← Chapters

ရေသူမမျိုးနွယ်၏ နယ်မြေ

Vol. 12 Ch. 184

ရေသူမမျိုးနွယ်၏ နယ်မြေ

Vol. 12 Ch. 184

ဝေဟင်မှကြည့်ပါက ခရမ်းရောင်အလင်းလွှာ ဖုံးလွှမ်းထားပြီး မန္တန်အစီအရင်အငွေ့အသက်များ ရံဖန်ရံခါ ထွက်ပေါ်နေသည့် ရေသူမကျွန်းလေးကျွန်းသည် လခြမ်းကွေးတစ်ခုပုံစံ ဖြစ်နေသည်။

လခြမ်းကွေးပုံစံဖြစ်နေသည့် ကျွန်းလေးကျွန်းအနက် ထိပ်တွင် ရှိနေသည်မှာ မီအဲ့ကျွန်းဖြစ်သည်။ အလယ်တွင်ရှိနေသည့်ကျွန်းနှစ်ကျွန်းက ကျူးယင်ကျွန်းနှင့် ယိမေကျွန်းတို့ဖြစ်ပြီး အောက်ပိုင်းတွင် ရှိနေသည်မှာ ယုံချန်ကျွန်းဖြစ်သည်။

ထိုကျွန်းများအနက် ယိမေကျွန်းက ရေသူမမျိုးနွယ်၏ ပင်မကျွန်းကြီးဖြစ်ပြီး ကျန်ကျွန်းသုံးကျွန်းက အရံကျွန်းများသာ ဖြစ်သည်။

အစက ရေသူမမျိုးနွယ်အကြောင်းကို ရွှီချင်း များစွာ မသိထားပေ။ သို့သော်လည်း ဟွမ်ရန်ပေးခဲ့သည့် ကျောက်စိမ်းပေလွှာထဲတွင် ရေသူမမျိုးနွယ်နှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြချက်များ ပါဝင်သည်။

အဖိုးတန်နေရာအများအပြားကို မှတ်တမ်းတင်ထားသည်သာမက ရေသူမမျိုးနွယ်၏ သမိုင်းကြောင်းနှင့် ဓလေ့ထုံးတမ်းများကိုပါ ဖော်ပြထားသည်။

ရေသူမမျိုးနွယ်၏ ဓလေ့ထုံးထမ်းများထဲတွင် သူတို့ သေသွားပြီးနောက် မီအဲ့ဘုရားကျောင်းမှတစ်ဆင့် ယွင်ထျန်ဆိုသည့် ထူးဆန်းသောလောကသို့ ရောက်သွားမည်ဟူ၍ ဆိုကြသည်။ ထိုလောကကို နတ်ဧကရာဇ်နိုင်ငံအဖြစ် ခေါ်ဆိုကြပြီး သူတို့၏ မူလနတ်ဘုရား မြှုပ်နှံထားသည့်နေရာ ဖြစ်သည်။

ထိုနတ်ဘုရားမှာ မီအဲ့ဖြစ်သည်။

ထိုနတ်ဘုရားကို အစွဲပြု၍ ကျွန်း၏နာမည်က မီအဲ့ကျွန်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မီးတောင်ထဲရှိ အမြတ်တနိုးထားသော ချပ်ဝတ်တန်ဆာသည်လည်း မီအဲ့ချပ်ဝတ်တန်ဆာ ဖြစ်လာသည်။

သို့သော် သူတို့ဒဏ္ဍာရီထဲ၌ မီအဲ့နတ်ဘုရားက ကြောက်မက်ဖွယ်အစွမ်းရှိပါသော်ငြား နောက်ဆုံးတွင် သေသွားခဲ့ရသည်။ သို့ဖြစ်၍ ရေသူမမျိုးနွယ်၏ ယုံကြည်မှုအတွက် နောက်ထပ် နတ်ဘုရားတစ်ပါး လိုလာခဲ့သည်။ အမှန်စင်စစ် သူတို့မျိုးနွယ်မှ ပညာရှင်တချို့ကလည်း သူတို့၏ နတ်မန္တန်များကို ထုတ်ဖော်ပြသရန် ထိုနတ်ဘုရားကို လိုအပ်ခဲ့သည်။

ထို့ကြောင့် နောက်ထပ်ဖြစ်တည်မှုတစ်ခုကို သူတို့ ယုံကြည်ခဲ့ကြပြီး ဒဏ္ဍာရီများဖန်တီးကာ ထိုနတ်ဘုရားကို ကျူးယင်နတ်ဘုရားဟူ၍ ခေါ်ဆိုခဲ့ကြသည်။

ကျူးယင်ကျွန်းဆိုသော နာမည်က ထိုနတ်ဘုရား၏နာမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

သူ့ကို ဟွမ်ရန်ပေးထားသည့် ကျောက်စိမ်းပေလွှာထဲတွင် ထိုကျူးယင်နတ်ဘုရားအကြောင်း ရှင်းပြထားသည်။ အမှန်စင်စစ် ထိုနတ်ဘုရားသည် တားမြစ်ပင်လယ်နက်ထဲမှ နတ်သတ္တဝါတစ်ကောင်သာ ဖြစ်သည်။

၎င်းသည် အစွမ်းထက်ပါသော်လည်း နတ်ဘုရားအဖြစ် သမုတ်ရန်မှာ အလှမ်းကွာပေသည်။

ယုံချန်ကျွန်းက အမွေအနှစ်ကို ကိုယ်စားပြုသည်။

ရေသူမမျိုးနွယ်က သေသွားသောသူများ၏ စည်းစိမ်ဥစ္စာများနှင့် ထိုပစ္စည်းများအား မြှုပ်နှံရခြင်းကို အထွတ်အမြတ်ထားကြသည်။ မြှုပ်နှံထားသော ပစ္စည်းများသည်နှင့်အမျှ အသက်ရှင်ခဲ့စဉ်အခါက မည်မျှ ကြီးကျယ်ခမ်းနားခဲ့သည်ကို သက်သေပြမည်ဖြစ်ကြောင်း သူတို့ ယူဆကြသည်။ ထို့ကြောင့် သေသွားသော မျိုးနွယ်ဝင်အများစုကို သူတို့တစ်ဘလုံးစာ ရှာဖွေထားသမျှ ပစ္စည်းများနှင့်အတူ ယုံချန်ကျွန်းတွင် မြှုပ်နှံလေ့ရှိကြသည်။

သို့သော်လည်း နောက်မျိုးဆက်အား သူတို့သင်္ချိုင်းများကို မတူးဖော်ရန် တားမြစ်ခြင်း မရှိပေ။ သူတို့ဓလေ့အရ မျိုးနွယ်စုဝင်အချင်းချင်း တိုက်ခိုက်ကာ ရေစက်ဆုံသည့် မျိုးနွယ်စုဝင်က မြှုပ်နှံထားသော ပစ္စည်းများအား တူးဖော်နိုင်မည်ဖြစ်ပြီး ယင်းသည် နောက်ထပ် ပြန်လည်မွေးဖွားခြင်းတစ်မျိုးဟူ၍ ယူဆကြသည်။

နောက်ဆုံး၌ ယိမေကျွန်းဖြစ်သည်။

ရေသူမမျိုးနွယ်၏ အဓိကကျွန်းကြီးဖြစ်ပြီး ရေသူမမျိုးနွယ်၏ ပထမဆုံးခေါင်းဆောင်၏ မျိုးရိုးနာမည်ကို အစွဲပြု၍ ယိမေကျွန်းဟူ၍ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုမျိုးရိုးနာမည်သည် ရေသူမတော်ဝင်မိသားစု၏ မျိုးရိုးနာမည်လည်း ဖြစ်သည်။

ထိုကျွန်းလေးကျွန်းတွင် ရေသူမမျိုးနွယ်၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ကိန်းအောင်းနေသည်။

ရွှီချင်း၏ စိတ်ထဲ ကျောက်စိမ်းပေလွှာထဲမှ အကြောင်းအရာများ ပေါ်လာသည်။ တချိန်တည်းမှာပင် ဖက်တီးလေး ပြောပြခဲ့သည့် ‘ ရေသူမမျိုးနွယ်၏ အခြေတည်အဆင့် နတ်ရတနာဖြစ်သော လင်းရှီမီးအိမ်ထဲတွင် ဘုရားကျောင်းနှင့် ပတ်သက်သည့် သဲလွန်စများ ရှိနေသည် ’ ဆိုသော စကားကို ပြန်စဉ်းစားကြည့်လိုက်သည်။

ရေသူမမျိုးနွယ်၏ ဒဏ္ဍာရီများအရ ပထမမျိုးဆက်မီအဲ့နတ်ဘုရား သေဆုံးသွားပြီးနောက် မီအဲ့နတ်ဘုရားကျောင်းက ၎င်းနှင့်အတူ တစ်ပါတည်း ပျောက်ကွယ်သွားခဲ့သည်။ လင်းရှီမီးအိမ်ထဲတွင် မီအဲ့ဘုရားကျောင်းနှင့် ပတ်သက်သည့် သဲလွန်စများ ရှိသည်ဟု ကောလာဟလများ ရှိပါသော်လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထိုသဲလွန်စကို တစ်ယောက်မှ ရှာမတွေ့ခဲ့ကြချေ။

ရွှီချင်းက ထိုအကြောင်းများကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ လင်းရှီမီးအိမ်၏ တန်ဖိုးသာ ဖြစ်သည်။ ထို့ကြောင့် ထိုအကြောင်း သူ့ခေါင်းထဲ ဖျပ်ခနဲ ပေါ်လာသည်နှင့် တောအုပ်ထဲသို့ မရပ်မနား ပြေးဝင်သွားသည်။

သူသည် လက်ဖျားခါရလောက်အောင် မြန်ဆန်၏။ အဝေးမှနေ၍ တဝုန်းဝုန်းမြည်ဟည်းသံများကို သူ ကြားလိုက်ရပြီး ဝိညာဉ်စွမ်းအားအငွေ့အသက်များကိုလည်း အာရုံခံမိလိုက်သည်။

ထိုအသံများသည် ချီရွှဲ့ထုံဂိုဏ်းသားများနှင့် ရေသူမမျိုးနွယ်ဝင်များ တိုက်ခိုက်နေကြသည့်အသံများ ဖြစ်သည်။

ရွှီချင်းက ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ပြီး သူ့အကျင့်အတိုင်း သစ်ပင်မြင့်ကြီးများပေါ် ခုန်ပျံကျော်လွှား၍ ဖြစ်စေ၊ အမှောင်ထဲတွင် ပုန်းကွယ်၍ ဖြစ်စေ၊ ဝပ်တွား၍ဖြစ်စေ တောအုပ်ထဲသို့ အရှိန်မလျော့ဘဲ ဆက်သွားလိုက်သည်။

တောအုပ်ပတ်ဝန်းကျင်က သူ အသားကျနေပြီသား ဖြစ်သည်။

သူက အရှိန်တင်လိုက်ရင်း နောက်ဆုံးတွင် တတိယမင်းသားနှင့် ပတ်သက်သည့် သူ၏ သုံးသပ်ချက်ကို အတည်ပြုနိုင်သွားသည်။ ရေသူမမျိုးနွယ်ကို သတ်ခဲ့ခြင်းအတွက် သူ့ကို တစ်ယောက်မှ ပြဿနာလာရှာမည်မဟုတ်ကြောင်း သူ သိသွားခြင်းပင်။

ယင်းက သူ့ကို စိတ်ပေါ့သွားစေသည်။ သူက သစ်ပင်ကြီးတစ်ပင်ပေါ် ခုန်တက်လိုက်ပြီး ထိုမှတစ်ဆင့် ရှေ့သို့ ဆက်သွားလိုက်စဉ် သူ့မျက်လုံးများ မှေးသွားသည်။

သူ့စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်များကို ရုတ်ခြည်း ခံစားမိလိုက်ပြီး နောက်ဆုတ်လိုက်သည်။ သူ နောက်ဆုတ်လိုက်သည့်အခိုက် မကြာသေးခင်က သူရှိနေခဲ့သည့် သစ်ပင်ကြီးမှ အနီရောင်ကိုင်းတစ်ကိုင်း ပြေးထွက်လာသည်။

ထိုသစ်ကိုင်းက လက်တစ်ဖက်အလားပင်။

ထိုသစ်ကိုင်းပေါ်လာသည်နှင့် သစ်ပင်ကြီးတစ်ပင်လုံး သိသိသာသာ ညှိုးနွမ်းသွားသည်။ တချိန်တည်းမှာပင် ဘေးပတ်လည်ရှိ သစ်ပင်ကြီးဒါဇင်သည်လည်း ညှိုးနွမ်းသွားသည်။

အနီရောင်သစ်ကိုင်းများအားလုံး ရွှီချင်းထံသို့ အဖက်ဖက်မှ ပြေးဝင်သွားကြသည်။

ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူ့ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး ပေါ့ပါးသွက်လက်စွာ အောက်သို့ ကျသွားပါသော်လည်း သူ ချက်ချင်း မတိုက်သေးဘေ။ ထိုအစား ဝိုင်းရံလာသော သစ်ကိုင်းများကို သူ ရှောင်တိမ်းလိုက်ပြီး ခုန်ပျံကာ ထိုသစ်ကိုင်းများ၏ ရင်းမြစ်ဖြစ်သော အဝေးသို့ ကြည့်လိုက်သည်။

ထိုနေရာ၌ မြေသားများ ပြိုကွဲကာ သွေးနီရောင်သစ်ပင်ကြီးတစ်ပင် မြေထဲမှ တိုးထွက်လာနေသည်။

၎င်း ထွက်ပေါ်လာသည်နှင့် အနီရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပါသော်လည်း ရွှီချင်း၏ အမြင်အာရုံကို မဖုံးကွယ်နိုင်ပေ။ သစ်ပင်၏ ပင်စည်ထဲ၌ ခြေလက်အင်္ဂါ အမြောက်အမြား မြှုပ်နှံထားသည်ကို သူ ကောင်းစွာ မြင်လိုက်ရသည်။

ထိုခြေလက်များထဲတွင် လူသားများ၏ ခြေလက်များသာမက လူသားမဟုတ်သော မျိုးနွယ်ဝင်များ၏ ခြေလက်များပါ ပါဝင်သည်။

ထိုခြေလက်များအားလုံး စိမ်းပုပ်နေသည်။

ထိုခြေလက်များသည် သစ်ပင်၏ ပင်စည်ထဲတွင် မြှုပ်နှံခံလိုက်ရပြီး သစ်ပင်အတွက် အာဟာရဓာတ်များ ဖြစ်သွားသည့်အလားပင်။ ထို့ပြင် ၎င်းတို့က ဓာတ်နှောများ သိုလှောင်ရန်အတွက် သန္ဓေပြောင်းအမှတ်အသားတစ်ခုလည်း ဖြစ်လာသည်။

အဘယ်ကြောင့်ဆိုသော် သစ်ပင်ကြီး အပေါ်သို့ မြင့်တက်လာသည်နှင့် သစ်ပင်ကြီးပေါ်တွင် ကြီးထွားနေသော ဧရာမသစ်သီးကြီးဆယ်လုံးကျော်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ထိုသစ်သီးကြီးများသည် သစ်ကိုင်းများပေါ်မှ တွဲလောင်းကျနေပြီး ဖောက်မြင်နေရသည်။ ထိုသစ်သီးကြီးတစ်လုံးစီတွင် ရေသူမမျိုးနွယ်ဝင်တစ်ယောက်စီ ရှိနေ၏။

ထိုရေသူမများသည် မျက်လုံးများကို မှိတ်ထားပြီး သူတို့ကိုယ်ထဲမှ ဓာတ်နှောများစွာ စိမ့်ထွက်လာကာ သစ်သီးထဲသို့ စီးဝင်သွားသည်။ ထို့နောက် ထိုဓာတ်နှောများကို သစ်ပင်က စုပ်ယူသွားပြီး ပင်စည်ထဲရှိ မရေမတွက်နိုင်သော အလောင်းများထံ ပို့ဆောင်လိုက်သည်။

ယင်းသည် ရေသူမမျိုးနွယ်ကျင့်ကြံသူများအတွက် သူတို့ခန္ဓာကိုယ်များထဲမှ ဓာတ်နှောများကို ဖယ်ရှားသည့် ထူးခြားသောနည်းလမ်းတစ်ရပ်ဖြစ်သည်မှာ သေချာသည်။

ထို့ပြင် ထိုသစ်ပင်တစ်ပင်သာ မဟုတ်ပေ။ ရွှီချင်း မြင်ရသရွေ့ အနိမ့်ဆုံး ထိုကဲ့သို့ သစ်ပင်မျိုး ခုနစ်ပင်၊ ရှစ်ပင်ခန့် ရှိသည်။ ကျူးယင်ကျွန်း၏ အပြင်ဘက်ရှိ တောအုပ်တစ်ခုလုံးတွင် ထိုကဲ့သို့သစ်ပင်များ ပို၍ပင် များပြားစွာ ရှိနေမည်မှာ စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။

ရွှီချင်းက အဝေးသို့ ကြည့်လိုက်သည့်အခိုက် လက်များသဖွယ် အနီရောင်သစ်ကိုင်းများက လူသတ်ငွေ့များ တောက်လောင်နေလျက် အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာသည်။

ရွှီချင်းနှင့် အနီးသို့ ၎င်းတို့ ရောက်လာသောအခါတွင် အမြန်ဆုံးပြေးဝင်လာသော အနီရောင်သစ်ကိုင်းမှာ ရုတ်ခြည်း ညှိုးနွမ်းသွားသည်။ အနီရောင်ပေါ်တွင် အနက်ရောင်အစက်အပျောက်များ ပေါ်လာပြီး ထိုအနက်ရောင်အစက်အပျောက်များက အသက်ရှိနေသည့်အလား အလျင်အမြန် ပျံ့နှံ့သွားကာ ၎င်းတို့ ဖြတ်သန်းသွားသည့်လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်စားပစ်နေသည်။

ထိုအခြင်းအရာက သစ်ကိုင်းကို အလျင်အမြန် ဆွေးမြေ့သွားစေပြီး သစ်ကိုင်းမှ အနက်ရောင်အပြုံးတစ်စ အောက်သို့ ပဲ့ကျသွားသည်။

ထိုအပြုံးက အလွန် အဆိပ်ပြင်းပြီး မြေပြင်သို့ ရောက်သည်နှင့် ထိတွေ့သမျှ အရာအားလုံးကို တိုက်စားပစ်လိုက်သည်။ မြေကြီးမှပင် တရှဲရှဲမြည်သံများ ထွက်လာသည်။

ထိုသစ်ကိုင်းသာ ဆွေးမြေ့သွားသည်မဟုတ်၊ ရွှီချင်းအနီးသို့ ရောက်လာသည့် သစ်ကိုင်းများအားလုံး ချက်ချင်း ဆွေးမြေ့သွားသည်။ သစ်ကိုင်းများပေါ်မှ အနက်ရောင်အစက်အပျောက်များက ပျောက်ကွယ်မသွားဘဲ ထိုသစ်ကိုင်းများ၏အရင်းသို့တိုင်အောင် ဆက်လက် ပျံ့နှံ့သွားသည်။

အဝေးမှကြည့်ပါက အနက်ရောင်က သစ်ကိုင်းများကို အရည်ပျော်အောင်လုပ်၍ ဧရာမသွေးရောင်သစ်ပင်ကြီးထံသို့ ပျံ့နှံ့နေသည်ကို မြင်နိုင်သည်။

ဧရာမသစ်ပင်ကြီးမှာ အနက်ရောင်၏ ကျူးကျော်ခြင်းကို ခံလာရစဉ် သစ်သီးဒါဇင်ကျော်မှာ ရုတ်ခြည်း တုန်ရီလာသည်။ သစ်သီးများထဲရှိ ရေသူမမျိုးနွယ်ကျင့်ကြံသူများမှာ အန္တရာယ်ကို အာရုံခံမိလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် အခွံများထဲမှ ဖောက်ထွက်ရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း ရေသူမမျိုးနွယ်ကျင့်ကြံသူအားလုံး အပြင်သို့ မြန်ဆန်စွာ မထွက်နိုင်ကြဘဲ နောက်ဆုံး၌ လေးယောက်သာ အချိန်မီ အပြင်ထွက်နိုင်လိုက်ကြသည်။

သစ်ပင်ကြီးတစ်ခုလုံး မည်းနက်သွားသည်နှင့် ကျန်သစ်သီးများသည်လည်း မှင်ရည်စွန်းထင်းခံလိုက်ရသည့်အလား မည်းနက်ကာ ဆွေးမြေ့သွားသည်။

ထိုမြင်ကွင်းက ရေသူမမျိုးနွယ်ကျင့်ကြံသူလေးယောက်ကို အလွန် ဒေါသူပုန်ထသွားစေသည်။ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကျင့်ကြံခြင်းစွမ်းအားများ ဝုန်းခနဲ ထွက်ပေါ်လာပြီး ရွှီချင်းထံသို့ သူတို့ ပြေးဝင်သွားကြသည်။

သူတို့အမြင်အရ ရွှီချင်းသည်လည်း ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သာ ရှိပြီး လူသားတစ်ယောက်သာ ဖြစ်သည်။ အလွန့်အလွန်နည်းပါးသော လူသားများသာ မွေးရာပါစွမ်းရည်များကို နှိုးဆွနိုင်ကြသည်ဖြစ်၍ အဆင့်တူအချင်းချင်း တိုက်ခိုက်ပါက လူသားမဟုတ်သော မျိုးနွယ်များကသာ အသားစီးရနိုင်သည်။

အဆိပ်လမ်းစဉ်က ပြန့်ပွားတတ်သောသဘောရှိပါသော်ငြား သူတို့ခန္ဓာကိုယ်တည်ဆောက်ပုံက လူသားများနှင့် မတူညီသည့်အတွက်ကြောင့် လူသားအဆိပ်များစွာကို ခံနိုင်ရည်ရှိသည်။

ထို့ကြောင့် ထိုရေသူမမျိုးနွယ်ကျင့်ကြံသူ လေးယောက်က တွေဝေတွန့်ဆုတ်မနေဘဲ ရွှီချင်းထံ ဝင်ရောက်သွားကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ အနီးသို့ ရောက်သွားသည်နှင့် ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားပြီး သူ့အရှိန်ကို ရုတ်ခြည်း မြှင့်တင်လိုက်သည်။

ထိုအမြန်နှုန်းက ရေသူမမျိုးနွယ်ဝင်လေးယောက် ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။ သူတို့ ထိတ်လန့်ကြောက်ရွံ့ဟန်မပြနိုင်ခင်မှာပင် ရွှီချင်းမှာ ရေသူမတစ်ယောက်ရှေ့သို့ ရောက်သွားပြီဖြစ်သည်။ သူ၏ဓားမြှောင်က အေးစက်စက်ဝင်းလက်သွားပြီး ရေသူမခေါင်း လွင့်ပျံသွားကာ ထိုရေသူမ၏ခန္ဓာကိုယ်က တခြားရေသူမတစ်ယောက်နှင့် တိုက်မိသွားသည်။

တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး ထိုရေသူမသည် မွေးရာပါအစွမ်း ရှိပါသော်ငြား ထိုတိုက်မိခြင်းကို တောင့်မခံနိုင်ဘဲ အရိုးနှင့်အသားများ ကျိုးကြေသွားသည်။

အသွေးအသားများ နေရာအနှံ့ပျံ့ကြဲသွားစဉ် ရွှီချင်း၏ ဓားမြှောင်က ဘယ်ဖက်သို့ ဝှေ့ယမ်းသွားကာ တတိယမြောက် ရေသူမ၏ နဖူးသို့ တိုးဝင်သွားသည်။ တချိန်တည်းမှာပင် နောက်ဆုံးရေသူမ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့သည့်အရိပ်အယောင်များ ပေါ်လာသည်။ သူက ဆက်လက် တိုးဝင်မသွားရဲတော့ဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။

သို့သော်လည်း နောက်ကျသွားခဲ့လေပီ။

ပေတစ်ရာခန့်သာ သူ ပျံသန်းသွားရသေးသည်၊ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး အနက်ရောင်စက်များ မရေမတွက်နိုင်လောက်အောင် ပေါ်လာသည်။

အနက်ရောင်အစက်များ ပျံ့နှံ့သွားသည်နှင့် သူ့ထံမှ စူးစူးဝါးဝါးအော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး အလျင်အမြန် တိုက်စားခံလိုက်ရပြီး အရည်ပျော်သွားသည်။

ရေသူမများ၏ ခန္ဓာကိုယ်အတွင်းပိုင်း တည်ဆောက်ပုံကြောင့် တချို့အဆိပ်များက ရေသူမများအပေါ်တွင် ထိရောက်မှုမရှိပေ။ ရွှီချင်းက ထိုအချက်ကို အထူးအလေးထား၍ သူ့အဆိပ်ကို ပြုပြင်ထားခဲ့သည်။

ထိုရေသူမလေးယောက်ကို သတ်ပြီးနောက် ရွှီချင်းက လျှောက်သွားကာ ရေသူမလေးယောက်ထံမှ ပစ္စည်းများကို ရှာဖွေလိုက်သည်။ ထိုစဉ် သူ့စိတ်ထဲတစ်မျိုးဖြစ်သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ ကြည့်လိုက်သောနေရာ၌ ချီရွှဲ့ထုံဂိုဏ်းသားတစ်ယောက် ရှိနေသည်။

ထိုလူကို ရွှီချင်း မသိပါသော်လည်း ထိုလူထံမှ ထွက်ပေါ်နေသည့် ပင်လယ်အသွင်ပြောင်းပညာရပ်၏ အထွတ်အထိပ်အဆင့် အငွေ့အသက်များအရ သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။ သူ လှမ်းကြည့်လိုက်သည့်အချိန်မှာပင် ထိုဂိုဏ်းသားသည် ရုတ်တရက် ခြေလှမ်းများ ရပ်သွား၏။

ရွှီချင်းနှင့် အကြည့်ချင်း ဆုံသွားသည်နှင့် သူ၏ အသက်ရှူသံများ ရပ်သွားရသည်။ တားမြစ်ပင်လယ်ထဲမှ အစွမ်းထက်ပင်လယ်သတ္တဝါတစ်ကောင်ကို ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ သူက မာန်တင်း၍ ခက်ခက်ခဲခဲ လှုပ်ရှားကာ ပြောလိုက်သည်။

“ အစ်ကိုကြီး၊ ကျုပ်မှာ ဘာစိတ်မှမရှိပါဘူးဗျာ။ ကျုပ်က ဖြတ်သွားရုံလောက်ပါပဲ ”

သူက ပြောနေရင်း ဆေးလုံးအမြောက်အမြားကို ထုတ်၍ မျိုချလိုက်သည်။ ပြီးသည်နှင့် မည်သည့်စိတ်ယုတ်မျှမရှိကြောင်း ပြသည့်အနေဖြင့် လက်နှစ်ဖက်ကို မြှောက်ပြလိုက်ပြီး တဖြည်းဖြည်း ဆုတ်ခွာသွားသည်။

ရွှီချင်းက ထိုလူကို အေးတိအေးစက် ကြည့်လိုက်ပြီးနောက် သုံ့ပန်းပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ထွက်သွားသည်။

ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ရောက်နေသော ထိုဂိုဏ်းသားသည် ရွှီချင်း အဝေးသို့ ရောက်သွားကြောင်း အတည်ပြုပြီးသောအခါမှသာ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ်များ ယှက်သန်းနေဆဲဖြစ်ပြီး သူ့နှလုံးသားတစ်ခုလုံး အရှိန်ပြင်းစွာ ခုန်ပေါက်နေသည်။

“ ငါ စောစောက အနားကပ်သွားရင် ဒါမှမဟုတ် မကောင်းတဲ့စိတ်ရှိနေရင် အဲဒီနေရာမှာတင် သေနေလောက်ပြီ ”

ရွှီချင်းထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များနှင့် ရက်စက်ကြမ်းကြုတ်သောအပြုအမူများက သူ့ကို အသက်ရှူကြပ်သွားစေသည်။ ထိုဖိအားက ယခုတိုင်အောင် သူ့စိတ်ထဲ စွဲကျန်နေဆဲဖြစ်ပြီး ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် သူ ကြုံတွေ့လိုက်ရသည့်အလားပင်။

“ တောင်ခြေမှာ ဘယ်တုန်းက ဒီလိုမျိုး ရက်စက်တဲ့လူ ရှိနေတာတုံး ”

သူ ပင်လယ်ပြင်သို့ ထွက်သွားခဲ့သည်မှာ နှစ်ဝက်ခန့် ရှိနေပြီဖြစ်၍ ရွှီချင်းအကြောင်းကို မသိပေ။ သူက ခပ်သွက်သွက် ထွက်သွား၏။ သို့သော်လည်း ခြေလှမ်းအနည်းငယ်သွားပြီးနောက် သွေးမည်းတစ်ပွက် အန်ထုတ်လိုက်ရပြီး ဆေးလုံးအမြောက်အမြား ထပ်သောက်လိုက်ရသည်။ ထိုအခါမှသာ သူ နေရထိုင်ရ အဆင်ပြေလာသည်။

ရွှီချင်း သုံးခဲ့သည့်အဆိပ်က ရေသူမမျိုးနွယ်အတွက်သာ အထူးဖော်စပ်ခဲ့သော အဆိပ်ဖြစ်နေ၍ တော်သေးသည်။ ထိုသို့ မဟုတ်ဘဲ ယခင်က သူ သုံးခဲ့သည့်အဆိပ်သာဆိုပါက တိုက်ပွဲကွင်းပြင်အနား မရောက်ခင် သေချာပေါက် သေသွားမည်သာ ဖြစ်သည်။

“ သူ့ကျင့်ကြံခြင်းအဆင့်က မြင့်မားတယ်။ သူက လူသတ်တဲ့နေရာမှာလည်း ရက်စက်သလို အဆိပ်ပညာမှာလည်း ကြောက်စရာကောင်းလောက်အောင် ထူးချွန်တာပဲ ”

ထိုချီရွှဲ့ထုံဂိုဏ်းသား၏ မျက်လုံးများထဲတွင် အကြောက်တရားများသာ စိုးမိုးထားသည်။ ရွှီချင်း၏နောက်သို့ သူ မလိုက်ဝံ့ဘဲ တခြားလမ်းတစ်လမ်းသို့ ရွေးလိုက်သည်။ ရွှီချင်း ရှိသည့်နေရာသို့ သေသည့်တိုင်အောင် တစ်ဖဝါးမျှ ခြေဦးမလှည့်မိစေရန် သူ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ရေသူမကျွန်းလေးကျွန်းပေါ်တွင် နှစ်ဦးနှစ်ဖက် အကျအဆုံးများစွာဖြင့် လူသတ်ပွဲများ ဆက်လက်ဖြစ်ပွားနေ၏။ ရွှီချင်းက တိုက်ခိုက်ရင်း တောအုပ်ထဲမှ အပြင်ဘက်သို့ ခရီးဆက်နေ၏။

သူ တောအုပ်အပြင်သို့ ရောက်သည့်အခိုက် ခပ်လှမ်းလှမ်းရှိ ရေသူမမြို့တော်ကို လှမ်းမြင်လိုက်ရသည်။

ထိုမြို့ကြီးသည် အလွန် ထူးခြား၏။ အုတ်ခဲများဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ဧရာမငါးကြီးတစ်ကောင်၏ အရိုးဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထိုအရိုးက အလွန် ခံ့ညားထည်ဝါပြီး ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးတမျှ ကြီးမားသည်။

ရွှီချင်းက ဟွမ်ရန်ပေးခဲ့သည့် ကျူးယင်ကျွန်းအကြောင်း အချက်အလက်များနှင့် လက်ရှိမြင်ကွင်းကို နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် မြို့တူရှုသို့ သူ တဟုန်ထိုး ပြေးသွားသည်။

All Chapters