← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 25 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 25 Ch. 297-298

အခန်း(၂၉၇)

ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့ဟာ နောက်ဆုံးတော့လည်း ရက်စက်ကြမ်းကြုတ်တဲ့ ဖလဲယားကော့ပ်ကုမ္ပဏီရဲ့ လက်ဝါးကြီးအုပ်မှုအောက်ကနေ လွတ်မြောက်သွားခဲ့ပါပြီ။ မြို့သူမြို့သားတွေဟာ မိုးကုတ်စက်ဝိုင်းဆီကို လှမ်းမျှော်ကြည့်လိုက်ကြတဲ့အခါမှာတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့လိုက်ရတော့တယ်။

မြို့ပြင်ပတ်ပတ်လည်မှာတော့ မီးတောက်အကာအကွယ်ကြီး ရှိခဲ့ဖူးတဲ့နေရာတွေမှာ မြေပြင်ပေါ်က မီးလောင်ကျွမ်းထားတဲ့ အမှတ်အသားတွေက သက်သေအဖြစ် ကျန်ရှိနေဆဲပါပဲ။ လူတွေက ထိုနေရာဆီ လျှောက်သွားပြီး တစ်ဖက်ခြမ်းကို လှမ်းကိုင်ကြည့်ဖို့အတွက် ဝေခွဲမရဖြစ်ပြီး တုံ့ဆိုင်းနေကြတယ်။

ဒါပေမဲ့ သူတို့ စိုးရိမ်နေတာတွေက အလကားပါပဲ။ သူတို့တွေဟာ ပြာအတိဖြစ်သွားမယ့် ဘေးအန္တရာယ်ကို မကြောက်ရတော့ဘဲ နောက်ဆုံးမှာတော့ မြို့အပြင်ဘက်ကို ထွက်ခွာခွင့်ရသွားကြပြီ။

သူတို့ရဲ့ ဝမ်းသာအားရ အော်ဟစ်အောင်ပွဲခံသံတွေက မြို့တစ်ပြင်လုံးမှာ ဟိန်းထွက်သွားပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။ ဒါပေမဲ့လည်း ဒီအရာအားလုံး ဖြစ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကောင်လေးကို ရှာဖို့ သူတို့တွေ မေ့မထားကြပါဘူး။

အဲဒီကောင်လေးကတော့ ရွှေရောင်ဆံပင်တွေနဲ့ မိုက်ကယ်ပါပဲ။

သူ့ရဲ့ဖြစ်တည်မှုက ထိုမြို့မှာ ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တယ်။ သူတို့ကို မီးလှောင်အိမ်ထဲကနေ ကယ်တင်ပေးခဲ့လို့တင် မဟုတ်ဘဲ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူတို့မြင်တွေ့ခဲ့ရတဲ့ သတ္တုခန္ဓာကိုယ်နဲ့ အမျိုးသမီးပုံရိပ်ယောင်ကြီးကြောင့်လည်း ပါဝင်တယ်။

ဒါကြောင့်မလို့ မိုက်ကယ်က သူဟာ ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်တယ်ဆိုတာကို စပီကာအသံချဲ့စက်မန္တန်နဲ့ မြို့တစ်ပြင်လုံး ကြားရအောင် ကြေညာလိုက်တဲ့အခါမှာတော့ မြို့သူမြို့သားတွေဟာ ရီနေးတားအပေါ် ချက်ချင်းပဲ အကြွင်းမဲ့ သက်ဝင်ယုံကြည်သွားကြတော့တယ်။

မြို့ရဲ့ ထောင့်စေ့နေရာတိုင်းကို ပဲ့တင်ထပ်သွားစေတဲ့ ဟိန်းထွက်နေတဲ့ အသံကြီးနဲ့အတူ မိုက်ကယ်က သူတို့အားလုံးကို စကားလှမ်းပြောလိုက်တယ်။

"ခဏနေရင် ကျွန်တော့်လူတွေ ဒီမြို့ကို ရောက်လာပြီး ခံစားခဲ့ရတဲ့ ဒုက္ခတွေအတွက် အားလုံးကို ကူညီထောက်ပံ့ပေးပါလိမ့်မယ်"

ဒီစကားအပေါ် တုံ့ပြန်မှုကတော့ တခဲနက် အားပေးထောက်ခံမှုတွေပါပဲ။ သူတို့တွေက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း လက်တွေကို လေထဲမြှောက်ပြီး ပြသခဲ့ကြတယ်။

"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်"

"ဒီမြို့တစ်မြို့လုံးက မင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

အဲဒီအချိန်မှာပဲ မြို့ခံတွေထဲက အဖိုးအိုတစ်ယောက်က အောက်ကနေ မိုက်ကယ်အနားကို တိုးကပ်လာပြီး ဒူးထောက်လိုက်တယ်။

"တောင်းပန်ပါတယ် အခုလို ကူညီပေးတာကို ကျေးဇူးတင်ရမှန်း သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မှာ တောင်းဆိုစရာ တစ်ခုပဲ ကျန်ပါတော့တယ်၊ ကျေးဇူးပြုပြီး သစ္စာဖောက် ဘူးလ်ရန်ကုမ္ပဏီကို နှင်ထုတ်ပေးပါ"

သူကလည်း အဲဒီစကားကို ပြောလိုက်ရော တခြားမြို့ခံတွေကလည်း အဖိုးအိုရဲ့ စကားကို ထောက်ခံကြောင်း အသံဗလံတွေ ဆူညံသွားကြတယ်။

ဖလဲယားကော့ပ်ရဲ့ မှော်ပညာရှင်တွေ ရောက်လာတာက အောင်ပွဲခံရမယ့် ကိစ္စလို့ ဘူးလ်ရန်ကုမ္ပဏီက ပြောတုန်းကလည်း သူတို့တွေ ယုံခဲ့ကြတာပဲ။ မီးတောက်အကာအကွယ်ကြီးက သူတို့ ဘေးကင်းဖို့အတွက်လို့ ဘူးလ်ရန်ကုမ္ပဏီက ပြောတုန်းကလည်း သူတို့ ယုံခဲ့ကြတာပဲ။

ဒါပေမဲ့ ဖလဲယားကော့ပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကို ကိုယ်တိုင်ကြုံတွေ့ရပြီး သူတို့ကုမ္ပဏီက ထုတ်ကုန်တွေကိုပဲ အတင်းအဓမ္မ ဝယ်ယူခိုင်းတာ၊ တခြားတံဆိပ်တွေကိုတော့ ပြာဖြစ်အောင် မီးရှို့ဖျက်ဆီးပစ်တာတွေကို မြင်ပြီးတဲ့နောက်မှာတော့ သူတို့တွေ လှည့်စားခံလိုက်ရပြီဆိုတာ သိသွားကြတယ်။

ဘူးလ်ရန်ကုမ္ပဏီအပေါ် ထားရှိခဲ့တဲ့ သူတို့ရဲ့ အရင်က သစ္စာစောင့်သိမှုတွေကတော့ ပျက်စီးသွားခဲ့ပါပြီ။ သူတို့က ဘူးလ်ရန်ကို အလိုမရှိတော့ဘဲ ရီနေးတားကုမ္ပဏီကသာ သူ့နေရာမှာ အစားထိုးဝင်ရောက်လာဖို့ မျှော်လင့်နေကြတယ်။

မိုက်ကယ်က မြို့ရဲ့ ဗဟိုမှာရှိတဲ့ ဘူးလ်ရန်ရဲ့ အိမ်တော်ကြီးဆီကို လှမ်းကြည့်လိုက်တယ်။ သန့်စင်တဲ့ စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတဲ့ ဧရာမအိမ်တော်ကြီးက ကောင်းကင်ယံအောက်မှာ ထည်ထည်ဝါဝါ ရှိနေဆဲပါပဲ။ သို့သော်လည်း သူတို့ကို သစ္စာဖောက်ခဲ့တဲ့ လူအပေါ် ကလဲ့စားချေဖို့အတွက် အိမ်ရှေ့တံခါးကို လာခေါက်နေကြတဲ့သူတွေ၊ တံတိုင်းပေါ် တက်နေကြတဲ့သူတွေနဲ့ စည်ကားနေတယ်။

သူက လေထဲကို ပျံတက်သွားပြီး ဘူးလ်ရန်ရဲ့ ဝရန်တာဆီကို ရောက်ရှိသွားခဲ့တယ်။ အဲဒီနေရာမှာတော့ မြေပြင်ပေါ် ဒူးထောက်ပြီး မျက်ရည်ကျနေတဲ့ လူတစ်ယောက်ကို သူ တွေ့လိုက်ရတယ်။

ဘူးလ်ရန်က မိုက်ကယ်ကို မော့ကြည့်ပြီး မှတ်မိသွားတယ်။

"ငါက ငါ့ရဲ့ ဖောက်သည်တွေကို သစ္စာဖောက်မိခဲ့တာ၊ ငါ သူတို့ကို အသုံးချပြီး အမြတ်ထုတ်ခဲ့မိတယ်" လို့ ဘူးလ်ရန်က အက်ကွဲကွဲ အသံနဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

မိုက်ကယ်က သူ့ကို ကြည့်ပြီး အန်ဂိုရာမြို့မှာ ပေါ်တယ်တစ်ခု ဖွင့်ဖို့အတွက် သူ့ရဲ့ အရိပ်ကို အမိန့်ပေးလိုက်တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အမြွှာအစ်ကိုဖြစ်တဲ့ ဘားကပ်စ်က မြေပြင်ပေါ်က အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

ဘူးလ်ရန်က သူ့အစ်ကိုကို ကြည့်ပြီး မျက်ရည်တွေ ပိုလို့တောင် ကျလာခဲ့တယ်။

"မင်းပြောတာ မှန်တယ် အစ်ကို၊ ငါ မင်းစကားကို ယုံခဲ့သင့်တာ" လို့ ဘူးလ်ရန်က ငိုယိုပြီး ပြောရှာတယ်။

ဘားကပ်စ်က သူ့ညီအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ ဒါဟာ သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းဖြစ်တာမလို့ ဒီရလဒ်ကို ကိုယ်တိုင်ပဲ ခံစားရမယ်ဆိုတာ သိနေတယ်။

"မင်း ဒီစကားတွေကို ငါ့ကို ပြောနေဖို့ မလိုပါဘူး၊ ဟိုမှာရှိတဲ့ သူတို့ကိုပဲ သွားပြောရမယ်" လို့ ဘားကပ်စ်က အိမ်တော်တံခါးဝမှာ စုရုံးရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေကို ပြတင်းပေါက်ကနေတစ်ဆင့် ညွှန်ပြရင်း ပြောလိုက်တယ်။

ဘူးလ်ရန်က မျက်ရည်တွေကို သုတ်ရင်း ခေါင်းညိတ်လိုက်တယ်။

"ငါ့ရဲ့ ဒီအပြစ်တွေကို ဆေးကြောဖို့ နည်းလမ်းမရှိတော့ပါဘူး၊ ဒီမြို့ကို ငါ့ထက် ပိုပြီး အရည်အချင်းရှိတဲ့သူ့လက်ထဲ အပ်နှံခဲ့တာကသာ အကောင်းဆုံး ဖြစ်လိမ့်မယ်၊ အဲဒီလူက မင်းပဲ မိုက်ကယ်၊ ငါ့ရဲ့ ကုမ္ပဏီကနေ ငါ အခုပဲ နုတ်ထွက်ပါတယ်"

ဘားကပ်စ်က မိုက်ကယ်ကို မျှော်လင့်ချက်အပြည့်နဲ့ လှမ်းကြည့်လိုက်တယ်။

"မှန်တယ် မိုက်ကယ်၊ ကျေးဇူးပြုပြီး ဘူးလ်ရန်ကုမ္ပဏီကို ရီနေးတားအောက်ထဲ သွတ်သွင်းပြီး မင်းရဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ပါ၊ ကျေးဇူးပြုပြီး ဂရက်ဖ်တက်ကလတ်စတာကို ကယ်တင်ပေးပါ"

မိုက်ကယ်က ခေါင်းညိတ်လိုက်တယ်။

"ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"

ဘူးလ်ရန်ကုမ္ပဏီနဲ့ ဘားကပ်စ်ကုမ္ပဏီ နှစ်ခုလုံးဟာ ရီနေးတားကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတွေ ဖြစ်လာခဲ့ပြီမလို့ ဂရက်ဖ်တက်ကလတ်စတာမှာ ရွှေလမ်းမကြီးကို ဖြန့်ကျက်ဖို့အတွက် သူ့မှာ ဘာအတားအဆီးမှ မရှိတော့ပါဘူး။

ဒါတင်မကသေးဘဲ အဲဒီကုမ္ပဏီနှစ်ခုလုံး ပိုင်ဆိုင်ထားတဲ့ သဘာဝသယံဇာတတွေနဲ့ ပိုင်ဆိုင်မှုတွေက ရွှေလမ်းမကြီး တည်ဆောက်ရေးကို အရင်ကထက် အများကြီး ပိုပြီး ချောမွေ့သွားစေလိမ့်မယ်။

ဒါတွေ အားလုံးပြီးသွားတဲ့နောက်မှာတော့ မိုက်ကယ်က သူ့ရဲ့အရိပ်တွေကို သုံးပြီး ဘူးလ်ရန်နဲ့ ဘားကပ်စ်ကို ရီနေးတားနိုင်ငံဆီ ပို့ဆောင်ပေးလိုက်တယ်။

ဘူးလ်ရန်က သူ့ရဲ့ အပြစ်တွေကို ပေးဆပ်ဖို့အတွက် ရီနေးတားနိုင်ငံရဲ့ အကျဉ်းထောင်ထဲကို မိမိသဘောဆန္ဒအလျောက် ဝင်ရောက်သွားခဲ့တယ်။ တစ်ဖက်မှာလည်း ဘားကပ်စ်က သူ့ညီကို ကူညီပေးဖို့အတွက် လောလောဆယ် ရီနေးတားနိုင်ငံမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ မိုက်ကယ်တစ်ယောက်တည်း ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့မကြီးမှာ ကျန်ရစ်ခဲ့တော့တယ်။

နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ရီနေးတားရဲ့ မော်တော်ကားတွေနဲ့ ကုန်တင်ကားကြီးတွေဟာ မြို့ခံတွေရဲ့ နွေးထွေးလှတဲ့ ကြိုဆိုမှုတွေနဲ့အတူ မြို့တံခါးထဲကို ဝင်ရောက်လာကြတယ်။ သူတို့တွေက မြင်းမပါဘဲ ခုတ်မောင်းနေတဲ့ ရထားလုံးကြီးတွေကို အံ့ဩတကြီး စိုက်ကြည့်နေကြပြီး ကျောက်ပြားခင်းလမ်းမပေါ် လိမ့်တက်လာတဲ့အခါမှာတော့ ဒူးထောက်အရိုအသေပြု ဖူးမြော်ကြတော့တယ်။

"အလို... မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူတစ်ယောက်တည်းသာ ဒီလို ဆန်းကြယ်လှတဲ့ သတ္တုလက်ရာတွေကို ဖန်တီးနိုင်တာ" လို့ မြို့ခံတစ်ယောက်က အော်ဟစ်လိုက်တယ်။

"သူက တကယ်ကို ကောင်းချီးပေးခံထားရတဲ့သူပဲ"

"ဒါက ဟိုနတ်ဘုရားမရဲ့ သားတော် ဖြစ်ရမယ်" လို့ နောက်ထပ်တစ်ယောက်က ဧရာမကုန်တင်ကားကြီးကို ညွှန်ပြရင်း ကြွေးကြော်လိုက်တယ်။

ဘယ်လိုကနေ ဘယ်လို ဖြစ်သွားတယ်မသိ၊ အဲဒီလို အတွေးအခေါ်မျိုးက မြို့ခံတွေရဲ့ စိတ်ထဲမှာ စွဲမြဲသွားခဲ့တယ်။ သူတို့တွေက မော်တော်ကားတွေကို အသက်မရှိတဲ့ စက်ပစ္စည်းတွေအဖြစ် မမြင်ကြတော့ဘဲ မိုက်ကယ်ရဲ့ အထက်ကောင်းကင်ယံမှာ ပေါ်လာခဲ့တဲ့ သတ္တုအမျိုးသမီးကြီးကနေ မွေးဖွားပေးလိုက်တဲ့ သက်ရှိသတ္တဝါတွေအဖြစ် သတ်မှတ်လိုက်ကြတယ်။

ကားတွေရဲ့ ရှေ့မီးကြီးတွေက မျက်လုံးတွေနဲ့ တူနေပြီးတော့ ရှေ့ဘန်ဘာကြီးတွေက ပါးစပ်တွေနဲ့ တူနေတာကလည်း သူတို့ရဲ့ အယူအဆကို ပိုပြီး ခိုင်မာသွားစေတယ်။

"သခင်" လို့ မျောက်လူတွေထဲက တစ်ယောက်က မိုက်ကယ်ကို လာပြီး အစီရင်ခံတယ်။ "သူတို့တွေ ကျွန်တော်တို့ ကားတွေအကြောင်းကို ထူးထူးဆန်းဆန်းတွေ ပြောနေကြတယ်"

မိုက်ကယ်လည်း အဲဒီအကြောင်းကို ကြားသိရပြီး ဘယ်လိုခံစားရမှန်း မသိဖြစ်နေတယ်။

"ဟူး... လောလောဆယ်တော့ သူတို့ကို လျစ်လျူရှုထားလိုက်ပါ" လို့ သူက အဝါရောင်မျောက်လူကို ပြောလိုက်တယ်။ "ကုန်သေတ္တာတွေ ချဖို့ အဆင်သင့် ဖြစ်ပြီလား"

မော်တော်ကားတွေ အားလုံးမှာ မြို့တစ်ပြင်လုံး အတင်းအဓမ္မ အထီးကျန်ဆန်စွာ ပိတ်လှောင်ခံထားရပြီးတဲ့နောက် လိုအပ်မယ့် ရိက္ခာတွေနဲ့ တခြား ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို တင်ဆောင်လာတာဖြစ်တယ်။ ဒါတင်မကဘဲ မိုက်ကယ်က ရွှေလမ်းမကြီး တည်ဆောက်ရေး စတင်နိုင်ဖို့အတွက် ဘိလပ်မြေနဲ့ တခြားကုန်ကြမ်းတွေကိုပါ ဒီနေရာဆီ သယ်ယူပို့ဆောင်ခိုင်းထားတယ်။

"အဆင်ပြေပြေ သွားနေပါတယ် သခင်၊ ဒါပေမဲ့ လူတွေအကုန်လုံးက ကားတွေကို ဒူးထောက်ပြီး ကိုးကွယ်နေကြတော့ ကျွန်တော်တို့ လူတွေ တော်တော်လေး စိတ်ကူးရခက်နေကြတယ်"

မိုက်ကယ်က ဒီလိုကိစ္စမျိုးကို အမြန်ဆုံး ရပ်တန့်ရမယ်ဆိုတာ သိနေတယ်၊ မဟုတ်ရင် အထင်အမြင်လွဲမှားမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။

ပြီးတော့ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုက ဖတ်ချ် ဖြစ်လိမ့်မယ်လို့ သူ တွေးလိုက်မိတယ်။

"ဖတ်ချ်... မင်းရဲ့ အရိပ်ဝံပုလွေတွေကို သုံးပြီး ဟိုသတ္တုအမျိုးသမီးကြီးအကြောင်းကို သူတို့တွေ အကုန်မေ့သွားအောင် တစ်ခုခု လုပ်ပေးလို့ ရမလား"

ဖတ်ချ်က သူ့ရဲ့ အရိပ်ထဲကနေ ခုန်ထွက်လာပြီး ချက်ချင်းပဲ ခေါင်းခါပြလိုက်တယ်။

"မရဘူး ဆရာကြီး၊ အဲဒါက လူတွေရဲ့ စိတ်ကို အတင်းအဓမ္မ စွက်ဖက်လွန်းရာ ရောက်တယ်၊ ကျွန်တော်က လူအများကြီးကို အခုလို ဦးနှောက်ဆေးပစ်နိုင်တဲ့အထိ လူဆိုးတစ်ယောက် မဟုတ်ပါဘူး"

"မင်းပြောတာလည်း ဟုတ်တာပဲ" လို့ မိုက်ကယ်က လက်ခံလိုက်တယ်။ "ဒါဆိုရင် မော်တော်ကားဆိုတာ အသက်မရှိတဲ့ စက်ပစ္စည်းတစ်ခုပဲဆိုတာကို သူတို့ ယုံကြည်သွားအောင်ပဲ စည်းရုံးလိုက်ပါ"

ဖတ်ချ်က သူ့ကို ကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ဘာမှမပြောဘဲ ခေါင်းပဲ ညိတ်ပြလိုက်တယ်။ ဒီအပြုအမူက သူတော်ကောင်းယောင်ဆောင်ထားတဲ့ အဲဒီနင်ဂျာအပေါ် သူ့ကို နည်းနည်း သံသယဝင်သွားစေတယ်။

"မင်း ဒါကို သေသေချာချာ လုပ်နိုင်မယ်လို့ ငါ ယုံကြည်လို့ ရတယ်မလား ဖတ်ချ်"

အဲဒီ ခရမ်းရောင် စလိုင်းမ်ကြီးက ထပ်ပြီး ပြုံးပြလိုက်ပြီး မိုက်ကယ်ကို အလေးပြုလိုက်တယ်။

"မပူပါနဲ့ သခင် ကျွန်တော် လုပ်သမျှ အရာအားလုံးက ရီနေးတားအတွက်ပါပဲ... ဟီးဟီး..."

* * * * * * * *

စာစဉ်(၂၅)

အခန်း(၂၉၈)

မိုက်ကယ်က ဂရက်ဖ်တက်ကလတ်စတာရဲ့ ကျန်တဲ့နေရာတွေမှာ ရွှေလမ်းမကြီးကို ပိုပြီးခိုင်မာအောင် လုပ်ဖို့ အလုပ်ရှုပ်နေချိန်မှာ ဖတ်ချ်ကတော့ ဒီလို မမျှော်လင့်ဘဲ ဖြစ်ပျက်လာတဲ့ အခြေအနေတွေကို သဘောကျလို့ နေပါတယ်။ သူ့ရဲ့ကိုယ်ပွားတွေ ရောက်တဲ့နေရာတိုင်း၊ အရိပ်ဝံပုလွေတွေကို ထားခဲ့တဲ့နေရာတိုင်းမှာ ကြားနေရတာကတော့ အဲဒီ ကံကြမ္မာအလှည့်အပြောင်းနေ့က ဖြစ်ပျက်ခဲ့တဲ့အကြောင်း တီးတိုးပြောဆို ငြင်းခုံနေကြတာတွေချည်းပါပဲ။ အဲဒီနေ့က သတ္တုကိုယ်ထည်နဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာပြီး သူတို့ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တာလေ။

သူတို့မျက်လုံးထဲက အရောင်တွေကို ကြည့်ရုံနဲ့တင် ဒါကို နတ်ဘုရားဖန်ဆင်းတဲ့ တန်ခိုးပြာဋိဟာရတစ်ခုလို့ ယုံကြည်နေကြမှန်း အထင်အရှား သိသာနေပါတယ်။ နတ်ဘုရားတစ်ပါး လူ့ပြည်ဆင်းသက်လာပြီး သူတို့ကို လူကိုယ်တိုင် လာရောက်ချီးမြှင့်တာလို့ကို သတ်မှတ်နေကြတယ်။ ဒါထက်ပိုပြီး အရေးကြီးတာက အဲဒီနတ်ဘုရားမဟာ ဒီရွှေရောင်ဆံပင်နဲ့ ကောင်လေးကတစ်ဆင့်ပဲ ကိုယ်ထင်ပြခဲ့တာ ဖြစ်လို့ပါပဲ။ ဒါကြောင့်လည်း ဂရက်ဖ်တက်ကလတ်စတာရဲ့ ဗဟိုမြို့က ပြည်သူအများစုက မိုက်ကယ်နဲ့ သူနဲ့ဆက်နွှယ်နေတဲ့ ရီနေးတားကုမ္ပဏီကို နတ်ဘုရားမရဲ့ ကောင်းချီးပေးခြင်းခံရသူတွေလို့ သဘောထားလာကြပါတယ်။

ဒီဖြစ်ရပ်က ဂရက်ဖ်တက်ကလတ်စတာအတွင်းမှာ တော်တော်လေး မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားခဲ့တယ်။ ကိုယ်တိုင်မြင်ခဲ့ရတဲ့သူတွေက အခြားနယ်မြေတွေကို လိုက်ပြောပြကြပြီး လူအများကြီးကပါ ဒီအကြောင်းကို ထောက်ခံပြောဆိုလာတဲ့အခါမှာတော့ ကောလာဟလတွေကို အားလုံးက ယုံကြည်သွားကြတော့တယ်။ ဒါက တကယ့်ကို ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်ကြောင့် မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီရဲ့ နာမည်ဟာ သူတို့ ရွှေလမ်းမကြီး ဖောက်လုပ်ခဲ့စဉ်ကထက်တောင် ပိုပြီး အရှိန်အဟုန်နဲ့ ပြန့်နှံ့သွားခဲ့လို့ပါပဲ။

"ဆရာ ဖတ်ချ်... ကျွန်တော်တို့ရဲ့ အရိပ်ဝံပုလွေတွေကို လွှတ်ပြီး ပြည်သူတွေကြားထဲမှာ သံသယနဲ့ မယုံကြည်မှုတွေ သွားပြီး သွေးထိုးပေးရမလား" ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင် ဖြစ်တဲ့ နာရီတိုက ရိုရိုသေသေ မေးလိုက်ပါတယ်။

"ကျွန်တော်တို့ လူတွေက ဒီမော်တော်ကားတွေကို နတ်ဘုရားမ ဖန်ဆင်းပေးခဲ့တာလို့ အပြင်းအထန် ယုံကြည်နေတဲ့သူတွေကို မှတ်တမ်းတင်ထားပြီးပါပြီ... ကျွန်တော်တို့ရဲ့ မျက်လှည့်အစွမ်းတွေကို သုံးပြီး အဲဒီလို အယူအဆတွေကို မယုံကြည်တော့အောင် လုပ်လိုက်ပါ့မယ်" လို့ ဆာစူကီကလည်း ထပ်လောင်းပြောတယ်။

ဖတ်ချ်က အဲဒီ အရိပ်ခေါင်းဆောင်နှစ်ယောက်ကို ကြည့်ပြီး ခေါင်းကို စောင်းလိုက်ရင်း "ပြီးတော့ ငါတို့က ဘာလို့ အဲဒီလို လုပ်ရမှာလဲ" လို့ ပြန်မေးလိုက်မိတယ်။

အော့ခ်တွေက ဖတ်ချ်ရဲ့စကားကို သေချာမကြားလိုက်ရဘူးလားဆိုပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

"သခင်က အဲဒီယုံကြည်မှုကို ပြောင်းလဲပစ်ဖို့ ကြိုးစားခိုင်းထားတယ်လေ" လို့ နာရီတိုက ဖတ်ချ်ကို သတိပေးလိုက်ပါတယ်။

မိုက်ကယ်က ဖတ်ချ်နဲ့ အရိပ်ဝံပုလွေတွေကို သူတို့မြင်ခဲ့ရတဲ့ နတ်ဘုရားမ ဆိုတာ အဆင့်မြင့်မှော်ပညာရှင်တစ်ယောက်ရဲ့ ဖန်ဆင်းမှုတစ်ခုသာဖြစ်ကြောင်း သိုသိုသိပ်သိပ်နဲ့ သတင်းလွှင့်ခိုင်းထားခဲ့တာပါ။ ဒါပေမဲ့ ဖတ်ချ်ရဲ့ မျက်နှာအမူအရာကို ကြည့်ရသလောက်တော့ သူက လုံးဝ တခြား အစီအစဉ်တစ်ခု ရှိနေတဲ့ပုံပဲ။

"ကျွတ် ကျွတ် ကျွတ်" ဖတ်ချ်က လျှာသပ်လိုက်ရင်း "မင်းတို့က ဝေးဝေးလံလံ တွေးမြော်မမြင်နိုင်ကြဘူးပဲ... ရေတိုပဲ ကြည့်တတ်တဲ့သူတွေ... ငါကတော့ အနာဂတ်ကို ကြိုတင်နိမိတ်ဖတ်ကြားနိုင်ပြီး ဘာဖြစ်လာမလဲဆိုတာ မြင်နိုင်တဲ့ အမျှော်အမြင်ရှိသူလေ" လို့ ပြောလိုက်တယ်။

အော့ခ်နှစ်ယောက်က ဖတ်ချ်ကို ထူးဆန်းသလို ကြည့်လိုက်ကြတယ်။

"ဆရာ ဖတ်ချ်... ဘာကို ဆိုလိုတာလဲ" နာရီတိုက ခရမ်းရောင်စလိုင်းမ်ရဲ့ ရည်ရွယ်ချက်ကို နည်းနည်း သံသယဝင်ပြီး မေးလိုက်ပါတယ်။

"ငါ ဘာမှ အကြံပြုနေတာ မဟုတ်ပါဘူး... ငါပြောချင်တာက ငါတို့ ဘာမှလုပ်ဖို့မလိုဘူး... ဘာမျက်လှည့်မှလည်း မပြနဲ့... ဘယ်သူ့စိတ်ကိုမှလည်း သွားမပြောင်းလဲနဲ့" လို့ ဖတ်ချ်က ဇွတ်ငြင်းလိုက်တယ်။

ဆာစူကီက ရှေ့ကို နည်းနည်းတိုးလိုက်ပြီး "ဒါပေမဲ့ အဲဒီလိုသာ ပစ်ထားလိုက်ရင် သူတို့က သတ္တုအမျိုးသမီးကို နတ်ဘုရားတစ်ပါးလို ဆက်တွေးနေကြမှာဗျ... မိုက်ကယ်ကိုလည်း နတ်ဘုရား ရွေးချယ်ထားတဲ့သူလို့ ထင်နေကြလိမ့်မယ်" လို့ ပြောပြန်တယ်။

ဖတ်ချ်ရဲ့ ခရမ်းရောင် ပုံသဏ္ဌာန်မရှိတဲ့ ခန္ဓာကိုယ်ပေါ်မှာ အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာပြီး "အဲဒါပေါ့..." လို့ တော်တော်လေး မကောင်းဆိုးဝါးဆန်တဲ့ လေသံမျိုးနဲ့ တီးတိုးရေရွတ်လိုက်ပါတယ်။

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဗဟိုမြို့က ပြည်သူတွေကြားထဲမှာ အုပ်စုအသစ်တစ်ခု ပေါ်ထွက်လာတဲ့ပုံပဲ။ သူတို့က သတ္တုအမျိုးသမီးရဲ့ နတ်ဘုရားအဖြစ်ကို ရာနှုန်းပြည့် ယုံကြည်နေကြတဲ့သူတွေဖြစ်ပြီး ကောင်းကင်ကြီးကို အမြဲမပြတ် မော့ကြည့်ရင်း သူမရဲ့ ခန့်ညားထည်ဝါတဲ့ ပုံရိပ်ကို နောက်တစ်ကြိမ် ပြန်မြင်တွေ့ရဖို့ မျှော်လင့်နေကြတဲ့အထိပါပဲ။

ဒီလူတွေက ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်ရပေမဲ့ ရက်ပိုင်းအတွင်းမှာတင် သူတို့ကြားထဲမှာ အဖွဲ့ဝင် ရာနဲ့ချီ ရှိလာခဲ့ပါတယ်။ သူတို့ကိုယ်သူတို့ အိုင်းရွန်းမေဒင် လို့ ခေါ်ကြတယ်။

ဒီအုပ်စုအသစ်က သူမကို သူတို့ရဲ့ ကယ်တင်ရှင်အဖြစ် သတ်မှတ်ထားကြတယ်။ သူမက ဖလဲယားကော့ပ်ကုမ္ပဏီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်ကနေ ကယ်တင်ဖို့ မိုက်ကယ်ကို စေလွှတ်ပေးခဲ့တာလို့ ယူဆကြတယ်။ ဒါကြောင့်လည်း သူတို့က မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီအပေါ်ကို အလွန်အမင်း စိတ်ဝင်တစား ရှိနေကြတယ်။

ရီနေးတားကုမ္ပဏီပိုင်ဆိုင်တဲ့ သတ္တုစက်ပစ္စည်းတွေ အားလုံးကိုလည်း နတ်ဘုရားရဲ့ အသုံးအဆောင်ပစ္စည်းတွေ ဒါမှမဟုတ် နတ်ဘုရားမကိုယ်တိုင် ဖန်ဆင်းထားတဲ့အရာတွေအဖြစ် ချက်ချင်း သတ်မှတ်ပစ်လိုက်ကြတယ်။

ဒီအထဲက ဥပမာတစ်ခုကတော့ မော်တော်ကားတွေပဲ ဖြစ်ပါတယ်။ ဒါက အဲဒီအုပ်စုရဲ့ ရူးသွပ်စွဲလမ်းစရာ အရာတစ်ခု ဖြစ်လာခဲ့ပြီး ကားတစ်စီး ဖြတ်မောင်းသွားတိုင်း လမ်းပေါ်မှာ ဒူးထောက် အလေးပြုကြတဲ့အထိပါပဲ။

တစ်ခါက မော်တော်ကားတစ်စီး လမ်းပေါ်မှာ မတော်တဆ တိုက်မိသွားတဲ့အခါ အဲဒီအုပ်စုက အကြီးအကျယ် ဒေါသထွက်သွားတဲ့ ဖြစ်ရပ်တစ်ခုတောင် ရှိခဲ့သေးတယ်။ သူတို့တွေ သောင်းကျန်းကုန်ကြတယ်။ ကားလေး မသေဆုံးသွားခင်မှာ ကုသပေးဖို့အတွက် ရီနေးတားအဖွဲ့သားတွေကို အခင်းဖြစ်ပွားရာနေရာဆီ ချက်ချင်း သတင်းပို့ ခေါ်ယူခဲ့ကြတယ်။

ဒီအခြေအနေ ရောက်မှပဲ မိုက်ကယ်လည်း ဒီအပြုအမူတွေကို သတိပြုမိသွားတော့တာပါ။

"ဟင်... ငါ ဒါကို ရှင်းပြီးပြီလို့ ထင်နေတာ... ဖတ်ချ်..." သူက လှမ်းခေါ်လိုက်တယ်။

ခရမ်းရောင်စလိုင်းမ်လေးက သူ့ရဲ့အရိပ်ထဲကနေ ဖျတ်ခနဲ ထွက်လာပြီး မိုက်ကယ်ကို ကြည့်ကာ အပြစ်ကင်းစင်တဲ့ အပြုံးလေး ပြလိုက်ပါတယ်။

"မင်း ဒါကို ရှင်းပြီးပြီလို့ ငါ ထင်နေတာ... ဘယ်လိုဖြစ်ပြီး ဒီ အိုင်းရွန်းမေဒင် ဆိုတဲ့အရာက ဒီအဆင့်ထိ ကြီးထွားလာရတာလဲ"

ဖတ်ချ်က ခွေးလေးတစ်ကောင်လို ခေါင်းကို စောင်းလိုက်ပြီး "ကျွန်ုပ် ကြိုးစားခဲ့ပါတယ် သခင်... ဒါပေမဲ့ ဒီအုပ်စုက ကျွန်ုပ် ထင်ထားတာထက် ပိုပြီး ဇွဲကောင်းနေကြပုံပဲ... ရီနေးတားရဲ့ အရိပ်အဖွဲ့လည်း လုံးဝ လက်လျှော့ထားရတယ်... ကျွန်ုပ် တို့ ဘာလုပ်လုပ် သူတို့ကို ဖျက်သိမ်းလို့ မရဘူး ဖြစ်နေတယ်" လို့ ပြောတယ်။

မိုက်ကယ်က ဖတ်ချ်ကို မျက်မှောင်ကုပ်ကြည့်ရင်း "ငါကတော့ အဲဒါကို တကယ် သံသယဝင်တယ်" လို့ ဆိုလိုက်တယ်။

"သခင် မသိဘူးလား... သူတို့အုပ်စုက အခုဆို ပိုပြီးတောင် ကြီးထွားလာနေပြီ... ကျွန်ုပ်ကို ဘာလုပ်စေချင်လဲ သခင်... သူတို့က လူအများကြီး ဖြစ်နေပြီလေ"

တကယ်တော့ သူက ဒီလိုနောက်ပြောင်တတ်တဲ့ ဖတ်ချ်လေးကို အပြည့်အဝ အားကိုးလို့ မရမှန်း သိပါတယ်။ ဒါကြောင့်လည်း သူက ဘာတွေဖြစ်ပျက်နေလဲ၊ ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် ပြန့်နှံ့နေလဲဆိုတာကို သိနိုင်ဖို့ မြို့ထဲမှာ သူ့ရဲ့ ကိုယ်ပွားတွေကို ဖြန့်ကျက်ပြီး စုံစမ်းခိုင်းထားခဲ့တယ်။ သူတို့ပုံစံက စိတ်တူကိုယ်တူသမားတွေ ဒီအတိုင်း စုမိရုံတင် မဟုတ်ဘဲ တော်တော်လေး စနစ်တကျ ဖွဲ့စည်းထားတဲ့ပုံစံမျိုး ဖြစ်နေလို့ပါပဲ။

ပြီးတော့ စုံစမ်းသိရှိရသလောက်တော့ သူတို့ကို ဖာသာလို့ခေါ်တဲ့ လူတစ်ယောက်က ဦးဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီ ဖာသာ ဆိုတာ ဘယ်သူလဲဆိုတာကို ဘယ်သူမှ တကယ်မသိကြဘူး။ မိုက်ကယ်က သူ့ရဲ့ကိုယ်ပွားတွေကို ဒီအုပ်စုဝင်တွေနောက်မှာ ကပ်ထားခဲ့ပေမဲ့ သူတို့ထဲက ဘယ်သူမှ ဖာသာ နဲ့ လူကိုယ်တိုင် မတွေ့ဖူးကြပါဘူး။ သူတို့က တော်တော်လေး လျှို့ဝှက်တဲ့နေရာတွေမှာ ဝှက်ထားတဲ့ စာတွေကတစ်ဆင့်ပဲ ဆက်သွယ်ကြတာ ဖြစ်လို့ပါပဲ။

"ဖတ်ချ်... ဖာသာ က ဘယ်သူလဲ"

မိမိကိုယ်ကိုယ် နင်ဂျာလို့ ကြွေးကြော်ထားသူက ပခုံးနှစ်ဖက်ကို တွန့်လိုက်ရင်း "မသိဘူးလေ" လို့ ပြောတယ်။

"ဟုတ်တယ် သခင်... မသိဘူး... ဒါကို ပြောရတာ ကျွန်ုပ် စိတ်မကောင်းပေမဲ့ ကျွန်ုပ်ရဲ့ စွမ်းအားတွေနဲ့တောင် ဒီ ဖာသာ ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ရှာမတွေ့နိုင်ဘူး... သူတို့က အရမ်း လျှို့ဝှက်လွန်းတယ်... ကျွန်ုပ် တို့ အဖွဲ့ဝင်တွေ အရိပ်ထဲမှာ ပုန်းနေတာကို သိနေတဲ့အတိုင်း အမြဲတမ်း အရိပ်တွေနဲ့ ဝေးရာမှာပဲ နေကြတယ်"

မိုက်ကယ်က ဖတ်ချ်ရဲ့စကားကို နည်းနည်းလေးမှ မယုံပါဘူး။ ဒီခရမ်းရောင်စလိုင်းမ်က ကိုးဆယ့်ကိုးရာခိုင်နှုန်းသော အချိန်တွေမှာ လူအလို လိုက်နေတတ်ပေမဲ့ အရိပ်ထဲက သူ့ရဲ့ စွမ်းရည်တွေကတော့ အစစ်အမှန်တွေ ဖြစ်လို့ပါပဲ။ ဒီနင်ဂျာရဲ့မျက်စိအောက်ကနေ ပုန်းကွယ်နိုင်တဲ့အရာ ဆိုတာ မရှိသလောက်ပါပဲ။

သူက ဖတ်ချ်ကို အမှန်အတိုင်းပြောအောင် ဖိအားပေးလို့ရသလို သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားတွေကို သုံးပြီးတော့လည်း ရှာဖွေလို့ ရပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ မိုက်ကယ်က ဖတ်ချ်ကို သူလုပ်ချင်တာ လုပ်ခွင့်ပေးထားလိုက်တယ်။ အတိုင်းအတာတစ်ခုထက် မကျော်လွန်သရွေ့တော့ ဒီစလိုင်းမ်လေး ပျော်ပါစေဆိုပြီး ခွင့်ပြုထားချင်လို့ပါပဲ။

"မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်မင်း သိဖို့ပဲ မျှော်လင့်ပါတယ်" လို့ သူက ဖတ်ချ်ကို သတိပေးလိုက်တယ်။

"သေချာတယ် သခင်... ရီနေးတားကုမ္ပဏီကို ထိခိုက်မယ့်အရာတစ်ခုခု ရှိလာရင် ကျွန်ုပ် က ပထမဆုံး တားဆီးမယ့်သူ ဖြစ်မှာပါ"

မိုက်ကယ်က သက်ပြင်းချလိုက်ပြီး ဒီကိစ္စကို ဒီမှာတင် ရပ်ထားလိုက်ပါတယ်။ တစ်ခါတလေကျရင်လည်း ဖတ်ချ်က ဆူပူကြိမ်းမောင်းဖို့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတတ်လို့ပါပဲ။

"ဒါနဲ့... ဟက်စတု လို့ခေါ်တဲ့ လူအကြောင်း သတင်းအစအန ရသေးလား... သူက ရုတ်တရက်ကြီး ပျောက်သွားတာ"

ဖတ်ချ်ရဲ့ ခန္ဓာကိုယ်က အံ့ဩသွားတဲ့အတိုင်း ခဏလောက် တုန်ခါသွားခဲ့တယ်။ ဒါပေမဲ့ သူက သူ့ရဲ့ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်တယ်။

"ဟာ... ကျွန်ုပ် မသိဘူး သခင်... ကဲ... သွားရမယ့်အချိန် ရောက်ပြီ ဟီးဟီး"

မိုက်ကယ် နောက်ထပ် မေးခွန်းတွေ မမေးနိုင်ခင်မှာတင် စလိုင်းမ်လေးက အရိပ်ထဲကို ချက်ချင်း ငုပ်လျှိုးကွယ်ပျောက်သွားခဲ့ပါတယ်။ ထုံးစံအတိုင်းပါပဲ။

* * * * * * * *

All Chapters