← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 44 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 44 Ch. 515-516

အပိုင်း (၅၁၅)

လူနှစ်ဦးသည် ခေတ္တ စောင့်ကြည့်နေသည့် အနေအထားသို့ ရောက်ရှိသွားကြ၏။

လူတိုင်းက စီးကွမ်၏ကိုယ်ပေါ်မှ တဂျွတ်ဂျွတ် မြည်နေသော အသံများကို ရှင်းလင်းစွာ ကြားနေရပြီး အရိုးအဆစ်များ အားလုံး မြည်နေကာ အားအင်များကို စုစည်းနေခြင်း ဖြစ်သည်။

မောင်းသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူသည် ရုတ်တရက် ထခုန်ပြီး လူသတ်တော့မှာဖြစ်သည်။ ဤ အားအင်များမှာ ပေါင်ထောင်ချီမက ရှိပြီး မျက်စိတစ်မှိတ် အတွင်းမှာပဲ အောက်ယွီကို ဖောက်ထွင်းသွားရုံသာမက သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကိုပါ တိုက်ရိုက် ဆုတ်ဖြဲပစ်မည်မှာ သေချာ၏။

ပြိုင်ပွဲသည် နောက်ပြန် ရေတွက်သည့် အချိန်သို့ ရောက်ရှိလာတော့၏။ လူတိုင်း မျက်လုံးများကို ပြူးကျယ်ထားပြီး လုံးဝ မျက်တောင်မခတ်ဝံ့ကြချေ။ အဘယ်ကြောင့်ဆိုသော် မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့် ပြိုင်ပွဲ ပြီးဆုံးသွားပြီး အောက်ယွီ ချက်ချင်း သတ်ဖြတ်ခံလိုက်ရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

အောက်မင် သည် မနေနိုင်ဘဲ ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်မိသည်။ ‘မိုးခြိမ်းသံတွေ ထွက်ပေါ်လာပြီး လျှပ်စီးတွေက စီးကွမ်ကို မိုးကြိုးပစ် သတ်လိုက်မလား။’

ယခုအခါ နေဝင်ဆည်းဆာ အချိန်ဖြစ်ပြီး ကောင်းကင်ယံတွင် တိမ်တစ်စပင် မရှိဘဲ နေသာနေသောကြောင့် လျှပ်စီးနှင့် မိုးကြိုး များ လုံးဝ ဖြစ်ပေါ်လာနိုင်ခြေ မရှိချေ။

ထို့ကြောင့် ပိုင်ရှင်မဲ့နယ်မြေတွင် ယွင်ကျုံးဟဲ့က မော့ချိုကို သတ်ခဲ့သည့် မြင်ကွင်းမျိုး လုံးဝ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။

“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်... အချိန်စေ့ပြီ။”

“ဒေါင်…”

မောင်းသံ တစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။ ပြိုင်ပွဲ တရားဝင် စတင်ပြီ ဖြစ်သည်။

“သေစမ်း…” စီးကွမ် သည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်လိုက်တော့၏။

သူသည် လှံရှည်ဖြင့် ထိုးသွင်းခြင်း မပြုဘဲ တစ်ကိုယ်လုံး ပေအနည်းငယ်ခန့် အမြင့်သို့ ခုန်တက်သွားပြီး လက်ထဲရှိ ပေါင်တစ်ရာကျော် အလေးချိန်ရှိသော လှံရှည်ကြီးဖြင့် အောက်ယွီ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ချလိုက် တော့သည်။

ထိုသူ ထုတ်ဖော်လိုက်သော အရှိန်အဟုန်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် ပြင်းထန် ထက်မြက်လှသောကြောင့် ဘေးမှကြည့်နေသူများကိုပါ အံ့ဩတုန်လှုပ်သွားစေ၏။

သူသည် အောက်ယွီအား သတ်ဖြတ်ရုံမျှသာ ရည်ရွယ်ထားခြင်း မဟုတ်ဘဲ၊ တစ်စစီ ကြေမွပျက်စီးသွားစေရန် အငြိုးအတေးကြီးစွာဖြင့် အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ချိုးပစ်ချင်နေခြင်း ဖြစ်တော့သည်။

“ဝှစ်...”

တစ်ခဏအတွင်းမှာပင်ကောင်းကင်မှကျဆင်းလာသော မိုးကြိုး တစ်ခုကဲ့သို့၊ ဟာရီကိန်း မုန်တိုင်းကြီး တစ်ခုကဲ့သို့ စီးကွမ်၏ လှံရှည်ကြီးသည် အောက်ယွီ၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာ ရိုက်ချလာတော့၏။

ယခင်က ဦးနှောက်ထဲတွင် လက်တွေ့ စမ်းသပ်မှုများ အကြိမ်ရေ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့သော်လည်း တကယ်တမ်း ဖြစ်ပေါ်လာချိန်တွင်တော့ ဝိညာဉ် လွင့်စဉ်သွားလုမတတ် ကြောက်ရွံ့တုန်လှုပ်သွားစေဆဲ ဖြစ်သည်။

သို့ပေမည့် ဤအခိုက်အတန့်လေးတွင် ယွင်ကျုံးဟဲ့သည် အလွန် ထူးဆန်းသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားပြီး ပတ်ဝန်းကျင်ရှိ အချိန် စီးဆင်းမှုများ အဆများစွာ နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရ၏။

စီးကွမ်၏ အမြန်နှုန်းမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်နေသော်လည်း ယခုအခါ ယွင်ကျုံးဟဲ့၏ မျက်စိထဲတွင်မူ ရုပ်ရှင် အနှေးပြကွက် တစ်ခုကဲ့သို့ ဖြစ်နေသည်။

‘ကောင်းကင်ဘုံ.... ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ကျုပ်မှာ ဒီလို ထူးခြားတဲ့ စွမ်းအားမျိုး မရှိပါဘူး။ ဟုတ်သားပဲ... ဒါက မီတျဲ ချိုင့်ဝှမ်းမှာ ဆေးစမ်းသပ်တုန်းက ဖြစ်ပေါ်ခဲ့ဖူးတဲ့ ထင်ယောင်ထင်မှား ဖြစ်မှုတွေ၊ ထူးဆန်းတဲ့ အမြင်အာရုံ အခြေအနေတွေ မဟုတ်လား။ ဒါပေမဲ့ ဆေးစမ်းသပ်ပြီးတဲ့နောက် ဒီထူးခြားတဲ့ အခြေအနေက ပြီးဆုံးသွားပြီ မဟုတ်ဘူးလား။ ဘာလို့ အခု ပြန်ပေါ်လာရတာလဲ။ အရမ်း အန္တရာယ်ကြီးမားတဲ့ အချိန်ရောက်မှ ဒီ ထူးခြားတဲ့ စွမ်းအားက လှုံ့ဆော်ခံလိုက်ရတာများလား။’

ယွင်ကျုံးဟဲ့ သည် ယခင်က အမှတ်(၉)ကွမ်တန်၏ လက်တွေ့ စမ်းသပ်မှုအတိုင်း စီးကွမ် မခုန်တက်မီ သူ၏ လှံရှည်ကို ထိုးသွင်းလိုက်၏။ အရမ်းကို အားနည်းသည့် ပုံစံမျိုးနှင့် ထိုးသွင်းလိုက်ခြင်းပင်။

စီးကွမ်က အမြင့်ကို ခုန်တက်သွားသောကြောင့် ယွင်ကျုံးဟဲ့၏ လျှပ်စစ် လှံထိပ်သည် စီးကွမ်၏ ပေါင်ကြားကို ထိမှန်သွားသော်လည်း စီးကွမ်ကမူ လုံးဝ ဂရုမစိုက်ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် တစ်ကိုယ်လုံး သံချပ်ကာ ဝတ်ဆင်ထားသောကြောင့် လုံးဝကာကွယ်ရန် မလိုအပ်ဘဲ အောက်ယွီကဲ့သို့သော ကြက်ကလေး တစ်ကောင်၏ အားအင်ဖြင့် ထိုးသွင်းခံရခြင်းမှာ ယားယံသည်ကို ကုတ်ပေးသည်လောက်ပင် မရှိသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့၏ အမြင်အာရုံထဲ၌ အချိန်များ ပိုမို နှေးကွေးသွားပြီး အရာအားလုံးသည် ပို၍ပို၍ အနှေးပြကွက်များ ဖြစ်လာတော့၏။

ခက်ရင်းခွ လှံထိပ်သည် စီးကွမ်၏ ပေါင်ကြားကို ထောက်ထားရင်း သူသည် လျှပ်စစ် ခလုတ်ကို အားဖြင့် နှိပ်ချလိုက်တော့သည်။

အံ့ဩစရာကောင်းသော ဗို့အားမြင့် လျှပ်စစ်လှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာတော့၏။ ဤသည်မှာ အသံလည်း မရှိ၊ အရိပ်လည်း မရှိ၊ ပုံသဏ္ဍာန်လည်း မရှိဘဲ ရုပ်ရှင်များထဲတွင် ပြသလေ့ရှိသော လျှပ်စစ်မီးပွားများ လုံးဝ မထွက်ပေါ်လာချေ။

တစ်ခဏအတွင်းမှာပဲ အံ့ဩစရာကောင်းသော လျှပ်စစ်လှိုင်းများသည် စီးကွမ်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ပထမဆုံး လျှပ်စစ်စီးကူးခံရသည့် နေရာမှာ စီးကွမ်၏ ပေါင်ကြားပင် ဖြစ်သည်။

‘ဒါ... ဒါက ဗို့အား အရမ်း မြင့်တဲ့ လျှပ်စစ်လှိုင်းတွေလေ။ ဇင့်-ငွေ ဘက်ထရီ အလုံးဆယ်ကျော် ပါဝင်တဲ့ ဗို့အား အရမ်း မြင့်တဲ့ လျှပ်စစ်လှိုင်းတွေလေ။’

“အား... အား... အား... အား...”

စီးကွမ် သည် သနားဖွယ်ကောင်းသည့် အော်ဟစ်သံကြီးကို ထုတ်လွှင့်လိုက်တော့သည်။ အရင်က မခံစားခဲ့ဖူးသော နာကျင်မှုများကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဝိညာဉ် လွင့်စဉ်သွားသကဲ့သို့ ဖြစ်သွားတော့၏။

‘ခင်ဗျားရဲ့ သိုင်းပညာက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ခင်ဗျားရဲ့ အတွင်းအားတွေက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဗို့အား မြင့်မားတဲ့ လျှပ်စစ်လှိုင်းတွေကို ခံနိုင်ရည် ရှိပါ့မလား။’

တစ်ခဏအတွင်းမှာပဲ စီးကွမ်သည် လေထဲမှ ပြင်းထန်စွာ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ တွန့်လိမ့် ကောက်ကွေးလျက် လဲကျသွားတော့၏။

ယွင်ကျုံးဟဲ့ သည် အလျင်အမြန် ပြေးဝင်သွားပြီး လျှပ်စစ် လှံရှည်ကြီးကို မြှောက်ကာ စီးကွမ်၏ ပေါင်ကြားဆီသို့ ချိန်ရွယ်၍ ပြင်းထန်စွာ ထိုးနှက်လိုက်ပြီး လျှပ်စစ် ခလုတ်ကို နှိပ်လိုက်ပြန်သည်။

အသံမရှိသော ဗို့အားမြင့် လျှပ်စစ်လှိုင်းများသည် စီးကွမ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ပထမဆုံး ထိမှန်သည့် နေရာမှာ ယောက်ျား အင်္ဂါပင် ဖြစ်၏။

“အား... အား... အား... အား... အား...”

သနားဖွယ်ကောင်းသော အော်ဟစ်သံကြီးသည် ကောင်းကင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး စီးကွမ်၏ တစ်ကိုယ်လုံး ရူးသွပ်မတတ် တုန်ခါနေကာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ယွင်ကျုံးဟဲ့ ရှေ့သို့တက်လာပြီး အစွမ်းကုန် အားစိုက်ကာ စီးကွမ်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော ခေါင်းဆောင်းကြီးကို ဆွဲချွတ်လိုက်တော့၏။

ထိုအချိန်တွင် စီးကွမ်၏ ဆံပင်များ အားလုံး ထောင်မတ်နေပြီး ပါးစပ်မှလည်း အမြှုပ်များ ထွက်နေသည်ကို တွေ့ရှိလိုက်ရသည်။

ယွင်ကျုံးဟဲ့က တိုးတိုးလေး ပြောလိုက်၏။ “စီးကွမ်... ခင်ဗျားလိုကောင်မျိုးကများ မင်းသမီး ရှန်ရှန်းကို လက်ထပ်ချင်နေသေးတယ်။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။ ကျုပ်ကို သတ်ချင်တယ် ဟုတ်လား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။”

“သေလိုက်တော့... သေလိုက်တော့။” ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်လိုက်ပြီး လက်ထဲရှိ ခက်ရင်းခွ လှံထိပ်ဖြင့် စီးကွမ်၏ မျက်လုံး နှစ်လုံး ဆီသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်တော့သည်။

တစ်ခဏအတွင်းမှာပဲ စီးကွမ်၏ ဦးခေါင်းတစ်ခုလုံး ဖောက်ထွင်းခံလိုက်ရတော့၏။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ တစ်ကွင်းလုံး အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားတော့သည်။

ဤဖြစ်ရပ်သည် မျက်စိတစ်မှိတ်အတွင်း မြန်မြန်ဆန်ဆန်ပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ဖြစ်ရပ်၏ ကနဦးအပိုင်းသည် အသက်ရှူပင် မှားလောက်အောင် လျင်မြန်လွန်းလှ၏။

စီးကွမ်သည် လေထဲသို့ ဝုန်းခနဲ ခုန်တက်သွားပြီးနောက် သူလက်ထဲမှ ပေါင်တစ်ရာနီးပါး လေးလံသော ငွေရောင်လှံရှည်ကြီးကို အားကုန်သုံး၍ အောက်ယွီအား ပြင်းထန်စွာ ရိုက်ချလိုက်ချိန်တွင် ကြည့်ရှုနေသူ လူအပေါင်းက ဤပွဲသည် အပြီးသတ်သွားပြီဟုသာ တွက်ခဲ့ကြသည်။

နောက်ဆက်တွဲ မြင်ကွင်းအဖြစ် အောက်ယွီတစ်ယောက် ဆိုးရွားလှသော လှံချက်အောက်တွင် အသားစိုင် အသားခဲများအဖြစ် ကြေမွပျက်စီးသွားတော့မည်ဟု ယုံကြည်နေကြခြင်း ဖြစ်၏။

သို့ရာတွင် စီးကွမ်သည် လေထုထဲသို့ တစ်ဝက်မျှသာ ခုန်တက်ရသေးသည့် အချိန်တွင်ပင် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားပြီး တစ်ကိုယ်လုံး ဆတ်ဆတ်ခါအောင် တုန်ယင်လာတော့သည်။ ဤသည်မှာ မည်ကဲ့သို့ ဆန်းပြားသည့် ဖြစ်ရပ် ဖြစ်သနည်း။

ထိုမျှမကသေးဘဲ အောက်ယွီသည် သူ၏ ငါးဖမ်းခက်ရင်းခွသဏ္ဌာန် လှံရှည်ကြီးဖြင့် လဲကျနေသော စီးကွမ်အား အင်အားချည့်နဲ့သော ပုံစံမျိုးဖြင့် အဆက်မပြတ် ထိုးနှက်နေလေ၏။ ကြည့်ရသည်မှာ မည်သည့်အရှိန်အဟုန်နှင့် ကြွက်သားခွန်အားမှ ပါဝင်ခြင်းမရှိသည့်အလား ထူးဆန်းလွန်းလှသည်။

သို့သော်လည်း အံ့ဩဖွယ်ရာ ရလဒ်အနေဖြင့် စီးကွမ်သည် တစ်ကိုယ်လုံး တွန့်လိမ်၍ တဆတ်ဆတ် တုန်ယင်နေပြီး ဝက်ရူးပြန်ဝေဒနာ ခံစားနေရသူတစ်ဦးပမာ ရုန်းကန်လို့နေ၏။

အစောပိုင်းက ရဲရင့်ကြမ်းတမ်းလှပါသည်ဆိုသော စီးကွမ်သည် ယခုအခါတွင်မူ အောက်ယွီ၏ ထိုးနှက်ချက်များ အောက်၌ ပြန်လည်ခုခံ တိုက်ခိုက်နိုင်စွမ်း လုံးဝဥဿုံ ကင်းမဲ့သွားတော့သည်။

ကံကောင်းစွာဖြင့် ဤနေရာသည် အရှေ့တိုင်းကမ္ဘာ ဖြစ်နေသည်။ အကယ်၍ အနောက်တိုင်းကမ္ဘာတွင်သာ ဆိုပါက တစ်ယောက်ယောက်က အလန့်တကြား အော်ဟစ်လိုက်မည်မှာ သေချာ၏။ ‘ဒါက ပင်လယ်နတ်ဘုရား ပိုဆိုက်ဒွန်ရဲ့ ခက်ရင်းခွလား။ ဒါပေမဲ့ အောက်ယွီရဲ့ လက်ထဲကဟာက နှစ်ခွတည်း ပါတာဆိုတော့ ဂျွန်တု (တရုတ် စာပေဇာတ်ကောင်)ရဲ့ ခွေးသတ် လက်နက်များလား။’

ယွင်ကျုံးဟဲ့က စီးကွမ်၏ ခေါင်းဆောင်း သံချပ်ကာကို အတင်းအဓမ္မ ဆွဲချွတ်လိုက်သည့် အချိန်ကျမှသာ ကွင်းလုံးပြည့် ကြည့်ရှုနေသူ လူအပေါင်းသည် သူ၏ တကယ့်ရည်ရွယ်ချက်ကို ရိပ်မိပြီး ထိတ်လန့်သွားကြတော့သည်။

အောက်ယွီသည် စီးကွမ်၏ ဦးခေါင်းကို လှံဖြင့် တိုက်ရိုက်ဖောက်ခွဲကာ သတ်ဖြတ်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။

တကယ်တမ်း ထိုကဲ့သို့ အရေးကြီးသည့်အချိန်၌ အောက်ယွီ၏ လက်ချက်ဖြင့် ဦးခေါင်းဖောက်ခံရမည့် ဘေးမှ ကာကွယ်ပေးရန် စင်မြင့်ပေါ်သို့ အချိန်မီ ပြေးဝင်ကယ်တင်နိုင်မည့် အစွမ်းထက်သူများ ရှိနေကြသေးသည်။

သို့ရာတွင် ကယ်တင်နိုင်စွမ်းရှိသည့် ထိုသူအချို့မှာ ရုတ်တရက် မတ်တတ်ရပ်လိုက်ကြသော်လည်း၊ ရှေ့သို့ တစ်လှမ်းမှ မတိုးဘဲ ဤအတိုင်းသာ ရပ်ကြည့်နေခဲ့ကြ၏။

အကြောင်းမူ ဤသေခြင်းရှင်ခြင်း အဆုံးအဖြတ် တိုက်ပွဲတွင် စီးကွမ်တစ်ယောက် လုံးဝရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ကာ အောက်ယွီကိုလည်း သတ်ဖြတ်နိုင်စွမ်း မရှိတော့ပေ။

ထိုသို့ဆိုလျှင် စီးကွမ်တစ်ယောက် အသက်ရှင်ကျန်ရစ်နေမည့်အစား ဤနေရာ၌ပင် သေဆုံးသွားခြင်းက ပို၍ပင် အကျိုးရှိပေလိမ့်မည်။

စီးကွမ် သေဆုံးသွားမှသာလျှင် နောက်ကွယ်က လူအများ အလိုရှိနေသည့် နိုင်ငံရေး ကစားကွက်နှင့် အကွက်ချထားသော ပြဇာတ်ကြီးကို အရှိန်အဟုန်မြှင့်၍ ဆက်လက် ကပြသွားနိုင်မည် ဖြစ်သောကြောင့်ပင်။

အောက်မင်သည် ဤမြင်ကွင်းကို မြင်တွေ့ရချိန်မှာတော့ ဦးခေါင်းတစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤမြင်ကွင်းသည် ကွင်းလုံးပြည့် ကြည့်ရှုနေသူအားလုံးကို သွေးပျက်မတတ် ထိတ်လန့်သွားစေခဲ့၏။

အောက်ယွီနှင့် သက်တမ်းအရှည်ကြာဆုံး ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်တစ်ဦးဖြစ်သော အောက်မင်သည် ဤသေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲ မစတင်မီတည်းကပင် ရင်ထဲ၌ မကောင်းသော အတိတ်နိမိတ် ခံစားချက်တစ်ခုကို ကြိုတင်ရရှိနေခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ အောက်ယွီတစ်ယောက် သေချာပေါက် အသက်ပျောက်ရတော့မည်ဟု လူအများက တထစ်ချတွေးနေကြ၏။

အကြောင်းမူ စီးကွမ်၏ သိုင်းပညာခွန်အားက အဆမတန်မြင့်မားလွန်းသောကြောင့် အောက်ယွီကဲ့သို့သော လူအယောက်တစ်ထောင်ကိုပင် အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သောကြောင့်ဖြစ်သည်။

သို့သော်ငြား အောက်မင်ကမူ ဤအရေး၌ သေချာပေါက် ကွယ်ဝှက်ထားသော လှည့်ကွက်တစ်ခုခု ရှိနေလိမ့်မည်ဟု ထင်မှတ်နေခဲ့၏။

အောက်ယွီအနေဖြင့် မည်သည့်အရာကို အားကိုးအားထားပြု၍ အနိုင်ယူမည်ဆိုသည်ကို သူအတိအကျ မသိရှိသော်လည်း၊ အောက်ယွီပင် နောက်ဆုံး၌ အနိုင်ရရှိသွားလိမ့်မည်ဟု သူ၏စိတ်အာရုံက ခံစားမိနေခဲ့သည်။

သို့သော်လည်း ဤမယုံကြည်နိုင်စရာ အမှန်တရားကြီး တကယ်တမ်း ဖြစ်ပျက်လာသည့်အခါတွင်မူ အောက်မင် တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားရလောက်အောင်ပင် ထိတ်လန့်တုန်လှုပ် သွားရဆဲ ဖြစ်၏။

ဤသည်မှာ လူ၏ အသိဉာဏ်ဖြင့် မည်သို့မှ စဉ်းစား၍ မရနိုင်လောက်အောင် ဆန်းကြယ်လွန်းလှပြီး အံ့ဩဘနန်း ဖြစ်ရသည်။

ထို့အပြင် ယခင်က ပိုင်ရှင်မဲ့နယ်မြေ၌ ယွင်ကျုံးဟဲ့က မော့ချိုကို သတ်ဖြတ်ခဲ့စဉ်ကကဲ့သို့ ကောင်းကင်ထက်မှ မိုးကြိုးဆန်းများ ပစ်ချလာပြီး စီးကွမ်ကို သေဆုံးစေခဲ့ခြင်းမျိုးလည်း လုံးဝမဟုတ်ချေ။

ဤတိုက်ပွဲတွင် အရာခပ်သိမ်းသည် သာမန်မျက်စိဖြင့်ကြည့်လျှင် ပုံမှန်အတိုင်း ဖြစ်ပျက်နေသည်ဟုသာ ထင်မှတ်ရသည်။

အောက်ယွီသည် မည်သည့်အဆိပ်ကိုမှ မသုံးစွဲခဲ့သကဲ့သို့ လျှို့ဝှက်လက်နက်ဆန်းများကိုလည်း ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

ကြည့်ရသည်မှာ သူ့ထံ၌ ပြိုင်ဘက်ကင်းလှသော နက်နဲသည့်အတွင်းအားများ ရှိနေပြီး၊ ထိုအတွင်းအားလှိုင်း များဖြင့် စီးကွမ်၏ခန္ဓာကိုယ်ကို တိုက်ရိုက်တုန်ခါစေကာ သေအံ့မူးမူး ဖြစ်သွားစေခဲ့သည့်အလား ထင်ယောင်ထင်မှား ဖြစ်စေသည်။

သို့သော်ငြား အောက်ယွီသည် ကြက်ကလေးတစ်ကောင်ကိုပင် ရဲရဲဝံ့ဝံ့ မသတ်ရဲသည့် သာမန်လူဖျင်းတစ်ယောက် ဖြစ်ကြောင်းကို လူတိုင်းက အသိပင် ဖြစ်သည်။ ထိုသို့သောသူထံတွင် မည်သို့သော နက်နဲသည့် အတွင်းအားလှိုင်းများ ရှိနေနိုင်မည်နည်း။

သူ ဤအရာကို မည်သို့သော နည်းဗျူဟာဖြင့် လုပ်ဆောင်လိုက်သနည်း။ လုံးဝဥဿုံ နားလည်ရခက်လွန်း လှသည်။ ထို့အတူ လွန်စွာ ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အလွန်လည်း သွေးပျက်စရာ ကောင်းလွန်းလှသည်။

အခြားတစ်ဖက်တွင်မူ စုချင်ဝမ်၏ သားတော်သည်လည်း ဤမယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းကြောင့် မိမိကိုယ်မိမိနှင့် မိမိဘဝကိုပင် ပြန်လည်သံသယဝင်သွားရသည့် ခံစားချက်မျိုး ခံစားနေရကာ၊ ယခုအချိန်အထိ အသိစိတ်ဝေဝါးပြီး သတိမဝင်နိုင်သေးဘဲ အကြောင်သား ငေးမောနေမိတော့၏။

……………………

အပိုင်း (၅၁၆)

ဒိုင်အဖြစ် ပြုလုပ်လျက်ရှိသော လျန်ချင်ဝမ်မှာလည်း လုံးဝ အံ့ဩမှင်သက်သွားခဲ့သည်။ သို့ပေမည့် သူသည် အသက် ရှစ်ဆယ်ကျော်နေပြီဖြစ်ရာ အာရုံကြောများလည်း အတော်လေး ထိုင်းမှိုင်းနေပြီဖြစ်ပြီး မည်မျှပင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပါစေ သူ သိပ်ပြီး ထိတ်လန့်တော့မည် မဟုတ်ချေ။

ကောင်းကင်ပေါ်မှ ဥက္ကာပျံ တစ်ခုကျလာပြီး စီးကွမ်ကို တိုက်ရိုက် သတ်ပစ်လိုက်လျှင်တောင် သူက အနည်းငယ်မျှသာ အံ့ဩမှာဖြစ်သည်။

သူက လက်ဝှေ့ယမ်းလိုက်၏။

“ဒေါင်...” မောင်းသံ နောက်တစ်ကြိမ် ထွက်ပေါ်လာတော့သည်။

အသက်အရွယ် ကြီးမြင့်ပြီဖြစ်သော လျန်ချင်ဝမ် သည် ပြိုင်ပွဲစင်မြင့် ပေါ်သို့ တက်လာပြီး တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ပြိုင်ပွဲ ပြီးဆုံးပါပြီ။ အောက်ယွီ အနိုင်ရရှိပါတယ်။”

ထို့နောက် သူသည် ဤအတိုင်း ထွက်ခွာသွားတော့၏။ တကယ်ကို အေးဆေးလွန်းလှသည်။

ယခုအချိန်တွင် ထိုနေရာ၌ ရှိနေသော မှူးမတ် ရာချီခန့်သည် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြ င့်ကြည့်ရှုနေကြတော့၏။

‘ကျုပ် ဘယ်သူလဲ။ ကျုပ် ဘယ်ရောက်နေတာလဲ။ တကယ် ဘာတွေ ဖြစ်သွားတာလဲ။’

သူတို့အားလုံး မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ခေါင်းကို အားပါးတရ ခါယမ်းကာ သတိပြန်ဝင်လာရန် ကြိုးစားလိုက်ကြသည်။

သို့ပေမည့် ဤအရာများ အားလုံးမှာ အိပ်မက် မဟုတ်ချေ။ ရဲရင့်ကြမ်းတမ်းသော စီးကွမ်သည် ပြိုင်ပွဲစင်မြင့် ပေါ်တွင် လုံးဝ သေဆုံးသွားခဲ့ပြီဖြစ်ပြီး မျက်လုံးများပင် ဖောက်ထွင်းခံလိုက်ရကာ သွေးများပင် မထွက်နိုင်တော့ချေ။

“အောက်ယွီ သူခိုး... သူ့ကို ရိုက်သတ်... သူ့ကို ရိုက်သတ်...”

ရုတ်တရက် လူငယ် အရာရှိ တစ်ဦးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “သားတော် စီးကွမ် အတွက် လက်စားချေကြ။”

ထို့နောက် စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ လူငယ် အချို့သည် လှုပ်ရှားလာကြပြီး ဥပဒေအရ အပြစ်ပေး၍ မရသည့် နည်းလမ်းကို အသုံးပြုကာ အောက်ယွီကို ဝိုင်းဝန်း ရိုက်သတ်ရန် ပြင်ဆင်လာကြပြန်သည်။

‘လူမိုက်တွေ….’

အောက်မင်၏ မျက်နှာ ပျက်ယွင်းသွားတော့၏။ ဤလူစုမှာ တကယ်ကို အရေးကြုံလျှင် အလုပ်မဖြစ်ဘဲ အဖျက်သဘောနှင့် ပြဿနာသာ ရှာတတ်သည့် အသုံးမကျသူများ ဖြစ်ကြ၏။

အခြေအနေများက ဤမျှအထိ ဆိုးရွားနေပြီဖြစ်သော အချိန်အခါမျိုးတွင် လူစုဝေးကာ ဒေါသအလျောက် အောက်ယွီကို ဝိုင်းဝန်းရိုက်သတ်လိုက်ရုံမျှဖြင့် မည်သည့်အကျိုးကျေးဇူး ရှိလာတော့မည်နည်း။

နောက်ဆက်တွဲ ရလဒ်များအရ အောက်ယွီသည် ကြီးမားလှသော နိုင်ငံရေးအာဏာလုပွဲနှင့် အားပြိုင်မှုကြီး၏ အချက်အချာ အကျဆုံး၊ အဓိကအကျဆုံးသော ကစားကွက် ဖြစ်လာတော့မည်ဖြစ်ရာ၊ ထိုကဲ့သို့သော လူမျိုးကို ဤမျှလွယ်လွယ်ကူကူနှင့် အဆုံးစီရင်ပစ်ရန် မဖြစ်နိုင်တော့ချေ။

‘မိုက်မဲလွန်းတယ်... မိုက်မဲလွန်းတယ်။’

အောက်မင်တွင် အလွန် ထက်မြက်သော နိုင်ငံရေး အမြင် ရှိသောကြောင့် သူ၏ ပါရမီရှင် ဉာဏ်ရည်ဖြင့်ပင်လျှင် နောက်ဆက်တွဲကိစ္စများကို ဆက်လက် တွေးတောရန် မဝံ့ရဲတော့ချေ။

စီးကွမ် သေဆုံးသွားခြင်းမှာ အလွန်ကြီးမားသော နိုင်ငံရေး အဖြစ်အပျက်ကြီး တစ်ခုဖြစ်ပြီး အင်ပါယာ တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေမှာဖြစ်သည်။

ယခုအခါ အင်ပါယာ တစ်ခုလုံးက ကျိန့်ဟိုင်မြို့စားအိမ်တော် စီးမိသားစု၏ အကူအညီကို လိုအပ်နေချိန်တွင် စီးကွမ်ကို သတ်ပစ်လိုက်ခြင်းမှာ စီးမိသားစုကို ပုန်ကန်အောင် ဖိအားပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

အောက်ယွီအနေဖြင့် ဤအကျိုးဆက်နှင့် ကစားကွက်၏ အရေးပါပုံကို မသိဘဲ မနေချေ။ ထို့အတူ ဉာဏ်မြော်အမြင် ကြီးမားလှသော ဧကရာဇ်ဟောင်းကလည်း ဤအခြေအနေကို ကြိုတင်တွက်ဆ မထားဘဲ နေလိမ့်မည် မဟုတ်ချေ။

ထိုသို့ အရာအားလုံးကို သိရှိနားလည်ပါလျက်နှင့် အဘယ်ကြောင့် စီးကွမ်ကို သတ်ပစ်ရန် ရွေးချယ်ခဲ့ကြပါသနည်း။ ဤအကွက် နောက်ကွယ်က လျှို့ဝှက်ချက်နှင့် မဟာဗျူဟာကို စဉ်းစားတွေးတောကြည့်လေလေ၊ ရင်ထဲ၌ ပို၍ပင် ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလေလေ ဖြစ်တော့သည်။

၎င်းတို့သည် ရိုးရှင်းသော အနိုင်အရှုံးထက် ပိုမိုကြီးမားပြီး သွေးအေးလှသော တော်လှန်ကစားကွက်ကြီးတစ်ခုကို စတင်လိုက်ပြီ ဖြစ်ကြောင်း ထင်ရှားလို့နေ၏။ စဉ်းစားကြည့်လေလေ ကြောက်စရာကောင်းလေလေပင်။

‘ပြဿနာကြီးသွားပြီ... ပြဿနာ အကြီးကြီး ဖြစ်တော့မယ်။’

“သွားမယ်... သားတော်... အိမ်ပြန်မယ်... အမြန်ဆုံး အိမ်ပြန်မယ်။” အောက်မင် သည် စုချင်ဝမ်၏ သားတော်ကို လှမ်းပြောလိုက်သည်။

စုချင်ဝမ်၏ သားတော် ကျိုးကျသည် မျက်လုံးများကို ပြူးကျယ်ကာ ကြည့်လိုက်၏။ ‘ခင်ဗျား အောက်မင်က ဘာကောင်မို့လို့လဲ။ ခင်ဗျားအဖေက နုလန်ဟောက် အသစ် ဖြစ်လာပြီး စစ်သေနာပတိ တစ်ယောက် ဖြစ်လာရင်တောင်မှ၊ ခင်ဗျားက ကျွမ့်ယွမ် တစ်ယောက် ဖြစ်နေရင်တောင်မှ၊ ခင်ဗျားက ကျုပ်တို့ တောင်ပိုင်းကျိုး တော်ဝင်မိသားစုရဲ့ ခွေးတစ်ကောင်ပဲ ရှိသေးတာ။ ကျုပ်ကို အမိန့်ပေးဖို့ ဘာအရည်အချင်း ရှိလို့လဲ။’

နောက်ဆက်တွဲ အနေနှင့်မူ ဤမိုက်မဲလှသော ကျိုးကျသည် စီးကွမ် အသက်ပျောက်သွားရသည့်အဖြစ်ကိုပင် အရှက်မရှိ အခွင့်ကောင်းယူကာ သူ၏ အကွက်ချပြဇာတ်ကြီးကို ဆက်လက် ကပြချင်နေသေးသည်။

သူသည် အာဏာမက်မောလှသောကြောင့် သွေးကြွနေသော လူငယ်အရာရှိ ရာချီ၊ စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်ထားသည့် သူရဲကောင်း ရာချီကို အုပ်စုဖွဲ့ စုစည်းခေါ်ဆောင်ပြီး အောက်ယွီ၏ နေအိမ်ကို အလုံးအရင်းနှင့် ဝင်ရောက်စီးနင်းကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် အကွက်ကျကျ အခွင့်ကောင်းယူ၍ အောက်ယွီကိုပါ အသေသတ်ပစ်ရန် စီစဉ်ချင်သေး၏။

အကျိုးဆက်ကို တွေးဆနိုင်စွမ်းမရှိဘဲ မီးဟုန်းဟုန်းတောက်နေသည့် နိုင်ငံရေး ကစားကွက်ထဲသို့ ဆီလောင်းရန် ပြင်ဆင်နေသည့် သူ၏လုပ်ရပ်မှာ လွန်စွာပင် ရဲတင်းလွန်းလှ၏။

“အမြန် အိမ်ပြန်... နောက်ဆက်တွဲ ဖြစ်လာမယ့်ကိစ္စတွေက ကောင်းကင်ကြီး ပြိုကျလောက်တဲ့အထိ ကြီးမားလွန်းလို့ ခင်ဗျား ဝင်ပါလို့ ရတဲ့ကိစ္စ မဟုတ်တော့ဘူး။ အမြန် အိမ်ပြန်။” အောက်မင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

“ခင်ဗျားက ဘာကောင်မို့လို့လဲ။ အရင်တုန်းက တွမ်ယွင်ကိစ္စ အတွက်တောင် ခင်ဗျားတို့နဲ့ စာရင်း မရှင်းရသေးဘူး။” ကျိုးကျက ဒေါသတကြီးဖြင့် ပြောလိုက်၏။

အောက်မင် သည် ရုတ်တရက် ပါးတစ်ချက် ရိုက်ချလိုက်ပြီး တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။ “အမြန် အိမ်ပြန်... မဟုတ်ရင် ခင်ဗျားရဲ့ ခြေထောက်တွေကို အခုချက်ချင်း ရိုက်ချိုးပစ်မယ်။ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ခင်ဗျားအဖေကို သွားပြောပြလိုက်။ ပြီးတော့ ကျုပ်က ခင်ဗျားကို ပါးတစ်ချက် ရိုက်လိုက်တယ် ဆိုတာကိုပါ ပြောပြလိုက်။ ခင်ဗျားရဲ့ သူငယ်ချင်းတွေနဲ့ စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူတွေ အားလုံးကို ခေါ်ပြီး အမြန် အိမ်ပြန်။”

စုချင်ဝမ်၏ သားတော် သည် မျက်နှာ ပျက်ယွင်းသွားပြီး ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ကို ရိုက်ရဲတယ်ပေါ့။ ဒီနေ့ ကျုပ် ခင်ဗျားကို မသတ်နိုင်ရင်...”

သို့ပေမည့် နောက်တစ်စက္ကန့်တွင် သူ၏ လည်ပင်းကို အောက်မင်က ညှစ်ထားလိုက်တော့သည်။

“ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း...”

အောက်မင်သည် ကျိုးကျကို ပါးအကြိမ်ကြိမ် ရိုက်ချလိုက်ပြီး တင်းမာသည့် လေသံဖြင့် အမိန့်ပေးလိုက်၏။ “အမြန် အိမ်ပြန်။”

စုချင်ဝမ်၏ သားတော် ကျိုးကျသည် အလွန်အမင်း ဒေါသထွက်သွားပြီး ရူးသွပ်မတတ် အော်ဟစ်ကာ စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းစွာ ပြောလိုက်သည်။ “အိမ်ပြန်ဆိုရင်လည်း အိမ်ပြန်မယ်။”

ထို့နောက် သူသည် တိုက်ရိုက် ထွက်ခွာသွားပြီး မြင်းပေါ်သို့ တက်ကာ အိမ်သို့ ပြန်သွားတော့၏။

အောက်မင်လည်း စကားတစ်ခွန်းမှ မဆိုဘဲ မြင်းပေါ်သို့ တက်ကာ ဆရာဖြစ်သူ အမတ်ချုပ်ကြီး လင်ကုန်း၏ အိမ်တော်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားတော့သည်။

သို့ပေမည့် ထိုနေရာတွင် ရှိနေသော စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ အများအပြားသည် သွေးပူနေကြပြီး ပြိုင်ပွဲစင်မြင့် ပေါသို့ တိုက်ရိုက် ပြေးတက်သွားကြတော့၏။

“အောက်ယွီကို ရိုက်သတ်... အောက်ယွီကို ရိုက်သတ်... သားတော် အတွက် လက်စားချေ... သားတော် အတွက် လက်စားချေကြ...”

ဤ စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ ရာကျော်ခန့်သည် အဘယ်ကြောင့် စီးကွမ် အပေါ် ဤမျှလောက် သစ္စာရှိကြသနည်း။ ဤသည်မှာ နာမည်ကြီးသော စီးမိသားစု၏ အစွမ်းပင် ဖြစ်သည်။

ကျိန့်ဟိုင်မြို့စားအိမ်တော် စီးမိသားစုသည် ကျွန်းဆွယ် တစ်ခု၊ ကျွန်းစု အများအပြားကို ပိုင်ဆိုင်ထားပြီး ပြည်နယ် တစ်ခုစာခန့် ကျယ်ဝန်းသော နယ်မြေကို ပိုင်ဆိုင်ထား၏။

ထို့ကြောင့် စီးမိသားစု၏ နယ်မြေတွင် ပြုလုပ်သော အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ စာမေးပွဲများကိုလည်း သူတို့ မိသားစုကသာ ကျင်းပပေးခြင်း ဖြစ်သည်။

ဤအရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူများသည် စီးမိသားစုကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားကြ၏။

စီးမိသားစုသည် မျိုးရိုးမတူသည့် ဘုရင် ဖြစ်သောကြောင့် သူတို့၏ နယ်မြေရှိ စစ်ဖက်ဆိုင်ရာရော အရပ်ဖက်ဆိုင်ရာ စာမေးပွဲများတွင်ပါ နန်းတွင်းက အထူး အခွင့်အရေးများ ပေးထားသည်။

နှစ်စဉ် နွေဦး စာမေးပွဲနှင့် နန်းတွင်း စာမေးပွဲများတွင် စီးမိသားစု၏ နယ်မြေမှ ကျောင်းသား မည်မျှ ပါဝင်ခွင့် ရှိသည်ကို သတ်မှတ်ထား၏။

အရပ်ဖက် စာမေးပွဲ အောင်မြင်သူများမှာ တောင်ပိုင်း ကျိုးမြို့တော်၏ ယဉ်ကျေးမှု အငွေ့အသက်များကြောင့် အလွယ်တကူ ပြောင်းလဲသွားနိုင်သော်လည်း စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူများကတော့ စီးကွမ်ကို သူတို့၏ သခင် အဖြစ် လုံးဝ သတ်မှတ်ထားကြသည်။

ထို့အပြင် မြို့တော်ရှိ သိုင်းပညာကျောင်းတော်တွင် သိုင်းပညာ သင်ကြားနေပြီး စစ်ဖက်ဆိုင်ရာ စာမေးပွဲများကို ဖြေဆိုရန် စောင့်ဆိုင်းနေသော ကျောင်းသား အများအပြား ရှိနေ၏။

စီးကွမ်သည် ကျိန့်ဟိုင်မြို့စား သားတော် တစ်ယောက် အနေဖြင့် ထိုနေရာတွင် လှံရေးနည်းပြအဖြစ် တာဝန်ယူထားပြီး လူအများ၏ ထောက်ခံမှုကို ရယူထားခဲ့သည်။

ယခုအခါ စီးကွမ် သေဆုံးသွားပြီဖြစ်ရာ ဤစီးမိသားစု၏ ကျွန်များဖြစ်သော စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ များသည် အောက်ယွီကို မည်သို့ အလွတ်ပေးနိုင်မည်နည်း။ ချက်ချင်း ပြေးတက်သွားပြီး အောက်ယွီကို ရိုက်သတ်ရန် ပြင်လိုက်ကြတော့၏။

“ဘယ်သူရဲလဲ။ သေချင်နေတာလား။” မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတော့သည်။

အောက်ရှင်းသည် သံချပ်ကာ ဝတ်ဆင်ကာ ငွေရောင်လှံရှည်ကို ကိုင်ဆောင်ထားပြီး ပြိုင်ပွဲစင်မြင့်ပေါ်တွင် တောင်ကြီး တစ်တောင်လို ရပ်နေ၏။

ပင်နီဆီလင်ဖြင့် ကုသမှု ခံယူပြီးနောက် အောက်ရှင်း၏ အဆုတ်နာရောဂါမှာ လုံးဝ မပျောက်ကင်းသေးသော်လည်း အများကြီး သက်သာလာပြီ ဖြစ်သည်။

စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူများ ချက်ချင်း ရပ်တန့်သွားကြပြီးနောက် လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အောက်ရှင်းက အဆုတ်နာရောဂါ ဖြစ်နေပြီး အစောကြီးတည်းက အသုံးမကျတော့ဘူး။ သူ့ကို မကြောက်ကြနဲ့။ ပြေးဝင်သွားပြီး သူတို့ သားအဖ နှစ်ယောက်လုံးကို ရိုက်သတ်ကြ။”

“အောက်ရှင်း သားအဖကို ရိုက်သတ်ကြ။”

“အောက်ရှင်း သားအဖကို ရိုက်သတ်ကြ။”

ထို့နောက် ဤလူရာကျော်ခန့်သည် နောက်တစ်ကြိမ် ပြေးဝင်လာကြပြန်သည်။

အောက်ရှင်းသည် လှံရှည်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ အရှေ့ရှိ စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ ဆယ်ယောက်ကျော်ခန့်သည် ကောက်ရိုးရုပ်များကဲ့သို့ တိုက်ရိုက် လွင့်စင်သွားကြတော့၏။

မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သွေးများ ပန်းထွက်လာကြသော်လည်း မည်သူမှ မသေဆုံးခဲ့ကြချေ။

“သေချင်နေတာလား။” အောက်ရှင်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။

ထိုအချိန်တွင်ပင် မိန်းမစိုးအိုကြီး ဟောက်ချန် ပြေးလာပြီး ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... သခင်လေး အောက်ယွီ... ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ။ မြန်မြန် ကျုပ်နောက်လိုက်ခဲ့... မြန်မြန် ကျုပ်နောက်လိုက်ခဲ့ပါ။”

ထို့နောက် အောက်ယွီ သည် မြင်းပေါ်သို့ တက်ကာ အောက်ရှင်း နှင့် ဟောက်ချန် တို့၏ အကာအကွယ်ဖြင့် ပြိုင်ပွဲစင်မြင့်မှ ထွက်ခွာသွားပြီး ရှန်ချင်းနန်းဆောင်ဆီသို့ ဦးတည်သွားတော့၏။

…………..

စုချင်ဝမ်၏ အိမ်တော် အတွင်း၌....

“စီးကွမ် သေသွားပြီ ဟုတ်လား။” စုချင်ဝမ်က တုန်ယင်စွာဖြင့် မေးလိုက်သည်။

ကျိုးကျက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ် အဖေ... စီးကွမ် ဟာ အောက်ယွီရဲ့ ရိုက်သတ်ခြင်းကို ခံလိုက်ရပါတယ်။”

စုချင်ဝမ်က ထပ်မေးလိုက်သည်။ “ဘာအပြောင်းအလဲတွေ ဖြစ်သွားတာလဲ။ အောက်ယွီက ဘာ လျှို့ဝှက် လက်နက်တွေ၊ ဘာ အဆိပ်တွေ သုံးလိုက်တာလဲ။”

ကျိုးကျက ခေါင်းခါကာ ပြန်ဖြေလိုက်၏။ “မသုံးပါဘူး။ အောက်ယွီက လှံနဲ့ တစ်ချက် ထိုးလိုက်တာ စီးကွမ် လေထဲကနေ ပြုတ်ကျလာပြီး တုန်ခါနေတယ်။ အဲဒီနောက်မှာ အောက်ယွီရဲ့ ထိုးသတ်ခြင်းကို ခံလိုက်ရတာပါ။”

စုချင်ဝမ်၏ ဦးခေါင်းတစ်ခုလုံး ထုံကျင်သွားပြီး တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထောင်မတ်လာတော့သည်။

သတ်မှတ်ထားသည့် ကစားကွက်အတိုင်းဆိုလျှင် ဤပြိုင်ပွဲတွင် အောက်ယွီ သေချာပေါက် သေဆုံးသွားရမှာ ဖြစ်သည်။ အကယ်၍ သူသာ သေဆုံးသွားခဲ့လျှင် ဩဇာအာဏာကြီးမားသူတို့အတွက် ဘာပြဿနာမှ ရှိလာမည် မဟုတ်ဘဲ အရာအားလုံးသည် အေးအေးလူလူပင် ပြီးဆုံးသွားပေလိမ့်မည်။

သို့သော်ငြား ယခု မသေသင့်သည့် စီးကွမ်က သေဆုံးသွားခဲ့ပြီဖြစ်ရာ ကိစ္စအဝဝသည် လုံးဝပြောင်းပြန်ဖြစ်ကာ ကြီးမားသော ဘေးဒုက္ခဆိုးကြီး ဆိုက်ရောက်လာတော့မှာဖြစ်၏။

ထိုအရာသည် တောင်ပိုင်းကျိုးအင်ပါယာတစ်ခုလုံး၏ ကောင်းကင်ကြီး ပြိုကျပျက်စီးသွားလောက်သည့်အထိ ပြင်းထန်လွန်းသော နိုင်ငံရေး မုန်တိုင်းကြီးတစ်ရပ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အောက်ယွီ ပြန်လည်ရောက်ရှိလာပြီးတည်းက ဧကရာဇ်ဟောင်းသည်လည်း နတ်ရွာစံလုဆဲဆဲ အခြေအနေမှ သူ၏ဆန်းကြယ်လှသော ကယ်တင်မှုကြောင့် အံ့ဩဖွယ်ရာ ပြန်လည်သက်တော်ရှည်လာခဲ့၏။

ထိုအချိန်မှစ၍ တောင်ပိုင်းကျိုးအင်ပါယာကြီး တစ်ခုလုံးတွင် လေတိုက်နှုန်းနှင့် တိမ်တိုက်များ၏ ရွေ့လျားမှုတို့ကအစ တစ်စထက်တစ်စ ပြောင်းလဲလှုပ်ခတ်လာခဲ့ရတော့သည်။

တရားလွှတ်တော်ချုပ်ကို သွေးစွန်းစေခဲ့သည့် အရေးအခင်းမှသည် ညီလာခံတစ်ခုလုံး သွေးမြေကျခဲ့ရသည့် အမှုအခင်းအထိ၊ ယခုမူ ကျိန့်ဟိုင်မြို့စား၏ သားတော် စီးကွမ် ကွင်းပြင်၌ သေဆုံးသွားရသည့် အမှုအထိပင်။

ဖြစ်ပျက်သမျှ ကိစ္စရပ်တိုင်းသည် တစ်ခုထက်တစ်ခု ပိုမိုကြီးမားကျယ်ပြန့်လာပြီး၊ ပို၍ပင် အသက်ရှူ မှားလောက်အောင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလာတော့သည်။

ဘေးမှ ကြည့်ရှုရုံသက်သက် ကြည့်နေရသည့် ပရိသတ်တစ်ဦးအဖို့မူ ဤသည်မှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပြီး အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်ကွက်ကြီး ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ဤသွေးချောင်းစီး ကစားကွက်ထဲတွင် ကိုယ်တိုင် ပါဝင်ပတ်သက်နေရသည့် ဇာတ်ကောင်တစ်ဦး အဖို့မူကား တစ်ကိုယ်လုံး တုန်ယင်ပြီး ဝိညာဉ် လွင့်စဉ်ထွက်သွားလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။

‘ပြဿနာကြီးသွားပြီ... ပြဿနာ အကြီးကြီး ဖြစ်တော့မယ်။’

………………..

All Chapters