← Chapters

တည်နေရာခုန်ကူးခြင်း (၂)

Vol. 62 Ch. 1041

တည်နေရာခုန်ကူးခြင်း (၂)

Vol. 62 Ch. 1041

လင်းရှန်တွင် ယခင်ကတည်းက ဤသံသယများရှိခဲ့ဖူးသည်၊၊ အမှန်တော့ အမှောင်ငွေကျည်ဆန်၏ စွမ်းအားကို အားကိုးသည့် ဓားကိုင်ဆောင်သူတစ်ယောက်အနေဖြင့် သူသည် ကောင်းကင်အကာကွယ်ကို ဖောက်ထွင်းပြီး တောင်ဘက်ကောင်းကင်ဂိတ်နှင့် ဆက်သွယ်နိုင်ခဲ့သည် အကယ်၍ ဤစွမ်းအားက သတိပြုမိခံလိုက်ရလျှင် ဤဖဲချပ်သည် ခြိမ်းခြောက်နိုင်စွမ်း လုံးဝဆုံးရှုံးသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တားမြစ်ပစ္စည်းများ၏ စွမ်းအားသည် လူသားများနှင့်မသက်ဆိုင်ကြောင်း လင်းရှန်သိထားသောကြောင့်ဖြစ်သည်။

မနေ့ညကတည်းက ယခုအချိန်အထိ သူသည် ဂရေ့စ်နှင့်ဆက်သွယ်ရန်အချိန်မရခဲ့ချေ၊၊ မထင်မှတ်ဘဲ တစ်ညတာအတွင်းမှာပင် သူမနှင့် အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ရသည်။

“မဖြစ်ဘူး… ငါ ဒီအတိုင်းထိုင်ပြီး အသေခံလို့မဖြစ်ဘူး”

လင်းရှန် အံကြိတ်လိုက်ပြီး စိတ်ဝိညာဥ်စွမ်းအားများကို သူ့မျက်ခုံးနှစ်ခုအကြားတွင် စုစည်းကာ ငွေကျည်ဆန်ကို အာရုံခံရန်ကြိုးစားလိုက်သည်။

ဟာလာဟင်းလင်းဖြစ်နေသည်။

၁၅၊ ၁၄၊ ၁၃...

လင်းရှန် ဆက်လက်အာရုံခံနေရင်း တဖြည်းဖြည်းချင်းမှာပင် နောက်ဆုံး၌ ငွေကျည်ဆန်နှင့် အားနည်းသောဆက်သွယ်မှုတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ အလွန်သိမ်မွေ့လှပြီး ကန့်လန့်ကာတစ်ခုခြားထားသကဲ့သို့ဖြစ်နေသော်လည်း မိမိအနေဖြင့် ငွေကျည်ဆန်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း လင်းရှန်သိလိုက်သည်။

“ရှာတွေ့ပြီ”

နောက်တစ်စက္ကန့်တွင် လင်းရှန် စိတ်လှုပ်ရှားသွားသည်။ သူ တောင်ဘက်ကောင်းကင်ဂိတ်ဆီသို့ ခုန်ကူးလိုက်သည်နှင့် သူ့အခြေအနေက အလွန်အန္တရာယ်များလာမည်ကို သိထားသည်။ ပထမဆုံးအနေဖြင့် တောင်ဘက်ကောင်းကင်ဂိတ်ရှိနေသေးလား သို့မဟုတ် ငွေကျည်ဆန်က အာကာသ၏ မည်သည့်နေရာကိုရောက်နေမလဲဆိုတာ မသေချာချေ၊၊ အားလုံးပုံမှန်ဖြစ်နေဦးတော့ သူသည် ဖြတ်သန်း၍မရသော ကောင်းကင်အကာကွယ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ သူ ကမ္ဘာမြေပြင်ပေါ်သို့ ပြန်မလာနိုင်ပါက ကမ္ဘာပတ်လမ်းကြောင်းအနီးတွင် ငတ်မသေရန် တောင်ဘက်ကောင်းကင်ဂိတ်၌ ရိက္ခာများရှိနေဖို့သာ မျှော်လင့်ရမည်ဖြစ်သည်။

သို့သော် အချိန်ရေတွက်မှုက သုညအထိ နီးကပ်လာနေပြီမို့ မိမိကိုယ်ကိုယ် တခြားတစ်နေရာသို့ တည်နေရာခုန်ကူးလိုက်ခြင်းက အဖွဲ့ဝင်များကို ကာကွယ်ရာလည်း ရောက်နိုင်သည် မဟုတ်လား။

ဤသို့ တွေးမိသောအခါ လင်းရှန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မျက်လုံးများကို ချက်ချင်းမှိတ်ကာ မျက်ခုံးနှစ်ခုကြားတွင် စိတ်ဝိညာဥ်စွမ်းအားကို စုစည်းလျက် ကမ္ဘာပတ်လမ်းကြောင်းအနီးသို့ ခုန်ကူးခြင်းကို အပြီးသတ်ရန်ပြင်ဆင်လိုက်သည်။

သို့သော် မျက်လုံးမှိတ်ပြီး နှစ်စက္ကန့်အကြာတွင် လင်းရှန်သည် မျက်လုံးများကို ပြန်လည် ဖွင့်လိုက်ပြီး မျက်ဝန်းများလှုပ်ခတ်လျက် ငြိမ်သက်စွာ ရပ်နေမိသည်။

“ထူးဆန်းတယ်၊၊ ငါက ငွေကျည်ဆန်ကို ထိန်းသိမ်းထားနိုင်တာ သိသာနေတာပဲကို ဘာလို့ ဂရေ့စ်ကို ဆက်သွယ်လို့မရတာလဲ”

လင်းရှန်သည် လက်ထဲရှိ အမည်းရောင်ဂီယာကို ငုံ့ကြည့်ရင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။

“ဂရေ့စ် ငါပြောတာ ကြားရလား”

မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

၁၀၊ ၉၊ ၈...

အချိန် ၁၀ စက္ကန့်သာ ကျန်တော့သည်။

လင်းရှန် လက်မလျှော့ဘဲ သူ့စိတ်အာရုံကို ဆက်လက်စုစည်းလျက် ခေါ်နေသည်။

“ဂရေ့စ်”

ယခုတစ်ကြိမ်တွင်မူ သူ အသံမြှင့်၍ ခေါ်လိုက်သည်။

[ကျွန်မ ရှိပါတယ်]

ဂွမ်းအလွှာ ၁၀ထပ်ခန့်ဖြင့် အထပ်ထပ်အုပ်ထားသကဲ့သို့ အားနည်းလှသောအသံတစ်ခုက လင်းရှန်၏ စိတ်အတွင်းမှ ပဲ့တင်ထပ်လာသည်။ ၎င်းမှာ ဂရေ့စ်၏ လေသံကြောင့်မဟုတ်ဘဲ ထိုအသံ သို့မဟုတ် ဤဆက်သွယ်မှုလိုင်းတစ်ခုလုံးကို ထူထပ်လှသော မြူထုကြီးတစ်ခုက ဖုံးလွှမ်းပိတ်ဆို့ထားသောကြောင့်ဖြစ်သည်။

လင်းရှန်သည် ဂရေ့စ်၏အသံကိုကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားရသော်လည်း ဝမ်းသာအားရဖြစ်မနေဘဲ တိုက်ရိုက်ပင်မေးလိုက်သည်။

“ချူယန်နဲ့ ဆက်သွယ်လို့ ရလား”

[မစ္စချူယန်က လွန်ခဲ့တဲ့ ၁၃ မိနစ်ကပဲ အသိစိတ်ချိတ်ဆက်မှုကတစ်ဆင့် ရှင့်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်၊၊ ဖီးနစ်မှာ ရှင့်ကို အရေးတကြီးအကြောင်းကြားစရာသတင်းစကားတစ်ခုရှိနေလို့ပါ]

“ဘာသတင်းလဲ”

[ဖီးနစ်ရဲ့ အာရုဏ်ဦးဗဟိုစင်တာက မကြာသေးခင်ကတင် ထိုးဖောက်တိုက်ခိုက်မှုအကြိမ်အနည်းငယ်ခံခဲ့ရပါတယ်၊၊ ညလမ်းလျှောက်သူအဖွဲ့နဲ့ မြောက်အမေရိကပေါင်းစည်းတပ်ဦးတို့က ကင်းထောက်အဖွဲ့တွေ စေလွှတ်ခဲ့ပြီး အမှောင်ဂိုဏ်းက ချူယန်ကို ပစ်မှတ်ထားလုပ်ကြံဖို့ ကြိုးစားနေတာကို သိရှိခဲ့ရပါတယ်၊၊ ဒါဟာ ဖီးနစ်အနေနဲ့ တောင်ဘက်ကောင်းကင်ဂိတ်ကို ထိန်းချုပ်ထားနိုင်မှုကို ဟန့်တားဖို့ ရည်ရွယ်တာပါ၊၊ ဒါပေမဲ့ ဖီးနစ်ရဲ့ အင်အားချထားမှုက စစ်ကြောင်းတင်းကျပ်တာမို့ ကြီးကြီးမားမားသက်ရောက်မှုတော့ မရှိခဲ့ပါဘူး၊၊ မစ္စချူယန်က ဖီးနစ်ရဲ့ တပ်မှူးယဲ့လန်ရဲ့ သတင်းစကားကို ရှင့်ဆီ အမြန်ဆုံးလက်ဆင့်ကမ်းပေးဖို့ ကျွန်မကို ပြောထားပါတယ်၊၊ ‘တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက ကမ္ဘာမြေပြင်ပေါ်က ပစ်ခတ်မှုအင်အားတင်မကဘဲ… အမှောင်ယဉ်ကျေးမှုအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေမယ့် အကြောင်းရင်းတစ်ခုရှိနေသေးတယ်’]

“ငါ ခန့်မှန်းမိပါတယ်…. ဒါပေမဲ့ ငါ အခုပြဿနာနဲ့ ရင်ဆိုင်နေရပြီ အချိန်သိပ်မကျန်တော့ဘူးထင်တယ်...”

[နောက်ထပ် သတင်းစကားတစ်ခုကတော့ အမှောင်ဂိုဏ်းထဲကို ထိုးဖောက်ဝင်ရောက်နေတဲ့ ဖီးနစ်ရဲ့သူလျှိုကတစ်ဆင့်သိရတာက အဲဒီအမှောင်ဂိုဏ်းဟာ ရှင်နဲ့ မစ္စချူယန်ကို သုတ်သင်ရှင်းလင်းပစ်ဖို့ အမိန့်တစ်ခုလက်ခံရရှိထားတယ်တဲ့… နောက်ဆုံးရသတင်းအရ အဲဒီအမိန့်ကို လျှို့ဝှက်ပြန်ရုပ်သိမ်းလိုက်ပြီလို့သိရပေမယ့် အမှောင်ဂိုဏ်းအတွင်းမှာရှိတဲ့ ဂိုဏ်းခွဲအားလုံးက ဒီအမိန့်သစ်ကို လိုက်နာဆောင်ရွက်ကြတာမဟုတ်ပုံရလို့ ရှင့်အပေါ် တိုက်ခိုက်မှုက ရှိနေဆဲဖြစ်နိုင်ပါတယ်]

လင်းရှန် ထိုစကားကို ကြားသည်နှင့် မျက်ဝန်းများ စူးရှသွားကာ လက်ထဲရှိ အမည်းရောင်ဂီယာကို ချက်ချင်း စိုက်ကြည့်မိပြီး သံသယတစ်ခုဖြစ်ပေါ်လာသည်။

“ဒီတားမြစ်ပစ္စည်းက ငါ တကယ်ပဲ တိုက်ပွဲမှာ သိမ်းပိုက်နိုင်ခဲ့တာရော ဟုတ်ရဲ့လား”

…

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းကြီးတစ်ကျွန်းပေါ်တွင် ကျောက်သားတောင်ကုန်းများအကြား၌ ဧရာမ သတ္တုအခြေစိုက်စခန်းတစ်ခု မိုးထိုးကာတည်ရှိနေပြီး ၎င်းက ကျွန်းတစ်ခုလုံးတွင် မြှုပ်နှံထားသည့် ယန္တရားကိရိယာကြီးတစ်ခုကဲ့သို့ ရှိနေသည်။

ထိုသတ္တုစခန်းအဆောက်အအုံ၏ အပြင်ဘက်တွင် ဒရုန်းအမြောက်အမြားက ရေအောက်ရှိ အင်းဆက်အုပ်စုများကဲ့သို့ ပျံဝဲနေကြပြီး နိမ့်ဆင်းနေသောအနေအထားတွင် သတ္တုရောင် အေးစက်စက်တောက်ပနေကာ နံရံများထက်တွင် စီးဆင်းနေသော မျိုးရိုးဗီဇကွင်းဆက်မော်ဒယ်များ၏ သုံးဖက်မြင်အလင်းမျက်နှာပြင်များနှင့်အတူ တည်ရှိနေသည်။ စခန်း၏ အတွင်းအပြင်တွင် စွမ်းအားဝတ်စုံများဝတ်ဆင်ထားသော ယောကျ်ား၊မိန်းမ- ကင်းစောင့်တပ်ဖွဲ့ဝင်အမြောက်အမြားက စနစ်တကျစစ်ကြောင်းချလျက် ပုံမှန်ကင်းလှည့်နေကြသည်။

ကင်းလှည့်အဖွဲ့တစ်ဖွဲ့သည် သတ္တုနံရံများရှိသော အဆောက်အအုံတစ်ခုအတွင်းသို့ ယခုအချိန်တွင် ဝင်ရောက်သွားသော်လည်း အတွင်းပိုင်းအခင်းအကျင်းက ရုတ်တရက်ပြောင်းလဲသွားသည်။ ပြင်ပမှ သံမဏိကျောက်တောင်ကြီးများနှင့် မတူဘဲ အတွင်းပိုင်းသည် ကျယ်ပြောလှသော သဘာဝတောအုပ်ကြီးတစ်ခုနှင့် တူညီနေကာ သတ္တုအက်ကွဲကြောင်းများကြားမှ ရေညှိများပေါက်ရောက်နေပြီး အလိုအလျောက်ရေသွင်းစနစ်ဖြင့် ထိန်းသိမ်းထားသော ရေညှိဘွန်ဆိုင်းပင်များကို ဖုံးလွှမ်းထားသည်။ အမျိုးမျိုးသောအပင်များနှင့် သစ်ပင်များ၏ ရှုခင်းများက တစ်ခုနှင့်တစ်ခုထပ်နေသဖြင့် ဤနေရာသည် ပုန်းကွယ်နေသော သုခဘုံတစ်ခုကဲ့သို့ဖြစ်နေသည်။

လင်းထိန်နေသော စက်ဝိုင်းပုံအခန်းတစ်ခန်းအတွင်း၌ မည်သည့်စားပွဲမျှမရှိချေ၊၊ မည်သည့်ပြတင်းပေါက်မျှလည်း မရှိဘဲ ပတ်ပတ်လည်တွင် ပျားအုံသဏ္ဌာန် အသံလုံပစ္စည်းများကို သိပ်သည်းစွာ တပ်ဆင်ထားသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် မည်သည့်ပတ်ဝန်းကျင်ဆူညံသံမျှမရှိဘဲ မိမိ၏ နှလုံးခုန်သံနှင့် သွေးစီးဆင်းသံကိုပင် အတိုင်းသားရှင်းလင်းစွာကြားနိုင်ပေသည်။

တံခါးက တိတ်ဆိတ်စွာ ပွင့်လာပြီး ဂျာကင်အင်္ကျီကို ပေါ့ပါးစွာဝတ်ဆင်ထားသော ချန်ယန်ရွှီက ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ သူ ဝင်လာပြီးနောက် နောက်ကွယ်မှ တံခါးပြန်ပိတ်သွားသောအခါ သူ့ခြေသံပင် ပျောက်ကွယ်သွားရသည်။ သူက အခန်းဗဟိုရှိ အလင်းရောင်အောက်တွင် မတ်တပ်ရပ်နေသော အမျိုးသမီးကိုကြည့်ကာ အကွာအဝေးတစ်ခုတွင် ရပ်တန့်လိုက်ပြီး ထိုအမျိုးသမီးက တိတ်ဆိတ်စွာနားထောင်နေသည့်အခြေအနေမှ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက်မှ စကားစပြောလာသည်။

“အချိန်သိပ်မကျန်တော့ဘူး”

သူ့လေသံတွင် အလျင်လိုမှု အနည်းငယ်ပါဝင်နေသော်လည်း ထိုစကားလုံးများက ဤအခန်းထဲတွင် ပဲ့တင်ထပ်ခြင်းမရှိဘဲ အလွန်တရာတိတ်ဆိတ်၍ ထူးဆန်းခြောက်ခြားဖွယ်အငွေ့အသက်ကို ဖန်တီးပေးနေသည်။

ထိုအမျိုးသမီးက လှည့်လာရာ ဆံပင်အတိုနှင့် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာက လေးနက်တည်ငြိမ်သော်လည်း နားလည်ရခက်သောအကြည့်မျိုးရှိနေသည်။

သူမကား ဟွာရှောင်လင်းဖြစ်သည်။

“ငါ မင်းကို ပြောပြီးသားပဲ မင်းရဲ့ လုပ်ရပ်တွေက သခင်ကြီးရဲ့ အလိုတော်ကို ဆန့်ကျင်နေတယ်၊၊ လုံးဝကို မိုက်မဲပြီး ဘာအကျိုးအမြတ်မှ မရှိတဲ့အရာပဲ”

“ဟမ့်… ငါ့ကိုလာပြီး ဆရာမလုပ်ပါနဲ့”

ချန်ယန်ရွှီ၏ အကြည့်များထက်ရှသွားကာ “လူသားတွေရဲ့ ကောက်ကျစ်စဉ်းလဲမှုကို ငါတို့ လူသားတွေပဲသိတယ်၊၊ သခင်ကြီးကို ခြိမ်းခြောက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းက တိုက်ရိုက်ရှင်းလင်းပစ်ဖို့ပဲ သခင်ကြီးကြွရောက်လာဖို့အပေါ် ငါဘယ်လောက်အထိ သစ္စာရှိတယ်ဆိုတာ မင်းမကြာခင်သိရလိမ့်မယ်”

ဟွာရှောင်လင်းက ထိုစကားကို ကြားသောအခါ အနည်းငယ်ပြုံးလိုက်ပြီး သူမ၏ အသံကတည်ငြိမ်နေသည်၊၊

“လူသားတွေရဲ့ ကောက်ကျစ်စဉ်းလဲမှုကို လူသားတွေပဲသိတာ မှန်ပေမယ့် သခင်ကြီးရဲ့ အလိုတော်ကိုတော့ သခင်ကြီးပဲ သိတယ်၊၊ နင်က ခြိမ်းခြောက်မှုလို့ မြင်တဲ့အရာက သခင်ကြီးအတွက် ရှိမနေတာမျိုးဖြစ်နိုင်ပေမယ့် နင့်ရဲ့ မိုက်မဲမှုကတော့ အမှန်အကန်ရှိနေတာပဲ၊၊ နင်က အမည်းရောင်ဂီယာကို သုံးပြီး လင်းရှန်နဲ့ တားမြစ်ပစ္စည်းတွေကြားက ဆက်သွယ်မှုကို ဖြတ်တောက်ဖို့ ရည်ရွယ်တာလား… အဲဒါက ပြဿနာကို ဖြေရှင်းဖို့ လုံလောက်တယ်လို့ ထင်နေတာလား… ဒါမှမဟုတ် တောင်ဘက်ကောင်းကင်ဂိတ်က တကယ့်ခြိမ်းခြောက်မှုလို့ နင်ယုံကြည်နေတာလား”

ချန်ယန်ရှု၏ မျက်ဝန်းများလှုပ်ရှားသွားပြီး အေးစက်စွာတုံ့ပြန်လိုက်သည်၊၊

“ငါက သခင်ကြီးရဲ့ အလိုတော်ကို နင့်ထက် ပိုနားလည်တယ်… ငါ့မှာ ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိတယ်… လင်းရှန်၊ ဓားကိုင်ဆောင်သူ၊ တောင်ဘက်ကောင်းကင်ဂိတ်… ဒီသုံးခုထဲက ဘယ်အရာကိုမဆိုဖယ်ရှားပစ်တာက သခင်ကြီး ကြွရောက်လာဖို့အတွက် လမ်းခင်းပေးတာပဲ… နင့်ရဲ့ စမ်းသပ်ချက်တွေ ဒါမှမဟုတ် ဒဿနပိုင်းဆိုင်ရာအတွေးအခေါ်တွေကို ငါစိတ်မဝင်စားဘူး…. ငါတို့ဗျာဒိတ်တော်ဂိုဏ်းက စွမ်းအားရဲ့ နယ်ပယ်ကိုပဲ အာရုံစိုက်တယ်”

ဟွာရှောင်လင်းက ဂရုမစိုက်ဟန်ဖြင့် မျက်နှာလွှဲလိုက်ပြီး ပြောသည်၊၊

“နင်က လင်းရှန်ကို အထင်သေးနေတာပဲ…. ပြီးတော့ ဖီးနစ်ကိုလည်း အထင်သေးနေတာဖြစ်နိုင်တယ်…. ချန်ယန်ရွှီ... ငွေရောင်အိတ်ဆောင်နာရီနဲ့ အမည်းရောင်ဂီယာက နင်အသက်ရှင်ရပ်တည်ဖို့အတွက် ဖဲချပ်နှစ်ချပ်ပဲ… ဒါဟာ နင့်ရဲ့ ဗျာဒိတ်တော်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်လည်း ဟုတ်တယ်… အဲဒါတွေကို လင်းရှန်ဆီ ပေးလိုက်တာဆိုတော့ နင် ဘယ်တော့မှ ပြန်မရတော့မှာကို မကြောက်ဘူးလား”

“စိတ်မပူပါနဲ့”

ချန်ယန်ရွှီက နှာခေါင်းရှုံ့လျက် လှောင်ပြုံးတစ်ခုဖြင့် “အမည်းရောင်ဂီယာက တွင်းနက်ရဲ့ ဒိုင်မေးရှင်းကို ဖြတ်သန်းသွားနိုင်တာမှန်ပေမယ့် အဲ့ဒါမှာ အကြီးမားဆုံးဘေးထွက်ဆိုးကျိုးရှိတယ်… ငါ့ရဲ့ ငွေရောင်အိတ်ဆောင်နာရီသာအတူပါမသွားရင် ဒါဟာ သေချာပေါက် သေခြင်းတရားကိုပဲ ဆောင်ကြဉ်းပေးလိမ့်မယ်… ငါက ထိန်းသိမ်းမှုအတွက် တည်နေရာကို ပြန်လည်ချိန်ညှိဖို့ပဲလိုတာ… နောက်ထပ် မိနစ်နည်းနည်းလောက်ပဲ… စောင့်လိုက်… သိပ်မကြာခင် ငါက ဓားကိုင်ဆောင်သူရဲ့ အလောင်းကို နင့်ဆီ လာပို့ခိုင်းမယ်... ဒါမှမဟုတ် ရှာတောင် ရှာမတွေ့တော့တာမျိုးလည်းဖြစ်နိုင်တာပဲ”

“အဲဒီလိုလား”

ဟွာရှောင်လင်းက သူမ၏ ခေါင်းကို အနည်းငယ်စောင်းကာ ပြုံးယောင်သန်းသွားသည်၊၊

“ဒါဆိုရင်လည်း ငါက သတင်းကောင်းကို စိတ်ရှည်လက်ရှည်စောင့်မျှော်နေပါ့မယ်”

ဟွာရှောင်လင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ချန်ယန်ရွှီ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များဖြတ်ပြေးသွားပြီးနောက် သူသည် ချက်ချင်းပင် လှည့်ထွက်၍ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ အပြင်သို့ ရောက်ရှိလျှင် သူသည် ထူးဆန်းသော စက်ကိရိယာတစ်ခုကို ထုတ်ယူလိုက်ရာ သူ့ထံမှ စွမ်းအားတစ်ခုလင်းလက်လာပြီး ထိုစက်ကိရိယာသည် အာရုံခံ၍ ဦးတည်ချက်တစ်ခုဆီသို့ စတင်ချိန်ညှိလာသည်။ သူသည် ဆက်သွယ်ရေးကိရိယာကို ချက်ချင်း နှိပ်လိုက်သည်။

“အဖွဲ့ ၃၊ အဖွဲ့ ၄ အာရုဏ်တက်တာနဲ့ ချက်ချင်း ထွက်ခွာကြ”

ညွှန်ကြားချက်များ ပေးပြီးနောက် ချန်ယန်ရွှီသည် အခန်းရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူ့အကြည့်များက ပို၍ အေးစက်လာသည်။

“ပြတ်သားမှုမရှိဘဲ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတာဟာ လူသားယဉ်ကျေးမှုပဲဖြစ်ဖြစ် တခြားယဉ်ကျေးမှုပဲဖြစ်ဖြစ် အဆုံးမှာတော့ ပျက်သုဉ်းခြင်းကို ဦးတည်သွားစေမယ့် မိုက်မဲတဲ့လုပ်ရပ်ပဲ”

All Chapters