အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃)
လင်းယန်သည် အိမ်သို့ပြန်ရောက်လျှင် ဟန်ဟော့အား ကောင်းကောင်းကြီး ဆုံးမပညာပေးမည်ဟု စိတ်ပိုင်းဖြတ်လိုက်လေသည်။
ထိုကဲ့သို့သော ခိုးဝှက်တတ်သည့် အကျင့်ဆိုးမျိုးကို အိမ်တွင်း၌ အမြစ်တွယ်ခွင့် မပြုနိုင်ပေ။
ဟန်ဟော့သည် ထိုကြက်ကိုလည်း ခိုးယူခဲ့ခြင်းလားဟု သူ သံသယဝင်မိ၏။
“ငါတို့ကြက်တွေကို ဘယ်သူခိုးသွားလဲဆိုတာ သိပြီလား”
ယန်အာဟူသည် သူ၏ လက်ပ်တော့ပ်ကွန်ပျူတာကို ကိုင်ဆောင်၍ ထွက်လာရာ သူ၏မျက်နှာမှာ အတော်ပင် ပျက်ယွင်းနေလေသည်။
“သူဌေး... ငါတို့အိမ် တကယ်ပဲ အဖောက်ခံလိုက်ရတာဗျ”
“ကြည့်လိုက်ပါဦး”
လင်းယန်သည် သေချာစွာ စိုက်ကြည့်ပြီးနောက် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
“မြွေပါ လား”
“မြွေပါက နောက်ဖေးခြံထောင့်မှာ နေ့ခင်းဘက်ကတည်းက အပေါက်တူးထားတာဗျ၊ ညဘက်ရောက်တော့ နှစ်ညဆက်တိုက် ငါတို့ခြံထဲဝင်ပြီး ကြက်မကြီးတွေကို ခိုးသွားတာ”
လင်းယန်သည် စိတ်ပျက်လက်ပျက်ဖြင့် ယန်အာဟူ၏ ခေါင်းကို ပုတ်လိုက်ကာ ဆိုလေသည်။
“ဒီရက်ပိုင်း ကြက်စာကျွေးတာ မင်းတာဝန် မဟုတ်လား၊ ကြက်မနှစ်ကောင် ပျောက်နေတာကို ဒီနေ့မှ သတိထားမိရသလား”
ယန်အာဟူသည် ခေါင်းကိုပွတ်ကာ အားငယ်သလို မျက်နှာပေးဖြင့် ပြန်လည်ရှင်းပြ၏။
“အိမ်မှာက တိရစ္ဆာန်တွေ များနေတာကိုးဗျ၊ ခဏတဖြုတ် သတိမထားမိတာ ဖြစ်နိုင်တာပဲ မဟုတ်လား”
“ခဏနေရင် အဲဒီအပေါက်ကို သွားပိတ်လိုက်ဦးမယ်၊ အဲဒီမြွေပါစုတ်ကတော့ တကယ်ပဲ၊ ငါတို့ကြက်မကြီးကိုတောင် လာခိုးရဲတယ်”
“ငါ့လက်ထဲ မိလို့ကတော့ အသေသတ်ပစ်မယ်”
ယန်အာဟူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ သွားကြိတ်ကာ တစ်ဖက်လူကို အရှင်လတ်လတ် ဝါးမြိုပစ်တော့မည့် အလား ကြည့်နေလေသည်။
ထိုကြက်မနှစ်ကောင်သည် အိမ်တွင် ဥအများဆုံးဥသည့် ကြက်မများ ဖြစ်သဖြင့် သူ ထိုမျှအထိ ဒေါသထွက်နေရခြင်း ဖြစ်၏။
လင်းယန်သည် တိရစ္ဆာန်များကို စောင့်ရှောက်ရန် သူ့ကို ယုံကြည်စွာ အပ်နှံထားခဲ့သော်လည်း ယခုမူ သူ၏ အစွမ်းထက် စစ်သူကြီး နှစ်ဦးကို ဆုံးရှုံးလိုက်ရလေပြီ။
သူသည် အဘယ်မှာလျှင် ဒေါသမထွက်ဘဲ ရှိပါအံ့နည်း။
“ဒါနဲ့ သူဌေး... ခုနက အသားမလောက်ဘူးလို့ ပြောတာ ဘာကို ဆိုလိုတာလဲ”
ထိုအကြောင်းကို ပြောလိုက်သောအခါ လင်းယန်၏ မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်မှုများ အရိပ်ထင်သွားပြီး သွားကြိတ်၍ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်လေသည်။
“စုံစမ်းနေဖို့ မလိုတော့ဘူး၊ ဟန်ဟော့ ခိုးသွားတာ”
သက်သေအထောက်အထားများက ထင်ရှားလွန်းလှသဖြင့် ထိုကောင်မှလွဲ၍ အခြားသူ မည်သူမျှ မဖြစ်နိုင်တော့ပေ။
“ဒီတောကန်စွန်းဥတွေကို နွှာဖို့ ကူညီပေးဦး၊ ငါ အခု ဟန်ဟော့ကို သွားရှာလိုက်ဦးမယ်”
ထိုအသားနှစ်တုံးမှာ အသားစစ်စစ်များ ဖြစ်သဖြင့် ဟန်ဟော့အား ထိုမျှ လွယ်လွယ်ကူကူ စားခွင့်မပေးနိုင်ပေ။
မိမိကိုယ်မိမိ လမ်းမပျောက်စေရန်အတွက် လင်းယန်သည် အဖြူရောင် အမွှေးအမျှင် အမှတ်အသားတစ်ခုကိုပင် ယူဆောင်လာခဲ့၏။
တိရစ္ဆာန်များသည် အနံ့ခံအာရုံ အလွန်ပင် ထက်မြက်ကြသည် မဟုတ်ပါလား။ သို့မဟုတ်ပါကလည်း ဟန်ဟော့သည် တောအုပ်အတွင်းရှိ သွေးညှီနံ့ကို ထိုမျှ မြန်မြန်ဆန်ဆန် ရရှိနိုင်မည် မဟုတ်ချေ။
“ဒီကောင် တောင်ပေါ်တက်သွားတာလား”
ဤသည်မှာ တောင်ပေါ်သို့ တက်သည့် လမ်း မဟုတ်ပါလား။
လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရုတ်တရက် ရဲတင်းသော အတွေးတစ်ခု ခေါင်းထဲသို့ ဝင်လာလေသည်။
ထိုလူအ ဟန်ဟော့သည် ငါ့ပစ္စည်းတွေကို ခိုးပြီး တစ်စုံတစ်ယောက်ကို မျက်နှာချိုသွေးဖို့ အသုံးချနေတာလားဟူ၍ ဖြစ်၏။
လင်းယန်သည် မူလနေရာသို့ နီးကပ်လာလေလေ၊ ထိုဖြစ်နိုင်ခြေမှာ ပိုမိုမြင့်မားလာလေလေ ဖြစ်တော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ လင်းယန်သည် ချုံပုတ်များ နောက်ကွယ်၌ ဟန်ဟော့နှင့် ဝံပုလွေမလေး တို့ကို နောက်ဆုံးတွင် ရှာတွေ့သွားလေတော့သည်။
ဟန်ဟော့မှာမူ အချစ်ရူးတစ်ကောင်ကဲ့သို့ ပြုမူနေပြီး သွားရည်များပင် မြေကြီးပေါ်သို့ ကျလုနီးပါး ဖြစ်နေ၏။
၎င်းသည် အသားနှစ်တုံးကို ဝံပုလွေမလေးဘက်သို့ တိုးပေးနေလေသည်။
မြေကြီးပေါ်တွင် လဲလျောင်းနေသော ဝံပုလွေမလေးမှာမူ ကျေးဇူးတင်ခြင်း မရှိသည့်အပြင် ဟန်ဟော့အား ထွက်သွားရန် ဒေါသတကြီး မောင်းထုတ်နေ၏။
ထိုအသားနှစ်တုံးမှာလည်း ဝံပုလွေမလေး၏ ခြေသည်းများဖြင့် ဆွဲဖြဲခြင်းကို ခံလိုက်ရလေသည်။
လင်းယန်သည် မနီးမဝေးတွင် ရပ်နေရင်း ထိုအဖြစ်အပျက် အားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိ၏။
ထိုအချိန်၌ သူသည် စကားပင် မဆိုနိုင်လောက်အောင် အံ့အားသင့်နေမိတော့သည်။
‘ငါ ဒီခွေးကို ဆက်မမွေးချင်တော့ဘူး၊ ဘယ်လိုလုပ်ရမလဲ’ ဟု သူ စဉ်းစားနေမိ၏။
လင်းမိသားစုတွင် မြှောက်ပင့်ဖားယားတတ်သူများကို လုံးဝ လက်မခံနိုင်ပေ။
ဟန်ဟော့သည် ဝံပုလွေမလေးကို မျက်နှာချိုသွေးရန်သာ အာရုံရောက်နေသဖြင့် လင်းယန် ရောက်လာသည်ကိုပင် သတိမထားမိချေ။ ၎င်းသည် အသားနှစ်တုံးကို ပျော်ရွှင်စွာဖြင့် ပြန်လည် ယူဆောင်လာခဲ့လေသည်။
“ဝုတ် ဝုတ် ဝုတ်”
‘စားလိုက်ပါ... နင် ဒဏ်ရာတွေ အများကြီး ရထားတာဆိုတော့ ပြန်ကောင်းလာဖို့ အသားစားဖို့ လိုတယ်လေ’
ဝံပုလွေမလေး၏ မျက်ဝန်းများတွင်မူ မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်းတို့သာ အရိပ်ထင်နေ၏။
‘ငါတို့ ဝံပုလွေတွေက ကိုယ့်အစာကိုယ် ရှာစားတာ၊ နင့်လို လူသားတွေရဲ့ လက်ပါးစေ လုပ်နေတာ မဟုတ်ဘူး၊ ဒီအစာလေး နည်းနည်းအတွက်နဲ့လား၊ အခုတော့ နင်က လက်ပါးစေတစ်ယောက်လို ဟောင်ဖို့တောင် သင်ထားတာလား၊ နင့်ကိုယ်နင် ပြန်ကြည့်စမ်း၊ နင့်မှာ ဝံပုလွေသွေး တစ်စက်တောင် ကျန်သေးရဲ့လား၊ နင့်လိုကောင်ရှိနေတာ ငါ ရှက်လှပြီ၊ ထွက်သွားစမ်း၊ အရှက်မရှိတဲ့ကောင်’
အဆဲခံနေရသော်လည်း ဟန်ဟော့၏ မျက်နှာတွင် အပြုံးများ ပျောက်ကွယ်မသွားပေ။
“ဝုတ် ဝုတ်”
‘ဘယ်လို လက်ပါးစေလဲ၊ ငါက မူလကတည်းက ခွေးပဲဥစ္စာ’
ထိုသည်မှာ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်၏။ သို့သော်လည်း ဟန်ဟော့၏ ဉာဏ်ရည်မှာမူ ထိုမျှအထိ နက်နက်ရှိုင်းရှိုင်း မတွေးတောနိုင်ချေ။
“ဝုတ် ဝုတ် ဝုတ်”
‘စားစမ်းပါ၊ စားစမ်းပါ… ဒါတွေက ငါ့သခင်ဆီက ခိုးလာတာ၊ သခင် သိသွားရင် မကောင်းဘူး၊ ငါ အခု ပြန်မှဖြစ်မယ်၊ မဟုတ်ရင် ငါ မရှိတာ သိသွားရင် သခင် သံသယဝင်လိမ့်မယ်’
လင်းယန်သည် ကောင်းကင်ကို မော့ကြည့်ကာ ဆွံ့အလျက် ရှိတော့သည်။
ဤဟတ်စကီခွေး ဉာဏ်ရည် နိမ့်ပါးနေသည်ကို ငါ သူ့ကိုတွေ့လို့ ဆေးစစ်ချက် သွားလုပ်တုန်းက တိရစ္ဆာန်ဆရာဝန်က ဘာလို့ မပြောခဲ့တာလဲဟု သူ အလေးအနက် သံသယဝင်မိ၏။
ဆရာဝန် စကားပြောဖို့ တုံ့ဆိုင်းနေခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ၎င်းတို့သည် ထုတ်ပြောရန် အလွန်ပင် အားနာနေခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
“ဟန်ဟော့… မင်း ငါ့ပစ္စည်းတွေကိုသုံးပြီး လှပတဲ့ မိန်းကလေးကို... မဟုတ်ဘူး... ဝံပုလွေမလေးကို မျက်နှာချိုသွေးနေတာပေါ့လေ”
လင်းယန်က အောင့်သက်သက် အပြုံးဖြင့် သွားကြိတ်၍ ဆိုလိုက်လေသည်။
ဟန်ဟော့သည် သူ၏သခင် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားပြီး လင်းယန်၏ အနီးသို့ အမြန်ပြေးလာကာ ဖားယားတော့သည်။
“ဝုတ်…ဝုတ်”
“သခင်က ဘာလို့ ရုတ်တရက် ရောက်လာတာလဲ၊ ဒါက အကြီးအကျယ် နားလည်မှု လွဲတာပါ”
လင်းယန်က လှောင်ပြုံးပြုံးလျက် ပြောလိုက်၏။
“ထပ်မဟောင်နဲ့တော့၊ငါ မကြားချင်ဘူး၊ နောက်တစ်ခါ ဒီလို ခိုးဝှက်တာမျိုး ထပ်မလုပ်မိစေနဲ့”
ဟန်ဟော့သည် လင်းယန်၏ ခြေထောက်ကို မျက်နှာချိုသွေးသည့် အမူအရာဖြင့် ပွတ်သပ်ကာ တောင်းပန်သော မျက်ဝန်းများဖြင့် ကြည့်လေသည်။
“ဝုတ်”
‘ဒီဝံပုလွေမလေးကို ငါတို့နဲ့အတူ ခေါ်သွားလို့ မရဘူးလား၊ သူ အပြင်းအထန် ဒဏ်ရာရထားတာ၊ ဝံပုလွေတစ်ကောင်တည်း အပြင်မှာနေဖို့ မလုံခြုံဘူးလေ၊ ဒဏ်ရာက ပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ၊ အိမ်မှာ ကျားတောင် ရှိနေတာပဲ၊ ဝံပုလွေတစ်ကောင် ထပ်မွေးလိုက်လည်း ဘာမှ မဖြစ်ပါဘူး’
ဟန်ဟော့သည် လင်းယန်၏ ရှေ့တွင် ဒူးထောက်မတတ် ရှိနေတော့သည်။
လင်းယန်သည် ဟန်ဟော့၏ နဖူးကို လက်ညှိုးဖြင့် တို့ကာ ဆိုလေသည်။
“မင်းကို ငါ စတွေ့တုန်းက မင်း ဒီလောက်တောင် အချစ်ရူး ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ သူက ဝံပုလွေ၊ မင်းက ခွေး၊ မျိုးစိတ်တောင် မတူတာကို မင်းတို့ ဘယ်လိုလုပ် အတူတူ နေလို့ရမှာလဲ၊ ဒါ့အပြင် သူက မင်းကို ဂရုတောင်မစိုက်တာကို မမြင်ဘူးလား”
ဟန်ဟော့၏ အကြည့်ကို ခံစားမိသောအခါ ဝံပုလွေမလေးသည် မာန်တက်သော အမူအရာဖြင့် မျက်နှာကို လွှဲလိုက်လေသည်။
ထိုအမူအရာကို မြင်သော် ဟန်ဟော့သည် စိတ်ထိခိုက်သွားပုံ ရ၏။
သူမရဲ့ နှလုံးသားကို ငါ ဘယ်လို အရယူရပါ့မလဲ။
လင်းယန်၏ ဆူပူကြိမ်းမောင်းမှုကို ခံရပြီးနောက် ဟန်ဟော့သည် စိတ်ဓာတ်ကျသော ပုံစံဖြင့် လင်းယန်၏ နောက်မှ လိုက်ကာ တောင်ပေါ်မှ ဆင်းလာခဲ့လေသည်။
ဝံပုလွေမလေးသည် လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်တို့၏ ကျောပြင်ကို ကြည့်ကာ သူမ၏ ခြေဖဝါးများကို လျှာဖြင့် ရက်နေ၏။
ရှေ့တွင် ရှိနေသော အသားနှစ်တုံးနှင့် လင်းယန် မထွက်ခွာမီ ချန်ထားခဲ့သော ရေဇလုံကြီးကို ကြည့်လိုက်မိသည်။
တစ်စုံတစ်ခုသော အကြောင်းကြောင့် ဒဏ်ရာများမှာ ယခင်ကကဲ့သို့ မနာကျင်တော့ဟု သူမ ခံစားနေရ၏။ ထိုလူသား အခုလေးတင် လိမ်းပေးခဲ့သည့် ဆေးကြောင့်များလား။
ဤလူသားသည် သူမ ယခင်က တွေ့ဖူးသမျှ လူသားများနှင့် ကွဲပြားနေပုံရသည်။ သူမကို မကြောက်ရွံ့သည့်အပြင် နာကျင်အောင်လည်း မလုပ်ခဲ့ပေ။
ပထမဦးဆုံး အကြိမ်အဖြစ် ဝံပုလွေမလေးသည် သူမကိုယ်သူမ အလွန်အမင်း ရန်လိုလွန်းနေခဲ့သလားဟု တွေးတောမိလာလေသည်။
သို့သော်လည်း အသားနံ့မှာမူ အလွန်ပင် မွှေးပျံ့လှ၏။
ဟန်ဟော့နှင့် လင်းယန်တို့ ရှိနေစဉ်က ဝံပုလွေမလေးသည် သူမ၏ မာန်မာနကို ထိန်းသိမ်းထားပြီး ထိုရနံ့ကို အတင်းအကျပ် လျစ်လျူရှုထားခဲ့သည်။
ယခုမူ ၎င်းတို့ ထွက်သွားကြပြီ ဖြစ်သဖြင့် သူမ၏ ဟောင်းလောင်းဖြစ်နေသော ဗိုက်ထဲမှ အသံများ ထွက်ပေါ်လာချေပြီ။
အထူးသဖြင့် သူမရှေ့ရှိ အသားတုံးကြီး နှစ်တုံးမှ ထွက်ပေါ်နေသော ဆွဲဆောင်မှုရှိသည့် ရနံ့က ဝံပုလွေမလေး၏ စားချင်စိတ်ကို မထိန်းချုပ်နိုင်အောင် ဆွဲဆောင်နေတော့သည်။ သူမသည် စတင်၍ မြိန်ရှက်စွာ စားသုံးလေတော့၏။
အနံ့က တကယ်ကို မွှေးတာပဲ!
လူသားတွေက အသားကို ဒီလောက် အရသာရှိအောင် ဘယ်လိုလုပ်လိုက်တာလဲ။
ဝံပုလွေမလေးသည် အသားတုံးကြီး နှစ်တုံးကို ခဏချင်းအတွင်း ကုန်အောင်စားလိုက်ပြီး အားမရသေးသည့် အမူအရာဖြင့် နှုတ်ခမ်းကို လျှာဖြင့် ရက်နေမိ၏။
ထိုကဲ့သို့ အရသာရှိသော အစာမျိုးကို နေ့တိုင်း စားချင်မိသည်ဟု သူမ တွေးလိုက်မိသည်။
“ထိုငအဝံပုလွေ ဘာကြောင့် သွေးဆောင်ခံလိုက်ရသလဲဆိုတာ မဆန်းတော့ပါဘူး၊ အဲဒီလူသား လုပ်ပေးတဲ့ အစားအစာတွေက ဒီလောက်တောင် အရသာရှိနေတာကိုး”
တကယ်ကို မုန်းစရာကောင်းလိုက်တာ။သူမကိုယ်တိုင်ပင်လျှင် ထိုသွေးဆောင်မှုကို မတွန်းလှန်နိုင်ခဲ့ချေ။ သို့သော်ငြားလည်း သူမသည် အကျိုးအမြတ် အနည်းငယ်အတွက်ဖြင့် လူသားတစ်ဦး၏ လက်ပါးစေ ဖြစ်လာလိမ့်မည် မဟုတ်ပေ။