← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 26 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 26 Ch. 303-304

အခန်း(၃၀၃)

ရီနေးတား ကားမှတ်တိုင်အကြောင်း ကောလာဟလတွေ အန်ဂိုရာမြို့ဆီ ပျံ့နှံ့သွားဖို့ သိပ်မကြာလိုက်ဘူး။ အဲဒီနေရာဟာ ရွှေလမ်းမကြီးအတိုင်း ခရီးသွားနေကြတဲ့ လူအားလုံးအတွက် အကောင်းဆုံး နားခိုရာနေရာတစ်ခု ဖြစ်လာခဲ့တယ်။ ရက်သတ္တပတ်ပေါင်းများစွာ ကျောက်ခဲလို မာကျောနေတဲ့ ပေါင်မုန့်တွေနဲ့ မြစ်ရေကိုပဲ စားသောက်လာရလို့ ပင်ပန်းနွမ်းနယ်နေတဲ့ ခရီးသွားတွေဟာ အန်ဂိုရာမြို့နဲ့ ဂရက်ဖ်တက်ကလတ်စတာကြားမှာ အိုအေစစ်တစ်ခုကို ရုတ်တရက် ရှာတွေ့လိုက်ကြရသလိုပါပဲ။

ဒီလိုကြောင့်ပဲ ရီနေးတား စားဖိုဆောင် ဟာ အထူးသဖြင့် ပိုပြီးတော့ လူစည်ကားနေခဲ့တယ်၊ ခရီးဝေး သွားလာခဲ့ရတဲ့ လူအများစုဟာ ပူပူနွေးနွေးနဲ့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အိမ်ချက်လက်ရာ အစားအစာတွေကို တမ်းတနေကြလို့ပေါ့။ ပြီးတော့ မျှတတဲ့ ဈေးနှုန်းနဲ့ အိပ်စက်အနားယူနိုင်တဲ့ ရီနေးတား တည်းခိုဆောင်လည်း ရှိနေသေးတယ်။ သူတို့အနေနဲ့ အန္တရာယ်တွေ ပေါလှတဲ့ တောရိုင်းထဲမှာ ညအိပ် စခန်းချစရာ မလိုတော့ဘူး။

မိုက်ကယ်ကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြီးစီးရုံပဲ ရှိသေးပေမဲ့ ကားမှတ်တိုင်ဆီကို လူတွေအများကြီး လာရောက်လည်ပတ်နေကြတာကို ကြည့်ပြီး တကယ်ပဲ အံ့ဩမိနေတယ်။ လူသုံးကုန်စတိုးဆိုင်တွေနဲ့ အခြား အထူးအရောင်းဆိုင်တွေလိုမျိုး တည်ဆောက်မှုတွေက အခုထိ မပြီးစီးသေးဘူး။ သူဟာ ရီနေးတား စားသောက်ဆိုင်အောက်မှာ သူ့ရဲ့ အရိပ်တွေကို တွဲချိတ်ထားလိုက်ပြီး ခရီးသွားအဖွဲ့တစ်စု သူတို့အချင်းချင်း စကားပြောနေတာကို ခိုးနားထောင်လိုက်တယ်။

"အာ... ဒီလိုနေရာမျိုးမှာ အခုလို ဘေးကင်းတဲ့ ခိုလှုံရာတစ်ခု ရှိတာ တကယ်ကို ကောင်းတာပဲ" လို့ စွန့်စားရှာဖွေသူတစ်ယောက်က ဘီယာသောက်ရင်း ပြောလိုက်တယ်။

"အမှန်ပဲ အစ်ကိုရာ၊ ရီနေးတား ကုမ္ပဏီကတော့ ဒီလိုကဏ္ဍမှာ တကယ်ကို ဆန်းသစ်တီထွင်နိုင်တာပဲ၊ သူတို့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းမှာ အဆင့် ၄၅၀ ချိတ်တာ မဆန်းပါဘူး" လို့ အခြား စွန့်စားရှာဖွေသူတစ်ယောက်က ဆိုတယ်။

အဲဒီအချိန်မှာ သူတို့ စောင့်ရှောက်လိုက်ပါလာတဲ့ ကုန်သည်က ကြားဖြတ်ပြောလိုက်တယ်၊ "ကျွန်တော့်အမြင်ကတော့ အဲဒီခန့်မှန်းချက်က တော်တော်လေး နည်းသေးတယ်လို့ ထင်တယ်၊ မော်တော်ကားတစ်စီးကို ဘယ်လောက်ပေးရလဲ သိကြလား၊ ရွှေဒင်္ဂါးပြား သောင်းနဲ့ချီတန်တာဗျ၊ အခုဆို လူတိုင်းက ဝယ်နေကြတာ၊ ကျွန်တော့်အမြင် ပြောရရင် သူတို့က ထိပ်တန်း ၄၀၀ ထက်တောင် ပိုချမ်းသာဦးမယ်"

"ဒါနဲ့ စကားမစပ်၊ ကျွန်တော်လည်း မကြာခင် မော်တော်ကားတစ်စီးလောက် ဝယ်ချင်တယ်၊ အဲဒါက မြင်းလှည်းထက် ပိုမြန်ပြီး ဟိုနှောင့်ယှက်တတ်တဲ့ နတ်သူငယ်တွေကိုပါ ကျော်ပြေးနိုင်တော့ တော်တော်လေး အဆင်ပြေတယ်"

"သဘောတူတယ်၊ သူတို့ အရှေ့ဘက်ခြမ်းမှာပါ ရွှေလမ်းမကြီးတစ်ခု မြန်မြန်ဆောက်ပေးဖို့ပဲ မျှော်လင့်ရတော့တယ်၊ ဒါမှ အဲဒီပြဿနာတွေကို ထပ်ပြီး ရင်ဆိုင်မနေရတော့မှာ"

မိုက်ကယ်က အဲဒီစကားလုံးကို ကြားလိုက်ရတဲ့အခါ သူတို့ စားပွဲအောက်က အရိပ်ဟာ လှုပ်ရှားသွားခဲ့တယ်။

ကံမကောင်းစွာနဲ့ပဲ အဲဒီအဖွဲ့ဟာ ခဏအကြာမှာ အဲဒီအကြောင်းအရာကနေ လွှဲသွားခဲ့ကြတယ်၊ သူတို့က မိုက်ကယ် စိတ်မဝင်စားတဲ့ သာမန်ရိုးရိုး ကိစ္စတွေအကြောင်း အများကြီး ပြောနေကြလို့ပေါ့။

နတ်သူငယ်တွေ ဟုတ်လား၊ နိုဗာ၊ မင်းဆီမှာ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထပ်ရှိသေးလား။

[ ဒြပ်စင် - အဆိပ်၊ မြေ ]

[ ဒီလူတစ်ပိုင်းသတ္တဝါတွေဟာ သဘာဝတရားနဲ့ ကမ္ဘာမြေပြင်ကြီးကိုယ်တိုင်နဲ့ အမှန်တကယ် ဆက်နွှယ်နေတဲ့ လုံးဝကွဲပြားခြားနားတဲ့ အတိုင်းအဆတစ်ခုမှာ နေထိုင်ကြတယ်၊ သူတို့ကို မြေဒြပ်စင် အပေါများဆုံးနေရာတွေမှာ မကြာခဏ တွေ့ရတတ်တယ် ]

[ သူတို့ရဲ့ အတောင်ပံပေါ်က အမှုန်တွေဟာ လူတွေနဲ့ ပစ္စည်းတွေကို ပျံသန်းနိုင်စွမ်း ပေးစွမ်းနိုင်တယ်လို့ ဆိုကြတယ်၊ ဒါပေမဲ့ သူတို့ဟာ လူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေကို မကြာခဏ နောက်ပြောင်သူတွေအဖြစ်လည်း လူသိများကြတယ် ]

မိုက်ကယ်ဟာ ဒီနတ်သူငယ်တွေကို ကိုယ်တိုင်တွေ့မြင်ဖို့ တော်တော်လေး စိတ်ဝင်စားသွားတယ်၊ အထူးသဖြင့် နိုဗာ ပေးထားတဲ့ ဖော်ပြချက်တွေထဲက တစ်ခုမှာ သူတို့ဟာ မြေဒြပ်စင် မှော်စွမ်းအင် အများကြီး ရှိတဲ့နေရာတွေမှာ နေထိုင်ကြတယ်လို့ ပါဝင်နေလို့ပဲ။

မြေဒြပ်စင် မှော်စွမ်းအင် အများကြီးရှိတဲ့ နေရာတွေမှာ ဘာတွေ ရှိနေဦးမလဲ ခန့်မှန်းကြည့်ရအောင်၊ သတ္တုရိုင်းတွေနဲ့ တွင်းထွက်ပစ္စည်းတွေပေါ့။

ငါကြားရသလောက်တော့ ဒီနတ်သူငယ်တွေဟာ အန်ဂိုရာမြို့ရဲ့ အရှေ့ဘက်ဒေသမှာ ရှိနေကြပုံပဲ။ အဲဒီနေရာက ငါ ရွှေလမ်းမကြီးကို နောက်ထပ် တိုးချဲ့ဖောက်လုပ်မယ့် နေရာအတိအကျပဲ။

ဒါဟာ သူတို့ ဆောက်လုပ်ရေးလုပ်ငန်း မစတင်မီ သိထားရမယ့် အချက်အလက်ကောင်းတစ်ခု ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနတ်သူငယ်တွေဟာ လူသားတွေကို သိပ်ပြီး လိုလိုလားလား မရှိကြဘဲ မကြာခဏ နောက်ပြောင်နှောက်ယှက်လေ့ရှိကြပုံရတယ်။

ဒီထူးဆန်းတဲ့ ဖြစ်စဉ်အကြောင်း ပိုပြီး သိရှိနိုင်ဖို့အတွက် သူဟာ အရှေ့ဘက် အန်ဂိုရာမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတဲ့ အမှန်တရားကို စုံစမ်းထောက်လှမ်းဖို့ အရိပ်ဝံပုလွေ မျိုးနွယ်စုခေါင်းဆောင်တွေဖြစ်တဲ့ နာရီတိုနဲ့ ဆာစူကီတို့ကို တာဝန်ပေးလိုက်တယ်။

နာရီတိုနဲ့ ဆာစူကီတို့ မိုက်ကယ်ဆီ ပြန်လာပြီး သူတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တွေကို အစီရင်ခံဖို့ တစ်ရက်လောက်ပဲ ကြာလိုက်တယ်။

"ဗူ တို တို... သခင်၊ မကြာသေးခင်က အန်ဂိုရာ အရှေ့ဘက် လမ်းတွေမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေအကြောင်း သတင်းပို့ချက်တွေ အများကြီး ရှိနေတာကို ကျွန်တော်တို့ စုံစမ်းသိရှိခဲ့ရတယ်" လို့ နာရီတိုက သတင်းပို့တယ်။

"ရာ တာ တာ... လူတွေ တောရိုင်းထဲမှာ စခန်းချနေတုန်း သူတို့ရဲ့ ပစ္စည်းတွေ ရုတ်တရက် ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်၊ တစ်ခါတလေကျရင် အဲဒီပစ္စည်းတွေက မှော်ဆန်ဆန် ပြန်ရောက်လာတတ်ပြီး တစ်ခါတလေကျရင်တော့ ပြန်မလာတော့ဘူး၊ အချို့ဆိုရင် သူတို့ရဲ့ ပိုက်ဆံအိတ်တွေ ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့တာမျိုးတောင် ရှိတယ်"

သူတို့ရဲ့ အစီရင်ခံစာတွေက ပြဿနာရှာတတ်သူတစ်ယောက် လုပ်မယ့် အလုပ်မျိုး ဖြစ်နေတယ်၊ နှောင့်ယှက်ဖျက်ဆီးသူလို့တောင် ခေါ်နိုင်တယ်။

"မင်းတို့အမြင်ကော... အဲဒါ ဒီနတ်သူငယ်တွေကြောင့် ဖြစ်တာလို့ ထင်လား" လို့ သူက သူတို့ကို မေးလိုက်တယ်။

"အဲလို ကောလာဟလ ထွက်နေတာပဲ သခင်၊ ဒါပေမဲ့ ဘယ်တစ်ခုမှတော့ သက်သေမပြနိုင်သေးဘူး၊ နတ်သူငယ်တွေက တစ်နေရာတည်းမှာ ဘယ်တော့မှ ထပ်မပေါ်လာတော့ အမှန်တရားကို အတည်ပြုဖို့ ခက်ခဲနေတယ်"

မိုက်ကယ်က အဲဒီအကြောင်းကို အလေးအနက် စဉ်းစားနေမိတယ်။ တစ်ခုခုက အဓိပ္ပာယ်မရှိသလို ဖြစ်နေလို့ပဲ။

"ငါ ဘာလို့ အရင်က သူတို့အကြောင်း မကြားဖူးတာလဲ၊ အန်ဂိုရာမြို့က လူတွေ အရင်ကတည်းက ကြုံတွေ့ဖူးရမယ့် အရာမျိုး ဖြစ်နေတာကို"

အန်ဂိုရာမြို့မှာ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးနောက်မှာ မိုက်ကယ်ဟာ အရှေ့ဘက်က နတ်သူငယ်တွေအကြောင်း တစ်ယောက်ယောက် ပြောတာကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ဘူး။

နယ်မြေနှစ်ခုစလုံးဟာ ကုန်သည်တွေရော ခရီးသွားတွေနဲ့ပါ တိုက်ရိုက်ဆက်နွှယ်နေတာမို့ ဒါက တကယ်ကို ထူးဆန်းနေတယ်။

"အဲဒါက ဒီလိုရှိတယ် သခင်၊ ဒီနတ်သူငယ်တွေက အရင်ကတော့ ခဏတာ ကောလာဟလတစ်ခုမျှသာ ဖြစ်ခဲ့တာ၊ သူတို့က တစ်နှစ်မှာ တစ်ကြိမ်လောက်ပဲ ပေါ်လာပြီး အန္တရာယ်မရှိတဲ့ နောက်ပြောင်မှုအချို့ လုပ်လေ့ရှိတာ၊ ဒါပေမဲ့ မကြာသေးခင်ကစပြီး သူတို့က တစ်ရက်ကို တစ်ကြိမ်လောက်အထိ တက်ကြွလှုပ်ရှားလာကြတယ်" လို့ ဆာစူကီက အစီရင်ခံတယ်။

"ဒီအပြောင်းအလဲက ဘယ်အချိန်ကစပြီး ဖြစ်သွားတာလဲ"

"ကျွန်တော်တို့ ဂရက်ဖ်တက်ကလတ်စတာမှာ ရွှေလမ်းမကြီးကို တည်ဆောက်ခဲ့တဲ့ အချိန်နဲ့ ဝန်းကျင်လောက်မှာပဲ ဆရာကြီး" လို့ နာရီတိုက ပြန်ဖြေတယ်။

ဒါက တိုက်ဆိုင်မှု ဖြစ်ဖို့အတွက်တော့ လွန်လွန်းနေပြီ။ အချိန်အတော်ကြာမှ နတ်သူငယ်တွေကို ဒီလိုမျိုး သောင်းကျန်းလာအောင် တစ်ခုခုက သက်ရောက်မှု ရှိခဲ့တာ သေချာတယ်။

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ် သခင်၊ လူယုတ်မာဓါးပြအဖွဲ့အကြောင်းကို မှတ်မိသေးလား"

မိုက်ကယ် ခေါင်းညိတ်ပြလိုက်တယ်။ သူတို့က အန်ဂိုရာမြို့အထက်က တောအုပ်တွေပတ်ပတ်လည်မှာ နေရာယူထားတဲ့ သူခိုးအုပ်စု ဖြစ်ကြတယ်။ စလစ်ဇီက အဲဒီထဲက တစ်ယောက်ဖြစ်ပြီး ဘားကပ်စ်ရဲ့ ပြောပြချက်အရ လူမိုက်ဓားပြအဖွဲ့ဟာ ဖလဲယားကော့ပ်ရဲ့ လစာပေးစနစ်အောက်မှာ ရှိနေပုံရတယ်။

"ကျွန်တော်တို့ရဲ့ အရိပ်ခွဲတွေက သူတို့ရဲ့ လှုပ်ရှားမှုတိုင်းနဲ့ သူတို့ရဲ့ စကားပြောဆိုမှုတွေကို အနီးကပ် စောင့်ကြည့်နေခဲ့ကြတယ်၊ မကြာသေးခင်က ကျွန်တော်တို့ သိရှိခဲ့ရတဲ့ အချက်တစ်ခုကတော့ သူတို့ဟာ တောအုပ်ထဲက အခြားအဖွဲ့တစ်ခုနဲ့ မဟာမိတ်ဖွဲ့ထားပုံရတာပဲ"

"ပထမတော့ သူတို့ရဲ့ မဟာမိတ်က ဖလဲယားကော့ပ် တစ်ခုတည်းလို့ပဲ ကျွန်တော်တို့ ထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒါက လုံးဝကွဲပြားခြားနားတဲ့ အုပ်စုတစ်ခု ဖြစ်နေတယ်"

"သူတို့က ဒီအုပ်စုအတွက် အမည်ပြောင်တစ်ခု ပေးထားကြတယ် ဆရာ၊ သူတို့ကို ပစ်ဇီတွေလို့ ခေါ်ကြတယ်"

မိုက်ကယ်က အဲဒီဝေါဟာရနဲ့ အလွန် ရင်းနှီးနေခဲ့တယ်။ သူ အရင်ကမ္ဘာမှာတုန်းက နတ်သူငယ်တွေနဲ့ ဆက်စပ်ပြီး 'ပစ်ဇီ' ဆိုတဲ့ နာမည်ကို ကြားဖူးခဲ့တာ။

အဲဒါက တိုက်ဆိုင်မှုတစ်ခုလား၊ မိုက်ကယ်ကတော့ အဲလိုမထင်ဘူး။

ဘာပဲဖြစ်ဖြစ် အန်ဂိုရာမြို့ရဲ့ အရှေ့ဘက်ဟာ လူမိုက်ဓားပြတွေ အခြေစိုက် နေထိုင်ရာ တောအုပ်တစ်ခုထဲမှာ တည်ရှိနေတာပဲ။ အဲဒီနေရာဟာ နတ်သူငယ်တွေအကြောင်း သတင်းပို့ချက်တွေ တွေ့ရှိနေရတဲ့ နေရာလည်း ဖြစ်နေပြန်တယ်။

'လူမိုက်ဓားပြတွေနဲ့ နတ်သူငယ်တွေ ပူးပေါင်းလုပ်ဆောင်နေကြတာ နေမလား' လို့ မိုက်ကယ်က သူ့ဘာသာ ရေရွတ်လိုက်မိတယ်။

ပြီးတော့ အရိပ်ဝံပုလွေ ခေါင်းဆောင်တွေကလည်း ထိုနည်းတူစွာ တွေးနေကြပုံရတယ်။

"ဓားပြတွေထဲက တစ်ယောက်ကို ပြန်ပေးဆွဲပြီး အမှန်တရားကို အတင်းအကျပ် ပြောခိုင်းဖို့အတွက် အထူး ဝံပုလွေတပ်ဖွဲ့တစ်စုကို စေလွှတ်ရမလား ဆရာကြီး" လို့ နာရီတိုက မေးလိုက်တယ်

မိုက်ကယ်က ခေါင်းခါပြလိုက်တယ်၊ "ဒီလို ဒုက္ခတွေ အများကြီး ခံနေစရာ မလိုပါဘူး" လို့ သူက သူတို့ကို ပြောလိုက်တယ်။ "ငါတို့ မှာလည်း ငါတို့ကိုယ်ပိုင် ဓားပြအုပ်စု ရှိနေတာပဲ"

* * * * * * * * *

အဲဒီအချိန်မှာပဲ ရီနေးတား နိုင်ငံတော်ဆီမှာတော့ နိုင်ငံသားတွေရော လာရောက်လည်ပတ်သူတွေပါ အလွန်တရာ ချမ်းသာကြွယ်ဝတဲ့ ဘဝတွေကို ဖြတ်သန်းနေကြတယ်။

ဒါတင်မကဘဲ ရီနေးတား နိုင်ငံတော်ဟာ တစ်ကမ္ဘာလုံးမှာ ဘေးကင်းလုံခြုံမှု အရှိဆုံး နေရာတွေထဲက တစ်ခုလည်း ဖြစ်နေခဲ့တယ်။

လမ်းတိုင်းနဲ့ လမ်းထောင့်တိုင်းမှာ လူတိုင်း ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် လှည့်ကင်းလှည့်နေတဲ့ ကုလားအုတ်လူသားတွေ ရှိနေကြတယ်။ နိုင်ငံသားတိုင်းရဲ့ ခြေဖဝါးအောက်မှာလည်း စက္ကန့်ပိုင်းအတွင်း အကူအညီတွေကို ဆင့်ခေါ်ပေးနိုင်တဲ့ အရိပ်ဝံပုလွေခွဲတစ်ခုစီ တွဲချိတ်ထားပေးပြီးသား ဖြစ်နေတယ်။

ဒါကို ပြည်သူတွေအကြား ကောင်းကောင်း သိထားကြတာပဲ။ ဒါကြောင့် လူတွေအနေနဲ့ ဘယ်လို ရာဇ၀တ်မှုမျိုးကိုမှ မကျူးလွန်ကြတာက သဘာဝကျပါတယ်။

ဒါပေမဲ့ အံ့ဩစရာကောင်းတာက လူတွေဟာ ရာဇ၀တ်မှုတွေကို ကျူးလွန်နေကြဆဲပဲ ဖြစ်နေတယ်။

သူတို့က အဖမ်းခံရပြီး ရီနေးတား အကျဉ်းထောင်ဆီ ပို့ဆောင်ခံချင်ရုံ သက်သက်ပဲ၊ အဲဒီနေရာမှာဆိုရင် သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်အိမ်တွေထက်တောင် ပိုပြီး ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ရရှိနိုင်ကြလို့ပဲ။

* * * * * * * *

စာစဉ်(၂၆)

အခန်း(၃၀၄)

ရီနေးတားနိုင်ငံတော်ထဲက အကျဉ်းထောင်ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ တခြားဘယ်ထောင်နဲ့မှမတူဘဲ လုံးဝကို ကွဲပြားခြားနားနေပါတယ်။

ပထမဆုံးအနေနဲ့ အကျဉ်းသားတွေကို တစ်နေ့ သုံးကြိမ် နွေးနွေးထွေးထွေး အစားအသောက်တွေ ကျွေးမွေးပြီး ညဘက်မှာလည်း အိပ်စက်ဖို့ သက်တောင့်သက်သာရှိတဲ့ ခုတင်တစ်လုံး ပေးထားတယ်။ အဲဒီအစားအသောက်တွေက ရိုးရိုးပေါင်မုန့်နဲ့ ဟင်းရည်စုတ်တွေသာဆိုရင် တစ်မျိုးပေါ့။ ဒါပေမဲ့ မဟုတ်ဘူး။ သူတို့ရတဲ့ အစားအသောက်တွေက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းဝင် စားသောက်ဆိုင်တချို့ထက်တောင် ပိုပြီး အရသာရှိလွန်းလှပါတယ်။

ပြီးတော့ ရီနေးတားနိုင်ငံတော်က ခြောက်သွေ့လှတဲ့ ကန္တာရလွင်ပြင်ကြီးရဲ့ အလယ်ဗဟိုမှာ တည်ရှိတာကြောင့် ထောင်ခန်းတွေထဲမှာ ခေတ်မီဆန်းသစ်လှတဲ့ လေအေးပေးစနစ်တွေကို တပ်ဆင်ပေးထားပြီး စိတ်မသက်မသာဖြစ်စရာ နွေရာသီကိုတောင် အေးမြတဲ့ လေညင်းလေးတစ်ခုလို ပြောင်းလဲပေးထားတယ်။

ဒါတင်နဲ့တင် ထောင်ကျနေရတဲ့ အတွေ့အကြုံက တခြားအရာတွေထက် အပန်းဖြေခရီးထွက်နေရသလိုမျိုး ပိုဖြစ်နေစေပါတယ်။ ဒါပေမဲ့ ဒါတင်အားလုံး မဟုတ်သေးဘူး။

သူတို့သာ ထောင်ထဲမှာ အပြုအမူကောင်းပြီး ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ဘူးဆိုရင် နိုင်ငံတော်ထဲက အကျိုးခံစားခွင့်တချို့ ဖြစ်တဲ့ ဘုတ်ဂိမ်းကစားတဲ့ ညနေခင်းတွေ၊ ဘေ့စ်ဘောပွဲတွေနဲ့ လူလုပ်ရေပူစမ်းဆီ ခရီးထွက်ရတာမျိုးတွေကိုတောင် ရရှိပိုင်ခွင့် ရှိနေကြတယ်။

ဘယ်သူကြည့်ကြည့် ရီနေးတားထောင်ထဲက အကျဉ်းသားတွေဟာ တော်ဝင်တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ တခြားလူတွေထက် ပိုပြီး အခွင့်အရေးသာနေတာကို မြင်နိုင်ပါတယ်။ တချို့ဆိုရင် သူတို့ဟာ ဘုရင်တွေထက်တောင် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခံနေရတယ်လို့ ပြောနိုင်ကြတယ်။

ဒါပေမဲ့ အကျဉ်းသားတွေရဲ့ ဘဝက အဲဒီလောက်ကြီးတော့လည်း အမြဲတမ်း စည်းစိမ်မက်စရာကြီး မဟုတ်ပါဘူး။ သူတို့ဟာ ရီနေးတားနိုင်ငံတော်အတွက် လုပ်အားခမရဘဲ အဓမ္မ အလုပ်လုပ်ကြရတယ်။

ဥပမာအားဖြင့် ကန္တာရနားက မိုင်းတွင်းတစ်ခုခုမှာ ကိုယ်ခန္ဓာပင်ပန်းတဲ့အလုပ်တွေကို လုပ်ကြရတာမျိုး၊ ဒါမှမဟုတ် လေနဲ့အတူ အမြဲတမ်း ပါလာတတ်တဲ့ သဲတွေကို လမ်းပေါ်ကနေ လှည်းကျင်းပစ်ရတာမျိုးတွေ လုပ်ရတယ်။

ဒါပေမဲ့ ထောင်သားတစ်ယောက်ရဲ့ သက်တောင့်သက်သာရှိလှတဲ့ ဘဝနဲ့ လဲလှယ်ရမယ်ဆိုရင် လူအများစုဟာ အဲဒီလို အခြေခံအလုပ်ကြမ်းတွေကို အလကားပဲဖြစ်ဖြစ် လိုလိုလားလား လုပ်ကြမှာပါပဲ။

တကယ်တော့ ဒါဟာ တချို့လူတွေ တကယ်ပဲ လက်တွေ့လုပ်နေကြတဲ့ အရာဖြစ်နေတယ်။

သူတို့မှာ ဆိတ်လူသားနယ်မြေထဲက လူကြိုက်များလှတဲ့ မေပယ်ဝုဒ် တည်းခိုဆောင်တွေမှာဖြစ်ဖြစ်၊ မြွေလူသားနယ်မြေထဲက ရေပေါ်အိမ်တွေမှာဖြစ်ဖြစ် တည်းခိုဖို့ ငွေကြေးမရှိကြဘူး။ အထူးသဖြင့် မြို့လယ်ခေါင်မှာရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာ တည်းဖို့ဆိုရင် ပိုက်ဆံ လုံးဝမလောက်ကြဘူး။

ဒါကြောင့် သူတို့က နောက်ထပ် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်ကြတယ်။ အဲဒါကတော့ ရီနေးတားကုမ္ပဏီရဲ့ အရောင်းဌာနတွေဆီကနေ အသေးအဖွဲ ပစ္စည်းလေးတစ်ခုခုကို ခိုးယူပြီး ရီနေးတားထောင်တွေထဲ အဖမ်းခံဖို့ သူတို့ကိုယ်သူတို့ သွားရောက်အပ်နှံကြတာပါပဲ။

"မင်း ဒီကို တစ်ခေါက် ပြန်ရောက်လာပြန်ပြီပေါ့" လို့ ရီနေးတားအစောင့်တွေထဲက တစ်ယောက်က လူသစ်ကို မေးလိုက်တယ်။

"ဟုတ်တယ်ဗျာ။ ကျွန်တော်က ဆွေးမြည့်လွယ်တဲ့ အမှိုက်တွေကို မဆွေးမြည့်နိုင်တဲ့ အမှိုက်ပုံးထဲ သွားပစ်မိလို့လေ။ ကျွန်တော်က ရာဇဝတ်ကောင်ကြီးပဲ ဟားဟား"

ကွင်းပြင်ထဲမှာရှိနေတဲ့ တခြားအကျဉ်းသားတွေက ရယ်မောကြပြီး အဲဒီ လူသစ် ကို ထောင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။

ဒီနေရာမှာ စိတ်ဆင်းရဲစရာ ဒါမှမဟုတ် မသက်မသာဖြစ်စရာ ခံစားချက်မျိုး လုံးဝရှိမနေဘဲ ဒါဟာ ထောင်တစ်ခုတောင် မဟုတ်တော့သလိုပါပဲ။ ပိုကြီးမားတဲ့ မြို့ကြီးတစ်မြို့ထဲက ရွာငယ်ဇနပုဒ်လေးတစ်ခုနဲ့ ပိုတူနေတယ်။

မိုက်ကယ် ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ စလစ်ဇီနဲ့ ကျန်တဲ့ လူမိုက်ဓားပြအုပ်စုတွေအတွက်တော့ ဒါဟာ အတော်လေးကို ထူးဆန်းအံ့ဩစရာ မြင်ကွင်းတစ်ခု ဖြစ်နေတယ်။

သူတို့ ရီနေးတား မော်တော်ကားတစ်စီးကို လုယက်ဖို့ ကြိုးစားရင်း အဖမ်းခံရတုန်းက သူတို့ဘဝတော့ လုံးဝဇာတ်သိမ်းသွားပြီလို့ ထင်ထားခဲ့ကြတယ်။ တကယ်တော့ စလစ်ဇီက သူ သတိလစ်သွားတဲ့အချိန်တုန်းက သေသွားပြီလို့တောင် မှတ်ယူထားခဲ့တာ။

ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူတို့ကို မိုက်ကယ်က အသက်ချမ်းသာပေးခဲ့ပြီး ဒီနေရာကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်။

ပထမတော့ စလစ်ဇီနဲ့ ကျန်တဲ့ ဓားပြတွေဟာ တစ်ယောက်နဲ့တစ်ယောက် အနီးကပ် စုစုစည်းစည်း နေခဲ့ကြတယ်။ သူတို့ ထောင်ထဲရောက်နေတာကို သိပေမယ့် ဘယ်နေရာလဲဆိုတာတော့ မသိကြဘူး။

ပြီးတော့ သူတို့က လူသစ်တွေဖြစ်တာကြောင့် ထောင်ဟောင်းကြီးတွေရဲ့ နှိပ်စက်အနိုင်ကျင့်တာကို ခံရဖို့ ရာခိုင်နှုန်း တော်တော်များတယ်ဆိုတာကိုလည်း သိထားကြတယ်။

ဒါပေမဲ့ သူတို့ရောက်တဲ့ ပထမဆုံးနေ့မှာတင် ထောင်သားဟောင်းတွေက သူတို့ဆီ ပြုံးပြုံးရွှင်ရွှင်နဲ့ ချဉ်းကပ်လာပြီး ဒီထောင်တစ်ခုလုံးရဲ့ အနေအထား အလုပ်အကိုင်တွေကို လိုက်လံပြသပေးခဲ့ကြတယ်။

ထောင်သားတွေက သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်လို့ ခံစားရစေတယ်။

စလစ်ဇီကတော့ သူတို့ ဒီထောင်ထဲမှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် လုံးပန်းတိုက်ခိုက်ကြရလိမ့်မယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘယ်တိုက်ပွဲမှ ရှိမနေတဲ့အပြင် လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေ သဟဇာတဖြစ်နေကြတယ်။

ဒါတင်မကသေးဘဲ အကျဉ်းသားတွေနဲ့ အစောင့်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ရှိနေကြသေးတယ်။

ဓားပြတွေဖြစ်တဲ့အတွက် သူတို့ အကျဉ်းချခံရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သူတို့ ရောက်ဖူးသမျှ ထောင်တိုင်းမှာ အစောင့်အများစုက ဖမ်းဆီးခံထားရသူတွေကို ညှဉ်းပန်းနှိပ်စက်လေ့ ရှိကြတယ်။ အဓိကကတော့ အကျဉ်းသားတွေက အခွင့်အရေးရရင် ရသလို ထောင်နံရံတွေကို ဖောက်ဖျက်ပြီး ထွက်ပြေးဖို့ ကြိုးစားကြမှာမို့လို့ပဲ။

တခြားထောင်တွေမှာက တစ်ယောက်ကိုတစ်ယောက် ရက်ရက်စက်စက် အနိုင်ယူရတဲ့ ကမ္ဘာကြီးပေါ့။ ဒါပေမဲ့ ဒီမှာတော့ မဟုတ်ဘူး။ ဒီနေရာက လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေတယ်။

"ဒါ ဘယ်လို နေရာကြီးလဲဗျာ" လို့ စလစ်ဇီက သူတို့ကို မေးလိုက်တယ်။

"ဒါက ရီနေးတား အကျဉ်းထောင်လေ။ လာ... ငါ မင်းတို့ကို လိုက်ပြမယ်..."

ထောင်သားဟောင်းကြီးတွေက စလစ်ဇီနဲ့ ဓားပြတွေကို သူတို့ရဲ့ အိပ်ဆောင်တွေဆီ လိုက်လံပို့ဆောင်ပေးတယ်။ အဲဒီနေရာမှာ သူတို့တစ်ယောက်ချင်းစီအတွက် သီးသန့် အခန်းတစ်ခန်းစီ ပေးထားပြီး သက်တောင့်သက်သာ အိပ်စက်နိုင်ဖို့ အခန်းထဲကို အေးစိမ့်တဲ့ လေတွေလည်း မှုတ်ထုတ်ပေးထားတယ်။

"ဆောင်းရာသီကြီးလား။ ငါတို့ တောင်ပေါ် ရောက်နေတာလား"

"ပြီးတော့ အဲဒီ မီးလုံးက ဘာလို့ တဖျတ်ဖျတ် မဖြစ်နေတာလဲ။ အဲဒါက ဆီမီးခွက် မဟုတ်ရင် ဘာနဲ့ လုပ်ထားတာလဲ"

ဓားပြတွေဟာ ရီနေးတားရဲ့ နည်းပညာအသစ်အဆန်းတွေကို ကြည့်ပြီး လုံးဝကို မှင်တက်အံ့အားသင့်နေကြတယ်။ ဒါပေမဲ့ ထောင်ထဲမှာ ရှိသမျှ အရာအားလုံးကို အသေးစိတ် လိုက်လံရှင်းပြပေးတဲ့ ကူညီတတ်တဲ့ ထောင်သားဟောင်းကြီးတွေကြောင့် စလစ်ဇီနဲ့ ဓားပြတွေဟာ ရက်တွေကုန်လွန်သွားတာနဲ့အမျှ အရာအားလုံးနဲ့ ရေပန်းစား ရင်းနှီးလာကြတယ်။

နောက်ရက်အနည်းငယ်အတွင်းမှာ စလစ်ဇီနဲ့ ဓားပြတွေဟာ ထောင်သားဟောင်းကြီးတွေရဲ့ ဖိတ်ခေါ်မှုကြောင့် ထောင်ထဲက လှုပ်ရှားမှု အားလုံးမှာ ပါဝင်ခွင့်ရခဲ့ကြတယ်။

သူတို့ ဘေ့စ်ဘော ကစားကြတယ်။ အနုပညာ အတန်းတွေ တက်ကြတယ်။ ပြီးတော့ ရီနေးတားနိုင်ငံတော်တစ်ခုလုံးကို လှည့်လည်ကြည့်ရှုခွင့်ရတဲ့ အခွင့်အရေးတောင် ရခဲ့ကြသေးတယ်။

ဒီဓားပြတွေအတွက် ကမ္ဘာသစ်ကြီးတစ်ခု ပွင့်လင်းသွားခဲ့တယ်လို့ ပြောရင် လွန်အကျူးကြီး မဟုတ်ပါဘူး။

သူတို့ကတော့ အရင်တုန်းက ဆီမီးခွက်တွေနဲ့ မှိုတက်နေတဲ့ ပေါင်မုန့်တွေပဲ ရှိတဲ့ မှောင်မိုက်တဲ့ ဂူတွေထဲမှာ နေထိုင်ခဲ့ကြရတယ်။ ဒါပေမဲ့ သူတို့ ကန္တာရထဲက သုခဘုံ လို့ ခေါ်တဲ့ ဒီနေရာမှာတော့ သူတို့ဟာ နိမ့်ကျတဲ့ ထောင်သားတွေ ဖြစ်နေပေမယ့်လည်း သူတို့ အလိုချင်ဆုံး အရာအားလုံးကို ပေးထားတယ်။

ထောင်ရဲ့ ထမင်းစားဆောင်က အစားအသောက်တွေဟာ သူတို့ဘဝသက်တမ်းတစ်လျှောက်မှာ အကောင်းဆုံးနဲ့ အဝဆုံး စားခဲ့ရတဲ့ အစားအစာတွေပဲ ဖြစ်တယ်။ ရေက ဒီလောက်အထိ အရသာရှိနိုင်လိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးဖူးခဲ့ကြဘူး။

ထောင်ထဲမှာ ပီဇာတနင်္လာနေ့ ရောက်လို့ ပီဇာကို ပထမဆုံး ကိုက်လိုက်ရတဲ့ အရသာကို စလစ်ဇီ အမြဲတမ်း မှတ်မိနေမှာပါ။

တကယ့် ရာဇဝတ်ကောင်တွေ မဟုတ်ကြဘဲနဲ့ လူတွေ ဘာကြောင့် ဒီထောင်ထဲကို သူတို့အလိုအလျောက် လာရောက်အဖမ်းခံနေကြလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။

ဒါပေမဲ့ စလစ်ဇီကတော့ သူက တခြားလူတွေနဲ့ မတူဘူးဆိုတာကို သူ့ကိုယ်သူ အမြဲတမ်း သတိပေးနေမိတယ်။ ဒီမှာရှိတဲ့ အကျဉ်းသားအများစုနဲ့မတူဘဲ သူက ဓားပြတစ်ယောက် ဖြစ်ခဲ့တုန်းက လူ့အသက်ပေါင်းများစွာကို နှုတ်ယူခဲ့ဖူးသူ ဖြစ်နေလို့ပဲ။

ဒီအသိက သူ့စိတ်ကို လေးလံစေပြီး တခြားထောင်သားတွေနဲ့ ဘေ့စ်ဘောဆော့တဲ့အချိန်တွေ၊ ဘုတ်ဂိမ်းကစားတဲ့ ညနေခင်းတွေမှာ သူ့ကို ပိုပြီး တိတ်ဆိတ်ငြိမ်သက်သွားစေပါတယ်။

ဒါကို ထောင်သားဟောင်းကြီးတွေထဲက တစ်ယောက်က တစ်နည်းနည်းနဲ့ သတိထားမိသွားခဲ့တယ်။

"မင်း ဘယ်လို ခံစားနေရလဲဆိုတာ ငါ သိပါတယ်" လို့ ထောင်သားဟောင်းကြီးက စလစ်ဇီကို ပြောလိုက်တယ်။

"ငါ ဒီကို ဘယ်လို ရောက်လာလဲ မင်းသိလား။ ငါက ရီနေးတာနိုင်ငံသားတစ်ယောက် ဝတ်ထားတဲ့ တန်ဖိုးကြီး ပိုးထည်အင်္ကျီတွေကို မြင်ပြီး သူ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ငါ ရီနေးတားနိုင်ငံတော်အကြောင်း သိပေမယ့် ဂရုမစိုက်ခဲ့ဘူး။ ငါ အရင်ကလည်း လူသတ်ဖူးတာပဲ၊ ဒါကြောင့် ထပ်သတ်နိုင်တယ်။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ငါ့ကို ရီနေးတာနိုင်ငံသားတွေက တားဆီးနိုင်ခဲ့တယ်။ သူတို့ ငါ့ကို ဒီထောင်ထဲ ထည့်လိုက်ပြီး ငါ အဲဒီလောက် တန်ဖိုးကြီးတယ်လို့ ထင်ခဲ့တဲ့ ပိုးထည်အင်္ကျီတွေက ဒီနိုင်ငံမှာ အလကား ပေးနေတာဆိုတာကို ငါ့ကို သိစေခဲ့တယ်။ အလကားနော် အလကား။ အဲဒါကြောင့် ကန္တာရထဲက သုခဘုံမှာ ရှင်သန်ရတာ ဘယ်လောက် ကောင်းလဲဆိုတယ်။

အခုတော့ ငါ့ရဲ့ အပြစ်တွေကို နောင်တရပြီး လျော်ကြေးပေးဖို့ ကြိုးစားနေတာ။ အားလုံးကိုပေါ့။ ဘယ်နှစ်နှစ်ပဲ ကြာပါစေ၊ ငါ့ရဲ့ ပြစ်ဒဏ်ကာလကို ကုန်ဆုံးအောင် ဖြတ်သန်းမယ်။ ပြီးရင် တစ်နေ့ကျရင်တော့ ဒီထောင်ထဲကနေ လွတ်လပ်တဲ့ လူတစ်ယောက်အနေနဲ့ လမ်းလျှောက် ထွက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တာပဲ။

ရိုးရိုး လွတ်လပ်တဲ့လူတင် မဟုတ်ဘူး၊ ရီနေးတားနိင်ငံသားတစ်ယောက် အနေနဲ့ပေါ့"

စလစ်ဇီက အဲဒီထောင်သားဟောင်းကြီးကို သေချာ စိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ လည်ပင်းဘေးနားက တက်တူးကို သတိထားမိသွားတယ်။ သူ သူ့ကို မှတ်မိသွားပြီ။

သူက ကွင်းစ်နယ်မြေမှာ နာမည်ကြီးလှတဲ့ ဓားပြကြီးတစ်ယောက် ဖြစ်ပြီး လူမိုက်ဓားပြအုပ်စုရဲ့ ခေါင်းဆောင်နဲ့တောင် ယှဉ်နိုင်တဲ့သူ ဖြစ်နေတယ်။

လူတွေကတော့ ဒီလို ဂန္ထဝင်မြောက်တဲ့ ပုဂ္ဂိုလ်ကြီး သေဆုံးသွားပြီ ဒါမှမဟုတ် အနားယူသွားပြီလို့ ထင်နေကြတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူက ဒီအချိန်ပတ်လုံး ရီနေးတားနိုင်ငံတော်ထဲမှာ ရှိနေခဲ့တာပဲ။

"မင်းအတွက်လည်း မနောက်ကျသေးပါဘူး သူငယ်ချင်းရာ" လို့ ထောင်သားဟောင်းကြီးက စလစ်ဇီကို တစ်ယောက်တည်း ထားခဲ့ရင်း ပြောသွားတယ်။

ဒီအရာကို သဘောပေါက်သွားတဲ့အခါမှာတော့ နွေးထွေးတဲ့ ခံစားမှုတစ်ခုက သူ့ရဲ့ ရင်ထဲကို လွှမ်းမိုး စီးဆင်းသွားခဲ့တယ်။

အဆိုးဝါးဆုံး အယုတ်မာဆုံး ရာဇဝတ်ကောင်ကြီးတွေတောင် ပြောင်းလဲနိုင်သေးရင် သူလည်းပဲ ပြောင်းလဲနိုင်မှာ ဖြစ်မှာပါပဲ။

* * * * * * * *

All Chapters