အခန်း (၃၁၃-၃၁၄)
Vol. 27 Ch. 313-314
အခန်း(၃၁၃)
“မင်းတို့က ရီနေးတားရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တွေ ဖြစ်သွားပြီဆိုတော့ ခံစားခွင့်တချို့ ရမှာပေါ့” လို့ မိုက်ကယ်က တိုနီနဲ့ ရယ်မီကို ပြောလိုက်တယ်။
မိုက်ကယ်က ရီနေးတားအဖွဲ့ဝင်တစ်ယောက် ရနိုင်တဲ့ အကျိုးခံစားခွင့်တွေအကုန်လုံးကို တစ်ခုချင်း စာရင်းစီပြလိုက်တဲ့အခါ သားအဖနှစ်ယောက်လုံး မျက်လုံးအဝိုင်းသား ဖြစ်သွားကြတယ်။ ရီနေးတားနိုင်ငံတော်ထဲမှာ အိမ်ရာ အာမခံချက်ရှိတာ၊ အလုပ်အကိုင် အာမခံချက်ရှိတာနဲ့ ပင်ကိုယ်စွမ်းရည် နိုးထခြင်းကို အခမဲ့ လုပ်ခွင့်ရမှာတွေက တကယ် မဟုတ်ဘဲ အိပ်မက်တစ်ခုလိုမျိုး ဖြစ်နေစေတယ်။
နောက်ဆုံးပြောလိုက်တဲ့အချက်ကတင် တိုနီ့အတွက်တော့ သူ့ဆိုင်လုပ်ငန်းတစ်ခုလုံးကို မိုက်ကယ်ဆီ ပုံအောရောင်းချဖို့ လုံလောက်သွားစေခဲ့တယ်။ တကယ်တော့ ဆိုင်က အဆင်မပြေတာတောင် ဇွတ်မှိတ်ပြီး ဆက်ဖွင့်နေခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူ့သားလေးကို စွမ်းရည်နိုးထခွင့် ရစေချင်လို့ပဲ ဖြစ်နေတာကိုး။
ဒါပေမဲ့ အခုတော့ မိုက်ကယ်က အဲဒါကို အပိုဆုအနေနဲ့ ပေးမယ်တဲ့။ တိုနီသာ မိုက်ကယ်က သူ့သားအတွက် စွမ်းရည်တွေကို စိတ်ကြိုက်ပြင်ဆင်ပြီး ပေးနိုင်တယ်ဆိုတာကို သိသွားရင်တော့ သတိလစ်သွားမလားပဲ။
“ဟုတ်ကဲ့၊ ကျွန်တော်တို့ ရီနေးတားအဖွဲ့ဝင်တွေ ဖြစ်ချင်ပါတယ်”
ရီနေးတားရဲ့ အကျိုးခံစားခွင့်တွေကို သိလိုက်ရပြီးတဲ့နောက် တိုနီ့သဘောထားက ချက်ချင်း ပြောင်းလဲသွားတယ်။ သူတို့ စာချုပ်ရဲ့ အသေးစိတ်အချက်အလက်တွေကို သေချာ မညှိနှိုင်းရသေးပေမဲ့ သူတို့ဘက်က နာမည်ပျက်မယ့် စာချုပ်ဖြစ်နေရင်တောင် လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေပြီလေ။
“ကျွန်တော့်ရဲ့ ဟင်းချက်နည်းကို ယူလိုက်ပါတော့” လို့ တိုနီက ကမန်းကတန်း လွှတ်ခနဲ ပြောလိုက်တယ်။
ဒါပေမဲ့ မိုက်ကယ်က သူ့အပေါ် မတရားလုပ်ဖို့ စိတ်ကူးမရှိပါဘူး။ “မဟုတ်တာ၊ ဆိုင်နဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ဦးလေးပဲ ဆုံးဖြတ်ခွင့်ပေးမှာပါ။ ဘာချက်မလဲ၊ ဘာရောင်းမလဲ၊ ဘာလုပ်မလဲဆိုတာ ဦးလေး ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဘေးကနေပဲ ကူညီပေးသွားမှာပါ။ ဒီဆိုင်က ဦးလေးတို့ မိသားစုရဲ့ အမွေအနှစ်အဖြစ် ဆက်ရှိနေဦးမှာပါ” လို့ မိုက်ကယ်က ကတိပေးလိုက်တယ်။
“ကြားတယ်မလား ရယ်မီ၊ မင်း အသက်တစ်ဆယ်ပြည့်ရင် ပင်ကိုယ်စွမ်းရည် နိုးထလို့ရပြီတဲ့”
ကောင်လေးကလည်း သူ့အဖေလိုပဲ ဝမ်းသာအားရ ပြုံးပျော်သွားပြီး “ကျွန်တော်လည်း ဖေဖေ့လိုပဲ စားဖိုမှူးကြီး ဖြစ်ချင်တာ” လို့ ပြောလိုက်တယ်။
သားအဖနှစ်ယောက် ဖက်လဲတကင်း ဖြစ်သွားပြီးမှ တိုနီက မိုက်ကယ်ဘက် လှည့်လာတယ်။ သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့အတူ ဟင်းချက်ချင်တဲ့ စိတ်ဆန္ဒပြင်းပြမှုတွေက သူ့ဝိညာဉ်ထဲမှာ ပြန်လည်တောက်လောင်လာသလိုပဲ။ နောက်ဆုံးတော့ အဆင်မပြေတဲ့ ဆိုင်လေးထဲမှာ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံခဲ့ရသမျှတွေက အသီးအပွင့် ခံစားရတော့မှာပေါ့။
“ကျွန်တော် ဘာလုပ်ရမလဲ။ လိုအပ်ရင် တစ်ရက်ကို ကြက်ကောင်ရေ ဆယ်ကောင်လောက်အထိ ချက်ပေးနိုင်ပါတယ်”
မိုက်ကယ်က ပြုံးပြလိုက်ပြီး “ကျွန်တော်ကတော့ အကောင်တစ်ရာ ချက်စေချင်တာ” လို့ ပြောလိုက်တယ်။
တိုနီ့မျက်နှာ ချက်ချင်း တောင့်တင်းသွားပြီး “တစ်...တစ်ရာ ဟုတ်လား”
“ဟုတ်တယ်” လို့ မိုက်ကယ်က ခေါင်းငြိမ့်ပြတယ်။ “ပြီးတော့ ကျွန်တော်တို့က အန်ဂိုရာမြို့ပြင်က လူသူမနီးတဲ့ တောခေါင်ခေါင်နေရာမှာ ဆိုင်အသစ် ဖွင့်မှာ။ ဒါပေမဲ့ ရီနေးတား ကားရပ်နားစခန်းတစ်ခုရဲ့ ဘေးကပ်လျက်မှာပေါ့”
သူ့စကားတွေက တိုနီ့ပခုံးပေါ်ကို တန်ချိန်သောင်းချီလေးတဲ့ သံတုံးကြီးတွေ တစ်ခုပြီးတစ်ခု ဆင့်တင်လိုက်သလို ခံစားရစေတယ်။ ကြက်ကောင်ရေ တစ်ရာချက်ဖို့ ဆိုတာကတင် အစကတည်းက မဖြစ်နိုင်သလောက်ပဲကို အခု မိုက်ကယ်က လူသူကင်းဝေးတဲ့ နေရာမှာ ကြက်ကြော် သွားရောင်းခိုင်းနေပြန်ပြီ။ ဒါက မိုက်ကယ်အနေနဲ့ ဆိုင်ကို အောင်မြင်စေချင်တာလား ဒါမှမဟုတ် ဒေဝါလီခံစေချင်တာလားဆိုတာ သူ တောင်တွေးမြောက်တွေး ဖြစ်လာစေတယ်။
တိုနီ့စိတ်ထဲမှာတော့ အခုမြို့ထဲမှာတင် ဖောက်သည်က နည်းလှပြီဆိုတော့ မြို့တော်ပြင်ပကို ပြောင်းလိုက်ရင် ဖောက်သည်က ပိုတောင် မရှိတော့မှာ သေချာသလောက်ပဲ။
“အဲဒီနေရာမှာ ဖောက်သည်တွေ ရအောင် ဘယ်လိုလုပ်မလဲ”
သူတို့စကားပြောတာကို နားထောင်နေတဲ့ အင်ဂျင်နီယာတွေထဲက တစ်ယောက်က ကြားဖြတ်ပြောလာတယ်။ “ဒီလမ်းပေါ်မှာ သွားလာနေတဲ့သူ ခြောက်ထောင်လောက်ရှိပြီး ကွင်းစ်နယ်မြေထဲက ရွှေလမ်းမကြီးတစ်ခုလုံးမှာ ဆိုရင်တော့ စုစုပေါင်း သွားလာနေတဲ့သူ တစ်သောင်းကိုးထောင်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်”
“တကယ်ကြီးလား” တိုနီ လွှတ်ခနဲ မေးလိုက်မိတယ်။
ဆိတ်လူသား အင်ဂျင်နီယာက ကြက်သားကို မြိန်ရေစမ်းရေ ဝါးစားရင်း ပြောနေတာ ဖြစ်ပေမဲ့ သူ့စကားတွေက လုံးဝအမှန်တွေပဲ။ နိုဗာကလည်း ဒါကို အတည်ပြုပေးခဲ့တယ်။
“ဟုတ်တယ်။ ပြီးတော့ အရှေ့ဘက်ကို နယ်မြေချဲ့ထွင်တာ ပြီးသွားရင် ဒီထက်မက ပိုတိုးလာဖို့ ရှိတယ်” လို့ မိုက်ကယ်က ထပ်လောင်းပြောလိုက်တယ်။
တိုနီက ဒီပမာဏကို ကြားပြီး အံ့ဩသွားရပေမဲ့ စီမံကိန်းတစ်ခုလုံးအပေါ် သံသယတော့ ရှိနေတုန်းပဲ။
“ဒါပေမဲ့ ကြက်တွေကျတော့ကော။ တစ်ရက်ကို အဲဒီလောက်အများကြီး ချက်ဖို့အတွက် ကျွန်တော့်မှာ မွေးမြူထားတဲ့ ကြက်အလုံအလောက် မရှိဘူးလေ”
“ကြက်တွေအတွက်တော့ မပူပါနဲ့” လို့ မိုက်ကယ်က ပြောတယ်။
“ကျွန်တော့်ရဲ့ ရီနေးတာမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကလုပ်တဲ့ တခြားလက်အောက်ခံ ကုမ္ပဏီတစ်ခု ရှိသေးတယ်။ ဘားကပ်စ်ကုမ္ပဏီအကြောင်း ကြားဖူးလား”
အဲဒီနာမည်က တိုနီ့အတွက်တော့ ရင်းနှီးနေတဲ့ နာမည်တစ်ခုပဲ။
“ဘားကပ်စ်ကုမ္ပဏီ ဟုတ်လား။ အန်ဂိုရာမြို့မှာရှိတဲ့ အဆင့်မြင့်စားသောက်ဆိုင် အများစုက သီးနှံတွေကို သူတို့ဆီကပဲ ယူကြတာ ကျွန်တော်သိတယ်”
သူတို့က ရီနေးတားရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်လာတဲ့အခါ ဘားကပ်စ်အောက်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့ နယ်မြေတွေအားလုံးကို မိုက်ကယ် မြင်တွေ့နိုင်ခဲ့တယ်။ ဂရက်ဖ်တက်ကလတ်စတာရဲ့ စိမ်းစိုစို တောအုပ်ကြီးတွေထဲမှာ ရှိတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးခြံတွေရဲ့ လေးဆယ်ရာခိုင်နှုန်းလောက်ကို ဘားကပ်စ်ကုမ္ပဏီ တစ်ခုတည်းကပဲ ပိုင်ဆိုင်ထားတာ ဖြစ်တယ်။
အဲဒီမှာရှိတဲ့ တိရစ္ဆာန်တွေထဲကမှ ကြက်တွေဆိုရင် အများကြီး ရှိနေတယ်။ တစ်သက်လုံး သုံးလို့လောက်မယ့် ပမာဏမျိုး မဟုတ်ပေမဲ့ ဆိုင်စဖွင့်ဖို့အတွက်တော့ လုံလောက်ပါတယ်။
“နိုဗာ... ဂရက်ဖ်တက်ကလတ်စတာမှာ ရှိတဲ့ ကျွန်တော်တို့ စိုက်ပျိုးရေးခြံတွေရဲ့ ထွက်နှုန်းကို ပိုကောင်းအောင် လုပ်နိုင်မလားဆိုတာ သွားကြည့်ဖို့ ရီနေးတား ရွှေလယ်ယာတွေကို အကြောင်းကြားပေးဖို့ သတိပေးဦးနော် “
[ နားလည်ပါပြီ။ မှတ်သားထားလိုက်ပါမယ် ]
“ကျွန်တော်တို့ ကြုံရမယ့် တစ်ခုတည်းသော ပြဿနာကတော့ နဂါးနှုတ်ခမ်းမွှေးပဲ ထင်တယ်။ ဒီဆေးဘက်ဝင်အပင်တွေကို ဦးလေး ဘယ်ကနေ ရတာလဲ” လို့ မိုက်ကယ်က မေးလိုက်တယ်။
“မနက်စောစော ပျံကျဈေးတွေကနေ သွားဝယ်ရတာပါ။ ဒါကို ရောင်းတဲ့ ကုန်သည်က အများကြီး မရှိဘူး။ တချို့ရက်တွေဆို ဘယ်သူမှ မရောင်းတဲ့ ရက်တွေတောင် ရှိတယ်”
မိုက်ကယ် နှုတ်ခမ်းကို မစေ့တစေ့ လုပ်လိုက်ပြီး “အဲဒီကုန်သည်တွေကကော ဘယ်ကနေ ရကြတာလဲ ဦးလေး ထင်လဲ”
“နဂါးနှုတ်ခမ်းမွှေးက ကွင်းစ်နယ်မြေရဲ့ နေရာအနှံ့မှာ ပေါက်တတ်တယ်ဆိုပေမဲ့ ဒါကို စိုက်ပျိုးဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းမရှိဘူးလို့ လူသိများကြတယ်။ တောထဲမှာ လိုက်ရှာရတာမျိုးဆိုတော့ အဲဒါကြောင့်ပဲ စျေးကြီးနေတယ်”
ဒါက မိုက်ကယ် စီစဉ်ထားတဲ့ ဆိုင်အတွက် အနည်းဆုံးတော့ ရေရှည်မှာ ပြဿနာဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ရေတိုအတွက်တော့ ဒီပြဿနာက ဖြေရှင်းရလွယ်ကူပါတယ်၊ အဆင်ပြေသွားတဲ့အထိ ပိုက်ဆံတွေ အပုံလိုက် သုံးလိုက်ရုံပဲလေ။
“ဈေးကွက်ထဲမှာ ရှိသမျှ နဂါးနှုတ်ခမ်းမွှေး အကုန်လုံးကို ဝယ်ဖို့ ကျွန်တော့်လူတွေကို ခိုင်းလိုက်မယ်။ အဲဒါမှ မလုံလောက်သေးရင် အင်ဖာနယ်လူစွန့်စားများအဖွဲ့ဆီမှာ တာဝန်တစ်ခု အနေနဲ့ ထုတ်ပြန်လိုက်မယ်။ ဆုကြေး အလုံအလောက်ပေးရင် သူတို့လည်း ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး”
မိုက်ကယ်က နိုဗာနဲ့အတူ အရာရာကို တွက်ချက်ကြည့်ပြီးတဲ့နောက်မှာတော့ ခန့်မှန်းခြေ ပမာဏတစ်ခု ထွက်လာခဲ့တယ်။
“ရွှေဒင်္ဂါးပြား တစ်သန်းလောက်ဆိုရင်တော့ ရလောက်ပြီ” လို့ မိုက်ကယ်က အသံထွက်ပြီး ပြောလိုက်တယ်။
ဒီလိုပြဿနာမျိုးကို ဖြေရှင်းဖို့ ရွှေဒင်္ဂါးပြား တစ်သန်းလောက်ကို ဘာမဟုတ်သလိုမျိုး အလွယ်တကူ သုံးပစ်ဖို့ ဆန္ဒရှိနေတာက တိုနီလို သာမန်လူတစ်ယောက်ရဲ့ အမြင်ကို တကယ်ပဲ ပွင့်သွားစေခဲ့တယ်။ သူကတော့ အဲဒီလို ပမာဏမျိုးကို စိတ်ကူးထဲတောင် ထည့်မကြည့်နိုင်ပေမဲ့ မိုက်ကယ်ကတော့ ဒါက လက်ခံနိုင်တဲ့ ပမာဏတစ်ခုလိုမျိုး ခေါင်းငြိမ့်နေတာ ဖြစ်တယ်။
တကယ်လို့ ပိုက်ဆံကသာ အရာရာကို ဖြေရှင်းနိုင်မယ်ဆိုရင် မိုက်ကယ်အတွက် ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး။ အခု သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ပိုက်ဆံတွေ သုံးပစ်ပြီး ဖြေရှင်းလိုက်ချင်တယ်။
“ဘာပဲဖြစ်ဖြစ် ဦးလေး ဘာမှ စိတ်ပူစရာမလိုပါဘူး။ ဦးလေး လုပ်ရမှာက ဟင်းချက်ပြီး ဖောက်သည်တွေကို ချကျွေးဖို့ပဲ”
တိုနီကတော့ ဘာမှပြန်မပြောနိုင်တော့ဘဲ မိုက်ကယ်ကို ဆက်မမေးတော့ဖို့ ဆုံးဖြတ်ပြီး ခေါင်းပဲ ငြိမ့်ပြလိုက်တော့တယ်။ ဒီကောင်လေးက တကယ်ကြီးကို ချမ်းသာလွန်းနေတာကိုး။
“မင်း သဘောအတိုင်းပဲ လုပ်ပါတော့” လို့ တိုနီက ပြောပြီး ကုလားထိုင်ပေါ် ထိုင်ချလိုက်တဲ့အချိန်မှာပဲ ကုလားထိုင်က ဝုန်းကနဲ ကျိုးကြေသွားခဲ့တယ်။
မိုက်ကယ်က တိုနီနဲ့ ရယ်မီကို ရီနေးတား ဌာနချုပ်ဆီ ခေါ်လာခဲ့တယ်။ သူနဲ့ တိုနီက ယူနာနဲ့ စာချုပ်ကိစ္စ တိုင်ပင်နေတုန်း ရယ်မီကိုတော့ ကုန်တိုက်ထဲမှာ ကြိုက်တာအကုန်ယူဖို့ ခွင့်ပြုပေးထားလိုက်တယ်။
“နောက်ထပ် လက်အောက်ခံ ကုမ္ပဏီတစ်ခု ထပ်တိုးပြန်ပြီလား။ ဒီတစ်ခါကော ဘယ်သူ့ကို ညာခေါ်လာပြန်တာလဲ” လို့ ယူနာက မိုက်ကယ်ကို စနောက်လိုက်တယ်။
ပြီးတော့ သူက တိုနီ့ဘက်လှည့်ပြီး “ဒီလူ့ကို သတိထားနော်။ သူက တစ်ခုခုပေးမယ်လို့ ပြောပြီးရင် မေ့မေ့သွားတတ်တာ... အဟမ်း... ကျွန်မရဲ့ အိုင်စကရင်... အဟမ်း”
“ဟုတ်တယ်” လို့ ယူနာက နှာခေါင်းရှုံ့ပြီး မိုက်ကယ်ဆီကနေ မျက်နှာလွှဲလိုက်တယ်။
“ဘာပဲဖြစ်ဖြစ် ဒါကတော့ ရီနေးတားကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်လာမယ့် စာချုပ်ပါ။ ဒီနေရာနဲ့ ဒီနေရာမှာ လက်မှတ်ထိုးပေးပါ”
တိုနီကလည်း ယူနာ ပြောတဲ့အတိုင်း စာချုပ်စာတမ်းပေါ်မှာ သူ့နာမည်ကို လက်မှတ်ထိုးလိုက်တယ်။
ပြီးတော့ မိုက်ကယ်အလှည့် ရောက်တဲ့အချိန်မှာတော့ စာရွက်က သူ့ခေါင်းကို အသာလေး လာရိုက်သလို ဖြစ်သွားခဲ့တယ်။
သူလည်း စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ရီနေးတားအောက်မှာ လက်အောက်ခံ ကုမ္ပဏီအသစ်တစ်ခု ထပ်တိုးသွားခဲ့ပြီ ဖြစ်တယ်။
“ဦးလေးတို့ရဲ့ ကုမ္ပဏီအသစ်ကို နာမည်ပေးရအောင်။ မက်တိုနီစ် ဆိုရင်ကော ဘယ်လိုလဲ”
(TR Note: လက်ရှိကမ္ဘာက McDonald'sနာမည်ကိုယူပြီး McTony'sဆိုပြီးနာမည်ပေးလိုက်တာ)
* * * * * * * *
စာစဉ်(၂၇)
အခန်း(၃၁၄)
ယူနာ့ဆီကနေ မိုက်ကယ်တစ်ယောက် တံတောင်ဆစ်နဲ့ တို့တာ ခံလိုက်ရပေမဲ့လည်း မက်တိုနီစ် ဆိုတဲ့ ကုမ္ပဏီနာမည်ကိုတော့ တိုနီနဲ့ ရီမီတို့ကိုယ်တိုင် သဘောကျပြီး လက်ခံလိုက်ကြတယ်။ သူတို့ဘက်ကနေ ကြည့်ရင်လည်း နားထဲမှာ ကြားလို့ကောင်းနေတဲ့အပြင် ဒီလိုမျိုး လူစိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်ကို စဉ်းစားပေးနိုင်ခဲ့တဲ့ မိုက်ကယ်ကိုလည်း အသိအမှတ်ပြု ချီးကျူးမိကြတယ်။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်တော့ မိုက်ကယ်ဟာ သူ့ရဲ့ အရင်ဘဝတုန်းက အရမ်းနာမည်ကြီးတဲ့ အသင့်စားအစားအစာ စားသောက်ကုန် လုပ်ငန်းစုကြီးတစ်ခုဆီကနေ ကူးချထားတာလည်း ဖြစ်နိုင်တာပဲလေ။
တကယ်တော့ သူ ဒီနာမည်ကို အရင်ဆုံး စဉ်းစားမိရတဲ့ အကြောင်းရင်းကတော့ မက်တိုနီစ် ကို ကမ္ဘာပေါ်မှာ ပထမဆုံး အသင့်စားအစားအစာ စားသောက်ကုန် လုပ်ငန်းစုကြီး ဖြစ်လာအောင် စီစဉ်နေလို့ပါပဲ။
သူ့ရဲ့အစီအစဉ်က ရွှေလမ်းမကြီး တစ်လျှောက်မှာရှိတဲ့ ကားနားစခန်း တိုင်းမှာ မက်တိုနီစ် ဆိုင်တစ်ဆိုင်စီ ဆောက်ဖို့ ဖြစ်ပြီး လူတွေအနေနဲ့ သူတို့ လိုချင်တဲ့အချိန်တိုင်း မက်တိုနီစ် ရဲ့ ကိုယ်ပိုင်လက်ရာကြက်ကြော်ကို ရနိုင်အောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့အတွက်ဆိုရင်တော့ မက်တိုနီစ် ကြက်ကြော်ကို တကယ့် အသင့်စားအစားအစာ အဆင့်မီအောင် ကြက်သားနဲ့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှာဖွေစုဆောင်းတဲ့ လုပ်ငန်းစဉ်ကို အရင်ဆုံး အခိုင်အမာ တည်ဆောက်ထားဖို့ လိုအပ်နေတယ်။
နောက်ရက်အနည်းငယ်အတွင်းမှာပဲ မိုက်ကယ်နဲ့ တိုနီတို့ဟာ ဘားကပ်စ်ကုမ္ပဏီပိုင်ဆိုင်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးခြံတွေအားလုံးကို လေ့လာကြည့်ရှုဖို့ ဂရက်ဖ်တက်ကလတ်စတာ တစ်ခွင် လှည့်လည်ကြည့်ရှုခဲ့ကြတယ်။
ဘားကပ်စ်ကိုယ်တိုင်လည်း တိုနီကို နောက်ပိုင်းကျရင် လက်တွဲလုပ်ကိုင်ရမယ့် သူ့ရဲ့ ကုန်ကြမ်းထောက်ပံ့သူတွေ၊ အဓိကအားဖြင့်တော့ ကြက်ခြံတွေနဲ့ ဆေးဖက်ဝင်အပင်စိုက်ခင်းတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိအောင် ကူညီပေးခဲ့ပါတယ်။
"ဒါကတော့ ကျွန်တော်တို့ရဲ့ ကြက်မွေးမြူရေးခြံပါဗျာ။ ဒီနယ်မြေထဲက မတူညီတဲ့ ကြက်ခြံအသီးသီးမှာ ကြက်ကောင်ရေ တစ်ထောင်လောက်ကို ခွဲပြီး မွေးမြူထားတာပါ"
သူက ကွင်းပြင်ကျယ်ကြီးထဲမှာရှိတဲ့ ဧရာမတင်းကုပ်ကြီးတွေကို လက်ညှိုးထိုးပြလိုက်ပြီး အထဲက ကြက်တွေရဲ့ အော်မြည်နေကြတဲ့ အသံတွေကြောင့် ဆူညံလို့နေတယ်။
သူတို့ အထဲကို လမ်းလျှောက်ဝင်သွားတဲ့အခါ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားနေကြတဲ့ ကျန်းမာသန်စွမ်းတဲ့ ကြက်တွေကို တွေ့လိုက်ရပြီး အောက်ကနေ ပေါ်လာနိုင်မယ့် ဖြတ်သန်းသွားလာနေတဲ့ တီကောင်တွေကို မြေကြီးထဲ ထိုးဆွရှာဖွေနေကြတာကို မြင်လိုက်ရတယ်။
"ဒီနေရာကတော့ နေ့ခင်းဘက်မှာ ကြက်တွေ လျှောက်သွားတဲ့နေရာပေါ့။ ညဘက်ရောက်ရင်တော့ သူတို့ရဲ့ သက်ဆိုင်ရာ ကြက်ခြံတွေဆီ ပြန်သွားပြီး အိပ်ကြတာ။ ပြီးတော့ မနက်ခင်းမှာ ဥတွေဥပြီး တီကောင်တွေကို ပြန်ပြီး ထိုးဆွရှာဖွေစားသောက်ကြတယ်"
ကြက်တွေကို တစ်နေရာတည်းမှာ ထိန်းသိမ်းထားတဲ့ ခြံစည်းရိုးရဲ့ တစ်ဖက်မှာတော့ ကြက်တွေ အိပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကြက်ခြံ တန်းကြီးတစ်ခု ရှိနေပါတယ်။ မိုက်ကယ်အနေနဲ့ စုဆောင်းသိမ်းဆည်းဖို့ အဆင်သင့်ဖြစ်နေတဲ့ အထဲမှာ ကျန်ခဲ့တဲ့ ကြက်ဥအနည်းငယ်ကိုတောင် လှမ်းမြင်နေရတယ်။
"ဒါနဲ့ ကြက်ပေါက်စလေးတွေကော။ သူတို့ကို ဘယ်မှာ မွေးထားတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။
"ကြက်ဖတွေနဲ့ ကြက်မတွေကို ကြက်ခြံတစ်ခုတည်းမှာ အတူတူ ထားတာဗျ။ သန္ဓေအောင်ထားတဲ့ ကြက်ဥ အလုံးရေ ၁၀၀၀ လောက်ရှိတဲ့ အုပ်စုတစ်ခုမှာဆိုရင် ကျွန်တော်တို့ ကံကောင်းရင် အဲဒီထဲက ၄၀၀ ကနေ ၅၀၀ လောက်က ကြက်အဖြစ် ကြီးထွားလာမှာပါ"
မိုက်ကယ်က ကြက်ခြံထဲက အကြောင်းအချက်အားလုံးကို တွက်ချက်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ စားသောက်ဆိုင်အတွက် တစ်ရက်ကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ အမှန်တကယ် ကြီးထွားလာတဲ့ ကြက်ကောင်ရေ ၅၀ လောက်ကို ပုံမှန် စုဆောင်းရရှိနိုင်မှာကို သဘောပေါက်သွားခဲ့တယ်။
လောလောဆယ်တော့ ဒါက လုံလောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်က ကားနားစခန်းမှာ မက်တိုနီစ် ဆိုင်တစ်ဆိုင်ပဲ ဖွင့်ဖို့ အရင်ဆုံး စီစဉ်ထားတာကိုး။ ဒါပေမဲ့ ကားနားစခန်းတွေ ပိုပြီး ဆောက်လာလို့ မက်တိုနီစ် ဆိုင်တွေ ပိုလိုလာတဲ့အခါမှာတော့ ဒါက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့လည်း အဲဒါက အလွယ်တကူ ဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုပဲလေ။
"ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးဌာနအရာရှိ အန်းကို ခင်ဗျားတို့ရဲ့ မြေတွေကို လာကြည့်ခိုင်းပြီး ထွက်နှုန်း ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ်ပေးခိုင်းလိုက်မယ်" လို့ မိုက်ကယ်က သူ့ရဲ့ မှတ်စုကို ပြန်သတိရရင်း ပြောလိုက်တယ်။
ခေတ်မီနည်းလမ်းတွေကို သုံးပြီး စနစ်တကျ လုပ်ဆောင်နိုင်တဲ့ အရာတွေ အများကြီး ရှိနေတယ်ဗျာ။ ဥပမာအားဖြင့် သီးသန့် ကြက်ဥခွဲခြားတဲ့ စက်တွေ၊ ကျန်းမာတဲ့ ကြက်ဥထုတ်လုပ်မှုအတွက် အာဟာရပြည့်ဝတဲ့ အစာကျွေးတာတွေနဲ့ သားဖောက်စက်ကို သုံးပြီး ကြက်ဥကို စနစ်တကျ သားဖောက်တာမျိုးတွေပေါ့။ ဒါဆိုရင် ကြီးထွားနှုန်းက ကိုးဆယ်ရာခိုင်နှုန်းနီးပါးအထိ သေချာရေရာမှု ရှိလာမှာ ဖြစ်ပါတယ်။
"ကျေးဇူးပါပဲဗျာ" လို့ ဘားကပ်စ်က မိုက်ကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောလိုက်တယ်။
"ရပါတယ်ဗျာ။ ဒါက ရီနေးတားရဲ့ လက်အောက်ခံ ကုမ္ပဏီ ဖြစ်လာရတဲ့ အကျိုးကျေးဇူးပဲပေါ့။ ဒါနဲ့ ခင်ဗျားအစ်ကိုကော ဘယ်လိုလဲ"
"ဘူးလ်ရန်က အဆင်ပြေပါတယ်ဗျ" လို့ ဘားကပ်စ်က ပြုံးရင်း ပြန်ဖြေတယ်။ "သူက ထောင်ထဲမှာ နေရတာကိုတောင် သဘောကျနေသလိုပဲ။ ဘုတ်ဂိမ်းကစားတဲ့ ညတွေမှာ သူငယ်ချင်းအသစ်တွေတောင် ရနေပြီလေ"
ဘူးလ်ရန်က သူ့ရဲ့ အမှားတွေကို သဘောပေါက်သွားပြီးတဲ့နောက်မှာတော့ ရီနေးတား အကျဉ်းထောင်ထဲကို သူ့အလိုအလျောက် ဝင်သွားခဲ့ပြီး ဘူးလ်ရန်ကုမ္ပဏီကိုတော့ မိုက်ကယ် စီမံခန့်ခွဲဖို့ ချန်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ခဲ့တာကြောင့် မိုက်ကယ်အနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးချနိုင်ခဲ့ပြီး သူတို့ရဲ့ မိုင်းတွင်းအားလုံးကနေ ကုန်ကြမ်းအသစ်တွေကို စုဆောင်းနိုင်ခဲ့တယ်။
"ဘားကပ်စ်၊ ဒါက တိုနီ။ သူက ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်အသစ်အတွက် ကြက်သားတွေ အကုန်လုံးကို လိုအပ်မယ့်သူပဲ"
နှစ်ယောက်စလုံးက အိုးတိုးအမ်းတမ်းနဲ့ လက်ဆွဲနှုတ်ဆက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်လိုက်ကြတယ်။
"ကြက်သားနဲ့ ဆေးဖက်ဝင်အပင်တွေကို ဘယ်လိုမျိုး၊ ဘယ်အချိန်မှာ ပို့ပေးမလဲဆိုတာကို သဘောတူညီချက်ရအောင် ခင်ဗျားတို့ဘာသာ ဆွေးနွေးဖို့ ချန်ထားခဲ့တော့မယ်နော်"
သူတို့ ပြောစရာတွေ အများကြီး ရှိနေတယ်ဗျာ။ ဘားကပ်စ်ကတော့ တိုနီကို သူ့ရဲ့ လက်အောက်မှာ ထားပြီး သယ်ယူပို့ဆောင်ရေးကနေ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်တွေအထိ ကုမ္ပဏီတစ်ခုကို စနစ်တကျ ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို အဓိက သင်ကြားပေးနေခဲ့တယ်။
တိုနီက ဒီအကြောင်းအရာတွေ အများကြီးကို ဘာမှမသိသေးပေမဲ့လည်း သင်ယူဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့လည်း မိုက်ကယ်ကတော့ နောက်ပိုင်းကျရင် စာရွက်စာတမ်းတွေ ရေးနေရမယ့်အစား စားသောက်ဆိုင်မှာ ကြက်ကြော်ဖို့ကိုပဲ အာရုံစိုက်နိုင်အောင် သူ့အတွက် ကျွမ်းကျင်တဲ့ အကူအညီအချို့ကို ငှားရမ်းပေးဖို့ ဆုံးဖြတ်ထားပြီးသားပါပဲ။
သူတို့ ဆွေးနွေးနေကြတုန်းမှာပဲ မိုက်ကယ်က ခြံနဲ့ ကီလိုမီတာ အနည်းငယ်ပဲ ဝေးတဲ့ သူတို့ရဲ့ အသစ်စက်စက် လည်ပတ်နေတဲ့ မိုင်းတွင်းတွေဆီ သွားရောက်ကြည့်ရှုခဲ့တယ်။
သူက အရိပ်ထဲကနေ ပေါ်ထွက်လာတာနဲ့ချက်ချင်းပဲ ပရီယာနဲ့ ကျန်တဲ့ မိုင်းလုပ်သားတွေ အလုပ်ကြိုးစားနေကြတာကို မြင်လိုက်ရတယ်။ သူတို့ရဲ့ စက်ယန္တရားအသစ်တွေထဲမှာ သတ္တုရိုင်းတွေနဲ့ တွင်းထွက်ပစ္စည်းတွေကို အဆက်မပြတ် တူးဖော်ပြီး ပြုပြင်မွမ်းမံနေကြတယ်။
သူ ဘေးဘက်ကို ကြည့်လိုက်တဲ့အခါ မိုင်းတွင်းကနေ ပြုပြင်ပြီးသား ကုန်ကြမ်းပစ္စည်းတွေ အပြည့် ထည့်ထားတဲ့ ဧရာမ သေတ္တာကြီး တင်ဆောင်ထားတဲ့ ရီနေးတား ကုန်တင်ကားတစ်စီးကို တွေ့လိုက်ရတယ်။
နောက်ဆုံး စစ်ဆေးပြီးတဲ့နောက်မှာတော့ ကုန်တင်ကားဟာ တောင်ပေါ်ကနေ ရွှေလမ်းမကြီးဆီကို မောင်းနှင်ဆင်းသွားခဲ့ပြီး ၎င်းရဲ့ ရည်ရွယ်ထားတဲ့ ဦးတည်ရာဆီကို ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။
"သခင်၊ ကျွန်တော်တို့ရဲ့ ပထမဆုံး သတ္တုရိုင်း တင်ပို့မှုက မိုင်းတွင်းကနေ ထွက်ခွာသွားပါပြီဗျာ။ သူဌေး ပြောထားတဲ့အတိုင်းပဲ ပထမဆုံး တင်ဆောင်မှုကို ရွှေလမ်းမကြီး တိုးချဲ့မှုအတွက် အန်ဂိုရာမြို့ဆီ ဖြန့်ဝေပေးလိုက်ပါတယ်"
နေ့တိုင်း တူးဖော်ရရှိတဲ့ သတ္တုရိုင်း တန်ချိန် ၈၀၀၀ ထဲက တန်ချိန် ၄၀၀၀ ကိုတော့ အန်ဂိုရာမြို့ တစ်ခုလုံးကို ရီနေးတားရဲ့ စံနှုန်းတွေနဲ့အညီ ဖြစ်လာအောင် ပြုပြင်မွမ်းမံတဲ့နေရာမှာ သုံးနေတာ ဖြစ်ပါတယ်။ တန်ချိန် ၂၅၀၀ ကိုတော့ အရှေ့ဘက်ကို ရွှေလမ်းမကြီး တိုးချဲ့တဲ့နေရာမှာ ခွဲဝေပေးမှာဖြစ်ပြီး ကျန်တဲ့အရာတွေကိုတော့ ရွှေလမ်းမကြီးတစ်လျှောက် ကားနားစခန်းတွေ ဆောက်တဲ့နေရာမှာ သုံးမှာ ဖြစ်ပါတယ်။
အတိုချုပ်ပြောရရင်တော့ သူတို့ဟာ လက်ရှိ ပရောဂျက်တွေအတွက် သူတို့ရဲ့ စွမ်းဆောင်ရည်အားလုံးကို အသုံးချနေတာဖြစ်လို့ ပရောဂျက်အသစ်တွေအတွက် စွမ်းဆောင်ရည် မကျန်တော့ဘူးပေါ့ဗျာ။ မော်တော်ကား ပြတ်လပ်တဲ့ ပြဿနာကိုတော့ နောက်မှပဲ ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကံကောင်းတာကတော့ အနည်းဆုံးတော့ အရှေ့ဘက်ကို တိုးချဲ့မှုက နောက်ဆုံးမှာ စတင်နေပြီဆိုတဲ့ သဘောပါပဲ။
ရွှေလမ်းမကြီးက လူယုတ်မာ ဓားပြတွေရဲ့ တောအုပ်နယ်မြေဆီ ရောက်ဖို့ ရက်သတ္တပတ် အနည်းငယ် လိုသေးတာကြောင့် မိုက်ကယ်အနေနဲ့ ပထမဆုံး မက်တိုနီစ် ဆိုင်ခွဲနေရာကို အပြီးသတ်ဖို့ အချိန်ရပါသေးတယ်။
မိုက်ကယ်က ရွှေလမ်းမကြီးပေါ်က ပထမဆုံး ကားနားစခန်း ရှိရာနေရာဆီကို သူ့ကိုယ်သူ ကူးပြောင်းပို့ဆောင်လိုက်တယ်။
သူ့ရဲ့ဘေးမှာ ရီနေးတားရဲ့ ဗိသုကာအင်ဂျင်နီယာဌာနအရာရှိ ခုန်းလည်း အတူတူ ပါလာတယ်။
"ဒီနေရာက စားသောက်ဆိုင် ဆောက်မယ့်နေရာပါ သခင်"
အဝါရောင် ဟော့ဘ်မျောက်လူ အရာရှိက ကွင်းပြင်ကျယ်ထဲမှာ ပြီးစီးသွားမယ့် မက်တိုနီစ် စားသောက်ဆိုင်ရဲ့ ပုံရိပ်ယောင်ကို ဖော်ပြဖို့ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ကို အသုံးပြုလိုက်ပါတယ်။
ခေတ်မီဆန်းသစ်တဲ့ ဗိသုကာလက်ရာပုံစံက မိုက်ကယ်ရဲ့ အရင်ဘဝတုန်းက သူ အရမ်းရင်းနှီးခဲ့တဲ့ အသင့်စားအစားအစာ စားသောက်ဆိုင်တန်းတွေကို အများကြီး သတိရစေတယ်။ လူတိုင်း မြင်နိုင်အောင် တိုင်အမြင့်ကြီးပေါ်မှာ မက်တိုနီစ် ကြက်သားအမှတ်အသားပါတဲ့ ဆိုင်းဘုတ်အကြီးကြီးတစ်ခုတောင် ရှိနေသေးတယ်။
ပြီးတော့ မိုက်ကယ်အနေနဲ့ ဆိုင်ရဲ့ ကားမောင်းဝင်မှာယူနိုင်တဲ့ လမ်းကြောင်းအပိုင်းကို မထည့်ခဲ့ရင် မှားသွားမှာပေါ့ဗျာ။
ဒီနေရာက ကြက်သားကို တကယ် မြန်မြန်ဆန်ဆန် ဘယ်လိုချက်ရမလဲဆိုတာ မသိသေးတဲ့အတွက် နည်းပညာအရ အသင့်စားအစားအစာဆိုင် မဟုတ်သေးပေမဲ့လည်း မိုက်ကယ်ကတော့ အနာဂတ်အတွက် ဒီဇိုင်းထဲမှာ အဲဒါကို ကြိုတင်ထည့်သွင်းထားပြီးသား ဖြစ်ပါတယ်။
"ဒီဇိုင်းက ကောင်းပါတယ်ဗျ။ ကျေးဇူးပဲ ခုန်း"
ဗိသုကာအင်ဂျင်နီယာချုပ်က မိုက်ကယ်ကို ဦးညွှတ်လိုက်တယ် "ရပါတယ် သခင်"
"သတ္တုရိုင်းတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဒီကို မကြာခင် ရောက်လာတော့မှာမို့လို့ ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို စားသောက်ဆိုင်ရဲ့ အောက်ခြေ ဖောင်ဒေးရှင်းကို စတင်တူးခိုင်းလိုက်တော့ဗျာ"
* * * * * * * *