← Chapters

တွင်းနက်ထုတ်ဖော်ခြင်း (၃)

Vol. 62 Ch. 1045

တွင်းနက်ထုတ်ဖော်ခြင်း (၃)

Vol. 62 Ch. 1045

ပစိဖိတ်သမုဒ္ဒရာ၏ တစ်နေရာတွင် ပင်လယ်မြူများသည် နေရောင်ခြည်အောက်တွင် တဖြည်းဖြည်းလွင့်ပြယ်သွားသည်။ ငြိမ်သက်နေသော ပစိဖိတ်သမုဒ္ဒရာမျက်နှာပြင်ထက်တွင် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းနှင့် ရထားတစ်စင်းမျောပါနေခဲ့သည်။

တွဲ ၆ ထမင်းစားတွဲအတွင်း၌ လူတိုင်းစုဝေးနေကြပြီး အချို့က ထိုင်နေကြကာ အချို့က မတ်တတ်ရပ်နေကြသည်။ ဆိုဖာ၏ အလယ်ရှိ ကော်ဖီစားပွဲပေါ်တွင် ပင်လယ်ရေများ စိုရွှဲနေသော အနက်ရောင်ဂီယာတစ်ခုရှိနေပြီး လင်းရှန် အစောပိုင်းက ပိတ်လှောင်ခဲ့စဉ်ကနှင့် လုံးဝမတူဘဲ လှုပ်ရှားနေသော အမှောင်စွမ်းအင်လှိုင်းတွန့်များကို ထုတ်လွှတ်နေသည်။

လော့ယန်သည် သူ့အနီးရှိ စူးစမ်းလေ့လာရေးမှန်ဘီလူးကို ချလိုက်ပြီး စားပွဲပေါ်ရှိ အနက်ရောင်ဂီယာကို စစ်ဆေးရင်း မနေနိုင်ဘဲပြောလိုက်သည်။

“ဒီအရာက တွင်းနက်ကို ထုတ်ဖော်နိုင်တာလား... ဒီတားမြစ်ပစ္စည်းရဲ့ စွမ်းရည်တွေက တကယ့်ကို ထူးဆန်းလွန်းတယ်”

“ဒီလိုအရာမျိုးကို ဘယ်သူက ထိန်းချုပ်မှာလဲ၊၊ ဒါက သေကြောင်းကြံစည်တာပဲ မဟုတ်ဘူးလား”

ရှားရှားက တိုးတိုးရေရွတ်လိုက်သည်။

“ဗျာဒိတ်တော်ဂိုဏ်းက ချန်ယန်ရွှီက ဒါကို အမြဲဆောင်ထားတယ်။ ဒါကို ကြည့်ရင်အခြေအနေကို သေချာမသိရသေးပေမဲ့ အဲ့ဒါမှာ ကောင်းမွန်တဲ့ တန်ဖိုးတစ်ခုခုရှိနေရမယ်”

နန်ကျင်းက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။

လေထုထဲတွင် ပျံဝဲနေသော ကီကီက မျက်မှောင်ကြုတ်ကာ မထီမဲ့မြင်သုံးသပ်လိုက်သည်။

“တန်ဖိုးဆိုတာက လူတွေကို ဒုက္ခပေးဖို့ပဲ ဖြစ်လိမ့်မယ်။ မသိတဲ့လူတွေကတော့ ဒါကို ရတနာလို့ ထင်နေကြမှာပဲ၊၊ အမှန်တော့ ဒါက အကြီးစား သွေးဆောင်ဖြားယောင်းဆေးရည်တစ်ခုပဲ”

“ငါလည်း သဘောတူတယ်”

လုချန်က ထောက်ခံလိုက်သည်။

“တွင်းနက်ကို ထုတ်ဖော်နိုင်တာဆိုတော့ ဒါက သာမန်ဆွဲဆောင်တဲ့အရာတစ်ခုထက်မကဘူး”

မိုနီကာက ထိုအချိန်တွင် လေးနက်စွာ ဝင်ပြောလိုက်သည်။

“အကယ်၍ ဒီလိုစွမ်းရည်ကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဒါက အံ့ဩစရာကောင်းတဲ့ လက်နက်တစ်ခုဖြစ်လာမှာပဲ”

“မင်းပြောတာ မှန်တယ်”

ထိုအချိန်တွင် ရထားတွဲ၏ လျှောက်လမ်းဘက်မှ လင်းရှန်၏ အသံထွက်ပေါ်လာသည်။ သူသည် စားပွဲဆီသို့ လျှောက်လာပြီး အနက်ရောင်ဂီယာကို ထည့်ရန် ခဲသေတ္တာတစ်ခုကို ဖန်တီးကာ ပြောလိုက်သည်။

“သွားကြစို့။ မထင်မှတ်ထားတာတစ်ခုခုမရှိရင် တစ်ယောက်ယောက်က ဒီဆုလာဘ်ကို လာလုလိမ့်မယ်”

ချန်ဆီရွှမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းထရပ်လိုက်သည်။

“ကောင်းပြီ၊၊ ကျွန်မတို့ ဘယ်လိုဆက်သွားကြမလဲ”

လင်းရှန်သည် လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး အနည်းငယ်ပြုံးပြလိုက်သည်။

“ဒီတစ်ခါတော့... ပျံသန်းပြီး သွားမယ်”

“ပျံသန်းရမှာလား”

ထိုစကားကို ကြားကြားချင်း ရှားရှားမျက်နှာတွင် ဝမ်းသာအားရဖြစ်သွားပြီး ခုန်ဆွခုန်ဆွဖြင့် မေးလာသည်။

“တကယ်လား… ညီမတို့ ကောင်းကင်အမိုးခုံးရထားကို သုံးကြတော့မှာလား”

ချက်ချင်းပင် အားလုံး၏အကြည့်များက လင်းရှန်ထံ ရောက်ရှိသွားကြပြီး ပင်လယ်လင်းယုန်အုပ်စုမှ ရိုင်ယန်နှင့် အခြားသူများ၏ မျက်ဝန်းထဲတွင်မူ ထူးဆန်းသောအရိပ်အယောင်များဖြတ်ပြေးသွားသည်။

သူတို့စကားပြောပုံအရ ပျံသန်းနိုင်တဲ့ရထားတစ်စင်းရှိနေတာလား…

“ဒါက နည်းနည်းတော့ စွန့်စားရလိမ့်မယ်”

လင်းရှန်က သူ့၏အကြံဉာဏ်ကို တိုက်ရိုက်ထုတ်ဖော်ပြောလိုက်သည်။

“ဂြိုဟ်ပတ်ရထားလမ်းက ပျက်စီးနေတဲ့အပြင် ငါတို့က အမှောင်ဂိုဏ်းရဲ့ ပစ်မှတ်ထားခြင်းကိုလည်း ခံနေရတယ်။ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ ရထားလမ်းကြောင်းကို ရှာဖွေရတာက မလွယ်ကူတဲ့ကိစ္စပဲ”

ထိုအချိန်တွင် ဆိုဖာပေါ်၌ ထိုင်နေသော ချီလီက အေးအေးလူလူပင် ဝင်ပြောသည်။

“ပစိဖိတ်သမုဒ္ဒရာပေါ်ကနေ တိုက်ရိုက်ပျံသန်းသွားတာက အကြံကောင်းပဲ။ ပင်လယ်ထဲမှာ သောင်တင်နေရတာက အရမ်းမွန်းကျပ်ဖို့ကောင်းတယ်။ ငါစိတ်ကူးယဉ်ခဲ့တဲ့ ကမ်းခြေတွေ၊ လှိုင်းလုံးတွေနဲ့ နေဝင်ချိန်အလှတွေနဲ့ လုံးဝတခြားစီပဲ”

“ဒါဆို မင်းတို့က ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ဖို့ ရထားကိုသုံးဖို့ တကယ်ပဲစီစဉ်နေတာလား”

ပင်လယ်လင်းယုန်အုပ်စုဘက်မှ ဗန်နက်ဆာက အံ့ဩတုန်လှုပ်သွားဟန်ဖြင့် ပြောသည်။

“ဒါက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းမှာပဲ”

အဲရစ်ကာက မတ်တတ်ရပ်လိုက်ပြီးပြောသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဖက်ဒရေးရှင်းရဲ့ ပင်လယ်ရေကြောင်းထောက်ပံ့ရေးပစ္စည်းအများအပြားကို ဒီလမ်းကြောင်းအတိုင်း သယ်ယူပို့ဆောင်ခဲ့တယ်။ အဲဒီတုန်းက ဘေးအန္တရာယ်တွေ ဝိုင်းနေပေမဲ့လည်း ဖက်ဒရေးရှင်းနဲ့ စတားဖလိ့က ဒီလမ်းကြောင်းကို ယာယီထိန်းသိမ်းထားနိုင်ခဲ့သေးတယ်”

“မှန်တယ်”

ရိုင်ယန်က ခေါင်းညိတ်ပြီး လင်းရှန်ဘက်သို့ လှည့်ကာ ပြောသည်။

“ငါတို့တွေ အရှေ့ဘက်ကို ထွက်ပြေးကြစို့လို့ ကြွေးကြော်ခဲ့ကြတုန်းက သမုဒ္ဒရာလမ်းကြောင်းတွေကိုဖြတ်ပြီး မောင်းနှင်ခဲ့တဲ့ ရထားတွေ မနည်းဘူး။ ဒါပေမဲ့ အဲဒီအခြေအနေက ရေရှည်မခံခဲ့ပါဘူး”

“သမုဒ္ဒရာနတ်ဘုရားကြီးကြောင့်လား”

ချန်ဆီရွှမ်က မေးလိုက်သည်။

“မဟုတ်ဘူး”

ရိုင်ယန်က ပုခုံးတွန့်ပြလိုက်ပြီး “ဒါက သံလမ်းကြောင်းတစ်ခုသက်သက်ပဲလေ။ ကုန်းပေါ်မှာဆိုရင် မြို့တစ်မြို့ပျက်စီးသွားရင်တောင် တခြားလမ်းကြောင်းတွေကနေ ပတ်သွားလို့ရသေးတယ်၊ ဒါပေမဲ့ ဒီမှာကတော့ အဲလိုမဟုတ်ဘူး။ ထွက်ပြေးတဲ့လူတွေ များလာတာနဲ့အမျှ အခြေစိုက်စခန်းတွေနဲ့ သံလမ်းတွေအပေါ် တိုက်ခိုက်ဖျက်ဆီးမှုတွေကလည်း တိုးလာခဲ့တယ်။ ဖက်ဒရေးရှင်းအတွက် ဒီလမ်းကြောင်းကို ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်က အဆမတန်ကြီးမားလာပြီး လူအင်အားဆုံးရှုံးမှုကလည်း မနည်းလှဘူး။ ပင်လယ်ပြင်က အရမ်းအန္တရာယ်များလွန်းတော့ သမုဒ္ဒရာလမ်းကြောင်းပျက်စီးသွားဖို့ မလွဲမရှောင်သာပဲ။ မင်းတို့ ဆက်ရှာမယ်ဆိုရင်တောင် အရင်တုန်းက အဏ္ဏဝါစက်မှုလုပ်ငန်းတွေရဲ့ အကြွင်းအကျန်အပိုင်းအစအချို့ကိုပဲ တွေ့ရဖို့ များပါတယ်။ ချောချောမွေ့မွေ့ မောင်းနှင်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ”

“ငါလည်း အဲလိုပဲထင်တယ်”

လင်းရှန်က ခေါင်းညိတ်လိုက်သည်။ ပင်လယ်ကျောက်ဆောင်ကျွန်းသို့ ရောက်ရှိလာရုံရှိသေးသော်လည်း မိုင်ပေါင်းရာချီရှည်လျားသော ပြိုကျပျက်စီးမှုကို ကြုံတွေ့ခဲ့ရသည်။ ပင်လယ်ကျောက်ဆောင်ကျွန်းမှ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်နိုင်ခဲ့လျှင်တောင် ရှေ့တွင်ရှိသော သံလမ်းများအပေါ် သူ ယုံကြည်မှုမရှိပေ။

“ဒါပေမဲ့ နင်က ပျံသန်းဖို့ ပြောခဲ့တယ်နော်”

ဗန်နက်ဆာက ရထားတွဲအတွင်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။

“ဒီရထားနဲ့လား”

“မဟုတ်ဘူး၊၊ တခြားယာဉ်တစ်စီးနဲ့”

လင်းရှန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ငါ့မှာ ကြယ်သင်္ဘောတစ်စင်းကျန်သေးတယ်”

“ဘာ”

ဂေဒီက အံ့အားသင့်သွားပြီး ထိုအခိုက်အတန့်တွင် ပင်လယ်လင်းယုန်အုပ်စု၏ အဓိကအဖွဲ့ဝင်အချို့လည်း မျက်လုံးများပြူးကျယ်သွားကြသည်။ ရိုင်ယန်က သူ၏နေကာမျက်မှန်ကို ပင့်တင်လိုက်ပြီး လင်းရှန်ကို ကြည့်လိုက်ကာ သူ၏လက်ကို ပြန်ကြည့်မိရင်း လင်းရှန်သည် တစ်ချိန်က ဧရာမယန္တရားလက်ကြီးကို ဆင့်ခေါ်ခဲ့ပုံကို ရုတ်တရက်သတိရသွားပြီး ချက်ချင်းပင် နားလည်သဘောပေါက်သွားတော့သည်။

“လင်း... ကြယ်သင်္ဘောအပြင် မင်းမှာ ယန္တရားစစ်တပ်လည်းလည်း ရှိနေသေးတာလား” ရိုင်ယန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မဟုတ်ပါဘူး၊၊ မရှိပါဘူး”

လင်းရှန်က ပြုံးလိုက်သည်။

“ဒါပေမဲ့ ငါမင်းကို သတိပေးရလိမ့်မယ်၊၊ ပစိဖိတ်သမုဒ္ဒရာပေါ်ကနေ ပျံသန်းဖို့ ကြိုးစားတာကလည်း အကြံကောင်းတစ်ခုတော့ မဟုတ်ဘူး”

ရိုင်ယန်က လင်းရှန်ကို ကြည့်ကာ ပြောသည်။

“ဖောင်ဒေးရှင်းကနေ ငါသိထားရသလောက်ဆိုရင် အဲဒီမုန်တိုင်းတိမ်တိုက်တွေနဲ့ မိုးပျံတစ္ဆေငါးလိပ်ကျောက်တွေက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးတစ်ခုလောက်ပဲ ရှိသေးတယ်”

လင်းရှန်က ခေါင်းညိတ်ပြပြီး “ငါသိပါတယ်၊၊ အဲဒါကြောင့်ပဲ ငါတို့က စွန့်စားပြီး ပင်လယ်ပြင်အထက် အမြင့်ပေနိမ့်နိမ့်ကနေ မြန်နှုန်းမြင့်ဖြတ်ကျော်သွားမှာပါ”

“ဘယ်ကိုဦးတည်မှာလဲ”

“ဗိုင်အိုလာ”

လင်းရှန်က ဗိုင်အိုလာကို တိုက်ရိုက်ကြည့်လိုက်သည်။

ဗိုင်အိုလာသည် သုံးဖက်မြင်ကြယ်တာရာမြေပုံရှေ့တွင် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တတ်ရပ်နေပြီး စက်ရုပ်ဆန်သောအသံတစ်ခုက တည်ငြိမ်စွာထွက်ပေါ်လာသည်။

[ကျွန်မ ပင်လယ်ကျောက်ဆောင်ကျွန်းနဲ့ လျှပ်စစ်သံလိုက်အိမ်မြှောင်ကတစ်ဆင့် လက်ရှိပင်လယ်ပြင်ကို တောင်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၁၇၇ ဒီဂရီ ၂၅ မိနစ်မှာ တိုင်းတာတွက်ချက်ထားပြီး သမုဒ္ဒရာဖြတ်ကျော်ပျံသန်းမှု အစီအစဉ်သုံးခုကို ရေးဆွဲထားပါတယ်]

[အဲဒီအထဲက မြောက်အမေရိကတိုက် ကာမာဒက်ကျုံးကတစ်ဆင့် အော့ကလန်ကို သွားမယ့်လမ်းကြောင်းနဲ့ တောင်အမေရိကတိုက် မာဂျယ်လန်ရေလက်ကြားကတစ်ဆင့် ဆန်တာခရုဇ်ကို သွားမယ့်လမ်းကြောင်း နှစ်ခုစလုံးက နာရီ ၄၀ ကျော် ကြာမြင့်မှာဖြစ်ပါတယ်။ အသံထက်နှေးတဲ့ အရှိန်နဲ့ ပျံသန်းမယ်ဆိုရင် ခန့်မှန်းခြေ ၃၁ နာရီနဲ့ ၁၅ မိနစ် ကြာမြင့်မှာဖြစ်ပြီး နောက်ဆုံးလမ်းကြောင်းဖြစ်တဲ့ အလွန်ပြင်းထန်တဲ့ အနောက်လေငြိမ်ဇုန်ကို ဖြတ်ပြီး ဝင်ရိုးစွန်းမြောက်ပိုင်းရေခဲပြင်ဆီ တိုက်ရိုက်သွားမယ့်လမ်းကြောင်းကတော့ ၂၂ နာရီအတွင်း ဝင်ရိုးစွန်းပေါ် အမြန်ဆင်းသက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့ အညွှန်းကိန်းက အလွန်မြင့်မားပြီး အနောက်လေငြိမ်ဇုန်၊ အမှတ် ၈ တွင်းနက်အပြင် မြောက်ပိုင်းရေခဲပြင်နဲ့ ခွန်လွန်းဝင်ရိုးစွန်းမြို့ရဲ့ ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျားတဲ့ တောရိုင်းရေခဲပြင်ကြီးကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်]

“ဝင်ရိုးစွန်းဒေသကို တိုက်ရိုက်ဦးတည်သွားဖို့ကတော့ မဖြစ်နိုင်ဘူး”

ရိုင်ယန်က မှတ်ချက်ချသည်။

“ဖောင်ဒေးရှင်းတောင်မှ ဒီလိုလမ်းကြောင်းမျိုးကို မသွားရဲကြဘူး။ ဝင်ရိုးစွန်းဒေသက အမြဲနေ့ဘက်ဖြစ်နေတတ်ပေမဲ့ အနောက်လေငြိမ်ဇုန်ကတော့ ဝင်ရိုးစွန်းညစက်ဝန်းထဲမှာရှိနေတယ်။ မင်းမှာ ကြယ်သင်္ဘောရှိနေရင်တောင်မှ သေကြောင်းကြံချင်တာ မဟုတ်ရင် ဒီလမ်းကြောင်းကို ထည့်မစဉ်းစားပါနဲ့”

“ငါလည်း အဲဒီလောက်အထိ မိုက်ရူးရဲမဆန်ပါဘူး၊ ပြီးတော့ ငါ့ရဲ့ယာဉ်တန်းက မြောက်အမေရိကထဲကို ဝင်ရောက်နေတုန်းပဲဆိုတော့ ပိုပြီးစိတ်ချရတဲ့ ကုန်းလမ်းကြောင်းကိုပဲ ရွေးချယ်မှာပါ။ မုန်တိုင်းရေလက်ကြားက အခုဆိုရင် သေမင်းနယ်မြေဖြစ်နေပြီလို့ ငါကြားထားတယ်၊၊ ဝင်ရိုးစွန်းကို သွားချင်တဲ့သူတိုင်းက ဒီပင်လယ်ပြင်ကို မဖြစ်မနေဖြတ်ကျော်ရမှာပဲ၊၊ ငါတို့လည်း ချွင်းချက်မဟုတ်ပါဘူး”

“ဒါဆို မင်း ဘယ်တော့စထွက်မှာလဲ”

ရိုင်ယန်က မေးလိုက်သည်။

လင်းရှန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “အခုချက်ချင်းပဲ”

“ရှင်တို့ရော ပင်လယ်ထဲမှာ ဆက်ပြီးရွက်လွှင့်နေဦးမှာလား”

ကီကီက မေးလိုက်သည်။

ရိုင်ယန်၏အကြည့်က သူ၏အဖွဲ့ဝင်များထံသို့ ဝေ့ဝဲသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ရွက်လွှင့်တယ်ဆိုတာက စိတ်အပန်းဖြေဖို့အတွက်ပဲ သုံးနှုန်းတာကောင်းတယ်၊၊ ငါတို့ရဲ့ အစီအစဉ်ကလည်း မုန်တိုင်းရေလက်ကြားကို ဖြတ်ကျော်ဖို့ပဲ”

သူက ပြတ်သားသောအကြည့်ဖြင့် လင်းရှန်ဘက်သို့ လှည့်ကာ “လင်း... မင်းရဲ့ဦးဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်။ ပင်လယ်လင်းယုန်အုပ်စုရဲ့ လွတ်မြောက်လာသူ ၅၃၂ ယောက်ကိုယ်စား ငါ ကျေးဇူးတင်ပါတယ်။ ဒါတွေက ငါ ကြေးနီလုံးနဲ့အတူ သိမ်းဆည်းလာခဲ့တဲ့ ပစ္စည်းတွေပါ၊၊ ငါပြောခဲ့သလိုပဲ ဒါတွေအားလုံးက မင်းနဲ့ပဲ ထိုက်တန်ပါတယ်”

သူ့စကားအဆုံးတွင် အဲရစ်ကာက ကြီးမားသော ခဲသေတ္တာကြီးနှစ်လုံးကို သယ်ဆောင်လာခဲ့သည်။ သေတ္တာအဖုံးများကို ဖွင့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်လှိုင်းများက ကောင်းကင်ယံထံသို့ လွင့်ပျံတက်သွားသဖြင့် အားလုံး၏အကြည့်များက ဆွဲဆောင်ခြင်းခံလိုက်ရသည်။ သေတ္တာများထဲတွင်မူ အဝိုင်းပုံသဏ္ဌာန် အပြစ်နာဆာမရှိ လုံးဝန်းနေသည့် နီမှောင်နေသော သွေးပဲစေ့များ အထပ်လိုက်ရှိနေသည်။ အံ့ဩစရာကောင်းသည်မှာ ဤသွေးပဲစေ့များသည် ညှီစော်နံခြင်းမရှိဘဲ တမင်တကာ သန့်စင်ထားခြင်းမရှိသည့်တိုင်အောင် သဘာဝအတိုင်း ထူးဆန်းစွာ သန့်ရှင်းစင်ကြယ်နေခြင်းပင် ဖြစ်သည်။

“ဝိုး... ဒီလောက်တောင်အများကြီးလား”

လုချန်က အံ့သြစွာရေရွတ်မိသည်။

“ကြည့်ရတာ ငါတို့တွေ အထူးအဆင့် ဒါမှမဟုတ် S-Classအဆင့် မွန်းစတားတွေကို ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ရသလိုပဲ”

မိုနီကာက လက်ပိုက်လျက် သေတ္တာထဲမှ သွေးပဲစေ့များထံမှတစ်ဆင့် လင်းရှန်ထံသို့ အကြည့်ကို ရွှေ့ပြောင်းလိုက်သည်၊၊

“ဒါတွေရှိနေရင်တော့ အရင်းအမြစ်တွေ၊ သေနတ်တွေ ဒါမှမဟုတ် လက်နက်တွေအတွက် စိုးရိမ်စရာမလိုတော့ဘူး”

All Chapters