှာ တကယ်ကို အန္တရာယ်ကြီးလွန်းလှ၏။

‘နှောင်းခေတ်က လျှပ်စစ် တုတ်ချောင်းတွေဆိုရင် တစ်ပေတောင် မရှည်ဘဲ နှစ်ပေါင်၊ သုံးပေါင် လောက်ပဲ လေးတာလေ။’

“အသင့်ပြင်...”

ပြိုင်ပွဲဝင်မည့် လူနှစ်ဦးသည် မတ်မတ် ရပ်နေကြပြီး တစ်ချက်လေးမျှ မလှုပ်ရှားကြချေ။

“ခြေလှမ်း လှမ်း…”

လူနှစ်ဦးသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ခြေထောက်များကို ကားကာ တိုက်ခိုက်မည့် ဟန်ပန်ကို ပြင်ဆင်လိုက်ကြသည်။

ဤပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများမှာ ပိုင်ရှင်မဲ့နယ်မြေရှိ စည်းကမ်းများထက်ပင် အဆပေါင်းများစွာ ပိုမိုတင်းကျပ် ရှုပ်ထွေးလှ၏။

သို့သော်ငြား ထိုသို့ပြုလုပ်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိပေ။ အကြောင်းမူကား ဤပွဲစဉ်သည် တရားဝင် စစ်ဘက်ဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲ၏ စည်းကမ်းဥပဒေများအတိုင်း စနစ်တကျ လိုက်နာကျင့်သုံး၍ လုံးဝအကောင်အထည်ဖော် လုပ်ဆောင်နေသောကြောင့် ဖြစ်တော့သည်။

“သံချပ်ကာ ဝတ်ဆင်…”

စီးကွမ် သည် ခေါင်းဆောင်း သံချပ်ကာကို ဝတ်ဆင်ရန် ပြင်လိုက်သော်လည်း မဝတ်ဆင်မီတွင် အောက်ယွီကို တိုးတိုးလေး ပြောလိုက်၏။ “ခင်ဗျားကို သတ်ပြီးသွားရင် ခင်ဗျားရဲ့ ဦးခေါင်းခွံကို သေးခံအိုး လုပ်ပစ်မယ်။ ကျုပ် မင်းသမီး ရှန်ရှန်းနဲ့ လက်ထပ်ပြီးသွားရင် ဒီသေးခံအိုးကို သုံးရုံသာမက သူ့ကိုပါ အတင်း သုံးခိုင်းမယ်။

ခင်ဗျား အသက်ရှင်နေတုန်းက သူမရဲ့ ခန္ဓာကိုယ်ကို မမြင်ခဲ့ရဘူး ဆိုတော့ သေသွားတဲ့ အချိန်ကျရင် ကြည့်ခွင့်ရအောင်လို့ပါ။ ပြီးတော့ ခင်ဗျားရဲ့ ဦးခေါင်းခွံ သေးခံအိုးကို ကုတင်ဘေးမှာ ထားပြီး ရှန်းရှန်း သေမရ ရှင်မရ ဖြစ်အောင် ကျုပ် ဘယ်လို နှိပ်စက်တယ် ဆိုတာကို ခင်ဗျားကို နေ့တိုင်းကြည့်ခိုင်းမယ်။ ကျေးဇူးတင်စရာ မလိုပါဘူး... အောက်ယွီ။”

စီးကွမ်သည် ဤစကားများကို မဖြစ်မနေ ပြောရမှာဖြစ်သည်။ မပြောလျှင် အခွင့်အရေး မရှိတော့ချေ။ သူသည် အောက်ယွီကို မကြာမီ သတ်ပစ်တော့မည်ဖြစ်ရာ အလောင်းကို ပြော၍ မရနိုင်ချေ။

ပြောဆိုပြီးနောက် သူသည် ခေါင်းဆောင်း သံချပ်ကာကို ဝတ်ဆင်လိုက်တော့၏။

ထိုမြင်ကွင်းကြောင့် ကြည့်ရှုနေသူ လူအပေါင်းမှာ အံ့ဩမှင်သက်သွားကြရတော့၏။ စီးကွမ် ဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံကြီးမှာ လွန်လွန်ကဲကဲ ကြီးမားထူထဲလွန်းလှသည်။

တစ်ကိုယ်လုံးကို လေတစ်ချက်ပင် တိုးဝင်၍မရနိုင်အောင် အကြွင်းမဲ့ ဖုံးအုပ်ကာကွယ်ထားသည့်အပြင်၊ မျက်လုံးနေရာ၌ပင် ကြည်လင်ပြတ်သားသော သလင်းကျောက်ပြားများကို အကာအကွယ်အဖြစ် စနစ်တကျ တပ်ဆင်ထား၏။

ဤကဲ့သို့သော သံချပ်ကာမျိုးနှင့်ဆိုပါက စီးကွမ်အနေဖြင့် မည်သည့်တုံ့ပြန်မှုမှ မပြုဘဲ ဤအတိုင်း မလှုပ်မယှက် ရပ်နေလျှင်ပင် အောက်ယွီကဲ့သို့သော အင်အားချည့်နဲ့သည့် အသုံးမကျသူတစ်ယောက်က မည်မျှပင် အားကုန်သုံး၍ ခုတ်ပိုင်းပါစေဦး စုတ်ပြဲပျက်စီးသွားနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။

‘သခင်လေး စီးကွမ်... ခင်ဗျားက ဒီလောက်တောင် သတိထားဖို့ လိုလို့လား။ ခင်ဗျား ရင်ဆိုင်နေရတာ ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ အသုံးမကျတဲ့သူ တစ်ယောက်လေ။’

“လက်နက်ကိုင်ကြ...”

အမိန့်ပေးသံနှင့်အတူ လူနှစ်ဦးသည် အနောက်မှ လှံရှည်များကို အသီးသီး ဖြုတ်ယူကာ လက်ထဲတွင် ကိုင်လိုက်ကြသည်။

စီးကွမ်၏ ခန္ဓာကိုယ် အနည်းငယ် ကွေးညွတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များနှင့် ကြောက်မက်ဖွယ်ကောင်းသော အားအင်များ ပြည့်နှက်သွားကာ သားရဲတိရစ္ဆာန် တစ်ကောင်ကဲ့သို့ အချိန်မရွေး လျှပ်စီးလက်သကဲ့သို့ ပြေးထွက်နိုင်ရန် အသင့်ရှိနေတော့၏။

ယွင်ကျုံးဟဲ့မှာမူ လှံရှည်ကို ကိုင်ဆောင်ကာ ခန္ဓာကိုယ်ကို ကွေးညွတ်ထားပြီး ဝဖြိုးသော ငုံး တစ်ကောင်ကဲ့သို့ အရုပ်ဆိုးနေသည်။

‘ကောင်းကင်ဘုံ... ဒီလောက် ယုတ္တိမရှိတဲ့ ပြိုင်ပွဲမျိုး ရှိလိမ့်မယ်လို့ လုံးဝ စိတ်ကူးမယဉ်နိုင်ဘူး။ ဒီလောက်တောင် ဦးနှောက်မရှိတဲ့သူက အသေခံဖို့ကိုယ်တိုင် လာလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး။’

…………….

All Chapters