← Chapters

တည်နေရာခုန်ကူးခြင်း (၃)

Vol. 62 Ch. 1042

တည်နေရာခုန်ကူးခြင်း (၃)

Vol. 62 Ch. 1042

ဤနေရာကား ထူထပ်သော ပင်လယ်မြူခိုးများ ဖုံးလွှမ်းနေပြီး လှိုင်းတံပိုးများ ငြိမ်သက်တိတ်ဆိတ်နေသည့် အမည်မသိပင်လယ်ပြင်တစ်ခုဖြစ်သည်။ အနန္တရထားကြီးသည် ရေပြင်ပေါ်တွင် တစ်ပိုင်းတစ်စမျှောပါနေပြီး မြူခိုးများကြောင့် ရှေ့ပိုင်းနှင့် နောက်ပိုင်းတွဲများသည် တစ်ခုနှင့်တစ်ခုမမြင်ရလောက်အောင်ပင် မြင်ကွင်းက အလွန်မှုန်ဝါးနေသည်။ တိုးညင်းသောလှိုင်းရိုက်သံမှလွဲ၍ မည်သည့်အသံမျှမရှိဘဲ တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းနေသည်။

အနန္တရထားကြီးပေါ်တွင်မူ ရေပြင်သို့ပေါ်တက်လာစဉ် ရေဖိအားပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် တုန်ခါမှုကြောင့် လူအများအပြားက နိုးစပြုနေကြပြီဖြစ်သည်။ သွေးကပ်ဘေးပန်းမှ ပြောင်းလဲလာသော ဆင့်ကဲဖြစ်စဉ်အမှောင်စွမ်းအင်များ၏ လွှမ်းမိုးမှုကိုခံခဲ့ရသဖြင့် ထိုသည်းထိတ်ရင်ဖိုညကို ဖြတ်သန်းခဲ့ကြသူများသည် မကြုံစဖူးထူးကဲသောဆင့်ကဲပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။ ပြင်းထန်လှသော စိတ်ဝိညာဉ်ရိုက်ခတ်မှုကြောင့် စိတ်ဓာတ်ကြံ့ခိုင်လှသည့် နန်ကျင်း၊ ရှုချင်းနှင့် ရှောင်ချင်းကဲ့သို့သော စွမ်းအားရှင်များပင် မထိန်းနိုင်ပဲ အိပ်ပျော်သွားခဲ့ကြခြင်းဖြစ်သည်။

ယခုအချိန်တွင် နိုးလာကြသူများသည် ဆင့်ကဲပြောင်းလဲမှုစွမ်းအားများ ရုတ်တရက်တိုးတက်လာသည်ကို ခံစားလိုက်ရသဖြင့် အချို့က အံ့အားသင့်နေကြပြီး အချို့က ဝေခွဲမရဖြစ်နေကာ အချို့မှာမူ အနည်းငယ်နေမထိထိုင်မသာဖြစ်နေကြသည်။

“ကပ္ပတိန်လင်း”

နန်ကျင်းက နားနေဆောင်မှ သတိအပြည့်မျက်နှာအမူအရာဖြင့် ထွက်လာပြီး လင်းရှန်ကို ချက်ချင်းဆက်သွယ်ရန် ကြိုးစားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိချေ။ ထို့ပြင် ရှေ့တွဲများဆီသို့ ဦးတည်သွားနေသည့် ချီလီနှင့် ရှုချင်းတို့နှင့် လမ်းတွင်ဆုံမိသည်။

“မနေ့ညက ဘယ်သူမှ ကင်းမစောင့်ကြဘူးလား” နန်ကျင်းက ချက်ချင်း မေးလိုက်သည်။

ချီလီက ခဏရပ်ကာ အိပ်ချင်စိတ်မပြယ်သေးသော မျက်နှာအမူအရာဖြင့် “စွမ်းအားက အရမ်းပြင်းထန်လွန်းလို့ တကယ်ကို တွန်းလှန်ဖို့ခက်ခဲခဲ့တယ်… ဒါပေမဲ့ ငါတို့ ကံကောင်းခဲ့ပုံရတယ်”

သူက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “အာရုဏ်တက်တော့မယ်… အားလုံးပုံမှန်ဖြစ်နေပုံပဲ”

“ကျွန်မလည်းအတူတူပဲ နိုးနိုးကြားကြားနေဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး”

ရှုချင်းကလည်း မိမိကိုယ်ကိုယ် အပြစ်တင်သည့် လေသံဖြင့် ပြောပြီးနောက် “စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုး အတော်လေးတက်လာတယ်လို့ ခံစားရတယ်”

“ငါ့မျက်လုံးတွေပြောင်းလဲသွားပြီ… စွမ်းအင်တွေကို ပိုပြီးစုစည်းနိုင်လာသလို ခံစားရတယ်” လော့ယန်ကလည်း အံ့သြသော မျက်နှာအမူအရာဖြင့် ဝင်ပြောသည်။

“အတိအကျဘာဖြစ်ခဲ့တာလဲ ငါတို့ အနက်ရောင်မြူတွေ အများကြီးစုပ်ယူမိသွားတာလား… ငါတို့ ဘယ်မိစ္ဆာကောင်ကိုမှလည်း မသတ်ခဲ့ဘူးမလား”

“ဒါက သမုဒ္ဒရာနတ်ဘုရားကြီးရဲ့ အမဲလိုက်မှုနဲ့ ဆက်စပ်နေတယ်” ထိုအချိန်တွင် မိုနီကာနှင့် ဗန်နက်ဆာတို့က နောက်ဘက်မှ ဝင်လာသည်။

“ငါ အခုပဲ မေးခဲ့တာ… ပင်လယ်လင်းယုန်အဖွဲ့ရဲ့အခြေအနေကလည်း ငါတို့နဲ့ ဆင်တူတယ်”

သူမက ဗန်နက်ဆာကို ကြည့်လိုက်ကာ “နင့်ရဲ့ အမှောင်စွမ်းအင်ကြေးနီလုံးက ဒီတစ်ကြိမ်မှာ အတော်လေးသိမ်းဆည်းရမိခဲ့ပုံပဲ”

ဗန်နက်ဆာက ပုခုံးတွန့်ပြကာ စိတ်ဝိညာဉ်တန်ဖိုးတိုင်းတာစက်ကို ထုတ်ယူပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်၊၊

“ဒါပေမဲ့ နင်တို့ရထားမှာ ငါတို့ရဲ့ အမှောင်စွမ်းအင်ကြေးနီလုံးထက် ပိုစွမ်းအားကြီးတဲ့အရာရှိနေပုံရတယ်… နင်တို့ကို ကျေးဇူးတင်ရမယ်… ငါ့မှာ အခု အထွတ်အထိပ်တန်ဖိုး ၈၀၀၀ နီးပါး ရှိနေပြီ၊၊ သလင်းကျောက်က လိုက်လျောညီထွေဖြစ်ဖို့ အချိန်အနည်းငယ်လိုသေးပေမယ့် မကြာခင်မှာ လှိုင်းတန်ဖိုး ၁၅၀၀၀ ကျော်အထိ ရောက်ရှိနိုင်လိမ့်မယ်”

“လိုက်လျောညီထွေဖြစ်ဖို့လား”

ချီလီက စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ပြောသည်၊၊

“ထူးဆန်းလှချည်လား”

“ဒါက နားလည်လွယ်ပါတယ်၊၊ စွမ်းအင်အဆင့်မြင့်တက်လာတာနဲ့အမျှ အတွင်းပိုင်းက သလင်းကျောက်သိပ်သည်းဆကလည်း လိုက်ပြီးဆင့်ကဲပြောင်းလဲဖို့ လိုအပ်တယ်… လျှပ်စစ်စွမ်းအားတိုးချဲ့သလိုမျိုးပေါ့… ဟုတ်တယ်မလား”

မိုနီကာက ထောက်ပြလိုက်သည်၊၊

သူမက ပြောပြီးနောက် ဗန်နက်ဆာကို ကြည့်လိုက်ရာ ဗန်နက်ဆာက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်၊၊

“အတိအကျပဲ… နင်က သလင်းကျောက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ခုပြင်ဆင်ထားပြီး အစီအစဉ်ရှိနေပုံရတယ်”

မိုနီကာက အနည်းငယ်ပြုံးကာ လက်ကိုမြှောက်၍ လက်ညှိုးတစ်ချောင်းထောင်လိုက်သည်။ စွမ်းအားလှိုင်းတစ်ခု ပေါ်ထွက်လာပြီးနောက် သူမ၏ လက်ထိပ်တွင် ဒြပ်ထုအသွင်နီးပါးဖြစ်နေသော လှိုင်းတွန့်တစ်ခုပေါ်လာပြီး သေချာနားထောင်လျှင် ညည်းညူသံတိုးတိုးထွက်နေသည်၊၊

ဗန်နက်ဆာ၏ အကြည့်များက အံ့အားသင့်မှုကြောင့် အနည်းငယ်ကျုံ့သွားကာ “စွမ်းအားဒြပ်ထုအသွင်ပြောင်းလဲခြင်းက သာလွန်အဆင့်နယ်ပယ်ကို ထိတွေ့နေပြီပဲ”

“ဖီးနစ်က စံနှုန်းကို ဒီလိုပဲသတ်မှတ်ထားတာလား” ရှုချင်းက မေးသည်။

“အံ့သြစရာမရှိပါဘူး”

ဗန်နက်ဆာက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်၊၊ “ညလမ်းလျှောက်သူအဖွဲ့အစည်းက ကိန်းဂဏန်းတွေနဲ့တင် ရိုးရိုးရှင်းရှင်းခွဲခြားထားတာမဟုတ်ဘူး၊၊ ဒီနယ်ပယ်ကို ရောက်တဲ့အခါ စွမ်းအားတွေရော… စွမ်းအားရှင်တွေအတွက်ပါ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုရှိနေမှာ သေချာတယ်၊၊ ဒါကြောင့်မို့လည်း ခွဲခြားသတ်မှတ်ဖို့နဲ့ အဆင့်သတ်မှတ်ဖို့ စံနှုန်းတွေကိုထားရှိတာပဲ၊၊ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုရဲ့ အထွတ်အထိပ်တန်ဖိုး ၂၀၀၀၀ ဝန်းကျင်ကို ရောက်တဲ့အခါ ဒီလို စွမ်းအားချဉ်းကပ်မှုအလားအလာကို ငါတို့ သတိပြုမိကြတယ်၊၊ ဖီးနစ်ကတော့ ၃၀၀၀၀ ကို အလှည့်အပြောင်းအမှတ်အဖြစ်သုံးပြီး သူတို့ရဲ့ အကဲဖြတ်မှုမှာ ထည့်သွင်းထားပုံရတယ်”

“မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူဖြစ်ပေမယ့် အမှောင်စွမ်းအင်တွေကို တာဝေးဖျက်ဆီးရေးအတွက်သုံးနိုင်တာက နင်ပြောတဲ့ ဒြပ်ထုအသွင်ပြောင်းလဲခြင်းကို ဆိုလိုတာလား”

နန်ကျင်းက မေးလိုက်သည်။

သူမ ပြောပြီးသည်နှင့် နောက်ခန်းမှ ထွက်လာသော ရှောင်ချင်းသည်လည်း ဤအကြောင်းအရာကို စိတ်ဝင်စားပုံရသည်။

ဗန်နက်ဆာက ခေါင်းညိတ်ပြသည်၊၊

“နည်းနည်းတော့ ဆင်တူပါတယ်… နင်တို့လည်း တစ်စုံတစ်ခုကို ခံစားမိသင့်တယ်”

ရှုချင်းက ထိုစကားကို ကြားသောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ရာ လက်သီးပတ်လည်တွင် တုန်ခါနေသော စွမ်းအားတစ်ခုက မျက်စိဖြင့် မြင်သာအောင် လှုပ်ခတ်သွားပြီး ပျောက်ကွယ်သွားသည်။ သူမ၏ မျက်ခုံးများ ချက်ချင်းကြုတ်သွားသည်၊၊ အလွန်အမင်းပြင်းထန်သည့် အဖျက်စွမ်းအားကို ခံစားလိုက်ရသဖြင့် ယခု သူမ၏ လက်သီးချက်သည် အမြှောက်ဆန်တစ်ခုကဲ့သို့ စွမ်းအားရှိနေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ရှောင်ချင်းကလည်း ၎င်းကို သိရှိပြီးဖြစ်ရာ ဗန်နက်ဆာက ဆက်ပြောသည်၊၊

“ထပ်ပြီး ကျော်ဖြတ်ဖို့ လိုအပ်သေးတယ်၊၊ ယေဘုယျအားဖြင့် ၁၂၀၀၀ ဒါမှမဟုတ် ၁၃၀၀၀ ဝန်းကျင်မှာ အမှောင်စွမ်းအင်ကို ထိန်းချုပ်မှုက အလွန်ရှင်းလင်းလာလိမ့်မယ်… ဒါပေါ့ တစ်ဦးနဲ့တစ်ဦးတော့ မတူနိုင်ဘူး”

“ကပ္ပတိန်လင်း… ဘယ်မှာလဲ”

လုချန်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်၊၊

“ငါ မနေ့ညက အိမ်မက်တွေ အများကြီးမက်ခဲ့တယ်၊၊ ဘာဖြစ်ခဲ့မှန်းကိုမသိဘူး… အာရုဏ်တက်တော့မယ် ထင်တယ် ငါတို့...”

“ကပ္ပတိန်လင်း” နန်ကျင်းက ဆက်သွယ်ရေးကိရိယာကို ချက်ချင်းနှိပ်လိုက်သည်။

အတန်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ မရှိသဖြင့် ရှုချင်းက မျက်မှောင်ကြုတ်ကာ ချန်ဆီရွှမ်ကို ဆက်သွယ်လိုက်သည်၊၊

“ကပ္ပတိန်ချန်”

အားလုံးက အချင်းချင်းနားလည်စွာကြည့်လိုက်ကြပြီးနောက် ရှေ့တွဲများရှိရာဆီသို့ တညီတညွတ်တည်းဦးတည်သွားကြတော့သည်။

တွဲ ၅ တွင် တာလို့နှင့် ရူဂျီတို့သည် ယခုမှ နိုးလာကြပြီး လူအုပ်ကြီးချဉ်းကပ်လာသည်ကို မြင်သောအခါ တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

“ဘာဖြစ်လို့လဲ”

“ကပ္ပတိန်လင်း… အခန်းထဲက ထွက်သွားပြီလား”

“ငါ မသိဘူးလေ” တာလို့က ပြန်ဖြေသည်။

နန်ကျင်းက ချက်ချင်းပင် ပြောလိုက်သည်၊၊

“မီးတောက်နဲ့ တခြားလူတွေကို သွားနှိုးလိုက်တော့… အာရုဏ်တက်တော့မယ်…. ငါတို့ လူစုခွဲပြီး စစ်ကြောင်းချဖို့ ပြင်ဆင်ကြရအောင်”

“နားလည်ပြီ”

အားလုံးက ချက်ချင်းပင် လှုပ်ရှားလာကြသည်။ ထိန်းချုပ်ခန်းအနီးရှိ Skystar 5C နျူကလီးယားစွမ်းအင်တွဲဆီသို့ ရောက်ရှိသောအခါ ကီကီသည် ထိန်းချုပ်ခန်းတံခါးဝတွင် မတ်တပ်ရပ်နေပြီး ပုံမှန်မဟုတ်သောအခြေအနေဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ကီကီ”

“နေဦး… အားလုံးနောက်ဆုတ်နေကြ”

ကီကီက လှမ်း၍ အော်ပြောကာ ချဉ်းကပ်လာသော လူအုပ်ကို လက်မြှောက်၍ တားဆီးလိုက်သည်။

ယခုအချိန်တွင် လင်းရှန်သည် အနန္တရထားကြီး၏ ထိန်းချုပ်ခန်းအတွင်း၌ ထိုင်နေပြီး မျက်လုံးများပွင့်နေကာ ခန္ဓာကိုယ်တစ်ခုလုံးက အချိန်ရပ်တန့်မှုတစ်ခုခုတွင် ပိတ်မိနေသကဲ့သို့ မလှုပ်မယှက်ရှိနေသည်။ သူ့ဆံပင်၊ အရေပြားနှင့် ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များပင် အားလုံး အေးခဲငြိမ်သက်နေပြီး အနားရှိ ဗိုင်အိုလာက ယန္တရားလက်ညှိုးဖြင့် လင်းရှန်ကို ထိရန် ကြိုးစားနေရာမှ အေးခဲနေသည်ဖြစ်ရာ ထိုမြင်ကွင်းက အလွန်တရာခြောက်ခြားဖွယ်ကောင်းနေသည်။

“ဘာတွေဖြစ်နေတာလဲ” နန်ကျင်းက ချက်ချင်း မေးလိုက်သည်။

ကီကီက ထိုမြင်ကွင်းကို အလျင်လိုနေသော မျက်နှာအမူအရာဖြင့်ကြည့်ရင်း ခေါင်းမလှည့်ဘဲ ပြောလိုက်သည်၊၊

“ကျွန်မလည်း သေချာမသိဘူး၊၊အန္တရာယ်ရှိနိုင်တယ် အားလုံးသတိထားကြ”

ပြောပြီးနောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားကာ နောက်ပြန်လှည့်၍ အော်လိုက်သည်။

“ရှီဇီ”

“သူ မနေ့ညက ဒီမှာ ကပ္ပတိန်လင်းကို ကုသပေးနေတာမဟုတ်ဘူးလား”

မိုနီကာက ပြန်ပြောသည်။

“သူ ဒီမှာရှိတယ်”

ကလစ်ခနဲ အသံနှင့်အတူ တွဲ ၁ ၏ တံခါးပွင့်လာပြီး ချန်ဆီရွှမ်နှင့် ရှီဇီတို့သည် အိပ်ခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်၊၊ သူတို့နှစ်ဦးစလုံး ယခုမှနိုးလာကြခြင်းဖြစ်ပြီး ခန္ဓာကိုယ်အပြောင်းအလဲများရှိနေသော်လည်း အပြင်မှ ဆူညံသံကို ကြားသဖြင့် ချက်ချင်းပြေးထွက်လာကြခြင်းဖြစ်သည်။

“ရှီဇီ” ကီကီက ချက်ချင်း လှမ်းခေါ်လိုက်သည၊ိ၊

“မြန်မြန်... လင်းရှန်ကို ကူညီပေးပါဦး၊ သူဘာဖြစ်နေတာလဲဆိုတာ ကြည့်ပေးဦး”

ရှီဇီက အနည်းငယ် ထိတ်လန့်နေပုံရပြီး ထိုစကားကိုကြားသောအခါ ဝေခွဲမရဘဲ ချဉ်းကပ်ရန်ပြင်သော်လည်း ကီကီက သူမ၏ ပုခုံးကို လှမ်းဆွဲကာ နောက်သို့ဆွဲလိုက်သည်။

“အနားမကပ်နဲ့ ဒီအကွာအဝေးမှာပဲနေ”

ရှီဇီက ခေါင်းညိတ်ကာ သူမ၏ စွမ်းအားကို ချက်ချင်းထုတ်ဖော်လိုက်သော်လည်း ထိုဖျော့တော့သော အစိမ်းနုရောင်ကုသခြင်းစွမ်းအင်သည် လင်းရှန်၏ နံဘေးဝန်းကျင်အကွာအဝေးအတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

“အာ”

ရှီဇီ အံ့အားသင့်ကာ နောက်သို့ ခုန်ဆုတ်လိုက်မိသည်၊ “အကျိုးသက်ရောက်မှုမရှိဘူး ထင်တယ်”

“ကပ္ပတိန်လင်း ဘာဖြစ်တာလဲ” ရှုချင်းက အလျင်စလိုမေးသည်။

ကီကီက ခေါင်းခါပြလိုက်သည်၊၊

“ကျွန်မလည်း သေချာမသိဘူး သူက စွမ်းအားတစ်ခုခုရဲ့ ပိတ်ဆို့ခြင်းကိုခံထားရတာဖြစ်နိုင်တယ်”

သူမက ပြောရင်းနှင့် အချိန်ကိုစစ်ဆေးလိုက်ရာ လင်းရှန်သည် ဤအခြေအနေတွင် မိနစ် ၅၀ ကျော်ရှိနေပြီ ဖြစ်သည်။ အစောပိုင်းက လင်းရှန်၏စကားအရ အချိန်ရေတွက်မှုက မကြာခင်ကုန်ဆုံးတော့မည်ဖြစ်သည်။

ကီကီသည် စိုးရိမ်ပူပန်နေသော်လည်း မည်သည့်ဖြေရှင်းနည်းမျှမရှိသောကြောင့် စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

လူအုပ်ကြီး ဝေခွဲမရဖြစ်ကာ ခြောက်ခြားဖွယ်ခံစားချက်များ ဖြစ်ပေါ်နေစဉ်အတွင်း အားနည်းသော စွမ်းအင်ပေါက်ကွဲမှုတစ်ခုနှင့်အတူ လင်းရှန်သည် အေးခဲနေသည့်အခြေအနေမှ ရုတ်တရက်နိုးထလာသည်။

“လင်းရှန်” ကီကီက ရုတ်တရက် လှည့်ကြည့်လိုက်သည်။

လင်းရှန်သည် ယခုအခါ မတ်တပ်ရပ်လိုက်ပြီး တစ်ကိုယ်လုံးက အလျင်လိုမှုနှင့် ထိုင်းမှိုင်းမှုများ ဖုံးလွှမ်းနေကာ အနန္တရထားကြီး၏ စင်္ကြန်လမ်းအတွင်းရှိ လူအုပ်ကြီးကို လှည့်ကြည့်လိုက်ရာ အားလုံးကလည်း သူ့ကို စူးစိုက်ကြည့်နေကြသည်။

“ကပ္ပတိန်လင်း”

“လင်းရှန်”

လင်းရှန်က စကားမပြောဘဲ သူ့နှုတ်ခမ်းများ လှုပ်ရှားသွားကာ အချိန်ရေတွက်မှု ကုန်ဆုံးရန် စက္ကန့်အနည်းငယ်သာ ကျန်တော့သည်။

သူသည် အမည်းရောင်ဂီယာကို ချက်ချင်းထုတ်ယူလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အနက်ရောင်ပင်လယ်ပြင်ကို တစ်ချက်ကြည့်လိုက်ကာ နောက်တစ်စက္ကန့်တွင်မူ တည်နေရာကူးပြောင်းခြင်းစွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး လေလှိုင်းများ လင်းလက်သွားမှုနှင့်အတူ သူ့တစ်ကိုယ်လုံးသည် ထိန်းချုပ်ခန်းအတွင်းမှ တိုက်ရိုက်ပင်ပျောက်ကွယ်သွားတော့သည်။

All Chapters