← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 26 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 26 Ch. 307-308

အခန်း(၃၀၇)

'ပစ်ဆီဘုရင်မ ဟုတ်လား' မိုက်ကယ်က စိတ်ထဲကနေ ရေရွတ်လိုက်တယ်။ သူသာ ရှိနေရင် အရှေ့ဘက်မှာ ရွှေလမ်းမကြီး ဖောက်လုပ်မယ့် ဗိသုကာအလုပ်သမားတွေနဲ့အတူ ငါပါ လိုက်သွားရမှာပဲ။

"ကျွန်တော့်အမြင်ပြောရရင်တော့ အရင်ဆုံး အဲဒီ ဓါးပြအဖွဲ့ကို အပြတ်ရှင်းသင့်တယ်ဗျာ။ အဲဒီလူတွေက ခေါင်းမာလိုက်တာမှ အတော်ဆုံးပဲ။ ခင်ဗျားဆီမှာ လက်နက်ချရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာ သွားပြောပြရင်တောင် သူတို့က ယုံမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတစ်ပါးကို မယုံရဲတာက ကျွန်တော်တို့ သဘာဝကိုး" လို့ စလစ်ဇီက ပြောတယ်။

"ဒါဆို မင်းက ဘယ်လိုလုပ်ဖို့ အကြံပြုချင်လဲ" မိုက်ကယ်က မေးလိုက်တယ်။

"ကျွန်တော့်ကို လုပ်ခဲ့သလိုမျိုးပဲပေါ့ဗျာ။ နည်းနည်းပါးပါး ပညာပေးပြီး ခေါင်းထဲ အသိတရားဝင်အောင် လုပ်လိုက်ပါ" စလစ်ဇီက တည့်တည့်လင်းလင်းပဲ ပြန်ဖြေတယ်။

"ဒီအကျဉ်းထောင်ထဲ ရောက်လာပြီဆိုရင်တော့ သူတို့လည်း နောက်ဆုံးမှာ သဘောပေါက်သွားကြမှာပါ"

တကယ်တော့ မိုက်ကယ်က အဲဒီလူမိုက်တွေကို သူတို့ရဲ့ စခန်းကနေ ပေါ်ပေါ်ထင်ထင်ကြီး သွားရောက် ပြန်ပေးဆွဲဖမ်းခေါ်လာရမယ့် အကြံဉာဏ်ကို သိပ်ပြီး သဘောမကျလှဘူး။ ပြီးတော့ သူတို့က မိုက်ကယ်အပေါ်ဖြစ်စေ၊ ရီနေးတားနိုင်ငံတော်အပေါ်ဖြစ်စေ ဘာအမှားမှလည်း လုပ်ထားတာ မရှိသေးဘူးလေ။

စလစ်ဇီက ဒါကို ရိပ်မိသွားပုံရပြီး မိုက်ကယ်ကို စိတ်ချစေချင်တဲ့လေသံနဲ့ အာမခံလိုက်တယ်။

"မစိုးရိမ်ပါနဲ့ဗျာ။ အကယ်၍ ရီနေးတားကုမ္ပဏီကသာ အရှေ့ဘက်တောအုပ်ဆီ ချဉ်းကပ်လာပြီး သူတို့ တောင်းတဲ့ ကြေးတွေကို မပေးဘူးဆိုရင်၊ သူတို့ဘာသာသူတို့ ခင်ဗျားဆီကို အလွယ်တကူ အဖမ်းခံဖို့ ရောက်လာကြမှာပါ"

တချို့ကတော့ ဒါကို ထောင်ချောက်ဆင်တယ်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ မိုက်ကယ်က ဘယ်လိုပဲဖြစ်ဖြစ် အရှေ့ဘက်ဆီကို နယ်မြေချဲ့ထွင်ဖို့ စဉ်းစားထားပြီးသားပဲ။ ပြီးတော့ သူက သူတို့တောင်းမယ့် ကြေးတွေကို အလကားသက်သက် ပေးဖို့လည်း စိတ်ကူးမရှိတာကြောင့် နောက်ဆုံးတော့ ဒီအစီအစဉ်က အဆင်ပြေသွားတယ်။

"အင်း...ဒါနဲ့ မင်းကော ငါ့ကို ကူညီမလား" မိုက်ကယ်က စလစ်ဇီကို မေးလိုက်တယ်။

ဒီစကားက နောင်တရပြီး အမြင်မှန်ရနေတဲ့ အဲဒီလူမိုက်ဟောင်းကို အံ့အားသင့်သွားစေပုံရတယ်။

"ကျွန်တော်ကလား။ ဒါပေမဲ့ ကျွန်တော်က ရာဇဝတ်ကောင်တစ်ယောက်လေ ခင်ဗျားသိရဲ့သားနဲ့"

"အဲဒါ ဘာဖြစ်လဲ" လူမိုက်တစ်ယောက်ကို တောထဲတောင်ထဲ ပြန်လွှတ်ပေးလိုက်ရင် ဘယ်လိုဆိုးကျိုးတွေ ကြုံလာရနိုင်လဲဆိုတာကို လုံးဝနားမလည်တဲ့ပုံစံမျိုးနဲ့ မိုက်ကယ်က ပြန်မေးလိုက်တယ်။

"ခင်ဗျား ကျွန်တော် ထွက်ပြေးသွားမှာကို မကြောက်ဘူးလား"

စလစ်ဇီရဲ့ အမေးကို ကြားတော့ မိုက်ကယ်က ခပ်ဖွဖွ ရယ်မောလိုက်တယ်။

"မကောင်းတဲ့စိတ် ရှိတဲ့သူဆိုရင်တော့ ချက်ချင်းပဲ သဘောတူပါတယ်လို့ အော်လိမ့်မယ်။ ပြီးတော့ ငါ့မှာ လူအကဲခတ်တတ်တဲ့ မျက်စိရှိတယ်ဟ။ မင်း ထွက်မပြေးပါဘူး။ မပြေးချင်ဘူးဆိုတာလည်း ငါသိတယ်"

ဒီလောက်အထိ ဧရာမအရှိန်အဟုန်နဲ့ ကြီးထွားနေတဲ့ ရီနေးတားကုမ္ပဏီရဲ့ အရှင်သခင်ဆီကနေ ဒီလိုမျိုး ဖြူစင်လွန်းတဲ့အတွေးအခေါ်မျိုး ကြားရလိမ့်မယ်လို့ စလစ်ဇီ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ မိုက်ကယ်က ကလေးတစ်ယောက်လို ပုံစံမျိုး ပေါက်နေပေမဲ့ ကုမ္ပဏီတစ်ခုကို အခြေခံကစပြီး တည်ဆောက်နိုင်ခဲ့တဲ့လူက လုံးဝ ဥဿုံ ရိုးအအ မဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းသိတယ်။

ပြီးတော့ မိုက်ကယ်ကို ဒီလိုကိစ္စမျိုးတွေမှာ စိုးရိမ်ပူပန်မှုမရှိဘဲ လွတ်လွတ်လပ်လပ် ဖြစ်နေစေတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ လူမိုက်ဟောင်းတစ်ယောက်အနေနဲ့ စလစ်ဇီတစ်ယောက် မိုက်ကယ်ရဲ့ မျက်လုံးထဲမှာ မတွေ့ရနိုင်ဘူးလို့ ထင်ထားခဲ့တဲ့ ခံစားချက်မျိုးပဲ။

ရွှေရောင်ဆံပင်တွေနဲ့ ကောင်လေးရဲ့ မျက်ဝန်းထဲမှာ မာန်မာနနဲ့ ယုံကြည်ချက်တွေ အပြည့်ရှိနေတယ်။

ဥပဒေမဲ့ ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ အဲဒီဓါးပြအဖွဲ့ထဲမှာ အဆင့်အတန်း ခွဲခြားမှုတွေ ရှိနေရတဲ့ အကြောင်းရင်းကတော့ ဂုဏ်သိက္ခာနဲ့ မာနဆိုတဲ့ အရာတွေကြောင့်ပဲ။ ဓါးပြခေါင်းဆောင်ရဲ့ လက်အောက်ငယ်သားတွေက သူတို့ခေါင်းဆောင်ကို သစ္စာမဖောက်ကြဘူး၊ ခိုးဝှက်တာတွေ မလုပ်ကြဘူး။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်ကို ယှဉ်ရင် သူတို့ ရှုံးမှာပဲဆိုတာကို ကောင်းကောင်းကြီး သိထားကြလို့ပဲ။

အခုလည်း စလစ်ဇီက မိုက်ကယ်ရဲ့ မျက်ဝန်းထဲကနေ အဲဒီလိုမျိုး ယုံကြည်ချက် အပြည့်ရှိနေတဲ့ ပုံစံကို မြင်တွေ့လိုက်ရတာ ဖြစ်တယ်။ ဒါက သူသာ တကယ် ထွက်ပြေးဖို့ ကြိုးစားခဲ့ရင်တောင် ဝေးဝေးပြေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အသိမျိုးကို ပေးစွမ်းနေသလိုပဲ။

မိုက်ကယ်ရဲ့ စွမ်းရည်အစစ်အမှန်ကို သူ သေသေချာချာ မသိရသေးပေမဲ့ ဒါကပဲ သူ့ကို အရိပ်အမြွက် မြင်လိုက်ရသလိုမျိုး ဖြစ်သွားစေတယ်။

ခက်တာက သူတို့ဟာ ပထမဆုံးနေ့ကတည်းက သူ့ကို ကူညီပေးခဲ့တဲ့ ဝါရင့်အကျဉ်းသားကြီးကိုတောင် ယဉ်ပါးအောင် လုပ်နိုင်ခဲ့ကြတာပဲလေ။ အဲဒီလူက အပြင်မှာရှိခဲ့တဲ့ သူ့ရဲ့ သတင်းကျော်ဇော်မှုတွေနဲ့ လုံးဝ ကွာခြားလွန်းတာကြောင့် အစတုန်းက စလစ်ဇီတောင် မမှတ်မိချင်ဘူး။

အကယ်၍ သူတို့က အဲဒီလိုလူမျိုးကိုတောင် ယဉ်ပါးအောင် လုပ်နိုင်ခဲ့တယ်ဆိုရင်တော့ စလစ်ဇီအနေနဲ့ သူကိုယ်တိုင် ထွက်ပြေးချင်တယ်ဆိုရင်တောင် လွတ်မြောက်ဖို့ ဘယ်လိုမှ လမ်းမရှိတော့တာ အမှန်ပဲ။

"ကျွန်တော် ခင်ဗျားကို ကူညီပါ့မယ်" စလစ်ဇီက မိုက်ကယ်ကို ပြောလိုက်တယ်။

"ကျွန်တော့်ရဲ့ သူငယ်ချင်းတွေလည်း ကျွန်တော့်လိုမျိုးပဲ ရီနေးတားရဲ့ အလင်းရောင်ကို မြင်တွေ့နိုင်အောင် ကျွန်တော် သေသေချာချာ လုပ်ပေးပါ့မယ်"

"ဟီးဟီး။ မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါသိသားပဲ" ဖတ်ချ်က စလစ်ဇီရဲ့ ခေါင်းပေါ်ကို ခုန်တက်ရင်း ပြောလိုက်တယ်။

"မင်း ငါ့ရဲ့ တပည့်ငယ် ဖြစ်ချင်လား"

စလစ်ဇီက စိတ်မသက်မသာနဲ့ ရယ်မောလိုက်တယ်။

"ကျွန်တော် အဲဒီလိုအဆင့်မျိုး မထိုက်တန်ပါဘူး ဆရာကြီးရယ်"

"ဒါဆိုရင်လည်း ကြိုးစားပမ်းစား လုပ်စမ်းပါဦး ဟုတ်ပြီလား။ နောင်တစ်ချိန်ကျရင် မင်းလည်း ငါ့လိုမျိုး တော်တဲ့ နင်ဂျာတစ်ယောက် ဖြစ်လာနိုင်တယ်"

သူတို့ စကားပြောနေကြတုန်းမှာပဲ မိုက်ကယ်က တစ်စုံတစ်ယောက်ရဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ်။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ တောက်ပတဲ့ လိမ္မော်ရောင် အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားတဲ့ အကျဉ်းသားတစ်ယောက် ဘေးဘက်ကနေ သူတို့ဆီ ချဉ်းကပ်လာတာကို မြင်လိုက်ရတယ်။

"ဟမ်း...ဆရာကြီး စလိုင်းမ်။ ဆရာကြီးက အဲဒီဓါးပြအဖွဲ့ကို ကိုယ်တိုင် အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်ခင်ဗျာ။ ဒါပေမဲ့ ဆရာကြီး လိုအပ်မယ်ဆိုရင် ကူညီပေးဖို့ ကျွန်တော့်ရဲ့ အစွမ်းအစတွေကို ဒီနေရာမှာတင် ကမ်းလှမ်းပါရစေ"

အဲဒီအကျဉ်းသားက တော်တော်လေး အရပ်ရှည်ပြီး ကြွက်သားအမြှောင်းမြှောင်းနဲ့ ဗလတောင့်တောင့် လူကြီးတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ တက်တူးတွေ ဗြိကျဲနေပြီး ကြည့်လိုက်တာနဲ့တင် လူတိုင်းကို လန့်ဖျပ်သွားစေနိုင်တဲ့ ပုံစံမျိုး ရှိတယ်။

ဒါပေမဲ့ အဲဒီလိုလူကြီးက ဖတ်ချ်ရဲ့ရှေ့မှာ ခန္ဓာကိုယ်ကို ကိုးဆယ်ဒီဂရီ တိတိ မတ်မတ်ကြီး ညွှတ်ပြီး အရိုအသေပေးနေတာ ဖြစ်တယ်။

သို့ပေမဲ့ မိုက်ကယ် သတိထားမိတာက သူ့ရဲ့ ရုပ်သွင်ပြင်တစ်ခုတည်း မဟုတ်ဘူး။ သူ့ရဲ့ အစွမ်းသတ္တိလည်း ပါဝင်တယ်။

ဒီလူရဲ့ မှော်စွမ်းအင် သန့်စင်မှု အမြုတေက အဆင့်ခုနစ် အဆင့်မှာ ရှိနေတာပဲ။ ဒါက သူဟာ ဒီနေရာမှာ အသန်မာဆုံးလူတွေထဲက တစ်ယောက် ဖြစ်နေတာ သေချာသလောက် ရှိတယ်လို့ ဆိုလိုတာပဲ။ အကယ်၍ သူတို့နှစ်ယောက်သာ တည့်တည့်ရင်ဆိုင်ရမယ်ဆိုရင် မိုက်ကယ်အနေနဲ့ သူ့ရဲ့ စွမ်းရည်အကုန်လုံးကို ထုတ်သုံးရမယ့် အနေအထားမျိုးပေါ့

"အော်...မင်းကိုး" ဖတ်ချ်က စိတ်ပျက်လက်ပျက်လေသံနဲ့ ပြောလိုက်တယ်။

"ငါ မင်းကို ငြိမ်ငြိမ်ကုပ်ကုပ် နေပါလို့ မပြောထားဘူးလား"

ဗလတောင့်တောင့် အကျဉ်းသားကြီးက ခေါင်းကို ငုံ့လိုက်တယ်။

"ကျွန်တော် ငြိမ်ငြိမ်နေခဲ့ပါတယ် ဆရာကြီး စလိုင်းမ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ထူးခြားတဲ့ အခြေအနေအရ ဆရာကြီးရဲ့ အဲဒီဓါးပြအဖွဲ့ တာဝန်မှာ ကျွန်တော် ကူညီပေးနိုင်လိမ့်မယ်လို့ ထင်လို့ပါ။ ကျွန်တော် သူတို့ထဲက တစ်ယောက်နဲ့ အနီးကပ် ရင်းနှီးဖူးပါတယ် ဆရာကြီး"

ဖတ်ချ်က အကျိုးနဲ့ အပြစ်ကို ချိန်ဆနေတဲ့ပုံစံမျိုးနဲ့ ခေါင်းကို ဘယ်ပြန်ညာပြန် စောင်းလိုက်တယ်။

"ဟွန်း...အေးပါ၊ ရတယ်။ ဘာလို့မရရမလဲ။ ဒါပေမဲ့ ငါ့လမ်းကိုတော့ လာမပိတ်စေနဲ့ ဟုတ်ပြီလား"

အဲဒီလူက ကျေးဇူးတင်စရာကောင်းလှတဲ့အတွက် ခေါင်းကို ညွှတ်လိုက်တယ်။

အဲဒါပြီးတော့ ဖတ်ချ်က ဘာမှမဖြစ်ခဲ့သလိုမျိုး စလစ်ဇီကို စကား ဆက်ပြောနေပြန်တယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ သူ့ရဲ့ အကြံဉာဏ်မပါဘဲ ဒီလိုကိစ္စမျိုး ဖြစ်ပျက်သွားတာကို ကြည့်ပြီး အံ့ဩမှင်တက်နေမိတယ်။

ခရမ်းရောင်စလိုင်းမ်လေးက အကျဉ်းသားကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း လှည့်ပြောလိုက်တယ်။

"ဟေ့...ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ဦးလေ။ မင်းက တကယ့်ကို ယဉ်ကျေးမှု မရှိတာပဲ။ ငါတို့ရဲ့ သခင်ကြီးကို မသိဘူးလား"

"တောင်းပန်ပါတယ်ခင်ဗျာ" ဗလတောင့်တောင့်လူကြီးက မိုက်ကယ်ဘက်ကို မျက်နှာမူလိုက်တယ်။ "ကျွန်တော့်နာမည်က ဟိုဆေး ခရုဇ် ပါ။ အရင်တုန်းကတော့ သေမင်းလက်သည်းလို့ လူသိများခဲ့ကြပါတယ်။ ကျွန်တော်က ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ် တောအုပ် အစွန်းဘက်မှာ တစ်ယောက်တည်း နေထိုင်ပြီး ခရီးသွားတွေနဲ့ ကုန်သည်တွေကို အကန့်အသတ်မရှိ ဒုက္ခပေးခဲ့တဲ့ လမ်းပြေးလူမိုက်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။

အဲဒါက ဆရာကြီး စလိုင်းမ်နဲ့ မဆုံတွေ့ခင်အထိပေါ့ဗျာ။ ဆရာကြီးက ကျွန်တော့်ကို ဘယ်တော့မှ မေ့ပျောက်လို့မရမယ့် သင်ခန်းစာတစ်ခု ပေးခဲ့ပါတယ်။ အခုတော့ ကျွန်တော် ကျွန်တော့်ရဲ့ အပြစ်တွေကို နောင်တရပြီး ပြင်ဆင်ဖို့ ရီနေးတားအကျဉ်းထောင်ကို ရောက်လာခဲ့တာ ဖြစ်ပြီး၊ နောင်တစ်ချိန်မှာ ဆရာကြီး စလိုင်းမ် ဂုဏ်ယူရမယ့် ရီနေးတားနိုင်ငံသားတစ်ဦး ဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်"

"ဟွန်း...အိပ်မက် ဆက်မက်နေလိုက်ဦး သူငယ်။ မင်း ရီနေးတားနိုင်ငံသား ဖြစ်ခွင့်မရခင်မှာ နောက်ထပ် နှစ်ပေါင်းတစ်ရာလောက် အစေခံဖို့ လိုသေးတယ်" ဖတ်ချ်က ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ကျွန်တော် အဲဒီထက်မကလည်း နာခံဖို့ အသင့်ပါပဲ" ခရုဇ်က ပြန်ဖြေတယ်။

သူတို့ အချင်းချင်း ဆက်ဆံပုံကို ကြည့်ရတာ ဖတ်ချ်က ကြယ်ခုနစ်ပွင့်အဆင့်ရှိတဲ့ လူမိုက်ကြီးတစ်ယောက်ကို သူ့ဘာသာသူ တကယ်ပဲ ယဉ်ပါးအောင် လုပ်နိုင်ခဲ့တဲ့ပုံပဲ။

မိုက်ကယ်ကတော့ အစွမ်းသတ္တိချင်း ကွာခြားချက်တွေ ရှိနေတာတောင် အဲဒါက ဘယ်လိုမျိုး ဖြစ်ပျက်သွားခဲ့လဲ၊ ဒါမှမဟုတ် ဘယ်လိုမျိုး ဖြစ်နိုင်တာလဲဆိုတာကို လုံးဝ မတွေးတတ်တော့ဘူး။

"မင်း သူ့ကို မင်းတစ်ယောက်တည်း နှိမ်နင်းခဲ့တာလား" မိုက်ကယ်က ဖတ်ချ်ကို မေးလိုက်တယ်။

"ဒါပေါ့ သခင်ကြီးရယ်။ ကျွန်တော်က သခင်ကြီးရဲ့ အသန်မာဆုံး စစ်သည်တော်ပဲဥစ္စာ။ အဲဒီ အကြေးခွံတွေနဲ့ လူဆိုးတွေထက် အများကြီး ပိုသန်မာတယ်"

ခါတိုင်းလိုပဲ၊ ဖတ်ချ် လိမ်ပြောနေတယ်ဆိုတာ မိုက်ကယ် သိတယ်။

"ဟိုဆေးခရုဇ် ဟုတ်လား။ ငါ့ကို အမှန်အတိုင်း ပြောစမ်း"

အကျဉ်းသားက မိုက်ကယ်ကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ့ကို ဘာမှမပြောဖို့ မျက်နှာအမူအရာအမျိုးမျိုးနဲ့ အချက်ပြနေတဲ့ ဖတ်ချ်ကိုလည်း လှမ်းကြည့်လိုက်တယ်။

"တောင်းပန်ပါတယ် ဆရာကြီး စလိုင်းမ်။ ဆရာကြီးကိုယ်တိုင်ပဲ သူက ဆရာကြီးရဲ့ သခင်ကြီးလို့ ပြောခဲ့တာပဲလေ၊ ဒါကြောင့် သူက ကျွန်တော့်ရဲ့ သခင်ကြီးလည်း ဖြစ်တယ်။ ကျွန်တော် သူ့ကို အမှန်အတိုင်း ပြောပြဖို့ တာဝန်ရှိပါတယ်။

ကျွန်တော် ဆရာကြီး စလိုင်းမ်နဲ့ အရက်သောက်ပြိုင်ရင်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် သတိမေ့ပြီး မလဲပြိုခင်အထိ လူပုဘီယာ အစည်ပေါင်း နှစ်ဆယ်အထိ သောက်နိုင်ခဲ့ပါတယ်"

မိုက်ကယ်တစ်ယောက် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြန်မစိနိုင်တော့ဘူး။

ဒါပဲလား။ ဖတ်ချ်က ဟောဒီ သေမင်းလက်သည်းလို့ ခေါ်တဲ့လူကို ဒီလိုနည်းနဲ့ ယဉ်ပါးအောင် လုပ်ခဲ့တာလား။ သူက ဒီကောင်လေးကို ကြည့်ပြီး ဂုဏ်ယူရမလိုလို၊ ဒါမှမဟုတ် အရှက်ရရမလိုလိုတောင် မခွဲခြားတတ်တော့ဘူး။

"ထားလိုက်ပါတော့၊ အကယ်၍ မင်းက အဲဒီဓါးပြအဖွဲ့ ကိစ္စမှာ ငါတို့ကို ကူညီပေးမယ်ဆိုရင်တော့ ကျေးဇူးတင်ရမှာပေါ့" မိုက်ကယ်က ခရုဇ်ကို ပြောလိုက်တယ်။

"ရီနေးတားအတွက်ဆိုရင် ဘာမဆိုပါပဲ ခင်ဗျာ" ဗလတောင့်တောင့်လူကြီးက ပြန်လည်ဖြေကြားလိုက်တယ်။

* * * * * * * *

အခန်း(၃၀၈)

ဒါနဲ့ အဲဒီအချိန်မှာပဲ အန်ဂိုရာမြို့ရဲ့ အရှေ့ဘက် တောအုပ်အဆုံး အနက်ရှိုင်းဆုံးနေရာတစ်ခုမှာတော့ လူတွေအများအားဖြင့် မြေကွက်လပ်အလွတ်တစ်ခုလို့ပဲ ထင်မှတ်မှားနိုင်လောက်တဲ့ မှော်ရုံပင်တွေနဲ့ ပေါင်းမြက်တွေကြားထဲ အကွယ်အကာအတားအဆီးမရှိ ထင်ထင်ရှားရှားကြီး ရှိနေတဲ့ ဂူတစ်ဂူ ရှိနေတယ်လေ။

ဒါပေမဲ့ သူတို့မသိတာကတော့ ဒီဂူဟာ တောအုပ်တစ်ခုလုံးကို သူတို့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူယုတ်မာဓားပြအဖွဲ့ရဲ့ အခြေစိုက်စခန်း အစစ်အမှန်ဖြစ်နေတာကိုပါပဲ။

ဒီဂူထဲမှာ နေထိုင်ကြတဲ့သူတွေဟာ အဆင်မပြေဘဲ ဖရိုဖရဲဖြစ်နေပေမဲ့ ဆန်းပြားလှတဲ့ သံချပ်ကာအင်္ကျီတွေ၊ ရတနာတွေနဲ့ ဈေးကြီးတဲ့ အသုံးအဆောင်မျိုးစုံကို ဝတ်ဆင်ထားကြတယ်။ ဒါပေမဲ့ သူတို့ကို ချမ်းသာတဲ့လူတန်းစားလို့တော့ သွားမထင်လိုက်နဲ့ဦး။ ဘာလို့လဲဆိုတော့ သူတို့ဟာ တောအုပ်ထဲကို ဝင်လာတဲ့အချိန်မှာ အခကြေးငွေမပေးဘဲ ဖြတ်သန်းသွားလာတဲ့ ကုန်သည်တွေကို ခိုးယူလုယက်ရာကနေပဲ ဒီပစ္စည်းတွေကို ရရှိထားတာကြောင့်ပါပဲ။

လူအများစုအတွက်တော့ ဒီလိုဂူကြီးထဲမှာ စည်ကားလှတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို တွေ့ရတာ အတော်လေး အံ့ဩစရာကောင်းနေလိမ့်မယ်။ လူယုတ်မာဓားပြအဖွဲ့ ဟာ သီးခြားရည်ရွယ်ချက်အသီးသီးအတွက် သတ်မှတ်ထားတဲ့ နယ်မြေတွေနဲ့ အပိုင်းအခြားတွေ ပါဝင်တဲ့ ရွာလေးတစ်ရွာ ဖြစ်လာအောင် သူတို့ဘာသာ လိုဏ်ခေါင်းတွေနဲ့ တွင်းအောင်းလမ်းကြောင်းတွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ထုဆစ်ဖန်တီးထားကြတာ။

ပြီးတော့ သူခိုးအချင်းချင်းကြားမှာ သစ္စာတရားနဲ့ဂုဏ်သိက္ခာမရှိဘူးဆိုတဲ့ ကျော်ကြားတဲ့ ဆိုရိုးစကားတစ်ခု ရှိနေပေမဲ့လည်း ဒီရာဇဝတ်ကောင်တွေ လိုက်နာကြတဲ့အရာ တစ်ခုတော့ ရှိတယ်၊ အဲဒါကတော့ ခွန်အားအပေါ် ကိုးကွယ်တာပဲ။

လူယုတ်မာဓားပြအဖွဲ့က သူတို့ကိုယ်သူတို့ ကုမ္ပဏီအတုအယောင်တစ်ခုလို ဖွဲ့စည်းထားရတဲ့ အကြောင်းရင်းကတော့ လူတစ်ယောက်တည်းကြောင့်ပဲ ဖြစ်တယ်၊ အဲဒါကတော့ ‘လက်တစ်ဖက်ဝါနို ’ လို့ လူသိများတဲ့ သူတို့ရဲ့ ဓားပြခေါင်းဆောင်ပါပဲ။

ဝါနိုကတော့ သူ့ရဲ့အမည်ပြောင်အတိုင်းပဲ အသုံးပြုလို့ရတဲ့ လက်က ဘယ်ဘက်လက်တစ်ဖက်ပဲ ရှိတာ။ ကျန်တဲ့လက်တစ်ဖက်ကတော့ ဒဏ္ဍာရီလာ ပစ်ဇီဘုရင်မနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပြီးတဲ့နောက်မှာတော့ လက်မောင်းရင်းကနေ ပြတ်တောက်သွားတဲ့ လက်မောင်းတုံးကြီးတစ်ခုအဖြစ်ပဲ ကျန်ရှိတော့တယ်။

ဒီအဖြစ်အပျက်က ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ကောလာဟလတွေ အမျိုးမျိုး ထွက်ပေါ်နေခဲ့ပေမဲ့ တချို့ကတော့ ဝါနိုက သူမနဲ့ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ခဲ့တာလို့ ထင်ကြေးပေးကြသလို တချို့ကလည်း သူအိပ်ပျော်နေတဲ့အချိန်မှာ သူမက သူ့လက်မောင်းကို ကျိန်စာတိုက်ဖျက်ဆီးပစ်လိုက်တာလို့ ယူဆကြတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားကိုတော့ ဝါနိုကလွဲလို့ ဘယ်သူမှ မသိကြပါဘူး၊ ပြီးတော့ သူကလည်း ဒီအကြောင်းကို ဘယ်သူ့ကိုမှ လောလောဆယ် ပြောပြဖို့ အစီအစဉ် မရှိဘူးလေ။

ဓားပြခေါင်းဆောင်ကတော့ သူ့အပေါ်ဘက်မှာ ရှိနေတဲ့ မြေထုအလွှာအထပ်ထပ်ရဲ့ အကာအကွယ်ကို ယူပြီး လိုဏ်ခေါင်းစနစ်ရဲ့ အနက်ရှိုင်းဆုံး အောက်ခြေအပိုင်းမှာပဲ နေထိုင်တယ်။

ပုံမှန်အားဖြင့်တော့ ဝါနိုက သူ့ရဲ့အခြေစိုက်စခန်းမှာ တစ်ယောက်တည်း နေလေ့ရှိပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဓားပြဂူထဲက ပတ်ဝန်းကျင်နဲ့ လုံးဝကို အံဝင်ခွင်ကျမဖြစ်ဘဲ စိမ်းသက်နေတဲ့ လူတစ်ယောက်က သူ့အနားမှာ ရှိနေခဲ့တယ်။

ဝါနိုက သူ့ရဲ့စာရေးခုံမှာ ထိုင်ပြီး စိတ်လှုပ်ရှားစွာနဲ့ ကြမ်းပြင်ပေါ်ကို ခြေထောက် တဖတ်ဖတ် ရိုက်ခတ်နေတဲ့အချိန်မှာ ဒီ ဧည့်သည်ကတော့ ပြတိုက်တစ်ခုထဲမှာ လှည့်ပတ်ကြည့်ရှုနေသလိုမျိုး အခန်းထဲမှာ အေးအေးလူလူ လမ်းလျှောက်နေတယ်။ ဓားပြခေါင်းဆောင်က ဒီ ဧည့်သည် နဲ့ နှိုင်းယှဉ်ရင် မိမိအိမ်ထဲမှာ မိမိကိုယ်တိုင် ပိုပြီးတော့တောင် မသက်မသာ ဖြစ်နေတဲ့ပုံပဲ။

ဒီ ဧည့်သည်ဝတ်ဆင်ထားတဲ့ တောက်ပတဲ့ လိမ္မော်ရောင် သံချပ်ကာကတော့ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကို အထင်အရှား သက်သေပြနေတယ်။ သူ့ရဲ့ သစ္စာခံမှုက သူ့ရဲ့ ရင်ဘတ်ချပ်ကာပေါ်မှာ အထင်အရှား ပုံနှိပ်ထားပြီး ကမ္ဘာတစ်ခုလုံးကို လောင်ကျွမ်းနေတဲ့ မီးတောက်တစ်ခုရဲ့ သင်္ကေတလည်း ဖြစ်နေတယ်။

သူက ဖလဲယားကော့ပ်ရဲ့ ကိုယ်စားလှယ်တစ်ယောက် ဖြစ်နေလို့ပဲ။

“မင်းတို့ရဲ့ ဓားပြအဖွဲ့က ဆုံးဖြတ်ချက်တစ်ခုခု ချပြီးပြီလား။ ဖလဲယားကော့ပ်မှာ ရှိတဲ့ စစ်မှန်တဲ့အလင်းရောင်ကို မင်းတို့ ရှာဖွေတွေ့ရှိသွားပြီလား” လို့ ကိုယ်စားလှယ်က ဝါနိုကို မေးလိုက်တယ်။

ဓားပြခေါင်းဆောင်က မော့ကြည့်လိုက်ပြီး “ငါတို့ ဆုံးဖြတ်ချက် မချရသေးဘူး” လို့ သူက ပြန်ဖြေတယ်။

“ငါတို့လူတွေရဲ့ ထက်ဝက်နီးပါးက ဖလဲယားကော့ပ်လို ကုမ္ပဏီကြီးတစ်ခုရဲ့ လက်အောက်ခံ ဖြစ်ရမယ်ဆိုတဲ့ အဆိုပြုချက်ကို ငြင်းပယ်နေကြတယ်။ သူတို့က အဲဒါကို ငါတို့ရဲ့ ဂုဏ်သိက္ခာကို ရောင်းစားလိုက်သလိုမျိုး သဘောထားနေကြတာ”

ဖလဲယားကော့ပ် ကိုယ်စားလှယ်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်ပြီး “မင်းလည်း သူမ ဒီကို မကြာခင် လာတော့မယ်ဆိုတာ သိတယ် မဟုတ်လား။ ရိုသေလေးစားရတဲ့ အလှပဂေး၊ တတိယမြောက် အကြီးအကဲ၊ တိတ်ဆိတ်တဲ့ လူသတ်သမား... ဘလဇဲလ် အော့စကောပ့်လေ။ သူမ ဒီကို ရောက်လာတဲ့အချိန်မှာ အဖြေတစ်ခုကို လိုချင်လိမ့်မယ်။ ပြီးတော့ သူမက မင်းတို့အားလုံးဆီကနေ သောင်းသောင်းဖျဖျနဲ့ သဘောတူပါတယ်ဆိုတဲ့ အဖြေမျိုးကိုပဲ သေချာပေါက် မျှော်လင့်နေမှာ။ အကယ်၍ အဲလိုမှ မဟုတ်ရင်တော့ မင်းတို့က ငါတို့ရဲ့လက်ကို အတင်းအဓမ္မ သုံးခိုင်းသလို ဖြစ်သွားပြီး ငြင်းပယ်တဲ့သူတွေကို ရှင်းလင်းပစ်ဖို့ ဖိအားပေးရာ ရောက်လိမ့်မယ်”

ကိုယ်စားလှယ်ရဲ့ အသံထဲမှာ အထင်အရှား ခြိမ်းခြောက်နေတဲ့ လေယူလေသိမ်း ပါဝင်နေတာမို့ ဒါကို ဝါနိုကလည်း လုံးဝ သဘောမကျဘူးဆိုတာ ထင်ရှားနေတာပဲ။

“မင်း စကားဆင်ခြင်ဦး” လို့ ဝါနိုက သူ့ကို သတိပေးလိုက်တယ်။ “ငါ ဒီမှာ ရှိနေသရွေ့တော့ လူယုတ်မာဓါးပြတွေကို မင်းတို့ လက်ဖျားနဲ့တောင် တို့လို့ရမှာ မဟုတ်ဘူး”

ဝါနိုရဲ့ ကြယ်ခြောက်ပွင့် တန်ခိုးအရှိန်အဝါက သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အရှိန်အဟုန်နဲ့ တိုးထွက်လာပြီး ဖလဲယားကော့ပ် ကိုယ်စားလှယ်ကို ဟန်ချက်ပျက်သွားအောင် တွန်းထုတ်ဖို့ ကြိုးစားတဲ့ တုန်ခါမှုလှိုင်းတစ်ခုကို ဖန်တီးလိုက်တယ်။

ကံမကောင်းစွာပဲ အဲဒါက ဖလဲယားကော့ပ် ကိုယ်စားလှယ်ကို ခြိမ်းခြောက်နိုင်တဲ့အဆင့်အထိတော့ များများစားစား အရာမထင်ခဲ့ပါဘူး။ ထိုလူက သူ့ခြေလှမ်းကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး ချောင်းတစ်ချက်ပဲ ဟန့်လိုက်တယ်။

“မင်းရဲ့ ဒေါသတွေကို ငါ့အပေါ် လာပြီး မပုံချပါနဲ့” လို့ ကိုယ်စားလှယ်က ဘာအပြစ်မှမရှိတဲ့ ပုံစံမျိုးနဲ့ သူ့လက်ကို မြှောက်ရင်း ပြောလိုက်တယ်။ “ငါက သတင်းစကား ပါးရုံသက်သက် လာတဲ့သူပါ”

“မင်းရဲ့ သတင်းစကားကို ငါ သဘောမကျဘူး” လို့ ဝါနိုက သူ့ကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်တယ်။

“ဟမ်း... ဖလဲယားကော့ပ်က မင်းတို့ကို သတိပေးချင်တာက လူယုတ်မာဓားပြအဖွဲ့ အနေနဲ့ ငါတို့နဲ့ ဘာကြောင့် မဟာမိတ်ဖွဲ့ဖို့ ဖိအားပေးခံနေရလဲဆိုတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်။ မင်းတို့ရဲ့ အင်အားတွေက တဖြည်းဖြည်း လျော့နည်းလာနေပြီ။ အဲဒါကို ငြင်းမနေနဲ့။ မင်းတို့ရဲ့ အဖွဲ့ဝင်တွေထဲကနေ ဒဏ္ဍာရီလာ သေမင်းလက်သည်း ပျောက်ကွယ်သွားကတည်းက လူယုတ်မာဓားပြအဖွဲ့ဟာ အဲဒီအချိန်ကစလို့ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တာ။ ပြီးတော့ အခု မြောက်ဘက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ရွှေလမ်းမကြီး ပြိုင်ဆိုင်မှုတွေနဲ့ဆိုရင် တခြားသူတွေက မင်းတို့ကို ပစ်မှတ်ထားလာဖို့က အချိန်ပြဿနာတစ်ခုပဲ ရှိတော့တယ်။ ငါတို့က မင်းတို့ကို ပထမဆုံး ခြိမ်းခြောက်တဲ့သူ ဖြစ်လာမှာ မဟုတ်ဘူး”

ဝါနိုက သွားကြိတ်လိုက်တယ်။ သူ အသိအမှတ် မပြုချင်ပေမဲ့လည်း ဖလဲယားကော့ပ် ကိုယ်စားလှယ် ပြောနေတာတွေက အမှန်တရားတွေ ဖြစ်နေခဲ့တာပဲ။ သူတို့ တကယ်ပဲ အားနည်းလာနေပြီ။

“ဖလဲယားကော့ပ်က အခု မင်းတို့ကို အကောင်းဆုံး ဆက်ဆံနေတာပဲ။ သူတို့အနေနဲ့ မင်းတို့ရဲ့ ပိုင်နက်နယ်မြေကို အတင်းအဓမ္မ အင်အားသုံးပြီး သိမ်းပိုက်လိုက်လို့ရပေမဲ့ အဲဒီအစား မင်းတို့နဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တာ။ ပြီးတော့ ဖလဲယားကော့ပ်က ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းနေတယ်လို့လည်း လာမပြောနဲ့ဦး။ သေမင်းလက်သည်း မင်းတို့အဖွဲ့ကနေ ပျောက်ကွယ်သွားကတည်းက မင်းတို့အနေနဲ့ ငါတို့ကို ယှဉ်နိုင်စွမ်း မရှိတော့ဘူးဆိုတာ မင်းကိုယ်တိုင်လည်း သိနေတာပဲ မဟုတ်လား”

ဓားပြခေါင်းဆောင်က ကြမ်းပြင်ပေါ်ကို တံထွေးတစ်ချက် ထွေးလိုက်ပြီး “မင်း စကားပြောလို့ ပြီးပြီလား”

“မပြီးသေးဘူး။ ဘလဇဲလ်က မင်းကို အကူအညီတစ်ခု တောင်းချင်နေသေးတယ်။ သူမက ပစ်ဇီဘုရင်မနဲ့ တွေ့ဆုံပွဲတစ်ခု စီစဉ်ပေးစေချင်တာ။ ဖလဲယားကော့ပ်က အဲဒါကို မင်းအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပြီး မင်းကိုယ်တိုင် ဖလဲယားကော့ပ်ရဲ့ တရားဝင် ဝန်ထမ်းအပြည့်အဝ ဖြစ်လာနိုင်မယ့် အခွင့်အလမ်းလည်း ရှိနေတယ်”

ဒီတစ်ကြိမ်မှာတော့ ဝါနိုလည်း ဆက်ပြီး အောင့်မထားနိုင်တော့ဘဲ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထရပ်လိုက်ပြီး စာရေးခုံကို သူ့လက်နဲ့ ‘ဒုန်း’ခနဲ ထုလိုက်တယ်။

“မင်း ငါ့ကို နောက်နေတာလား။ ပစ်ဇီဘုရင်မ ဟုတ်လား။ အဲဒီအစား သူမကို သမုဒ္ဒရာဘုရင်ဖြစ်ဖြစ် မိစ္ဆာဘုရင်မဖြစ်ဖြစ် တွေ့ဆုံခွင့် တောင်းခိုင်းပါလား။ အနည်းဆုံးတော့ အဲဒါက ပိုပြီး လွယ်ကူဦးမယ်”

ဖလဲယားကော့ပ် ကိုယ်စားလှယ်က ဝါနိုရဲ့ ပြတ်တောက်နေတဲ့ ညာဘက်လက်မောင်းကို လက်ညှိုးထိုးပြလိုက်တယ်။

“အဲဒါကို မင်းကို လုပ်ခဲ့တာ သူမ မဟုတ်ဘူးလား”

ဝါနိုက သူ့ရဲ့ မရှိတော့တဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး “ဟုတ်တယ်၊ ဒါပေမဲ့ အဲဒါက တစ်ကြိမ်တည်းပဲ။ သူမဟာ မြေပြင်ပေါ်ကို ဘယ်တော့မှ နောက်ထပ် မျက်နှာပြမလာတော့ဘူး၊ ပြီးတော့ ငါတို့ထဲက ဘယ်သူမှလည်း နတ်သူငယ်တစ်ယောက်နဲ့ ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးကြဘူး၊ သူတို့ရဲ့ ဘုရင်မဆိုရင်တော့ ပိုတောင် ဝေးသေးတယ်”

ဒီစကားကို တုံ့ပြန်တဲ့အနေနဲ့ ဖလဲယားကော့ပ် ကိုယ်စားလှယ်က သူ့ရဲ့ ပုခုံးကိုပဲ သာသာယာယာ တွန့်ပြလိုက်တယ်။

“မင်း ဘယ်လိုနည်းနဲ့ လုပ်မလဲဆိုတာ ငါတို့ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်း အဲဒါကို လုပ်နိုင်ရင်တော့ ငါတို့ ကျေးဇူးတင်မှာပါဆိုတာပဲ သိထားလိုက်”

ပြီးတော့ အဲလိုပြောပြီးတာနဲ့ ကိုယ်စားလှယ်က ဝါနိုရဲ့ အခန်းထဲကနေ ထွက်ခွာသွားပြီး မြေပြင်ပေါ်ကို ပြန်သွားခဲ့ကာ ဓားပြခေါင်းဆောင်ကိုတော့ သူ့ထံ ရောက်လာတဲ့ မဖြစ်နိုင်တဲ့ တာဝန်တွေအားလုံးအတွက် ခေါင်းခြောက်ခံပြီး ကျန်ရစ်ခဲ့စေတယ်။

'အကယ်၍ စီနီယာသာ ထွက်မသွားခဲ့ရင် ငါတို့ ဒီလိုမျိုး အောက်ကျနောက်ကျ ဆက်ဆံခံရမှာ မဟုတ်ဘူး' လို့ ဝါနိုက ဓားပြခေါင်းဆောင်ဟောင်း သေမင်းလက်သည်းကို ပြန်လည်အမှတ်ရရင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်မိနေတယ်။

စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဓားပြအနည်းငယ်က အခန်းထဲကို ဝင်လာကြတယ်။

“ဝါနို... အဲဒီ ကုမ္ပဏီက လူယုတ်မာတွေက ဘာကို လိုချင်လို့လဲ”

ဝါနိုက သူယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေကို ဖလဲယားကော့ပ် ကိုယ်စားလှယ်နဲ့ ပြောဆိုခဲ့သမျှ အကြောင်းအရာအားလုံးကို ပြောပြလိုက်တဲ့အခါမှာတော့ သူတို့ကလည်း ဒီလိုမျိုး မဖြစ်နိုင်လောက်တဲ့ တာဝန်အပေါ် သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖော်ပြကြတယ်။

“တစ်ခုပဲ ရှိတယ်” လို့ ဝါနိုက ပြန်ဖြေတယ်။ “ငါတို့ ရီနေးတားကုမ္ပဏီရဲ့ တိုးတက်မှုတွေကို နှောင့်နှေးအောင် လုပ်ကြမယ်”

သူတို့က သူတို့ ထိန်းချုပ်ထားတဲ့ တောအုပ်ကို တည့်တည့်ဖြတ်ပြီး ရွှေလမ်းမကြီးကို အရှေ့ဘက်ဆီ တိုးချဲ့ဖို့ စီစဉ်နေကြတာကိုက လျှို့ဝှက်ချက် တစ်ခုမှ မဟုတ်တော့တာပဲ။

ဒီလိုမျိုး လုပ်ဆောင်ခြင်းအားဖြင့် သူတို့အနေနဲ့ တာဝန်နှစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်။

ပထမတစ်ခုကတော့ သူတို့ရဲ့ ဓားပြအသက်မွေးဝမ်းကျောင်းမှုကို ကာကွယ်နိုင်လိမ့်မယ်။ ရွှေလမ်းမကြီး ပြီးစီးသွားတာနဲ့ လူတွေက ဘေးကင်းတဲ့ လမ်းမကြီးကနေ သွားလာနိုင်ကြတော့မှာမို့ သူတို့ဆီကနေ အကာအကွယ်ပေးခကြေးငွေတောင်းဖို့ ခက်ခဲသွားလိမ့်မယ်၊ ဒါကြောင့် သူတို့ရဲ့ စီးပွားရေး ပျက်စီးသွားလိမ့်မယ်လေ။

ပြီးတော့ ဒုတိယအချက်ကတော့ နေ့ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ပိုပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်လာနေတဲ့ အဲဒီနတ်သူငယ်တွေကို နောက်ဆုံးမှာတော့ အစာကျွေးနိုင်တော့မှာပဲ။ အကယ်၍ သူတို့က ရီနေးတားကုမ္ပဏီကလူတွေကို လုံလောက်အောင် ခြောက်လှန့်နိုင်ခဲ့ရင် အဲဒါက ပစ်ဇီဘုရင်မကို သူမရဲ့ ပုန်းအောင်းရာနေရာကနေ ထွက်လာအောင် တွန်းအားပေးနိုင်လိမ့်မယ်၊ ပြီးတော့ ဝါနိုအတွက်လည်း သူမနဲ့ စကားပြောဆိုခွင့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်လာစေမှာပေါ့။

* * * * * * * *

စာစဉ်(၂၆)

All Chapters