အခန်း (၃၁၁-၃၁၂)
Vol. 26 Ch. 311-312
အခန်း(၃၁၁)
အန်ဂိုရာမြို့ရဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်လာရင်း မိုက်ကယ်တစ်ယောက် လမ်းပေါ်မှာ မောင်းနှင်သွားလာနေတဲ့ မော်တော်ကားတွေကို ပိုပြီးတော့ အများအပြား မြင်တွေ့လာရတယ်။ အဲဒီနေရာမှာ ရီနေးတား တက္ကစီတွေတင် ရှိနေတာမဟုတ်ဘဲ လူတွေ ကိုယ်တိုင်ဝယ်စီးကြတဲ့ ကိုယ်ပိုင်မော်တော်ကားတွေလည်း ပိုပြီးတော့ များပြားလာတာပါ။
ဒါပေမဲ့ သူ့လူတွေ ပြောသလိုပဲ မော်တော်ကား လိုအပ်ချက်က အခုအချိန်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးကို ရောက်နေခဲ့တယ်။ ဒါဟာ ရွှေလမ်းမကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့်လို့ မိုက်ကယ် တွေးမိပေမဲ့လည်း တဟုန်ထိုး ပြန့်နှံ့နေတဲ့ အိုင်းရွန်းမေဒင် ကိုးကွယ်မှု ဘာသာတရားနဲ့လည်း တစ်နည်းနည်းနဲ့ ပတ်သက်နေနိုင်တယ်။
သူက ဖယောင်းဖလံ အကြားအာရုံ မန္တန်ကတစ်ဆင့် သူ့ရဲ့အကြားအာရုံကို မြှင့်တင်လိုက်တဲ့အခါ မီတာတစ်ရာအကွာက အပ်တစ်ချောင်း ကျသံကိုတောင် သေသေချာချာ ကြားနိုင်သွားစေတယ်။
"ဒါ အမှန်ပဲ မိဘပြည်သူအပေါင်းတို့။ အဲဒီနေ့က သတ္တုကိုယ်ထည်နဲ့ နတ်ဘုရားမတစ်ပါး ကိုယ်ထင်ရှားပြခဲ့ပြီး ဂရက်ဖ်တက်ကလတ်စတာက ပြည်သူတွေကို ဆိုးဝါးလှတဲ့ ဖလဲယားကော့ပ်ရဲ့ လက်ထဲကနေ ကယ်တင်ခဲ့တာပါ"
သတ္တုကိုယ်ထည် နတ်ဘုရားမရဲ့ မျက်နှာလိုမျိုး ဆေးခြယ်ထားပြီး လက်နဲ့ ခြေထောက်တွေ ထွက်ဖို့အတွက် အပေါက်တွေ ဖောက်ထားတဲ့ သတ္တုတုံးကြီးကိုပဲ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က လူစည်ကားရာ ရင်ပြင်မှာ လမ်းလျှောက်နေတဲ့ ပြည်သူတစ်စုကို တရားဟောနေတာ ဖြစ်တယ်။
လူတိုင်းကတော့ သူ့စကားကို နားထောင်မနေကြပါဘူး၊ ဒါပေမဲ့ သူ့စကားနောက်ကို စိတ်ဝင်တစားနဲ့ ဝိုင်းအုံနားထောင်နေတဲ့ လူအုပ်ကြီးဖြစ်လာဖို့အတွက်တော့ အဲဒီလူတွေက လုံလောက်နေခဲ့တယ်။
"ပြီးတော့ လမ်းမတွေပေါ်မှာ မောင်းနေတာ မြင်ရတဲ့ မော်တော်ကားတွေကလည်း သူမရဲ့ ဖန်ဆင်းမှုတွေ၊ သူမရဲ့ သားသမီးတွေပဲ။ ဒါကြောင့်မို့လို့ မြင်းတွေမပါဘဲ၊ မှော်ပညာတွေမလိုဘဲ အလုပ်လုပ်နိုင်ကြတယ်။ သူတို့က သက်ရှိထင်ရှား သတ္တဝါတွေပဲဗျ။ စက်နှိုးလိုက်တိုင်း ဟိန်းဟိန်းထွက်လာတဲ့ သူ့ရဲ့ အသက်ရှူသံကို ကြည့်လိုက်ကြဦး။ နေမင်းကြီးလို လင်းထိန်သွားတဲ့ သူ့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ကြဦး။ ဒါတွေဟာ သူမရဲ့ ဖန်ဆင်းမှုတွေဆိုတာ ခင်ဗျားတို့ မမြင်ကြဘူးလား"
ဒါကို ကြားလိုက်ရတဲ့အခါ မိုက်ကယ်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်မိတယ်။ ကံမကောင်းစွာနဲ့ပဲ လူအတော်များများက အဲဒီလူရဲ့ စကားကို ယုံကြည်နေကြပြီး အခုဆို မော်တော်ကားတွေကို နတ်ဘုရားမလိုမျိုး ထူးဆန်းတဲ့ အရာတစ်ခုလို သဘောထားနေကြပြီ ဖြစ်တယ်။
အဲဒါကြောင့်မို့လို့ပဲ သူတို့က မော်တော်ကားတစ်စီးကို စီးဖို့အတွက် မဟုတ်ဘဲ ကိုးကွယ်ပူဇော်ဖို့အတွက် ဝယ်ချင်နေကြတယ်။
အခုအချိန်မှာတော့ မိုက်ကယ်အနေနဲ့ ဒါတွေဖြစ်ပျက်နေတာကို တကယ်ပဲ တားဆီးလို့ မရနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် မည်သူမဆို ကိုယ်ပိုင်ဘာသာတရားကို ယုံကြည်ခွင့်ရှိတဲ့ လွတ်လပ်တဲ့ ကမ္ဘာကြီးကို သူက ယုံကြည်တာကိုး။ ပြီးတော့ တရားမျှတစွာ ပြောရရင် သူကိုယ်တိုင်လည်း အဲဒီနေ့က မြင်ခဲ့ရတဲ့ သတ္တုကိုယ်ထည်နဲ့ အမျိုးသမီးကို နတ်ဘုရားလို အရာတစ်ခုလို့ ယုံကြည်မိတာပဲ။
ဒါပေမဲ့လည်း သူတို့ဟာ အန်ဂိုရာမြို့နဲ့ ဂရက်ဖ်တက်ကလတ်စတာမှာ မော်တော်ကား လိုအပ်ချက် အမြောက်အမြား ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။
အန်ဂိုရာမြို့မှာ လူတွေက ဈေးကြီးတဲ့ ကားတွေကို ဘာကြောင့် ဝယ်နေကြသလဲဆိုတာကို သူ နားလည်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက မြို့တော်ကြီးပဲလေ။ ဒီမှာရှိတဲ့ လူတွေက ပိုပြီးတော့ ချမ်းသာကြတယ်။
ဒါပေမဲ့ ဂရက်ဖ်တက်ကလတ်စတာမှာတော့ အိမ်တွေကို ဆောက်ဖို့အတွက် သစ်သားနဲ့ သက်ငယ်တွေကို သုံးနေရတုန်းဖြစ်တဲ့ လူနေအခြေချမှုတွေ အများကြီး ရှိနေသေးတယ်။ သို့သော်လည်းပဲ ဒီဒေသက မြို့တော်ကြီးထက်တောင် ကားအမှာစာ အများဆုံး ရရှိထားတဲ့ ဒေသဖြစ်နေခဲ့တယ်။
ပိုပြီးဆင်းရဲတဲ့ဒေသတစ်ခုအနေနဲ့ ကားတွေကို အလိုရှိတဲ့အထိ တိုးတက်လာဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် အချိန်ယူရမှာ ဖြစ်တယ်။
မိုက်ကယ်က ကင်းစ်နယ်မြေကို မော်တော်ကားတွေ အများကြီး စောစောစီးစီး မိတ်ဆက်ပေးခဲ့စဉ်ကတောင် အခုအချိန်ကျမှသာ အဲဒီနယ်မြေတွေက ကားဝယ်နိုင်လောက်အောင် ချမ်းသာလာတာ ဖြစ်တယ်။ ကုန်တင်ကားတွေ၊ တက္ကစီတွေနဲ့ ကွန်ကရစ်လမ်းတွေရဲ့ အကူအညီနဲ့ ကင်းစ်နယ်မြေတစ်ခုလုံး ပိုပြီးချမ်းသာလာဖို့ စီးပွားရေး တဟုန်ထိုး တက်လာတာက နှစ်နှစ်နီးပါး အချိန်ယူခဲ့ရတယ်။
ကွင်းစ်နယ်မြေမှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မိုက်ကယ် ထင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အိုင်းရွန်းမေဒင်က ဒီဖြစ်စဉ်ကို မြန်ဆန်အောင် လုပ်လိုက်တဲ့အတွက် မော်တော်ကားတွေ ပြတ်လပ်မှုကို ဖြစ်ပေါ်စေခဲ့တယ်။
ဒါပေမဲ့ မိုက်ကယ်အနေနဲ့ တကယ်တမ်း ညည်းညူလို့တော့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် လိုအပ်ချက် ပိုများလေလေ ကုမ္ပဏီအတွက် ငွေပိုရလေလေပဲ မဟုတ်လား
ပြဿနာကတော့ သူတို့အနေနဲ့ ဒီလိုအပ်ချက်ကို အမီမလိုက်နိုင်တာပဲ ဖြစ်တယ်။
သူတို့ အမီမလိုက်နိုင်ကြတော့ဘူး။
သူတို့မှာ ငွေတွေအများကြီး၊ မိုက်ကယ် ဘယ်မှာ သုံးရမှန်းတောင် မသိလောက်အောင် အများကြီး ရှိနေပေမဲ့လည်း တဟုန်ထိုး တိုးချဲ့နေတဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် အရင်းအမြစ်တွေ ပိုရနိုင်မယ့် နည်းလမ်းကို သူ ရှာမတွေ့နိုင်ဘဲ ဖြစ်နေတယ်။
မော်တော်ကားတွေက မထုတ်ရသေးခင်ကတည်းက နေရာအနှံ့မှာ ရောင်းကုန်နေကြတယ်။ မော်တော်ကားတစ်စီး ရဖို့အတွက် စောင့်ဆိုင်းရမယ့် စာရင်းကလည်း ပိုပြီးတော့ ရှည်လျားလာနေပြီး လူတွေက သူတို့ရဲ့ အိမ်ရှေ့အရောက် ကားမလာခင်အထိ လအတော်ကြာအောင် စောင့်နေရနိုင်တယ်။
ပြီးတော့ အန်ဂိုရာမြို့ရဲ့ လမ်းမတွေပေါ်မှာ နေ့တိုင်း ကင်းလှည့်နေတဲ့ ရီနေးတားရဲ့ အရိပ်အဖွဲ့ထဲက အောက်ခြေအဆင့်တွေဆီကနေ သူ့ထံ ပေးပို့လာတဲ့ အစီရင်ခံစာအချို့အရ မော်တော်ကားတွေကို နေ့ရောညပါ ပိုပြီးတော့ အဆမတန် မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ပြန်လည်ရောင်းချတာတွေ ရှိနေတယ်။
အခုအချိန်မှာတော့ မိုက်ကယ်အနေနဲ့ ဒါကို တကယ်ပဲ ပြဿနာတစ်ခုလို့ မသတ်မှတ်ပါဘူး။ ကုန်ပစ္စည်းတွေ ပြတ်လပ်မှု ရှိလာတဲ့အခါတိုင်း ဈေးကွက်က တုံ့ပြန်တတ်တဲ့ ပုံစံမျိုးပဲလေ။
သူ စိုးရိမ်တာကတော့ ဒီလို ဈေးနှုန်းတွေကြောင့် မော်တော်ကားတွေက ပြည်သူတွေ လက်လှမ်းမမီနိုင်တဲ့ အရာ တဖြည်းဖြည်း ဖြစ်လာမှာကိုပဲ။
သူက ဒီပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ရွှေလမ်းမကြီး တိုးချဲ့မှုကို ရပ်တန့်ရမှာဖြစ်ပြီး အရင်းအမြစ်တွေကို မော်တော်ကား ထုတ်လုပ်မှုဆီ ပြန်လည်ပေးရမှာ ဖြစ်တယ်။ ဒါပေမဲ့ မိုက်ကယ်က ဒါဟာ မှားယွင်းတဲ့ နည်းလမ်းဖြစ်လိမ့်မယ်လို့ တွေးမိတယ်။
အရင်းအမြစ်တွေ ပိုမိုရှာဖွေနိုင်ဖို့အတွက် နယ်မြေအသစ်တွေကို သူ ဆက်ပြီး တိုးချဲ့ဖို့ လိုအပ်တယ်။
'ဒါက ငါ့ကို နည်းနည်းတော့ စိတ်ဖိစီးစေတာပဲ' လို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်မိတယ်။
ဒီလိုမျိုး တစ်ယောက်တည်း အတွေးလွန်နေတာက သူ့ကို နည်းနည်း ဗိုက်ဆာလာစေတယ်။ ပြီးတော့ သူက ဒီကို ရောက်နေတာနဲ့တင် အန်ဂိုရာမြို့က ဒေသခံ စားသောက်ဆိုင်တစ်ဆိုင်ကို ရှာပြီး ဝအောင်စားဖို့ သူ ဆုံးဖြတ်လိုက်တယ်။
သူက လမ်းမတွေပေါ်မှာ တစ်ယောက်တည်း လမ်းလျှောက်လာခဲ့တယ်။ ဒီမှာရှိတဲ့ လူအနည်းစုကသာ သူ့မျက်နှာကို သိကြလို့ သူ ဝမ်းသာမိတယ်၊ မဟုတ်ရင်တော့ လမ်းမတွေပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ ဒီလို အေးအေးချမ်းချမ်းနဲ့ တိတ်ဆိတ်မှုကို သူ ရနိုင်မှာ မဟုတ်ဘူး။
အန်ဂိုရာမြို့ကို နောက်ဆုံးမှာ အကြီးစား ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့အတွက် ကြိုတင်လေ့လာတာတွေနဲ့ ခန့်မှန်းတွက်ချက်မှုတွေ လုပ်နေကြတဲ့ ရီနေးတားကုမ္ပဏီရဲ့ ပါရမီရှင် အင်ဂျင်နီယာ အချို့နဲ့ သူ ဆုံခဲ့တယ်။
သူတို့က အလုပ်ပြီးသွားတာမို့ တိုင်းတာနေတဲ့ အဆောက်အအုံထဲကနေ ထွက်လာကြပြီး စားသောက်ဆိုင်အသေးလေးတစ်ခု ရှိတဲ့ လမ်းရဲ့ တစ်ဖက်ခြမ်းဆီ ဆင်းလာကြတာ ဖြစ်တယ်။
ဒီစားသောက်ဆိုင်အသေးလေးက အိမ်တစ်အိမ်ရဲ့ ဝရံတာကို လူ ၁၀ ယောက်စာလောက်ပဲ ဆန့်အောင် ပြန်လည်ပြင်ဆင်ထားသလိုမျိုး အရမ်းကို ရိုးရှင်းလှတယ်။
ဒါတင်မကဘဲ အဲဒီနေရာက နံရံတွေမှာ ဆေးတွေကွာကျနေပြီး၊ ကြမ်းပြင် သစ်သားပြားတွေကလည်း ကျွိကျွိမြည်နေကာ၊ ကုလားထိုင်တွေနဲ့ စားပွဲတွေကလည်း ပျက်စီးလုနီးပါး ဖြစ်နေတဲ့အတွက် ဆိုင်က တော်တော်လေးကို ဟောင်းနွမ်း စုတ်ပြတ်နေတယ်။
ဆိုင်ထဲမှာရှိတဲ့ တစ်ဦးတည်းသော ဖောက်သည်တွေကတော့ ရီနေးတားကုမ္ပဏီရဲ့ ပါရမီရှင် အင်ဂျင်နီယာတွေနဲ့ ခွက်တစ်ခုထဲက ရေကို တမြုံ့မြုံ့သောက်နေတဲ့ အဘိုးအိုတစ်ယောက်ပဲ ဖြစ်တယ်။
"သခင်… ဒီကို ရောက်နေတာပဲ" အင်ဂျင်နီယာတွေက သူ့ရဲ့ ရှိနေမှုကို နောက်ဆုံးမှာ သတိပြုမိသွားပြီး လှမ်းဖိတ်ခေါ်လိုက်ကြတယ်။
သူတို့က မိုက်ကယ်ကို သူတို့စားပွဲဆီ ဖိတ်ခေါ်ကြတာမို့ သူလည်း သူတို့နဲ့အတူ ဝင်ထိုင်လိုက်တယ်။ သူတို့က အစပိုင်းမှာ အလုပ်အကြောင်းအချို့ကို ပြောဖြစ်ကြပေမဲ့ နောက်ဆုံးမှာတော့ မိုက်ကယ်က သူတို့ကို ဒီမေးခွန်း မေးလိုက်တယ်။
"မင်းတို့ ဘာလို့ ဒီမှာ လာစားနေကြတာလဲ"
"ခင်ဗျား ဒီကြက်သားကို မြည်းစမ်းကြည့်ရမယ် သခင်" ဟော့ဘ်မျောက်လူက စိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ်။ "ဒါက တကယ်ကောင်းတာဗျ။ ဒါက ကျွန်တော်တို့ ရီနေးတားနိုင်ငံတော်မှာ စားခဲ့ရတဲ့ ကြက်ကြော်တွေကို သတိရစေတယ်"
မိုက်ကယ်ရဲ့ မျက်ခုံးက ပင့်တက်သွားတယ်။ ကြက်ကြော် ဟုတ်လား။
မကြာခင်မှာပဲ ခပ်ကြမ်းကြမ်း သွင်ပြင်ရှိတဲ့ အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်နဲ့ သူ့ရဲ့ သားဖြစ်သူတို့က မီးဖိုချောင်ထဲကနေ ထွက်လာကြပြီး အခိုးအထွက်ထွက်နဲ့ ပူပူနွေးနွေး ကြက်တစ်ကောင်လုံး ထည့်ထားတဲ့ ပန်းကန်နှစ်ချပ်ကို ယူဆောင်လာခဲ့တယ်။
အင်ဂျင်နီယာတွေက စားဖိုမှူးကို ကျေးဇူးတင်လိုက်ကြပြီး ကြက်သားတစ်ဖဲ့ကို ကိုယ်စီ ဖဲ့ယူလိုက်ကြတယ်
"ငါ့အိမ်ကို အရမ်းသတိရစေတာပဲ"
သူ့ရဲ့ စူးစမ်းလိုစိတ်နဲ့ ဗိုက်ဆာနေမှုကြောင့် မိုက်ကယ်က ကြက်ပေါင်တစ်ချောင်းကို ဖဲ့ယူလိုက်တဲ့အခါ ကြက်အရေခွံရဲ့ ကျွတ်ခနဲ မြည်သံကို ခံစားလိုက်ရတယ်။ ဒါတင်မကဘဲ ကြက်သားအနှစ်ကနေ အရသာရှိတဲ့ အရည်တွေ စိမ့်ထွက်လာတာမို့ တကယ်ကို သွားရည်ယိုစရာ ကောင်းလှတယ်။
သူ့ရဲ့ မျက်လုံးတွေက အံ့ဩမှုကြောင့် ဝိုင်းစက်သွားခဲ့တယ်။
အဲဒီအကျွတ်သံက ဒီကမ္ဘာမှာကော၊ သူ့ရဲ့ အရင်ကမ္ဘာမှာပါ သူစားဖူးသမျှ အရာအားလုံးထက် ပိုပြီး ကျွတ်ဆတ်နေခဲ့တယ်။ ကြက်အရေခွံပေါ်က ဆော့စ်က သူ့ရဲ့ အာရုံတွေကို စပ်ရှိန်းရှိန်း ခံစားမှုမျိုး ပေးစွမ်းနိုင်ပေမဲ့ လျှာပေါ်မှာတော့ အရသာ အတော်လေး တွေ့စေတယ်။ ပြီးတော့ ကြက်သားအနှစ်ကလည်း ကိုက်လိုက်တဲ့ အရသာအားလုံးကို မျှတသွားစေပြီး အရသာ အစုံအလင်ကို ပြည့်စုံသွားစေတယ်။
မိုက်ကယ်က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ နောက်ထပ်တစ်ကိုက်၊ ပြီးတော့ နောက်ထပ်တစ်ကိုက် ထပ်ကိုက်မိပြန်တယ်။
ဒါဟာ သူစားဖူးသမျှ ကြက်သားတွေထဲမှာ အကောင်းဆုံးနဲ့ အမြိန်ဆုံး ကြက်သားတစ်ဖဲ့ပဲ ဖြစ်တော့တယ်။
* * * * * * * *
စာစဉ်(၂၆)
အခန်း(၃၁၂)
မိုက်ကယ်က သူ ခုတင်တင်ပဲ အားရပါးရ စားလိုက်တဲ့၊ အနှစ်တွေ သေချာဝင်ပြီး အတော်လေးကို ကြွပ်ရွနေတဲ့ ကြက်ကြော်ကို ကြည့်လိုက်တယ်။ ဒါက သူ အရင်ဘဝတုန်းက စားခဲ့ဖူးတဲ့ ကြက်ကြော်တွေနဲ့တောင် လုံးဝကို ကွာခြားလွန်းလှတာပါ။ တစ်မျိုးလေး ထူးခြားဆန်းသစ်ပြီး သူ့လျှာပေါ်မှာ ပိုပြီးတော့ အသစ်အဆန်း ဖြစ်နေစေတဲ့ အရာတစ်ခုခု ရှိနေတယ်။
'နိုဗာ... ဒီကြက်ကြော်ကို စကန်ဖတ်ပြီး ဘာလို့ ဒီလောက်တောင် လက်ချောင်းတွေပါ လျက်မိမတတ် အရသာရှိနေရတာလဲဆိုတာ ရှာပေးနိုင်မလား'
[ကောင်းပါပြီ။ ကြက်ကြော်ကို စကန်ဖတ်နေပါတယ်...]
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အမြင်အာရုံထဲမှာ စာသားသေတ္တာကွက်လေးတွေရဲ့ ပုံရိပ်ယောင်တွေ ပေါ်လာပြီး အကွက်တစ်ခုချင်းစီက ကြက်ကြော်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေနဲ့ ချိတ်ဆက်ပြနေတယ်။
[အိမ်မွေးကြက် - သဘာဝအတိုင်း မွေးမြူထားတာဖြစ်ပြီး ဆိုင်ပိုင်ရှင်ကိုယ်တိုင် စိတ်ကြိုက် အသေအချာ ပြုစုပျိုးထောင် မွေးမြူထားတာ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်]
[ပေါင်းဖိုထဲ ထည့်ဖုတ်ထားခြင်း - ဟင်းသီးဟင်းရွက်ဆီကို သုံးပြီးတော့ အပူချိန် ၁၇၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ အရှိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ထားတာ ဖြစ်ပါတယ်]
[အမွှေးအကြိုင်များ - ဒေသထွက် အမွှေးအကြိုင်တွေကို ပေါင်းစပ်ထားတာက ကြက်ကြော်လိုမျိုး အထိအတွေ့ အရသာကို ပေးစွမ်းနိုင်ပါတယ်၊ သို့ပေမဲ့ ဒီလို အစားအစာမျိုးအတွက် ရှိနေတဲ့ ဟင်းချက်နည်း အချက်အလက်တွေထဲမှာ မပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်ခုကို ချက်ပြုတ်တဲ့ ဖြစ်စဉ်ထဲမှာ ထည့်သွင်းထားပုံ ရပါတယ်]
'အဲဒါ ဘာလဲဆိုတာ မင်း ရှာတွေ့နိုင်မလား'
[အသုံးပြုထားတဲ့ အမွှေးအကြိုင်ကို နဂါးနှုတ်ခမ်းမွှေးလို့ ခေါ်ပါတယ်၊ နာမည်ကသာ အဲဒီလို ပေးထားတာ ဖြစ်ပေမဲ့ နဂါးမျိုးနွယ်ဝင်များရဲ့ နယ်မြေက လူတစ်ပိုင်းသတ္တဝါတွေနဲ့တော့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး]
မိုက်ကယ်ရဲ့ အမြင်အာရုံထဲမှာ နဂါးနှုတ်ခမ်းမွှေးရဲ့ ပုံရိပ် ပေါ်လာပြီး အမြစ်ဆီကို ထူးဆန်းစွာ ကွေးညွှတ်ကျသွားပြီးမှ အပေါ်ကို ပြန်တက်လာတဲ့ စိမ်းစိမ်းစိုစို အပင်ငယ်လေးတစ်ခုကို တွေ့လိုက်ရတယ်၊ ကြည့်ရတာ အင်္ဂလိပ်လူကြီးလူကောင်းတစ်ယောက်ရဲ့ နှုတ်ခမ်းမွှေးအတိုင်းပဲ ထင်ယောင်ထင်မှား ဖြစ်စရာ ကောင်းလှတယ်။
-- ဒါက ကွင်းစ်နယ်မြေထဲက တောအုပ်ဒေသတွေမှာ တွေ့ရတတ်တဲ့ ရှားပါး အပင်ငယ်တစ်မျိုး ဖြစ်ပါတယ်။
-- ဒီလို အပင်အမျိုးအစားက လူတွေ ဒါမှမဟုတ် သတ္တဝါတွေ လာရောက်စားသုံးတာကို ကာကွယ်ဖို့အတွက် ပင်ကိုယ် ခုခံကာကွယ်မှုစနစ်တစ်ခု ရှိနေပြီးတော့ မျိုးဗီဇ ပြောင်းလဲသွားတာ ဖြစ်ပါတယ်၊ အဲဒါကို စားသုံးလိုက်တဲ့အခါမှာ အပင်ငယ်ကနေ ထူးခြားတဲ့ ဓာတုပစ္စည်းတစ်ခု ထွက်လာပြီး စားသုံးသူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သဘာဝမှော်စွမ်းအင်နဲ့ ဓာတ်ပြုမှု ဖြစ်စေပါတယ်။
-- တချို့ တိရစ္ဆာန်တွေအတွက်ကတော့ စားသုံးမိရင် ဓာတ်မတည့်တဲ့ ဝေဒနာ ခံစားရစေနိုင်ပါတယ်၊ ဒါပေမဲ့ လူသားတွေအတွက်ကတော့ စားလိုက်တဲ့အခါ လျှာပေါ်မှာ အနည်းငယ် ပူစပ်ပူလောင် ဖြစ်စေပြီး သူတို့ရဲ့ စွမ်းအင်ပင်လယ်ထဲက မှော်စွမ်းအင်ကို လှုံ့ဆော်ပေးတဲ့ ခံစားမှုမျိုး ရရှိစေမှာ ဖြစ်ပါတယ်။
သာမန်လူသားတွေအတွက် ငရုတ်သီးတွေက စပ်တဲ့အရသာ ရှိအောင် မျိုးဗီဇ ပြောင်းလဲသွားသလိုမျိုးပဲ၊ ဒီနဂါးနှုတ်ခမ်းမွှေးကလည်း မှော်စွမ်းအား တိုးတက်နေတဲ့ လူသားတွေအတွက် စပ်တဲ့အရသာ ရှိလာအောင် မျိုးဗီဇ ပြောင်းလဲသွားတာ ဖြစ်တယ်၊ ပြောရရင် မှော်ငရုတ်သီးစပ်မျိုးပေါ့။
မိုက်ကယ်လိုမျိုး အဆင့်မြင့်ပြီး မှော်စွမ်းရည် ရှိတဲ့ လူသားအများစုကတော့ ဒီကမ္ဘာက ငရုတ်သီးတွေရဲ့ အစပ်အရသာကို ခံစားရခဲလှတယ်၊ အထူးသဖြင့် သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးတဲ့ ကိုယ်ခံပညာရပ်မန္တန်ကို လေ့ကျင့်ထားတဲ့သူတွေဆိုရင် ပိုတောင် သိသာသေးတယ်။
ဒီရှာဖွေတွေ့ရှိမှုအသစ်က ခံစားမှုအသစ်တစ်ခုကိုပါ ယူဆောင်လာပေးခဲ့တာပဲ။
ဒီလောက် အရသာရှိတဲ့ ကြက်ကြော်တစ်ပွဲကို လူလည်း သိပ်မရှိဘဲ ဟောင်းနွမ်းပျက်စီးနေတဲ့ ဆိုင်လေးတစ်ဆိုင်မှာ ရောင်းချနေတယ်ဆိုတာကို သူ တကယ်တောင် မယုံနိုင်ဘဲ ဖြစ်ရတယ်။
သူက မီးဖိုချောင်ဘက်ကို လှမ်းကြည့်လိုက်တော့ အသက်လတ်ပိုင်း အရွယ် ကြမ်းတမ်းတမ်း ပုံစံနဲ့ စားဖိုမှူးကြီးနဲ့ သူ့ရဲ့ သားလေးတို့ နှစ်ယောက်သား ဒယ်အိုးကြီးထဲမှာ ကြက်ကြော်တွေ ကြော်ဖို့ အတူတူ အလုပ်ရှုပ်နေကြတာကို တွေ့လိုက်ရတယ်။
"ခွင့်ပြုပါဦး" လို့ သူက လှမ်းခေါ်လိုက်တယ်။
စားဖိုမှူးက မိုက်ကယ်ကို လှမ်းကြည့်ပြီး သူ့ရဲ့ ဟင်းချက်တဲ့အလုပ်ကို လက်စသတ်လိုက်တယ်၊ ပြီးတော့ သူ့ရဲ့ ချက်ပြုတ်ရေး ဝတ်စုံနဲ့ လက်ကို သုတ်ပြီး မိုက်ကယ်ဆီ လျှောက်လာတယ်။
"တစ်ခုခု အဆင်မပြေတာ ရှိလို့လားခင်ဗျာ"
"ဒါကို ခင်ဗျားကိုယ်တိုင် ချက်တာလား" မိုက်ကယ်က ပန်းကန်ထဲမှာ တစ်ဝက်လောက်ပဲ ကျန်တော့တဲ့ ကြက်ကြော်ကို ညွှန်ပြပြီး မေးလိုက်တယ်၊ ရီနေးတားက လူတွေကတော့ အစားအစာတွေကို ဆက်တိုက်ပဲ တမြုံ့မြုံ့ ဝါးစားနေကြတယ်။
"ဟုတ်ပါတယ်၊ မိသားစု လက်ဆင့်ကမ်း ဟင်းချက်နည်းပါ" စားဖိုမှူးက ပြန်ဖြေတယ် "ကျွန်တော့်အဖိုးက ကျွန်တော့်ကို သင်ပေးခဲ့တာ"
"ခင်ဗျား ဘာကို သုံးထားတာလဲ... နဂါးနှုတ်ခမ်းမွှေးလား"
မိုက်ကယ်က ဒါကို ရိပ်မိသွားတဲ့အတွက် စားဖိုမှူးမှာ အံ့အားသင့်သွားရတယ် "ဟုတ်ပါတယ်၊ အဲဒါက ခင်ဗျားတို့လို မှော်ဆရာတွေ ကြက်ကြော်မှာ ခံစားရမယ့် အရသာပဲ၊ စားလို့ တော်တော်လေး ကောင်းတယ်လို့ ကြားဖူးတယ်"
အဲဒီအချိန်မှာ သူ့ရဲ့ ကလေးငယ်ကတော့ သူ့အဖေရဲ့ ခြေထောက်နောက်ကနေ ပုန်းပြီး မိုက်ကယ်ကို လှမ်းချောင်းကြည့်နေတယ်၊ မိုက်ကယ်က သူ့ထက် အသက်အနည်းငယ်ပဲ ကြီးဦးမယ့် ပုံစံမျိုး ဖြစ်ပေမဲ့ တော်တော်လေးကို ရင့်ကျက်တဲ့ ပုံစံ ပေါက်နေတယ်။
"ခင်ဗျားရဲ့ ကြက်ကြော်က ကျွန်တော် စားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး အစားအစာပဲ၊ ဒါ တကယ် ပြောတာနော်" မိုက်ကယ်က စားဖိုမှူးကို စိတ်ရင်းမှန်နဲ့ ချီးကျူးလိုက်တယ်။
"ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါက ဒီက ကျွန်တော့် သားလေး ကျောင်းတက်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးတော့ ရှာပေးနိုင်ပါတယ်" လို့ သူက ပြောရင်း သားဖြစ်သူရဲ့ ဆံပင်တွေကို ဖွဖွလေး ပွတ်သပ်ပေးလိုက်တယ်။
ဒီလောက် အရသာရှိတဲ့ အစားအစာတစ်ခုက အန်ဂိုရာမြို့မှာ လူသိနည်းပြီး ဒီလို ဖြစ်နေရတာကို မိုက်ကယ် တော်တော်လေး နှမြောမိသွားတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း ဒီကမ္ဘာက သတင်းအချက်အလက် ရှားပါးပြီး လူသိများအောင် လုပ်ဖို့ ခက်ခဲတဲ့ ခေတ်ကာလကို ရောက်နေတာကိုး။
ဒီလို လူမသိသေးတဲ့ ရတနာသိုက်လို ဆိုင်လေးအကြောင်း ကောင်းသတင်း ဖြန့်ဝေပေးနိုင်မယ့် အွန်လိုင်း သုံးသပ်ချက် ဝဘ်ဆိုက်တွေလည်း ရှိမနေဘူး။ တစ်ဆင့်စကား တစ်ဆင့်ကြား စနစ်ပဲ ရှိတာလေ။
မိုက်ကယ်အနေနဲ့ ရီနေးတားရဲ့ ထုတ်ကုန်တွေအကြောင်းကို လူသိများအောင် ဖြန့်ဝေနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူ အသုံးပြုနိုင်မယ့် ငွေကြေးအမြောက်အမြား ရှိနေလို့ပဲ ဖြစ်တယ်။ သူက သတင်းစာတွေ၊ မြို့ပတ်အော်ဟစ် ကြေညာသူတွေနဲ့ အခြား အရာအားလုံးကို ငှားရမ်းနိုင်ခဲ့တာကိုး။
ဒါပေမဲ့ ဒီနေရာမှာတော့ အခန်းထဲက ကျိုးပဲ့နေတဲ့ ကုလားထိုင်တွေကို လဲလှယ်ဖို့တောင် ငွေကြေးအလုံအလောက် မရှိရှာဘူး။
အစားအစာက ဘယ်လောက်ပဲ ကောင်းကောင်း၊ နောက်ဆုံးမှာတော့ ဘယ်သူမှ မသိရင် ဘာမှ အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူးလေ။
"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့ မေ့သွားတယ်၊ ကျွန်တော်က မိုက်ကယ်ပါ" သူက စားဖိုမှူးဆီ လက်ကမ်းပေးလိုက်တယ်။
"တိုနီပါ" စားဖိုမှူးက ပြန်ဖြေတယ် "ပြီးတော့ ဒါက ကျွန်တော့် သားလေး ရီမီ"
မိုက်ကယ်က တိုနီနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ် "ကျွန်တော် ခင်ဗျားကို အလုပ်တစ်ခု ကမ်းလှမ်းချင်တယ်" လို့ သူက ပြောလိုက်တယ်။
"ခင်ဗျားရဲ့ ဘဝကို ပြောင်းလဲပေးနိုင်မယ့် အခွင့်အရေးမျိုးပေါ့၊ ခင်ဗျားရဲ့ ဆိုင်က ကမ္ဘာပေါ်မှာ အကြီးဆုံး ဆိုင်ကြီးတွေထဲက တစ်ဆိုင် ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိတာကို ကျွန်တော် မြင်နေရတယ်၊ နေ့တိုင်း လူပေါင်း ထောင်နဲ့ချီပြီး လာရောက် စားသုံးကြမယ့် ဆိုင်မျိုးပေါ့"
မိုက်ကယ်ရဲ့ စကားတွေကြောင့် ရီမီရဲ့ မျက်လုံးလေးတွေက အိမ်မက်တွေ ယှက်သန်းပြီး တောက်ပသွားခဲ့တယ်။ သို့ပေမဲ့ သူ့အဖေကတော့ ဒီလောက်နဲ့ လွယ်လွယ်နဲ့ စိတ်မလှုပ်ရှားသွားဘူး။
"ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား" တိုနီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို လေသံမျိုးနဲ့ ပြောလိုက်တယ် "ဒီမှာ ဘယ်သူမှမရှိတာကို ခင်ဗျား မမြင်ဘူးလား၊ ခင်ဗျားမှာ လူတွေ ဒီဆိုင်ကို လာကြည့်အောင် အတင်းအကျပ် လုပ်နိုင်တဲ့ ငွေကြေး မရှိဘူးဆိုရင် ခင်ဗျား ကျွန်တော်တို့ကို ကူညီနိုင်မှာ မဟုတ်ပါဘူး"
ဒီနေရာမှာတင် ရီနေးတားရဲ့ ပါရမီရှင် အင်ဂျင်နီယာတွေ အားလုံးက တိုနီကို လှမ်းကြည့်လိုက်ကြတယ် "စားဖိုမှူးကြီး... ခင်ဗျား ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ မသိဘူးလား၊ ဒါ ကျွန်တော်တို့ရဲ့ သခင် မိုက်ကယ်လေ၊ သူက ရီနေးတားရဲ့ အပိုင်ရှင်ပဲ"
တိုနီက မိုက်ကယ်ကို အခြား အကြည့်တစ်မျိုးနဲ့ ကြည့်လိုက်မိတော့တယ်။ သူက အပြင်ကို သိပ်မထွက်ဘဲ အချိန်အများစုကို မီးဖိုချောင်ထဲမှာပဲ ကုန်လွန်စေခဲ့တာ ဖြစ်ပေမဲ့ ရီနေးတားကုမ္ပဏီအကြောင်းကိုတော့ သူလည်း ကြားဖူးထားတယ်။ အန်ဂိုရာမြို့က လူတိုင်းနီးပါးက သူတို့ရဲ့ နာမည်နဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို သိကြတာပဲလေ။
အစောပိုင်းကတော့ မိုက်ကယ်က စကားကြီးစကားကျယ် ပြောနေတယ်လို့ သူ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ သူ တကယ် လုပ်နိုင်တဲ့သူမှန်း သိသွားတဲ့အခါမှာ တိုနီက မိုက်ကယ်ရဲ့ ကမ်းလှမ်းချက်ကို ပိုပြီးတော့ အလေးအနက် စဉ်းစားလာမိတယ်။
"ခင်ဗျားတို့လို ကုမ္ပဏီကြီးတစ်ခုက ကျွန်တော့်ရဲ့ ဆိုင်သေးသေးလေးကနေ ဘာကို လိုချင်လို့လဲ၊ ခင်ဗျားတို့အတွက် ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ဘူး"
မိုက်ကယ်ကတော့ အဲဒီလို မထင်ဘူး "ကျွန်တော်က ဒီမှာ ပရဟိတ လာလုပ်နေတာ မဟုတ်ပါဘူး" လို့ သူက ပြောတယ် "ခင်ဗျားရဲ့ ဆိုင်က ကမ္ဘာပေါ်မှာ အကြီးဆုံး အစားအသောက် လုပ်ငန်းကြီးတွေထဲက တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်... အနည်းဆုံးတော့ ကျွန်တော့်ရဲ့ အကူအညီနဲ့ပေါ့။
ခင်ဗျားသာ ရီနေးတားရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်လာမယ်ဆိုရင် ခင်ဗျားရဲ့ ဒီလို ဟောင်းနွမ်းပျက်စီးနေတဲ့ ဆိုင်အိုလေးကို မြို့လယ်ခေါင်က ဆိုင်ကြီးတစ်ဆိုင် ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်"
တကယ်တော့ မိုက်ကယ်အနေနဲ့ တိုနီကို ဒီလို အကျိုးအမြတ်များတဲ့ အလုပ်ကို ကမ်းလှမ်းဖို့တောင် မလိုပါဘူး။ ဘာလို့လဲဆိုတော့ နိုဗာက တစ်ကြိမ်လောက် မြည်းစမ်းကြည့်ရုံနဲ့တင် ဒီကြက်ကြော်ရဲ့ ဟင်းချက်နည်းကို သူ့ဘာသာ ပြန်လည် ဖော်စပ်နိုင်လို့ပဲ။ အဲဒါကို သူ့ဘာသာ ရောင်းချပြီး ရီနေးတားရဲ့ ဘေးမှာ နောက်ထပ် လက်အောက်ခံ ကုမ္ပဏီကြီးတစ်ခုကိုလည်း တည်ထောင်နိုင်တာပဲလေ။
ဒါပေမဲ့ အဲဒါက မရိုးသားတဲ့ စီးပွားရေး လုပ်ဆောင်ချက် ဖြစ်နေလိမ့်မယ်။ သူက အဲဒီလိုလူမျိုး မဖြစ်ချင်ဘူး။
"ဒါက တကယ်ကော ဖြစ်နိုင်လို့လား" တိုနီက သူ့ဘာသာ ရေရွတ်လိုက်တယ်။ သူက ကလေးဘဝတုန်းကတည်းက ဒီလို မြင့်မားတဲ့ အိမ်မက်တွေကို စွန့်လွှတ်ခဲ့ရတာ၊ အခုတော့ မိုက်ကယ်က သူ့ကို အဲဒီအရာကိုပဲ ကတိပေးနေတာကိုး။
"ဒါပေါ့၊ ခင်ဗျားသာ ကျွန်တော့်ရဲ့ ကုမ္ပဏီအောက်ကို ရောက်လာရင် ခင်ဗျားရဲ့ လုပ်ငန်းကို ပိုပြီး တိုးချဲ့ဖို့ လိုအပ်မယ့် အရင်းအမြစ်တွေ အားလုံးကို ကျွန်တော် ပံ့ပိုးပေးမှာပါ"
တိုနီရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေ တောက်ပလာတာကို မိုက်ကယ် မြင်လိုက်ရတယ်။ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ပြီး "ကျွန်တော်က ဆိုင်ကြီးကြီးမားမားကြီး ဖွင့်ချင်တာ မဟုတ်ပါဘူး" လို့ ပြောတယ် "ကျွန်တော်က ကျွန်တော်နဲ့ ကျွန်တော့် သားလေး လိုချင်သလို နေထိုင်နိုင်ဖို့ လုံလောက်တဲ့ ငွေကြေးပဲ ရချင်တာပါ"
သားအဖနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတယ်။
"ခင်ဗျား လိုချင်တာ အဲဒါဆိုရင်လည်း ကောင်းပါပြီ၊ ကျွန်တော်တို့က ခင်ဗျားရဲ့ ဆိုင်ကို စီမံခန့်ခွဲပေးပြီး ဝင်ငွေရဲ့ အစိတ်အပိုင်းတစ်ခုကို ပေးမှာပေါ့၊ ဒါတင်မကသေးဘူး ခင်ဗျားရဲ့ သားလေးက ရီနေးတားကို ဝင်ရောက်ချင်တယ်ဆိုရင်လည်း သူက ဒီလက်အောက်ခံ ကုမ္ပဏီရဲ့ ပိုင်ရှင်အဖြစ် သူ့ရဲ့ ရပိုင်ခွင့်အတိုင်း နေရာယူနိုင်မှာ ဖြစ်ပါတယ်"
* * * * *