အခန်း (၃၀၅-၃၀၆)
Vol. 26 Ch. 305-306
အခန်း(၃၀၅)
မိုက်ကယ်က သူ့ရဲ့အရိပ်တွေထဲကို ကိုယ်ယောင်ဖျောက် ဝင်ရောက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ရီနေးတားနိုင်ငံဆီ တိုက်ရိုက် တယ်လီပို့လုပ်ပြီး ပြန်ရောက်လာတယ်။ သူက နိုင်ငံရဲ့ အနောက်မြောက်ဘက်၊ ကုလားအုတ်လူသား ရဲစခန်းရဲ့ ဘေးတင်မှာရှိတဲ့ ရီနေးတား အကျဉ်းထောင်ဆီကို တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တယ်။
သူ အဆောက်အအုံထဲ ဝင်သွားတော့ စားပွဲတွေမှာ ထိုင်ပြီး စာရွက်စာတမ်းတွေကို ကွန်ပျူတာရိုက်နေကြတဲ့၊ အများစုက ကုလားအုတ်လူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေ ဖြစ်ကြတဲ့ ရီနေးတားရဲဝန်ထမ်းတွေကို တွေ့လိုက်ရတယ်။ မိုက်ကယ် တံခါးထဲ ဝင်လာတာနဲ့ သူတို့အားလုံးက မျက်နှာမှာ အပြုံးတွေနဲ့ အလေးပြုပြီး နှုတ်ဆက်ကြတယ်။
"တွေ့ရတာ ဝမ်းသာပါတယ် သခင်"
လက်ထိတ်ခတ်ခံထားရတဲ့ အကျဉ်းသားတွေထဲက တစ်ယောက်ဆိုရင်တောင် မိုက်ကယ်ကို မျက်နှာတစ်ခုလုံး ပြုံးဖြန်းနေအောင် နှုတ်ဆက်ရှာတယ်။
"ဝိုး... သခင်ကြီး မိုက်ကယ်နဲ့ အပြင်မှာ တကယ် တွေ့ရပြီပေါ့ဗျာ"
ဒါက မိုက်ကယ်ကို ဇဝေဇဝါ ဖြစ်သွားစေတယ်။ 'ဟမ်... သူက ဘာဖြစ်နေတာလဲ'
"သူက ကိုယ့်သဘောနဲ့ကိုယ် လာအဖမ်းခံတဲ့ အကျဉ်းသားလေ သခင်၊ ရောဂါလိုမျိုးကို ပျံ့နှံ့နေတယ် ဒါပေမဲ့ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး သူတို့က ကျွန်တော်တို့ ထောင်ထဲ ဝင်ရတာကို သိပ်သဘောကျနေကြတာ" လို့ ကုလားအုတ်လူသား အစောင့်တစ်ယောက်က ပြောပြတယ်။
သူတို့အားလုံး အဲဒီအကျဉ်းသားကို ပြန်ကြည့်လိုက်တော့ အကျဉ်းသားက ပခုံးပဲ တွန့်ပြလိုက်ပြီး "ကျွန်တော်လည်း ဘာတတ်နိုင်မှာလဲဗျာ ဒီမှာနေရတာ ကျွန်တော့်ရဲ့ ရွာဟောင်းထက် အဆပေါင်းများစွာ ပိုသက်တောင့်သက်သာ ရှိတာကို" တဲ့။
သာမန် အရပ်သားတွေက ဘာဖြစ်လို့ ထောင်ထဲကို တမင်တကာ အဖမ်းခံပြီး ဝင်လာကြသလဲဆိုတာကို အစောင့်တွေက မိုက်ကယ်ကို ဆက်ပြောပြကြတယ်။ သူတို့က များသောအားဖြင့် ရီနေးတားနိုင်ငံရဲ့ ကုန်ကျစရိတ်ကြီးကြီးမားမားတွေကို မတတ်နိုင်ပေမဲ့ ဒီနိုင်ငံမှာ အကြာကြီး နေချင်ကြတဲ့ လူတွေ ဖြစ်နေလို့ပဲ။
အမှန်အတိုင်းပြောရရင် မိုက်ကယ် တော်တော်လေး အံ့ဩသွားမိတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်ကို သူ နားမလည်တာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ကလည်း ရီနေးတား အကျဉ်းထောင်ကို ရာဇဝတ်ကောင်တွေ နောင်တရပြီး အပြစ်ပေးခံရတဲ့အချိန်မှာ သက်တောင့်သက်သာနဲ့ စိတ်အပန်းပြေစေမယ့် ပုံစံမျိုး ဖြစ်အောင် ဒီဇိုင်းဆွဲထားခဲ့တာကိုး။ ဒါပေမဲ့ လူတွေက ထောင်ထဲဝင်ချင်ရုံသက်သက်နဲ့ ပြစ်မှုသေးသေးလေးတွေကို တမင်တကာ ကျူးလွန်ကြလိမ့်မယ်လို့တော့ သူ လုံးဝ မထင်ထားခဲ့ဘူး။
'နောက်ဆိုရင် လူတိုင်း နေနိုင်မယ့် ဈေးနှုန်းချိုသာတဲ့ အိမ်ရာတွေကို ငါ ဒီဇိုင်းဆွဲပေးရမယ်... ငါတို့ဆီမှာ အရင်းအမြစ် ဘတ်ဂျက်သာ လုံလောက်မယ်ဆိုရင် လူတိုင်းအတွက် အိမ်ရာတွေ အကုန် ဆောက်ပေးလို့ ရမှာပဲ'
သတ္တုရိုင်းတွေနဲ့ တွင်းထွက်ပစ္စည်းတွေက အကန့်အသတ် သိပ်ရှိလွန်းတဲ့ အရင်းအမြစ်တွေ ဖြစ်နေတာက စိတ်ပျက်စရာပဲပေါ့။
မိုက်ကယ်က ဒီပြဿနာကို လောလောဆယ် ဘေးဖယ်ထားပြီး တခြားအရာတွေကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ရဲချုပ် ရှိလား" လို့ သူက ကုလားအုတ်လူသားကို မေးလိုက်တယ်။
"ရှိပါတယ် ဆရာကြီး သူ ကင်းလှည့်လို့ ပြီးတာနဲ့ သူ့ရုံးခန်းထဲမှာ ရှိနေတယ်"
မိုက်ကယ်က စခန်းရဲ့ မြေပုံအတိုင်း လျှောက်လာပြီး အကျဉ်းထောင်ရဲ့ ဒုတိယထပ်၊ ထောင့်စွန်းမှာရှိတဲ့ ရုံးခန်းအကျယ်ကြီးတစ်ခုကို တွေ့လိုက်တယ်။ သူက တံခါးကို ခေါက်ပြီး အထဲ ဝင်သွားလိုက်တယ်။
အထဲမှာတော့ စာရွက်စာတမ်းတွေ ပြည့်နှက်နေတဲ့ စားပွဲတွေ၊ စင်တွေနဲ့ သာမန် ရုံးခန်းတစ်ခုကို တွေ့ရတယ်။ ဒါပေမဲ့ ရုံးခန်းရဲ့ နောက်ကွယ်က နံရံကတော့ သစ်သား ဒါမှမဟုတ် ကွန်ကရစ်နဲ့ လုပ်ထားတာ မဟုတ်ဘဲ မှန်ချပ်ကြီးတွေနဲ့ လုပ်ထားတာ ဖြစ်နေတယ်။
ဒီမှန်ချပ်ကြီးတွေကနေတစ်ဆင့် အကျဉ်းထောင်ရဲ့ ဝင်း ထဲကို လှမ်းမြင်နေရပြီး အကျဉ်းသားတွေရဲ့ အဆောင်တွေအားလုံးနဲ့ အကျဉ်းသားတွေ ပြင်ပလှုပ်ရှားမှုတွေ လုပ်နေကြတဲ့ ကွင်းပြင်ကျယ်ကြီးကိုပါ အထင်းသား မြင်နေရတယ်။ အခုအချိန်မှာတော့ သူတို့ထဲက အများစုက တုတ်တွေ မသုံးဘဲ သူတို့လက်တွေကိုပဲ ရိုက်တံအဖြစ် သုံးပြီး ဘေ့စ်ဘော ကစားနည်း အသေးစားလေးကို ဆော့နေကြတယ်။
"သခင် ကြိုဆိုပါတယ်"
ကုလားအုတ်လူသား ရဲချုပ်က မိုက်ကယ်ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး "ကျွန်တော် ဘာကူညီပေးရမလဲ ဆရာကြီး နီယိုအော်ကပ်စ် ဆီကို ကုလားအုတ်လူသား ရဲအင်အား ထပ်လွှတ်ပေးရမလား" လို့ မေးတယ်။
မိုက်ကယ်က ခေါင်းခါလိုက်ပြီး "ဒီတစ်ခေါက်တော့ မလိုပါဘူး ငါ ဒီက အကျဉ်းသားတစ်ယောက်နဲ့ ခဏလောက် စကားပြောချင်လို့ပါ သူ့နာမည်က စလစ်ဇီ တဲ့"
ကုလားအုတ်လူသားက သဘောပေါက်တဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်ပြီး "အော်... ဟုတ်ပြီ သခင် ကိုယ်တိုင် ဖမ်းခေါ်လာပေးတဲ့ လူပဲနော် ဟိုမှာလေ... ထောင့်နားမှာ တစ်ယောက်တည်း ထိုင်နေတယ်"
သူက မှန်နံရံရဲ့ ဒေါင့်တစ်နေရာမှာ တစ်ယောက်တည်း ဒူးတုပ်ပြီး ထိုင်နေတဲ့ လူတစ်ယောက်ဆီကို ညွှန်ပြလိုက်တယ်။
"ကျေးဇူးပဲ" လို့ မိုက်ကယ်က ပြောလိုက်ပြီး မှန်ပြတင်းချပ်တွေရဲ့ ကြားက အပေါက်လေးတွေကနေတစ်ဆင့် သူ့ရဲ့အရိပ်တွေကို သုံးပြီး အကျဉ်းထောင်ဝင်းထဲကို တယ်လီပို့လုပ်ကာ ဝင်သွားလိုက်တယ်။
မိုက်ကယ်က ထောင်ဝင်းရဲ့ အလယ်တည့်တည့်မှာ ပေါ်လာတယ်။ အကျဉ်းသားတွေကတော့ အုပ်စုလိုက် လှုပ်ရှားမှုတွေ လုပ်ရင်း အလုပ်ရှုပ်နေကြပြီး အများစုကလည်း အားတက်သရော ပါဝင်နေကြတယ်။
အဲဒီအချိန်မှာပဲ သူ့ရဲ့အရိပ်ထဲကနေ ခရမ်းရောင် စလိုင်းမ် လေးတစ်ကောင်က ရုတ်တရက် ဘွားခနဲ ထွက်လာပြီး သူ့ခေါင်းပေါ်ကို လာနားတယ်။
"မစိုးရိမ်ပါနဲ့ သခင်ကြီး အဲဒီ စလစ်ဇီ ဆိုတဲ့ လူဆိုးကောင်ရန်ကနေ သခင်ကြီးကို ကာကွယ်ပေးဖို့ ကျွန်တော်မျိုး ဖတ်ချ် ရှိပါတယ်"
ဖတ်ချ် ရဲ့ ကူညီချင်စိတ်ကို မိုက်ကယ်က သဘောကျမိတယ်။ ဒါက သူစိမ်းတစ်ယောက်ကို မြင်လို့ ဟောင်နေတဲ့ ခွေးကလေးတစ်ကောင်ကို ကြည့်နေရသလိုပဲ။ အမှန်တော့ မလိုအပ်ပေမဲ့ သူ့အပေါ် ဒီလောက် ကာကွယ်ချင်စိတ် ရှိနေတာကို မြင်ရတာ တစ်မျိုးလေးတော့ ကြည်နူးဖို့ကောင်းသား။
သူတို့နှစ်ယောက်လုံး စလစ်ဇီ ဆီကို လျှောက်သွားလိုက်တော့ စလစ်ဇီ က တစ်စုံတစ်ယောက်ရဲ့ တည်ရှိမှုကို သတိထားမိသွားပြီး သူ့ခေါင်းကို ချက်ချင်း အပေါ် မော့ကြည့်လာတယ်။
"မင်းက... မိုက်ကယ် ပဲ... ရီနေးတား ရဲ့ ပိုင်ရှင်ပေါ့" လို့ စလစ်ဇီ က တိုးတိုးလေး ရေရွတ်လိုက်တယ်။ နိုင်ငံအနှံ့မှာ ကပ်ထားတဲ့ မိုက်ကယ်ရဲ့ မျက်နှာဓာတ်ပုံ ပိုစတာတွေကြောင့် သူ မှတ်မိနေတယ်။ အဲဒါက သူ ထောင်အပြင်ဘက်ကို လေ့လာခွင့်ရတုန်းက ပထမဆုံး မြင်ခဲ့ရတဲ့ အရာပဲလေ။
"ဟုတ်တယ် ငါက မိုက်ကယ် ပါ ပြီးတော့ မင်းက လူယုတ်မာဓါးပြဂိုဏ်း က စလစ်ဇီ ပေါ့" လို့ မိုက်ကယ်က ပြန်ပြောလိုက်တယ်။
အဲဒီအချိန်မှာပဲ ဖတ်ချ် က မိုက်ကယ်ရဲ့ ခေါင်းပေါ်ကနေ လွှားခနဲ ခုန်ဆင်းလိုက်ပြီး စလစ်ဇီ ရဲ့ ရှေ့တည့်တည့်မှာ သွားရပ်လိုက်တယ်။
"နားထောင်စမ်း မင်း... လူယုတ်မာဓါးပြဂိုဏ်း အကြောင်း သိသမျှ အကုန် အခုချက်ချင်း ပြောပြရင် ပိုကောင်းမယ်"
ဖတ်ချ် က စလစ်ဇီ ကို ခြိမ်းခြောက်လို့တောင် မဆုံးသေးဘူး၊ အဲဒီလူက ကုလားထိုင် ခေါက်ချလိုက်သလိုမျိုး အလွယ်တကူပဲ လက်နက်ချလိုက်ပြီ ဖြစ်နေတယ်။ သူ့ကို စကားပြောလာအောင် ခြိမ်းခြောက်တဲ့ အမြင်မှားမန္တန်တွေတောင် သုံးဖို့ မလိုလိုက်ဘူး။
မိုက်ကယ်တောင် အံ့ဩသွားရတယ်။ စလစ်ဇီ ဆီကနေ အငြိုးအတေးတွေ၊ ရန်လိုမှုတွေ အများကြီး ကြုံရလိမ့်မယ်လို့ သူ မျှော်လင့်ထားခဲ့တာလေ၊ အထူးသဖြင့် သူ့ကို ဒီထောင်ထဲ ရောက်အောင် ပို့ခဲ့တဲ့လူက သူကိုယ်တိုင် ဖြစ်နေတာကိုး။ ပြီးတော့ အဲဒီလူက မိမိရဲ့ ဂိုဏ်းအကြောင်းကို ဒီလောက် မြန်မြန်ဆန်ဆန် အမှန်အတိုင်း ပြောပြဖို့ အသင့်ဖြစ်နေလိမ့်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ဘူး။
ဘားကပ်စ် ရဲ့ ပြောပြချက်အရ စလစ်ဇီ က လူယုတ်မာဓားပြဂိုဏ်း အပေါ် သစ္စာရှိပြီး ခေါင်းမာတဲ့နေရာမှာ နာမည်ကြီးတယ်။ သူ့ကို ဖမ်းဆီးခဲ့ဖူးတဲ့ ထောင်တွေအားလုံးမှာ ဘယ်သူမှ သူ့ဆီကနေ ဂိုဏ်းရဲ့ ပုန်းခိုရာနေရာ အမှန်ကို မဟစမ်းနိုင်ခဲ့ကြဘူး။
ဒါပေမဲ့ သူ့ကို စကားပြောပြီး တစ်စက္ကန့်အကြာမှာတင် စလစ်ဇီ က အမှန်တရားအားလုံးကို ပြောပြဖို့ အသင့်ဖြစ်နေပြီလေ။
"လူယုတ်မာဓားပြဂိုဏ်း ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ မင်းသိသင့်တာတွေ အကုန်လုံး ငါ ပြောပြမယ်" လို့ စလစ်ဇီ က မိုက်ကယ်ကို ပြောတယ်။
ဒါက ပိုလို့တောင် အံ့ဩဖို့ကောင်းနေသေးတယ်။ သူက နတ်သူငယ်တွေ အကြောင်း အချက်အလက် အနည်းငယ်ပဲ သိချင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ဗုံးတစ်လုံးရဲ့ စနက်တံကိုပါ လက်ထဲ ရလိုက်သလို ဖြစ်သွားတယ်။
"မင်း ဘာလို့ ဒီလို လုပ်ရတာလဲ" လို့ မိုက်ကယ်က တကယ်ကို သိချင်စိတ်နဲ့ မေးလိုက်တယ်။
အဲဒီအခါမှာ စလစ်ဇီ က မိုက်ကယ်ရဲ့ နောက်ကွယ်က ထောင်ဝင်းဆီကို လက်ညှိုးထိုးပြတယ်။ ဟိုမှာတော့ လူယုတ်မာဓားပြဂိုဏ်း ရဲ့ အဖွဲ့ဝင်အချို့က တခြားအကျဉ်းသားတွေနဲ့အတူ ပျော်ပျော်ပါးပါး ဘေ့စ်ဘော ကစားနေကြတယ်။
"ဒီလို ကောင်းကင်ဘုံလို နေရာမျိုး ရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး" လို့ စလစ်ဇီ က တိုးတိုးလေး ရေရွတ်တယ်။
"ရီနေးတားကုမ္ပဏီ အကြောင်း ငါ စကြားတုန်းက မင်းတို့က ပိုက်ဆံနဲ့ အမြတ်အစွန်းတွေကိုပဲ ကြည့်တဲ့ အဖွဲ့တွေထဲက တစ်ခုပဲလို့ ငါ ထင်ခဲ့တာ။ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ အဆင့် ၄၅၀ ကို ဒီလောက် မြန်မြန်ဆန်ဆန် ရောက်သွားပုံအရလည်း အဲဒီနည်းလမ်းတစ်ခုတည်းနဲ့ပဲ အောင်မြင်ခဲ့တာလို့ ငါ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒီထောင်ထဲမှာ ငါ မြင်တွေ့ရတဲ့အရာတွေ၊ ပြီးတော့ အကျဉ်းသားတစ်ယောက်အနေနဲ့ ငါ ရရှိခံစားနေရတဲ့ အရာတွေက ငါ့ရဲ့ ကမ္ဘာကြီးအပေါ် မြင်တဲ့ အမြင်တွေကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီ။ ဒီက လူတွေက ပြစ်မှုတွေ မကျူးလွန်ကြတော့ဘူး။ သူတို့တွေ မခိုးကြဘူး၊ မလုယက်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာက သူတို့ ဘဝမှာ လိုချင်သမျှ အရာအားလုံးကို ပေးထားလို့ပဲ။
ဒီက လူတွေ အလကား ရနေတဲ့ အရာတွေက ငါတို့တွေ အသက်နဲ့လဲပြီး လုယူခဲ့ရတဲ့ အရာတွေ ဖြစ်နေတယ်။ ဒီနေရာက ငါ့ကို နားလည်စေခဲ့တာက... အောက်တန်းကျတဲ့ ရာဇဝတ်ကောင်တွေအတွက်တောင် ပိုကောင်းတဲ့ နေရာတစ်ခု ရှိနေနိုင်သေးတယ်ဆိုတာပဲ။ ငါတို့က ဘယ်သူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သာမန်လူတွေလို ရှင်သန်နိုင်မယ့် နေရာမျိုး ရှိနေတယ်ဆိုတာပဲ။ ငါသာ ဒီမှာ မွေးခဲ့ရင်... တစ်ခါတလေ... ငါ အခုလို အမှားမျိုးတွေ လုပ်ခဲ့မှာ မဟုတ်ဘူး"
ပြီးတော့ စလစ်ဇီ က မိုက်ကယ်ကို မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ မော့ကြည့်လိုက်ပြီး "ဒါကြောင့် ကျေးဇူးပြုပြီး လူယုတ်မာဓားပြဂိုဏ်း ကို ဖျက်ဆီးပေးပါ။ ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ မင်း သူတို့ကိုလည်း အသက်ချမ်းသာပေးပြီး ဒီထောင်ထဲကိုပဲ ခေါ်လာပေးဖို့ပါပဲ။ သူတို့တွေ ဟိုဂူထဲမှာ နေရတာထက် ဒီမှာ ပိုကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ခွင့်ရလိမ့်မယ်ဆိုတာ ငါ သေချာပေါက် သိတယ်။ ငါတစ်ယောက်တည်း ဒီလို စည်းစိမ်တွေ ခံစားနေလို့ မဖြစ်ဘူးလေ"
* * * * * * * *
စာစဉ်(၂၆)
အခန်း(၃၀၆)
မိုက်ကယ်ဟာ စလစ်ဇီကို စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က ရိုးသားမှုကို မြင်လိုက်ရတယ်။ ထရပ်ကားတစ်စီးကို လုဖို့အတွက် ရီနေးတားယာဉ်မောင်းတစ်ယောက်ကို သတ်ဖို့အထိ ကြံစည်ခဲ့တဲ့လူဟာ အခုတော့ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် လုံးဝနောင်တရနေတဲ့ပုံ ပေါ်နေပြီပေါ့။ ဒီရီနေးတားမြေမှာ တခြားလူစွန့်စားတွေ ပိုကောင်းတဲ့ ဘဝမျိုးနဲ့ နေထိုင်စေချင်တယ်ဆိုတဲ့ သူ့ရဲ့ တစ်ကိုယ်ရေ တောက်တီးတောက်တဲ့ စကားတွေက လူကြီးတစ်ယောက်ကိုတောင် ငိုပွဲဆင်စေနိုင်တယ်။
"ဟီး... ရွတ်.. ရွတ်.. ကြည့်ရတာ မင်းက ထင်သလောက်တော့ မဆိုးပါဘူး" လို့ ဖတ်ချ်က သူ့ရဲ့ ပုံသဏ္ဌာန်မရှိတဲ့ ခန္ဓာကိုယ်ပေါ်ကနေ ခရမ်းရောင်မျက်ရည်တွေ စီးကျရင်း ပြောလိုက်တယ်။
"ငါတို့ကို အဲဒီလူစွန့်စားအုပ်စုကြီးကို ဖြိုခွင်းခိုင်းတာ မင်းမှာ စေတနာအမှန် ရှိနေတယ်လို့ ပြောရင် ရနိုင်ပါတယ်" လို့ မိုက်ကယ်က တိုးတိုးရေရွတ်လိုက်တယ်။
"ဒါဆိုရင်တော့ မင်းသိသမျှ အကုန်လုံးကို ငါတို့ကို စပြောပြလို့ ရပြီ"
စလစ်ဇီက ခေါင်းညိတ်ပြပြီး အဲဒီလူစွန့်စားအုပ်စုရဲ့ လုပ်ကိုင်ပုံ လုပ်နည်းလုပ်ဟန်တွေကို အကုန်အစင် ဖွင့်ဟပါတော့တယ်။
ပထမဆုံးအနေနဲ့ သူတို့က ပတ်ဝန်းကျင်ကို လုံးဝ စိုးမိုးထားနိုင်တဲ့ တောအုပ်ထဲမှာပဲ အဓိက အခြေစိုက်ကြတယ်။ သူတို့နယ်မြေကို ဖြတ်သန်းသွားလာနေတဲ့ လူတွေကို အလစ်အငိုက် တိုက်ခိုက်ဖို့အတွက် ဂူတွေ၊ သစ်ပင်တွေနဲ့ မြေပြင်ကို အသုံးချကြတယ်။
သူတို့ရဲ့ လုပ်ငန်းကို လုံခြုံရေးအေဂျင်စီတစ်ခုလို ဟန်ပြပြီး တောအုပ်ထဲမှာ သွားလာဖို့အတွက် လူတွေဆီကနေ ဘေးကင်းလုံခြုံရေးကြေး တောင်းခံကြတယ်။ ဒါပေမဲ့ ဒါဟာ လိမ်လည်လှည့်ဖြားမှုတစ်ခုထက် မပိုပါဘူး။ သူတို့ရန်ကနေ ကင်းဝေးဖို့အတွက် ပေးရတဲ့ ကြေးသက်သက်သာ ဖြစ်တယ်။
ကယ်ဆယ်ရေး ဒါမှမဟုတ် ခရီးသွားတစ်ယောက်ယောက်က ပေးဖို့ ငြင်းဆန်ရင် အဲဒီအုပ်စုက လူတွေကို အတင်းအဓမ္မဖြစ်စေ၊ ပရီယာယ်နဲ့ဖြစ်စေ ခြောက်လှန့်ဖို့ လူတွေကို ချက်ချင်း စေလွှတ်လိုက်တယ်။ လူတွေက သူတို့အသက်အတွက် ကြောက်လန့်သွားတာဖြစ်ဖြစ်၊ အဲဒီ ဓါးပြတွေက ကုန်ပစ္စည်းတွေကို လုယူပြီးသွားတာဖြစ်ဖြစ် ဆိုရင်တော့ ခရီးစဉ်တစ်ခုလုံး အန္တရာယ်မရှိဘဲ တောအုပ်ထဲကနေ ထွက်ခွာခွင့်ပြုလိုက်ကြတယ်။
"မင်းက ပရီယာယ်တွေ သုံးတယ်လို့ ပြောတယ်၊ ဘယ်လိုမျိုးလဲ" မိုက်ကယ်က မေးလိုက်တယ်။
စလစ်ဇီက အနား တိုးကပ်လာတယ်။ "မင်း ယုံမလားတော့ မသိဘူး၊ ဒါပေမဲ့ နတ်သူငယ်တွေ တကယ်ရှိတာ မင်းသိလား"
မိုက်ကယ်ရဲ့ မျက်လုံးတွေ ဝိုင်းသွားတယ်။ ကြည့်ရတာ သူ့ရဲ့ ခန့်မှန်းချက်က မှန်နေတဲ့ပုံပဲ။ နတ်သူငယ်တွေက အဲဒီဓါးပြအုပ်စုနဲ့ ပတ်သက်နေတာပဲ။ သူတို့ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နေလဲ၊ ဘာကြောင့်လဲ ဆိုတာကိုတော့ သူ မသိသေးဘူး။
"ငါတို့ တောအုပ်ထဲမှာ အကြီးစိုးဆုံးအဖွဲ့အဖြစ် ရှိနေရတဲ့ အကြောင်းရင်းက သဘာဝလွန်စွမ်းအားတစ်ခုဖြစ်တဲ့ နတ်သူငယ်တွေဆီက အကူအညီ ရလို့ပဲ"
"ငါတို့ရဲ့ လုံခြုံရေးကြေးကို စိတ်ကုန်ပြီး ငါတို့ အခြေစိုက်စခန်းကို လာတိုက်ဖို့ ကြိုးစားတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေ မနည်းဘူး၊ ဒါပေမဲ့ ငါတို့မှာ လက်နက်အစုတ်အပြတ်တွေပဲ ရှိတာတောင် သူတို့ကို အမြဲတမ်း နိုင်ခဲ့တယ်"
"သူတို့က ငါတို့စခန်းကို ရှာဖို့ တောအုပ်ထဲကို ဓားထက်ထက်တွေ၊ ခိုင်ခံ့တဲ့ ဒိုင်းလွှားတွေ ကိုင်ပြီး တိုက်ပွဲအတွက် အဆင်သင့် ဝင်လာကြတာပဲ၊ ဒါပေမဲ့ တောအုပ်ရဲ့ ဝင်္ကပါထဲမှာပဲ အမြဲ လမ်းပျောက်သွားကြတယ်၊ မြေပုံတွေ ပျောက်တာ၊ လူစုကွဲတာတွေ ဖြစ်ပြီး သန်းခေါင်ယံအချိန်မှာ မြေပြင်ရဲ့ တိုက်ခိုက်မှုကိုပါ ခံရတာမျိုးတွေ ဖြစ်ကုန်ကြတယ်"
"ဒါတွေက နတ်သူငယ်တွေရဲ့ လက်ချက်ပဲ၊ တခြားလူတွေ ထင်နေကြသလို အဲဒီဓါးပြအုပ်စုရဲ့ လက်ချက် မဟုတ်ဘူး"
နတ်သူငယ်တွေနဲ့ အဲဒီဓါးပြအုပ်စုရဲ့ ဆက်နွှယ်မှုက မိုက်ကယ် ထင်ထားတာထက် ပိုပြီးတော့တောင် နီးကပ်နေတဲ့ပုံပဲ၊ တောအုပ်ကို စိုးမိုးထားနိုင်အောင် အဲဒီလူစွန့်စားတွေကို ကူညီပေးနေတာ သူတို့ ဖြစ်နေလို့ပဲ။
"သူတို့က ဘာလို့ ဓါးပြတွေကို ကူညီနေရတာလဲ၊ သူတို့နဲ့ မဟာမိတ် ဖြစ်နေလို့လား"
စလစ်ဇီက ခေါင်းခါပြတယ်။
"ဒါမျိုး မဟုတ်ပါဘူး၊ အဲဒီဓါးပြအုပ်စုနဲ့ နတ်သူငယ်တွေက ဘယ်လိုမှ သူငယ်ချင်းတွေ မဟုတ်ကြဘူး၊ အမှန်အတိုင်းပြောရရင် ငါကိုယ်တိုင်တောင် လင်းလက်နေတဲ့ သူတို့ရဲ့ ခန္ဓာကိုယ်သေးသေးလေးတွေကို တစ်ခါတလေပဲ ဖြတ်ခနဲ မြင်ဖူးတာ၊ ပြီးတော့ အောက်ခြေဓါးပြတွေဆိုရင် သူတို့ ရှိနေမှန်းတောင် သိမှာ မဟုတ်ဘူး"
"နတ်သူငယ်တွေနဲ့ အဲဒီဓါးပြတွေက အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေး ရှိနေရုံသက်သက်ပဲ"
"ဓါးပြအုပ်စုက ကာကွယ်ရေးအတွက် နတ်သူငယ်တွေကို အသုံးချပြီး၊ နတ်သူငယ်တွေကတော့ အသက်ဆက်ရှင်ဖို့... အစားအစာအတွက် အဲဒီဓါးပြအုပ်စုကို အသုံးချတာ"
ဖတ်ချ်က ချက်ချင်းပဲ မျက်နှာ ပျက်သွားတယ်။ "အီး... သူတို့က ဓါးပြတွေကို စားနေကြတာလား"
"မဟုတ်ဘူး၊ နတ်သူငယ်တွေက ငါတို့ လူသားတွေလို အစားအစာကို စားတာ မဟုတ်ဘူး၊ သူတို့က လုံးဝ ခြားနားတဲ့အရာတစ်ခုဖြစ်တဲ့ လူသားတွေရဲ့ ခံစားချက်ကို စားတာ၊ အတိအကျပြောရရင် သူတို့က ကြောက်ရွံ့မှုကို လိုချင်ကြတာ၊ အို... လူတွေ ကြောက်လန့်တကြား အော်ဟစ်ကြတာကို သူတို့ သိပ်သဘောကျတယ်"
နောက်ဆုံးတော့ မိုက်ကယ်အတွက် အရာအားလုံးက ရှင်းလင်းသွားပါပြီ။
"ဪ... ဒါကြောင့်ကိုး" လို့ သူက တွေးတောရင်း ပြောလိုက်တယ်။ "သူတို့က လူစွန့်စားတွေကို ခရီးသွားတွေကို ဆက်ပြီး ခြောက်လှန့်စေင်နေတာပဲ"
နတ်သူငယ်တွေက တောအုပ်ထဲ ဝင်လာတဲ့ လူစိမ်းတွေကို ဓါးပြတွေ ပေးတဲ့ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်မှု အားလုံးကို မှီဝဲနေကြတာကြောင့် အဲဒီဓါးပြအုပ်စုနဲ့ အတူရှိနေပြီး ကူညီပေးနေတာ ဖြစ်တယ်။
ဒါက လုံးဝကို အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေးပဲ။ အကယ်၍ အဲဒီဓါးပြအုပ်စုသာ အရှုံးပေးပြီး တောအုပ်ထဲကနေ မောင်းထုတ်ခံရရင် နတ်သူငယ်တွေအတွက် လူသားတွေရဲ့ ခံစားချက်ကို စိတ်ချလက်ချ ရနိုင်မယ့် အရင်းအမြစ် ရှိတော့မှာ မဟုတ်ဘူး။ ပိုပြီး တိတိကျကျ ပြောရရင် နတ်သူငယ်တွေက ဓါးပြတွေကို အသုံးချနေတာဖြစ်ပြီး ဓါးပြတွေကလည်း ထို့အတူပဲ။
"ဒါပေမဲ့ မကြာသေးခင်က နတ်သူငယ်တွေက သိပ်ပြီး လှုပ်ရှားမှု များနေတယ်လို့ ငါ ကြားတယ်၊ ဘာကြောင့်လဲဆိုတာ မင်း သိလား"
စလစ်ဇီမှာ အဖြေမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ဒီထူးဆန်းတဲ့ ဖြစ်ရပ် မဖြစ်ပွားခင် ကတည်းက သူက ဒီအကျဉ်းထောင်ထဲကို ရောက်နေခဲ့လို့ပဲ။
"ငါ အတိအကျတော့ မသိဘူး၊ ဒါပေမဲ့ နတ်သူငယ်တွေက စားစရာ မရှိရင် တကယ်ပဲ ဒေါသအကြီးအကျယ် ထွက်တတ်တာတော့ ငါ သိတယ်၊ ငါတို့ဆီမှာ သူတို့ကို ကျွေးဖို့ ကြောက်လန့်နေတဲ့ လူသားတစ်ယောက်မှ မရှိတဲ့ သိပ်ကို ခြောက်သွေ့တဲ့ လတစ်လ ရှိခဲ့ဖူးတယ်၊ အဲဒီတုန်းက သူတို့က ငါတို့ရဲ့ အိပ်ယာအားလုံးကို ကျောက်တုံးတွေအဖြစ် ပြောင်းပစ်ပြီး ငါတို့ရဲ့ ရေအားလုံးကို သဲအဖြစ် ပြောင်းပစ်ခဲ့ကြတယ်"
ဒါသာ အမှန်ဆိုရင် မိုက်ကယ်ရဲ့ ရွှေလမ်းမကြီးက နတ်သူငယ်တွေရဲ့ လူသားခံစားချက် မှီဝဲမှုအပေါ် သက်ရောက်မှု ရှိကောင်းရှိနိုင်တယ်။ အဆုံးမှာတော့ ရွှေလမ်းမကြီးနဲ့ ချိတ်ဆက်ထားတဲ့ မြို့ ဒါမှမဟုတ် အခြေစိုက်စခန်းတိုင်းမှာ ရီနေးတားက ပေးထားတဲ့ လွယ်ကူတဲ့ တက္ကစီဝန်ဆောင်မှုတွေကြောင့် အရှေ့ဘက်ကို သွားလာတဲ့လူတွေ နည်းပါးသွားခဲ့ပြီ ဖြစ်လို့ပဲ။ ခရီးသွား နည်းပါးလာတာက ကြောက်လန့်မယ့်လူ နည်းပါးလာတာကို ဆိုလိုတာပဲ။
"အဲဒီဓါးပြအုပ်စုထဲက အပြောင်းအလဲကြီးက အဲဒါနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်" စလစ်ဇီက သူ့ဘာသာ ရေရွတ်လိုက်တယ်။
"ဘာကို ဆိုလိုတာလဲ" မိုက်ကယ်က မေးလိုက်တယ်။
"မင်းတို့ရဲ့ မော်တော်ယာဉ်ကို ငါတို့ မလုခင်လေးတင် အဲဒီဓါးပြအုပ်စုက အဓိက အပြောင်းအလဲတစ်ခုကို မကြာသေးခင်ကမှ ကြုံတွေ့ခဲ့ရတာ"
"ဖလဲယားကော့ပ်က လူတွေက ငါတို့ဆီ လာပြီး မဟာမိတ်လုပ်ဖို့ ကမ်းလှမ်းခဲ့ကြတယ်၊ ပုံမှန်ဆိုရင်တော့ ငါတို့က သူတို့ရဲ့ ကြိုးပမ်းမှုကို လှောင်ပြောင်လိုက်မှာပဲ၊ ဒါပေမဲ့ ငါတို့ ငြင်းလို့မရတဲ့ ကမ်းလှမ်းမှုတစ်ခုကို ရခဲ့တယ်"
"သူတို့က ငါတို့ ဘေးကင်းလုံခြုံရေးကြေးကနေ တစ်နှစ်ကို ရနေတဲ့ ရွှေဒင်္ဂါးပြားတွေထက် နှစ်ဆပိုပေးတဲ့အပြင် သူတို့ရဲ့ လက်နက်တွေနဲ့ သံချပ်ကာတွေ အပါအဝင် ဖလဲယားကော့ပ် ထုတ်ကုန်တွေကို တစ်သက်စာ ထောက်ပံ့ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်"
"ငါတို့ လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က ဖလဲယားကော့ပ်အပေါ် သစ္စာခံဖို့နဲ့ သူတို့ရဲ့ ဘုရင်ဆီမှာ လက်အောက်ခံ ဖြစ်ဖို့ပဲ"
"ဓါးပြတော်တော်များများက ဒီအကြံဉာဏ်ကို သဘောမကျကြဘူး၊ ဒါကြောင့် ဖလဲယားကော့ပ်နဲ့ သဘောတူညီချက်က ချက်ချင်းကြီး လက်ခံမခံခဲ့ရဘူး၊ ဒါပေမဲ့ အခုတော့ အဲဒါက ပြောင်းလဲသွားလောက်ပြီ"
ဓါးပြတွေက ဖလဲယားကော့ပ်ရဲ့ လက်အောက်ခံတွေ ဖြစ်လာတာကြောင့် ရွှေဒင်္ဂါးပြား အနည်းအကျဉ်းအတွက် ခရီးသွားတွေကို ခြောက်လှန့်ရတဲ့ သူတို့ရဲ့ နေ့ရက်တွေက ပြီးဆုံးသွားတာ သံသယဖြစ်စရာ မလိုပါဘူး။
ဒါက နတ်သူငယ်တွေကို အဒေါသထွက်စေဆုံး အရာ ဖြစ်နိုင်တယ်။
"အင်း... ဒါဆိုရင် အန်ဂိုရာမြို့ရဲ့ အရှေ့ဘက်ကို တိုးချဲ့ဖို့က ငါ ထင်သလောက် မလွယ်ကူတော့ဘူးပေါ့၊ ငါက နတ်သူငယ်တွေ၊ အဲဒီဓါးပြအုပ်စု၊ ပြီးတော့ ဖလဲယားကော့ပ်တို့ အားလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရတော့မယ်"
မိုက်ကယ်က ဖလဲယားကော့ပ်နဲ့ အဲဒီဓါးပြအုပ်စုအတွက်တော့ သိပ်ပြီး စိတ်မပူပါဘူး။ သူတို့နဲ့ တိုက်ခိုက်ရရင် ဘာကို ရင်ဆိုင်ရမလဲဆိုတာ သူ သိထားလို့ပဲ။ ဒါပေမဲ့ နတ်သူငယ်တွေရဲ့ အင်အားနဲ့ ပတ်သက်ပြီးတော့ အခုထိ ဘာမှ မသိသေးဘူး။ ဘာမှမသိဘဲ သူတို့နဲ့ တိုက်ပွဲဖြစ်ရင် သူ့အတွက် လုံးဝ အခြေအနေမလှ ဖြစ်ရလိမ့်မယ်။
စလစ်ဇီက မိုက်ကယ်ကို မော့ကြည့်ပြီး သတိပေးစကား တစ်ခွန်း ပြောလိုက်တယ်။ "နတ်သူငယ်တွေကို သိပ်ပြီး စိတ်ဆိုးအောင် မလုပ်ဖို့ ငါ သတိပေးပါရစေ" လို့ သူက လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။
"ငါတို့ရဲ့ ဓါးပြခေါင်းဆောင်တောင် နတ်သူငယ်တွေကို သိပ်ပြီး ရိုရိုသေသေနဲ့ ကြောက်ကြောက်လန့်လန့် ဆက်ဆံရတဲ့ အကြောင်းရင်း ရှိတယ်၊ နောက်ဆုံးတစ်ကြိမ်က သူ စကားမနားထောင်လို့ လက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်"
"နတ်သူငယ်တွေကို ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး သစ်ပင်တွေလိုပဲ ပညာရှိတဲ့ ရှေးဟောင်းနဲ့ သိပ်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဦးဆောင်နေတာ၊ အဲဒီလူတစ်ပိုင်းသတ္တဝါက အင်အားနဲ့ တန်ခိုးပိုင်းမှာ သမုဒ္ဒရာဘုရင်၊ မိစ္ဆာဘုရင်မတို့နဲ့တောင် အဆင့်အတန်း တူညီတယ်လို့ ပြောကြတယ်"
"သူ့ကို ပစ်ဇီဘုရင်မလို့ ခေါ်ကြတယ်"
* * * * * * * *