အခန်း (၂၉၁-၂၉၂)
Vol. 25 Ch. 291-292
အခန်း(၂၉၁)
ဟက်စတုဟာ မှောင်မိုက်နေတဲ့ ဟာလာဟင်းလင်းပြင်ကြီးရဲ့ အလယ်ဗဟိုမှာ ဧရာမ ခရမ်းရောင် စလိုင်းမ်ကြီးတစ်ကောင် လွင့်မျောနေတာကို မြင်လိုက်ရတယ်။ သူ့ရဲ့ ထုထည်ကြီးမားလှတဲ့ ပုံသဏ္ဌာန်ကြီးက နတ်ဘုရားတစ်ပါးလိုမျိုး ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေပြီး ကောင်းကင်ဘုံကနေ လူ့လောကဆီ ဆင်းသက်လာတဲ့ သက်ရှိတစ်ဦးလိုပဲ ဖြစ်နေတယ်။
"မင်း... မင်းက ဘယ်သူလဲ"
ဟက်စတုက စိုးရိမ်စိတ် လွန်ကဲနေတဲ့ လေသံမျိုးနဲ့ ဇဝေဇဝါ မေးလိုက်တယ်။ သူက ဒီလောက်အထိ ကြီးမားလွန်းတဲ့ သက်ရှိကြီးကို အမျက်ဒေါသ မထွက်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ ဒီနေရာကို ရောက်လာရတဲ့ အဓိကအကြောင်းအရင်းက ဒီသက်ရှိကြီးကြောင့် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေတာကိုး။
"ငါက နင်ဂျာ... အဟမ်း... နတ်ဗြဟ္မာတစ်ပါးပါ"
စလိုင်းမ်ကြီးက ပြောလိုက်တဲ့အခါ သူ့အသံက ဟက်စတုရဲ့ ခေါင်းထဲဆီ တိုက်ရိုက် ရောက်ရှိလာတယ်။
"နတ်ဗြဟ္မာ ဟုတ်လား... ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ... ကျွန်တော့်ကို ဒီနေရာကနေ ထုတ်ပေးပါဦး"
ဟက်စတုဟာ မှောင်မိုက်နေတဲ့ နေရာကနေ ရုန်းထွက်ဖို့ လမ်းစရှာပြီး အတင်းလှုပ်ရှားပေမဲ့ ဘယ်လောက်ပဲ အားစိုက်စိုက် သူ့ရဲ့ လက်ရှိနေရာကနေ စိုးစဉ်းမျှ ရွေ့လျားလို့မရတာကို သတိပြုမိသွားတယ်။ သူဟာ လေထုထဲမှာတင် ပိတ်မိနေသလိုမျိုး ဖြစ်နေတယ်။
"ငါက မင်းကို ကူညီဖို့ ရောက်လာတာပါ ငါ့သား... မင်းက မင်းရဲ့ စစ်မှန်တဲ့ ကံကြမ္မာကနေ သွေဖယ်သွားစေမယ့် လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေလို့ပဲ"
စလိုင်းမ်ကြီးက ဆန်းကြယ်လှတဲ့ အသံမျိုးနဲ့ ပြောလိုက်တယ်။
"ကျွန်တော်က ဘာလို့ မင်းကို ယုံရမှာလဲ... စစ်မှန်တဲ့ ကံကြမ္မာဆိုတာ ဘာကို ပြောတာလဲ"
အဲဒီနောက်မှာတော့ ဧရာမ စလိုင်းမ်ကြီးရဲ့ ဘေးဘက်မှာ လက်မောင်းတုံးလို အဖုနှစ်ခု ထွက်ပေါ်လာပြီး ကိုယ်ပိုင်လက်နှစ်ဖက် ဖန်တီးလိုက်တယ်။
မှောင်မိုက်နေတဲ့ ဟာလာဟင်းလင်းပြင်ထဲက အရိပ်တစ်ခုက စလိုင်းမ်ကြီးရဲ့ လက်ဖဝါးပေါ်မှာ လာကပ်ပြီး လူသားသဏ္ဌာန် ရိပ်ကနဲ ပုံရိပ်တွေအဖြစ် ပြောင်းလဲသွားတယ်။
အနီးကပ် သေချာကြည့်လိုက်တဲ့အခါမှာတော့ အဲဒီ လူသားပုံရိပ်နှစ်ခုက သူနဲ့ တော်တော်လေး ဆင်တူနေတာကို ဟက်စတု သတိပြုမိသွားတယ်။
ညာဘက်က ပုံရိပ်ကတော့ သူ့ရဲ့ လက်ရှိအခြေအနေ အတိုင်းပဲ။ သူက ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိချင်တော့ဘူး။ ပုံမှန်ဆို သပ်သပ်ရပ်ရပ် ဖြီးသင်ထားတတ်တဲ့ ဆံပင်တွေက ဖရိုဖရဲ ဖြစ်နေပြီး မျက်တွင်းတွေကလည်း အသားမရှိတဲ့ သရဲတစ်ကောင်လိုမျိုး ချောင်ကျနေတယ်။ ဝင့်ကြွားလှတဲ့ တော်ဝင်ဝတ်စုံကလည်း ပေရေစွန်းထင်းနေလွန်းလို့ ဖလဲယားကော့ပ် တံဆိပ်က လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေပြီပေါ့။
သူ့ရဲ့ ဒီပုံရိပ်က ကြမ်းပြင်ပေါ်မှာ လှဲလျောင်းရင်း ဒူးနှစ်ဖက်ကို ပွေ့ဖက်ထားပြီး နားလည်ရခက်တဲ့ စကားလုံးတွေကို တတွတ်တွတ် ရေရွတ်နေမိတယ်။
"ဒါက မင်း အခု လျှောက်လှမ်းနေတဲ့ လမ်းကြောင်းပဲ"
ဧရာမ စလိုင်းမ်ကြီးက ပြောလိုက်တယ်။
"ဒီလမ်းက ဆင်းရဲဒုက္ခတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပြည့်နှက်နေတယ်... သံသယစိတ်တွေက မင်းရဲ့ အတွေးတွေကို အဆိပ်ခတ်ပြီး မင်းရဲ့ စိတ်ကျန်းမာရေးကိုပါ ပြန်ပြီး သံသယဝင်လာအောင် လုပ်လိမ့်မယ်"
ဟက်စတုဟာ အဲဒီဝင်္ကပါထဲမှာ ပိတ်မိနေတုန်းက ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ ငရဲခန်းကြီးကို ပြန်တွေးမိသွားတယ်။ အဆိုးဆုံးအပိုင်းကတော့ အဆုံးသတ်မှာ သူ့စိတ်ထဲ ဖြစ်ပေါ်လာတဲ့ သံသယစိတ်ပဲ။ ဒါက တကယ်ပဲ ဖြစ်ပျက်ခဲ့တာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ စိတ်ကူးယဉ်နေခဲ့တာလား။
"ဒါပေမဲ့ ဒါက မင်းရဲ့ နောက်ဆုံး ကံကြမ္မာ မဟုတ်ပါဘူး... မင်းရဲ့ ဘဝမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကိုလည်း ရရှိနိုင်ပါတယ်"
ဧရာမ စလိုင်းမ်ကြီးက ဟက်စတုကို နောက်ထပ် အရိပ်ပုံရိပ်တစ်ခု ပြသလိုက်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ဟက်စတုဟာ တင်ပလ္လင်ခွေ ထိုင်နေပြီး မျက်နှာပေါ်မှာ တည်ငြိမ်တဲ့ အပြုံးတစ်ခု ရှိနေတာကို မြင်လိုက်ရတယ်။
ခဏတာအတွင်းမှာ ဟက်စတုဟာ သူ့ခေါင်းထဲက အသံတွေကနေ နောက်ဆုံးမှာ လွတ်မြောက်သွားတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူက ဒီငြိမ်းချမ်းမှုကို ရရှိတော့မယ့် အချိန်မှာတင် ခေါင်းထဲမှာ ရိုးအီနေတဲ့ ဘူတိုတိုနဲ့ ရာတာတာ ဆိုတဲ့ စည်းချက်သံတွေ ရုတ်တရက် ပြန်ကြားလိုက်ရပြန်တယ်။
"ခင်ဗျား ဘာလို့ ဒါကို လုပ်နေရတာလဲ"
ဟက်စတုက တောင်းပန်တိုးလျှိုးလိုက်တယ်။
"မင်းက ဒီထက်မက ပိုပြီး ကြီးမြတ်တဲ့အရာ၊ ပိုပြီး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုခုအတွက် မွေးဖွားလာတာလို့ မခံစားရဘူးလား... ဥပမာ နင်ဂျာတစ်ယောက်လို မိုက်နေတာမျိုး ဒါမှမဟုတ် သူလျှိုတစ်ယောက်လို အံ့သြဖို့ကောင်းနေတာမျိုးပေါ့"
စလိုင်းမ်ကြီးက သူ့ကို တည်တည်တံ့တံ့ မေးလိုက်တယ်။
စလိုင်းမ်ကြီးရဲ့ စကားတွေက ဟက်စတုကို အတွေးနက်သွားစေတယ်။ ဘာပဲဖြစ်ဖြစ် သူ ဒီလိုမေးခွန်းမျိုးကို တွေးဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလေ။ သူက ကွင်းစ်နယ်မြေကို ကျော်လွန်ပြီး၊ တော်ဝင်တိုက်ကြီးရဲ့ အပြင်ဘက်အထိ ပိုပြီး ကြီးမြတ်တဲ့ အရာတစ်ခုခုအတွက် ရည်ရွယ်ချက်ရှိရှိ မွေးဖွားလာတာလို့ အမြဲ တွေးခဲ့တယ်။
ဒါကလည်း သူ ဖလဲယားကော့ပ်အောက်မှာ အစေခံအဖြစ် ဝင်ရောက်ခဲ့တဲ့ အဓိက အကြောင်းအရင်းပဲ။ သူတို့နောက်ကို လိုက်ခြင်းအားဖြင့် ကမ္ဘာပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမယ့် သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ သူ ထင်ခဲ့တာကိုး။
"ကျွန်တော်လည်း ကျွန်တော့်ရဲ့ လက်ရှိအခြေအနေထက် ပိုပြီး ကြီးမြတ်လာဖို့ တွေးမိပါတယ်... နင်ဂျာဆိုတာ ဘာလဲဆိုတာ ကျွန်တော် မသိပေမဲ့ ကျွန်တော့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် ဆုပ်ကိုင်ပြီး ကိုယ်တိုင်ပဲ ပုံဖော်ချင်ပါတယ်"
ဟက်စတုက ရှားရှားပါးပါး ရဲရင့်တဲ့ အခိုက်အတန့်မျိုးနဲ့ ထုတ်ဖော်ပြောဆိုလိုက်တယ်။
ဧရာမ စလိုင်းမ်ကြီးက သူ့ကို ငုံ့ကြည့်ပြီး ပြုံးလိုက်တယ်။
"အဲဒါက မင်းရဲ့ ကံကြမ္မာ အတိအကျပဲ... မင်းက တစ်ကမ္ဘာလုံးရဲ့ သမိုင်းမှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာဖို့ ကံပါလာတယ်... ဘာပဲဖြစ်ဖြစ် မင်းက ငါရွေးချယ်ထားတဲ့ သူတွေထဲက တစ်ယောက်ပဲလေ"
ဟက်စတုရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်သွားတယ်။ သူက အခုမှပဲ ဘဝကို စတင်ရတော့မလို ခံစားလိုက်ရတယ်။ ဒီနတ်ဗြဟ္မာ စလိုင်းမ်ကြီးကတစ်ဆင့် သူဟာ နောက်ဆုံးမှာ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်တယ်။
"ကျွန်တော်က မင်းရွေးချယ်ထားတဲ့ သူတွေထဲက တစ်ယောက် ဟုတ်လား"
ဟက်စတုက မေးလိုက်ပြီး သူ့အသံထဲမှာ ဂုဏ်ယူဝင့်ကြွားမှုတွေ လျှံထွက်နေတယ်။
"ဟုတ်တယ်... ငါ့မှာ ဒီကမ္ဘာကြီးအတွက် ပြင်ဆင်ထားတဲ့ ကြီးမားတဲ့ အစီအစဉ်တွေ ရှိတယ်... မင်းက ငါ့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့် ကံကောင်းတဲ့သူတွေထဲက တစ်ယောက်ပဲ"
ဟက်စတုက ရှေ့ကို တစ်လှမ်း တိုးလိုက်ပြီး သူ့ရှေ့က ဧရာမ စလိုင်းမ်ကြီးကို မကြောက်တော့ဘူး။ အခုတော့ ဒီထုထည်ကြီးမားလှတဲ့ သက်ရှိကြီးက ဆိုးဝါးတဲ့ သတ္တဝါ မဟုတ်ဘဲ ကူညီပေးမယ့် နတ်ဗြဟ္မာတစ်ပါး ဖြစ်တယ်ဆိုတာ သူ ယုံကြည်သွားပြီမို့ ဟက်စတုဟာ စလိုင်းမ်ကြီးရဲ့ စကားတွေအပေါ် ပိုပြီးတော့တောင် သဘောကျမိသွားတယ်။
"ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ရဲ့ တာဝန်က ဘာဖြစ်မလဲ ခင်ဗျာ... အို... ကြီးမြတ်လှတဲ့ စလိုင်းမ်ကြီး"
ဒီအချိန်မှာတော့ ဧရာမ စလိုင်းမ်ကြီးက တိတ်ဆိတ်သွားတယ်။ ဟက်စတုရဲ့ အမြင်မှာတော့ စလိုင်းမ်ကြီးက စကြဝဠာရဲ့ မတူညီတဲ့ ဒိုင်မန်းရှင်း အလားအလာတွေကို မျှော်ကြည့်ပြီး အလေးအနက် တွေးတောနေသလိုမျိုး ဖြစ်နေတယ်။
ဒါပေမဲ့ အမှန်တကယ်တော့ ဖတ်ချ်က အနည်းငယ် အံ့အားသင့်သွားခဲ့တာ။ ဟက်စတုက သူ့ရဲ့ လိမ်ညာမှုတွေကို ဒီလောက်အထိ အလွယ်တကူ လက်ခံလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
သူက အရာအားလုံးကို သိမြင်နေတဲ့ ပုဂ္ဂိုလ်ကြီးလို ဟန်ဆောင်ထားပေမဲ့ လမ်းတစ်ဝက်မှာတင် ကပြက်ကချော် ဖြစ်နေပြီး ပါးစပ်က ထွက်လာသမျှ စကားလုံးတွေကို အခြေအနေကြည့်ပြီး အဆင်ပြေသလို ပြောနေခဲ့တာကိုး။
"ဒီကမ္ဘာကြီးထဲမှာ ကြီးမားတဲ့ မကောင်းဆိုးဝါး အင်အားစုတစ်ခု ရှိနေတယ်... အင်း... ဟုတ်တယ်... အဲဒါ အမှန်ပဲ... အဟမ်း... အဲဒါကို ဖျက်ဆီးဖို့က ငါတို့ရဲ့ တာဝန်ပဲ... အင်း... ဟုတ်တယ်"
နတ်ဗြဟ္မာတစ်ပါးမှာ ရှိသင့်တဲ့ သိက္ခာနဲ့ ယုံကြည်စိတ်ချရမှုမျိုး မရှိဘဲ ဒီစကားတွေကို ပြောနေပေမဲ့ ဟက်စတုကတော့ ဒီဧရာမ စလိုင်းမ်ကြီးရဲ့ စစ်မှန်မှုကို စိုးစဉ်းမျှ သံသယမဝင်ခဲ့ဘူး။ သူက နတ်ဗြဟ္မာကြီး ပေးအပ်မယ့် ဂတိကဝတ်တွေကိုပဲ စိတ်လောနေတာမို့ လိမ်ညာမှုတွေကို မရိပ်မိတော့တယ်။
"ကျွန်တော် နားလည်ပါပြီ... အစကတည်းက ကျွန်တော် သိနေခဲ့တာ"
ဟက်စတုက သူ့ဘာသာ ရေရွတ်လိုက်တယ်။
"ရှေးဟောင်း ပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေထဲကလိုပဲ ဒီကမ္ဘာပေါ်မှာ ရှင်းလင်းပစ်ရမယ့် ကြီးမားတဲ့ မကောင်းဆိုးဝါးကြီး ရှိနေတာပဲ... အဲဒါကို ဖယ်ရှားဖို့ မင်းကို ကူညီရမှာက ကျွန်တော့်ရဲ့ တာဝန်ပေါ့... ဟုတ်ပါသလား"
"မှန်တယ်... မှန်တယ်... အတိအကျပဲ... ငါ မင်းကို မှန်ကန်တဲ့ အကြောင်းပြချက်တွေကြောင့် ရွေးချယ်ခဲ့တာ သိတယ်"
"ဒါဆိုရင် မင်း စီစဉ်ပေးထားတဲ့ သူရဲကောင်းတစ်ယောက်လည်း ဒီကမ္ဘာပေါ်မှာ ရှိနေရမယ်"
ဟက်စတုက ကမ္ဘာကြီးရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး ပြောလိုက်တယ်။
"ဒီသူရဲကောင်းက သူ့ရဲ့ ကံကြမ္မာအတိုင်း အောင်မြင်ပြီး ဒီကမ္ဘာပေါ်က မကောင်းဆိုးဝါးတွေကို ရှင်းလင်းပစ်ဖို့ သေချာအောင် လုပ်ရမှာက ကျွန်တော့်ရဲ့ တာဝန် မဟုတ်လား"
ဖတ်ချ်က သက်ပြင်းချလိုက်နိုင်တယ်။ သူက ဘာမှတောင် လုပ်စရာမလိုဘဲ ဟက်စတုက သူ့အတွက် အကုန်လုံးကို အလိုလို တွေးပေးသွားတာကိုး။
"ဒါပေမဲ့ ဒီသူရဲကောင်းက ဘယ်သူလဲ ခင်ဗျာ... စလိုင်းမ် နတ်ဗြဟ္မာကြီး... ကျွန်တော် အဲဒီလူကို ဘယ်လို ရှာရမလဲ... ဖြစ်နိုင်တာက ဖလဲယားကော့ပ်ရဲ့ ဘုရင်များလား..."
ဧရာမ စလိုင်းမ်ကြီးရဲ့ အော်ဟစ်သံကြောင့် မှောင်မိုက်နေတဲ့ ဟာလာဟင်းလင်းပြင်ကြီး တစ်ခုလုံး တုန်ခါသွားတယ်။ ဟက်စတုဟာ လန့်ဖျပ်သွားပြီး စိတ်ကို ပြန်ထိန်းဖို့တောင် အတော်လေး ခက်ခဲသွားရတယ်။
"မင်း ငါ့ကို ထပ်ပြီး အမျက်ဒေါသ မထွက်စေနဲ့... မင်းရဲ့ စကားတွေကို ငါ သဘောမကျဘူး... မင်းက ဒီလို လိမ်ညာမှုတွေကို ဆက်ပြီး ပြောနေမယ်ဆိုရင်တော့ ငါ့ရဲ့ ဒေါသဒဏ်ကနေ မင်းကို ငါ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
ဟက်စတုက စလိုင်းမ်နတ်ဗြဟ္မာကြီးရဲ့ ရှေ့မှာ ဒူးထောက်ပြီး ခေါင်းကို အနိမ့်ဆုံးအထိ ညွှတ်လိုက်တယ်။ ဖလဲယားကော့ပ်ကို ကူညီတာက သေဒဏ်ပေးလို့ရတဲ့ အပြစ်တစ်ခု ဖြစ်နေမှန်း သူ မသိခဲ့ဘူးလေ။
"ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်... စလိုင်းမ်နတ်ဗြဟ္မာကြီး... ကျွန်တော် ဒါကို နောက်တစ်ကြိမ် ဘယ်တော့မှ ထုတ်မပြောတော့ပါဘူး"
* * * * * * * *
စာစဉ်(၂၅)
အခန်း(၂၉၂)
ဖတ်ချ်တစ်ယောက် ကွယ်ရာကနေ အကွက်ရွှေ့ပြီး ပျော်ပါးနေတဲ့အချိန်မှာ မိုက်ကယ်ကတော့ ဘူးလ်ရန်ကုမ္ပဏီနဲ့ ဖလဲယားကော့ပ်တို့ရဲ့ သွေးစုပ်ခြယ်လှယ်မှုအောက်ကနေ ဂရက်ဖ်တက်ကလတ်စတာ ပြည်သူတွေကို ကယ်တင်ဖို့ ကိုယ့်ဘာကိုယ် တာဝန်ပေးလိုက်ပါပြီ။
သူက အရိပ်တွေကြားထဲ တိုးဝင်သွားပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ နယ်မြေတွေထဲကတစ်ခုဖြစ်တဲ့ ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့မလမ်းမထောင့်က လူခြေတိတ်တဲ့နေရာတစ်ခုကို ရောက်သွားတယ်။ သူ မော့ကြည့်လိုက်တော့ တစ်နယ်မြေလုံးကို ဖုံးအုပ်ထားတဲ့ ဧရာမ မီးတောက်အကာအကွယ်ကြီးကို မြင်လိုက်ရတယ်၊ အဲဒီအကာအကွယ်က ငှက်တွေ၊ တိမ်တွေတောင် သူတို့ပိုင်နက်ထဲ ဖြတ်ကျော်မဝင်ရဲအောင် တားဆီးထားတယ်။
ဒီမြို့တစ်ခုလုံးကို အပိုင်းနှစ်ပိုင်း ခွဲထားတယ်။ တစ်ဖက်က သစ်သားတွေ၊ သဘာဝပစ္စည်းတွေနဲ့ ဆောက်ထားပြီး နောက်တစ်ဖက်ကတော့ ကျောက်တုံးတွေနဲ့ ဆောက်ထားတယ်။ ဒါက ဘားကပ်စ်နဲ့ ဘူးလ်ရန်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုကို ပြနေတာပဲ၊ ဘားကပ်စ်က သစ်တောနယ်မြေကို စိုးမိုးပြီး ဘူးလ်ရန်က ကျောက်တုံးနယ်မြေကို ထိန်းချုပ်ထားတာလေ။
ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့မဖြစ်နေပေမဲ့လည်း မိုက်ကယ်မရောက်ခင်အထိတော့ တစ်မြို့လုံးက နီယိုအော်ကပ်စ်လိုမျိုး ခြောက်ကပ်နေတာပဲ။ လူတွေက အိမ်ထဲမှာပဲ အောင်းနေကြပြီး တံခါးတွေကို ဂျက်ထိုးပိတ်ထားကြတယ်၊ ပြတင်းပေါက်ကနေပဲ တစ်ခါတလေ ချောင်းချောင်းကြည့်ရဲကြတယ်။
လမ်းတိုင်းမှာလည်း စစ်သားတွေ ချထားတယ်၊ သူတို့အားလုံးက ရင်ဘတ်မှာ မီးတောက်ပုံရိပ်တွေ ထွင်းထုထားတဲ့ လိမ္မော်ရောင် ချပ်ဝတ်တန်ဆာတွေကို ဝတ်ထားကြတာ။ ဒီဒေသခံတွေထဲမှာ ဒီလောက်သန်မာတဲ့သူတွေ ရှိနေတာကို မိုက်ကယ် သတိထားမိသွားတယ်။ သူတို့တစ်ယောက်ချင်းစီမှာ ကြယ်လေးပွင့်စစ်သည်တော်တစ်ဦးရဲ့ ခွန်အားမျိုး ရှိနေကြတာဗျ၊ အပြင်ကမ္ဘာနဲ့ ပြတ်တောက်နေတဲ့ ဂရက်ဖ်တက်ကလတ်စတာမှာဆိုရင် ဒါက တော်တော်လေး ရှားပါးတယ်လို့ ပြောလို့ရတယ်။
ဒါကိုကြည့်ရင် ဒီစစ်သားတွေဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖလဲယားကော့ပ်က လာတာဖြစ်ဖို့များတယ်။
"နေ့လယ်စာစားချိန်ရောက်ပြီ" လို့ စစ်သားတစ်ယောက်က အခြောက်လှန်းထားတဲ့ အသားသေတ္တာကို သယ်လာရင်း အော်ပြောလိုက်တယ်။
အိမ်တွေထဲကလူတွေက ဝန်လေးတုန်ရီစွာနဲ့ တံခါးတွေကို ဖွင့်ပြီး ထွက်ကြည့်ကြတယ်။ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက် တံခါးကနေ ထွက်လာပြီး စစ်သားဆီမှာ စားစရာ တောင်းပန်တိုးလျှိုးနေတာကို မိုက်ကယ် မြင်လိုက်ရတယ်ဗျ။ ကလေးငယ်နှစ်ယောက်ကလည်း မိခင်ဖြစ်သူရဲ့ နောက်ကနေ ချောင်းကြည့်ရင်း အစားအစာတွေကို တပ်မက်တဲ့မျက်လုံးတွေနဲ့ ငေးစိုက်ကြည့်နေကြတယ်။
အဲဒီနောက် စစ်သားက သေတ္တာထဲကနေ အမဲသားခြောက်တစ်တုံးကို ထုတ်ပြီး အမျိုးသမီးဆီ ကမ်းပေးမလို လုပ်လိုက်တယ်။ ဒါပေမဲ့ သူမက လက်ထဲကနေ မယူရသေးခင်မှာပဲ သူမ လုံးဝမေ့လျော့နေတဲ့ အရာတစ်ခုကို သတိပေးလိုက်တယ်။
"ပိုက်ဆံကော" စစ်သားက မေးလိုက်တယ်။
အမျိုးသမီးက သူမရဲ့ အိတ်ကပ်ထဲကနေ ငွေဒင်္ဂါးအနည်းငယ်ကို ပျာပျာသလဲ ထုတ်ပြီး စစ်သားကို ပေးလိုက်တယ်။ ပိုက်ဆံရသွားတော့မှပဲ စစ်သားက အသားခြောက်တစ်ဆုပ်စာကို သူမဆီ ကမ်းပေးလိုက်တော့တယ်။
'တကယ့်ကို ကောက်ကျစ်ယုတ်မာတာပဲ' လို့ မိုက်ကယ် စိတ်ထဲကနေ တွေးလိုက်မိတယ်။ ဒီနယ်မြေရဲ့ အတွင်းအပြင်မှာ တခြားကုန်သည်တွေကို ပေးမဝင်တော့ အစားအသောက်အားလုံးကို ဖလဲယားကော့ပ်ဆီကနေပဲ ဝယ်လို့ရတော့တာကိုး။
မိုက်ကယ်က လျှော်ချည်ထိန်းချုပ် စွမ်းရည်ကို သုံးပြီး စစ်သားရဲ့ ကိုယ်ပိုင်လက်ကိုင်ပဝါနဲ့ သူ့ခေါင်းကို ပြန်ပတ်လိုက်တယ်။ စစ်သားက ရုန်းကန်ပြီး အော်ဖို့ကြိုးစားပေမဲ့ လည်ချောင်းထဲကနေ ဘာအသံမှ ထွက်မလာတော့ဘူးဗျ။ ခေါင်းက လက်ကိုင်ပဝါကို ဆွဲချွတ်ဖို့ ကြိုးစားရင်းနဲ့ သူက နောက်ပြန်လန်ပြီး ခြေချော်ကာ သေတ္တာတစ်ခုနဲ့ ခေါင်းနဲ့ ဆောင့်မိသွားပြီး သတိလစ်သွားတော့တယ်။
မိုက်ကယ် ထောင့်ကနေ ထွက်လာတာကို မြင်တော့ အမျိုးသမီးနဲ့ ကလေးတွေက စိုးရိမ်တကြီး ကြည့်နေကြတယ်၊ သူတို့က မိုက်ကယ့်ကို သံသယမျက်လုံးတွေနဲ့ မယုံရဲသလို ဖြစ်နေကြတယ်။
ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့အရိပ်ကို အမျိုးသမီးရဲ့ တံခါးဝအထက်မှာ ပျံဝဲနေဖို့ အမိန့်ပေးလိုက်တယ်။ အရိပ်က ပွင့်ထွက်သွားပြီး အန်ဂိုရာမြို့မှာရှိတဲ့ သူတို့ရဲ့ ဌာနချုပ်ဆီကို ပေါ်တယ်တစ်ခု ဖန်တီးလိုက်တယ်၊ အဲဒီနောက် လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ အစားအသောက်တွေ ပြည့်နေတဲ့ သေတ္တာကြီးငါးလုံးက အမျိုးသမီးရဲ့ ရှေ့တည့်တည့်ဆီကို ကျလာတော့တယ်။
အမျိုးသမီးက သေတ္တာတွေကို အံ့သြတကြီး ငေးကြည့်နေမိတယ်၊ ကလေးတွေကတော့ သေတ္တာထဲက ကျလာတဲ့ ပန်းသီးတွေကို ချက်ချင်းကောက်ယူပြီး တစ်ကိုက်စီ ကိုက်စားနေကြပြီပေါ့။
သူမက သေတ္တာတွေပေါ်မှာ ရိုက်နှိပ်ထားတဲ့ တံဆိပ်ကို ကြည့်လိုက်တယ်။
ဘာဖြစ်သွားလဲဆိုတာကို သဘောပေါက်သွားတဲ့အခါမှာတော့ သူမက မော့ကြည့်ပြီး မိုက်ကယ့်ရဲ့ ကျေးဇူးကြင်နာမှုအတွက် ကျေးဇူးတင်စကား ပြောဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ သူမ မော့ကြည့်လိုက်တဲ့အချိန်မှာတော့ မိုက်ကယ်က မရှိတော့ဘူးဗျ၊ အစကတည်းက အဲဒီနေရာမှာ မရှိခဲ့သလိုမျိုးပဲ ပျောက်ကွယ်သွားခဲ့ပြီလေ။
မိုက်ကယ်က လေထဲမှာ ပျံဝဲရင်း ဗဟိုမြို့မတစ်ခုလုံးကို အပေါ်စီးကနေ အကျယ်ကြီး ငေးကြည့်နေတယ်။
သူက လေထုထဲမှာ စီးဆင်းနေတဲ့ မှော်စွမ်းအင်တွေကို ခံစားသိရှိနိုင်ဖို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုလိုက်တယ်။
သူတို့ကို ဝန်းရံထားတဲ့ မီးတောက်အမိုးခုံးကြီးက ကြမ်းတမ်းတဲ့ မီးဒြပ်စင်မှော်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်။ ဒီမှော်ကျင့်စဉ်ရဲ့ တည်ဆောက်ပုံက တွန်းကန်အား အရှိန်အဝါ အများဆုံးထွက်အောင် ဖန်တီးထားတာကိုး။
မိုက်ကယ်က မျက်မှောင်ကုတ်လိုက်ပြီး မှော်စွမ်းအင်တွေရဲ့ မတူညီတဲ့ အတိုင်းအတာ အလွှာတွေကို ထိုးဖောက်ကြည့်လိုက်တယ်။ ပကတိ လက်တွေ့ကမ္ဘာရဲ့ အလွှာကို ခွာထုတ်ကြည့်လိုက်တဲ့အခါ မီးတောက်အမိုးခုံးရဲ့ အထက်ဘက်အကျဆုံးနေရာကနေ စီးဆင်းနေတဲ့ မီးဒြပ်စင်မှော်စွမ်းအင် ကြိုးမျှင်လေးတွေကို သူ မြင်လိုက်ရတယ်ဗျ။
ဒီကြိုးမျှင်တွေအားလုံးက ဘူးလ်ရန်ရဲ့ ကျောက်တုံးရဲတိုက်ကြီး အနီးအနားဆီကို ဆက်သွယ်စီးဆင်းနေတယ်။
မှော်စွမ်းအင်အပေါ် သာလွန်ထူးကဲတဲ့ အာရုံခံနိုင်စွမ်းနဲ့ မိုက်ကယ်က အိမ်ထဲမှာရှိတဲ့ လူအားလုံးရဲ့ အလင်းဒြပ်စင်မှော်စွမ်းအင် သဘာဝတွေကို မြင်နေရတယ်၊ အဲဒီထဲမှာ မီးတောက်အမိုးခုံးရဲ့ မီးကြိုးမျှင်တွေနဲ့ လက်ချင်းချိတ်ဆက်ထားတဲ့ မှော်ဆရာငါးယောက်လည်း ပါတယ်။
ဒီ ကြယ်ခြောက်ပွင့်မှော်ဆရာကြီးတွေက အကာအကွယ်အတားအဆီးရဲ့ မှော်စွမ်းအင် ပင်မအရင်းအမြစ်တွေပဲဗျ။ သူတို့က မန္တန်ကို ဆက်တိုက်အသက်ဝင်နေစေဖို့ အာရုံစူးစိုက်မှုကို အမြဲထိန်းထားကြတာ။
ပုံမှန်ဆိုရင်တော့ အာရုံစူးစိုက်မှုလိုအပ်တဲ့ မန္တန်တစ်ခုကို ဖြတ်တောက်ဖို့အတွက် မိုက်ကယ်အနေနဲ့ မန္တန်ရွတ်ဆိုနေတဲ့ မှော်ဆရာတွေကို ကိုယ်တိုင်သွားပြီး နှောင့်ယှက်ရမှာပေါ့။ အပေါ်က မှော်အစီအရင်ထဲကို စီးဆင်းနေတဲ့ မှော်စွမ်းအင်လမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ သူတို့ရဲ့ အာရုံကို ဖျက်ဆီးရမှာလေ။
ဒါပေမဲ့ သူက အဲဒီလိုတွေ လိုက်လုပ်နေစရာမလိုပါဘူးဗျာ။
မှော်ဆရာတွေနဲ့ သူတို့ရဲ့မန္တန်တွေကြားထဲက ချိတ်ဆက်နေတဲ့ မမြင်နိုင်တဲ့ မီးဒြပ်စင်မှော်စွမ်းအင် ကြိုးမျှင်တွေကို သူ အတိုင်းသား မြင်နေရတာကိုး။
သူက လက်ကို အသာလေးမြှောက်ပြီး မှော်စွမ်းအင်တွေကို သူ့ဆီ စီးဆင်းလာဖို့ပဲ လက်ဟန်ပြလိုက်ရုံပဲလေ။
နီရဲနေတဲ့ မှော်စွမ်းအင် အမှုန်အမွှားလေးတွေက လေထဲမှာ ပျံဝဲနေတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးဆီကို ရုတ်တရက် ဆွဲငင်ခံလိုက်ရတော့တယ်။ သူတို့က လူသားတွေရဲ့ မျက်စိအောက်မှာ မမြင်ရဘဲ ရှင်သန်လာခဲ့ကြတာ၊ ဒါပေမဲ့ ဒီကောင်လေးကတော့ သူတို့ကို တကယ်ကြီး မြင်နေရတဲ့ပုံပဲ။
သူတို့တွေက ကောင်လေးဆီ သွားချင်စိတ်တွေ တားမရဆီးမရ ဖြစ်ကုန်ကြတယ်။ သူတို့ရဲ့ ပင်ကိုယ်သဘာဝက သူတို့ကို ဆင့်ခေါ်ခဲ့တဲ့ မှော်ဆရာတွေနဲ့ ချိတ်ဆက်နေပေမဲ့လည်း ဒီထူးဆန်းတဲ့ကောင်လေးရဲ့ အမိန့်ကို မလွန်ဆန်နိုင်ဘဲ ကိုယ့်သဘာဝကို ဆန့်ကျင်ပြီး လိုက်ပါသွားကြတော့တယ်။
မီးဒြပ်စင်မှော်စွမ်းအင်တစ်ခုက လမ်းကြောင်းထဲကနေ ခွဲထွက်သွားတယ်၊ ပြီးတော့ နှစ်ခု၊ ပြီးတော့ လေးခု၊ နောက်ဆုံးမှာတော့ ထောင်နဲ့ချီတဲ့ မှော်စွမ်းအင်တွေက လမ်းကြောင်းကနေ သွေဖည်ကုန်ကြပြီလေ။
ဒီလိုဖြစ်သွားတဲ့ ခဏမှာပဲ အောက်က မှော်ဆရာငါးယောက်က ချက်ချင်း သတိပြုမိသွားကြတယ်ဗျ။
သူတို့အားလုံး မျက်လုံးပွင့်လာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့အားလုံးက အရင်နေရာမှာပဲ တရားထိုင်နေကြတုန်းပဲလေ။
ဘာဖြစ်သွားလဲဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ သူတို့မျက်နှာတွေမှာ မယုံနိုင်စရာ အရိပ်အယောင်တွေ သန်းလာတော့တယ်။
သူတို့ရဲ့ အာရုံစူးစိုက်မှုက ပျက်ပြားမသွားဘဲနဲ့ကို တစ်နည်းနည်းနဲ့ မန္တန်က ပျက်စီးသွားတော့တယ်။
အကာအကွယ်အတားအဆီးအပေါ် သူတို့ရဲ့ ထိန်းချုပ်မှုက စက္ကန့်နဲ့အမျှ အားနည်းလာတာကို ခံစားရပြီး သူတို့ မျက်နှာပျက်ကုန်ကြတယ်။
ကိုယ့်ရဲ့ လက်မောင်းတွေကို မမြင်ရတဲ့ အင်အားတစ်ခုက ဆွဲဖြဲပစ်နေသလိုမျိုး ခံစားလိုက်ရတာ၊ မနာကျင်ပါဘူး… ဒါပေမဲ့ အဲဒီထက်ပိုဆိုးတယ်၊ တကယ့်ကို အရှက်ရဖို့ကောင်းတယ်။
သူတို့တွေ နေရာကနေ ချက်ချင်းထပြီး ဘူးလ်ရန်ရဲ့ ရဲတိုက်အောက်ထပ်က မြေအောက်ဂူဗိမာန်ထဲကနေ ထွက်လာကြတော့တယ်။
ဘေးကင်းလုံခြုံဖို့အတွက် သူတို့ကို အဲဒီနေရာမှာ ထားခဲ့တာ ဖြစ်ပေမဲ့လည်း အခုတော့ ဒီကြိုတင်ကာကွယ်မှုတွေက အလကား ဖြစ်သွားရပြီလေ၊ မန္တန်ကတော့ ပျက်စီးသွားတုန်းပဲကိုး။
မှော်ဆရာတွေက လှေကားအတိုင်း ပြေးတက်လာပြီး ဘူးလ်ရန်ရဲ့ ရုံးခန်းထဲကို အတင်းတိုးဝင်လာကြတယ်။
"ဘာလဲ... မင်းတို့က ဘာလို့ ဒီကို ရောက်နေကြတာလဲ" သူက မေးလိုက်တယ်။
မှော်ဆရာတွေက အမောတကောနဲ့ပဲ သူ့စာရေးခုံနောက်က ပြတင်းပေါက်ဆီကို လက်ညှိုးထိုးပြကြတယ်။
ဘူးလ်ရန်က ဘေးကိုလှည့်ပြီး မှန်ကနေတစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်တယ်၊ သူ့မျက်လုံးတွေ ပြူးကျယ်သွားတာပဲဗျ။ သူက မှန်မှာ မျက်နှာကြီး အပ်နေအောင်ကို တိုးကပ်ကြည့်လိုက်မိတယ်၊ ဒါပေမဲ့ ဂရုမစိုက်နိုင်တော့ဘူး၊ သူ မြင်နေရတာ တကယ် ဟုတ်မဟုတ်ပဲ သိချင်နေတာကိုး။
မီးတောက်အကာအကွယ်ကြီးက ဖျတ်ခနဲ ဖျတ်ခနဲနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ၊ မီးတောက်တွေက ပြာအဖြစ် ပြောင်းလဲသွားပြီး လေထုထဲမှာ လွင့်ပြယ်မသွားခင်အထိပေါ့။
သိပ်မကြာလိုက်ပါဘူး၊ မီးတောက်အမိုးခုံးကြီးက လုံးဝ ဥဿုံ ပျောက်ကွယ်သွားပြီး နေရောင်ခြည်က မြို့ပေါ်ကို ဖြာကျလာလို့ တစ်မြို့လုံး လင်းထိန်သွားတော့တယ်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ" ဘူးလ်ရန်က အော်ဟစ်လိုက်တယ်၊ "ငါ ဘာဆက်လုပ်ရမလဲ"
ဘူးလ်ရန်တစ်ယောက် လမ်းပျောက်သွားပြီဗျ၊ ဖလဲယားကော့ပ်ရဲ့ နာမည်ကြီးလှတဲ့ အကာအကွယ်အတားအဆီးကြီးက အရိပ်အယောင်တောင်မပြတော့ဘဲ ရုတ်တရက်ကြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလေ။
သူက မှော်ဆရာတွေဘက် လှည့်လိုက်ပြီး "ဟက်စတု ကော... ဘယ်ရောက်နေလဲ" လို့ မေးလိုက်တော့တယ်။
* * * * * * * *