အခန်း (၃၂၃-၃၂၄)
Vol. 27 Ch. 323-324
အခန်း(၃၂၃)
မိုက်ကယ်က နီယိုအော်ကပ်စ် တောအုပ်အနီးဆီကို ကိုယ်ရောင်ဖျောက် ရွှေ့ပြောင်းလိုက်တယ်။ အဲဒီနေရာမှာ သူဟာ ခေါင်းတိုင်တွေကနေ မီးခိုးဖြူတွေ တလူလူ ထွက်နေတဲ့ ဧရာမ စက်ရုံအဆောက်အအုံကြီးတစ်ခုကို လှမ်းမြင်လိုက်ရတယ်။ သူ့နှာခေါင်းဝဆီကို ချိုမြိန်ပြီး ပျစ်နှစ်နေတဲ့ အရောအနှောနံ့တစ်ခုက လွင့်ပျံလာခဲ့တယ်၊ အဲဒါကတော့ ချောကလက်နံ့ပါပဲ။
ဒါဟာ အားလုံးပဲ နှစ်သက်သဘောကျကြတဲ့ အရသာရှိလှတဲ့ အချိုပွဲမုန့်တွေဖြစ်အောင် ဒေသထွက် ကိုကိုးစေ့တွေကို ပြုပြင်မွမ်းမံတဲ့ ချောကလက်စက်ရုံပဲ ဖြစ်တယ်။ တကယ်တော့ ချောကလက်ဟာ ရီနေးတားမှာ အရောင်းရဆုံး ကုန်ပစ္စည်းတွေထဲက တစ်ခုပေါ့။ အများပြည်သူတွေက သဘောကျနှစ်သက်ကြရုံတင်မကဘဲ အားအင်တိုးပွားစေတဲ့ စွမ်းအင်ဖြည့်မုန့်အဖြစ် လူထုကြားထဲမှာ အသိအမှတ်ပြုထားကြလို့ စစ်သည်တော်တွေနဲ့ တခြား တိုက်ခိုက်ရေးသမားတွေအတွက် မဖြစ်မနေ ဆောင်ထားရမယ့် မုန့်တစ်ခုလည်း ဖြစ်လာခဲ့တယ်။
စွန့်စားရှာဖွေသူတွေတောင်မှ အချိန်အကြာကြီး မစ်ရှင်တွေ သွားရတဲ့အခါတိုင်း ဒါကိုပဲ ရိက္ခာအဖြစ် သုံးစွဲကြတယ်။ ဒါပေမဲ့ ဝယ်လိုအား အလွန်များပြားလွန်းတာကြောင့် စက်ရုံကနေ တိုက်ရိုက် ခိုးယူချင်ကြတဲ့ ဒုက္ခပေးမယ့် လူဆိုးတချို့လည်း ရှိလာခဲ့တယ်။
ဒါပေမဲ့လည်း စက်ရုံက တကယ်ပဲ အစောင့်အကြပ် တင်းကျပ်လှပါတယ်၊ အဆောက်အအုံကို ဝန်းရံထားတဲ့ နံရံတွေရဲ့ ပတ်ပတ်လည်မှာ ရီနေးတားနိုင်ငံသားတွေကို နေရာချထားတယ်။ ထောင့်စုံမှာလည်း မီးမောင်းတွေ ထိုးထားတဲ့ ကင်းမျှော်စင်တွေ ရှိနေပြီး အဲဒီနေရာကို လုယက်ဖို့ ကြံစည်နေသူ တစ်ယောက်မှ ရှိမနေအောင် သေချာ စောင့်ကြည့်နေကြတယ်။
သူ အဆောက်အအုံထဲကို လှမ်းဝင်လိုက်တဲ့အခါ အစောင့်တွေက ဦးညွှတ် အလေးပြုကြတယ်။ အထဲမှာတော့ အဖြူရောင် ဘေးကင်းလုံခြုံရေး ဝတ်စုံတွေနဲ့ မျက်မှန်တွေ တပ်ဆင်ထားတဲ့ ရီနေးတားနိုင်ငံသားတွေကို သူ မြင်လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ချောကလက်ချက်လုပ်တဲ့ လုပ်ငန်းစဉ်က အပူနဲ့ ရေနွေးငွေ့ အများကြီး လိုအပ်တာကြောင့် မတော်တဆ ထိခိုက်မှုတွေ အများကြီး ဖြစ်ပွားနိုင်တယ်လေ။
မိုက်ကယ်က ကွန်ဗေယာပတ်လမ်းတွေရဲ့ ဘေးကနေ လျှောက်လှမ်းသွားခဲ့တယ်၊ အလုပ်သမားတစ်ယောက်က စက်ခလုတ်ကို မှော်ပညာနဲ့ အသုံးပြုပြီး အရည်ပျော်နေတဲ့ ချောကလက်တွေကို ပုံစံခွက်ထဲဆီ အချိုးအစား ကွက်တိ ကျဆင်းစေတယ်။ အဲဒီနောက်မှာတော့ ဒါက နောက်စက်တစ်ခုဆီ ရောက်ရှိသွားပြီး ရီနေးတားနိုင်ငံသားတစ်ယောက်က အအေးခံကာ စက္ကူနဲ့ ထုပ်ပိုးလိုက်တယ်။
အလုပ်သမားတွေက မိုက်ကယ် ဘေးကနေ ဖြတ်လျှောက်သွားတဲ့အခါ ဦးညွှတ်ပြီး ပြုံးပြကြတယ်။ သူ လာမယ့်အကြောင်းကို ကြိုတင် အကြောင်းကြားထားပြီးသား ဖြစ်တာကြောင့် အစောင့်တွေက သူ့ကို ရုံးခန်းတွေရှိရာ အပေါ်ဆုံးထပ်ဆီ လမ်းပြခေါ်ဆောင်သွားပေးကြတယ်။
မိုက်ကယ်က တံခါးကို ခေါက်ပြီး ဖွင့်လိုက်တဲ့အခါ မုန့်ဖုတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည်း မီးဖိုလက်အိတ်တွေ ကိုင်ထားတဲ့ ဘက်သ်ကို တွေ့လိုက်ရတယ်။ သူက ကွတ်ကီးချောကလက် အသုတ်အသစ်ကို ဖုတ်လို့ ပြီးခါစပဲ ရှိသေးတယ်။
ဒီနေရာက ရုံးခန်း လို့ ဆိုရပေမဲ့လည်း ဘက်သ်က ကုန်ပစ္စည်းအသစ်တွေ စမ်းသပ်ဖုတ်လုပ်ပြီး ပြန်လည်ရောင်းချနိုင်ဖို့အတွက် မုန့်ဖုတ်စက်ရုံငယ်လေးတစ်ခုအဖြစ် အသွင်ပြောင်း ပြင်ဆင်ထားတာ ဖြစ်တယ်။
“မိုက်ကယ်... လာတာ ဝမ်းသာလိုက်တာ၊ ဒါလေး တစ်ချက်လောက် မြည်းစမ်းကြည့်ပါဦး”
သူမက မိုက်ကယ်ကို လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ချောကလက်ချစ်ပ် ကွတ်ကီးတစ်ခု ပေးရင်း ပြောလိုက်တယ်။
သူ မြည်းစမ်းကြည့်လိုက်တဲ့အခါ နောက်ဆုံးအကြိမ် တွေ့ခဲ့ရစဉ်ကထက် သူမရဲ့ လက်ရာတွေ ပိုကောင်းလာတာကို သိလိုက်ရတယ်။
“ဒါ ကောင်းတယ်၊ ဒါပေမဲ့ တကယ်တော့ ငါ ဒီကိုလာတာ ဒါအတွက် မဟုတ်ဘူး၊ ငါက အာရုံစူးစိုက်မှု အားကောင်းတဲ့ ချောကလက်အပြင်းစားတွေအတွက် လာတာ”
သူက သူမကို ပြောလိုက်တယ်။
ဘက်သ်က ခေါင်းညိတ်လိုက်ပြီး ချောကလက်တုံး ငါးတုံး သီးခြားစီ ပါရှိတဲ့ သတ္တုသေတ္တာတစ်လုံးကို ထုတ်ယူဖို့ သူမရဲ့ ဗီရိုဆီ ချက်ချင်း လျှောက်သွားတယ်။ ချောကလက်တုံး တစ်တုံးချင်းစီက ဘယ်ဘက်ကနေ ညာဘက်ဆီကို ပိုပြီး အရောင်ရင့်သွားတယ်။
“မင်း အမိန့်ပေးထားတဲ့အတိုင်းပဲ၊ ငါတို့တွေ ချောကလက်ကို အရင်ကထက် ပိုပြီး ပြင်းအားကောင်းအောင် စမ်းသပ်မှုတွေ လုပ်နေခဲ့တာ”
သူမက သေတ္တာထဲက အရောင်အဖျော့ဆုံး ချောကလက်တုံးကို မြှောက်ပြရင်း ပြောလိုက်တယ်။
“ဒါကတော့ ငါတို့ရဲ့ ပုံမှန်ချောကလက်ပေါ့၊ အများပြည်သူတွေကို ရောင်းချပေးနေတဲ့အရာပဲ၊ အဲဒီထဲမှာ ကိုကိုးပြင်းအား ၂၅ ရာခိုင်နှုန်း ပါဝင်တယ်”
မိုက်ကယ် ခေါင်းညိတ်လိုက်တယ်။ ဒါက သူတို့ နေရာတိုင်းမှာ ရောင်းချနေတဲ့ ပုံမှန် ကိုကိုးပမာဏပဲ ဖြစ်တယ်။
သူတို့ရဲ့ သုတေသနပြုချက်တွေအရ ဒီလိုပြင်းအားမျိုးမှာပဲ ချောကလက်အရသာ ပေါ်လွင်ပြီး စားသုံးတဲ့အခါ အခါးဓာတ် သိပ်မရှိတယ်။ ဒါပေမဲ့ ရီနေးတားနိုင်ငံသားတွေအတွက်တော့ ဒါက လုံးဝ ခြားနားတဲ့ အကြောင်းအရာတစ်ခု ဖြစ်သွားပြီ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်က သူတို့ကို အချိုဓါတ်အရှိန်အစွမ်း လို့ ခေါ်တဲ့ စွမ်းရည်တစ်ခု ပေးထားခဲ့တယ်လေ၊ အဲဒါက ချောကလက်တုံးကို စားသုံးလိုက်တာနဲ့ သူတို့ရဲ့ မှော်စွမ်းအင် ထိရောက်မှု၊ မှော်စွမ်းအင် သုံးစွဲမှု၊ မှော်စွမ်းအား တန်ခိုးနဲ့ တခြား အရာအားလုံးကို တိုးတက်စေနိုင်တာ ဖြစ်တယ်။
အခုအချိန်မှာတော့ ၂၅ ရာခိုင်နှုန်း ကိုကိုးချောကလက်က ရီနေးတားနိုင်ငံသားတစ်ယောက်ချင်းစီကို သူတို့ရဲ့ တန်ခိုးအဆင့် ကြယ်တစ်ပွင့်စာစွမ်းအား တိုးတက်စေတယ်။ တကယ်လို့ သူတို့က ကြယ်သုံးပွင့်မှော်ပညာရှင်တွေဆိုရင် ဒါကို စားသုံးလိုက်တာနဲ့ ကြယ်လေးပွင့်မှော်ပညာရှင်တွေ ဖြစ်သွားကြမှာပေါ့။
ဒါပေမဲ့လည်း မိုက်ကယ်က ဒါကို အားမရသေးဘူး။ ကိုကိုးချောကလက်ရဲ့ ပြင်းအားကို မြှင့်တင်လိုက်ရင် အချိုဓါတ်အရှိန်အစွမ်း စွမ်းရည်အပေါ် ဘယ်လို သက်ရောက်မှု ရှိလာမလဲဆိုတာကို သူ သိချင်နေတယ်။
ပထမဆုံးရလဒ်ကတော့ စိတ်ပျက်စရာပဲ။ ဖော်မြူလာထဲကို ကိုကိုးတွေ ပိုထည့်လိုက်ရုံရုံနဲ့ ခွန်အားတိုးတက်မှုက မပြောစလောက်ကလေးပဲ ရှိခဲ့တယ်။
ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဘက်သ်နဲ့ စက်ရုံထဲက တခြား ပါရမီရှင် မုန့်ဖုတ်သမားတွေရဲ့ အကြိမ်ကြိမ် စမ်းသပ်မှုတွေအပြီးမှာတော့ သူတို့တွေ ပထမဆုံး အောင်မြင်မှုအဆင့်ကို ရရှိခဲ့ကြတယ်။
ချောကလက်တွေကို ပိုပြီး သိပ်သည်းတဲ့ ဒြပ်စင်အဖြစ် ဖိသိပ်လိုက်ပြီး တခြား ပါဝင်ပစ္စည်းတွေကို ပိုထည့်လိုက်ခြင်းအားဖြင့် ကိုကိုးပြင်းအား ၃၅ ရာခိုင်နှုန်းရှိတဲ့ ချောကလက်ကို သူတို့ ဖန်တီးနိုင်ခဲ့ကြတယ်။
ဒါက တန်ခိုးအဆင့် ကြယ်နှစ်ပွင့်စာ မြှင့်တင်ပေးနိုင်ဖို့ မလုံလောက်သေးပေမဲ့လည်း အဲဒီအဆင့်ဆီ ရောက်ဖို့ ဆံခြည်တစ်မျှင်စာလောက်ပဲ လိုတော့တဲ့ အနေအထားပေါ့။
“ဒါကတော့ ငါတို့ရဲ့ အကောင်းဆုံး ချောကလက်ပဲ”
ဘက်သ်က အပေါ်မှာ ၃၅ ရာခိုင်နှုန်း လို့ တံဆိပ်ရိုက်နှိပ်ထားတဲ့ အရောင်အရင့်ဆုံး ချောကလက်တုံးကို မိုက်ကယ်ကို ပြသရင်း ပြောလိုက်တယ်။
“အခု ငါတို့ဆီမှာ ဒါ ဘယ်လောက်ရှိလဲ” သူက သူမကို မေးလိုက်တယ်။
“ငါတို့ လက်ကျန်စာရင်းထဲမှာ ငါးထောင်လောက် ရှိတယ်၊ တကယ်လို့ ပုံမှန်ချောကလက် ထုတ်လုပ်မှု အားလုံးကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဒီနေ့အတွက် နောက်ထပ် တစ်ထောင်ကို အမြန် ထုတ်လုပ်ပေးနိုင်တယ်”
“လောလောဆယ်တော့ အဲဒါ အလုံအလောက်ပဲ”
မိုက်ကယ်က ချောကလက်ကို သူ့ရဲ့ ပစ္စည်းသိုလှောင်ခန်းထဲ ထည့်ရင်း ပြောလိုက်တယ်။
“နောက်ပိုင်းကျရင် ကော ပိုပြီး ထုတ်နိုင်မလား”
“ပြဿနာက အခုရှိနေတဲ့ ကိုကိုး လက်ကျန်ပဲ၊ ၃၅ ရာခိုင်နှုန်းပြင်းအားရှိတဲ့ ချောကလက်ကို ဖန်တီးဖို့က ပုံမှန်ချောကလက်တစ်ခုအတွက် လိုအပ်တဲ့ ကိုကိုးပမာဏထက် နှစ်ဆလောက် ပိုလိုတယ်၊ ပြီးတော့ အော့ခ်တွေရဲ့ သန့်စင်မွန်မြတ်သော သစ်ပင်တွေကလည်း အရေအတွက် ကန့်သတ်ချက် ရှိနေတယ်၊ တကယ်လို့ ငါတို့က အာရုံစူးစိုက်မှုပြင်းတဲ့ ချောကလက် ထုတ်လုပ်မှုကိုပဲ အာရုံစိုက်မယ်ဆိုရင် ဝယ်ယူသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တော့ဘူး”
အော့ခ်မျိုးနွယ်စုတွေဆီက သန့်စင်မွန်မြတ်သော ကိုကိုးပင်တွေက အမြောက်အမြား ရှိတယ်ဆိုပေမဲ့လည်း ဒါက ကန့်သတ်ချက် ရှိနေတုန်းပဲ။ ပြီးတော့ ရီနေးတားနိုင်ငံတော်ထဲမှာ ပြန်လည်စိုက်ပျိုးထားတဲ့ ကိုကိုးပင်တွေကလည်း အသီးသီးနိုင်ဖို့ နောက်ထပ် နှစ်အနည်းငယ်လောက် လိုသေးတယ်လေ။
“နောက်ပိုင်းကျရင် ဒီလိုပြဿနာမျိုး မရှိရအောင် အန်းကို ပူပြင်းခြောက်သွေ့တဲ့ နယ်မြေတွေမှာ ကိုကိုးပင်တွေ ပိုစိုက်ခိုင်းဖို့ ငါ ပြောလိုက်မယ်”
သူက စိတ်ထဲကနေ မှတ်သားရင်း ပြောလိုက်တယ်။
“ငါတို့ တပ်ဖွဲ့တွေဆီ ဖြန့်ဝေပေးဖို့အတွက် ရီနေးတားရဲ့ အရိပ်အဖွဲ့ကို ၃၅ ရာခိုင်နှုန်း ချောကလက်တွေ လာယူခိုင်းလိုက်မယ်၊ ကူညီပေးလို့ ကျေးဇူးပါပဲ ဘက်သ်”
“ရပါတယ် မိုက်ကယ်၊ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကွတ်ကီးတွေ စားချင်ရင် လာခဲ့ဦးနော်”
ဒီအတောအတွင်းမှာပဲ လူယုတ်မာဓားပြအုပ်စုဟာ သူတို့ရဲ့ တောအုပ် ဘေးကင်းရာကနေ ထွက်ခွာလာပြီး ရီနေးတားရဲ့ နယ်မြေထဲကို စွန့်စား ဝင်ရောက်လာခဲ့ကြတယ်။
သူတို့ဟာ လွယ်ကူတဲ့ သားကောင်ဖြစ်မယ့် လူစုကွဲတွေကို ဖမ်းမိဖို့ မျှော်လင့်ချက်နဲ့ ရွှေလမ်းမကြီးပေါ်မှာ သန်းခေါင်ယံအချိန်အထိ ချောင်းမြောင်းနေခဲ့ကြတယ်။
ဒါပေမဲ့လည်း အဲဒီ မော်တော်ကား တစ်စီးချင်းစီက မြှားတစ်စင်ထက်တောင် ပိုပြီး မြန်မြန် မောင်းနှင်နိုင်တာကို တွေ့လိုက်ရတဲ့အခါ သူတို့တွေ ထိတ်လန့်တုန်လှုပ်သွားကြရတယ်။ ကားတွေက ပြန့်ပြူးနေတဲ့ လမ်းမတွေပေါ်ကနေ ဖြတ်ခနဲ ဖြတ်ခနဲ မောင်းနှင်သွားကြတာကြောင့် ဓားပြတွေဟာ သူတို့ရဲ့ မြင်းတွေနဲ့ လိုက်မမီနိုင်ကြတော့ဘူး။
နောက်ဆုံးမှာတော့ သူတို့ရဲ့ ကင်းထောက်တစ်ယောက်က အန်ဂိုရာမြို့ကနေ ပြန်ရောက်လာခဲ့တယ်။ အဲဒီလူက ရီနေးတားနဲ့ ရွှေလမ်းမကြီးအကြောင်း အချက်အလက်တွေ ပိုမိုသိရှိနိုင်ဖို့ တည်းခိုဆောင်တွေထဲ လှည့်ပတ်သွားလာနေခဲ့တာ ဖြစ်တယ်။
မကြာခင်မှာပဲ စကားဝိုင်းက ထရပ်ကားတွေ နားခိုရာနေရာ အကြောင်းဆီ ရောက်ရှိသွားတော့တာပဲ။
“ကားကြီးရပ်နားစခန်း ဟုတ်လား၊ အဲဒါ မြို့အသစ်လား”
ဓားပြတွေက မေးခွန်းထုတ်ကြတယ်။
ကင်းထောက်ကလည်း သေချာ မသိတာ အမှန်ပဲ။
“အဲဒါ ဘာလဲဆိုတာ အရေးမကြီးပါဘူး၊ ပိုပြီး အရေးကြီးတာက အဲဒါတွေက ရွှေလမ်းမကြီးပေါ်က ရီနေးတားရဲ့ ပိုင်ဆိုင်မှုတွေပဲ၊ အဲဒီနေရာကို လူအများကြီး သွားကြပြီး အိပ်စက်ဖို့ စခန်းချကြတယ်လို့ ငါ ကြားခဲ့တယ်”
လမ်းပေါ်မှာ မောင်းနှင်နေတဲ့ လူတွေကို လုယက်ဖို့ ကံမပါခဲ့တာကြောင့် ဓားပြတွေဟာ အဲဒီ ကားကြီးရပ်နားစခန်း လို့ ခေါ်တဲ့နေရာဆီ ရက်အတော်ကြာအောင် ခရီးနှင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အချိန်အနည်းငယ် ကြာသွားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူတို့တွေ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ရှိသွားခဲ့ကြတယ်။
အဲဒီနေရာမှာတော့ သူတို့ဟာ မော်တော်ကားတွေရော လူတွေပါ စည်ကား ရောပြွမ်းနေတဲ့ လူမှုအသိုက်အဝန်းတစ်ခုကို မြင်လိုက်ရတယ်။ ကားတွေက ကားကြီးရပ်နားစခန်းဆီ အဝင်အထွက် လုပ်နေကြပြီး အများစုက သတ်မှတ်ထားတဲ့ နေရာတွေမှာ ကားပါကင်ထိုးကာ ဘေးက အဆောက်အအုံတစ်ခုထဲကို ဝင်ရောက်သွားကြတယ်။
“မက်တိုနီစ်…”
ဓားပြတွေက သူတို့ဘာသာ ရေရွတ်လိုက်ကြတယ်။
အထဲမှာ လူတွေ အများကြီး ရှိနေတယ်၊ အများကြီးပဲ။ ပြီးတော့ သူတို့တွေက လုယက်ခံရဖို့ အဆင်သင့် ဖြစ်နေတဲ့ ဘဲငန်းလေးတွေလိုမျိုး အဲဒီနေရာမှာတင် ရှိနေကြတာ ဖြစ်တယ်။
အသံတိတ် ခေါင်းညိတ်ပြလိုက်ရင်း ဓားပြအုပ်စုဟာ စည်ကားနေတဲ့ အဆောက်အအုံကြီးဆီကို ချဉ်းကပ်သွားကြတော့တယ်။
* * * * * * * *
စာစဉ်(၂၇)
အခန်း(၃၂၄)
မိုက်ကယ်ဟာ အရာအားလုံးကို အဆင်သင့်ပြင်ဆင်ပြီးတာနဲ့ မက်တိုနီစ်ဆီကို ပြန်လာပြီး မပြတ်သေးတဲ့ အလုပ်တွေကို အပြတ်ရှင်းဖို့ လုပ်တယ်။ ရည်ရွယ်ချက်ကတော့ တိုနီတို့နဲ့ တခြားသူတွေကို ဝယ်သူတွေအနေနဲ့ မှာထားတဲ့အစားအစာတွေကို ဆိုင်ပြင်ကို ပါဆယ်ထုတ်ယူပြီး သွားရင်းလာရင်း စားလို့ရမယ့်အကြောင်း သေချာဆွေးနွေးချင်လို့ပဲ။ သူဟာ စားသောက်ဆိုင်ရဲ့ လူအစည်ကားဆုံးအချိန်ဖြစ်တဲ့ ညဘက်မှာ တစ်ကျော့ပြန် ပေါ်လာပြန်တယ်။ တိုနီ၊ ရီမီနဲ့ တခြားစားဖိုမှူးတွေအားလုံးဟာ ကြက်ကြော်တွေကို တစ်ကောင်ပြီးတစ်ကောင် မနားတမ်း ပြင်ဆင်ပေးနေရတာကြောင့် အလုပ်ရှုပ်နေကြတယ်။
ဒါပေမဲ့ အနည်းဆုံးတော့ အခုအချိန်မှာ သူတို့တွေ ဒီလောက်များပြားတဲ့ ဝယ်သူတွေကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်နေပုံရတယ်။ ဆိုင်မှာ ဝယ်သူတွေ ပြည့်လျှံသွားခဲ့တဲ့ အဲဒီနေ့ပြီးနောက် နောက်ထပ်ရက်အနည်းငယ်မှာလည်း ဒီလိုပဲ ဆက်ပြီး စည်ကားနေခဲ့တာကြောင့် သူတို့တွေ အလုပ်ဒဏ်ကို ကျင့်သားရသွားဖို့ အချိန်ရခဲ့တယ်။ မိုက်ကယ်က ကောင်တာအပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ ဆိုင်ထဲကို လူအချို့ ဝင်လာပြီး ထိုင်စရာခုံ မကျန်တော့တာကို မြင်တော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်သွားကြတာကို တွေ့လိုက်ရတုန်းပဲ။
"ငါတို့ ပါဆယ်မှာယူတဲ့စနစ်အကြောင်း ဆွေးနွေးဖို့ လိုမယ်" လို့ မိုက်ကယ်က ပြောလိုက်တယ်။
"လူတွေက တစ်လုပ်မှ မစားရဘဲ ပြန်ထွက်သွားကြတော့ စီးပွားရေးအရ အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးနေရတယ်"
ဒယ်အိုးထဲမှာ ကြက်သားတွေ ကျက်နေတဲ့အချိန်မို့ တိုနီ့မှာ အနည်းငယ် အားလပ်ချိန် ရသွားတယ် "ပါဆယ် ဟုတ်လား အဲဒါက ဘာလဲ"
ဒါပေမဲ့ မိုက်ကယ်က သူ့ကို ဘာမှမပြောရသေးခင်မှာပဲ သူ့ရှေ့မှာ အရိပ်တစ်ခု ပေါ်လာပြီး မီးဖိုချောင်ကြမ်းပြင် အလယ်တည့်တည့်မှာ အော့ခ်တစ်ကောင် ထွက်ပေါ်လာတယ်။
"သခင်" လို့ ဝံပုလွေအော့ခ်က ဒူးထောက်ရင်း ပြောလိုက်တယ်။
"ဓားပြတွေက နောက်ဆုံးတော့ ရွှေလမ်းမကြီးရဲ့ ဒီဘက်အခြမ်းကို ရောက်လာကြပြီ သူတို့ အခု ဒီစားသောက်ဆိုင်ကိုပဲ ဦးတည်ပြီး လာနေကြတာပါ"
အဲဒီတော့မှ တိုနီက သေချာအာရုံစိုက်လာပြီး "ဓားပြတွေ ဟုတ်လား သူတို့ ဒီကို လာနေကြတာလား" လို့ မေးတယ်။
မိုက်ကယ်ကတော့ တိုနီ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လက်ကာပြလိုက်ပြီး "ဒါကို ငါတို့ ထိန်းချုပ်ထားနိုင်ပါတယ်" လို့ အေးအေးလူလူပဲ ပြောတယ်။
"ငါ ခုနက ပြောသလိုပဲ ဆိုင်ထဲမှာ ထိုင်စရာမရှိတဲ့ ဝယ်သူတွေအတွက် ပါဆယ်စနစ်တစ်ခု ထားပေးဖို့ အချိန်တန်ပြီလို့ ထင်တယ် ငါ ရီနေးတားနိုင်ငံသား တချို့ကို ပါဆယ်ဗူးတွေ လုပ်ခိုင်းလိုက်မယ်"
"မင်း အခု ဘာတွေ လာပြောနေတာလဲ ဓားပြတွေအရေးကို အရင်စိုးရိမ်ရမှာ မဟုတ်ဘူးလား"
အဲဒီအချိန်မှာပဲ စားသောက်ဆိုင်ရဲ့ တံဆိပ်ခတ်ထားတဲ့ တံခါးမကြီးက ဝုန်းခနဲ ပွင့်ထွက်သွားပြီး အဝတ်အစား စုတ်ပြတ်သတ်နေတဲ့ လူတစ်စုက ဘဝင်မြင့်တဲ့ ခြေလှမ်းတွေနဲ့ ဆိုင်ထဲကို လျှောက်ဝင်လာကြတယ်။ သူတို့ဟာ ခါးမှာ ချိတ်ထားတဲ့ ထက်မြက်တဲ့ လက်နက်တွေကို ဖုံးကွယ်ဖို့ ဘာမှမလုပ်တဲ့အပြင် မြင်စေချင်တဲ့သူတိုင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြသနေကြသေးတယ်။
ဝယ်သူတွေကတော့ ဒီလူသစ်တွေ ဝင်လာတာကို ကြည့်ပြီး မျက်မှောင်ကုတ်သွားကြတယ် သူတို့တွေက အစားအစာမှာဖို့ ကောင်တာမှာ တန်းမစီကြတာကို ကြည့်ခြင်းအားဖြင့် ကြက်ကြော်စားဖို့ လာတာမဟုတ်မှန်း သိသာနေတယ် သူတို့က တခြားတစ်စုံတစ်ခုအတွက် ရောက်လာကြတာပဲ။
ဆယ်ယောက်လောက်ရှိတဲ့ ဓားပြတွေဟာ စားသောက်ဆိုင်ရဲ့ နေရာအနှံ့ကို ဖြန့်ကြက်လိုက်ပြီး ထွက်ပေါက်တွေ၊ ပြတင်းပေါက်တွေနဲ့ ထောင့်တိုင်းကို ပိတ်ဆို့လိုက်ကြတယ်။ သူတို့က အဲဒီထွက်ပေါက်တွေနားမှာ ပေါ့ပေါ့ပါးပါးပဲ မှီရပ်နေကြပေမယ့် တစ်ယောက်ယောက်ကသာ ဖြတ်ကျော်ဖို့ ကြိုးစားရင် အကြမ်းဖက်ဖို့ ဝန်လေးမှာမဟုတ်တာကတော့ ရှင်းနေတာပဲ။
နဖူးမှာ ပဝတ်စည်းထားတဲ့ ဓားပြကတော့ ပန်းကန်ထဲမှာ ကြက်ကြော်တွေ ရှိနေသေးတာကို ဂရုမစိုက်ဘဲ စားပွဲတစ်ခုပေါ်ကို တက်လိုက်တယ်။
"ကဲ အားလုံးပဲ မလန့်ကြပါနဲ့ ဒါက ဓားပြတိုက်တာ" လို့ သူက ကြေညာလိုက်တယ်။
တခြားဓားပြတွေကလည်း သူတို့ရဲ့ ဓားတွေကို ထုတ်ပြီး ထက်မြက်တဲ့ ဓားသွားတွေကို လူအုပ်ဆီ ပြသလိုက်တဲ့အခါ ဝယ်သူတွေအားလုံး ထိုင်ခုံတွေပေါ်မှာ တောင့်တောင့်ကြီး ဖြစ်သွားကြတယ်
"မကောင်းတာ တစ်ခုခု မဖြစ်ချင်ရင် နေရာကနေ မလှုပ်ကြနဲ့ ထွက်ပြေးဖို့ ကြိုးစားရင် အပြင်မှာ ငါတို့လူတွေ ထပ်စောင့်နေတယ်" လို့ သူက ပြောရင်း ပြတင်းပေါက်အပြင်ဘက်က မှန်ကို မှီပြီး စောင့်နေတဲ့ တခြားဓားပြတွေကို ဓားနဲ့ ထောက်ပြလိုက်တယ်။
"ငါပြောသလိုပဲလုပ်ရင် ဘယ်သူမှ ဒဏ်ရာရမှာမဟုတ်ဘူး နားလည်လား"
ဝယ်သူတွေမှာတော့ ဓားပြတွေကို ခေါင်းညိတ်ပြီး အလိုလိုက်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး။
ဒီအတောအတွင်းမှာ တိုနီဟာ ဓားပြတွေက စားသောက်ဆိုင်တစ်ခုလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာကို မြင်တွေ့လိုက်ရတယ် ဆိုင်တစ်ခုလုံးက ဓားပြတွေနဲ့ ဝိုင်းရံထားတယ်။
"ဒုက္ခပါပဲ...ရီမီ ပုန်းနေလိုက်" တိုနီက သူ့ခြေထောက်နောက်မှာ ပုန်းနေတဲ့ သားဖြစ်သူကို ပြောလိုက်တယ်။
"မိုက်ကယ် ကျေးဇူးပြုပြီး ငါ့သားကို သူတို့ရန်ကနေ ဘေးကင်းအောင် စောင့်ရှောက်ပေးပါဦး"
ခွေးလူသား အကူစားဖိုမှူးက တိုနီ့ကို စိတ်အေးသွားစေမယ့် အပြုံးမျိုးနဲ့ ချဉ်းကပ်လာတယ် "စိုးရိမ်စရာမလိုပါဘူး တိုနီ မင်းက ရီနေးတားနိုင်ငံသားအသစ်ဖြစ်နေလို့ မသိသေးတာပါ ကမ္ဘာပေါ်မှာ အဘေးကင်းဆုံးနေရာက ငါတို့ သခင်ရဲ့ ဘေးနားပဲ စိုးရိမ်စရာ ဘာမှမရှိဘူး"
တိုနီက သူတို့အားလုံးကို ကြည့်လိုက်တဲ့အခါ သူတို့မျက်နှာတွေမှာ စိုးရိမ်စိတ် အရိပ်အယောင်လေးတောင် ရှိမနေတာကို တွေ့လိုက်ရတယ် ရီနေးတား စားဖိုမှူးတွေဟာ ဘာမှမဖြစ်ခဲ့သလိုမျိုး ကြက်ကြော်တွေကို ဆက်ပြီး ချက်ပြုတ်နေကြတုန်းပဲ ပြီးတော့ မိုက်ကယ်ကလည်း ဒီလို အခြေအနေမျိုးမှာတောင် ပါဆယ်စနစ်အကြောင်းကိုပဲ ဆက်ပြီး ဆွေးနွေးနေတုန်းပဲ။
"သူတို့ လာမယ့်အရေးကို ငါတို့ ပြင်ဆင်ထားတာ ရက်အနည်းငယ် ရှိပြီ" လို့ အရိပ်ဝံပုလွေက ရှင်းပြတယ် "ဒါက ငါတို့ ခန့်မှန်းထားတဲ့အတိုင်းပါပဲ"
"ဒါတင်မကသေးဘူး" မိုက်ကယ်က စားပွဲတစ်ခုမှာ ထိုင်နေတဲ့ သီးသန့် ဝယ်သူနှစ်ယောက်ကို ထောက်ပြရင်း ပြောလိုက်တယ် "ငါ အပြည့်အဝ ယုံကြည်ရတဲ့သူတွေ အဲဒီမှာ ရှိတယ် သူတို့ ဒါကို ရှင်းပစ်လိမ့်မယ် ကဲ အခု ပါဆယ်ထုတ်တဲ့ စက္ကူအိတ်တွေအကြောင်း ဆက်ပြောရအောင်..."
တိုနီကတော့ တစ်ဆိုင်လုံး ဖြစ်ပျက်နေတဲ့ အခြေအနေအပေါ် မိုက်ကယ်ရဲ့ အေးဆေးလွန်းလှတဲ့ ပုံစံကို ကြည့်ပြီး အံ့ဩရမလို၊ စိုးရိမ်ရမလိုတောင် မဝေခွဲတတ်တော့ဘူး။
စားသောက်ဆိုင်ထဲက ဓားစာခံ ဖမ်းဆီးထားတဲ့ အခြေအနေဆီ ပြန်သွားရရင်တော့ နဖူးစည်းနဲ့ ဓားပြက တခြားဓားပြတွေကို သူတို့ရဲ့ ကျောပိုးအိတ်အကြီးကြီးတွေကို ထုတ်ဖို့ တိတ်တဆိတ် အချက်ပြလိုက်တယ်
"လူတိုင်း မိမိတို့မှာရှိတဲ့ လက်ဝတ်ရတနာတွေ၊ ပိုက်ဆံအိတ်တွေနဲ့ ကိုယ်ပေါ်မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေအကုန်လုံးကို ထုတ်ပေးကြပါ စားပွဲပေါ်မှာ တင်ထားပြီး ခေါင်းငုံ့ထားကြ ငါတို့ ပိုက်ဆံတွေ လိုက်သိမ်းတဲ့အချိန်မှာ မင်းတို့ ငြိမ်ငြိမ်နေရင် ငါတို့ ဓားပြတွေက ရန်မူမှာမဟုတ်ဘူး"
ဝယ်သူအချို့ကတော့ တုံ့ဆိုင်းမနေဘဲ သူတို့ရဲ့ ပိုက်ဆံအိတ်တွေကို စားပွဲပေါ် အလျင်အမြန် တင်လိုက်ကြတဲ့အခါ စကောစက စည်းစိမ်သံတွေက စားပွဲပေါ်မှာ ဆူညံသွားတယ် ဒီလူတွေက ရွှေဒင်္ဂါးအချို့ထက် မိမိတို့အသက်ကို ပိုပြီး တန်ဖိုးထားကြသူတွေပဲ။
ဒါပေမဲ့ တခြားလူအချို့ကတော့ သူတို့ တစ်သက်လုံး စုဆောင်းထားသမျှတွေကို ဓားပြတွေကို အလွယ်တကူ ပေးအပ်ပစ်ဖို့ ဝန်လေးနေကြတယ်
တော်လှန်ပုန်ကန်ချင်တဲ့ စိတ်ကူးတွေကို နှိပ်ကွပ်ဖို့အတွက် နဖူးစည်းနဲ့ ဓားပြက ဝန်လေးနေတဲ့ လူတစ်ယောက်ရဲ့ လက်နားတင် တည့်တည့်ကို ဓားနဲ့ စိုက်ချလိုက်တယ်။
အဲဒီအချက်ကတော့ လူတိုင်းကို သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ပိုင်ဆိုင်သမျှတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက် ခိုင်မာသွားစေခဲ့တယ်။
"ကဲ အားလုံး ခေါင်းငုံ့ထားကြ" လို့ ဓားပြက အမိန့်ပေးလိုက်တယ်။
လူတိုင်း ခေါင်းငုံ့လိုက်ကြတယ် သူတို့တွေ စားပွဲပေါ်မှာ ခေါင်းတွေကို မှောက်ထားကြပြီး ဒီအဖြစ်အပျက်ကြီး မြန်မြန်ဆန်ဆန် ပြီးဆုံးသွားပါစေလို့ပဲ ဆုတောင်းနေကြတယ်။
ဓားပြတွေက စားပွဲပေါ်က လက်ဝတ်ရတနာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို စတင်သိမ်းဆည်းနေကြပြီ။
ဒါပေမဲ့ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတဲ့ အခုအချိန်မှပဲ ဓားပြတွေဟာ သူတို့ရဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ စားပွဲတစ်လုံး ရှိနေတာကို သတိထားမိလိုက်ကြတယ်။
နံရံဘက်ကို မျက်နှာမူပြီး ထိုင်နေတဲ့ လူနှစ်ယောက်ဟာ ခေါင်းကို အထင်အရှား မော့ထားဆဲဖြစ်ပြီး စားပွဲပေါ်မှာလည်း ဘာအဖိုးတန်ပစ္စည်းမှ ရှိမနေဘူး ဒါတင်မကသေးဘဲ အဲဒီနှစ်ယောက်ဟာ ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ ကြက်ကြော်ကို ဆက်ပြီး မြိန်ရေယှက်ရေ စားနေကြသေးတယ်။
"ဟင်း...ဒါက တကယ် ကောင်းတာပဲ အစ်ကိုရာ အစ်ကိုမိုက်က ဒီလို စားသောက်ဆိုင်မျိုးကို ငါတို့ဆီကနေ လျှို့ဝှက်ထားခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ"
"ဟုတ်တယ် ငါ ဒါကို နေ့တိုင်း စားချင်တယ်"
ဓားပြတွေက အဲဒီ လူတစ်ပိုင်းသတ္တဝါ နှစ်ယောက်ကို ကြည့်လိုက်ပေမယ့် ဘယ်မျိုးနွယ်စုလဲဆိုတာ မခွဲခြားနိုင်ကြဘူး သူတို့ရဲ့ ခန္ဓာကိုယ်တွေက မြွေတစ်ကောင်လို အကြေးခွံတွေနဲ့ ပြည့်နှက်နေပေမယ့် သူတို့ရဲ့ ဦးခေါင်းတွေကတော့ တခြားအရာတွေထက် ကတ္တီပါဖွတ်နဲ့ ပိုပြီး တူနေတယ်။
"ငါ ပြောတာကို မကြားဘူးလား" လို့ နဖူးစည်းနဲ့ ဓားပြက မေးမြန်းရင်း အပြာရင့်ရောင် အကြေးခွံတွေရှိတဲ့ လူတစ်ပိုင်းသတ္တဝါရဲ့ လည်ပင်းနားမှာ ဓားကို ဝှေ့ယမ်းပြလိုက်တယ် "ခေါင်းငုံ့ထားကြ မဟုတ်ရင် မင်းတို့လည်ပင်းတွေကို ဖြတ်ပစ်မယ်"
ဒါပေမဲ့ အဲဒီ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ သူတို့နှစ်ယောက်ဟာ ဓားပြကို လေတိုက်သွားလောက်တောင် ဂရုမစိုက်ဘဲ ကြက်ကြော်တွေကိုပဲ ဆက်ပြီး တမြုံ့မြုံ့ ဝါးနေကြတုန်းပဲ။
ဒီလို တိတ်ဆိတ်မှုထဲမှာ ကြက်ကြော်ဝါးသံ ‘ဂွပ်ဂွပ်’ က စားသောက်ဆိုင်တစ်ခုလုံးမှာ ဟိန်းထွက်သွားတာကြောင့် ဓားပြတွေအားလုံး ဇဝေဇဝါ ဖြစ်ကုန်ကြတယ်။
ဒီလူတွေက ဓားပြတိုက်ခံရတဲ့ အခြေအနေမှာ ဒီလိုမျိုး ပြုမူနေကြတာကြောင့် ခေါင်းထဲမှာ တစ်ခုခု ချို့ယွင်းနေတာပဲ ဖြစ်ရမယ်။
"ငါ ဒါကို မြန်မြန် ပြီးအောင် လုပ်ချင်ပြီ ဒါမှ နောက်ထပ် တစ်ပွဲ ထပ်မှာလို့ရမှာ" လို့ ဇိုင်ယွန်က ဆော့စ်တွေ ပေပွနေတဲ့ သူ့ပါးစပ်ကို သုတ်ရင်း ပြောလိုက်တယ်။
"ရတယ်" လို့ ဂျာကူက ကိုယ်လက်လှုပ်ရှား အညောင်းဆန့်ရင်း ပြန်ဖြေတယ် "ငါ ဒီ ပထမတစ်ယောက်ကို ကိုင်တွယ်လိုက်မယ် မင်းက တခြားကောင်တွေကို လုပ်လိုက်"
နဖူးစည်းနဲ့ ဓားပြကတော့ နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘဲ "ငါ မင်းတို့ကို သတိပေးပြီးပြီနော်" လို့ အော်ဟစ်လိုက်ပြီး ဂျာကူဆီကို သူ့ဓားနဲ့ ထိုးစိုက်ချလိုက်တော့တယ်။
* * * * * * * *