တွင်းနက်ထုတ်ဖော်ခြင်း (၂)
Vol. 62 Ch. 1044
“မလောနဲ့ဦး”
ထိုအချိန်တွင် ချန်ဆီရွှမ်က ဝင်ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားပြီး ပင်လယ်မြူထုကို ဖောက်ထွင်းကြည့်ရှုနေသကဲ့သို့ပင်။
“ဒီရေလှိုင်းတွေက ပြန်ကျုံ့ဝင်နေပြီ။ အပြင်ကို ပန်းထွက်လာတဲ့ သန္ဓေပြောင်းမွန်းစတားတွေလည်း ရေထဲကို ပြန်ငုပ်လျှိုးသွားကြပြီ။ ကျွန်မတို့ကိုလည်း သူတို့ အာရုံမစိုက်မိကြသေးဘူး။ ခဏလောက် စောင့်ကြည့်ရအောင်”
မိုးလင်းတော့မည့်အချိန်ဖြစ်သော်လည်း အနန္တရထားမှာ ရပ်နားရန် နေရာမရှာရသေးသဖြင့် ယခုအချိန်တွင် တိုက်ပွဲဝင်ရပါက ၎င်းတို့အတွက် အလွန်အမင်းအခြေအနေမလှဖြစ်နိုင်သည်။
လင်းရှန်သည် သိလိုစိတ်ဖြင့် ချန်ဆီရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနက်ရောင်တွင်းနက်ကြီးဆီသို့ ချက်ချင်းပြန်လှည့်ကြည့်လိုက်သည်။ သူမ ပြောခဲ့သကဲ့သို့ပင် ပင်လယ်မြူထုထဲတွင် ရှိနေသော အနက်ရောင်တံတိုင်းကြီးမှာ ပြန်လည်ကျုံ့ဝင်သွားသော ပူဖောင်းတစ်ခုကဲ့သို့ နောက်ဆုတ်သွားချေပြီ။ ရေပန်းကဲ့သို့ ပန်းထွက်လာသော သန္ဓေပြောင်းမွန်းစတားများလည်း လျော့နည်းသွားပြီး မကြာမီမှာပင် ထိုကစဥ့်ကလျားအခြေအနေကြီးက ပင်လယ်မြူထုထဲတွင် ပြန်လည်ပျောက်ကွယ်သွားတော့သည်။ ဝဲဂယက်ကြီးပြိုကွဲသွားပြီးနောက် ထွက်ပေါ်လာသော လှိုင်းလုံးကြီးများ၏ ထစ်ချုန်းသံသာ ကျန်ရစ်ခဲ့သည်။
“ပျောက်သွားပြီလား” ရှုချင်းက ရေရွတ်လိုက်သည်။
ချီလီက လက်ပိုက်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။ “လာတာလည်း မြန်တယ်၊ သွားတာလည်း မြန်တယ်။ ဒါက ဘယ်လိုထူးခြားတဲ့ ကောင်းကင်ဖြစ်စဉ်မျိုးလဲ”
ဤနေရာတွင် လင်းရှန်သည် ထူထပ်သော ပင်လယ်မြူများကို ကြည့်ရင်း ဗိုင်အိုလာကို ချက်ချင်းအမိန့်ပေးလိုက်သည်။
“ဗိုင်အိုလာ… ဒရုန်းတွေလွှတ်လိုက်။ ပြီးတော့ ရှေ့က ဝဲဂယက်ပင်လယ်ပြင်ထဲမှာ အဲဒီအနက်ရောင်ဂီယာကို ရှာဖို့ တားမြစ်ပစ္စည်းရှာဖွေရေးကိရိယာကိုသုံး”
[ဗိုင်အိုလာ နားလည်ပါပြီ]
ပြောပြီးသည်နှင့် လင်းရှန်နှင့် အခြားသူများ၏ နောက်ဘက်မှ ဒရုန်းထောင်ပေါင်းများစွာသည် ပျားအုပ်ကြီးကဲ့သို့ မီးရောင်များ တဖျတ်ဖျတ်လင်းလက်ကာ ရှေ့ရှိ မြူထုထဲသို့ ပျံသန်းသွားကြတော့သည်။
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းထက်၌ ဆန်းကြယ်သောအလင်းတန်းတစ်ခု ဖျတ်ခနဲပေါ်လာပြီး တောက်ပသော အလင်းရောင်ကြောင့် အနက်ရောင်မြူထုကြီးမှာ မီးခိုးရောင်ပင်လယ်မြူအဖြစ် ပြောင်းလဲသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် လေထုအပူချိန်မြင့်တက်လာသည်ကို အားလုံးခံစားလိုက်ရသည်။
ပင်လယ်မြူများကြောင့် မြင်ကွင်းမရှင်းလင်းသေးသော်လည်း မိုးလင်းပြီဆိုသည်ကိုမူ လူတိုင်းသိလိုက်ကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူ့၏ အမြင်အာရုံထဲရှိ အချိန်ရေတွက်မှုလည်း လုံးဝပျောက်ကွယ်သွားပြီဖြစ်သဖြင့် လင်းရှန်သည် စိတ်ထဲမှ လေးလံမှုကြီးက ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အနက်ရောင်ဂီယာ၏ စွမ်းရည်များကို သေချာမသိသေးသော်လည်း သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ခဲ့သည်။ သူ့၏ အချိန်ရေတွက်မှုက ဤအနက်ရောင်ဂီယာနှင့် တစ်နည်းမဟုတ်တစ်နည်းဆက်စပ်နေပြီး ၎င်းမှာ ချန်ယန်ရွှီ ထောင်ချောက်ဆင်ခဲ့သော မြေမြှုပ်မိုင်းတစ်ခုပင်ဖြစ်သည်။
အာရုဏ်ဦးမြို့တော်မှ စတင်ကာ လင်းရှန်သည် ချူယန်၏ စိတ်ဝိညာဉ်ကမ္ဘာထဲတွင် အသိစိတ်တစ်ခုအနေဖြင့် မပေါ်လာသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထူးဆန်းသော လူသားဖုတ်ကောင်အသိုက်ရှိ စွန့်ပစ်ထားသော မိုးမျှော်တိုက်ကြီးတစ်ခုမှ ချူယန် ထွက်လာသည်ကို မြင်လိုက်ရသောအခါ လင်းရှန်သည် ဤမိန်းကလေးကို ဖက်ထားချင်စိတ် ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
အဆက်အသွယ်ပြတ်တောက်သွားသည့်ကာလတစ်ခုရှိခဲ့ပြီး ပင်လယ်ပြင်ထဲတွင်ပါ ရောက်ရှိနေသဖြင့် လင်းရှန်သည် အဖွဲ့အစည်းနှင့်အတူရှိသော်လည်း အထီးကျန်နေသကဲ့သို့ ခံစားခဲ့ရသည်။
ချူယန်၏ နောက်မှနေ၍ အမိုးများပေါ်မှ ခုန်ကူးရင်း အောက်ရှိ ပျက်စီးယိုယွင်းနေသောမြို့ပျက်ကြီးကို ငုံ့ကြည့်ကာ လင်းရှန်က ပြောလိုက်သည်။
“ဒီတစ်ခါမစ်ရှင်က ဘာလဲ”
“ဖောင်ဒေးရှင်း”
ချူယန်သည် မြင့်မားသော အဆောက်အအုံတစ်ခု၏ အစွန်းတွင် ရပ်တန့်လိုက်ပြီး လင်းရှန်ကို ကြည့်ကာ ငွေရောင်ဓားကို ပြန်သိမ်းလိုက်သည်၊
“နင့်ကိုကျေးဇူးတင်ရမယ်… နင့်ကြောင့်ပဲ ငါ မစ်ရှင်အဖွဲ့ထဲကို ပြန်ဝင်ခွင့်ရခဲ့တာ”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“မင်းကို ပိုပြီး တင်းတင်းကျပ်ကျပ် အကာအကွယ်ပေးထားရမှာ မဟုတ်ဘူးလား”
ချူယန်က ခေါင်းခါပြလိုက်သည်။
“နင့်ရဲ့ ငွေကျည်ဆန်၊ ဂရေ့စ်၊ ငါတို့ရဲ့ ကြယ်တာရာကောင်းကင်သုတေသနခန်း၊ ဒီအချက်အလက်အားလုံးကို အမှောင်ဂိုဏ်းက သိသွားပြီ။ ပုန်းကွယ်နေတာက ဘာမှအဓိပ္ပာယ်မရှိတော့ဘူး”
သူမက ပြောပြီးနောက် လင်းရှန်ကို ကြည့်လိုက်သည်။
“ချန်ယန်ရွှီက အိန်ဂျယ်စီမံကိန်းအထူးပစ္စည်းများသုတေသနဌာနရဲ့ အကြီးအကဲဟောင်းပဲ။ SIID-06 ငွေရောင်အိတ်ဆောင်နာရီကို သုတေသနပြုရင်း တစ်ညတည်းနဲ့ အသက် ၂၀ လောက် အိုမင်းသွားခဲ့ပေမဲ့ အဲဒီတားမြစ်ပစ္စည်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တယ်။ အဲဒီနာရီက ဒေသတွင်း အချိန်စီးဆင်းမှုကို ပြောင်းလဲစေနိုင်တယ်။ တားမြစ်ပစ္စည်းရဲ့စွမ်းအားကို ခံစားခဲ့ရပြီးနောက် သူ့ရဲ့ ယုံကြည်ချက်တွေ အကြီးအကျယ်ပြောင်းလဲသွားပြီး အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ဖက်ဒရေးရှင်းကနေ ထွက်ခွာပြီး ဗျာဒိတ်တော်ဂိုဏ်းကို တည်ထောင်ခဲ့တာပဲ”
“နင်ပြောတဲ့ အနက်ရောင်ဂီယာက နောက်ပိုင်းထွက်တဲ့ SIID-011 အမှောင်ဂီယာဖြစ်ရမယ်။ အလွန်ထူးခြားတဲ့ စွမ်းရည်တွေ ရှိပြီး ငါတို့ဆီမှာ တိကျတဲ့သတင်းအချက်အလက်မရှိခဲ့ဘူး။ သိထားတဲ့တစ်ခုတည်းသောအချက်ကတော့ ချန်ယန်ရွှီကို တားမြစ်ပစ္စည်းတွေ ရှာဖွေဖို့ တွင်းနက်ထဲကို လွတ်လပ်စွာဝင်ရောက်နိုင်ခွင့်ပေးခဲ့တာပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးအချို့လည်း ရှိတယ်”
“ဘေးထွက်ဆိုးကျိုးတွေလား”
“သေချာတော့မသိဘူး၊၊ ဒါပေမဲ့ နင့်ရဲ့ ဖော်ပြချက်အရဆိုရင် အဲဒါပဲဖြစ်ရမယ်”
ချူယန်က သုံးသပ်ပြလိုက်သည်။
“သူ့မှာ ငွေရောင်အိတ်ဆောင်နာရီရှိလို့သာ အမှောင်ဂီယာပေါက်ကွဲရင် သူ အသက်ရှင်နိုင်တာပဲ”
လင်းရှန် စိတ်ထဲမှ တုန်လှုပ်သွားမိသည်။
“ဒါကြောင့်ကိုး...”
အကယ်၍ သူသာ စွမ်းအင်ကူးပြောင်းမှုစွမ်းရည်ကို အဆင့်မြှင့်တင်မထားဘဲ ဆွဲငင်အားမှန်ဘီလူး၏ ဟင်းလင်းပြင်ဖြတ်တောက်ခြင်းစွမ်းရည်မရှိခဲ့ပါက ထိုခဏတာအတွင်း ပေါ်ပေါက်လာသော တွင်းနက်ဒီရေလှိုင်းကြီးသည် သူနှင့် ကျယ်ပြန့်သောဧရိယာအတွင်းရှိ လူတိုင်းကိုပါ ဝါးမျိုသွားနိုင်စွမ်းရှိပေသည်။ ရေပန်းကဲ့သို့ ပန်းထွက်လာသော သန္ဓေပြောင်းမွန်းစတားများ၏ ဒီရေလှိုင်းကြီးကို တွေးမိရင်း လင်းရှန် တုန်လှုပ်သွားမိသည်။
“သူက ဒီအရာကို ငါ့ဆီမှာ တမင်ချန်ထားခဲ့တာပဲ။ ငွေကျည်ဆန်အပေါ် ငါ့ရဲ့ ထိန်းချုပ်မှုကို ဖြတ်တောက်ပြီး ငါတို့ရဲ့ ချိတ်ဆက်မှုကိုပါ ဖုံးကွယ်ထားဖို့ ဖြစ်ပုံရတယ်...”
“ဒါက ဟင်းလင်းပြင်ဆိုင်ရာချိတ်ဆက်မှုတစ်ခုခုရှိနေလို့ဖြစ်ရမယ်”
ချူယန်က လက်ပိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“တွင်းနက်ကို ထုတ်ဖော်တာနဲ့ တွင်းနက်ကို ဖြတ်သန်းတာတွေကို ကြည့်ရင် ဒါကို ရှင်းပြလို့ ရနိုင်တယ်”
“လခွမ်း... ငါတော့ သေခါနီးဖြစ်သွားတာပဲ”
လင်းရှန်သည် ထိုအဖြစ်အပျက်ကို ပြန်တွေးမိရင်း ချွေးစေးများပြန်လာကာ မျက်ဝန်းထဲတွင် ဖျတ်ခနဲ လင်းလက်သွားသည်။ ဤအခြေအနေ၏ အန္တရာယ်မှာ သမုဒ္ဒရာနတ်ဘုရားကြီးနှင့် ရင်ဆိုင်ရသည်ထက် မလျော့ချေ။ သူသည် ငွေကျည်ဆန်နှင့်အတူ ကမ္ဘာ့ပတ်လမ်းကြောင်းအထိပင် ဖြတ်သန်းသွားလုနီးပါးဖြစ်ခဲ့သည်။ အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် အမှောင်ဂီယာကို သယ်ဆောင်ထားသဖြင့် တောင်ဘက်ကောင်းကင်ဂိတ်ပါ အတူဖျက်ဆီးခံရနိုင်သည်။
ချူယန်က လင်းရှန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဒီလိုအခြေအနေမျိုးမှာ နင်က ဘယ်လိုလုပ်ပြီး ဒီလိုဆုံးဖြတ်ချက်မျိုး ချနိုင်ခဲ့တာလဲ”
ချူယန်အနေဖြင့် လင်းရှန်၏ သုံးသပ်ချက်အပေါ် အနည်းငယ်သံသယရှိနေသည်မှာ သိသာလှသည်။
“ဟူး...”
လင်းရှန်က စိတ်ပျက်လက်ပျက်ပြုံးလိုက်သည်။
“ဘာဆုံးဖြတ်ချက်လဲ... ဒါက ကံကောင်းလို့ပါ”
လင်းရှန်အနေဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် အချက်နှစ်ချက်ကြောင့် ဖြစ်သည်။ ပထမအချက်မှာ သူ့၏ အချိန်ရေတွက်မှုသည် အမှောင်ဂီယာနှင့်ဆက်စပ်နေကြောင်း သေချာနေခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူ၏ ဆွဲငင်အားမှန်ဘီလူးသည် ထိုဂီယာကို သီးခြားခွဲထုတ်ကာ ထိန်းချုပ်မှုကို ပြတ်တောက်စေနိုင်ခြင်းဖြစ်သည်။
ဤအချက်နှစ်ချက်ကို အားကိုးပြီး သူသည် အနက်ရောင်ဂီယာကို အချိန်ကိုက်ဗုံးတစ်ခုကဲ့သို့သဘောထားကာ အဝေးသို့ စွမ်းအင်ကူးပြောင်းခြင်းနှင့် ရှောင်တိမ်းခဲ့ပြီးနောက် ဆွဲငင်အားမှန်ဘီလူးကို ထပ်ဆင့်အသုံးပြုခဲ့ခြင်းဖြစ်ရာ တကယ့်ကို ကံကောင်းခြင်းသက်သက်သာဖြစ်ချေသည်။
“ငါ ဒီအရာကို ပြန်သိမ်းထားလိုက်ပြီ၊၊ နောက်ပိုင်းကျရင် အသုံးဝင်လာနိုင်တယ်”
ချူယန်က ပြောလိုက်သည်။
“တားမြစ်ပစ္စည်းကိုသုံးတဲ့အခါ သတိထားဦး။ ဒါက အမှောင်ယဉ်ကျေးမှုရဲ့ စွမ်းအားတိုးချဲ့မှုတစ်ခုပဲ။ ဒါပေမဲ့ မြောက်အမေရိကပေါင်းစည်းတပ်ဦးနဲ့ ဖီးနစ်ရဲ့ ညလမ်းလျှောက်သူအဖွဲ့အစည်းနှစ်ခုစလုံးက ဒီတားမြစ်ပစ္စည်းနောက်ကို လိုက်နေကြတယ်”
“တွင်းနက်ကို ဖြတ်သန်းနိုင်တဲ့ စွမ်းအားကြောင့်လား”
ချူယန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်”
“ကောင်းပြီ”
လင်းရှန်က သက်ပြင်းအရှည်ကြီးချလိုက်သည်။
“ငါ ပြန်သွားဖို့ လိုနေပြီ။ ရထားက ရေထဲမှာ နစ်မြုပ်နေတုန်းပဲ၊၊ လမ်းကြောင်းတောင် ရှာမတွေ့သေးဘူး”
ထိုအချိန်တွင် ချူယန်က သူ့ကို မေးလိုက်သည်။
“နောက်ဘာဆက်လုပ်ဖို့ ပြင်ထားလဲ။ ဖောင်ဒေးရှင်းရော၊ ဗျာဒိတ်တော်ဂိုဏ်းရောက နင့်ကို မျက်စိဒေါက်ထောက်ကြည့်နေကြတယ်။ မြင့်မြတ်မြို့တော်မှာ အစွန်းရောက်စွမ်းအားရှင်တွေ အများကြီးရှိတယ်၊၊ သူတို့နဲ့ ဆုံရင် ရင်ဆိုင်ရခက်လိမ့်မယ်”
လင်းရှန်က လက်ဝှေ့ယမ်းပြလိုက်သည်။
“ငါက နောဧဆီကို တိုက်ရိုက်ဦးတည်မလို့ပဲ၊၊ ဒါမှမဟုတ် တောင်အမေရိကကို ဆင်းသက်ဖို့ လမ်းကြောင်းကို အမြန်ပြောင်းမယ်။ ဘာပဲဖြစ်ဖြစ် ပရော်ဖက်ဆာယဲ့နဲ့ စီမံကိန်းက အောင်မြင်သွားပြီပဲ။ အမှောင်ဂိုဏ်းနဲ့ အမှောင်ယဉ်ကျေးမှုကြားက ဆက်စပ်မှုကို ငါတို့အတည်ပြုနိုင်ခဲ့ပြီ၊၊ ပြီးတော့ တောင်ဘက်ကောင်းကင်ဂိတ်က အမှောင်ယဉ်ကျေးမှုအပေါ် တကယ်ခြိမ်းခြောက်နိုင်စွမ်းရှိတာကိုလည်း သိသွားပြီ။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုရူးသွပ်တဲ့အဖွဲ့အစည်းတွေကို စုံစမ်းဖို့ ပင်လယ်နက်ထဲ ငါ ဘာလို့ငုပ်လျှိုးနေရဦးမှာလဲ။ ဒါ့အပြင် ပင်လယ်ထဲမှာ အဲဒီသမုဒ္ဒရာနတ်ဘုရားကြီးလည်း ရှိနေသေးတယ်။ ထားလိုက်ပါတော့... ဒီလို ကျွမ်းကျင်တဲ့ အလုပ်တွေကို ညလမ်းလျှောက်သူတွေဆီပဲ လွှဲပေးလိုက်တာ အကောင်းဆုံးပဲ”
ထိုစကားကို ကြားသောအခါ ချူယန်က ပြောလိုက်သည်။
“နင့်ရဲ့ ဆုံးဖြတ်ချက်က မှန်ပါတယ်။ တောင်အမေရိကကို ဆင်းသက်ရင် နောက်ရက်သတ္တပတ်အနည်းငယ်အတွင်း နင့်ရဲ့ ယာဉ်တန်းနဲ့ ပြန်ဆုံရလိမ့်မယ်။ အနန္တယာဉ်တန်းနဲ့ ငွေကြယ်တို့က လက်ရှိမှာ ချုံးကူရေလက်ကြားကို ဖြတ်သန်းနေကြပြီး အာရုဏ်ဦးဗဟိုစင်တာကလည်း အရှိန်မြှင့်နေတယ်”
“အရှိန်မြှင့်နေတာလား”
“ကမ္ဘာကြီးက ပျက်စီးယိုယွင်းလာနေပြီလေ”
ချူယန်က အဝေးမှ မြို့ပြမိုးကုပ်စက်ဝိုင်းဆီသို့ ညွှန်ပြလိုက်သည်။ လင်းရှန်သည် သူမ ညွှန်ပြရာသို့လိုက်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားမိသည်။ ကြည်လင်နေသင့်သော ကောင်းကင်ယံကြီးမှာ နီရဲသော အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းနေချေပြီ။
“ပြောင်းလဲသွားတာတွေ အများကြီးပဲ။ အဲဒီအကြောင်းတွေကို နောက်မှ အေးအေးဆေးဆေးပြောကြတာပေါ့။ အခုလောလောဆယ်တော့ နင့်ကိုယ်နင်အန္တရာယ်ကနေ အရင်လွတ်အောင်လုပ်ဦး”
ချူယန်က ပြောလိုက်သည်။
လင်းရှန်က ခေါင်းညိတ်ပြကာ ချူယန်၏ ကျောပြင်ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အသိစိတ်များတဖြည်းဖြည်းဝေဝါးသွားတော့သည်။