အခန်း (၅၂၁-၅၂၂)
Vol. 44 Ch. 521-522
အပိုင်း (၅၂၁)
ဤသို့ဖြင့် အမတ် သုံးဦးသည် ရှန်ချင်းနန်းဆောင် အပြင်ဘက်တွင် တစ်ညလုံး ဒူးထောက်နေခဲ့ကြသည်။ တစ်ညလုံး အသံကျယ်ကျယ်ဖြင့် အော်ဟစ် တောင်းပန်နေခဲ့ကြပြီး ဧကရာဇ်ဟောင်းကို သေချာ စဉ်းစားပေးရန်နှင့် အောက်ယွီကို အပ်နှံရန် တောင်းဆိုနေခဲ့ကြ၏။
သို့ပေမည့် ရှန်ချင်းနန်းဆောင်၏ တံခါးကြီးမှာမူ အမြဲတမ်း တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ပြီး ဧကရာဇ်ဟောင်းသည် လုံးဝ ဂရုမစိုက်ခဲ့ချေ။
ဤပြဇာတ်သည် မည်သူ့ကို ပြသရန်အတွက် ဖြစ်သနည်း။ သေချာပေါက် မြို့တော်ရှိ ပြည်သူများကို ပြသရန် အတွက်ဖြစ်သည်။
‘ကျုပ်တို့က ဧကရာဇ်ဟောင်းကို မရိုမသေ လုပ်တာ မဟုတ်ပါဘူး။ ကျုပ်တို့က အပြင်ဘက်မှာ ဒူးထောက်ပြီး အသေအလဲ တောင်းပန်နေတာပါ။ ဧကရာဇ်ဟောင်းကမှ ဘာမှ မတုံ့ပြန်ဘဲ ပြစ်မှုကျူးလွန်သူ အောက်ယွီကို ကာကွယ်ပေးထားတာပါ။’
ထိုအချိန်တွင် ယွဲ့တန်းဖျင် စည်းရုံးလှုံ့ဆော်ထားသော လူထု၏အသံများနှင့် ပြည်သူ့ဆန္ဒပြမှုများသည်လည်း စတင်လှုပ်ရှားသက်ဝင်လာခဲ့ပြီ ဖြစ်၏။
အောက်ယွိသည် မိမိ၏ကိုယ်ကျိုးစီးပွားအတွက် မြို့စားမင်း၏ သားတော်ကို သတ်ဖြတ်ခဲ့ရာ ထိုလုပ်ရပ်သည် ကျိန့်ဟိုင်မြို့စားအား ပုန်ကန်ခြားနားလာစေရန် ဖိအားပေးတွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားရုံမျှမက၊ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးကိုပါ ကြီးမားလှသော ဘေးဒုက္ခဆိုးကြီးများနှင့် ရင်ဆိုင်ရစေနိုင်သောကြောင့် အလွန်တရာ ကြီးလေးလှသော ပြစ်မှုကြီးတစ်ရပ် ဖြစ်သည်။
ထို့အပြင် ကျိန့်ဟိုင်မြို့စားသည် ငွေသား သန်းချီ၍ ပေးအပ်ထောက်ပံ့ခဲ့ဖူးသည့်အပြင် သူ၏သားတော် စီးကွမ် သည်လည်း မကွယ်လွန်မီအချိန်က လန်ကျိုးဒေသသို့ ငွေသား သုံးသန်းတိတိ လှူဒါန်းရန် သဘောတူညီခဲ့ သောကြောင့် အင်ပါယာအတွက် တကယ့်ကို သမိုင်းဝင် အကျိုးဆောင်မှုကြီးတစ်ခု ဖြစ်ခဲ့ရ၏။
ယခုမူ အောက်ယွီက စီးကွမ်ကို သတ်ဖြတ်လိုက်ခြင်းသည် လန်ကျိုးဒေသရှိ ဒုက္ခသည် သန်းပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက် လျစ်လျူရှုရာရောက်သောကြောင့် သူ့အား အင်ပါယာနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ရန်သူ၊ အပြစ်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ရပေလိမ့်မည်။
ဤကဲ့သို့သော အခြေအနေ၌ ဧကရာဇ်ဟောင်းက ပြစ်မှုကျူးလွန်သူ အောက်ယွီကို ဆက်လက် အကာအကွယ်ပေးနေခြင်းမှာ အလွန်ပင် မိုက်မဲလွန်းရာကျပြီး၊ အင်ပါယာကြီး၏ ရေရှည်အကျိုးစီးပွားကို လုံးဝ ဥပေက္ခာပြုရာ ရောက်နေသည်။
သို့ဖြစ်၍ ယွဲ့တန်းဖျင်နှင့် အရပ်ဖက် အမတ်များ၏ ဩဇာညောင်းမှုအောက်တွင် ညီလာခံတစ်ခုလုံး၏ သဘောထားမှာ အသံတစ်သံတည်း၊ တစ်ညီတစ်ညွတ်တည်း ဖြစ်သွားခဲ့ရပြီ ဖြစ်၏။
ညီလာခံအတွင်း၌ စုချင်ဝမ်က အင်ပါယာနှင့် ပြည်သူသန်းပေါင်းများစွာ၏ အကျိုးစီးပွားကို ရှေးရှု၍ အောက်ယွီကို မဖြစ်မနေ ဖမ်းဆီးအရေးယူရမည်ဖြစ်ကြောင်း စိတ်အားထက်သန်စွာဖြင့် ပြတ်ပြတ်သားသား တင်ပြခဲ့သည်။
ထိုမျှမက ဧကရာဇ်ဟောင်း ကိုယ်တိုင်ပင်လျှင် လက်ရှိအခြေအနေမှန်ကို ဝေဖန်ပိုင်းခြား နားလည်သင့်ပြီ ဖြစ်ကြောင်း စောင်းပါးရိပ်ခြည် ဆိုခဲ့သေး၏။
ထို့နောက် အမတ်ချုပ်ကြီး လင်ကုန်းနှင့် စုံစမ်းစစ်ဆေးရေးရုံး၏ ဒုတိယအကြီးအကဲတို့ကလည်း အသီးသီး စာချွန်လွှာများ တင်သွင်းခဲ့ကြပြီးနောက်၊ နိုင်ကော်ဝန်ကြီးချုပ်များနှင့် စုံစမ်းစစ်ဆေးရေးရုံးမှ အရာရှိအားလုံးသည် ရှန်ချင်းနန်းဆောင်၏ အပြင်ဘက်သို့ သွားရောက်ကာ ဒူးထောက်လျက်၊ ထိုကိစ္စကို သေချာစွာ ပြန်လည်သုံးသပ် ဆင်ခြင်ပေးပါရန် ဧကရာဇ်ဟောင်းထံ အသနားခံ တောင်းဆိုခဲ့ကြလေသည်။
ဧကရာဇ်က ညီလာခံမှာ မျက်ရည်ဝဲကာ ပြောလိုက်၏။ “ဒီလို လုပ်လို့ မဖြစ်ပါဘူး။ ဒီလို လုပ်လို့ မဖြစ်ဘူးလေ။ ခင်ဗျားတို့က ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးနေတာ မဟုတ်ဘူးလား။ ကျုပ်ကို သစ္စာမရှိတဲ့သူ၊ မိဘကျေးဇူး မသိတတ်တဲ့သူ ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား။”
ဧကရာဇ်သည် ညီလာခံတွင် အမတ်များ၏ အကြံပြုချက်ကို တိုက်ရိုက် ငြင်းပယ်လိုက်ပြီး ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးရန် မရက်စက်ကြောင်း ပြသလိုက်သည်။
ရလဒ်အနေဖြင့် စုံစမ်းစစ်ဆေးရေးရုံး၏ အမတ်များသည် ဧကရာဇ်၏ အမိန့်ကို မနာခံဘဲ ရှန်ချင်းနန်းဆောင် အရှေ့သို့ သွားရောက်ကာ ဒူးထောက်ကြတော့၏။
စုံစမ်းစစ်ဆေးရေးရုံးအမတ် ဆယ်ယောက်ကျော်နှင့် လူငယ် အရာရှိ ရာကျော်ခန့်တို့သည် ရှန်ချင်းနန်းဆောင် အပြင်ဘက်တွင် ဒူးထောက်ကာ ဦးညွတ်လျက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။ “ဧကရာဇ်ဟောင်း... အောက်ယွီ ဟာ မြို့စားရဲ့ သားတော်ကို ကိုယ်ကျိုးအတွက် သတ်ပစ်လိုက်ပြီး နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ကာ နန်းတွင်းကို ဒုက္ခပေးခဲ့ပါတယ်။ ဧကရာဇ်ဟောင်း သေချာ စဉ်းစားပေးပါ။”
အမတ် ရာချီသည် အဆက်မပြတ် ဦးညွတ်နေကြသောကြောင့် ခေါင်းမှ သွေးများပင် ထွက်လာကာ မြင်ကွင်းမှာ အလွန် သနားဖွယ်ကောင်းလို့နေ၏။
နောက်ဆက်တွဲ အနေဖြင့် ရှန်ချင်းနန်းဆောင် အပြင်ဘက်သို့ လာရောက် ဒူးထောက် ဦးညွတ်သော အမတ်များ တစ်စထက်တစ်စ ပိုမို များပြားလာတော့သည်။
နောက်ဆုံးတွင် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ရောက်ရှိလာကြပြီး လူထောင်ချီခန့် ရှိနေ၏။
သို့ပေမည့် ရှန်ချင်းနန်းဆောင်၏ တံခါးကြီးမှာမူ အမြဲတမ်း တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ပြီး တစ်ချက်လေးမှ မလှုပ်ရှားဘဲ ဧကရာဇ်ဟောင်းသည် လုံးဝ မကြားလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
နောက်ဆက်တွဲ အနေဖြင့် မြို့တော်တွင် ရှိနေသော ကျူရန်များ၊ နန်းတွင်းကျောင်းမှ ကျောင်းသားများနှင့် မြို့တော်မှ မှူးမတ်များလည်း ရှန်ချင်းနန်းဆောင် အပြင်ဘက်တွင် သွားရောက် ဒူးထောက်ကြပြန်၏။
လူတိုင်းသည် အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေကြပြီး မရေမတွက်နိုင်သော လူများ ဦးညွတ်နေကြသောကြောင့် လူတိုင်း သွေးများ ထွက်နေကြသည်။
“ဧကရာဇ်ဟောင်း... လန်ကျိုးက ဒုက္ခသည်တွေကို သနားညှာတာပေးပါ။”
“ဧကရာဇ်ဟောင်း... သေချာ စဉ်းစားပေးပါ။”
“ဧကရာဇ်ဟောင်း... မင်းသားတွေ ဥပဒေ ချိုးဖောက်ရင်တောင် သာမန် ပြည်သူတွေနဲ့ အတူတူ အပြစ်ပေးရမှာပါ။”
“ဧကရာဇ်ဟောင်း...ကျိန့်ဟိုင်မြို့စားကို ပုန်ကန်အောင် ဖိအားပေးလိုက်ရင် ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ပြဿနာကြီး ဖြစ်လာပါလိမ့်မယ်။”
“ဧကရာဇ်ဟောင်း... အောက်ယွီရဲ့ ပြစ်မှုဟာ အရမ်းကြီးမားပါတယ်။ သေချာ စဉ်းစားပေးပါ။”
ဤဩဇာအာဏာမှာ အလွန် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလေ၏။
လူထောင်ချီခန့် ရှန်ချင်းနန်းဆောင် တံခါးအပြင်ဘက်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေကြပြီး မြေပြင်ပေါ်တွင်လည်း သွေးများ ပြည့်နှက်နေသည်။
ကြီးမားသော ဖိအားများသည် တောင်ကြီး တစ်တောင် ပြိုကျလာသကဲ့သို့၊ ပင်လယ်ရေလှိုင်းကြီး လိမ့်ဝင် လာသကဲ့သို့ ဧကရာဇ်ဟောင်းထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့၏။
ဧကရာဇ်ဟောင်း သည် အောက်ယွီနှင့်အတူ စစ်တုရင် ဆက်လက်ကစားနေဆဲ ဖြစ်သည်။
“မြင်လား။ ကျုပ်တို့ရဲ့ ဧကရာဇ်မင်းမြတ်ရဲ့ နိုင်ငံရေး အာဏာကစားကွက်တွေက မဆိုးပါဘူး။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “သားကို အသိဆုံးက အဖေပါပဲ။ မနေ့ညက နန်းတွင်းရဲ့ အဆင့်မြင့် အမတ်ကြီးတွေ အားလုံး ရပ်တည်ချက် ရွေးချယ်ပြီးသွားတဲ့ အချိန်မှာ သူ အရမ်းကို စိတ်အားထက်သန်နေပြီး စစ်တပ်တွေ လွှတ်ကာ အတင်းအကျပ် ဖိအားပေးဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ သူ ချက်ချင်း သတိပြန်ဝင်လာပြီး ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို အရင် စတင်လိုက်တာပါ။
အရင်ဆုံး အမတ် သုံးယောက်ကို လွှတ်ပြီး ဒူးထောက် သွေးထွက်အောင် လုပ်ခိုင်းတယ်။ အဲဒီနောက် စုံစမ်းစစ်ဆေးရေးရုံး၊ အဲဒီနောက် အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ၊ ပြီးတော့ ကျောင်းသား ထောင်ချီ အားလုံး ငါ့ဆီ လာပြီး ဒူးထောက် တောင်းပန်ကြတယ်။ ငါ ဧကရာဇ်ဟောင်း အနေနဲ့ မင်းကို ထုတ်မပေးဘူး ဆိုရင် ငါက မိုက်မဲတဲ့ သူတစ်ယောက် ဖြစ်သွားပြီး ကိုယ်ကျိုးအတွက် ကာကွယ်ပေးတဲ့ သူတစ်ယောက် ဖြစ်သွားပြီပေါ့။”
ဧကရာဇ်၏ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် ဧကရာဇ်ဟောင်း၏ နောက်ဆုံး ကျန်ရှိနေသော တရားမျှတမှုနှင့် ဩဇာတိက္ကမကို လုံးဝ ဖျက်ဆီးပစ်ရန် ဖြစ်သည်။
ဧကရာဇ်ဟောင်းက သက်ပြင်းချကာ ပြောလိုက်၏။ “အောက်ယွီ... အနာဂတ်မှာ မင်း ဝန်ကြီးချုပ် ဖြစ်လာတဲ့အခါ နန်းတွင်းကို ရှင်းလင်းဖို့ စတင် လုပ်ဆောင်တဲ့အခါ ဒီလို မြင်ကွင်းမျိုးတွေကို ခဏခဏ တွေ့ရအုံးမှာပါ။ အဖြူအမည်း ပြောင်းပြန်ပြောဆိုတာတွေ၊ သမင်ကို မြင်းလို့ ပြောဆိုတာတွေ၊ လူထောင်ချီရဲ့ ပြစ်တင်ဝေဖန်တာတွေကို ခဏခဏ တွေ့ရမှာပါ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဒါကြောင့် ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ လူသန်းချီ တားဆီးနေပါစေ... ငါ ရှေ့ဆက်သွားမယ် ဆိုတဲ့ ရဲရင့်မှုမျိုး လိုအပ်ပါတယ်။”
“ဟား... ဟား... ဟား... ပြောတာကောင်းတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အခု စာပေပညာရှင်တွေနဲ့ အမတ်တွေ သောင်းချီ အပြင်ဘက်မှာ ဒူးထောက်ပြီး အသံကျယ်ကျယ်နဲ့ ငိုကြွေးနေကြတယ်။ နောက်ဆက်တွဲ အနေနဲ့ လူသေတော့မှာပဲ။ သေပြီး ကန့်ကွက်တဲ့သူ တွေ ရှိလာတော့မှာပဲ။”
ဧကရာဇ်ဟောင်း၏ ဤစကား ထွက်ပေါ်လာပြီးသည်နှင့် တပြိုင်နက် အပြင်ဘက်မှ စုံစမ်းစစ်ဆေးရေးရုံးအမတ် တစ်ဦး ရုတ်တရက် ထွက်လာပြီး ဧကရာဇ်ဟောင်းကို အသံကျယ်ကျယ်ဖြင့် အော်ကာ ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... အရှင်ဟာ အနှစ်ငါးဆယ်တိုင်တိုင် ထီးနန်း စိုးစံခဲ့ပြီး တိုင်းပြည်ကို ကြိုးစားပမ်းစား အုပ်ချုပ်ခဲ့လို့ တောင်ပိုင်းကျိုးရဲ့ ပြန်လည် ထူထောင်ရေး ဧကရာဇ်၊ နှစ်ထောင်ချီ အတွင်း အကောင်းဆုံး ဧကရာဇ်လို့ ချီးကျူးခံခဲ့ရပါတယ်။ အောက်ယွီ တစ်ယောက်တည်း အတွက်နဲ့ အရှင့်ရဲ့ နောက်ဆုံး အချိန်တွေမှာ နာမည် မပျက်ပါစေနဲ့။
ဧကရာဇ်ဟောင်း...ကျေးဇူးပြုပြီး သတိဝင်ပါတော့။ အရှင့်ရဲ့ ဉာဏ်ပညာတွေကို ပြန်လည် ရယူပါတော့။ အရှင့်ရဲ့ နောက်ဆုံး အချိန်တွေမှာ နာမည် မပျက်ပါစေနဲ့။ အရှင့်ရဲ့ တစ်သက်တာ နာမည်ကောင်းတွေကို မဖျက်ဆီးပစ်ပါနဲ့။”
ငိုကြွေး အော်ဟစ်ပြီးနောက် ဤစုံစမ်းစစ်ဆေးရေးရုံး အမတ်သည် အရာရှိ ဦးထုပ်ကို ချွတ်လိုက်ပြီး ရှန်ချင်းနန်းဆောင်၏ တံခါးကြီးဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားတော့၏။
“ဝုန်း...”
သူသည် ရှန်ချင်းနန်းဆောင် တံခါးကြီးကို ခေါင်းဖြင့် ပြင်းထန်စွာ တိုက်လိုက်ရာ ခေါင်းကွဲပြီး ချက်ချင်း သေဆုံးသွားတော့သည်။
‘ဤမြင်ကွင်း နောက်ဆုံးတော့ ဖြစ်ပေါ်လာခဲ့ပြီ။ သေပြီးကန့်ကွက်တဲ့သူ ပေါ်လာခဲ့ပြီ။’
သွေးများနှင့် ဦးနှောက် အရည်များသည် ရှန်ချင်းနန်းဆောင် တံခါးကြီးပေါ်သို့ ပန်းထွက်သွားပြီး အလွန် သနားဖွယ်ကောင်းကာ ရဲရင့်ကြမ်းတမ်းလို့နေ၏။
နောက်ဆက်တွဲ အနေဖြင့် ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက်... စုစုပေါင်း စုံစမ်းစစ်ဆေးရေးရုံး အမတ်ကိုးဦးသည် ရှန်ချင်းနန်းဆောင်၏ တံခါးကြီး အတွင်း၌ တိုက်ပြီး သေဆုံးသွားကြတော့သည်။
ဤလူကိုးဦး၏ သေဆုံးမှုသည် မြင်ကွင်း တစ်ခုလုံးကို အမြင့်ဆုံး အတိုင်းအတာသို့ ချက်ချင်း ရောက်ရှိသွားစေခဲ့ပြီး ထိုနေရာတွင် ရှိနေသော အမတ်များနှင့် လူငယ် စာပေပညာရှင်များ အားလုံး သွေးပူလာကြကာ မိမိတို့သည် လုံးဝ တရားမျှတမှုနှင့် ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားသည်ဟု ခံစားလိုက်ရ၏။
“လူသန်းချီ တားဆီးနေပါစေ...
ကျုပ် ရှေ့ဆက်သွားမယ်။
ကျုပ်ရဲ့ သွေးတွေနဲ့ ကျုပ်တိုင်းပြည်ကို ကာကွယ်မယ်...”
ထိုထဲသို့ ကဗျာ မဟုတ်လျှင်တောင် ဆင်တူသည့် ရဲရင့်ကြမ်းတမ်းသော ကဗျာများ သူတို့၏ ဦးနှောက်ထဲမှ အဆက်မပြတ် ပေါ်ထွက်လာတော့သည်။
ထိုဖြစ်ရပ်သည် သူတို့အား အဆုံးအစမရှိသော ခွန်အားများ ချက်ချင်း ပြည့်နှက်သွားစေရုံမျှမက၊ အသက်ဘေးနှင့် ရင်ဆိုင်ရ၍ ခေါင်းဖြတ်ခံရပါစေဦးတော့၊ သွေးမြေကျပါစေ လုံးဝ (လုံးဝ) နောက်ဆုတ်မည် မဟုတ်ဟူသော ပြတ်သားထက်သန်သည့် စိတ်ဓာတ်များကိုလည်း ဖြစ်ပေါ်စေခဲ့၏။
ထိုအချိန်၌ ဧကရာဇ်ဟောင်း ခံစားရသည့် ဖိအားဒဏ်မှာမူ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ကြီးလေးရုံမျှမကတော့ဘဲ၊ ကောင်းကင်နှင့် မြေကြီးပင် ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေတော့သည်။
“ဧကရာဇ်ဟောင်း... လူကိုးယောက်က တံခါးနဲ့ခေါင်းတိုက်ပြီး သေသွားပါပြီ။”
မိန်းမစိုးအိုကြီးဟောက်ချန်က ပြောလိုက်၏။ “အရမ်းကို သနားစရာကောင်းလွန်းပါတယ်။ အပြင်မှာလည်း လူအုပ်ကြီးက ရူးသွပ်နေကြပြီး သွေးတွေ ပူနေကြပါပြီ။”
ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “သေပြီးကန့်ကွက်တာ... သေပြီးကန့်ကွက်တာ... ဒီအရာက ဧကရာဇ်တွေအတွက်တော့ အရမ်းကို ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေသလို အသက်အန္တရာယ် ရှိလောက်တဲ့ ထိုးနှက်ချက်လည်း ဖြစ်စေနိုင်ပါတယ်။”
ဤအရာမှာ အမှန်တရားပင် ဖြစ်သည်။ လွန်ခဲ့သော အတိတ်ကာလကလည်း စုံစမ်းစစ်ဆေးရေးရုံး၏ လက်ဝဲ ဒုတိယအကြီးအကဲ ဟူယုံး သည် ညီလာခံ၌ သူ၏အသက်ကို ပဓာနမထားဘဲ ခေါင်းဖြင့်တိုက်ကာ အပြင်းအထန် ကန့်ကွက် ဆန္ဒပြရင်း သေဆုံးသွားခဲ့ဖူး၏။
ထိုစဉ်က သူ၏သွေးမြေကျ စွန့်လွှတ်မှုကြောင့် ဧကရာဇ်ဝမ်ယွင်သည်ပင်လျှင် သူ၏အပြစ်ကို ဝန်ခံရသည့် အမိန့်တော်ပြန်တမ်းကို ထုတ်ပြန်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ စုံစမ်းစစ်ဆေးရေးရုံးမှ အမတ်ကိုးဦးတိတိသည် ရှန်ချင်းနန်းဆောင်၏ တံခါးမကြီးကို ခေါင်းဖြင့်တိုက်ကာ အသက်စွန့် ကန့်ကွက်ခဲ့ကြရာ ဤအခြေအနေသည် ထိုစဉ်က ဧကရာဇ်ဝမ်ယွင် ကြုံတွေ့ ခဲ့ရသော ဖိအားဒဏ်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန် ကြီးမားနေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တော့၏။
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “အောက်ယွီ... ဒီ ခေါင်းတိုက်ပြီး သေသွားတဲ့ လူကိုးယောက်ဟာ အကျိုးအမြတ်ကြောင့်လား၊ ဒါမှမဟုတ် ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုကြောင့်လား။ မင်း ဘယ်လို ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အများစုကတော့ ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုကြောင့်ပါ။ သူတို့က ကျုပ်ကို မသတ်ဘူးဆိုရင် ကျိန့်ဟိုင်မြို့စားအိမ်တော်ဟာ သေချာပေါက် ပုန်ကန်လိမ့်မယ်၊ လန်ကျိုးက ဒုက္ခသည် တွေလည်း မရေမတွက်နိုင်အောင် ငတ်သေကြလိမ့်မယ်၊ အင်ပါယာ လည်း နှစ်ခြမ်းကွဲသွားလိမ့်မယ်လို့ တကယ် ထင်နေကြတာပါ။
ဒါကြောင့် သူတို့ရဲ့ စိတ်ထဲက တရားမျှတမှုအတွက် သေပြီးကန့်ကွက်ဖို့ ရွေးချယ်ခဲ့ကြတာပါ။ ဧကရာဇ်ဟောင်းကို အလျှော့ပေးအောင် ဖိအားပေးဖို့ ကြိုးစားကြတာပါ။ ပြီးတော့ ဒီလူစုက ဧကရာဇ်ဟောင်း အပေါ်မှာလည်း ပြင်းထန်တဲ့ သံယောဇဉ်တွေ ရှိနေလို့ အရှင် နောက်ဆုံး အချိန်မှာ နာမည် မပျက်စေဖို့အတွက် အသက်ကို ပေးဆပ်ခဲ့ကြတာပါ။”
“ဟုတ်ပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒီကမ္ဘာကြီးက အမြဲတမ်း ဒီလိုပဲ နာကျင်စရာ ကောင်းပါတယ်။ လူဆိုးတွေရဲ့ ထိခိုက်နစ်နာမှုက ကြီးမားပေမယ့် တစ်ခါတလေ လူကောင်းတွေ ယူဆောင်လာတဲ့ ထိခိုက် နစ်နာမှုက ပိုပြီးတော့တောင် အံ့ဩစရာကောင်းသလို ပိုပြီးတော့တောင် အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ ဒီလူစုက ဖြောင့်မတ်တည်ကြည်တဲ့အတွက် အခြားသူတွေရဲ့ အသုံးချမှုကို အလွယ်တကူ ခံရနိုင်ပါတယ်။ တကယ်ကို ရင်နာစရာကောင်းတာပဲ။”
.................
အပိုင်း (၅၂၂)
နန်းတော် အတွင်း၌...
“အရှင်မင်းမြတ်... စုံစမ်းစစ်ဆေးရေးရုံးက အမတ်ကိုးယောက်လုံး ရှန်ချင်းနန်းဆောင် တံခါးကြီးမှာ တိုက်ပြီး သေသွားကြပါပြီ။ ရှန်ချင်းနန်းဆောင် အပြင်ဘက်မှာ ရှိနေတဲ့ လူသောင်းချီလည်း လုံးဝ ဒေါသထွက်သွားကြပြီး ရှန်ချင်းနန်းဆောင်ထဲကို အတင်း ဝင်ရောက်ကာ အောက်ယွီကို ဖမ်းဆီးဖို့ လုပ်နေကြပါပြီ။” မိန်းမစိုးအိုကြီး ဟောက်ချင့်က ပြောလိုက်၏။
ယခုအခါ ဧကရာဇ်သည် အိပ်ရာထဲတွင် ဖျားနာနေသကဲ့သို့ ဟန်ဆောင်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ရူးသွပ်လိုက်ကြတာ... ရူးသွပ်လိုက်ကြတာ။ ဧကရာဇ်ဟောင်းကို ဒီလိုမျိုး အတင်းအကျပ် ဖိအားပေးလို့ ဘယ်လိုလုပ် ရမှာလဲ။ ကျုပ်ကို သစ္စာမရှိတဲ့သူ၊ မိဘကျေးဇူး မသိတတ်တဲ့သူ ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား။ လာကြစမ်း... လာကြစမ်း... သွားတားကြစမ်း။ သူတို့ကို ကိုယ်တော်တိုင် တောင်းပန်တယ်လို့ သွားပြောလိုက်။ ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားမပေးကြပါနဲ့လို့။”
ဧကရာဇ်သည် မျက်ရည်များ ကျဆင်းကာ ပြောဆိုနေသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း ဝမ်းသာ ပျော်ရွှင်နေပြီး အလွန်အမင်း ကျေနပ်နေ၏။
‘ဧကရာဇ်ဟောင်း... ဧကရာဇ်ဟောင်း... ခင်ဗျားလည်း ဒီလို နေ့မျိုး ရောက်လာတာပဲ။ မနှစ်က ဟူယုံး ဟာ ညီလာခံမှာ အသေခံပြီး ကန့်ကွက်ခဲ့တယ်။ ညီလာခံမှာ ခေါင်းနဲ့ တိုက်ပြီး သေသွားခဲ့လို့ ကျုပ်ကို မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားစေပြီး အပြစ်ဝန်ခံတဲ့ အမိန့်တော်ကို တောင် ထုတ်ပြန်ခဲ့ရတယ်။
အဲဒါက လူတစ်ယောက်တည်း တိုက်ပြီး သေသွားတာလေ။ အခု ခင်ဗျားရဲ့ ရှန်ချင်းနန်းဆောင် တံခါးကြီးမှာ လူကိုးယောက်တောင် တိုက်ပြီး သေသွားတာ။ ခင်ဗျား ဘယ်လို လုပ်မလဲ ဆိုတာကို ကျုပ် ကြည့်ချင်သေးတယ်။ ဧကရာဇ်ဟောင်း... လူတိုင်းက လက်ညှိုးထိုး အပြစ်တင်တာ၊ လူတိုင်းက ဝိုင်းဝန်း တွန်းလှဲတာ ဆိုတာ ဘာလဲဆိုတာကို ခင်ဗျား သိအောင် ကျုပ် လုပ်ပြမယ်။’
သို့ဖြစ်၍ လက်ရှိအခြေအနေတွင် နှုတ်ထွက်စကားအရ အောက်ယွီအား ဖမ်းဆီးအရေးယူရန် တောင်းဆို နေကြခြင်း ဖြစ်သော်လည်း၊ တကယ်တမ်း၌မူ အောက်ယွီကို ဦးတည်နေခြင်းမဟုတ်ဘဲ ဧကရာဇ်ဟောင်းကိုသာ တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် အောက်ယွီက စီးကွမ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဟု ပြောဆိုစဉ်တည်းက ဧကရာဇ်သည် ဤအရေးကိစ္စ၏ နောက်ကွယ်၌ လှည့်ကွက်များနှင့် အကြံအစည်များ ရှိနေနိုင်ကြောင်း ရိပ်မိခဲ့သော်လည်း၊ ဘာမှ မသိနားမလည်သကဲ့သို့ ဟန်ဆောင်ကာ ထိုတိုက်ပွဲ ဖြစ်ပွားလာစေရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်၏။
အကြောင်းမူကား မည်သို့သော ရလဒ်ပင် ထွက်ပေါ်လာပါစေ သူ့အတွက်မူ အကျိုးအမြတ် ရှိနေသောကြောင့်ပင်။ အကယ်၍ အောက်ယွီသာ သေဆုံးသွားခဲ့လျှင် ကိစ္စအဝဝသည် အဆင်ပြေချောမွေ့စွာဖြင့် အဆုံးသတ် သွားမည်ဖြစ်ရာ မည်သည့်ပြဿနာမှ ပေါ်ပေါက်လာတော့မည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် စီးကွမ် သေဆုံးသွားခဲ့လျှင်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဧကရာဇ်ဟောင်းကို အပြင်းအထန် တိုက်ခိုက်နိုင်မှာ ဖြစ်သည်။
ယခုမူ လောင်မြုံနေသော မီးတောက်ထဲသို့ လောင်စာ ထပ်မံဖြည့်တင်းလိုက်သကဲ့သို့ပင် ဖြစ်သွားရတော့သည်။ လူငယ်စာပေ ပညာရှင်များနှင့် လူငယ်အရာရှိများသည် ဒေါသအလိပ်လိပ် ထွက်လာကြပြီး၊ ရှန်ချင်းနန်းဆောင်၏ တံခါးမကြီးကို တွန်းဖျက်ကာ အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်လျက် အောက်ယွီကို ဖမ်းဆီးနိုင်ရန်သာ အားထုတ်ကြပေတော့မည်။
ထိုသို့သာ ဖြစ်ပွားခဲ့လျှင် ဧကရာဇ်ဟောင်းမှာ လုံးဝ (လုံးဝ) အရှက်ရ မျက်နှာပျက်ရမှာဖြစ်ပြီး သူ၏ အရှိန်အဝါနှင့် ဩဇာတိက္ကမ အားလုံးသည်လည်း တစ်စစီ ပြိုလဲပျက်စီးသွားမှာဖြစ်၏။
စာပေပညာရှင်ကြီးများဆိုသည်မှာ တိုင်းပြည်၏ အနာဂတ်၊ တောင်ပိုင်းကျိုးနန်းတွင်း၏ ဒေါက်တိုင်များ မဟုတ်ပါလား။ ထိုသူများကပင်လျှင် ဆန့်ကျင်ဘက်ပြု၍ တော်လှန်နေကြပြီဖြစ်ရာ ဧကရာဇ်ဟောင်း၌ သိက္ခာတရား ကျန်ရှိနိုင်ပါဦးမည်လား။ နိုင်ငံရေးအာဏာအရေးတွင် ဝင်ရောက်စွက်ဖက်နိုင်ရန် မည်သည့် အရည်အချင်းများ ကျန်ရစ်ပါဦးမည်နည်း။
.......................
ရှန်ချင်းနန်းဆောင် တံခါးအပြင်ဘက်....
စုံစမ်းစစ်ဆေးရေးရုံးမှ အမတ်ကိုးဦးတို့သည် နန်းဆောင်တံခါးကို ခေါင်းဖြင့်တိုက်၍ အသက်စွန့်ခဲ့ကြပြီး နောက်တွင်လည်း၊ မည်သူတစ်ဦးတစ်ယောက်မှ သူတို့၏ ရုပ်အလောင်းများကို လာရောက်သိမ်းဆည်းခြင်း မရှိကြဘဲ နန်းဆောင်တံခါးဝ၌ပင် သနားစဖွယ် အဝတ်အထည်များကဲ့သို့ ပစ်ထားခြင်း ခံခဲ့ရသည်။
ထိုသူတို့၏ ကြေကွဲဖွယ်ရာ သေဆုံးမှု ပုံသဏ္ဌာန်သည် အပြင်ဘက်ရှိ မရေမတွက်နိုင်သော လူငယ်စာပေ ပညာရှင်များနှင့် လူငယ်အရာရှိများ၏ စိတ်နှလုံးကို ပြင်းထန်စွာ ဆွပေးလျက် လှုံ့ဆော်ပေးနေသကဲ့သို့ ဖြစ်နေ၏။
ဤလူကိုးဦး၏ အသက်စွန့်မှုသည် ဧကရာဇ်ဟောင်း၏ စိတ်အာရုံကို သေချာပေါက် တုန်လှုပ် ခြောက်ခြားသွားစေလိမ့်မည်ဟု လူတိုင်းက ထင်မှတ်နေကြသည်။
ထို့အပြင် ဤကိစ္စ၏ နောက်ဆက်တွဲရလဒ်အနေဖြင့် ဧကရာဇ်ဟောင်းသည် သေချာပေါက် နန်းဆောင်တံခါးကို ဖွင့်လှစ်၍ အောက်ယွီအား အပ်နှံမည်၊ ဆက်လက်ပြီး လူငယ်စာပေပညာရှင် ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံ ဆွေးနွေးမည်ဟုလည်း ယုံကြည်နေကြ၏။
သို့ရာတွင် ထိုသို့သော အခြေအနေမျိုး လုံးဝ (လုံးဝ) ဖြစ်ပေါ်လာခြင်း မရှိခဲ့ပေ။ ရှန်ချင်းနန်းဆောင်၏ တံခါးမကြီးမှာ အမြဲတမ်း တင်းကျပ်စွာ ပိတ်ထားဆဲ ဖြစ်ရုံမျှမက၊ ဧကရာဇ်ဟောင်းဘက်ကလည်း သူတို့၏ တောင်းဆိုချက်များကို လုံးဝ အသိအမှတ်ပြုခြင်း မရှိခဲ့ချေ။
ဧကရာဇ်ဟောင်း၏ ထိုကဲ့သို့သော အေးစက်ခက်ထန်ပြီး မောက်မာလှသော တုံ့ပြန်မှုလုပ်ရပ်သည် တံခါးပြင်ပရှိ မရေမတွက်နိုင်သော လူငယ်စာပေပညာရှင်များအား ဒေါသအဟုန် အလိပ်လိပ် ပေါက်ကွဲသွားစေခဲ့တော့သည်။
‘မိုက်မဲတဲ့ ဧကရာဇ်... ဧကရာဇ်ဟောင်းဟာ အသက် ကြီးပြီး မိုက်မဲနေပြီ။ သစ္စာရှိတဲ့ အမတ်ကိုးယောက် ခင်ဗျားရဲ့ မျက်စိရှေ့မှာ ခေါင်းတိုက်ပြီး သေသွားတာတောင် ခင်ဗျားက လုံးဝ အသိအမှတ် မပြုဘူး ဟုတ်လား။ တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့ အောက်ယွီ လိုကောင်မျိုးကို ဆက်ပြီး ကာကွယ်ပေးထားချင်သေးတယ် ဟုတ်လား။’
“ဧကရာဇ်ဟောင်းက အောက်ယွီကို ကာကွယ်ပေးထားတာ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ ဧကရာဇ်ဟောင်းက မိုက်မဲတယ်။”
နောက်ဆုံးတွင် လူငယ် စာမေးပွဲ အောင်မြင်သူ တစ်ယောက်က ဤစကားကို အော်ဟစ်လိုက်ပြီးနောက် လူဆယ်ကျော်၊ လူရာကျော်၊ လူထောင်ကျော်က တပြိုင်နက်တည်း အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေး လိုက်ကြတော့၏။
“ဧကရာဇ်ဟောင်း... ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။”
“ဧကရာဇ်ဟောင်း... ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။”
လူထောင်ချီ၊ သောင်းချီ၏ အော်ဟစ်သံများသည် နားကန်းလုမတတ် ဖြစ်သွားပြီး ရှန်ချင်းနန်းဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားကာ တောင်ကြီး ပြိုကျလာသကဲ့သို့၊ ပင်လယ်ရေလှိုင်းကြီး လိမ့်ဝင်လာသကဲ့သို့ ဖြစ်နေသည်။
ရှန်ချင်းနန်းဆောင် အတွင်းရှိ လူတိုင်းသည် ရင်တထိတ်ထိတ် ဖြစ်နေကြပြီး ဝိညာဉ် လွင့်စဉ်သွားလုမတတ် ဖြစ်နေကြ၏။
“လုပ်ဖော်ကိုင်ဖက်တွေ... ကျောင်းသားတွေ... အဲဒီ သစ္စာရှိတဲ့ အမတ်ကိုးယောက် အလကား အသေမခံနိုင်ဘူး... အလကား အသေမခံနိုင်ဘူး။”
“ဧကရာဇ်ဟောင်းက မိုက်မဲနေပြီး ကျုပ်တို့ကို အသိအမှတ် မပြုဘူး။ ကျုပ်တို့ စာပေပညာရှင်တွေကို ဒီလောက်တောင် နှိမ့်ချနေမှတော့ ကျုပ်တို့ ရှန်ချင်းနန်းဆောင်ထဲကို အတင်း ဝင်ပြီး အောက်ယွီကို ဖမ်းကြမယ်။”
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။ ရှန်ချင်းနန်းဆောင်ထဲကို အတင်း ဝင်ပြီး အောက်ယွီကို ဖမ်းကြမယ်။”
“ရှန်ချင်းနန်းဆောင်ထဲကို အတင်းဝင်ပြီး အောက်ယွီကို ဖမ်းကြမယ်။”
ထို့နောက် လူငယ် စစ်ဖက်ဆိုင်ရာ စာမေးပွဲ အောင်မြင်သူ ရာကျော်ခန့်သည် ရှေ့သို့တက်လာပြီး ရှန်ချင်းနန်းဆောင် တံခါးကြီးကို တိုက်ရိုက် ဖျက်ဆီးရန် ပြင်လိုက်ကြတော့၏။ သို့ပေမည့် သူတို့သည် လျှို့ဝှက်စွာ တားဆီးခံလိုက်ရသည်။
“ခင်ဗျားတို့က စစ်သည်တွေလေ။ ရှန်ချင်းနန်းဆောင်ကို အတင်းအကျပ် ဖျက်ဆီးလို့ မရဘူး။ အမတ်တွေတောင် မရဘူး။ အဲဒီ စာပေပညာရှင်တွေ၊ ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ စာမေးပွဲ အောင်မြင်သူတွေ၊ ကျူရန်တွေကိုပဲ သွားခိုင်းရမယ်။ သူတို့ကို ရှန်ချင်းနန်းဆောင် တံခါးကြီးကို သွားတိုက်ခိုင်းရမယ်။ ဒါမှသာ အံ့ဩတုန်လှုပ်စရာကောင်းပြီး တရားမျှတမှု ရှိမှာပေါ့။”
ထို့နောက် ကျူရန် ထောင်ချီနှင့် စာမေးပွဲ အောင်မြင်သူ ရာချီခန့်သည် အရှိန်အဟုန်ဖြင့် ပြေးဝင် သွားကြတော့သည်။ သစ်လုံးများကို ထမ်း၊ ကျောက်တုံးများကို သယ်ဆောင်ကာ ရှန်ချင်းနန်းဆောင် တံခါးကြီးကို ပြင်းထန်စွာ တိုက်ခိုက်ကြတော့၏။
အမှန်တကယ်ပင် ထိုစာပေပညာရှင်များသည် ရှန်ချင်းနန်းဆောင်ကို အတင်းအဓမ္မ ဝင်ရောက်စီးနင်းရန် စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။
အကယ်၍ ထိုစာပေပညာရှင်များက ရှန်ချင်းနန်းဆောင်၏ တံခါးမကြီးကို ဖျက်ဆီးကာ အတွင်းသို့ အတင်းအကြပ် ဝင်ရောက်လျက် အောက်ယွီကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့ပါမူ ဧကရာဇ်ဟောင်း၏ ဂုဏ်သိက္ခာနှင့် အရှိန်အဝါသည် လုံးဝဥဿုံ ပျက်စီးခြင်းသို့ ရောက်ရှိသွားမှာဖြစ်ပြီး၊ သမိုင်းစာမျက်နှာ ထက်တွင်လည်း ကဲ့ရဲ့ပြစ်တင်ဖွယ်ရာ အဆိုးမြင်ဇာတ်ကောင်တစ်ဦးအဖြစ် ကမ္ပည်းတင် ကျန်ရစ်ပေလိမ့်မည်။
ထိုသို့သာ ဖြစ်ပွားခဲ့လျှင် ၎င်းသည် ယခုအကြိမ် နိုင်ငံရေးအားပြိုင်မှု အဝဝတွင် လုံးဝ ကျရှုံးသွားရမည် ဖြစ်သကဲ့သို့၊ လက်ရှိဖြစ်ပွားနေသော ဧကရာဇ်နှစ်ပါးအကြားမှ အာဏာလုစစ်ပွဲတွင်လည်း အလုံးစုံ ရှုံးနိမ့် သွားရမှာဖြစ်သည်။
ယခုအခါ ဧကရာဇ်ဟောင်းသည် လူထု၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံရတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီး ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာတွင်လည်း အဆိုးမြင်ခံရတော့မည့် အခြေအနေသို့ ရောက်ရှိနေ၏။
မိန်းမစိုးအိုကြီး ဟောက်ချန်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... အဲဒီကျူရန် တွေက တံခါးကို စတင် တိုက်ခိုက်နေကြပါပြီ။ သူတို့ အထဲကို ဝင်လာတော့မယ်။ ဘယ်လိုလုပ်ရမလဲ။ စစ်သူကြီး ယင်းယန်ကို သွားတားခိုင်းရမလား။”
ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “ခင်ဗျားက စစ်သူကြီး ယင်းယန်ကို သွားတားခိုင်းရဲရင် သူတို့က စာပေပညာရှင် ဆယ်ကျော်၊ ရာကျော် လောက်ကို သတ်ပစ်ပြီး ကျုပ်ခေါင်းပေါ် ပုံချကာ ကျုပ်ကို လုံးဝ နာမည် ပျက်စီးသွားအောင် လုပ်ကြလိမ့်မယ်။”
ဟောက်ချန်က မေးလိုက်သည်။ “ဒါဆို ဘယ်လို လုပ်ရမလဲ။ ဘယ်လို လုပ်ရမလဲ။”
ယခု အခြေအနေမှာ အလွန် မျှော်လင့်ချက် မဲ့နေပြီး လုံးဝ ဖြေရှင်း၍ မရနိုင်တော့သကဲ့သို့ ဖြစ်နေ၏။
ဧကရာဇ် နှင့် အမတ်များသည် အားနည်းသော စာပေပညာရှင်များကို အသုံးပြုကာ ရှန်ချင်းနန်းဆောင် တံခါးကြီးကို အတင်းအကျပ် တိုက်ခိုက်စေခဲ့သောကြောင့် ဧကရာဇ်ဟောင်းက မောင်းထုတ်၍လည်း မရ၊ ပေးဝင်၍လည်း မရသလို ပို၍ပင် နှိမ်နင်း၍ မရနိုင်ချေ။
ကြည့်ရသည်မှာ အခြေအနေ တစ်ခုလုံး လုံးဝ ရှုံးနိမ့်သွားတော့မည့်အတိုင်း ဖြစ်နေသည်။
သို့ပေမည့် ဧကရာဇ်ဟောင်းသည် အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိဘဲ ဖြည်းညင်းစွာ ပြောလိုက်၏။ “အောက်ယွီ... မင်း မြင်တွေ့လိုက်ရပြီလား။ ဒီနေ့ မြင်ကွင်းကို သေချာ မှတ်ထားပါ။ ဒါကမှ တကယ့်ကို လူသန်းချီ တားဆီးနေပါစေ... ရှေ့ဆက်သွားမယ် ဆိုတာပါ။
ဘာလို့လဲဆိုတော့ မင်းကို တားဆီးနေတဲ့ ဒီလူသန်းချီဟာ များသောအားဖြင့် လူဆိုးတွေ မဟုတ်ကြဘူးလေ။ ဒါပေမဲ့ လူကောင်းတွေရဲ့ ဖျက်ဆီးနိုင်စွမ်းက တစ်ခါတလေ ပိုပြီးတော့တောင် ကြောက်စရာ ကောင်းပါသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့က တရားမျှတမှုနဲ့ ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားသလို ဖြစ်နေလို့ပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “မြင်တွေ့လိုက်ရပါပြီ။ သေချာလည်း မှတ်သားထားပါပြီ။”
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “အခု ဧကရာဇ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပါပြီ။”
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “ပြောကြည့်ပါ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အခြေအနေ ကောင်းမွန်နေတဲ့ အချိန်မှာ ဧကရာဇ်က အရမ်း အစွမ်းထက် ပါတယ်။ နိုင်ငံရေး အာဏာကစားကွက်တွေလည်း အရမ်း ကျွမ်းကျင်ပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ အခြေအနေ ကောင်းမွန်နေတဲ့ အချိန်မှာ ငါတို့ရဲ့ ဧကရာဇ်မင်းမြတ်ဟာ အရမ်းကို အစွမ်းထက်တဲ့ ဧကရာဇ် တစ်ပါးပါပဲ။ အခုကြည့်လေ... သူက ကျုပ်ကို လမ်းဆုံး အထိတောင် တွန်းပို့နေပြီ မဟုတ်လား။”
အခြေအနေများမှာ လမ်းဆုံးသို့ တွန်းပို့ခံနေရသည့် အဆင့်မျှသာမကတော့ဘဲ၊ ယခုအခါတွင်မူ လုံးဝဥဿုံ လမ်းဆုံးတည်းဟူသော အကျပ်အတည်းသို့ ဆိုက်ရောက်နေခဲ့ပြီ ဖြစ်သည်။
နန်းဆောင်၏ အပြင်ဘက်၌ စာပေပညာရှင် ထောင်ပေါင်းများစွာတို့က ဧကရာဇ်ဟောင်း၏ မိုက်မဲမှုကို အုံးအုံးကျွက်ကျွက် သံပြိုင်အော်ဟစ် ဆန့်ကျင်နေကြပြီး နန်းဆောင်တံခါးမကြီးကို တွန်းဖျက်၍ အတင်းအဓမ္မ ဝင်ရောက်ကာ အောက်ယွီကို ဖမ်းဆီးရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
အကယ်၍ ၎င်းတို့သည် နန်းဆောင်တံခါးကို ဖျက်ဆီးကာ အတွင်းသို့ ချဉ်းနင်းဝင်ရောက်နိုင်ခဲ့လျှင် ကြီးမား လှသော ရေကာတာကြီး တစ်ခုလုံး ကျိုးပေါက်၍ အရှိန်အဟုန်ဖြင့် ရေပင်လယ်ကြီး ဒလဟော စီးဆင်းလာ သကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ၊ မည်သို့မှ ပြန်လည်ကုစား၍ ရနိုင်တော့မည် မဟုတ်ချေ။
ထိုသို့သော အခြေအနေအောက်တွင် ဧကရာဇ်ဟောင်းနှင့် အောက်ယွီတို့ နှစ်ဦးစလုံးသည် လုံးဝ ရှုံးနိမ့်ခြင်းသို့ ရောက်ရှိသွားရပေတော့မည်။
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “အောက်ယွီ... ဒီလို လမ်းဆုံး ရောက်နေတဲ့ အခြေအနေမျိုးမှာ ဘယ်လို လုပ်ရမယ်လို့ မင်း ထင်လဲ။ ငါတို့ သေချာပေါက် သေရတော့မယ့် ပုံစံမျိုး ဖြစ်နေပြီလေ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဧကရာဇ်ဟောင်းက အစောကြီးတည်းက ရင်ထဲမှာ အစီအစဉ်တွေ ရှိနေပြီးသား မဟုတ်လား။ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့က အရမ်း လွယ်ကူပါတယ်။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ပြောကြည့်ပါ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူတို့က စာပေပညာရှင်တွေရဲ့ အင်အားကို အသုံးပြုတယ်ဆိုရင် ကျုပ်တို့ကလည်း အခြေခံ လူတန်းစား ပြည်သူတွေရဲ့ အင်အားကို အသုံးပြုရမှာပေါ့။ ဧကရာဇ်ဟောင်း အတွက်တော့ ဒီ စာပေပညာရှင်တွေက အားနည်းသူတွေပါ။ ဒါပေမဲ့ ဒီ စာပေပညာရှင်တွေအတွက်တော့ အောက်ခြေက ပြည်သူတွေကမှ အားနည်းသူတွေလေ။
အားနည်းသူတွေကို အားနည်းသူတွေနဲ့ ပြန်လည် တိုက်ခိုက်တာကမှ တရားမျှတမှုပဲ။ သွေးပူနေတဲ့ ဒီစာပေပညာရှင်တွေကို ရင်ဆိုင်ဖို့အတွက် စစ်တပ်ကို လုံးဝ အသုံးမပြုရဘူး။ အောက်ခြေက ပြည်သူတွေကိုပဲ အသုံးပြုရမယ်။ သူတို့ရဲ့ မစင်တွေ၊ သေးတွေကို အသုံးပြုမှသာ ဒီစာပေပညာရှင်တွေရဲ့ စိတ်အားထက်သန်မှုတွေကို ငြှိမ်းသတ်နိုင်မှာပါ။”
ဧကရာဇ်ဟောင်း မျက်လုံးများကို မှေးကာ ပြောလိုက်သည်။ “ဆက်ပြောပါ။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒီ နိုင်ငံရေး အားပြိုင်မှုမှာ အရေးအကြီးဆုံးက ကိုယ်ကျင့်တရားရဲ့ အမြင့်ဆုံး နေရာမှာ ရပ်တည်နိုင်ဖို့ပါပဲ။ ဒီ စာပေပညာရှင်တွေရဲ့ မီးတောက်ကြီးကို ငြှိမ်းသတ်ပြီးတဲ့နောက်မှာ ဧကရာဇ်ဟောင်းက အစောကြီးတည်းက ပြင်ဆင်ထားတဲ့ အသက်အန္တရာယ် ရှိတဲ့ လှည့်ကွက် တစ်ခုကို အသုံးပြုပြီး မျက်စိတစ်မှိတ် အတွင်းမှာပဲ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ရမယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကိုယ်ကျင့်တရားရဲ့ အမြင့်ဆုံး နေရာမှာ ရပ်တည်လိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပဲ ဧကရာဇ်ကို မိုက်မဲတဲ့ ဧကရာဇ် စာရင်းထဲကို ထည့်သွင်းလိုက်ရမယ်။”
ဧကရာဇ်ဟောင်းက ရယ်မောကာ ပြောလိုက်သည်။ “ငါ့ကို အသိဆုံးက အောက်ယွီ ပါပဲ။ တကယ်တော့ ဒီလို အမြင့်ဆုံး အဆင့်ရှိတဲ့ နိုင်ငံရေး အားပြိုင်မှုတွေမှာ အနိုင်အရှုံး ဆိုတာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဆုံးဖြတ်သွားတတ်တာပါ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် စောင့်ကြည့်နေပါ့မယ်။”
ထိုအချိန်တွင် အပြင်ဘက်ရှိကျူရန် နှင့် စာမေးပွဲ အောင်မြင်သူ ထောင်ချီ၊ သောင်းချီသည် ရူးသွပ်မတတ် တံခါးကို တိုက်ခိုက်နေကြပြီး ရှန်ချင်းနန်းဆောင်ကို အတင်းအကျပ် တိုက်ခိုက်နေကြသည်။
ဧကရာဇ် နှင့် အမတ်ချုပ်ကြီး လင်ကုန်းတို့၏ အမြင်တွင် အောင်ပွဲ သည် မျက်စိရှေ့တွင်သာ ရှိနေပြီ ဖြစ်သည်။ ဧကရာဇ်ဟောင်း နာမည် လုံးဝ ပျက်စီးသွားမည့် အချိန်မှာ ယခုပင် ဖြစ်တော့၏။
...................