အခန်း (၃၁၉-၃၂၀)
Vol. 27 Ch. 319-320
အခန်း(၃၁၉)
ဖလဲယားကော့ပ်က မီးလျှံအလား ပူလောင်ပြင်းပြတဲ့ ထိုအမျိုးသမီးဟာ သူမရဲ့ ရာထူးအဆင့်အတန်းကို အပြည့်အဝ ယုံကြည်မှုရှိတဲ့ လေယူလေသိမ်းမျိုးနဲ့ လူယုတ်မာဓါးပြအဖွဲ့တွေရဲ့ ပုန်းခိုရာနေရာဆီကို ဘာမှဂရုမစိုက်ဘဲလျှောက်လှမ်းလာခဲ့တယ်။ သူမကို မော်ကြည့်ရဲတဲ့ လူယုတ်မာဓါးပြအဖွဲ့တွေအားလုံးကို အထက်စီးကနေ ငုံ့ကြည့်နေသလိုမျိုး သူမရဲ့ မေးစေ့က အမြဲတမ်း အပေါ်ကို ပင့်တက်နေလေ့ရှိတယ်။
သူမရဲ့ ခန္ဓာကိုယ်အကောက်အကွေ့ အလှအပတွေကိုတော့ လိမ္မော်ရောင် မီးလျှံချပ်ဝတ်တန်ဆာက ပိုပြီး ပေါ်လွင်စေနေတယ်။ အဲဒီချပ်ဝတ်တန်ဆာရဲ့ ရည်ရွယ်ချက်က ကာကွယ်ဖို့သက်သက်ပဲ ဖြစ်ပေမဲ့လည်း အမျိုးသမီးရဲ့ ဝတ်စုံက အရေးကြီးတဲ့ နေရာတော်တော်များများမှာ အစိတ်အပိုင်းတချို့ ကွင်းဟာနေပြီး တစ်ကိုယ်လုံးရဲ့ ဖက်ရှင်ဒီဇိုင်းကို ပိုပြီးတော့တောင် ဆွဲဆောင်မှုရှိအောင် ပုံဖော်ပေးထားသလို ဖြစ်နေခဲ့တယ်။
"မစ္စဘလဇဲလ်... ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းဆီကို ဒီလောက်အထိ စောစောစီးစီး လာလည်လိမ့်မယ်လို့ မထင်ထားမိဘူး။ ကြိုတင်အကြောင်းကြားတာလည်း မရှိပါလား"
ဝါနိုက သူမ ကျူးကျော်ဝင်ရောက်လာတာကို တကယ်ပဲ ဒေါသထွက်နေပေမဲ့ သူ့ရဲ့ မနှစ်မြို့စိတ်ကို မျိုသိပ်ချုပ်တည်းရင်း မေးလိုက်တယ်။
"ငါက ဘာလို့ လာလို့မရရမှာလဲ"
ဘလဇဲလ်က သူမရဲ့ ပုခုံးနှစ်ဖက်ကို တွန့်ပြရင်း ပြောလိုက်တယ်။
"ဒီနေရာကလည်း အနာဂတ်မှာ ဖလဲယားကော့ပ်ရဲ့ အင်ပါယာအောက်ကို ရောက်လာမယ့် အစိတ်အပိုင်းတစ်ခုပဲဥစ္စာ။ ငါက ဒီနေရာဟာ ငါ့ဝမ်းကွဲအစ်ကိုရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ လာပြီး စစ်ဆေးကြည့်တာသက်သက်ပါ။ သူက ဒီလိုအရာတွေနဲ့ပတ်သက်ရင် တော်တော်လေး စေ့စပ်သေချာတတ်တဲ့သူဆိုတာ မင်းလည်း သိတာပဲမလား။ ငါ ဒီကို လာတာက မင်းတို့ကို ကူညီပေးရာ ရောက်တယ်။ မင်းတို့ကို နေရာပြန်ချပေးပြီး ဒီမှာရှိတဲ့ အမှိုက်တွေကို အကုန်ရှင်းလင်းပစ်ဖို့ ငါ ကူညီပေးနိုင်တယ်"
ဝါနိုနဲ့ ကျန်တဲ့ လူယုတ်မာဓါးပြအဖွဲ့တွေဟာ သွားကြိတ်လိုက်ကြတယ်။ ဒီအမျိုးသမီးက သူတို့ရဲ့ နေထိုင်မှုဘဝပုံစံကို သက်သက်မဲ့ စော်ကားနေတာ ထင်ရှားလှတယ်။ ဒါပေမဲ့လည်း သူတို့အနေနဲ့ သူမကို ဘာတစ်ခွန်းမှ ပြန်မပြောရဲကြပါဘူး။
"မင်းတို့အားလုံးက ဘာလို့ ဒီအတိုင်း ကြောင်ရပ်နေကြတာလဲ"
ဘာအလုပ်မှမလုပ်ဘဲ သူမကိုပဲ ငေးကြည့်နေကြတဲ့ ဓားပြတွေအားလုံးကို ဘလဇဲလ်က ပတ်ပတ်လည် ဝေ့ကြည့်ရင်း မေးလိုက်တယ်။
"မြန်မြန်လုပ်ကြစမ်း။ ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ်တောအုပ် တစ်ခုလုံးကို ဖလဲယားကော့ပ်ရဲ့ ဘုန်းအာနုဘော်အတွက် အဆင်သင့်ဖြစ်နေအောင် ငါ အကုန်လုံး ရှင်းလင်းပစ်တော့မှာ"
သူမရဲ့ မျက်လုံးတွေထဲမှာ ရူးသွပ်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးနေပေမဲ့ သူမကိုယ်တိုင်ကတော့ သူမပြောတဲ့ စကားတွေကို အပြည့်အဝ ယုံကြည်နေတာ ထင်ရှားပါတယ်။ ဖလဲယားကော့ပ်က သူတို့ကို သိမ်းပိုက်လိုက်တာဟာ လူတိုင်းအတွက် ပိုကောင်းမယ့်အရာလို့ သူမက တကယ်ပဲ နှလုံးသွင်းထားတယ်။
ဝါနိုကတော့ သွားကိုသာ တင်းတင်းကြိတ်ထားနိုင်ရှာတယ်။ သူက ဒါကို လုံးဝ သဘောမကျတာ ထင်ရှားပေမဲ့ ဘာမှလည်း ပြန်မလုပ်နိုင်ဘူးဖြစ်နေတယ်။ သူက ငြိမ်ခံနေရုံပဲ ရှိတယ်။
ဒါပေမဲ့ လူယုတ်မာဓါးပြအဖွဲ့တွေအားလုံးက ဖလဲယားကော့ပ်ရဲ့ လက်အောက်ခံဖြစ်ရမယ့်အရေးကို သဘောတူ လက်ခံကြတယ်လို့တော့ မဆိုလိုပါဘူး။ သူတို့က ဒီအကြံအစည်ကို ဆန့်ကျင်ကြပေမဲ့ ဘလဇဲလ်လို လူမျိုးရဲ့ ဒေါသကို ဆွပေးလိုက်ရင် မိုက်မဲရာကျလိမ့်မယ်ဆိုတာကို သိနေကြတယ်။
ဒါကြောင့် သူတို့က ခပ်တိုးတိုး ညည်းတွားစကားတွေကနေတစ်ဆင့်ပဲ သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖွင့်ချလိုက်ကြတယ်။
"တောက်။ ရီနေးတားကို အရင်ဆုံး ရှင်းနိုင်အောင်သာ ဆုတောင်းထားလိုက်ပါဦး"
ဓားပြတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
တခြားသူတွေကလည်း အသံကို နှိမ့်ပြီး တီးတိုးပြောနေကြတာ အများကြီးရှိပေမဲ့ ဒီစကားစုကတော့ ဂူတစ်ခုလုံးထဲမှာ ပဲ့တင်ထပ်သွားပြီး နောက်ဆုံးမှာ ဖလဲယားကော့ပ် အမျိုးသမီးရဲ့ နားထဲအထိ ကျယ်ကျယ်လောင်လောင် ရောက်ရှိသွားခဲ့တယ်။
"အခုနက ဘာပြောလိုက်တာလဲ"
သူမက မျက်မှောင်ကုတ်ကြည့်ရင်း ဘေးဘီဝဲယာကို ဒေါသတကြီး မေးလိုက်တယ်။
"ရီနေးတားဆိုတာ ဘာကို ပြောတာလဲ"
လူယုတ်မာဓါးပြအဖွဲ့တွေအားလုံးဟာ ဝေခွဲမရဖြစ်ရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူမလို အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ်တောအုပ်တစ်ခုလုံးမှာ အခုလောလောဆယ် အကြီးမားဆုံး ဖြစ်ပျက်နေတဲ့ အခြေအနေကို သိထားလိမ့်မယ်လို့ သူတို့က ထင်မှတ်ထားခဲ့ကြတယ်။
အထူးသဖြင့် ဂရက်ဖ်တက်ကလတ်စတာကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် ရီနေးတားကုမ္ပဏီက သူတို့ကို လူသိရှင်ကြား အနိုင်ယူခဲ့ပြီးတဲ့နောက်မှာ ဖလဲယားကော့ပ်အနေနဲ့ ဒီကုမ္ပဏီကို သတိပြုမိထားလိမ့်မယ်လို့ သူတို့က ပိုပြီးတော့တောင် ထင်ထားခဲ့ကြသေးတယ်။
ဒီဖြစ်ရပ်ကနေ လွတ်မြောက်လာခဲ့တဲ့သူတွေက အပြင်ကို သတင်းစကား ပါးနိုင်ခဲ့တာနဲ့တစ်ပြိုင်နက် သတင်းစာတွေပေါ်မှာ ဒီအကြောင်းက ချက်ချင်း နေရာယူသွားခဲ့တာ ဖြစ်တယ်။ သူတို့တွေဟာ မီးလျှံလုံးကြီးတစ်ခုထဲမှာ ပိတ်မိနေခဲ့ပြီး အပြင်ကို မထွက်နိုင်ဘဲ အသက်ဆက်ဖို့အတွက် အရသာမရှိတဲ့ ဖလဲယားကော့ပ်ရဲ့ ထုတ်ကုန်တွေကိုပဲ မဖြစ်မနေ စားသောက်ခဲ့ရတဲ့အကြောင်းကို လူသိရှင်ကြား ပြောပြခဲ့ကြတယ်။
အဲဒါက ဖလဲယားကော့ပ်အပေါ် လူထုရဲ့ အမြင်ကို ကျဆင်းသွားစေခဲ့ပေမဲ့ ရီနေးတားကုမ္ပဏီအပေါ်မှာတော့ လူထုရဲ့ အထင်ကြီးမှုကို ပိုပြီး မြင့်တက်လာစေခဲ့တယ်။ အနည်းဆုံးတော့ ဒီ ကွင်းစ်နယ်မြေရဲ့ အောက်ခြေပိုင်းမှာပေါ့။
"မင်းက ရီနေးတားကုမ္ပဏီအကြောင်းကို မသိဘူးလား"
ဝါနိုက ဘလဇဲလ်ကို မေးလိုက်တယ်။
"အဲဒါက ဘယ်သူလဲ။ ဒါမှမဟုတ် ဘာလဲ"
အမျိုးသမီးက တကယ်ပဲ စူးစမ်းချင်စိတ် ရှိနေတဲ့ပုံ ပေါ်တယ်။
"သူတို့က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းမှာ အဆင့် ၄၅၀ ရှိတဲ့ ကုမ္ပဏီလေ"
ဓားပြတစ်ယောက်က ပြောလိုက်တယ်။
"ဒါပေမဲ့ အဲဒါက သတင်းအဟောင်း ဖြစ်နေပါပြီ။ သူတို့က ဘားကပ်စ်ကုမ္ပဏီနဲ့ ဘူးလ်ရန်ကုမ္ပဏီတို့ကို သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတွေအဖြစ် သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ အဆင့်က ထပ်ပြီး မြင့်တက်လာဖို့ ရှိနေတယ်။ နှစ်ခုလုံးက ထိပ်တန်း ၅၀၀ စာရင်းထဲမှာ ရှိနေတာဆိုတော့ သူတို့ရဲ့ အဆင့်က ဂဏန်းနှစ်လုံးအထိ သေချာပေါက် တိုးသွားလိမ့်မယ်"
နောက်ထပ် ဓားပြတစ်ယောက်ကလည်း ဝင်ပြောလိုက်တယ်။
ဒီစကားက ဘလဇဲလ်ကို ပိုပြီးတော့တောင် ဝေခွဲမရ ဖြစ်သွားစေခဲ့တဲ့ပုံပဲ။
"သူတို့က အန်ဂိုရာမြို့နဲ့ ဂရက်ဖ်တက်ကလတ်စတာမှာ အကြီးမားဆုံးသော ဈေးကွက်ဝေစုကို ပိုင်ဆိုင်ထားကြတာ"
ဝါနိုက ဖြည့်စွက်ပြောလိုက်တယ်။
ဒီနေရာမှာတင် ဘလဇဲလ်က ဓားပြခေါင်းဆောင်ကို လှည့်ကြည့်လာခဲ့တယ်။
"ဒါပေမဲ့ အဲဒါက မဖြစ်နိုင်တာ။ ဂရက်ဖ်တက်ကလတ်စတာကို ငါတို့ သိမ်းပိုက်ခဲ့တာပဲဥစ္စာ။ ဒီနေရာမှာ ငါတို့ကို ပြိုင်မယ့်သူ မရှိပါဘူးလို့ ဟက်စတုက ငါတို့ကို အသေအချာ ပြောထားပြီးသား။ မင်းတို့ တစ်ခုခု မှားနေတာ ဖြစ်ရမယ်"
ဘလဇဲလ်က လက်ခံဖို့ ငြင်းဆန်တဲ့အနေနဲ့ ခေါင်းကို ခါယမ်းရင်း အခိုင်အမာ ပြောလိုက်တယ်။
"ကျွန်တော်လည်း ဘာပြောရမှန်း မသိတော့ဘူး"
ဝါနိုက ပြောလိုက်တယ်။
"ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်တော့"
သူက သူမရဲ့ ခြေလှမ်းတွေဆီကို သတင်းစာထုတ်တစ်ထုတ် လှမ်းပစ်ပေးလိုက်ရာ အဲဒီသတင်းစာက ပြန့်ထွက်သွားပြီး အရှေ့ဆုံး စာမျက်နှာကို သူမ မြင်လိုက်ရတယ်။
“”ရီနေးတားက ဂရက်ဖ်တက်ကလတ်စတာကို လွတ်မြောက်စေခဲ့သည်။ ဖလဲယားကော့ပ် မောင်းထုတ်ခံရ””
သူမက မြေပြင်ကနေ သတင်းစာကို ကောက်ယူပြီး ဖတ်ကြည့်လိုက်တယ်။ အစီရင်ခံစာထဲမှာ ပါတဲ့ စကားလုံးတွေက သူတို့ရဲ့ အစည်းအဝေးတုန်းက ဟက်စတု ပြောပြခဲ့တဲ့အရာတွေနဲ့ လုံးဝ တခြားစီ ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ရတယ်။
"မဖြစ်နိုင်တာ..."
ဘလဇဲလ်က သူမရဲ့ အသံက အသံမာကြီးတစ်ခုလို ဖြစ်သွားရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူမက ဒါကို ငြင်းပယ်ချင်နေပေမဲ့ သက်သေကတော့ သူမရဲ့ မျက်စိရှေ့တည့်တည့်မှာ ရှိနေခဲ့ပြီပေါ့။
"ဒီကောင်စုတ်..."
သူမက အော်ဟစ်လိုက်တယ်။ သူမရဲ့ အရေပြားကနေ လိမ္မော်ရောင်တွေ စတင်တောက်ပလာတာနဲ့အမျှ သတင်းစာကို ကိုင်ထားတဲ့ သူမရဲ့ လက်တွေက တုန်ရင်လာခဲ့တယ်။ သူမရဲ့ လက်တွေကနေ မီးလျှံတွေ ထွက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သတင်းစာကို ပြာအတိ ဖြစ်သွားစေခဲ့တယ်။
သူမက ဘာကို ဒေါသထွက်ရမှန်းတောင် မသိတော့ဘူးဖြစ်နေတယ်။ ပထမဆုံးအနေနဲ့ ဟက်စတုလို အဆင့်မြင့် အရာရှိတစ်ယောက်က သူမရဲ့ မျက်နှာကို တည့်တည့်ကြည့်ပြီး လိမ်ပြောရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ သူမ မယုံကြည်နိုင်တယ်
"ဒီ ကြွက်စုတ်ကောင်။ သူက သူ့ရဲ့ မစ်ရှင်မှာ ကျရှုံးခဲ့လို့ ငါ့ကို သူ့အမှိုက်တွေ လာရှင်းခိုင်းတာ ဖြစ်ရမယ်"
သူမရဲ့ စိတ်ထဲမှာတော့ ဟက်စတုက ရီနေးတားကုမ္ပဏီအကြောင်း ထည့်မပြောခဲ့တဲ့ အကြောင်းရင်းက သူကုမ္ပဏီကို သစ္စာဖောက်သွားလို့ မဟုတ်ဘဲ သူ့ရဲ့ တာဝန်မှာ ကျရှုံးခဲ့တာကြောင့်လို့ပဲ တွေးနေမိတယ်။
ဘာပဲဖြစ်ဖြစ် ဖလဲယားကော့ပ်လို ဘုန်းကြီးလှတဲ့ ကုမ္ပဏီကြီးကနေ ကျောခိုင်းသွားဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ဆိုတာ ရှိနိုင်လိမ့်မယ်လို့ သူမက မတွေးမိတာလည်း ပါတယ်။
ဒီလို မာနမျိုးနဲ့မို့လို့ပဲ ဟက်စတုက သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ကို သူမ မစဉ်းစားမိဘဲ ဖြစ်ခဲ့ရတယ်။ အကယ်၍ သူမသာ စဉ်းစားမိခဲ့ရင် ဘတ်ချ်ရောခ့်မြို့မှာရှိတဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက် အရာရှိတွေကို သတိပေးပြီး သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ကွပ်မျက်ခိုင်းလို့ ရခဲ့တယ်။
သူမနဲ့ ဖလဲယားကော့ပ်ရဲ့ ကျန်တဲ့သူတွေအတွက် ကံဆိုးချင်တော့ ဟက်စတုက ဆော်လို့ခေါ်တဲ့ ‘စလိုင်းမ်နတ်ဘုရား’ရဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး မှောင်မိုက်တဲ့ အရိပ်အောက်မှာ သူ့ရဲ့ အမိန့်တွေကို ဆက်ပြီး နာခံနေဦးမှာ ဖြစ်တယ်။
တစ်ချိန်တည်းမှာပဲ ဘလဇဲလ်ဟာ သူမရဲ့ ခန္ဓာကိုယ်အတွင်းထဲကနေ ပြင်းထန်တဲ့ ဒေါသနဲ့ မခံချင်စိတ်တွေ တလိပ်လိပ် တက်လာပြီး အပြင်ကို ပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရတယ်။ ဟက်စတုရဲ့ မျက်နှာကို တွေးမိရုံတင်ပဲ သူမရဲ့ သွေးတွေက ဆူပွက်ပြီး ရေနွေးငွေ့တွေအဖြစ် ပြောင်းလဲသွားတော့မလို ဖြစ်နေခဲ့ပြီပေါ့။
"ဂရား..."
သူမက ဂူထဲမှာ အကျယ်ကြီး အော်ဟစ်လိုက်ရာ သူမရဲ့ အော်သံက ပဲ့တင်ထပ်ပြီး ပြန်ထွက်လာတယ်။
ဝါနိုနဲ့ လူယုတ်မာဓါးပြအဖွဲ့တွေကတော့ ဘလဇဲလ်က သူမရဲ့ မကျေနပ်ချက်တွေကို ပေါက်ကွဲပစ်နေခိုက်မှာ သူတို့ရဲ့ နေရာတွေမှာတင် ကျောက်ရုပ်တွေလို ငြိမ်သက်နေကြတယ်။
ဒီရူးသွပ်နေတဲ့ အမျိုးသမီးက သူမရဲ့ အဆုတ်ထဲက အသံကုန်သုံးပြီး အော်ဟစ်နေရင်း မြေပြင်ကို ဒေါသတကြီး ခြေဆောင့််နေခဲ့တယ်။
ဒါက စက္ကန့်အနည်းငယ်လောက် ကြာသွားပြီးတဲ့နောက်မှာတော့ သူမက ပြန်ပြီး ငြိမ်သက်သွားခဲ့တယ်။
သူတို့က သူမ နောက်ဆုံးမှာ စိတ်အေးသွားပြီလို့ ထင်လိုက်တဲ့အချိန်မှာတင် ဘလဇဲလ်က သူမရဲ့ ဓားအိမ်ထဲကနေ ဓားမြှောင်ရှည်ကို ထုတ်ပြီး ကောင်းကင်ပေါ်ကို မြှောက်လိုက်တယ်။
ရုတ်တရက်ဆိုသလို လေထုက ပိုပြီး ပူပြင်းလာပြီး သိပ်သည်းလာခဲ့တယ်။ ဝါနိုနဲ့ ကျန်တဲ့ ဓားပြတွေဟာ ဘလဇဲလ်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ လေထုက တော်နေဒိုမုန်တိုင်းရဲ့ ဗဟိုချက်ထဲ ရောက်နေသလိုမျိုး လှုပ်ရှားနေတာကို ခံစားလိုက်ရတယ်။
ဘလဇဲလ်ရဲ့ ခန္ဓာကိုယ်က သူမရဲ့ ကိုယ်ပိုင်မီးလျှံတွေနဲ့ တောက်ပလာတာနဲ့အမျှ သူမရဲ့ အရိပ်က တုန်ခါနေခဲ့တယ်။
သူမက ဒီလိုမျိုး ဆက်ပြီး သောင်းကျန်းနေခိုက်မှာပဲ သူမကို စောင့်ကြည့်ဖို့ တာဝန်ပေးထားရတဲ့ အဆင့်မြင့် အရိပ်ဝံပုလွေဟာ ရုတ်တရက်ဆိုသလို သူမရဲ့ ခြေဖျားနားကနေ သူ့ကို အဝေးကို တွန်းထုတ်ပစ်လိုက်တဲ့ ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရတယ်။ အဲဒါက သူ တစ်ခါမှ မခံစားဖူးသေးတဲ့ အရာမျိုး ဖြစ်နေခဲ့တယ်။
ပြီးတော့ သူ သတိမထားမိခင်မှာပဲ သူ့ရဲ့ သဟဇာတ အားနည်းသော ပေါင်စည်းခြင်း အကာအကွယ်က အလိုအလျောက် ပွင့်လာပြီး မီးလျှံတွေကို စတင် တွန်းလှန်ပစ်လိုက်တယ်။
ဒါပေမဲ့လည်း အရိပ်ဝံပုလွေကတော့ သူ့ရဲ့ အကောင်းဆုံး အကာအကွယ်ကြီးဟာ ဘလဇဲလ်ရဲ့ မီးလျှံတွေကြောင့် တဖြည်းဖြည်းချင်း အက်ကွဲပျက်စီးလာနေတာကို မျက်လုံးအစုံ ပြူးကျယ်လျက်သားနဲ့ ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
* * * * * * * *
စာစဉ်(၂၇)
အခန်း(၃၂၀)
နင်ဂျာတစ်ယောက်အနေနဲ့ ရှိတဲ့ အဆင့်မြင့်အရိပ်ဝံပုလွေရဲ့ မာန်မာနက ရုတ်တရက် ထတောက်လာပြီး ဖလဲယားကော့ပ်ရဲ့ ဒေါသတကြီး ထွက်ပေါ်နေတဲ့ မီးလျှံတွေ၊ အလင်းရောင်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချင်စိတ် ပေါက်လာရတယ်။ သူဟာ ရှိသမျှအစွမ်းကို စုစည်းပြီး သူ့ကို အချိန်အတော်ကြာ ကာကွယ်ပေးထားတဲ့ အကာအကွယ်ကို ဆက်ပြီး ထိန်းထားချင်မိတယ်။
ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူ့ရဲ့အကာအကွယ်တွေဟာ တဖြည်းဖြည်းနဲ့ ပါးလွှာလာနေတယ်။ ဖလဲယားကော့ပ်ရဲ့ ကိုယ်ပေါ်က မီးလျှံတွေက ပိုပြီးတော့ တောက်ပလာတာကြောင့် သူ့ကို ကာကွယ်ပေးထားတဲ့ မမြင်နိုင်တဲ့ ရောင်စုံအကာအကွယ်ကြီးမှာ အပေါက်တစ်ပေါက် ဖြစ်သွားဖို့က အချိန်ပိုင်းပဲ လိုတော့တယ်။
ဒါက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ သူတို့တွေ တခြားလူတွေရဲ့ အရိပ်ထဲမှာ မရိပ်မိအောင် ပုန်းကွယ်သွားလာနိုင်တဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းက သူတို့ကိုယ်ပေါ်မှာ အလိုအလျောက် ပါရှိနေတဲ့ အကာအကွယ်ကြောင့်ပဲ လေ။ အဲဒီအကာအကွယ်က သူတို့ကို ရှာဖွေနိုင်မယ့် ဘယ်လိုမှော်စုံစမ်းတာမျိုးကိုမဆို ဖျက်ဆီးပစ်နိုင် ဒါမှမဟုတ် အစွမ်းမဲ့သွားအောင် လုပ်နိုင်စွမ်း ရှိတယ်။
အကယ်၍ သူ့ရဲ့အကာအကွယ်သာ ပျက်စီးသွားရင် ဖလဲယားကော့ပ်က သူ့ကို ရိပ်မိသွားနိုင်ရုံတင်မကဘဲ ရီနေးတားရဲ့ အရိပ်အဖွဲ့ ရှိနေတာကိုပါ သိသွားနိုင်တဲ့ အခွင့်အရေး အများကြီး ရှိနေတယ်။ ဒါမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်ဘူးလေ။
သူ ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်။ အဆင့်မြင့်အရိပ်ဝံပုလွေဟာ သူ့ရဲ့နေရာကို စွန့်ခွာဖို့ ရွေးချယ်လိုက်ပြီး ဖလဲယားကော့ပ်ရဲ့ အရိပ်ထဲကနေ ထွက်ခွာခဲ့တယ်။ ပြီးတော့ စိတ်ချရအောင်လို့ အောက်ခြေဓားပြတွေရဲ့ ပုန်းခိုရာနေရာထဲမှာ ရှိနေတဲ့ တခြားအရိပ်တွေကိုပါ စွန့်စားမှုမလုပ်ဘဲ သူနဲ့အတူ လိုက်ခဲ့ဖို့ အချက်ပြလိုက်တယ်။
ဖလဲယားကော့ပ်ရဲ့ စွမ်းအားက သူတို့ ထင်မှတ်ထားတဲ့အရာ မဟုတ်တာကြောင့် ဒါကို သူတို့အနေနဲ့ ခန့်မှန်းလို့ မရနိုင်ဘူး။ အကယ်၍ အဲဒီစွမ်းအားက အကာအကွယ်ကို ဒီလိုမျိုး လောင်ကျွမ်းစေနိုင်တယ်ဆိုရင် သူမအနေနဲ့ ရီနေးတားရဲ့ အရိပ်အဖွဲ့အကြောင်း အမှန်တရားကို သိသွားနိုင်တဲ့ အခွင့်အရေး ရှိနေတယ်။
အောက်ခြေဓားပြတွေရဲ့ ပုန်းခိုရာနေရာကနေ အလတ်တန်းအရိပ်အဖွဲ့ဝင် တစ်ရာနီးပါး၊ အဆင့်မြင့်အရိပ်အဖွဲ့ဝင် ငါးဆယ်နဲ့ အဆင့်မြင့်အရိပ်အဖွဲ့ဝင် နှစ်ယောက်တို့ဟာ အရိပ်ခွဲတစ်ခုတောင် ချန်မထားခဲ့ဘဲ ဆုတ်ခွာသွားကြတယ်။
ဒါဟာ ရီနေးတားရဲ့ အရိပ်အဖွဲ့အတွက် ပထမဆုံးအကြိမ် ကျရှုံးမှုပဲ ဖြစ်လိမ့်မယ်။ သူတို့ ရှိနေမှန်း ဘယ်သူမှမသိခင်မှာပဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ် ဆိုပေမဲ့လည်း အဆင့်မြင့်အရိပ်အဖွဲ့ဝင်တွေကတော့ မိုက်ကယ်အတွက် တာဝန်မကျေဘူးလို့ ခံစားနေရတယ်။ ဘာလို့လဲဆိုတော့ ဖလဲယားကော့ပ်က ဒီလိုစွမ်းအားမျိုးကို ဘယ်လိုထုတ်ဖော်လိုက်လဲဆိုတာ သူတို့ ရှာဖွေမတွေ့ရှိခဲ့လို့ပဲ။
အဲဒီစွမ်းအားက သူတို့ရဲ့ မှော်စွမ်းအင်နဲ့တောင် အာရုံခံလို့မရတဲ့ စွမ်းအားမျိုး ဖြစ်နေတယ်။ ဒါဟာ လုံးဝကို ကွဲပြားခြားနားပြီး စိမ်းသက်ဆန်းပြားတဲ့ စွမ်းအားတစ်ခုလိုမျိုးပါပဲ။
အရိပ်တွေ တကယ်မထွက်ခွာခင်မှာပဲ အဆင့်မြင့်အရိပ်ဝံပုလွေက ဖလဲယားကော့ပ်ကို နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်တယ်။
သူမရဲ့ ခန္ဓာကိုယ်က အရေပြားတွေ မီးတောက်နေသလိုမျိုး တောက်ပနေတယ်။ သူမရဲ့ ဒေါသတကြီး တောက်ပမှုကြောင့် ဂူထဲမှာ ဘယ်လိုအရိပ်မျိုးမှ မထွက်ပေါ်နိုင်တော့ဘဲ သူမဟာ ကြည့်ရတာ စူးရှလွန်းပြီး ပူပြင်းလွန်းတာကြောင့် ဓားပြတိုင်း မျက်လုံးကို မှိတ်ထားကြရတယ်။
"ဂရားးး" ဖလဲယားကော့ပ်က နောက်ဆုံးတစ်ကြိမ် အော်ဟစ်လိုက်ပြီး သူမရဲ့ အော်သံက ပဲ့တင်ထပ်လို့ နေတယ်။ သူမရဲ့ ဒေါသအားလုံးကို ဂူအနှံ့ ထုတ်လွှတ်လိုက်တယ်။
တစ်ပြင်လုံး မျက်စိကျိန်းမတတ် အလင်းရောင်တွေနဲ့ မီးမလောင်ကျွမ်းခင်မှာပဲ ဝါနိုနဲ့ ဖလဲယားကော့ပ်ရဲ့ အနီးဆုံးမှာ ရှိနေတဲ့ ဓားပြတွေဟာ သူမရဲ့ခေါင်းပေါ်မှာ ဆန်းကြယ်တဲ့ ပုံရိပ်တစ်ခု ပေါ်လာတာကို ရုတ်တရက် မြင်လိုက်ရတယ်။ ဒါက မီးလျှံတွေရဲ့ ကိုယ်ပွားတစ်ခု ဆင်းသက်လာပြီး နေမင်းကြီးထက်တောင် ပိုပြီး တောက်ပစွာ လောင်ကျွမ်းနိုင်တဲ့ စွမ်းအားကို ဖလဲယားကော့ပ်ဆီ အပ်နှင်းလိုက်သလိုမျိုး ခံစားရစေတယ်။
သူမရဲ့ အော်ဟစ်သံ အဆုံးမှာတော့ အလင်းရောင်နဲ့ မီးလျှံတွေက ဖြည်းဖြည်းချင်း ငြိမ်းသက်သွားတယ်။
ဖလဲယားကော့ပ်က မောမောနဲ့ အသက်ရှူဖို့ ကြိုးစားရင်း ခန္ဓာကိုယ်က အလင်းရောင်တွေလည်း တဖြည်းဖြည်း မှိန်သွားတယ်။ သူမရဲ့ ခန္ဓာကိုယ်ကို လွှမ်းမိုးထားတဲ့ ဆန်းကြယ်တဲ့ စွမ်းအားကလည်း ကွယ်ပျောက်သွားပြီး သူမရဲ့ ခြေဖဝါး ဘေးပတ်ပတ်လည်မှာတော့ မီးလောင်ကျွမ်းထားတဲ့ အဝိုင်းအကွင်းတွေပဲ ကျန်ရစ်ခဲ့တယ်။
သူမနဲ့ အနီးကပ်လွန်းတဲ့ ကံဆိုးသူ ဓားပြအချို့ကတော့ တစ်ကိုယ်လုံးမှာ မီးလောင်ဒဏ်ရာတွေ အများကြီး ရသွားကြတယ်။
ဒါပေမဲ့ ဓားပြခေါင်းဆောင် ဝါနိုကတော့ ဒါတွေကို ဂရုစိုက်နိုင်ပုံမရဘူး။ သူက ဖလဲယားကော့ပ်ရဲ့ ခေါင်းပေါ်က ဗလာပြင်နေရာကိုပဲ စိုက်ကြည့်နေမိတယ်။
အဲဒီနေရာမှာ ဘာမှမရှိတော့ပေမဲ့ ဝါနိုကတော့ သူမရဲ့အပေါ်မှာ ပုံရိပ်တစ်ခုခု ဒါမှမဟုတ် လူပုံသဏ္ဌာန်တစ်ခုခု ပေါ်လာတာကို သေသေချာချာ မြင်လိုက်ရတယ်လို့ ယုံကြည်နေတယ်။ မျက်မှောင်ကုပ်ပြီး ကြည့်နေပေမဲ့လည်း ဖလဲယားကော့ပ်ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အလင်းစွမ်းအားဟာ သူမရဲ့အပေါ်မှာ ပေါ်လာတဲ့ ဆန်းကြယ်တဲ့ ပုံရိပ်ဆီကနေ လာတာဆိုတာကို သူ့ရဲ့ အကဲခတ်စွမ်းရည်ကြောင့် သိလိုက်ရတယ်။
အဲဒီမီးလျှံပုံရိပ်က သူမ ထုတ်လွှတ်လိုက်တဲ့ မှော်စွမ်းအင် မဟုတ်တဲ့ စွမ်းအားအားလုံးရဲ့ မြစ်ဖျားခံရာပဲ ဖြစ်တယ်။
"ဟူး... ဟူး..." ဖလဲယားကော့ပ်က အမောတကော အသက်ရှူနေရင်း "တောက်... အဲဒီဟက်စတုကြောင့် ငါ့ရဲ့ ဒီဗာကို ဆင့်ခေါ်လိုက်ရတယ်" လို့ ပြောလိုက်တယ်။
သူမက ဓားသွားနဲ့ လိမ္မော်ရောင် လက်ကိုင်မှာ ဒဏ်ရာ တစ်စုံတစ်ရာ ရှိမရှိ သေသေချာချာ ကြည့်ရှုရင်း သူမရဲ့ မြင်ကွင်းထဲကို ဓားမြှောင်ကို မြှောက်လိုက်တယ်။ လက်ကောက်ဝတ်အကာရဲ့ အောက်ခြေပိုင်းမှာ မီးလောင်ရာ အနည်းငယ်ကို မြင်လိုက်ရတဲ့အခါ သူမက သွားကြိတ်လိုက်မိတယ်။
ဝါနိုကတော့ သိချင်စိတ်ကို မအောင့်နိုင်တော့ဘဲ မေးလိုက်တယ်။
"မစ္စ ဖလဲယားကော့ပ်... အဲဒါ ဘာကြီးလဲဗျာ" လို့ သူက သတိထားပြီး မေးလိုက်တယ်။
ဖလဲယားကော့ပ်က အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ ဓားပြတွေက သူမကို လုံးဝကွဲပြားတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။ အရင်ကဆိုရင် သူတို့က သူမကို ဖလဲယားကော့ပ်ရဲ့ တတိယမြောက် အမိန့်ပေးပိုင်ခွင့်ရှိသူ တစ်ယောက်အနေနဲ့ မရိုမသေ၊ မထောက်မညှာဘဲ လှောင်ပြောင်တဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့ကြတာလေ။
ဒါပေမဲ့ အခုတော့ ကြောက်ရွံ့မှုတွေ၊ မသက်မသာဖြစ်မှုတွေ ပြည့်နှက်နေတဲ့ အကြည့်တွေကိုပဲ သူမ မြင်တွေ့ရတော့တယ်။ သူတို့က သူမဆင့်ခေါ်လိုက်တဲ့ 'ဒီဗာ' လို့ ခေါ်တဲ့အရာနဲ့ သူတို့တစ်သက်လုံး သိထားတဲ့ စွမ်းအားနဲ့ လုံးဝဥဿုံ ကွဲပြားခြားနားတဲ့ အမည်မသိ စွမ်းအားကို အလွန်အမင်း ကြောက်လန့်နေကြတယ်။
သူမရဲ့ ခေါင်းပေါ်က မီးလျှံပုံရိပ်ကြီးရဲ့ ပုံသဏ္ဌာန်ကတော့ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မှာ မဟုတ်ဘူး။
"ဟွန့်၊ အခုတော့ နင်တို့ ငါလိုမိန်းမတစ်ယောက်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို နားလည်သွားပြီမလား" ဖလဲယားကော့ပ်က တခစ်ခစ်ရယ်ရင်း "နင်တို့ ဟောဒီမှာ မြင်လိုက်ရတဲ့အရာကို 'ဒီဗာ' လို့ ခေါ်တယ်။ ဒါက နင်တို့လို လူတိုင်း အလွယ်တကူ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ငါလိုမျိုး ရွေးချယ်ခံထားရတဲ့သူတွေအတွက်ပဲ သီးသန့်ပဲ။
နင်တို့ အခုလောက်ဆို သတိထားမိလောက်ပြီပေါ့။ ငါ့ရဲ့ စွမ်းအားက နင်တို့ အာရုံတောင် ခံလို့မရတဲ့ အရာမျိုး။ ဒါက မှော်စွမ်းအင်နဲ့ လုံးဝကို ကွဲပြားခြားနားတာကြောင့် နင်တို့ရဲ့ အောက်တန်းကျတဲ့ ကိုယ်ခံပညာရပ်မန္တန်တွေနဲ့ ဆန်းကြယ်တဲ့ မန္တန်တွေက ငါလိုလူကို ဘယ်တော့မှ မအနိုင်ယူနိုင်ဘူး။
ဒါကြောင့်မို့လို့ တို့တွေက ပိုပြီး အထက်တန်းကျတယ်။ ဖလဲယားကော့ပ်က သာလွန်တယ်။ ဒါကို နင်တို့ခေါင်းထဲ စွဲနေအောင် မှတ်ထားကြ။ အကယ်၍ နင်တို့သာ တို့ကုမ္ပဏီဆီ အညံခံမယ်ဆိုရင် နောင်တစ်ချိန်မှာ နင်တို့လည်း ဒီစွမ်းအားကို ပိုင်ဆိုင်နိုင်ကောင်း ပိုင်ဆိုင်နိုင်လိမ့်မယ်"
သူမရဲ့ နောက်ဆုံးစကားလုံးတွေက အောက်ခြေဓားပြတွေရဲ့ စိတ်ထဲကို တုန်လှုပ်မှုတွေနဲ့ မျှော်လင့်တောင့်တမှုတွေကို လှိုင်းလုံးတစ်ခုလို ရိုက်ခတ်သွားစေတယ်။ အဲဒီ 'ဒီဗာ' စွမ်းအားကို ပိုင်ဆိုင်ချင်တဲ့ မက်မောမှုက တစ်ကိုယ်တော် ဓားပြတွေအနေနဲ့ ရှိတဲ့ သူတို့ရဲ့ မာန်မာနကို လွှမ်းမိုးသွားပြီး နောက်ဆုံးမှာတော့ ဖလဲယားကော့ပ်ရဲ့ လက်အောက်ခံအဖြစ် ခံယူဖို့ သဘောတူလိုက်ကြတော့တယ်။
"အကယ်၍ နင်တို့ အောက်ခြေဓားပြတွေက တို့ကို ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ် တောအုပ်ကို သိမ်းပိုက်ဖို့ ကူညီပေးမယ်ဆိုရင် တို့က နင်တို့ကို အခွင့်အရေးတစ်ခုနဲ့ ဆုချမယ်။
နင်တို့ တို့ကို ရီနေးတားကုမ္ပဏီကို ဖြုတ်ချဖို့ ကူညီပေးရင် နင်တို့ကိုယ်တိုင်လည်း ဒီစွမ်းအား ရှိမရှိ တို့က စမ်းသပ်ပေးမယ်။ ပြီးတော့ အဲဒီစမ်းသပ်မှု အောင်မြင်ရင် တို့ရဲ့ အရှင်သခင်က နင်တို့ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု အပ်နှင်းလိမ့်မယ်။
ငါ ရရှိထားသလိုမျိုး နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတစ်ခုကို နင်တို့ ရရှိမှာ ဖြစ်တယ်"
ဖလဲယားကော့ပ်က သူမရဲ့ ရင်ဘတ်က သံချပ်ကာကို အနည်းငယ် ဆွဲခွာပြလိုက်တဲ့အခါ လက်ညှိုးတစ်ဆစ်စာလောက် ရှည်လျားတဲ့ ခွဲစိတ်မှု အမာရွတ်တစ်ခုကို တွေ့လိုက်ရတယ်။
"နင်တို့ ဒီလုပ်ငန်းစဉ်ကို ဖြတ်ကျော်ပြီးတာနဲ့ နင်တို့ကိုယ်ပိုင် 'ဒီဗာ' ကို နှိုးသလောက် ရပြီ" ဖလဲယားကော့ပ်က ဓားမြှောင်ကို လေထဲမြှောက်ရင်း အော်ဟစ်လိုက်တယ်။
သူမရဲ့အပေါ်မှာ ရုတ်တရက် မီးလျှံတွေ ထတောက်လာပြီး မီးတောက်မီးလျှံတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံသဏ္ဌာန်မရှိတဲ့ ပုံရိပ်တစ်ခု ပေါ်လာတယ်။ ဒီပုံရိပ်မှာ မျက်လုံးလည်းမပါ၊ မျက်နှာလည်းမရှိဘဲ ဦးခေါင်း၊ ကိုယ်ထည်အပေါ်ပိုင်းနဲ့ လက်မပါတဲ့ မီးလျှံလက်မောင်း နှစ်ဖက်ပဲ ရှိတယ်။
"ဒီဒီဗာရဲ့ စစ်မှန်တဲ့ စွမ်းအားကိုတော့ မီသရယ် မှော်ဝင်ပစ္စည်းကို သုံးပြီးမှပဲ ထိန်းချုပ်နိုင်တယ်" ဖလဲယားကော့ပ်က ဓားမြှောင်ကို လေထဲမှာ ဝေ့ယမ်းရင်း ပြောလိုက်တယ်။
အကျိုးဆက်အနေနဲ့ သူမရဲ့အပေါ်က မီးလျှံပုံရိပ်ကြီးကလည်း လက်မောင်းတွေကို မြှောက်ပြီး သူမရဲ့ လှုပ်ရှားမှုနောက်ကို လိုက်လုပ်တယ်။
"ဒါပေမဲ့ ဘယ်လို မီသရယ် မှော်ဝင်ပစ္စည်းမျိုးမဆို ရတာမဟုတ်ဘူး။ အဲဒါကို ရှေးဟောင်း ဝိညာဉ် ဒါမှမဟုတ် လူသိများတဲ့ ရှေးဟောင်း အဆီအနှစ်နဲ့ ပေါင်းစပ်ရမယ်"
ဝါနိုက အဲဒီနာမည်ကို မှတ်မိသွားတာကြောင့် မျက်လုံးတွေ ပြူးကျယ်သွားရတယ်။
ဒါက ပင်လယ်ရေရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာပဲ တွေ့ရတတ်တဲ့ အလွန်ဆန်းပြားပြီး ရှားပါးတဲ့ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပြီး သမုဒ္ဒရာအရှင်သခင်နဲ့ သူ့ရဲ့ နယ်မြေတွေကပဲ ဖြန့်ဖြူးပေးတာလေ။ ဒါကြောင့်မို့လို့ ရှေးဟောင်း အဆီအနှစ်ရဲ့ ဈေးနှုန်းက ဘီလီယံနာတွေပဲ ဝယ်ယူနိုင်လောက်အောင် အဆမတန် ကြီးမားလွန်းလှတယ်။
ဒါဟာ ဖလဲယားကော့ပ်က ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ် တောအုပ်ကို သိမ်းပိုက်ချင်နေရတဲ့ အကြောင်းရင်း ဖြစ်နေတာလား မသိဘူး။
* * * * * * * *