အခန်း (၃၁၇-၃၁၈)
Vol. 27 Ch. 317-318
အခန်း(၃၁၇)
သတ္တုကိုယ်ထည်နဲ့ အမျိုးသမီးရဲ့ ဝိညာဉ်ပုံရိပ်ကို သူ မရည်ရွယ်ဘဲ ဆင့်ခေါ်မိခဲ့တဲ့ အဲဒီနေ့ နောက်ပိုင်းမှာ မိုက်ကယ်ဟာ သဟဇာတသေနတ် စွမ်းရည်ကို ထပ်ပြီး အသုံးပြုဖို့ မကြိုးစားသေးဘူး။ ပထမတစ်ချက်ကတော့ သူဟာ ရီနေးတားထဲက စီးပွားရေးလုပ်ငန်း တော်တော်များများကို ကိုင်တွယ်ဖြေရှင်းနေရလို့ တော်တော်လေး အလုပ်ရှုပ်နေခဲ့တာလည်း ပါတယ်။
သယံဇာတ အရင်းအမြစ်တွေ ရှားပါးနေတဲ့အပြင် လက်ရှိ မက်တိုနီစ်ရဲ့ ပရောဂျက်ကလည်း ရှိနေသေးတယ်လေ။ အခြေအနေတွေ အားလုံး ငြိမ်သက်သွားပြီး အဲဒီအလုပ်တွေကို အချောသပ်ပြီးမှပဲ သူ စိတ်အေးလက်အေး ထိုင်ပြီး ထပ်စမ်းသပ်ဖို့ အချိန်အလုံအလောက် ရတော့တယ်။
ဒုတိယတစ်ချက်ကတော့ ဘယ်သူ့ရဲ့ စူးစမ်းချင်တဲ့ မျက်လုံးတွေမှ မရှိတဲ့ နေရာမျိုးမှာပဲ သေချာပေါက် လုပ်ချင်လို့ပါပဲ။ အကယ်၍ သူသာ အဲဒီ သတ္တုအမျိုးသမီးကို ထပ်ပြီး ဆင့်ခေါ်မိလို့ကတော့ အခုလောလောဆယ် ရှိနေတဲ့ အိုင်းရွန်းမေဒင်အဖွဲ့ဝင်တွေဟာ အရင်ကထက် ပိုပြီးတော့တောင် ရူးသွပ်သွားနိုင်တယ်လေ။ သူ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဲဒီအဖွဲ့ဟာ ကွင်းစ်နယ်မြေရဲ့ တောင်ဘက်အဖျားပိုင်း တောအုပ်တစ်ခုလုံးမှာ တဟုန်ထိုး ပျံ့နှံ့နေတာ ဖြစ်တယ်။
ဒါဟာ ကမ္ဘာ့ရွှေလမ်းမကြီးကို နယ်မြေတော်တော်များများနဲ့ ချိတ်ဆက်ထားလိုက်လို့ ဖြစ်လာရတဲ့ တစ်ခုတည်းသော အားနည်းချက်လို့ ပြောရမလားပဲ။ ဒီလို ကိစ္စရပ်မျိုးတွေက ပုံမှန်ထက်ကို ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတတ်တယ်လေ။
ဘာပဲဖြစ်ဖြစ် ရှီနာနဲ့ ကျန်တဲ့ ရီနေးတားနိုင်ငံသားတွေကို ရီနေးတားရဲ့ ပြဿနာတွေကို တစ်ရက်လောက် လွှဲပေးပြီး ကိုင်တွယ်ခိုင်းလိုက်ပြီးတဲ့နောက် မိုက်ကယ်ဟာ ဂရက်ဖ်တက်ကလတ်စတာထဲက လူသူပြတ်လတ်တဲ့ တောအုပ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။
သူ့ပတ်ပတ်လည် ကီလိုမီတာ တစ်ရာအတွင်းမှာ ဘယ်သူမှ ရှိမနေဘူး။ သူ့ရဲ့ ပတ်ဝန်းကျင်ကို စကင်ဖတ်ပြီး ဘယ်နေရာမှာမှ အလင်းမှော်စွမ်းအင်ရဲ့ အရိပ်အယောင် မရှိတာကို သေချာအောင် လုပ်ထားလိုက်တယ်။ ပြီးတော့ ပိုပြီး စိတ်ချရအောင်လို့ ဘယ်သူမဆို သတိမထားမိဘဲ သူ့ရဲ့ စမ်းသပ်မှုနယ်မြေထဲကို ခြေလှမ်းလှမ်းမိတာနဲ့ သူ့ကို ချက်ချင်း အသိပေးဖို့ နိုဗာကို သူ အမိန့်ပေးထားသေးတယ်။
ဒီလို လျှို့ဝှက်ထားတာက လုံခြုံရေး အကြောင်းပြချက်ကြောင့်တင် မဟုတ်ဘဲ အခြားလူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်လည်းပါတယ်။ အဲဒီ သတ္တုအမျိုးသမီးကို ဆင့်ခေါ်လိုက်ရင် ခန့်မှန်းလို့မရတဲ့ စွမ်းအားတွေ ပေါက်ကွဲထွက်လာမလား ဆိုတာ သူ မသိဘူးလေ။
အကယ်၍ အဲလိုမျိုး ဖြစ်လာခဲ့ရင် သူ့ကိုယ်သူ တောင် လွတ်အောင် ရုန်းနိုင်ပါ့မလား ဆိုတာ မသေချာဘဲနဲ့ ဒီတောအုပ်ထဲကို မတော်တဆ ရောက်လာမယ့် ကံဆိုးသူတစ်ယောက်ကို ကယ်တင်ဖို့ဆိုတာ ဝေးရောပေါ့။
နောက်ဆုံးတော့ အဲဒီ သတ္တုအမျိုးသမီးဆီကနေ ထွက်ပေါ်လာတဲ့ စွမ်းအားဟာ မှော်စွမ်းအင်နဲ့ ပြုလုပ်ထားတာ မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ။
အဲဒါက လုံးဝကို ကွဲပြားခြားနားတဲ့ အရာတစ်ခု ဖြစ်နေလို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကတောင် ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အရာမျိုးပေါ့။ သူ့ရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း အသေးလေးနဲ့ ပတ်သက်ပြီးတော့လည်း မသိသေးတာတွေ အများကြီး ရှိနေသေးတာမို့ ဒီလို ကိစ္စမျိုးကို သူ ပေါ့ပေါ့ဆဆ နေလို့ မရဘူးလေ။
“နိုဗာ မင်း အဆင်သင့်ဖြစ်ပြီလား”
[ ကျွန်ုပ် အမြဲတမ်း အဆင်သင့်ပါပဲ မိုက်ကယ် ]
သူ့ရဲ့ ယုံကြည်မှုအပြည့်နဲ့ နည်းနည်းလေး မာန်ပါတဲ့ ကိုယ်ပိုင် အေအိုင် လက်ထောက်ရဲ့ စကားက သူ့ကို စိတ်ပိုင်းဆိုင်ရာ အားဆေးတစ်ခွက် ဖြစ်စေခဲ့တယ်ဗျ။ အနည်းဆုံးတော့ တစ်ခုခု မကောင်းတာ ဖြစ်လာခဲ့ရင် နိုဗာက သူ့ကို ကာကွယ်ပေးလိမ့်မယ်ဆိုတာ သူ သိနေတယ်လေ။
"ကဲ စလိုက်ကြစို့" မိုက်ကယ်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်ဗျ။
သူ့ရဲ့ လက်ကို မြှောက်လိုက်ပြီး လက်ညှိုးနဲ့ လက်မကလွဲလို့ ကျန်တဲ့ လက်ချောင်းတွေကို လက်သီးဆုပ်လို ခေါက်လိုက်ရင်း သူ့ရဲ့ အရင်ဘဝက ခေတ်ပေါ် ပစ္စတိုသေနတ် ပုံစံမျိုး လုပ်လိုက်တယ်။
သူ့ရဲ့ စွမ်းအင်ပင်လယ်ထဲက ဒြပ်စင် အမြုတေ ရှစ်ခုစလုံးဟာ သူ ကိုယ်တိုင် တည်ဆောက်ထားတဲ့ မှော်ကျင့်စဉ် သီအိုရီအတိုင်း သွေးကြောတွေထဲကို မှော်စွမ်းအင်တွေ အရှိန်အဟုန်နဲ့ တွန်းထုတ်ပေးလိုက်တယ်။
စွမ်းအားတွေက သူ့ရဲ့ လက်ထဲမှာ စုစည်းလာတာနဲ့အမျှ တောက်ပတဲ့ အလင်းတန်းတစ်ခုက သူ့ရဲ့ လက်ညှိုးထိပ်ဖျားမှာ ပေါ်လာခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အသေးလေးတစ်ခုထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအားက အချိန်မရွေး ပေါက်ကွဲတော့မယ့် အချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်နေတယ်ဗျ။
သူက ခလုတ်ကို နှိပ်လိုက်ရုံရုံပဲ ရှိသေးတယ်၊ အဲဒါက ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတွေနဲ့ လေဆာအလင်းတန်းအဖြစ် ပစ်ထွက်သွားတော့မှာပေါ့။ ဒါပေမဲ့ သူ စောင့်နေခဲ့တယ်။ ခလုတ်ကို ချက်ချင်း ဆွဲမချသေးဘူးပေါ့။
အတိအကျပဲ ထိုအချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အပြောင်းအလဲကို သူ ခံစားလိုက်ရတယ်ဗျ။ သူ့ရဲ့ နှလုံးအဆို့ရှင်ကို ဝန်းရံထားတဲ့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း အသေးလေးကနေ ဆန်းကြယ်ပြီး လျှို့ဝှက်ဆန်းပြားတဲ့ စွမ်းအားတစ်ခု စိမ့်ထွက်လာတယ်။ အခု သူ ခံစားလိုက်ရတဲ့ ခံစားချက်က အဲဒီတုန်းက ခံစားခဲ့ရတဲ့ ခံစားချက်နဲ့ အတော်လေး တူနေတယ်။
အခုတော့ တိုက်ပွဲရဲ့ အရှိန်အဟုန်ထဲကနေ ရုန်းထွက်လာနိုင်ပြီဆိုတော့ ဒီအပြောင်းအလဲအသစ်ကို တည်ငြိမ်တဲ့ စိတ်နဲ့ သေချာ စောင့်ကြည့်လို့ ရပြီပေါ့။
ဒီစွမ်းအားက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းဆီကနေ လာတာ သေချာပါတယ်၊ အဲဒီ သတ္တုရောင် တောက်ပမှုက သူ့ရဲ့ ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ စွမ်းအားတွေ လှုပ်ရှားနေတာနဲ့ တစ်ချိန်တည်းမှာပဲ လိုက်ပြီး တုန်ခါနေတယ်။ ဒါပေမဲ့ ထူးဆန်းတာက မိုက်ကယ်ဟာ အဲဒီနှစ်ခုကြားမှာ ဘာဆက်စပ်မှုမှ မမြင်ရတာပဲ။ အဲဒီ အစိတ်အပိုင်းဆီကနေ သူ့ရဲ့ ခန္ဓာကိုယ်ဆီကို စွမ်းအင် စီးဆင်းသွားတာမျိုးလည်း မရှိဘူးလေ။
အဲဒါက ခလုတ်မတပ်ထားဘဲ လျှပ်စစ်မီးသီးတစ်လုံး လင်းနေသလိုမျိုး ဖြစ်နေတယ်။ ကြိုးမဲ့ စနစ်နဲ့ စွမ်းအင် ပေးနေတာပဲ။
' အဲဒါ ဘယ်လိုမျိုး ဖြစ်နေတာလဲဆိုတာ ငါ မနားမလည်တော့ဘူး၊ ဒါပေမဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းက ကြိုးမလိုဘဲ စွမ်းအင်လွှဲပြောင်းပေးနိုင်တယ်ဆိုရင် အဲဒီ အစိတ်အပိုင်းမှာ ဘာစွမ်းအားမှ မရှိတာလည်း ဖြစ်နိုင်တာပဲ။ အဲဒီ လျှို့ဝှက်ဆန်းပြားတဲ့ စွမ်းအားကို တခြားတစ်နေရာရာကနေ ရနေတာ ဖြစ်နိုင်ပြီး သူကတော့ စွမ်းအင်ထုတ်လွှတ်တဲ့ ကိရိယာတစ်ခုလိုပဲ အလုပ်လုပ်နေတာ ဖြစ်လိမ့်မယ် '
အဲဒါကြောင့်လည်း သူရော နိုဗာပါ ဒီ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းကို ရတုန်းက ဘာထူးခြားမှုကိုမှ သတိမထားမိခဲ့ကြတာ ဖြစ်မှာပေါ့။
နိုဗာ မင်း တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီလား
[ ကျွန်ုပ် ဒီစမ်းသပ်မှုကနေ ကန့်သတ်ချက် တော်တော်များများကို မှတ်တမ်းတင်ထားပါတယ် မိုက်ကယ်။ ဒါပေမဲ့ ဒီအကျိုးသက်ရောက်မှုတွေ ဘာကြောင့် ဖြစ်နေရလဲဆိုတဲ့ သီအိုရီဆိုင်ရာ အခြေခံတည်ဆောက်ပုံ မရှိဘဲနဲ့တော့ ဒီထူးဆန်းတဲ့ စွမ်းအားရဲ့ တကယ့် သဘာဝအမှန်ကို ကျွန်ုပ် ရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း နမူနာတွေ ထပ်ပြီး လိုအပ်ပါလိမ့်မယ် ]
သူ့ရဲ့ သဟဇာတသေနတ်ကို ဆင့်ခေါ်ဖို့ စတင်လိုက်ပြီးတဲ့နောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အရင်တုန်းကအတိုင်း တထေရာတည်း ဖြစ်ပျက်ခဲ့တယ်။
ထူးခြားတဲ့ ကွာခြားချက် တစ်ခုပဲ ရှိတယ်ဗျ။ မိုက်ကယ်က သူ့ရဲ့ အပေါ်ကို မော့ကြည့်လိုက်ပြီး သတ္တုအမျိုးသမီးက သူ့ကို စိုက်ကြည့်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းထားတဲ့ ပုံရိပ်ကို မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တယ်။
ဒါပေမဲ့ လူသားနဲ့တူတဲ့ ပုံသဏ္ဌာန်ကို မြင်ရမယ့်အစား မိုက်ကယ်ဟာ ဒီကမ္ဘာက လူတွေအတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေပြီး သူ့အတွက်တော့ အတော်လေး ရင်းနှီးနေတဲ့ သတ္တုကိရိယာတစ်ခုကို မြင်လိုက်ရတယ်။
အဲဒါက သေနတ်တစ်လက် ဖြစ်နေတယ်ဗျ။ အတိအကျပြောရရင် အဲဒါက တစ်ချက်ချင်းပစ်ရတဲ့ Desert Eagle ပစ္စတိုသေနတ်၊ သို့မဟုတ် အများသိကြတဲ့ ဒီဂဲလ် သေနတ်ကြီး ဖြစ်နေတယ်။
ဒါက သူ့ရဲ့ အရင်ဘဝတုန်းက သူ အနှစ်သက်ဆုံး ဗီဒီယိုဂိမ်းတွေထဲက တစ်ခုမှာ သူ သုံးရတာ သဘောကျတဲ့ သေနတ်တွေထဲက တစ်လက် ဖြစ်တယ်ဗျ။ အဲဒါက သူ ဖန်တီးခဲ့တဲ့ သဟဇာတသေနတ် ရဲ့ အခြေခံအုတ်မြစ်ပဲပေါ့။
"ဝါး" မိုက်ကယ်က အံ့ဩတကြီးနဲ့ ရေရွတ်လိုက်တယ်။ အဲဒီ ဒီဂဲလ် ရဲ့ ဧရာမ ပုံရိပ်ကြီးက အတော်လေး ရင်းနှီးနေပေမဲ့ အဲဒီထဲမှာ ရှိနေတဲ့ စွမ်းအားကတော့ သူ့အတွက် လုံးဝကို အစိမ်းသက်သက် ဖြစ်နေတယ်။
ဒါပေမဲ့ မိုက်ကယ်ကို အံ့ဩစေခဲ့ဆုံး အရာကတော့ အဲဒီ ပုံရိပ်ထဲက သေနတ်ကို ဆုပ်ကိုင်ထားတဲ့ သတ္တုလက်ကြီး ဖြစ်နေတာပဲဗျ။ အဲဒါက အရင်တုန်းက ပေါ်လာခဲ့တဲ့ အိုင်းရွန်းမေဒင်လိုမျိုး သတ္တုရောင် တောက်ပမှုတွေနဲ့ လုံးဝ ဖုံးလွှမ်းနေတဲ့ နည်းပညာမြင့် လက်သီးကြီးတစ်ခုနဲ့ တူနေတယ်။
သူ့ရဲ့ လက်ဆစ်တွေက နီရဲနေပြီး လက်ဖမိုးပေါ်မှာတော့ ဘာမှမရှိတဲ့ ကိရိယာတပ်ဆင်စရာ နေရာလွတ်တွေ ရှိနေသလိုပဲပေါ့။
ဒီလက်သီးက အိုင်းရွန်းမေဒင်ရဲ့ လက်လို့ သူ လုံးဝ မထင်ဘူးဗျ။ အဲဒါက သူမရဲ့ လက်ဖြစ်ဖို့အတွက် ဆိုရင်တော့ တော်တော်လေးကို ကြီးမားလွန်းနေတယ်လေ။ ဒါပေမဲ့ အဲဒါကို သူ သေချာတော့ မပြောနိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ လက်ကောက်ဝတ်နားကို ရောက်တဲ့အခါမှာ အဲဒီ လက်ရဲ့ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားလို့ပဲပေါ့။
' သေနတ်ကတော့ ငါ သဟဇာတသေနတ်ကို ဖန်တီးခဲ့တဲ့ စိတ်ကူးစိတ်သန်းကနေ လာတာ သေချာတယ်။ ဒါပေမဲ့ လက်ကြီးကကော ဘယ်ကနေ ရောက်လာတာလဲ '
ကံမကောင်းစွာပဲ နိုဗာကလည်း သူ့လိုပဲ ဘာမှ မသိဘဲ ဖြစ်နေတယ်။ သူ ပိုပြီး သိချင်တယ်ဆိုရင်တော့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေကို ထပ်ပြီး ရှာဖွေရုံပဲ ရှိတော့တယ်။
ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီ ပုံရိပ်အသစ်က ဘာတွေ လုပ်နိုင်လဲဆိုတာ သူ အရင်ဆုံး ရှာဖွေရမှာပေါ့။ သူ့ရဲ့ လက်သေနတ်က တောက်ပတဲ့ အလင်းဖြူတွေနဲ့ လင်းထိန်နေပြီး ခလုတ်ကို တစ်ချက် နှိပ်လိုက်ရုံနဲ့ အဲဒီ စွမ်းအားတွေ အားလုံးကို အလင်းတန်းတစ်ခုတည်းအနေနဲ့ ထုတ်လွှတ်လိုက်လို့ ရပြီ။
ဒီမန္တန်အတွက် သူဟာ အနည်းဆုံး မှော်စွမ်းအင် ပမာဏကိုပဲ သုံးထားတာ ဖြစ်ပေမဲ့ မိုက်ကယ်ဟာ အဲဒါကို ဘယ်ဦးတည်ချက်မှန်းမသိဘဲ ပေါ့ပေါ့ဆဆ ပစ်လွှတ်ဖို့ မလိုလားဘူးလေ။ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းဆီကနေ လာတဲ့ ထူးဆန်းတဲ့ စွမ်းအားက အဲဒီ စွမ်းရည်ရဲ့ ပြင်းအားကို ဘယ်လောက်အထိ မြှင့်တင်ပေးမလဲဆိုတာ မသိနိုင်တာမို့ အဲဒါကို သူ ထည့်တွက်ရမယ်လေ။
ပစ်မှတ်မရှိတာမို့ မိုက်ကယ်ဟာ သူ့ရဲ့ ခေါင်းပေါ်ကို တည့်တည့် ချိန်ရွယ်လိုက်တယ်ဗျ။ အနည်းဆုံးတော့ ဒီလိုနည်းနဲ့ ဆိုရင်တော့ ဘာကိုမှ မတော်တဆ ထိမှန်မှာ မဟုတ်ဘူးဆိုတာ သူ သိနေတယ်။
* * * * * * * *
စာစဉ်(၂၇)
အခန်း(၃၁၈)
လက်ထဲက သဟဇာတသေနတ် ကို သူ စတင်လှုံ့ဆော်လိုက်တာနဲ့ မိုက်ကယ်ဟာ သူ့ခေါင်းပေါ်က ဧရာမ ဒီဂဲလ် သေနတ်ကြီးက သူ ချိန်တဲ့နေရာဆီကို လိုက်ပါချိန်ရွယ်လာတာကို ခံစားလိုက်ရတယ်။ ဒီသတ္တုကိုယ်ထင်ပြကွက်ကြီးဟာ လုံးဝ ထူးဆန်းဆန်းပြားတဲ့ မှော်စွမ်းအင်နဲ့ ဖြစ်တည်နေတာ ဆိုပေမဲ့လည်း မိုက်ကယ်ဟာ အဲဒီအရာနဲ့ တစ်နည်းနည်းနဲ့ ဆက်နွှယ်နေသလို ခံစားနေရပြီး ကိုယ့်လက်တစ်ဖက်လိုမျိုး စေခိုင်းလို့ရနေတယ်။
သူ့လက်ညှိုးဆီက မျက်စိကျိန်းမတတ် လင်းထိန်နေတဲ့ အလင်းတန်းဟာ နောက်ဆုံးမှာတော့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီး လေထုထဲမှာရှိတဲ့ လေဒြပ်စင်မှော်စွမ်းအင်တွေကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ သန့်စင်တဲ့ သဟဇာတမှော်စွမ်းအင် ဧရာမအလင်းတန်းကြီး တစ်ခုကို ထုတ်လွှတ်လိုက်တယ်။
အဲဒီအရှိန်က အလင်းရဲ့အလျင်လို မြန်ဆန်လွန်းတာကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာတင် အပေါ်က ကောင်းကင်ယံဆီကို ရောက်ရှိသွားခဲ့တယ်။ ဒါဟာ မိုက်ကယ်လို သာမန်လူသားတွေ မျက်စိနဲ့ လိုက်ကြည့်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ သဟဇာတသေနတ် ကနေ လေထုထဲကို အလင်းတန်းပုံစံနဲ့ မှော်စွမ်းအင်တွေ ဆက်တိုက်ထုတ်လွှတ်နေတာကြောင့် ကောင်းကင်တစ်ခုလုံး တဖြည်းဖြည်း မှောင်မည်းသွားသလို တောင် ဖြစ်နေတယ်။
ပြီးတော့ စက္ကန့်အနည်းငယ်ကြာတဲ့အခါမှာ အလင်းတန်းကြီးက ပြန်လည်ငြိမ်သက်သွားပြီး သူ့လက်ညှိုးကနေ အဖြူရောင်မီးခိုးငွေ့တွေ ထွက်နေတာပဲ ကျန်တော့တယ်။ နောက်ထပ် စက္ကန့်အနည်းငယ်အကြာမှာတော့ သေနတ်ရဲ့ သတ္တုကိုယ်ထင်ပြကွက်ကြီးဟာ မီးခိုးငွေ့တွေလိုမျိုး ဖြည်းဖြည်းချင်း လွင့်ပြယ်ပျောက်ကွယ်သွားပြီး မူလကတည်းက ရှိမနေခဲ့သလိုမျိုး ဘာအစအနမှ မကျန်ခဲ့တော့ဘူး။
မိုက်ကယ်က သူ့လက်တွေကို ပြန်ကြည့်ရင်း လည်ပင်းကို အသံမြည်အောင် ချိုးလိုက်တယ်။ အဆင့်မြှင့်တင်ထားတဲ့ သဟဇာတသေနတ် ပုံစံကလွဲရင် နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်း ဒါမှမဟုတ် သတ္တုကိုယ်ထင်ပြကွက်ဆီကနေ အခြားထူးခြားတဲ့ သက်ရောက်မှုမျိုး သူ ဘာမှမတွေ့ရပါဘူး။
အမှန်အတိုင်းပြောရရင် ဒါက သူ့ကို တော်တော်လေး စိတ်ပျက်သွားစေတယ်။ သူ့ခေါင်းပေါ်က ဧရာမသေနတ်ကြီးဆီကနေ သူ အများကြီး မျှော်လင့်ထားခဲ့တာ ဖြစ်ပေမဲ့ ကံဆိုးစွာပဲ ဒါက သူ့ကို ကြည့်ကောင်းအောင် လုပ်ပေးတာကလွဲရင် ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ဘူး။
ဒါဆို ဒီကိုယ်ထင်ပြတဲ့အရာက ဒီအတိုင်းပဲလား။ ရိုးရိုးသက်သက် ပုံရိပ်ယောင်တစ်ခုပဲလား။
အဲဒီအချိန်မှာတင် နိုဗာ က သူ့မျက်စိရှေ့မှာ အကြောင်းကြားချက်တစ်ခုကို ရုတ်တရက် ပြသလာတယ်။
[နတ်ဘုရားပန်းပဲဖို တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်း]
[ကျွန်ုပ်အနေနဲ့ ရဲရဲဝံဝံ ပြောရမယ်ဆိုရင် ဒီစမ်းသပ်မှုအသေးစားလေးကနေ ကောက်ချက်ချစရာ တစ်ခုရှိပါတယ်]
မိုက်ကယ်က သူ့ရဲ့ အေအိုင် အကူဆီကနေ ဘယ်လိုအကြံပြုချက်မျိုးကိုမဆို ကြိုဆိုနေတာ ဖြစ်လို့ “အေးပါ မင်းရဲ့အမြင်က ဘာဖြစ်မလဲ ပြောပါဦး” လို့ ပြန်ပြောလိုက်တယ်။
[မင်း သဟဇာတသေနတ် ကို အသုံးပြုခဲ့တဲ့ လုပ်ငန်းစဉ်က ပထမဆုံးအကြိမ် သုံးခဲ့တုန်းကနဲ့ ထပ်တူပါပဲ တူညီနေပါတယ် ဒါပေမဲ့ နှစ်ကြိမ်စလုံးမှာ ပေါ်လာခဲ့တဲ့ သတ္တုကိုယ်ထင်ပြကွက်တွေကတော့ တစ်ခုနဲ့တစ်ခု လုံးဝကို ကွဲပြားခြားနားနေခဲ့တာပါ]
“အဲဒါတော့ ဟုတ်တယ်။ ငါက အဲဒီသတ္တုအမျိုးသမီးကြီးကိုလည်း မြင်ရလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာ”
[အကယ်၍ မင်းက အဲဒီသတ္တုအမျိုးသမီးကို မူလနတ်ဘုရားပန်းပဲဖိုနဲ့ နီးကပ်စွာ ဆက်နွှယ်နေတဲ့ နတ်ဘုရား ဒါမှမဟုတ် နတ်ဘုရားမတစ်ပါးလို့ သတ်မှတ်မယ်ဆိုရင် သူမဟာ သူမရဲ့ အသိစိတ်အချို့ကို မင်းနှလုံးသားထဲမှာ အခုရှိနေတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းထဲမှာ ထည့်သွင်းသိမ်းဆည်းထားခဲ့တယ်လို့ ယူဆတာက စိတ်ချရဆုံးပါပဲ]
[ပြီးတော့ သူမက မင်း သဟဇာတမှော်စွမ်းအားသုံး မန္တန်ဖြစ်တဲ့ သဟဇာတသေနတ် မျိုးကို သုံးတဲ့အခါမှသာ ပေါ်လာတာဖြစ်လို့ သူမရဲ့ သေတ္တာထဲက အသိစိတ်အစအနလေးဟာ သဟဇာတစွမ်းအင်ရဲ့ တည်ရှိမှုကို ခံစားမိပြီးတဲ့နောက် အိပ်ပျော်နေရာကနေ တစ်နည်းနည်းနဲ့ နိုးထလာတာလို့ ကောက်ချက်ချနိုင်ပါတယ်]
[ဒါက အထောက်အထားမရှိဘဲ ပြောတာတော့ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့အချိန်က လူပုနိုင်ငံတော်မှာ သင် ထိတွေ့ခဲ့ရတဲ့ နတ်ဘုရားပန်းပဲဖိုထဲမှာ ဒြပ်စင်မှော်စွမ်းအင် ရှစ်မျိုးလုံး ပေါင်းစပ်ထားတဲ့ သဟဇာတမှော်စွမ်းအင်အကြောင်း မှတ်တမ်းတွေ ရှိနေလို့ပါပဲ ရှေးဟောင်းလူပုတွေဟာ အဲဒီစွမ်းအားကို အသုံးချပြီး ရုပ်ပိုင်းဆိုင်ရာ နိယာမတရားတွေကိုပါ ပြောင်းလဲပစ်နိုင်ခဲ့ကြတာပါ]
မိုက်ကယ်က နိုဗာ ရဲ့ ဆင်ခြင်တွေးတောပုံကို သဘောကျပြီး ခေါင်းညိတ်လိုက်ရင်း မင်းပြောချင်တဲ့ အဓိကအချက်က ဘာလဲ လို့ မေးလိုက်တယ်။
[မင်းခေါင်းပေါ်မှာ ပေါ်လာတဲ့ သတ္တုကိုယ်ထင်ပြကွက်ဟာ သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို မပြသနိုင်တာက ပြသဖို့အတွက် လုံလောက်တဲ့ စွမ်းအားမရှိလို့ ဖြစ်နိုင်ပါတယ် မင်းနှလုံးသားပေါ်မှာရှိတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်း အစအနလေးက အဲဒီထူးဆန်းတဲ့ ကိုယ်ထင်ပြကွက်ကြီးကို အပြည့်အဝ ပုံဖော်ဖို့အတွက် မလုံလောက်သေးပါဘူး]
[ဒါက အဲဒီသတ္တုအမျိုးသမီးရဲ့ စကားနဲ့လည်း ကိုက်ညီနေပါတယ် ငါ့ကို တည်ဆောက်ပါ ဆိုတာလေ]
ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာ မိုက်ကယ်က နိုဗာ ရဲ့ အတွေးကို သဘောတူလိုက်တယ်။ နတ်ဘုရားပန်းပဲဖိုနဲ့ ပတ်သက်တဲ့ အမှန်တရားကို သိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက အဲဒီအရာတွေကို အကုန်လုံး လိုက်စုပြီး ရှေးဟောင်းခေတ်က မူလရုပ်ကြွင်းအတိုင်း ပြန်လည်ပေါင်းစပ်ဖို့ပဲ ရှိတော့တယ်။
ကံကောင်းတာတစ်ခုကတော့ အဲဒါတွေကို ဘယ်နေရာမှာ သွားယူရမလဲဆိုတာ သူ အတိအကျ သိနေတာပါပဲ။
တစ်ချိန်တည်းမှာပဲ လူယုတ်မာဓါးပြအဖွဲ့တွေရဲ့ ပုန်းခိုရာ စခန်းဘက်မှာတော့ ဝါနိုနဲ့ ကျန်တဲ့ ဓားပြတွေဟာ တောအုပ်ထဲမှာ သူတို့ရဲ့ ပြင်ဆင်မှုတွေကို ပြီးစီးသွားခဲ့ကြပြီ ဖြစ်တယ်။ အခု သူတို့ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ရီနေးတားကုမ္ပဏီနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပဲ ဖြစ်နေတယ်။
"ငါတို့ ကင်းထောက်တွေ ဘာပြောလဲ" ဝါနိုက ပြတ်တောက်နေတဲ့ သူ့ရဲ့ ညာဘက်လက်ငုတ်တိုလေးကို နှိပ်နယ်ရင်း မေးလိုက်တယ်။
သူ့ရဲ့ အရာရှိတစ်ယောက်ဟာ လျှို့ဝှက်ခြင်း၊ လူမသိအောင် သွားလာခြင်းနဲ့ အလျင်နှုန်းတွေမှာ ကျွမ်းကျင်တဲ့ ဓားပြအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေတာ ဖြစ်တယ်။ ဝါနိုက ရီနေးတားကုမ္ပဏီကို စောင့်ကြည့်ဖို့နဲ့ သူတို့ ဘယ်မှာရှိနေလဲ၊ လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို သိရအောင် သူတို့ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ဒီသတင်းအချက်အလက် ရှိမှသာ တောအုပ်ထဲမှာ သူတို့ကို အောင်မြင်စွာ ခြုံခိုတိုက်ခိုက်နိုင်မှာ ဖြစ်လို့ပဲ။
ကံဆိုးစွာပဲ ဒီရိုးရှင်းတဲ့ အလုပ်ဟာ တကယ့်ကို ဧရာမအလုပ်ကြီးတစ်ခု ဖြစ်လာခဲ့တယ်။ အရင်က ဒီလိုအလုပ်မျိုးကို ပိုပြီးသန်မာတဲ့ ပြိုင်ဘက်တွေနဲ့ အကြိမ်ပေါင်း ထောင်ချီအောင် လုပ်ဖူးခဲ့ကြပေမဲ့လည်း ဓားပြကင်းထောက်တွေဟာ ရီနေးတားနဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက် အမှန်ကိုမှ ရှာမတွေ့နိုင်ဘဲ ဖြစ်နေကြတယ်။
"သူတို့ရဲ့ ရွှေလမ်းမကြီးကို ညာဘက်ကို ကွေ့လိုက်တာကို ငါတို့ မြင်ခဲ့ရတယ် ဆရာကြီးဝါနို သူတို့က ငါတို့ ခြုံခိုတိုက်ခိုက်မှာကို ကြိုတင်သိနေကြတာ" ကင်းထောက်တစ်ယောက်က ယုံကြည်မှုအပြည့်နဲ့ အစီရင်ခံလိုက်တယ်။
ဒါပေမဲ့ ဝါနိုကတော့ နည်းနည်းမှ သဘောမကျပါဘူး။
"မင်း သေချာလို့လား ဘာလို့လဲဆိုတော့ ငါတို့ အရင်ကင်းထောက်တွေ ပြောတုန်းက သူတို့ လမ်းကို ဘယ်ဘက်ကို ပြောင်းနေတာ ဆိုပြီးတော့လေ ပြီးတော့ အဲဒီမတိုင်ခင်က ကင်းထောက်တွေ ပြောတာကျတော့ သူတို့ လမ်းကို လုံးဝမပြောင်းလဲဘူးလို့ ပြောတယ် ဘယ်သူက အမှန်လဲဆိုတာ တစ်ယောက်ယောက်လောက် ပြောပြစမ်းပါဦး"
ဓားပြကင်းထောက်တွေ တိတ်ဆိတ်သွားကြတယ်။ သူတို့ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာမို့ ဝေခွဲမရ ဖြစ်နေကြတယ်။ ရီနေးတားရဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေကြားမှာ ဘာလုံခြုံရေးမှ ရှိမနေတာမို့ ရီနေးတားကို စောင့်ကြည့်ရတာ တော်တော်လေး လွယ်ကူတယ်လို့တောင် သူတို့ စိတ်ထဲ ထင်နေခဲ့ကြတာ။
ဝါနိုက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်ပြီး "ဒါဟာ ငါတို့ ရီနေးတားကို အထင်သေးမိသွားတာပဲ သူတို့ကြားထဲမှာ လှည့်စားတာတော်တဲ့မှော်ဆရာတစ်ယောက် ရှိနေရမယ် ပြီးတော့ တော်တော်လေး ကျွမ်းကျင်တဲ့လူ ဖြစ်လိမ့်မယ်" လို့ ပြောလိုက်တယ်။
"ငါတို့ဘက်က လှည့်စားတာကို တန်ပြန်ဖျက်စီးမယ့်မှော်ဆရာတစ်ယောက် လွှတ်လိုက်ပါမယ် ဆရာကြီးဝါနို" အရာရှိတစ်ယောက်က ပြောလိုက်တယ်။
"ကောင်းပြီ" လို့ ဓားပြခေါင်းဆောင်က ပြန်ဖြေလိုက်တယ်။
ဒါပေမဲ့ သူတို့ မသိတာကတော့ တန်ပြန်ဖြိုခွင်းဖို့ ကြိုးစားမှုမှန်သမျှဟာ အစကတည်းက ကျရှုံးနေခဲ့ပြီးသား ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ရီနေးတားရဲ့ အရိပ်အဖွဲ့တွေဟာ ရှိသမျှ လူယုတ်မာဓါးပြအဖွဲ့တစ်ယောက်ချင်းစီတိုင်းရဲ့ အနီးအနားမှာ ကပ်တွယ်ပြီးသား ဖြစ်နေလို့ပဲ။ သူတို့ လုပ်မယ့် လှုပ်ရှားမှုမှန်သမျှကို သိနေပြီး ကြိုတင်ပြင်ဆင်ထားခဲ့ကြတယ်။
ဒီတာဝန်အတွက် ရီနေးတားရဲ့ အဆင့်မြင့်အရိပ်အဖွဲ့ဝင်တွေကို တာဝန်ပေးထားတာ ဖြစ်တယ်။ သူတို့ရဲ့ မျက်လှည့်စွမ်းရည်တွေက ထိပ်တန်းအဆင့်တွေဖြစ်ပြီး အထူးသဖြင့် သူတို့အားလုံးနီးပါးက B ကနေ A အဆင့်ထိ ပါရမီရှိကြတဲ့သူတွေ ဖြစ်လို့ပဲ။
ဒါတင်မကသေးဘဲ အထူးအရိပ်တပ်ဖွဲ့ဝင်တစ်ယောက်ကိုတော့ ဓားပြခေါင်းဆောင်ရဲ့ အနားမှာတင် တာဝန်ချထားသေးတယ်။
အဲဒီအချိန်မှာတင် သူတို့ရဲ့ ဂူအောင်းစခန်းထဲကို အလျင်စလို ပြေးဝင်လာတဲ့ ဓားပြတစ်ယောက်ရဲ့ ခြေသံ ထွက်ပေါ်လာတယ်။
အဲဒီလူဟာ တခြားဓားပြတွေကို ဂရုမစိုက်ဘဲ တိုးဝှေ့ပြေးဝင်လာတာမို့ သေတ္တာအချို့တောင် လဲပြိုပျက်စီးသွားခဲ့တယ်။ ဒါပေမဲ့ သူ ဂရုမစိုက်နိုင်ပါဘူး။ သူက ဓားပြခေါင်းဆောင် ဝါနိုဆီကိုပဲ သွားပြီး ဒီအရေးကြီးသတင်းကို ပြောပြချင်နေတာ ဖြစ်တယ်။
"ဆရာကြီးဝါနို" ဓားပြက မောမောပန်းပန်းနဲ့ အသက်ရှူဖို့ ကြိုးစားရင်း ပြောလိုက်တယ်။
ဝါနိုက အဲဒီလူကို တောအုပ်ရဲ့ အပြင်စည်းပတ်လည်မှာ စောင့်ကြပ်နေတဲ့ အစောင့်တွေထဲက တစ်ယောက်မှန်း မှတ်မိလိုက်တယ်။ အကယ်၍ သူက ဟိုးအဝေးကြီးကနေ ဒီအထိ အပြေးအလွှား ရောက်လာတာဆိုရင် ကိစ္စက တကယ့်ကို အရေးကြီးနေပြီ ဖြစ်ရမယ်။
"သူတို့ ရောက်လာပြီ" တောစောင့်ဓားပြက လွှတ်ခနဲ ပြောလိုက်တယ် "သူမ ရောက်နေပြီ"
ဝါနိုအနေနဲ့ သူ ဘာကိုပြောနေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မမေးရသေးခင်မှာတင် သူတို့ရဲ့ ဂူအဝင်ဝဟာ ရုတ်တရက် ပေါက်ကွဲမှုကြီးတစ်ခုနဲ့အတူ ပွင့်ထွက်သွားခဲ့တယ်။ အဝင်ဝမှာ စောင့်နေတဲ့ ဓားပြတွေဟာ ဂူထဲကို လွင့်စင်ဝင်ရောက်လာပြီး နံရံတွေနဲ့ ဆောင့်မိသွားကြတာကို သူ မြင်လိုက်ရတယ်။
ဝါနိုဟာ အဝင်ဝကနေ တဖျတ်ဖျတ် တောက်ပနေတဲ့ လင်းထိန်တဲ့ အလင်းရောင်တစ်ခုကို မြင်လိုက်ရပြီး မိန်းမပျိုတစ်ယောက်ရဲ့ အရိပ်က ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာတာကို တွေ့လိုက်ရတယ်။
သူမရဲ့ ခြေသံတွေက သူ့နှလုံးသားကို ဧရာမဆင်ကြီးတစ်ကောင်က တက်နင်းနေသလိုမျိုး ခံစားရစေတယ်။ သူမကို မျက်စိနဲ့ မမြင်ရသေးပေမဲ့လည်း သူမက ဘယ်သူလဲဆိုတာ သူ သိနေတယ်။
"ဒီနေရာက စိုစွတ်ပြီး ညစ်ပတ်လိုက်တာ မင်းတို့တွေ ဒီလိုနေရာမျိုးမှာ နေထိုင်ကြတယ်ဆိုတာ မယုံနိုင်စရာပဲ" မိန်းမပျိုတစ်ယောက်ရဲ့ အသံက ဟိန်းထွက်လာတယ်။
သူမကတော့ အခြားသူမဟုတ်ပါဘူး ဖလဲယားကော့ပ်ရဲ့ တတိယမြောက် အာဏာအရှိဆုံးသူဖြစ်တဲ့ ဘလဇဲလ် အော့စကော့ပ် ပဲ ဖြစ်နေပါတော့တယ်။
* * * * * * * *