အခန်း (၂၈၉-၂၉၀)
Vol. 25 Ch. 289-290
အခန်း(၂၈၉)
မိုက်ကယ်အနေနဲ့ လုံးဝအမှန်အတိုင်း ပြောရမယ်ဆိုရင် ရွှေလမ်းမကြီး တည်ဆောက်ရေး အစောပိုင်းကာလမှာတင် လမ်းအသုံးပြုခကောက်ခံတဲ့ ဂိတ်တစ်ခု လုပ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ နောက်ပိုင်း တော်ဝင်တိုက်ကြီးထဲမှာ ဒီလမ်းကြီးက ပိုပြီး အခြေကျလာတဲ့အခါကျမှ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ပြောင်းလဲဖို့ ရည်ရွယ်ထားတာ မှန်ပေမဲ့ အဲဒါက တော်တော်လှမ်းသေးတဲ့ အနာဂတ်ကျမှ ဖြစ်လိမ့်မယ်လို့ပဲ သူ ထင်ခဲ့တာပါ။
ဒါပေမဲ့ အခု ဒီရီနေးတားပေါ်တယ်ကို ဖန်တီးလိုက်တာက လူတွေ ရွှေလမ်းမကြီးထဲ ဘေးကင်းကင်းနဲ့ ဝင်ထွက်သွားလာနိုင်ဖို့ အဖွဲ့ဝင်စနစ်တစ်ခုကိုပါ သူ မဖြစ်မနေ လုပ်ရတော့မယ့် အခြေအနေ ဖြစ်လာစေတယ်။
ဥပမာပြောရရင် မြို့တိုင်းရဲ့ အစမှာ ရွှေလမ်းမကြီးထဲ ဝင်ဖို့ လမ်းနာမည်ကောက်တဲ့ ဂိတ်တစ်ခု ရှိနေလိမ့်မယ်။ သူတို့ဘက်က သတ်မှတ်ထားတဲ့ ပမာဏတစ်ခု ပေးချေပြီးတာနဲ့ ခရီးစဉ်တစ်ခုလုံးမှာ အတူလိုက်ပါ စောင့်ရှောက်ပေးမယ့် သူ့ရဲ့ အရိပ်ခွဲတစ်ခုကို ရရှိမှာဖြစ်ပြီး အဲဒီအရိပ်ခွဲက ရီနေးတားပေါ်တယ်ရဲ့ သဟဇာတမီးလျှံတွေရန်ကနေ သူတို့ကို ဘေးကင်းအောင် ကာကွယ်ပေးသွားမှာပါ။
တကယ်တော့ မိုက်ကယ်အနေနဲ့ လူတွေကို ရွှေလမ်းမကြီးပေါ် ဖြတ်သန်းခ ပေးခိုင်းရမယ့်အရေး အနည်းငယ် တွန့်ဆုတ်မနေဘူးဆိုရင် ဒါက တကယ့်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ကြီးတစ်ခု ဖြစ်နေမှာပါ။
ဘာလို့လဲဆိုတော့ ဒီပရောဂျက်အတွက် သူ့ရဲ့ မူလစိတ်ကူးက လူတိုင်း အလွယ်တကူ အသုံးပြုနိုင်မယ့် လမ်းတစ်ခု ဖြစ်စေဖို့ပဲလေ။ ဒါမှသာ နောက်ဆုံးမှာ လူတွေအားလုံးက ကင်းစ်နယ်မြေနဲ့ ရီနေးတားနိုင်ငံတော်ဆီကို ဦးတည်ရောက်ရှိလာကြမှာကိုး။
ဒါပေမဲ့ ဒီလမ်းမှာသာ ဂိတ်နဲ့ ပိုက်ဆံကောက်တာမျိုး ရှိလာရင် လူတွေက ပိုက်ဆံပေးရမှာမို့လို့ တွန့်ဆုတ်သွားတာ ဒါမှမဟုတ် လမ်းပေါ်မတက်ဘဲ ငြင်းဆန်တာမျိုးတွေ တောင် ဖြစ်သွားနိုင်တယ်။
ဒီကိစ္စက နိုဗာက ဝင်ပြီး အမြင်မှန်ရအောင် ပြောပြမလာခင်အထိ သူ့အတွက် တော်တော်လေး ဗျာများရမယ့် အကျပ်အတည်းတစ်ခု ဖြစ်ခဲ့ရတယ်။
[လူတွေက ဘေးကင်းလုံခြုံမှုနဲ့ လူနေမှုအဆင့်အတန်း အဆင်ပြေချောမွေ့မှုအတွက်ဆိုရင် တန်ဖိုးကြီးတဲ့ ဈေးနှုန်းတစ်ခုကို ပေးဖို့ ပိုပြီး လိုလိုလားလား ရှိကြတယ်ဆိုတာ လေ့လာမှုတွေအရ သိရပါတယ်]
“ဟင်း... မင်းပြောတာ မှန်တယ်။ ငါ့အနေနဲ့ ရွှေလမ်းမကြီးကို ရိုးရိုးလမ်းတစ်ခုလိုပဲ သဘောထားနေတာမျိုး ရပ်လိုက်ရတော့မယ် ထင်တယ်။ ဒါက တော်ဝင်တိုက်ကြီးထဲမှာရှိတဲ့ နယ်မြေအားလုံးကို ဘေးအကင်းဆုံးနဲ့ အဆင်ပြေဆုံး ဖြတ်သန်းသွားနိုင်ဖို့ အာမခံချက်အပြည့်ပေးထားတဲ့ လမ်းပဲလေ။
အခုဆို သူက ရီနေးတားပေါ်တယ်ကို ပိုင်ဆိုင်ထားပြီဆိုတော့ ခွင့်ပြုချက်မရှိတဲ့သူတွေ လမ်းခုလတ်မှာ ချုံခိုတိုက်ခိုက်ပြီး အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို လုယက်တာမျိုး မလုပ်နိုင်တော့တာ သေချာသွားပြီပေါ့။ မိုက်ကယ်က ရွှေလမ်းမကြီးရဲ့ ပတ်ပတ်လည်မှာ ရီနေးတားပေါ်တယ်ကိုသာ တပ်ဆင်လိုက်မယ်ဆိုရင် စလစ်ဇီနဲ့ ဓားပြတွေ ဖြစ်ရပ်မျိုး ဘယ်တော့မှ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။
ဒီအကွက်ရဲ့ အကောင်းဆုံး အချက်ကတော့ လူတွေ လိမ်လည်လှည့်ပတ်ပြီး အမြတ်ထုတ်လို့ရမယ့် သိသာထင်ရှားတဲ့ ဟာကွက်မျိုး လုံးဝမရှိတာပဲ။
တကယ်လို့ သူတို့က ရွှေလမ်းမကြီးထဲဝင်ဖို့ လမ်းခရီးစဉ် ဝယ်ယူပြီးမှ တစ်ယောက်ယောက်ကို ဓားပြတိုက်ဖို့ ကြိုးစားမယ်ဆိုရင် ဘာတွေဖြစ်ပျက်နေလဲဆိုတာ မိုက်ကယ် ချက်ချင်း သိသွားမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်က သူတို့ကိုယ်ပေါ်မှာ ကပ်ပါလာတဲ့ အရိပ်ခွဲကြောင့်လေ။
အခုဆို မိုက်ကယ်အနေနဲ့ ရွှေလမ်းမကြီးကို ဖြတ်သန်းသွားလာမယ့် တခြားလူတွေကိုပါ ဘေးကင်းလုံခြုံမှု အပြည့်အဝ အာမခံချက် ပေးနိုင်ပြီ ဖြစ်တယ်။
ရီနေးတားပေါ်တယ် မရှိခင်တုန်းကတော့ ရီနေးတားနိုင်ငံသားမဟုတ်တဲ့သူတွေ ရွှေလမ်းမကြီးပေါ် သွားလာရင်း ဓားပြတိုက်ခံရနိုင်ခြေ ရှိသေးတယ်။ ဒါပေမဲ့ အခုတော့ အဲဒီလိုဖြစ်နိုင်ခြေက လုံးဝဥဿုံ သုည ဖြစ်သွားခဲ့ပြီပေါ့။
လောလောဆယ်တော့ သူက ရီနေးတားပေါ်တယ်နဲ့ ဂိတ်ကောက်တဲ့စနစ်ကို အန်ဂိုရာမြို့နဲ့ ဂရက်ဖ်တက်ကလတ်စတာ ကြားက လမ်းမှာ အရင်ဆုံး အကောင်အထည်ဖော်ဖို့ စဉ်းစားထားတယ်။ ရွှေလမ်းမကြီးရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေမှာ မချခင် ဘာပြဿနာတွေ ရှိလာမလဲဆိုတာကို သိရအောင် ဗားရှင်းတူး စမ်းသပ်မှုတစ်ခုအနေနဲ့ အရင်လုပ်ကြည့်ချင်တာပါ။
အခု ကျန်နေတဲ့ တစ်ခုတည်းသော ပြဿနာကတော့ အဲဒါကို တည်ဆောက်ဖို့ပဲ ဖြစ်တယ်။
ဒီမှော်မန္တန်အပေါ်မှာပဲ စိတ်အာရုံ အမြဲနှစ်ထားဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲလေ။ တော်သေးတာက သူ့မှာ သူ့ကိုယ်စား အဲဒီတာဝန်ကို ဝင်ယူပေးနိုင်တဲ့ အရိပ်ခွဲတွေ အကန့်အသတ်မရှိ ရှိနေတာပဲ။
မင်း ဘာလုပ်ရမလဲ သိတယ်မလား နိုဗာ။ ရီနေးတားပေါ်တယ် မန္တန်ထဲကို မှော်စွမ်းအင်တွေ အပြတ်အတောက်မရှိ ထောက်ပံ့ပေးနိုင်မယ့် ခွဲထွက်တဲ့ စွမ်းရည်တစ်ခုလောက် ငါ့ကို ပေးပါဦး။
[နားလည်ပါပြီ။ မန္တန် ဖန်တီးနေပါတယ်...]
[အရိပ်ခွဲ ဘက်ထရီ]
- - ဒီမန္တန်က အသုံးပြုသူကို မှော်ပညာရှင်တစ်ယောက်ရဲ့ တာဝန်ကို ဝင်ယူပေးနိုင်မယ့် အရိပ်ခွဲတစ်ခု ဖန်တီးခွင့် ပေးပါတယ်။
ဒီမန္တန်အသစ်ကို အသက်သွင်းလိုက်တာနဲ့ မိုက်ကယ်ရဲ့ ခြေထောက်အောက်က အရိပ်နှစ်ခုက ချက်ချင်း သီးသန့်ကွဲထွက်သွားပြီး မှော်အစီအရင်စက်ဝိုင်းပေါ် သွားကပ်လိုက်ကြတယ်။
အဲဒီစွမ်းရည်ကြောင့် ပေါ်လာတဲ့ အရိပ်ရဲ့ သုံးဖက်မြင်အကျိုးသက်ရောက်မှုက မှော်အစီအရင်စက်ဝိုင်းကို တကယ့်ပြင်ပကမ္ဘာမှာ တကယ်ရှိနေသလိုမျိုး ပိုပြီး သဘာဝကျကျ ပုံပေါ်သွားစေတယ်။ အဲဒါက ဟိုလိုဂရမ်တစ်ခုလို မဟုတ်ဘဲ လေထဲမှာ လွင့်မျောနေတဲ့ နီယွန်ဆိုင်းဘုတ်တစ်ခုလိုမျိုး မြင်နေရတာပါ။
သူ့ရဲ့ ရင်ဘတ်ထဲကနေ မှော်စွမ်းအင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားတာကို သူ ချက်ချင်း ခံစားလိုက်ရပြီး အရင်ကထက် အသက်ရှူရတာ နည်းနည်း ပိုချောမွေ့သွားစေတယ်။
ပခုံးပေါ်က အလေးချိန်တစ်ခုက ဖယ်ရှားခံလိုက်ရပြီး ပတ်ဝန်းကျင်ကနေ မှော်စွမ်းအင်တွေကို ဆက်တိုက် စုပ်ယူရင်း မှော်မန္တန်ကို ဆက်ပြီး အသက်ဝင်နေအောင် လုပ်ပေးနေတဲ့ အရိပ်နှစ်ခုဆီကို ပြောင်းရွှေ့သွားခဲ့ပါပြီ။
အကောင်းဆုံးအချက်ကတော့ သူ အလိုရှိတဲ့ ဘယ်အချိန်မှာမဆို ရီနေးတားပေါ်တယ်ကို လှမ်းပြီး ပိတ်လိုက် ဖွင့်လိုက် လုပ်လို့ရတာပဲ ဖြစ်တယ်။
လောလောဆယ်တော့ သူ အဲဒါကို ပိတ်ထားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းဆို ဘာမှမသိဘဲ စုပြုံကြည့်ချင်တဲ့ အပြစ်မဲ့တဲ့သူတွေ အများကြီးရှိလာနိုင်ပြီး အဲဒီလူတွေ လက်ချောင်းတစ်ချောင်းလောက် ဆုံးရှုံးသွားရနိုင်လို့ပဲ။
ရွှေလမ်းမကြီးရဲ့ ဒီအစိတ်အပိုင်းတစ်ခုလုံးကို အချောသတ်ပြီး ဂိတ်ဆောက်တာတွေ ပြီးစီးသွားတဲ့အခါကျမှ အသက်သွင်းဖို့ သူ စီစဉ်ထားတယ်။ အဲဒီလိုလုပ်မှသာ ရီနေးတားအရိပ် မရှိဘဲ လာကြမယ့် ခရီးသွားတွေကို ရီနေးတားပေါ်တယ်ရဲ့ အန္တရာယ်တွေအကြောင်း သူ သတိပေးနိုင်မှာ ဖြစ်တယ်။
လှတယ်၊ အလုပ်ဖြစ်သားပဲ။ ကဲ... အခုတော့ တကယ့် အခက်ခဲဆုံး အပိုင်းကို သွားရအောင်။
ရွှေလမ်းမကြီးရဲ့ ဒီအစိတ်အပိုင်းကနေ ကီလိုမီတာ ရာနဲ့ချီပြီး ကျန်ပါသေးတယ်။ ဒါကိုသာ သူ ကိုယ်တိုင် လက်နဲ့ အကုန်လိုက်လုပ်မယ်ဆိုရင် ပြီးဖို့ ရက်အနည်းငယ်လောက် ကြာသွားနိုင်တယ်။
နိုဗာ... ငါ့ရဲ့ အရိပ်ခွဲတွေကို သုံးပြီး ဒီမှော်အစီအရင်စက်ဝိုင်းတွေကို လိုက်ပြီး တပ်ဆင်ခိုင်းလို့ရမယ့် နည်းလမ်းမျိုး ရှိမလား။
[တော်သေးတာက အဲဒီလိုမျိုး လုပ်လို့ရနေတာပဲ။ သူက လိုအပ်တဲ့ မှော်အစီအရင်စက်ဝိုင်းအားလုံးကို တစ်နေရာတည်းမှာပဲ အလွယ်တကူ ဖန်တီးလိုက်ပြီး သူ့ရဲ့ အရိပ်ခွဲတွေကို သင့်တော်တဲ့ နေရာတွေဆီ လိုက်ပြီး ရွှေ့ခိုင်းလိုက်ရုံပဲ ဖြစ်တယ်။ ဒါက ကြာမြင့်မယ့်အချိန်ကို တစ်ပတ်ကနေ တစ်ရက်တည်းနဲ့ ပြီးသွားအောင် တိုတောင်းသွားစေတယ်]
မိုက်ကယ်က ရီနေးတားပေါ်တယ် ကိစ္စကို ပြီးပြတ်အောင် လုပ်ဆောင်ပြီးတဲ့နောက် ပထမအခြေစိုက်စခန်းဆီ တန်းတန်းမတ်မတ် သွားပြီး တခြားပရောဂျက်တစ်ခုအတွက် ရီနေးတားအင်ဂျင်နီယာတွေကို ရှာဖွေလိုက်တယ်။
အဆင်သင့်စွာပဲ မိုက်ကယ်က ဂရက်ဖ်တက်ကလတ်စတာကနေ သူ နိုင်ငံတော်ထဲ စည်းရုံးခေါ်ဆောင်လာခဲ့တဲ့ အဆင့်မြင့် အင်ဂျင်နီယာ ပါရမီရှင် အနည်းငယ်ကို ရှာတွေ့ခဲ့တာပဲ ဖြစ်တယ်။
ဒါကြောင့် အခြေခံအဆင့် အင်ဂျင်နီယာတွေက ရွှေလမ်းမကြီး ချဲ့ထွင်တဲ့အလုပ်ကို ဆက်လုပ်နေကြစဉ်မှာပဲ အတွေ့အကြုံ ပိုရှိတဲ့ ဝါရင့်အလုပ်သမားတွေက မိုက်ကယ်ရဲ့ ပရောဂျက်အသစ်ဖြစ်တဲ့ ဂိတ်ဆောက်လုပ်ရေးကို စတင်လိုက်ကြတယ်။
"အဲဒါက အပေါ်အောက် တက်လိုက်ကျလိုက်လုပ်မယ့် ရိုးရိုး အကာအကွယ်အတားအဆီးတစ်ခုပဲ..."
သူက သူ့ရဲ့ အရင်ဘဝက အဝေးပြေးလမ်းမကြီးတွေရဲ့ ဂိတ်တွေဆီကနေ အိုင်ဒီယာ တော်တော်များများကို ယူပြီး ဒီနေရာမှာ အသုံးချလိုက်တာ ဖြစ်ပါတယ်။
"လွယ်ကူပါတယ် သူဌေး။ ကျွန်တော်တို့ကို ရက်အနည်းငယ်လောက်ပဲ အချိန်ပေးပါ၊ အပြီးလုပ်ပေးပါ့မယ်" လို့ ဟော့ဘ်မျောက်လူ အင်ဂျင်နီယာက ပြောလိုက်တယ်။
သူတို့က သွက်သွက်လက်လက် အလုပ်လုပ်ကြပြီး ဂိတ်တွေအတွက် အခြေခံအုတ်မြစ်သစ် ချနိုင်ဖို့ လမ်းကို စတင် တူးဆွနေကြပြီ ဖြစ်တယ်။
အဲဒီအတောအတွင်းမှာပဲ ပထမအခြေစိုက်စခန်းက လူကြီးအကဲတစ်ယောက်က ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး သူ့ဆီ ချဉ်းကပ်လာခဲ့တယ်။
"ကျွန်တော်တို့ တခြားမြို့တွေကို သွားလို့မရတော့ဘူး" လို့ သူက ပြောတယ်။ "ဟိုမှာ မီးတွေ အပြည့်ပဲ။ ကျွန်တော်တို့ မိသားစုတွေဆီလည်း သွားလည်လို့ မရတော့ဘူး"
အဲဒီအဘိုးအိုက ဂရက်ဖ်တက်ကလတ်စတာရဲ့ ကျန်ရှိနေသေးတဲ့ နယ်မြေတွေထဲမှာ ဖလဲယားကော့ပ်ဘက်က လုပ်ထားတဲ့၊ ရွှေလမ်းမကြီးနဲ့ မချိတ်ဆက်ရသေးတဲ့ တောက်လောင်နေတဲ့ မီးလုံးအတားအဆီးကြီးအကြောင်းကို ပြောနေတာ ဖြစ်ပါတယ်။
လူတွေက အဝင်အထွက် လုပ်လို့မရတော့တဲ့အတွက် ပြည်သူတွေကြားထဲမှာ မကျေနပ်မှုတွေ တော်တော်လေး မြင့်တက်လာနေတယ်။
နာရီတိုနဲ့ ဆာစူကီတို့က မိုက်ကယ်ရဲ့ နောက်ကနေ ထွက်လာပြီး ဒီအခြေအနေတစ်ခုလုံးနဲ့ ပတ်သက်လို့ သူတို့ရဲ့ အမြင်တွေကို ပြောပြကြတယ်။
"ဟိုဘက်မှာတော့ လုံးဝ သီးသန့် အဆက်အသွယ်ပြတ်တောက်နေတာပဲ သူဌေး။ ဘယ်သူမှ အဝင်အထွက် လုပ်လို့မရတော့တာမို့လို့ လူတွေက အသက်ဆက်ဖို့အတွက် ဖလဲယားကော့ပ်ရဲ့ ထုတ်ကုန်တွေကိုပဲ အားကိုးနေရတယ်" လို့ နာရီတိုက အစီရင်ခံတယ်။
"ဘူ..တို..တို..." ဆာစူကီက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တယ်။ "ဈေးနှုန်းတွေက ပုံမှန်ထက် နည်းနည်း ပိုကြီးနေရင်တောင် လူတွေမှာ သူတို့ဆီကနေ ဝယ်ယူဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး ဖြစ်နေတယ်"
ဒါကတော့ ဘူးလ်ရန်ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေကို ဆက်ပြီး ထိန်းထားနိုင်ဖို့ ဟက်စတုဘက်က သေချာပေါက် သုံးထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပုံရတယ်။
ဒါက တကယ့်ကို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ စီးပွားရေး အကွက်အကွင်းမျိုးပဲ ဖြစ်တယ်။
"ငါ သူတို့ဆီကို နောက်တစ်ခေါက် ထပ်သွားလည်ရဦးမယ် ထင်တယ်" လို့ သူက ပြောလိုက်တယ်။
* * * * * * * *
စာစဉ်(၂၅)
အခန်း(၂၉၀)
ဒီအတောအတွင်းမှာပဲ ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့မဆီ ပြန်လှည့်ကြည့်ရရင်တော့ ဟက်စတုနဲ့ ဘူးလ်ရန်တို့ဟာ တစ်ရက်တည်းနဲ့ တရှိန်ထိုး တက်လာတဲ့ သူတို့ရဲ့ အမြတ်အစွန်း မှတ်တမ်းကို အကြောင်းကြားစာ ရရှိထားကြတယ်။
"တွေ့လား" ဘူးလ်ရန်ရဲ့ စာပွဲပေါ်က စာရွက်စာတမ်းတွေကို လက်ညှိုးထိုးပြရင်း ဟက်စတုက ဝင့်ဝင့်ကြွားကြွား ပြောလိုက်တယ်။ "အလုပ်ဖြစ်နေပြီပဲ။ လူတွေက ဖလဲယားကော့ပ်ရဲ့ ပစ္စည်းတွေကို သုံးနေကြပြီလေ"
ဒါပေမဲ့ ပုံမှန်ရနေကျထက် နှစ်ဆနီးပါးလောက် အမြတ်အစွန်းတွေ ပိုရလာတာတောင် ဘူးလ်ရန်ကတော့ အောင်ပွဲခံဖို့ စိတ်မပါနိုင် ဖြစ်နေတယ်။ သူက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ ဗဟိုမြို့မရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေဟာ တစ်ပိုင်းတစ်စ ကွယ်ပျောက်နေတဲ့ မီးလျှံတံတိုင်းကြီးတစ်ခုကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေတာကို မြင်လိုက်ရတယ်။ အဲဒီမီးတံတိုင်းက ဘယ်သူ့ကိုမှ အပြင်ပေးမထွက်ဘဲ ပိတ်ဆို့ထားတယ်။
တောက်လောင်နေတဲ့ မီးလုံးကြီးရဲ့ ပတ်ပတ်လည်မှာတော့ နယ်မြေထဲကနေ တိတ်တဆိတ် ထွက်ပြေးဖို့ ကြိုးစားရင်း လူတွေ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာမရစေဖို့ ဖလဲယားကော့ပ်ရဲ့ စစ်သည်တော်တွေကို နေရာအနှံ့ ချထားစောင့်ကြပ်စေတယ်။
သူ့ရဲ့ ရင်ထဲမှာ သံသယတွေ စတင်အမြစ်တွယ်လာတယ်။ ဒါမျိုး ဖြစ်တာက ဒါပထမဆုံးအကြိမ်တော့ သေချာပေါက် မဟုတ်နိုင်ဘူး။ တကယ်လို့ ဖလဲယားကော့ပ်က ဂရက်ဖ်တက်ကလတ်စတာထဲကို အပြီးအပိုင် ရောက်လာပြီဆိုရင်တော့ အခုလို အတင်းအကျပ် ပိတ်လှောင်ထားတာမျိုးက ယာယီကနေ ရာသက်ပန် ဖြစ်သွားဖို့ ပိုပြီးတော့တောင် သေချာနေတယ်။
သူကော အဲဒီလို အခြေအနေမျိုးနဲ့ ဆက်နေထိုင်သွားနိုင်ပါ့မလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မရေမရာ ဖြစ်လို့နေတယ်။ ဒါပေမဲ့လည်း ဒီစကားတွေကို ဟက်စတုအရှေ့မှာ အပြင်ထုတ်ပြောဖို့ကျတော့ လုံးဝမဖြစ်နိုင်ဘူးလေ။ ဒီအကာအကွယ်အတားအဆီးကို တာဝန်ယူ ထိန်းသိမ်းနေရတဲ့ ကြယ်ခြောက်ပွင့်မှော်ဆရာတွေကို ထိန်းချုပ်ထားတာက အဲဒီလူပဲဥစ္စာ။ တကယ်လို့ သူကသာ စိုးရိမ်စိတ်တွေကို ဖွင့်ဟလိုက်ရင် အဲဒီမှော်ဆရာတွေရဲ့ အာရုံက သူ့ဆီ ချက်ချင်း ရောက်လာနိုင်တယ်။
"အခုတော့ ရီနေးတားကုမ္ပဏီ ဒီမှာ စီးပွားရေးလာချဲ့လို့မရအောင် ငါတို့ သေချာပေါက် လုပ်နိုင်ခဲ့ပြီဆိုတော့ သူတို့လက်ထဲက တခြားအခြေချနယ်မြေတွေကိုလည်း ဖြည်းဖြည်းချင်း ပြန်လုယူရတော့မှာပေါ့" ဟက်စတုက ပြောလိုက်တယ်။ "ငါတော့ အဲဒီအချိန်ကို တော်တော်လေး မျှော်လင့်နေမိပြီ"
ဘူးလ်ရန်နဲ့ စကားပြောပြီးတဲ့နောက်မှာ ဟက်စတုက အိမ်တော်ကနေ ထွက်လာပြီး သူ့ရဲ့ ရထားလုံးထဲ ပြန်ဝင်လိုက်တယ်။
သူ့အနားမှာ စောင့်ကြပ်နေတဲ့ ကိုယ်ရံတော်တွေကော သူကိုယ်တိုင်ပါ လုံးဝ သတိမထားမိလိုက်တာကတော့ ထူးဆန်းတဲ့ အရိပ်တစ်ခုက သူ့ရဲ့ ခြေဖဝါးမှာ ကပ်ပါသွားခဲ့တာပဲဖြစ်တယ်။
* * * * * * * * *
"ဘယ်သူလဲ" ဟက်စတုက ကိုယ်ရံတော်တွေကို လန့်ဖျပ်သွားစေရင်း အော်ဟစ်လိုက်တယ်။
"ဆရာ... ဘယ်သူမှ ဘာမှမပြောပါဘူးခင်ဗျာ"
"ငါ သေချာကြားလိုက်တယ်" ဟက်စတုက အတင်းငြင်းဆိုတယ်။ "တစ်ယောက်ယောက်တော့ ငါ့ကို လာနောက်ပြောင်နေပြီ။ ကိုယ်ရံတော်တွေ... မင်းတို့အလုပ် မင်းတို့လုပ်ကြစမ်း။ ငါတို့ ပတ်ပတ်လည်မှာ ပြောင်ချော်ချော် လာလုပ်နေတဲ့ နှောင့်ယှက်သူတွေ ရှိ၊ မရှိ သေချာ စစ်ဆေးစမ်း"
ဖလဲယားကော့ပ် ကိုယ်ရံတော်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ ဗဟိုမြို့မရဲ့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမ်းမတွေထက်ကို စိတ်မသက်မသာနဲ့ ဟိုဟိုဒီဒီ လိုက်လံရှာဖွေကြတယ်။
စစ်အုပ်ချုပ်ရေး အာဏာတည်နေတဲ့အတွက် လမ်းမတွေပေါ်မှာ ဘယ်သူမှ လျှောက်သွားနေတာမျိုး မရှိဘူး။ လူတွေအကုန်လုံးက ကိုယ့်အိမ်ထဲမှာပဲ အောင်းနေကြရတာကြောင့် နယ်မြေတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုကြီးက လွှမ်းမိုးလို့နေတယ်။ အစောင့်တွေဘက်က ဘာအသံမှ မကြားရတဲ့အတွက် ဒါက ဟက်စတုကို ပိုပြီးတော့တောင် ရူးကြောင်ကြောင်နိုင်လှတယ်လို့ ထင်မှတ်စေတယ်။
ဒါပေမဲ့လည်း သူတို့ကတော့ တာဝန်အရ ထောင့်ကြိုထောင့်ကြားတွေကို ကျူးကျော်သူ ရှိ၊ မရှိ သေချာ လိုက်စစ်ဆေးပေးရှာပါတယ်။
"ဘာမှမရှိပါဘူး သခင်။ ဒီနားမှာ ဘယ်သူမှမရှိပါဘူး"
အဲဒီအချိန်မှာတင် ဟက်စတုက အရပ်မျက်နှာအနှံ့ကနေ ပဲ့တင်ထွက်လာတဲ့ နောက်ထပ် ရှင်းလင်းပြတ်သားတဲ့ အသံတစ်သံကို ထပ်ကြားလိုက်ရပြန်တယ်။
"ဟော... လာပြန်ပြီ။ ကလေးတစ်ယောက် ဒါမှမဟုတ် လူငယ်တစ်ယောက် အသံမျိုးပဲ"
ကိုယ်ရံတော်တွေက ဟက်စတုကို စိုးရိမ်တကြီး ကြည့်လိုက်ကြတယ်။ သူတို့စိတ်ထဲမှာတော့ ဒီလူ တကယ်ပဲ ရူးသွားပြီလို့ ထင်စပြုနေကြပြီ။
"ငါမရူးဘူး" ဟက်စတုက ကျိန်တွယ် ပြောတယ်။
"ငါ သေချာပေါက် ကျိန်စာတိုက်ခံထားရတာနေမှာ။ ငါ့ကို ဒုက္ခပေးဖို့ ကြံစည်နေတဲ့ မှော်ဆရာ ဒါမှမဟုတ် မီးဒြပ်စင်မှော်ကဝေတစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"
* * * * * * * * *
မကြာခင်မှာပဲ ဖလဲယားကော့ပ်ရဲ့ ကြယ်ခြောက်ပွင့်မှော်ဆရာတွေဟာ ဟက်စတုရဲ့ ယာယီတည်းခိုရာဆီ ရောက်ရှိလာကြတယ်။ သူတို့ကြည့်ရတာ တော်တော်လေး စိတ်ပျက်နေတဲ့ ပုံပဲ။ တစ်နေ့ကုန် မီးလျှံအကာအကွယ်အတားအဆီးကို တောက်လျှောက် ဖွင့်ထားရလို့ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်လို့ အခုအချိန်မှာ အိပ်ပဲအိပ်ချင်နေကြပြီလေ။ ဒါကို ဟက်စတုက အတင်းအကျပ် ဆင့်ခေါ်လိုက်တာ ဖြစ်နေတယ်။
"ဒီဆိုးဝါးလှတဲ့ ကျိန်စာကို ဖယ်ရှားပေးကြစမ်း။ ငါ အသံတွေ... အသံတွေ ခဏခဏ ကြားနေရတယ်... သူတို့က ငါ့ကို စကားလှမ်းပြောနေကြတာ"
ကြယ်ခြောက်ပွင့်မှော်ဆရာတွေလည်း ချက်ချင်းပဲ မှော်ပညာစစ်ဆေးခြင်း၊ ကျိန်စာခွဲခြားသတ်မှတ်ခြင်း နဲ့ ရောဂါရှာဖွေခြင်း စတဲ့ မန္တန်တွေကို သုံးပြီး ဟက်စတုရဲ့ အခြေအနေကို စစ်ဆေးပေးလိုက်ကြတယ်။
အလင်းရောင်စုံတွေက ဟက်စတုရဲ့ ပတ်ပတ်လည်မှာ ဝန်းရံသွားပြီး တစ်ခုချင်းစီက သူ့ရဲ့ တည်ရှိမှုကဏ္ဍ အသီးသီးကို လှည့်ပတ်စစ်ဆေးတော့တယ်။
အဲဒီအလင်းတွေက ဟက်စတုရဲ့ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီး သူ့ကိုယ်ကြီးက လင်းထိန်လာတယ်။ အဲဒီလို လင်းပွင့်လာတဲ့အခါမှာတော့ မှော်ဆရာတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းက အရိုးတွေ၊ သွေးကြောတွေနဲ့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် အမြုတေတွေကိုပါ အပြင်ကနေ ဓာတ်မှန်ရိုက်ထားသလိုမျိုး ထင်းထင်းကြီး မြင်နေရတယ်။
တကယ်လို့ တစ်စုံတစ်ခု ပုံမှန်မဟုတ်တာ ရှိနေရင် အဲဒီအလင်းတွေက မှော်ဆရာတွေ မြင်သာအောင် ပြဿနာရှိတဲ့နေရာကို ချက်ချင်း ထင်ရှားအောင် ပြပေးမှာဖြစ်တယ်။ ဒါပေမဲ့ မိနစ်အနည်းငယ်ကြာတဲ့အထိ အလင်းတွေက မှိန်ဖျော့သွားတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မှော်အတတ်အရ ဘာချို့ယွင်းချက်မှ ရှိမနေဘူးဆိုတာ ပြသနေတယ်။
သူ့ရဲ့ မှော်စွမ်းအင်ပမာဏကလည်း ပုံမှန်ပဲဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကလည်း အကောင်းပကတိ ရှိနေသလို တခြားသူတစ်ယောက်ယောက်က သူ့အပေါ် ကျိန်စာတိုက်တာမျိုး ဒါမှမဟုတ် မှော်မန္တန်တစ်ခုခု သုံးထားတာမျိုးလည်း လုံးဝမရှိဘူး။
သူ ကြားနေရတဲ့ အသံတွေဆိုတာက သူ့ရဲ့ စိတ်ကူးယဉ်မှုကနေ ဖြစ်ပေါ်လာတဲ့ စိတ်ကူးထင်ယောင်ထင်မှား ဖြစ်ရပ်တွေသာ ဖြစ်ပုံရတယ်။
"ဒါ မဖြစ်နိုင်တာ" ဟက်စတုက အော်ဟစ်လိုက်တယ်။
"ကျွန်တော်တို့ အကြံပြုချင်တာကတော့ ဆရာ့အနေနဲ့ ဘတ်ချ်ရောခ့်မြို့ကို ချက်ချင်းပြန်ပြီး မင်းရဲ့နေရာမှာ အစားထိုးဖို့ တောင်းဆိုသင့်တယ်" ဖလဲယားကော့ပ် မှော်ဆရာက ပြောလိုက်တယ်။
"မင်းကြည့်ရတာ ဒီတာဝန်ကို ထမ်းဆောင်ဖို့ မသင့်တော်တော့တဲ့ ပုံပဲ"
အဲဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ ဟက်စတုက အခန်းထဲမှာရှိတဲ့ လူအကုန်လုံးကို ဒေါသတကြီးနဲ့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောတော့တယ်။
"မင်းတို့ အဲဒီလိုမျိုး လုံးဝလုပ်လို့မရဘူး။ ငါ့ရဲ့အရှင်သခင်၊ ငါ့ရဲ့ ဘုရင်ကြီးက ဒီအကြောင်းကို ဘယ်လိုနည်းနဲ့မှ ကြားသိလို့မဖြစ်ဘူး။ ငါ ဖလဲယားကော့ပ်ဆီကို အောင်ပွဲတွေ ယူဆောင်လာပေးမှာဖြစ်ပြီး ဒီပြဿနာက ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို ဘာမှ မဟန့်တားနိုင်ဘူးဆိုတာ သက်သေပြရမယ်၊ ဒါကို ငါ အသေအချာ အာမခံတယ်"
* * * * * * * * *
မကြာခင်မှာပဲ ဟက်စတုတစ်ယောက် သူ့အခန်းထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့တယ်။
သူ့ရဲ့ ခေါင်းထဲမှာတော့ စည်တီးသံတွေ၊ စောင်းကြိုးခတ်သံတွေလိုမျိုး သဲ့သဲ့အသံတွေက တဒုန်းဒုန်းနဲ့ ဆက်တိုက် ထွက်ပေါ်နေတာကြောင့် ညဘက်မှာ ကောင်းကောင်းအိပ်စက်ဖို့ မဖြစ်နိုင်တော့ဘူး။
နောက်တစ်နေ့မှာတော့ ဟက်စတုက တတ်နိုင်သမျှ ပုံမှန်အတိုင်း ဖြစ်အောင် နေထိုင်ဖို့ ကြိုးစားရှာပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ မျက်လုံးအစွန်းမှာ အရိပ်လိုလို၊ ပုံသဏ္ဌာန်လိုလို အရာတွေကို ခဏခဏ မြင်နေရပြီး သေသေချာချာ စိုက်ကြည့်လိုက်တဲ့အခါကျရင်တော့ အဲဒါတွေက ချက်ချင်း ပျောက်ကွယ်သွားတတ်ပြန်တယ်။
ဒါကတော့ စိုးရိမ်စရာ အကြောင်းရင်းတစ်ခု ဖြစ်မလာသေးပါဘူး။ တကယ့် စိုးရိမ်စရာကြီးကတော့ နောက်တစ်ရက် အကြာမှာ ရောက်လာခဲ့တယ်။ ဟက်စတုတစ်ယောက် သူတည်းခိုနေတဲ့ ဧည့်ဂေဟာအိမ်ကြီးရဲ့ အထဲမှာတင် မျက်စိလည်ပြီး လမ်းပျောက်နေတာကို သိလိုက်ရတယ်။
အိပ်ခန်း လေးခန်းပဲရှိတဲ့ အိမ်တော်အသေးလေးဟာ ရုတ်တရက်ဆိုသလို တစ်ကီလိုမီတာလောက် ရှည်လျားတဲ့ ဝင်္ကပါကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ သူ အိမ်အပြင်ဘက်ကို ထွက်ဖို့ ကြိုးစားကြည့်ပေမဲ့လည်း သူ့ရဲ့ ကိုယ်ပိုင်အိပ်ခန်းဆီကိုပဲ လျှောက်ပြီး ပြန်ရောက်လာတယ်။ အပြင်ဘက်က ပြတင်းပေါက်တွေကလည်း လုံးဝကို ပိတ်ဆို့ထားတာကြောင့် နေရောင်ခြည် တစ်စက်မှ မဝင်နိုင်ဘဲ တဖျတ်ဖျတ် တုန်ခါနေတဲ့ ဆီမီးခွက်ရဲ့ စူးရှရှ အလင်းရောင်ကသာ သူ့ရဲ့ ပတ်ပတ်လည်ကို လင်းထိန်စေတယ်။
"ကယ်ကြပါဦး... ငါ့ကို ဒီကနေ ထုတ်ပေးကြပါဦး" သူက အော်ဟစ်လိုက်ပေမဲ့ သူ့ရဲ့ စကားသံတွေက သူ့ဆီကိုပဲ ပဲ့တင်သံအဖြစ် အရှိန်အဟုန်နဲ့ ပြန်လည် ရိုက်ခတ်လာတယ်။
သူ ဖြတ်လျှောက်သွားသမျှ တံခါးတိုင်းက သူ့ကို ရူးသွပ်ခြင်းလမ်းဆီကိုပဲ ပိုပြီးတော့ ဝေးသထက်ဝေးအောင် ခေါ်ဆောင်သွားသလို ခံစားရတယ်။ အချိန်တွေကလည်း ဝေဝေဝါးဝါး ဖြစ်လာခဲ့တယ်။ သူ့ရဲ့ အသိစိတ်ကလည်း မြူတွေဝေနေသလိုမျိုး ဖြစ်လာတော့တယ်။ သူကတော့ ဒီအဆုံးမရှိတဲ့ ဝင်္ကပါကြီးထဲမှာ ငေးငေးငိုင်ငိုင်နဲ့ လမ်းလျှောက်ရင်း တံခါးတစ်ခုပြီးတစ်ခုကို အဆုံးမရှိ ဖွင့်နေမိတော့တယ်။
ဒီတံခါးတွေရဲ့ အကြားမှာ သူ ဘယ်လောက်တောင် ပိတ်မိနေခဲ့လဲဆိုတာ သူကိုယ်တိုင်လည်း မသိတော့ဘူး။ ဒါပေမဲ့ ကမ္ဘာပျက်မတတ် ကြာမြင့်သွားခဲ့ပြီးတဲ့နောက်မှာတော့ သူဟာ နောက်ဆုံးမှာ ထွက်ပေါက်ကို ရှာတွေ့သွားခဲ့တယ်။
"...ကယ်ပါဦး..." သူက အိမ်အပြင်ဘက်က ကိုယ်ရံတော်ဆီကို အမောတကောနဲ့ ပြောလိုက်ရှာတယ်။
"ငါ ပိတ်မိနေခဲ့တာ... လနဲ့ချီနေပြီလား... နှစ်နဲ့ချီနေပြီလား... ငါလည်း မသိတော့ဘူး..."
ကိုယ်ရံတော်က သူ့ကို ထူးထူးဆန်းဆန်း ပုံစံမျိုးနဲ့ ပြန်ကြည့်လာတယ်။ "ဆရာ... နာရီအနည်းငယ်ပဲ ရှိသေးတာပါခင်ဗျာ"
* * * * * * * * *
မှော်ဆရာတွေလည်း ဟက်စတုရဲ့ အခြေအနေကို စစ်ဆေးဖို့ နောက်တစ်ကြိမ် ထပ်မံ ဆင့်ခေါ်ခြင်းခံရပြန်တယ်။ ဒါပေမဲ့ နည်းနည်း ဖရိုဖရဲဖြစ်နေတဲ့ ပုံစံကလွဲရင် အဲဒီလူက အကောင်းပကတိ အခြေအနေမှာ ရှိနေတုန်းပဲ။ သို့ပေမဲ့ သူ့ရဲ့ စိတ်အခြေအနေကတော့ လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်နေခဲ့ပြီပေါ့။
"ငါ အဲဒီထဲမှာ ပိတ်မိနေခဲ့တာပါဆို တကယ်ပြောနေတာ"
"အိမ်ထဲမှာ မှော်အတတ်ရဲ့ အရိပ်အယောင် လုံးဝမရှိပါဘူး" မှော်ဆရာက ပြောလိုက်တယ်။
ဘယ်သူမှ သူ့ကို မယုံကြတဲ့အခါမှာတော့ ဟက်စတုဟာ သူ့ရဲ့ ပတ်ပတ်လည်က အရာအားလုံးအပေါ် အလွန်အမင်း သံသယဝင်ပြီး ကြောက်လန့်တုန်လှုပ်လာတော့တယ်။ နောက်တစ်ကြိမ် အဲဒီဝင်္ကပါထဲမှာ ထပ်ပြီး ပိတ်မိသွားမှာကို ကြောက်တာကြောင့် ရေတောင် သေချာမချိုးရဲတော့ဘဲ ရက်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ပုံစံက ပိုပြီး ဖရိုဖရဲဖြစ်ကာ ညစ်ပတ်ပေရေလာခဲ့တယ်။
တစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ ဟက်စတုရဲ့ အခြေအနေက အိမ်အပြင်တောင် မထွက်ရဲတော့တဲ့အထိ ဆိုးဆိုးဝါးဝါး ပျက်စီးယိုယွင်းလာခဲ့ပြီ။ သူက အခန်းရဲ့ ထောင့်တစ်ထောင့်မှာပဲ ကိုယ့်ကိုယ်ကိုယ် ကပ်နေပြီး ဒူးနှစ်ဖက်ကို ပိုက်ကာ လက်သည်းတွေကို ကိုက်နေမိတယ်။ သူ့ရဲ့ မျက်တွင်းတွေကလည်း ဟောက်ပက်ဖြစ်လို့နေပြီ။
အဲဒီအချိန်မှာတင် ရုတ်တရက်ဆိုသလို နံရံတွေကနေ အမှောင်ထုတွေ စိမ့်ထွက်လာပြီး အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတာကို ဟက်စတု မြင်လိုက်ရတယ်။
အရိပ်တွေက လေထဲမှာ ဟိုဟိုဒီဒီ ပျံဝဲနေကြပြီး သူတို့ ထိမိသမျှ အရာအားလုံးကို အမှောင်ထုအဖြစ် ကူးစက်ပြန့်ပွားစေတယ်။
နောက်ဆုံးမှာတော့ ဟက်စတု မြင်နိုင်တာဆိုလို့ အဆုံးမရှိတဲ့ လေဟာနယ် အမှောင်ထုကြီးတစ်ခုပဲ ကျန်ပါတော့တယ်။
သူက အဲဒီဟင်းလင်းပြင်ထဲမှာ သူ့ရဲ့ ပတ်ပတ်လည်ကို သတိကြီးကြီးထားရင်း လွင့်မျောနေတုန်းမှာပဲ ဧရာမ သတ္တဝါကြီးတစ်ကောင်က သူ့ရဲ့ မျက်စိရှေ့မှာ ပေါ်လာခဲ့တယ်။
အဲဒါကတော့ ခရမ်းရောင် သန်းနေတဲ့ ဧရာမ စလိုင်းမ်ကြီး တစ်ကောင်ပဲဖြစ်တယ်။
* * * * * * * *