တည်နေရာခုန်ကူးခြင်း (၁)
Vol. 62 Ch. 1040
[တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်တွေက...]
“အလယ်က ဝါကျ”
[မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်ရင် မတူညီတဲ့ ဖွဲ့စည်းပုံဆိုင်ရာရလဒ်တွေ ထွက်လာလိမ့်မယ်]
လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူ့ပေါင်ပေါ်တွင် ထိုင်နေသော ကီကီလည်း လင်းရှန်၏ အမူအရာကို သတိပြုမိပြီး အလျင်အမြန်မေးလိုက်သည်။
“လင်းရှန်…. ရှင်အစီအစဉ်တစ်ခုခုရသွားပြီလား”
လင်းရှန်က ခေါင်းခါပြလိုက်ပြီး ရှုပ်ထွေးနေသော အမူအရာဖြင့် ကီကီကို ကြည့်ကာ ပြောသည်။
“ကောင်မလေး… ငါတို့ ချန်ယန်ရွှီကို တွေ့တုန်းက သူ ငါ့ကိုပြောခဲ့တဲ့စကားကို မင်းမှတ်မိသေးလား”
“ဘာပြောတာလဲ”
“သူ ပြောတာက ငါဟာ တားမြစ်ပစ္စည်းတွေရဲ့ စွမ်းအားကို စွဲလမ်းနေပြီး အဲဒါက ‘သခင်ကြီး’ ရဲ့ စွမ်းအားလို့ ပြောခဲ့တယ်”
ကီကီ ချက်ချင်း မှတ်မိသွားပြီး “ဟုတ်တယ် အဲဒီအချိန်တုန်းက ရှင်က ပုံမှန်မဟုတ်တဲ့ လက္ခဏာအချို့ပြခဲ့သေးတယ်… ကျွန်မတို့က ရှင် တိုက်ခိုက်ခံရတာလို့ ထင်နေခဲ့တာ”
လင်းရှန်က မျက်မှောင်ကြုတ်လျက် ဇဝေဇဝါဖြင့် ကီကီကို ကြည့်ကာ “ငါ အဲဒီစကားကို သိပ်ပြီးဂရုမစိုက်ခဲ့မိဘူး၊၊ ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့အနန္တရထားပေါ်မှာ ပိုင်ဆိုင်ထားတဲ့ တားမြစ်ပစ္စည်းကို ရည်ညွှန်းတာလို့ ထင်နေခဲ့လို့ပဲ… ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်ရင် အဲဒါမဟုတ်ခဲ့ရင်ကော”
ကီကီ နားမလည်နိုင်ဖြစ်သွားပြီး “ရှင် ဘာကိုဆိုလိုတာလဲ ကျွန်မ နားမလည်ဘူး၊၊ သူက ဗျာဒိတ်တော်ဂိုဏ်းနဲ့ ပတ်သက်နေပြီး ဖောင်ဒေးရှင်းနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာပဲလေ… ကျွန်မတို့ဆီမှာ တားမြစ်ပစ္စည်းတွေရှိနေတာကို သူ သိနေတာက မထူးဆန်းပါဘူး”
လင်းရှန်က ခေါင်းခါလျက် “အစကတော့ ငါလည်း အဲဒီလိုပဲထင်ခဲ့တာမို့ သိပ်ပြီးအာရုံမစိုက်မိဘူး၊၊ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်ရင် သူက တခြားအရာကိုရည်ညွှန်းတာမဟုတ်ဘဲ အဲဒီအချိန်က အခြေအနေကိုပဲ ရည်ညွှန်းနေတာလို့ ငါ ခံစားနေရတယ်”
“အဲဒီအချိန်က အခြေအနေဟုတ်လား”
“ချန်ယန်ရွှီရဲ့ ရှုထောင့်ကနေကြည့်ရင် သူ ငါ့ဆီမှာ တစ်ခုခုကိုမြင်ခဲ့လို့ အဲဒီလိုပြောခဲ့တာဖြစ်နိုင်မလား” လင်းရှန်က မေးသည်။
ကီကီ အံ့အားသင့်သွားကာ “ဒါပေမဲ့ အဲဒီအချိန်တုန်းက ရှင့်ဆီမှာ ဘာတားမြစ်ပစ္စည်းမှ မရှိဘူးလေ”
“တကယ်တော့ အဲဒါနဲ့ပတ်သက်ပြီးပြောရရင် တစ်ခုတော့ရှိခဲ့တယ်”
လင်းရှန် ရုတ်တရက် ကြက်သီးမွေးညင်းထသွားပြီး ကီကီနှင့် အကြည့်ချင်းဆုံမိကာ တစ်ပြိုင်နက်တည်းမှာပင် လမ်းကြောင်းတစ်ခုကို တွေးမိသွားကြသည်။
“ငွေကျည်ဆန်” ကီကီက မျက်မှောင်ကြုတ်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အဲဒီအချိန်တုန်းက ဂရေ့စ်နဲ့ ဆက်သွယ်မှုတစ်ခုကို ငါခံစားခဲ့ရတယ်၊၊ အခု ပြန်စဉ်းစားကြည့်ရင် အဲဒါက ငွေကျည်ဆန်ကို ငါ ထိန်းသိမ်းထားတဲ့ ဆက်သွယ်မှုကြောင့် ဖြစ်နိုင်တယ်”
“ရှင်ဆိုလိုတာက ဒီအချိန်ရေတွက်မှုဟာ ချန်ယန်ရွှီရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ ပြောချင်တာလား”
လင်းရှန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ လင်းလက်သွားပြီး အရာတစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူသည် ကြယ်နက်ပန်းပဲဖိုကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ့အသိစိတ်က ဟာလာဟင်းလင်းဖြစ်နေသည့် ကြယ်စုအတွင်းပိုင်းတွင် အမည်းရောင်ပစ္စည်းတစ်ခုက တိတ်ဆိတ်စွာ မျောလွင့်နေသည်။
အမည်းရောင်ဂီယာတစ်ခုက ဖြည်းညှင်းစွာ မျောလွင့်နေသည်။
သိမ်မွေ့သောတုန်ခါမှုခံစားချက်တစ်ခုနှင့်အတူရှိနေသည်။
လင်းရှန်သည် ၎င်းကို သေချာစုံစမ်းစစ်ဆေးရန်အတွက် ဖမ်းဆုပ်ရန် လက်ကို ဆန့်တန်းလိုက်သည်။
သို့သော် ထိုအချိန်တွင်ပင် သူ့ရှေ့ရှိ အချိန်ရေတွက်မှုသည် ရုတ်တရက်ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။
စက္ကန့်များသည် အလွန်အမင်းမြန်ဆန်လာပြီး မူလက ၅၂ မိနစ် ကျန်ရှိသော အချိန်ရေတွက်မှုသည် ယခုအခါ အရှိန်အဟုန်ဖြင့် လျော့နည်းလာသည်။
မိနစ်များသည် ယခုအခါ ၅၂ စက္ကန့်မျှသာ ကျန်ရှိတော့သည်။
“လခွမ်းမသား”
ယခုအချိန်တွင် လင်းရှန်သည် အရှိန်အဟုန်ဖြင့် လျော့နည်းလာနေသော အချိန်ရေတွက်မှုကိုကြည့်ရင်း သူ့အတွေးက မှန်ကန်ကြောင်း ချက်ချင်းသိလိုက်သည်။ ဒီအချိန်ရေတွက်မှုက အမည်းရောင်ဂီယာနဲ့ တကယ်ပဲ ဆက်စပ်နေလေသည်၊၊ ဒါပေမဲ့ သူ နားမလည်နိုင်တာက အစောပိုင်းတုန်းက ချန်ယန်ရွှီဆီကနေ ဒါကိုရရချင်းမှာ သူ အတန်ကြာအောင်လေ့လာခဲ့သေးပေသည်၊၊ အဲဒီတုန်းက ဘာလို့ ဒီလိုမျိုးတုံ့ပြန်မှုမရှိခဲ့တာလဲ။
၄၈၊ ၄၇၊ ၄၆...
အချိန်ရေတွက်မှုက လင်းရှန်၏ မျက်စိရှေ့မှောက်တွင် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ နောက်ပြန်ရေတွက်နေပြီး သူ့နှလုံးခုန်နှုန်းနှင့် သွေးဖိအားများလည်း မြင့်တက်လာသည်။
ဘာလုပ်ရမလဲ အခုပဲ ကုန်တော့မယ်။
အချိန်ရေတွက်မှု ကုန်ဆုံးသွားရင် ဘာဖြစ်လာမလဲ။
သေချာပေါက်ကောင်းတဲ့အရာတော့ ဖြစ်မလာနိုင်ချေ။ အကယ်၍ ဒီအချိန်ရေတွက်မှုက အမည်းရောင်ဂီယာနဲ့ ဆက်နွှယ်နေတယ်ဆိုရင် ဒါဟာ ချန်ယန်ရွှီ စီစဉ်ထားတာဖြစ်ဖို့ အလားအလာအလွန်များနေပြီး အဲဒါက ဘယ်လိုမှ ကောင်းတဲ့အရာဖြစ်မနေနိုင်တာပဲ။
လင်းရှန်၏ ဦးနှောက်က အလွန်မြန်ဆန်စွာအလုပ်လုပ်နေပြီး အသက်ရှူသံများပင် ပြတ်တောင်းပြတ်တောင်းဖြစ်လာသည်။
၄၄၊ ၄၃၊ ၄၂...
“ဘာလို့အချိန်ကရုတ်တရက်မြန်လာရတာလဲ… ဒါက ယုတ္တိမရှိဘူး၊၊ အကယ်၍ အရှိန်မြှင့်လို့ ရတယ်ဆိုရင် ချန်ယန်ရွှီက ဘာလို့အစကတည်းက ဒါကိုမလုပ်ခဲ့တာလဲ”
“ငါ တစ်ခုခုကို ထိမိသွားလို့လား”
ယခုအချိန်တွင် လင်းရှန်သည် အာခေါင်များခြောက်သွေ့နေပြီ ဖြစ်သည်။ သူသည် အမည်းရောင်ဂီယာကို ကောက်ယူကာ မျက်စိနားအထိ ကပ်လိုက်ပြီး မိမိကိုယ်ကိုယ်တည်ငြိမ်အောင် အတင်းအကျပ်ထိန်းချုပ်ရင်း အမည်းရောင်ဂီယာကို သေချာစောင့်ကြည့်လေ့လာမိသည်။
အမည်းရောင်ဂီယာသည် အနက်စစ်စစ်ကြီးမဟုတ်ချေ။ ၎င်းက ယာဉ်တစ်စီး သို့မဟုတ် စက်ပစ္စည်းတစ်ခုခု၏ အတွင်းပိုင်းတွင် အချိန်အတော်ကြာမီးအပူပေး၍ ချောမွေ့အောင်လုပ်ထားသည့် အရောင်အသွေးမျိုးနှင့် ပိုတူနေပြီး ဂီယာသွား ၆၈ ခု ရှိနေသည်ကို မြင်ရသည်။ သေချာကြည့်လျှင် ၎င်း၏ အမည်းရောင်တောက်ပမှုထဲတွင် စီးဆင်းနေသလိုမျိုးရှိနေပြီး ထူးဆန်းသောခံစားချက်ကို ပေးစွမ်းနေသည်။
လင်းရှန်သည် ၎င်းထံတွင် ရှိနေသော အမှောင်စွမ်းအင်တုန်ခါမှုကြောင့်မှန်း သိသော်လည်း ထပ်မံစောင့်ကြည့်လေ့လာသည့်တိုင် မည်သည့်သဲလွန်စမျှ ရှာမတွေ့သေးချေ။
၃၉၊ ၃၈၊ ၃၇...
စက္ကန့်များကုန်ဆုံးသွားသည်နှင့်အမျှ လင်းရှန်၏ နှလုံးသားက ပို၍ ပို၍ တင်းကျပ်လာရသည်။
“ဒါက အတိအကျဘာလဲ… ငါ ဘာလုပ်လိုက်မိလို့လဲ”
“တည်ငြိမ်စမ်း…. သေချာပေါက် မင်း သတိမထားမိသေးတဲ့ အရာတစ်ခုခုရှိနေတယ်”
လင်းရှန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကုလားထိုင်တစ်လုံးကို ဖန်တီးကာ ထိုင်လိုက်သည်။ ထို့နောက် လက်ထဲရှိ အမည်းရောင်ဂီယာကို စိုက်ကြည့်ရင်း အတွေးနက်နေမိသည်။
“အကယ်၍ ဒါဟာ ချန်ယန်ရွှီရဲ့ လက်ချက်ဆိုရင် သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ… သူ ပြောခဲ့တာက ငါ့ကို သတ်ဖို့လုပ်တာက သခင်ကြီးရဲ့အမိန့်ကြောင့်ပဲတဲ့… ဒါပေမဲ့ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်ပြီ ဆိုတော့ သူ့ရည်ရွယ်ချက်က ငါ့ကိုသတ်ဖို့မဟုတ်ဘူးလား”
“ဗျာဒိတ်တော်ဂိုဏ်းရဲ့ ခေါင်းဆောင်က တားမြစ်ပစ္စည်းအကြောင်းကို ကောင်းကောင်းနားလည်ထားလောက်တယ်၊၊ ဒါပေမဲ့ သူက ငါ့ရဲ့ ငွေကျည်ဆန်အကြောင်းကို ဘယ်လိုသိတာလဲ…. ဒါမှမဟုတ် သူ့ဆီမှာ တခြားအရာတစ်ခုခုရှိနေလို့လား… ယုတ္တိဗေဒအရဆိုရင်တော့ ငွေကျည်ဆန်က ငါ့ဆီမှာရှိမနေတာမို့ ဗျာဒိတ်တော်ဂိုဏ်းရဲ့ တားမြစ်ပစ္စည်းရှာဖွေစက်က ဒါကို ရှာမတွေ့နိုင်လောက်ဘူး...”
၃၀၊ ၂၉၊ ၂၈...
လင်းရှန် မျက်လုံးများကို မှိတ်ကာ မျက်ခုံးအစုံကို နှိပ်ရင်း အတွေးများကို အလျင်အမြန် စနစ်တကျပြန်လည်စီစဉ်လိုက်သည်။
“တားမြစ်ပစ္စည်း၊ သခင်ကြီးရဲ့ စွမ်းအား၊ သမုဒ္ဒရာနတ်ဘုရားကြီးနဲ့ ဆက်စပ်နေတာလား… မဟုတ်သေးဘူး”
“ငွေကျည်ဆန်ကို ငါ ဦးနှောက်-စက်ပစ္စည်း အသွင်ပြောင်းကိရိယာသုံးပြီး ဂရေ့စ်ဆီမှာ ထားခဲ့တာလေ… အဲဒါက ဂရေ့စ်နဲ့ ဆက်စပ်နေတာလား”
“နေဦး...”
လင်းရှန်သည် အတွေးထဲ၌ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး “ဂန်မာရောင်ခြည် ဖြာထွက်မှု” ဟု ရေရွတ်မိသည်။
“ဂရေ့စ် ပြောတာက ဂန်မာရောင်ခြည်ဖြာထွက်မှုတစ်ခုနဲ့ကြုံခဲ့ရတယ်တဲ့… အဲဒါက တားမြစ်ပစ္စည်းတစ်ခုနဲ့ ဆက်စပ်နေတာလား… ဒါမှမဟုတ် တခြားစွမ်းအင်တွေနဲ့လား”
“ဘာလို့ ငါနဲ့ ချူယန်ရဲ့ ဆက်သွယ်မှုက ရုတ်တရက် ပြတ်တောက်သွားရတာလဲ...”
“ဆက်သွယ်မှု ပြတ်တောက်သွားတယ်...”
လင်းရှန်သည် ထိုစကားလုံးများကို ရေရွတ်ရင်း မျက်မှောင်ကို ဖြည်းဖြည်းချင်း ကြုတ်လိုက်မိကာ ချန်ယန်ရွှီပြောခဲ့သည့် စကားတစ်ခုကို ရုတ်တရက် သတိရသွားသည်။
[ကြည့်ရတာ... မင်းလည်း တားမြစ်ပစ္စည်းတွေရဲ့ စွမ်းအားကို အတော်လေး စွဲလမ်းနေတာပဲ၊ ဒါတွေအားလုံးက... သခင်ကြီးဆီက လက်ဆောင်တွေဆိုတာ မင်းသိသင့်ပါတယ်]
[ငါတို့ ပြန်တွေ့ကြတာပေါ့ ဓားကိုင်ဆောင်သူ]
ဝုန်း
သူ့စိတ်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ လင်းရှန်သည် ရုတ်တရက် ကြောက်မက်ဖွယ်အတွေးတစ်ခုရလာသည်။
ချန်ယန်ရွှီ၏ ရည်ရွယ်ချက်က သူ့ကို သတ်ရန်မဟုတ်ဘဲ လင်းရှန်ထက် ပိုမြင့်မားသောပစ်မှတ်တစ်ခုရှိနေခြင်းဖြစ်သည်။
တောင်ဘက်ကောင်းကင်ဂိတ်။
“ဂရေ့စ်”
မည်သည့် တုံ့ပြန်မှုမျှမရှိချေ။
တောင်ဘက်ကောင်းကင်ဂိတ်နှင့် ဆက်သွယ်ရေးပြတ်တောက်သွားခြင်းဖြစ်သည်။
လင်းရှန် ထိတ်လန့်သွားပြီး အသက်ရှူသံများ အေးစက်သွားရသည်။
၂၀၊ ၁၉၊ ၁၈...
တောင်ဘက်ကောင်းကင်ဂိတ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခြင်း… သူနှင့် ချူယန် အဆက်အသွယ်ပြတ်တောက်သွားခြင်းသည် ဖီးနစ်ကလည်း တောင်ဘက်ကောင်းကင်ဂိတ်နှင့် ဆက်သွယ်မှုပြတ်တောက်သွားခြင်းကို ဆိုလိုနေသည်။
“သောက်ကျိုးနည်း...”