အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄)
ညဉ့်ဦးယံကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ထက်မှ လမင်း၏ အရောင်အဝါသည် ဝင်းပလျက်ရှိရာ ဝန်းကျင်တစ်ခုလုံးတွင် မည်သည့်လျှပ်စစ်မီးမျှ မရှိသော်လည်း ရင်ပြင်ထက်ဝယ် ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရ၏။
တောဝက်ဘုရင်သည် ၎င်း၏ ဝက်ခြံအတွင်း၌ အိပ်မောကျလျက်ရှိပြီး ဟောက်သံများမှာလည်း ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။
အခြားသော ဝက်ကလေးများမှာမူ ထောင့်တစ်နေရာ၌သာ စုပြုံ၍ အိပ်စက်နေကြရ၏။
ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် လင်းယန်၏ အိမ်တွင် နေ့စဉ်နှင့်အမျှ မြင်တွေ့နေကျ ဖြစ်စဉ်တစ်ခုပင် ဖြစ်တော့သည်။
နေ့အခါတွင် ဆူညံတတ်ကြသော ငန်းများမှာလည်း ယခုအချိန်တွင်မူ အိပ်မောကျနေကြပြီ ဖြစ်သည်။
ထိုစဉ် အိမ်နောက်ဖေး၌ မသင်္ကာဖွယ်ရာ အရိပ်တစ်ခု ပေါ်လာလေသည်။
ထိုအရိပ်သည် ကြက်များရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်နေ၏။
အရသာရှိသော ကြက်ကလေးများမှာ ယခုတစ်ဖန် ပြန်လည်ရောက်ရှိလာပြန်ချေပြီ။
ဤအိမ်မှ ကြက်ကလေးများသည် ဖမ်းရဆည်းရ အလွန်လွယ်ကူလှသည်ဟု ထိုသတ္တဝါက တွေးတောနေ၏။
ညစဉ် ညတိုင်း ကြက်မကြီးတစ်ကောင်ကို စိတ်ကြိုက်ယူဆောင်သွားနိုင်ရာ အခြားသော ရွာများထက်ပင် သာလွန်လှပေသည်။
မြွေပါသည် အရသာရှိသော ကြက်သားကို တွေးတောရင်း သွားရည်များပင် ယိုကျလာတော့သည်။
‘ဒီနေ့တော့ ဘယ်ကြက်ကလေးကို အိမ်ပြန်သယ်သွားရရင် ကောင်းမလဲ’ မြွေပါသည် ကြံစည်နေ၏။
မြွေပါသည် ကြက်များရှေ့သို့ တိတ်တဆိတ် ရောက်ရှိသွားသော်လည်း အိပ်မောကျနေသော ကြက်များမှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိကြပေ။
အမှန်တကယ် ၎င်းတို့သည် ကျွမ်းကျင်သော ရန်သူနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
စိုးရိမ်ကြောင့်ကြမှုကင်းမဲ့စွာ နေထိုင်တတ်သော ထိုကြက်ကလေးများသည် ဘေးအန္တရာယ်မှာ မိမိတို့ထံ တိတ်တဆိတ် ချဉ်းကပ်လာနေသည်ကို သတိမမူမိကြချေ။
မြွေပါသည် ကြက်ကို ဖမ်းယူရန် ဟန်ပြင်လိုက်စဉ်မှာပင် မနီးမဝေးမှ ကျယ်လောင်လှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
“ဝူး... ဝူး”
မြွေပါသည် ထိတ်လန့်သွားကာ ၎င်း၏ လက်များကို အမြန်ပြန်လည် ရုပ်သိမ်းလိုက်၏။
ထိုသတ္တဝါသည် ကြောက်ရွံ့တုန်လှုပ်သော မျက်ဝန်းများဖြင့် အသံလာရာသို့ လှမ်းကြည့်လိုက်လေသည်။
ဤသည်မှာ မည်သည့်အသံနည်း။
ဝံပုလွေတစ်ကောင်၏ ဟိန်းဟောက်သံလော။
ဤခြံဝင်းအတွင်းဝယ် အဘယ်ကြောင့် ဝံပုလွေများ ရှိနေရသနည်း။
မြွေပါသည် ဝံပုလွေနှင့် အမျိုးအနွယ် မတူသော်လည်း ထိုဟိန်းသံက ၎င်းကို တုန်လှုပ်စေခဲ့သည်။
ထိုကျယ်လောင်လှသော အသံကို မြွေပါသာမက အိမ်အတွင်းရှိ လင်းယန်နှင့် ရန်အာဟူတို့ပါ ကြားလိုက်ရသလို အနီးအနားရှိ ရွာသားများပင် ကြားလိုက်ရလေသည်။
အိမ်အတွင်း၌ မီးများလင်းလာသည်ကို မြင်သောအခါ မြွေပါသည် တုံ့ဆိုင်းမနေတော့ဘဲ ကြက်မတစ်ကောင်ကို ဆွဲယူကာ အပြင်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
ထိုလုပ်ရပ်ကြောင့် ကျန်ရှိသော ကြက်များမှာလည်း လန့်နိုးကုန်ကြသလို ငန်းများပင်လျှင် နိုးထလာကြ၏။
အိမ်နောက်ဖေး တစ်ခုလုံးတွင် ကြက်နှင့် ငန်းတို့၏ ဆူညံသံများဖြင့် ပြည့်နှက်သွားလေသည်။
ခြံရှေ့ဝင်းအတွင်း၌မူ ဝံပုလွေဟိန်းသံများ ထွက်ပေါ်နေဆဲ ဖြစ်သည်။
လင်းယန်၏ မျက်နှာပျက်သွားကာ ရေရွတ်လိုက်၏။
“နောက်ဖေးမှာ ဘာလို့ ဒီလောက်ဆူညံနေတာလဲ၊ ဒီအမင်္ဂလာ မြွေပါကောင် ပြန်ရောက်လာပြန်ပြီလား”
ထို့နောက် ၎င်းသည် အပေါ်အင်္ကျီကို အမြန်ဝတ်ဆင်ကာ အိမ်နောက်ဖေးသို့ ပြေးသွားရာ မြွေပါသည် မြေကျင်းထဲမှ တိုးထွက်ရန် ကြိုးစားနေသည်ကို အချိန်မီ မြင်လိုက်ရလေသည်။
သို့သော်လည်း ၎င်းတို့ကြားရှိ အကွာအဝေးကြောင့် တားဆီးရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဤမြွေပါသည် ကျင်းတူးရာတွင် ဤမျှကျွမ်းကျင်လိမ့်မည်ဟု လင်းယန် မထင်မှတ်ထားခဲ့ပေ။
မနေ့ကမှ ပြန်လည်ဖုထည့်ထားသော ကျင်းမှာ ယခုတစ်ဖန် အပေါက်ဖြစ်သွားပြန်ပြီ။
မြွေပါသည် မထွက်ခွာမီ လူသား၏ မတတ်သာသော မျက်နှာအမူအရာကို ကျေနပ်အားရစွာ လှည့်ကြည့်လိုက်သေး၏။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ ၎င်း၏ အပြုံးများမှာ တန့်သွားလေသည်။
မြွေပါသည် ကျင်းထဲမှ ထွက်လိုက်သည်နှင့် ၎င်းကို ငုံ့ကြည့်နေသော ဝံပုလွေမကြီးနှင့် တည့်တည့်တိုးတော့သည်။
ထိုဝံပုလွေမ၏ မျက်နှာအမူအရာမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှ၏။
မြွေပါသည် တစ်ဖက်လူ သတိမမူမိခင် ထွက်ပြေးရန် ကြိုးစားသော်လည်း ဝံပုလွေမက အခွင့်အရေးမပေးဘဲ ၎င်း၏ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
မြွေပါသည် မျက်စိထဲ၌ ကြယ်များ မြင်သွားရကာ လက်ထဲမှ ကြက်မကိုပင် မထိန်းနိုင်တော့ချေ။ ကြက်မကြီးမှာလည်း ကြောက်ရွံ့လွန်းသဖြင့် ထွက်ပြေးရန် အင်အားပင် မရှိတော့ပေ။
မြွေပါသည် ယနေ့ ဤနေရာတွင် အသက်ပျောက်ရတော့မည်ဟု ထင်မှတ်နေသော်လည်း ဝံပုလွေမလေးသည် ၎င်းကို သတ်ဖြတ်ရန် အစီအစဉ်မရှိကြောင်း သိလိုက်ရသောအခါ အသက်လု၍ ထွက်ပြေးသွားတော့သည်။
ဝံပုလွေမငယ်သည် ထောင့်တစ်နေရာတွင် တုန်ရင်နေသော ကြက်မကြီးကို ကြည့်ကာ မြေကျင်းထဲသို့ ပြန်လည်တွန်းပို့ပေးလိုက်လေသည်။
ထိုသို့ဖြင့် လင်းယန်သည် ကြက်မကြီး ကျင်းထဲသို့ ပြန်လည်ရောက်ရှိလာသည်ကို ကြောင်စီစီဖြင့် ကြည့်နေမိတော့သည်။
“ဒါက ဘာဖြစ်တာလဲ၊ အဲဒီမြွေပါကောင်က စိတ်ပြောင်းသွားတာလား”
လင်းယန် တွေးတောနေမိ၏။
သို့သော်လည်း လင်းယန်သည် တွင်းအပြင်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ မည်သည့်အရာကိုမျှ မမြင်ရချေ။
အဘယ်ကြောင့်ဆိုသော် ဝံပုလွေမငယ်သည် လင်းယန်၏ အမြင်အာရုံမှ အချိန်မီ ပုန်းကွယ်သွားသောကြောင့် ဖြစ်သည်။
လင်းယန်သည် မြွေပါ ထော့ကျိုးထော့ကျိုးဖြင့် ထွက်ခွာသွားသည်ကို တွေ့လိုက်ရာ သူ၏ မျက်ဝန်းများသည် နက်နဲတည်ငြိမ်သွားလေသည်။ လင်းယန်သည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ကြက်မကြီးကို ခြံထဲသို့ ပြန်လည်ထည့်ပေးလိုက်၏။
ခြံရှေ့ဝင်းရှိ ဟန်ဟော့ မှာမူ မနားတမ်း ဟိန်းဟောက်နေဆဲ ဖြစ်သည်။
ထိုအသံကြောင့် ရွာသားများမှာ ဝံပုလွေများ ရောက်လာပြီဟု ထင်မှတ်ကုန်ကြသည်။
“တောင်ပေါ်က ဝံပုလွေအုပ်တွေ ဆင်းလာတာလား မသိဘူး”
“ဝံပုလွေအုပ်တော့ မဟုတ်လောက်ဘူး၊ တစ်ကောင်တည်း ထင်တယ်”
“ဟုတ်တယ်၊ ဝံပုလွေအုပ်ဆိုရင် ဒီထက်မက ဆူညံမှာ”
ရွာသားများသည် အဝတ်အစားများ အမြန်လဲကာ ဓာတ်မီးများကို ကိုင်ဆောင်၍ အသံလာရာသို့ စတင်ရှာဖွေကြလေသည်။
“ဝံပုလွေဆိုတာ တော်တော်ကြောက်ဖို့ကောင်းတာ၊ အိမ်က ကလေးတွေကို တံခါးမဖွင့်ဖို့ ပြောထားကြဦး”
“နေပါဦး... အဲဒီအသံက လင်းယန်တို့ ခြံထဲက ထွက်လာတာနဲ့ တူတယ်”
နိုးလာသော ရှုလီ သည်လည်း အတည်ပြုလိုက်၏။
“ဒါ လင်းယန်တို့ ခြံပဲ”
ရှုလီ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ ပြောဆိုလေသည်။
“ဝံပုလွေဆိုတာ အရမ်းကြမ်းတဲ့ သတ္တဝါတွေ၊ သူတို့အိမ်မှာ ယောက်ျားသားက နှစ်ယောက်ထဲရှိတာ၊ သွားကူကြရအောင်”
သို့သော် လီတင်း မှာမူ နိုးလာရသဖြင့် မကျေမနပ် ဖြစ်နေရုံမျှမက လင်းယန်အပေါ်တွင်လည်း အငြိုးရှိနေသူ ဖြစ်ရာ ရွဲ့စောင်းပြောဆို၏။
“ဒါ ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ သူ ဝံပုလွေအကိုက်ခံရရင်လည်း သူ့ကံပေါ့၊ ဘာလို့ ဝံပုလွေက တခြားလူကို မကိုက်ဘဲ သူ့ကိုမှ လာကိုက်ရတာလဲ”
ထိုစကားမှာ အဓိပ္ပာယ်မရှိလှချေ။
ရွာသားများထဲမှ မည်သူမျှ လီတင်း၏ စကားကို ဂရုမစိုက်ကြပေ။
ရွာလူကြီးသည် ညွှန်ကြားလိုက်လေသည်။
“ဝံပုလွေတွေက မီးကို ကြောက်တတ်တယ်၊ မင်းတို့ အိမ်ပြန်ပြီး မီးတုတ်တွေ အမြန်ပြင်ကြ၊ ငါတို့ သွားကြည့်ကြမယ်”
ရွာသားများအားလုံးသည် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် စည်းလုံးညီညွတ်စွာဖြင့် လိုက်ပါလာကြတော့သည်။
ထိုအချိန်တွင် ဝံပုလွေ တိုက်ခိုက်ခံနေရသည်ဟု အထင်ခံထားရသော လင်းယန်သည် တံမြက်စည်းကို ကိုင်ကာ ဟန်ဟော့ကို ရိုက်နှက်နေလေသည်။
“မင်းလို အသုံးမကျတဲ့ ခွေးစုတ်၊ ဘာလို့ ညကြီးမင်းကြီး ဝံပုလွေလို အော်နေတာလဲ၊ မင်းက ဝံပုလွေအော်သံကို အတုခိုးနိုင်ရုံနဲ့ မျိုးနွယ်စုတွေကို ကျော်လွန်ပြီး သူတို့နဲ့ ပေါင်းနိုင်မယ် ထင်နေတာလား၊ အဲဒီစိတ်ကူးကို အခုချက်ချင်း လက်လျှော့လိုက်စမ်း၊ မင်းတို့နှစ်ယောက်ကြားမှာ ဘယ်လိုမှ ဖြစ်နိုင်ခြေ မရှိဘူး”
လင်းယန်သည် အိပ်ကောင်းခြင်း မအိပ်ရသဖြင့် ပို၍ ဒေါသထွက်လာကာ ဟန်ဟော့ကို နောက်ထပ် ရိုက်ချက်အချို့ ကျွေးလိုက်သေး၏။
ဟန်ဟော့မှာမူ ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် မကျေမနပ် ဖြစ်နေလေသည်။
“ဝူး... ဝူး”
‘ဘာအကြောင်းကြောင့်လဲ... အချင်းချင်း ချစ်နေတဲ့သူတွေ ဘာလို့ အတူမနေရတာလဲ’
ဟန်ဟော့သည် တွေးတောနေပုံရသည်။
၎င်းသည် ထိုဝံပုလွေမငယ်နှင့်သာ အတူရှိချင်နေရှာ၏။ ထိုဝံပုလွေမငယ်နှင့် အတူနေရမည်ဆိုလျှင် နေ့တိုင်း အသားစားရရုံမျှဖြင့် ကျေနပ်နိုင်ပေသည်။
လင်းယန်သည် သက်ပြင်းကို အကြိမ်ကြိမ် ချလိုက်မိ၏။ ဤဟန်ဟော့ကြောင့် ၎င်းသည် အနှေးနှင့်အမြန် အသက်တိုရတော့မည်ဟု ခံစားနေရသည်။
“မင်းတို့နှစ်ကောင်ကြားက ခြားနားချက်ကို သိရဲ့လား၊ ဟတ်စကီး ဆိုတာ အနုံအဖျားဆုံး ခွေးအမျိုးအစား၊ ဝံပုလွေဆိုတာက သတ္တဝါတွေထဲမှာ အပါးနပ်ဆုံးနဲ့ အဖျတ်လတ်ဆုံးပဲ၊ မင်းက သူနဲ့ တန်တယ်လို့ ထင်နေတာလား၊ နောက်တစ်ခါ အဲဒီအသံ ထပ်ထွက်လာရင်တော့ မင်းကို မနက်ဖြန် ခွေးသားသတ်သမားဆီ ရောင်းပစ်မယ်”
ဟန်ဟော့သည် ၎င်း၏ လက်သည်းဖြင့် မရှိသော မျက်ရည်များကို သုတ်ဟန် ပြုလုပ်လိုက်၏။
၎င်းသည် မိမိကိုယ်မိမိ သတ္တိရှိကြောင်း သခင်ဖြစ်သူကို သက်သေပြရမည်ဖြစ်သလို၊ မိမိမှာ သူရဲဘောကြောင်သူ မဟုတ်ကြောင်းလည်း ပြသရန် ဆုံးဖြတ်လိုက်လေသည်။
တစ်ဖက်တွင် ရန်အာဟူသည် အိပ်ချင်မူးတူးဖြင့် မေးမြန်း၏။
“အံ့ဩစရာပဲ၊ ဒီခွေးက တကယ်ပဲ မျိုးရိုးဗီဇ ပြောင်းလဲသွားတာလား”
လင်းယန်သည် မျက်လုံးကို ဝှေ့ယမ်းလိုက်ကာ ပြန်ပြောလေသည်။
“ဘယ်က ဝံပုလွေအော်သံကို အတုခိုးလာမှန်း မသိဘူး၊ ဘာမျိုးရိုးဗီဇ ပြောင်းတာလဲ၊ သွားအိပ်တော့၊ အားလုံး အဆင်ပြေသွားပြီ”
ရန်အာဟူသည် တုံ့ဆိုင်းနေကာ ထပ်မေးပြန်၏။
“ဆရာ... ဒါက တကယ်ပဲ ခွေးလို့ သေချာလား”
အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ အတုခိုးထားခြင်းနှင့် မတူဘဲ စစ်မှန်သော အသံကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
လူသားများပင် ဤမျှ တူအောင် အော်နိုင်ရန် မလွယ်ကူလှရာ ခွေးတစ်ကောင်က မည်သို့ အတုခိုးနိုင်မည်နည်း။
လင်းယန်မှာမူ ၎င်းကို ဂရုမစိုက်တော့ဘဲ အိပ်စက်ခြင်းကိုသာ ဦးစားပေးလိုက်တော့သည်။
လင်းယန် အိပ်ခန်းထဲသို့ ဝင်သွားသောအခါ ရန်အာဟူသည် ၎င်းရိုက်ကူးထားသော ဗီဒီယိုကို ထပ်တလဲလဲ ကြည့်နေမိ၏။
“ဒါက ဝံပုလွေနဲ့ တထေရာတည်း တူနေတာပဲ မဟုတ်လား”
ရန်အာဟူသည် တွေးတောရင်း ၎င်း၏ ဆံပင်များကို ကုတ်နေမိသည်။
‘ဒါကို အွန်လိုင်းပေါ်တင်ပြီး လူတွေကို မေးကြည့်ရင် ကောင်းမလား’
ရန်အာဟူသည် ကြံစည်နေစဉ်မှာပင် ခြံအပြင်ဘက်မှ ရွာသားများ၏ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
ရွာလူကြီးက ဦးဆောင်ကာ ဟစ်အော်လိုက်၏။
“လင်းယန်... ကျားလေး... မကြောက်ကြနဲ့၊ ငါတို့ ရွာသားတွေ မင်းတို့ကို ကယ်ဖို့ လာပြီ”
ရန်အာဟူသည် မကောင်းသော အငွေ့အသက်ကို ခံစားမိသဖြင့် တံခါးကို အမြန်ဖွင့်လိုက်လေသည်။
ထိုအခါ လက်နက်ကိရိယာ အသီးသီးကို ကိုင်ဆောင်ထားသော ရွာသားများကို တွေ့လိုက်ရ၏။
အချို့က ဂေါ်ပြား၊ အချို့က ပေါက်တူးနှင့် အချို့မှာ အဝတ်လှန်းသည့် ဝါးလုံးများကိုပင် ကိုင်ဆောင်ထားကြသည်။
ရန်အာဟူသည် မှင်တက်သွားကာ မေးမြန်းလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
“ရွာလူကြီး... ခင်ဗျားတို့ အားလုံး ဘာလုပ်နေကြတာလဲ”