အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁)
ဝမ်တာလီသည် မနေ့ညက အရောင်းအဝယ်အခြေအနေမှာ အလွန်ကောင်းမွန်ကြောင်း ပြောကြားလိုသဖြင့် ကျေးရွာသူကြီးအိမ်သို့ တစ်ဦးတည်း ထွက်ခွာလာခဲ့လေသည်။
“အော်ဒါ ငါးထောင်ကျော်တောင် ရောင်းလိုက်ရတယ် ဟုတ်လား”
ရွာသူကြီးသည် သမီးဖြစ်သူကို ဝမ်တာလီအတွက် ထိုင်ခုံတစ်ခု ယူဆောင်လာပေးရန် အလျင်အမြန် စေခိုင်းလိုက်ပြီးနောက် ဝမ်တာလီအား မေးမြန်းလေသည်။
“ထိုင်ပါဦး၊ ငါ့ကိုလည်း သေချာပြောပြပါဦး၊ တစ်ညတည်းနဲ့ အော်ဒါပေါင်း ငါးထောင်ကျော်တောင် ရောင်းလိုက်ရတယ်ဆိုတာ ဟုတ်ရဲ့လား”
၎င်းတို့၏ ကျေးရွာသည် ဝေးလံခေါင်ဖျားသော အရပ်ဒေသတွင် တည်ရှိသော်လည်း မြေဆီလွှာ ကောင်းမွန်သည့် အားသာချက်ရှိရာ အသက် ၂၀ ကျော် လူငယ်များမှအပ ရွာသားအများစုမှာ မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေးကိုသာ အဓိက အားထားနေကြရခြင်း ဖြစ်ပေသည်။
ဤအစီအစဉ်ရိုက်ကူးရေးအဖွဲ့ ရွာသို့မရောက်ရှိမီက ရွာထွက်သီးနှံဟူသမျှကို အဝယ်ဒိုင်များသို့သာ ရောင်းချခဲ့ကြရ၏။
အဝယ်ဒိုင်များမှာ ပမာဏ မည်မျှပင်ဖြစ်စေ လက်ခံဝယ်ယူကြသော်လည်း ဈေးနှုန်းနှိမ်ခံရခြင်းမှာမူ မကောင်းသောအချက်ပင် ဖြစ်လေသည်။
ဝမ်တာလီသည် ရွာထွက်သီးနှံများကို တာဝန်ယူ ဝယ်ယူပေးခဲ့သည့် အချိန်မှစ၍ ဈေးနှိမ်ခံရသည့် အခြေအနေမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ရတော့ပေ။
ထို့ကြောင့်ပင် ဝယ်သူရော ရောင်းသူပါ နှစ်ဦးနှစ်ဖက် ကျေနပ်အားရနေကြခြင်း ဖြစ်သည်။
“ဟုတ်ကဲ့၊ အော်ဒါ ငါးထောင်ကျော်တောင် ရောင်းရပါတယ်၊ အင်တာနက်အသုံးပြုသူ အတော်များများကတော့ ဝယ်ဖို့ လက်မတင်လေး လွတ်သွားကြသေးတယ်၊ ရွာထဲမှာ ကန်စွန်းဥ မတူးရသေးတဲ့ အိမ်တွေ ကျန်ပါသေးသလား”
ဝမ်တာလီသည် မေးမြန်းလိုက်သည်။
ရွာသူကြီးသည် ဆေးတံကို တစ်ချက်ဖွာလိုက်ရင်း အဝေးသို့ ငေးကြည့်ကာ ခဏမျှ စဉ်းစားနေပြီးမှ ပြန်လည်ဖြေကြားလေသည်။
“တူးလို့ရသမျှကတော့ မင်းဆီမှာ အကုန်ရှိနေပြီပဲ၊ ဒီနှစ်မှာ လူအများစုက သစ်သီးပင်တွေကိုပဲ စိုက်ကြတော့ ကန်စွန်းဥစိုက်တဲ့သူ နည်းသွားတာကိုး”
“ငါတို့ရွာက ပြောင်းဖူးတွေလည်း မကြာခင် ခူးလို့ ရတော့မယ်၊ အဲဒါတွေရော ရောင်းရပါ့မလား”
ရွာသူကြီးသည် မျှော်လင့်ချက်အပြည့်ဖြင့် ဝမ်တာလီအား ကြည့်လိုက်သည်။
ဝမ်တာလီသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြုံးလျက် ဆိုလေသည်။
“ရောင်းရတာပေါ့၊ ဒါပေမဲ့ တစ်အိမ်ချင်းစီက ဘယ်လောက် ထွက်နိုင်မလဲဆိုတာကို ရွာသူကြီးက အရင်စာရင်းပြုစုပေးဖို့ လိုမယ်၊ ဈေးနှုန်းညှိနှိုင်းပြီးတာနဲ့ ငွေကို ကျွန်တော် တစ်ခါတည်း လွှဲပေးပါ့မယ်”
ဤသည်မှာ ၎င်းတို့အကြား ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းစဉ်ပင် ဖြစ်ပေသည်။
ရွာသူကြီးက အိမ်ထောင်စုစာရင်းနှင့် ထွက်ကုန်ပမာဏကို တာဝန်ယူ၍ စာရင်းကောက်ပေးရ၍ ဝမ်တာလီသည် ရွာသူကြီးထံသို့ ငွေလွှဲပေးရသည်။ ထိုငွေများကို မည်သို့ခွဲဝေပေးရမည်ဟူသည်မှာ ရွာသူကြီး၏ တာဝန်သာ ဖြစ်လေသည်။
ရွာသူကြီးသည် အလွန်အမင်း ဝမ်းသာသွားသဖြင့် အားရပါးရပြုံးကာ သုံးကြိမ်ကြိမ်တိုင်တိုင် ရေရွတ်လေသည်။
“ကောင်းပြီ ကောင်းပြီ ကောင်းပြီ”
သူသည် ပြိုင်ပွဲဝင်များအကြားရှိ အားပြိုင်မှုများကို နားမလည်သော်လည်း ဤအစီအစဉ်အဖွဲ့ ရောက်ရှိလာခြင်းကြောင့် ကျေးရွာအတွက် အကျိုးကျေးဇူးများစွာ ရရှိနေသည်ကိုမူ ကောင်းစွာ သဘောပေါက်ထား၏။
လွန်ခဲ့သော နှစ်များကမူ ဤတောင်ပေါ်ရွာလေးမှာ မြို့နယ်အတွင်း အဆင်းရဲဆုံးစာရင်းဝင် ခဲ့ရပေသည်။
ရွာသားများသည် ရရှိသောဝင်ငွေထက် ကုန်ကျစရိတ်က ပိုမိုများပြားနေခဲ့ကြသော်လည်း
ယခုနှစ်တွင်မူ အခြေအနေများမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရှီးရွှေကျေးရွာ၏ ရွာသူကြီးတစ်ဦးအနေဖြင့် သူသည် မည်ကဲ့သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။
အကယ်၍ ကျေးရွာသည်သာ ဤကဲ့သို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမည်ဆိုပါက လူငယ်များမှာ အခြားအရပ်ဒေသများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် မလိုတော့ပေ။
မိသားစုတိုင်းတွင် လူအိုနှင့် ကလေးသူငယ်များသာ ကျန်ရစ်ခဲ့ရသည့် ဘဝမျိုးမှလည်း လွတ်ကင်းနိုင်မည် ဖြစ်ပေသည်။
“ရှောင်ဝမ်... ရှီးရွှေရွာသားတွေနဲ့ အနီးနားက ရွာသားတွေကိုယ်စား မင်းကို ငါ အထူးပဲ ကျေးဇူးတင်ပါတယ်ကွာ”
ရွာသူကြီးသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး ဝင်းပလျက် ဝမ်တာလီ၏ လက်ကို ဆုပ်ကိုင်ကာ ပြောကြားလေသည်။
ဝမ်တာလီသည်မူ တည်ငြိမ်စွာ ပြုံးလျက် ပြန်လည်ပြောဆိုလိုက်သည်။
“ရွာသူကြီးကလည်း ချီးမွမ်းလွန်းနေပါပြီ၊ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲဥစ္စာ”
“ဒါနဲ့... မင်းက လင်းယန်နဲ့အတူ ကန်စွန်းဥ ရောင်းတာမဟုတ်ဘူးလား၊ ခုနကပဲ ငါ ဟင်းသီးဟင်းရွက်ခြံသွားတော့ လင်းယန်တစ်ယောက် ခြင်းတောင်းတစ်လုံးနဲ့ တောင်ပေါ်တက်သွားတာ တွေ့လိုက်တယ်၊ တောကန်စွန်းဥ သွားတူးမလို့တဲ့”
ရွာသူကြီးကတော် ကျောက်ရှူးကျီသည် ခြံဝင်းအတွင်းမှ ပန်းကန်တစ်ချပ်ကို ကိုင်ကာ ထွက်လာရင်း စပ်စုလိုသောဟန်ဖြင့် မေးမြန်းလေသည်။
“ဘာပြောလိုက်တယ်၊ လင်းယန်က တောကန်စွန်းဥတူးဖို့ တောင်ပေါ်တက်သွားတယ် ဟုတ်လား”
ဝမ်တာလီက အလန့်တကြားပြောလိုက်သည်။
ကျောက်ရှူးကျီကမူ ဇဝေဇဝါဖြင့် ခေါင်းညိတ်ပြကာ ဆိုလေသည်။
“ဟုတ်တယ်၊ တောင်နောက်ဘက်မှာ တောကန်စွန်းဥတွေ အများကြီး ရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ရွာထဲမှာတော့ အဲဒါတွေက တန်ဖိုးမရှိပါဘူး၊ အိမ်ရှေ့မှာ ဒီအတိုင်း ချထားရင်တောင် ဘယ်သူမှ လိုချင်ကြတာ မဟုတ်ဘူး”
ရွာသူကြီးက သူမကို တစ်ချက် ကြည့်လိုက်ကာ နှင်လွှတ်လိုက်ရ၏။
“မင်း အလုပ်မင်းသွားလုပ်စမ်းပါ၊ သခွားဖရုံသီးတွေ သွားလှန်းတော့”
ထိုသတင်းကို ကြားလိုက်ရသည့်အခါ ဝမ်တာလီသည် အလွန်အမင်း ဒေါသထွက်သွားလေသည်။
လင်းယန်သည် သူ၏ မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကန်စွန်းဥများ အရောင်းသွက်သည်ကို သိရှိသဖြင့် လိုက်လံအတုယူခြင်း ဖြစ်ရမည်ဟု သူက ယူဆလိုက်သည်။
ဝမ်တာလီသည် လက်သီးကို တင်းတင်းဆုပ်ထားမိ၏။
ဤသည်မှာ အလွန်ယုတ်ညံ့သော နည်းလမ်းဖြစ်သည်ဟု သူ ထင်မြင်နေမိသည်။
မိမိရရှိထားသော အော်ဒါများကို ကြားဖြတ်လုယူရန် ကြိုးပမ်းဝံ့ခြင်းမှာ လင်းယန်အနေဖြင့် မိမိကိုယ်မိမိ မည်မျှစွမ်းဆောင်နိုင်သည်ကို မသိနားမလည်ခြင်းပင် ဖြစ်ပေလိမ့်မည်။
သူ၏ ကန်စွန်းဥများမှာ ကျေးရွာအနှံ့မှ စနစ်တကျ စုဆောင်းထားခြင်း ဖြစ်သော်လည်း
လင်းယန်တစ်ဦးတည်းအနေဖြင့် မည်မျှအထိ တူးနိုင်ပါမည်နည်း။
ဦးနှောက်မရှိသည့် လုပ်ရပ်ပင် ဖြစ်သည်ဟု သူက ကောက်ချက်ချလိုက်သည်။
လင်းယန်သည် ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဝမ်တာလီ သိရှိသော်လည်း မိမိ၏ အောင်မြင်မှုကို လိုက်လံနှောင့်ယှက်ခံရသဖြင့် နှလုံးနာသလို ခံစားနေရပေသည်။
“ရွာသူကြီး... ကျွန်တော် ပြန်ပါဦးမယ်၊ ဒီည တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် ပြင်ဆင်စရာတွေ ရှိသေးလို့၊ အနှောင့်အယှက် မပေးတော့ပါဘူး”
ရွာသူကြီးသည် ဆေးတံကို ဖွာရင်း ဝမ်တာလီ ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။
ကျောက်ရှူးကျီက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ပြုလိုက်လေသည်။
“ရှောင်လင်ရော ရှောင်ဝမ်ရော နှစ်ယောက်စလုံးက လူကောင်းလေးတွေပါပဲ”
ရွာသူကြီးက မျက်စောင်းထိုးလျက် ဆို၏။
“မဆိုင်တာတွေ လျှောက်မပြောနဲ့တော့”
ဇနီးဖြစ်သူက အခြေအနေ၏ အနှစ်သာရကို နားမလည်သော်လည်း ထိုလူငယ်နှစ်ဦးမှာ မည်သို့ပင်ဖြစ်စေ ပြိုင်ဘက်များသာ ဖြစ်ကြသည်ကို သူက သိရှိထားသည်။
ကျောက်ရှူးကျီက မကျေမနပ်ဖြင့် ပြန်ပြောလေသည်။
“တစ်ခွန်းပဲ ပြောမိတာကို ဘာဖြစ်လို့ ဒီလောက် အော်နေရတာလဲ”
“မင်းက ဘာရည်ရွယ်ချက်မှ မရှိဘဲ ပြောလိုက်တာဆိုပေမဲ့ နားထောင်တဲ့သူကတော့ စိတ်ထဲ တေးသွားပြီ၊ မင်းပြောတာကြားတော့ ရှောင်ဝမ်ရဲ့ မျက်နှာ ဘယ်လိုပျက်သွားတယ်ဆိုတာ မမြင်လိုက်ဘူးလား”
ကျောက်ရှူးကျီသည် တစ်ခုခု ပြန်ပြောရန် နှုတ်ခမ်းလှုပ်သွားသော်လည်း နောက်ဆုံးတွင်မူ တိတ်ဆိတ်သွားလေသည်။
“ဒီအစီအစဉ်ရဲ့ နောက်ဆုံးဆုကြေးက သန်း ၃၀ တောင်ရှိတယ်လို့ ကြားတယ်၊ လင်းယန် ရနိုင်ပါ့မလား”
သူမက စပ်စုလိုသော မျက်နှာပေးဖြင့် ဆိုလိုက်၏။
“လင်းယန်က ငါတို့ရွာကလူဆိုတော့ ရစေချင်ပေမဲ့ ရှောင်ဝမ်ကလည်း ရွာအတွက် အများကြီး ကူညီပေးထားတာဆိုတော့... ဟင်း”
ရွာသူကြီးက သူမကို တစ်ချက်ကြည့်လိုက်ကာ ဆုံးမလိုက်သည်။
“မင်း တစ်နေ့ကုန် ကိုယ့်အလုပ်ကိုယ်တောင် ပြီးအောင်မလုပ်နိုင်ဘဲ သူများကိစ္စကို စိတ်ပူနေနိုင်သေးတယ်ပေါ့လေ၊ ဒါတွေ လျှောက်တွေးမနေနဲ့၊ သူတို့ ဘယ်လိုပဲ ပြိုင်ဆိုင်ကြပါစေ ငါတို့ ရှီးရွှေကျေးရွာကို မထိခိုက်သရွေ့တော့ အဆင်ပြေပါတယ်”
“ဒါလည်း ဟုတ်တာပါပဲ တော်၊ လာ... လာ... ဒီဇီးသီးခွံတွေ လာကူလှန်းပေးပါဦး၊ ခဏနေရင် စားလို့ရပြီ”
ဝမ်တာလီ ရောက်ရှိလာခြင်းမှာ ထိုဇနီးမောင်နှံအတွက်မူ အသေးအဖွဲ ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။
ရွာသူရွာသားများမှာ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာများဖြင့် အစဉ်အမြဲ အလုပ်များနေကြသည် မဟုတ်ပါလော။
တစ်ဖက်တွင်မူ လင်းယန်သည် ဟန်ဟော့အား ခေါ်ဆောင်၍ တောင်ပေါ်သို့ အေးအေးလူလူ တက်လာခဲ့လေသည်။
ဟန်ဟော့မှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ဟိုတူးသည်တူး လုပ်နေသဖြင့် တစ်ချိန်က ညီညာချောမွေ့ခဲ့သော တောင်ပတ်လမ်းလေးမှာ ယခုအခါ ကျင်းကြီးကျင်းငယ်များဖြင့် ပြည့်နှက်သွားတော့သည်။
“မင်းကတော့ တကယ့်ကို အင်အားတွေ ပိုလျှံနေတာပဲ”
လင်းယန်က စိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးလိုက်သည်။
၎င်းတို့သည် နေရာအနှံ့တွင် ကန်စွန်းဥများကို စတင်တူးကြလေသည်။
“ဒီညတော့ ကန်စွန်းဥစွပ်ပြုတ် လုပ်သောက်ရမယ်၊ ဒီလို တောကန်စွန်းဥတွေက စိုက်ပျိုးထားတဲ့ ဥတွေထက် အာဟာရ ပိုရှိတယ်”
အချိန်နှစ်နာရီခန့်မှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။
ဟန်ဟော့မှာလည်း အမောဆို့နေပြီဖြစ်ရာ မြေပြင်ပေါ်တွင် ဝပ်လျက် ပြင်းထန်စွာ အသက်ရှူနေရရှာသည်။
၎င်းသည် လင်ယန်အား တိတ်တဆိတ် စိုက်ကြည့်နေမိ၏။
‘ဘယ်တော့ ပြန်ကြမှာလဲ... ခွေးတွေမှာလည်း အင်အား အကန့်အသတ် ရှိတယ်ဆိုတာ သိရဲ့လား’
ဟန်ဟော့သည် မေးလိုဟန် ရှိသည်။
လင်ယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ မေးလိုက်သည်။
“မင်း အိမ်ပြန်ချင်ပြီလား”
ဟန်ဟော့သည် ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလေသည်။
၎င်းသည် အိမ်ပြန်၍ ရေကို အဝသောက်ကာ အင်အားဖြည့်တင်းလိုနေပြီ ဖြစ်သည်။
“မင်းက ဒီမှာ အလုပ်လည်း မလုပ်ဘဲ ဟိုပြေးဒီလွှား လုပ်နေတာတင်နဲ့ ဒီလောက်တောင် မောနေတာလား၊ တကယ့်ကို အသုံးမကျတဲ့ အကောင်ပဲ”
ခွေးများ၊ အထူးသဖြင့် ဟတ်စကီ အမျိုးအစားများသည် အားအင်အကောင်းဆုံးဟု ဆိုကြသော်လည်း
မိမိ၏ ဟတ်စကီမှာ အဘယ်ကြောင့် ဤသို့ ကွဲပြားနေရသနည်းဟု လင်ယန်က တွေးတောနေမိသည်။
အကယ်၍ အင်တာနက် အသုံးပြုသူများသာ လင်းယန်၏ အတွေးကို သိရှိသွားပါက ၎င်းအား အသေအချာ ကန့်ကွက်ကြပေလိမ့်မည်။
မည်သည့် ဟတ်စကီမှာမူ တောင်ပေါ်တွင် နှစ်နာရီကြာအောင် မနားတမ်း ပြေးလွှားနိုင်ပါသနည်း။
အသန်မာဆုံးသော ဟတ်စကီပင်လျှင် ဤကဲ့သို့ ခိုင်းစေမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့အပြင် သူ၏ ဟတ်စကီမှာ ဟတ်စကီအစစ်နှင့်ပင် မတူလှချေ။
လင်းယန်သည် ဟန်ဟော့၏ ခေါင်းကို ပုတ်ပေးလိုက်ကာ ကန်စွန်းဥများ ပြည့်နေသည့် မိမိ၏ ခြင်းတောင်းကို ကျေနပ်စွာ ကြည့်လိုက်သည်။
ဥများတွင် မြေကြီးများ ပေကျံနေဆဲ ဖြစ်သော်လည်း လတ်လတ်ဆတ်ဆတ် တူးထားသည့် အသွင်မှာ သိသိသာသာ ကွဲပြားခြားနားနေပေသည်။
“ကဲ... သွားကြစို့၊ မင်းရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်၊ ငါကတော့ တကယ့်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး သခင်ပဲ”
ထိုစကားကို ကြားလိုက်ရသည့်အခါ ဟန်ဟော့သည် ဝမ်းသာအားရ ခုန်ပေါက်ကာ တောင်ဘက်အရပ်သို့ ပြေးထွက်သွားလေသည်။
လင်ယန်မှာမူ မှင်တက်သွားကာ ပြောလိုက်သည်။
“ဟဲ့... အရူးရဲ့၊ လမ်းမှားနေပြီ၊ အဲဒါ အိမ်ပြန်တဲ့ လမ်းမဟုတ်ဘူး”
“ငါတို့က အခု တောင်ပေါ်က ဆင်းရမှာ၊ တက်ရမှာ မဟုတ်ဘူး၊ နားလည်လား”
“ဝုတ်... ဝုတ်... ဝုတ်”
ဟန်ဟော့မှာမူ လင်းယန်၏ စကားကို နားမထောင်တော့ဘဲ ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းသွားလေရာ လင်းယန်မှာ ဒေါသထွက်လွန်းသဖြင့် သွားကြိတ်ကာ ၎င်းနောက်သို့သာ မတတ်သာဘဲ လိုက်ပါသွားရလေတော့သည်။