← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅)

ကျေးရွာသူကြီးသည် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် စိုးရိမ်တကြီး မေးမြန်းလေသည်။

“မင်းတို့ဆီကို မြေခွေးတွေ လာတိုက်ခိုက်တယ်ဆို၊ ဘယ်မှာလဲ အဲ့ဒီမြေခွေး… လင်းယန်ကိုကော မတွေ့ပါလား၊ သူ ဒဏ်ရာရသွားတာလား”

ရွာသားအားလုံး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထူးတလည် အရိပ်ထင်နေကြ၏။

“လင်းယန်ကို မြေခွေး တကယ်ပဲ ကိုက်လိုက်တာလား”

“မြန်မြန်... ဆေးရုံကို အမြန်ပို့ကြ၊ ငါ့သားလည်း ဒီနေ့ပဲ ကားနဲ့ ပြန်ရောက်လာတာ၊ အားလုံးပဲ ဝိုင်းကူကြပါဦး၊ လင်းယန်ကို ကားပေါ် တင်ရအောင်”

“အို... ဘုရားရေ၊ ဘယ်နားကို ကိုက်မိတာလဲ၊ အဲ့ဒီမြေခွေးကကော ဘယ်ကို ပြေးသွားပြီလဲ၊ ငါတို့ရွာထဲမှာပဲ လှည့်ပတ်သွားနေတာလား”

ရွာသားများ၏ စိုးရိမ်တကြီး ပြောဆိုနေသော စကားများကြောင့် ရန်အာဟူမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေရလေသည်။

“မဟုတ်ပါဘူး... အားလုံးပဲ အထင်လွဲကုန်ကြပြီ ထင်တယ်”

“ကျွန်တော်တို့ ခြံထဲကို မြေခွေးတွေ လာမတိုက်ခိုက်ပါဘူး၊ လင်းယန်ကတော့ အခု အိပ်ပျော်နေပါပြီ”

ထိုစကားကို ကြားသောအခါ ရွာသားများမှာ ဝေခွဲမရ ဖြစ်သွားကြကုန်၏။

“မြေခွေး မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ခုနတင်ပဲ မြေခွေးတွေ အူနေတဲ့ အသံကို ငါတို့ အထင်အရှား ကြားလိုက်ရတာပဲ၊”

“ဟုတ်တယ်၊ ဟုတ်တယ်…ငါ အရင်က တောင်ပေါ် ထင်းခွေတက်တုန်းက မြေခွေးအူသံတွေကို ကြားဖူးတယ်၊ ဒါ မြေခွေးအူသံဆိုတာ လုံးဝ မမှားနိုင်ပါဘူး”

“မြေခွေးက တစ်နေရာရာမှာ ပုန်းနေလို့ မင်းတို့ ရှာမတွေ့တာများလား၊ ရဲကိုပဲ အကြောင်းကြားရမလား၊ မြေခွေးရိုင်းတွေက အရမ်း အန္တရာယ်များတာ”

“အဲ့ဒီကောင်တွေ ငါတို့အိမ်တွေဆီ ရောက်သွားရင် ဘယ်လိုလုပ်မလဲ၊ ဒါဟာ လုံခြုံရေးအတွက် တကယ့်ကို စိုးရိမ်စရာပဲ၊ သစ်တောဦးစီးဌာနက လူတွေကို ခေါ်မှ ဖြစ်တော့မယ်”

ရွာသူကြီးကလည်း စိုးရိမ်တကြီးဖြင့် ဆိုလေသည်။

“ငါ ရှောင်ရှီးရွာမှာ သူကြီးလုပ်လာတဲ့ သက်တမ်းတစ်လျှောက် မြေခွေးတွေ တောင်ပေါ်က ဆင်းလာတာ ဒါ ပထမဆုံး မြင်ဖူးတာပဲ”

ဟန်ဟော့၏ အော်ဟစ်သံအချို့က ဤမျှအထိ ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေလိမ့်မည်ဟု ရန်အာဟူ မထင်မှတ်ခဲ့ပေ။

စေတနာရှေ့ထား၍ ရောက်ရှိလာကြသော ရွာသားများကို ကြည့်ကာ သူသည် အားနာစွာဖြင့် ခေါင်းကို ကုတ်လျက် ဆိုလိုက်၏။

“ဒါ တကယ်ပဲ မြေခွေးအူတာ မဟုတ်ပါဘူး”

“ကျွန်တော်တို့ ခြံထဲမှာ မွေးထားတဲ့ ခွေးက ဟောင်နေတာပါ”

ရွာသားများ မယုံကြည်မည်ကို စိုးရိမ်သဖြင့် ရန်အာဟူသည် သူကိုယ်တိုင် ရိုက်ကူးထားသော ဗီဒီယိုကို ထုတ်ပြလိုက်လေသည်။

“ကြည့်ကြပါဦး၊ ကျွန်တော် လူကြီးမင်းတို့ကို လိမ်ပြောနေတာ မဟုတ်ပါဘူး၊ ဒါ တကယ်ပဲ ခွေးဟောင်နေတာပါ”

ဗီဒီယိုကို ကြည့်ပြီးနောက်တွင်မူ ရွာသားများမှာ ပြောစရာ စကားမဲ့သွားကြတော့သည်။

နောက်ဆုံးတွင် ရွာသူကြီးကပင် စတင်၍ မေးခွန်းထုတ်လေသည်။

“အခုခေတ် ခွေးတွေက မြေခွေးအူသံကို အတုခိုးတတ်နေပြီလား”

“နေပါဦး... အဲ့ဒီအသံက တကယ့်ကို အစစ်အတိုင်း တူနေတာပဲနော်”

ရွာသားများသည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း ပြောသင့်မပြောသင့် ဝေခွဲမရ ဖြစ်နေကြလေသည်။

“ထားလိုက်ပါတော့၊ အားလုံး ဘေးကင်းကြတယ်ဆိုရင်ပဲ တော်ပါပြီ”

“ကဲ... လူစုခွဲကြစို့၊ အားလုံးပဲ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အိပ်ကြတော့”

“မင်းတို့ ဘာမှမဖြစ်တာ တော်သေးတာပေါ့၊ ငါကတော့ လင်းယန်ကို မြေခွေး ကိုက်လိုက်ပြီလို့ တကယ် ထင်နေတာ”

“မင်းတို့ ခွေးကိုလည်း သေချာ ကြည့်ထားဦး၊ ညဘက်ကြီး လျှောက်ဟောင်ပြီး လူတွေ အိပ်တာကို မနှောင့်ယှက်စေနဲ့”

အခြေအနေများ ငြိမ်သက်သွားသောအခါမှ ရွာသားများမှာ စတင်၍ ညည်းညူကြတော့၏။

ညဉ့်နက်လှပြီ ဖြစ်သောကြောင့် မည်သူမျှ ဤမျှ အလုပ်ရှုပ်မခံလိုကြပေ။

မိမိတို့၏ အိပ်ရာထက်တွင်သာ လဲလျောင်း၍ အိပ်စက်လိုကြလေပြီ။

ရန်အာဟူသည် အားနာသော မျက်နှာပေးဖြင့် အားလုံးကို တောင်းပန်စကား ဆိုပြီးနောက် တံခါးကို ပိတ်လိုက်၏။

သူသည် ဟန်ဟော့၏ နှာခေါင်းကို ညွှန်ပြကာ ဆူပူလေတော့သည်။

“မင်း ကြားတယ်မလား၊ အဲ့ဒီလို ဆူညံအောင် မလုပ်နဲ့လို့ အားလုံးက ပြောသွားကြပြီ”

“အခုတော့ ကြည့်စမ်း၊ မင်းကြောင့် အပြောအဆို ခံရပြီ မဟုတ်လား”

“ငါ တကယ်ကို နားမလည်နိုင်တော့ဘူး၊ မင်းက ခွေးဖြစ်ပြီး ဘာလို့ မြေခွေးလို လိုက်အူနေရတာလဲ”

ရန်အာဟူသည် မြေခွေးမလေး အကြောင်းကို အနည်းငယ်မျှ မသိရှိရှာပေ။

ထို့ကြောင့် ဟန်ဟော့၏ လည်ချောင်း ယားယံနေ၍သာ ထိုသို့ အော်ဟစ်သည်ဟု မှတ်ယူလိုက်၏။

သူသည် ဗီဒီယိုကို ပြင်ဆင်တည်းဖြတ်ပြီးနောက် အင်တာနက်ပေါ်သို့ တင်လိုက်လေသည်။

မေးခွန်း - ဒါဟာ တကယ်ပဲ ခွေးတစ်ကောင် ပြုလုပ်နိုင်တဲ့ အသံမျိုးလား။

အစပိုင်းတွင် အင်တာနက် အသုံးပြုသူ အများစုမှာ မြေခွေးအူသံကြောင့် စိတ်ဝင်တစား ရှိနေကြသည်။

သို့သော် ဘလော့ဂါက ၎င်းမှာ ဟတ်စကီ တစ်ကောင်ဖြစ်ကြောင်း ပြောသောအခါ လူအများစုက မယုံကြည်ကြပေ။

“ဘလော့ဂါ... ဒါဟာ ဟတ်စကီဆိုတာကို မင်း ဘယ်လိုများ အတည်ပြုတာလဲ”

“အူသံကော၊ အသွင်အပြင်ကော ကြည့်ရတာ မြေခွေးနဲ့ ပိုတူနေသလိုပဲနော်”

“မဟုတ်ဘူး... အဲ့ဒီလို အပြစ်ကင်းစင်တဲ့ မျက်နှာပေးမျိုးက ဟတ်စကီမှာပဲ ရှိတာ၊ ငါ့အိမ်မှာလည်း ဟတ်စကီ တစ်ကောင်ရှိတယ်၊ ခွေးတွေထဲမှာ ဟတ်စကီ တစ်မျိုးတည်းသာ အဲ့ဒီလို အူကြောင်ကြောင် မျက်နှာပေးမျိုးကို ပြနိုင်တာ”

“ဟားဟားဟား... အပေါ်ကလူ ပြောတာ မှန်တယ်၊ မြေခွေးဆိုရင် မျက်လုံးတွေက ကြမ်းတမ်းနေရမှာ မဟုတ်လား”

“ဒါပေမဲ့ ဒီ ဗီဒီယိုကိုကော ဘယ်လို ရှင်းပြမလဲ၊ ဒါကို ဘလော့ဂါက ဗီဒီယိုကိုပြင်ထားရော မဖြစ်နိုင်ဘူးလား”

“နေပါဦး... ဒီဘလော့ဂါရဲ့ အိုင်ဒီ က ရင်းနှီးနေသလိုပဲ၊ ငါ Follow လုပ်ထားတဲ့ အကောင့်တစ်ခု ဖြစ်နေတာလား”

“ဟိုလူ မဟုတ်လား၊ ယာတောအိမ်ကို စောင့်ရှောက်တဲ့လူလေ၊ သူ့အိမ်မှာ မြေခွေးတွေတင်မကဘူး၊ ကျားတွေတောင် ရှိသေးတယ်”

“ဒါဆိုရင်တော့ ဒါဟာ သူ့ခွေးပဲ ဖြစ်မှာပေါ့၊ အဓိပ္ပာယ်ရှိသွားပြီ၊ မြေခွေးကို ခွေးလိုမျိုး မွေးထားတဲ့လူဆိုလို့ သူ့ကိုပဲ ပထမဆုံး မြင်ဖူးတာ၊ လိုက်ဖ်လွှင့်တုန်းက ဒါဟာ မြေခွေးပါလို့ ငါတို့အားလုံး ပြောခဲ့ကြပေမဲ့ သူက မယုံခဲ့ဘူးလေ”

ရန်အာဟူသည် အိပ်ချင်စိတ်များ ပျောက်သွားသဖြင့် အင်တာနက် အသုံးပြုသူများ၏ မှတ်ချက်တစ်ခုချင်းစီကို ဖတ်ရှုရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် မြေခွေးနှင့် ဟတ်စကီတို့၏ ခြားနားချက်ကို အင်တာနက်တွင် ရှာဖွေလေတော့သည်။

နှိုင်းယှဉ်ကြည့်ပြီးနောက်တွင်မူ သူသည် ဝေခွဲမရဘဲ ခေါင်းမူးသွားရ၏။

ဤကောင်သည် မြေခွေးနှင့်လည်း တူသလို၊ ဟတ်စကီနှင့်လည်း တူနေပြန်သည်။

ဟတ်စကီကများ မျိုးရိုးဗီဇ ပြောင်းလဲသွားလေသလော။

ထိုစဉ် မှတ်ချက်တစ်ခုသည် ရန်အာဟူ၏ အာရုံကို ဖမ်းစားလိုက်လေသည်။

“မင်္ဂလာပါ ဘလော့ဂါ... ဒီအော်သံက မြေခွေးတွေသာ ပြုလုပ်နိုင်တဲ့ အသံမျိုးပါ၊ ဒါဟာ မြေခွေးတွေ အချင်းချင်း မိတ်လိုက်ဖို့ ခေါ်တဲ့ အသံဖြစ်ပါတယ်၊ သူ့ရဲ့ မိတ်လိုက်ရာသီ ရောက်နေပြီလားဆိုတာကို စစ်ဆေးကြည့်သင့်တယ်နော်”

“အော်... မင်းက မိတ်လိုက်ချင်လို့ကိုး၊ မင်းရဲ့ အူသံတွေက ဘာလို့ ဒီလောက်တောင် ရှည်နေရလဲဆိုတာ အခုမှပဲ နားလည်တော့တယ်”

“မြေခွေးတွေက အုပ်စုနဲ့ နေတတ်တာ မဟုတ်လား၊ ဘာလို့ လူအိမ်မှာ လာနေနေတာလဲ”

“အဲ့ဒီမြေခွေးကို ဘယ်လိုများ ယဉ်ပါးအောင် လုပ်လိုက်သလဲဆိုတာ ဘလော့ဂါကိုပဲ မေးရမှာပဲ”

ရန်အာဟူသည် ဟန်ဟော့ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။

“မင်းက မိတ်ဖက် ရှာနေတာလား၊ ဒါပေမဲ့ ပြဿနာက ဒီအနီးအနားမှာ မြေခွေးမလေး တစ်ကောင်မှ မရှိတာပဲ၊ မင်း တကယ်ပဲ အထီးကျန်နေရင်တောင် မြေခွေးလိုမျိုးတော့ မအူသင့်ဘူးလေ၊ တောနယ်မှာ လမ်းဘေးခွေးတွေ ဒီလောက် ပေါများနေတာကို”

ဟန်ဟော့သည် ထိုစကားကို ကြားသောအခါ ရန်အာဟူ၏ လက်ကို စက်ဆုပ်ရွံရှာစွာဖြင့် ခါထုတ်လိုက်၏။

၎င်းသည် ထိုသို့သော တောက ခွေးစုတ်ခွေးပြတ်များကို လှည့်ကြည့်ရုံမျှပင် မပြုလိုပေ။

၎င်း၏ မိတ်ဖက်သည် အကောင်းဆုံးသော မိတ်ဖက်သာ ဖြစ်ရမည်။

မိတ်လိုက်မည့်ကိစ္စ ဘေးဖယ်ထားရဦးမည်။မြေခွေးမလေးသည် ဒဏ်ရာရထားဆဲ ဖြစ်သဖြင့် ကိုယ်တိုင် အမဲမလိုက်နိုင်သေးပေ။ထို့ကြောင့် မနက်ဖြန် တောင်ပေါ်သို့ သွား၍ အစာကျွေးနိုင်ရန်အတွက် ၎င်းသည် စောစောစီးစီး အနားယူရပေမည်။

မြေခွေးမလေးအား ပေးရန်အတွက် အိမ်မှ ပစ္စည်းများကို ခိုးယူခြင်း မပြုရန် လင်းယန် တားမြစ်ထားသော စကားများကိုမူ ဟန်ဟော့သည် မေ့လျော့သွားသည်မှာ ကြာလှပြီ ဖြစ်၏။

မိမိ၏ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေခြင်းထက် အရေးကြီးသည့်အရာ အဘယ်မှာ ရှိပါအံ့နည်း။

ရန်အာဟူသည် သမ်းဝေလိုက်ကာ ပြော၏။

“အိပ်တော့၊ အိပ်တော့၊ မင်းကြောင့် ငါလည်း အိပ်ရေးပျက်ကုန်ပြီ”

နောက်တစ်နေ့ နံနက်စောစော။

ရန်အာဟူသည် လင်းယန်၏ အော်ဟစ်သံကြောင့် နိုးလာရလေသည်။

“ဟန်ဟော့”

“ဒီသစ္စာဖောက်ကောင်၊ ငါ့ရဲ့ ဝက်ခြေထောက်တွေကို တကယ်ပဲ ခိုးသွားတာလား”

လင်းယန်သည် ‌ဟောင်းလောင်းဖြစ်နေသော ရေခဲသေတ္တာကို ကြည့်ကာ တွေးတောလိုက်၏။

“ဟန်ဟော့ကတော့ တကယ့်ကောင်ပဲ၊ ငါ့ရေခဲသေတ္တာထဲက အရာအားလုံးနီးပါးကို ရှင်းထုတ်သွားတာပဲ”

၎င်းသည် တောင်ပေါ်သို့ တစ်ဖန် ပြန်တက်သွားပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

၎င်းတို့သည် နံနက်စောစော အချိန်ကို ရွေးချယ်တတ်ရန်ပင် သိရှိနေကြသေး၏။

“ဘာဖြစ်လို့လဲ သူဌေး”

ရန်အာဟူသည် ‌ဟောင်းလောင်းဖြစ်နေသော ရေခဲသေတ္တာကို မြင်လျှင် မြင်ချင်းပင် အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ဆုံးသွားရလေသည်။

“ဟာ... သွားပြီ၊ ငါတို့အိမ်ထဲကို သူခိုး နောက်တစ်ခါ ထပ်ဝင်တာလား”

အဘယ်ကြောင့် ဤသူခိုးသည် ငါတို့၏ ရေခဲသေတ္တာကိုသာ ပစ်မှတ်ထားနေရပါသနည်း။

ရေခဲသေတ္တာထဲတွင် အသားများနှင့် အခြားသော စားသောက်ဖွယ်ရာများ ပြည့်နှက်နေသည် မဟုတ်ပါလား။

လင်းယန်သည် လှောင်ပြုံးပြုံးလျက် ပြော၏။

“သူခိုးဝင်တာ မဟုတ်ဘူး၊ အိမ်တွင်းခိုးဖြစ်တဲ့ ဖော်လံဖား ဟန်ဟော့ရဲ့ လက်ချက်ပဲ”

ဟန်ဟော့သည် လမ်းဘေးခွေး တစ်ကောင် ဖြစ်နေသောကြောင့် သနားသဖြင့် ခေါ်ယူမွေးစားခဲ့ခြင်း ဖြစ်သလို၊ အိမ်စောင့်ရန် ခွေးတစ်ကောင် အမှန်တကယ် လိုအပ်သောကြောင့်လည်း ဖြစ်၏။

ယခုမူ အခြေအနေများက ဆိုးရွားလှပေပြီ။

အိမ်မှ ပစ္စည်းများ ပျောက်ဆုံးသည့် နှစ်ကြိမ်စလုံးမှာ ဟန်ဟော့နှင့်သာ သက်ဆိုင်နေလေသည်။

ရန်အာဟူမှာ အံ့အားသင့်လျက် ဆိုသည်။

“ဟန်ဟော့က ဒါတွေကို လုပ်တာလား၊ ခွေးတစ်ကောင်က ဒီလောက်အများကြီး ဘယ်လိုစားနိုင်မှာလဲ”

“သူစားတာ မဟုတ်ဘူး၊ တခြားတစ်ယောက်ကို ကျွေးဖို့ ယူသွားတာ”

“သူဌေး... ကျွန်တော်တို့ ဟန်ဟော့ကို သွားရှာရမလား”

လင်းယန်သည် သူ၏ စိတ်ကို တည်ငြိမ်စေရန် ရေကို နှစ်ခွက်သုံးခွက်လောက် သောက်လိုက်ကာ ပြော၏။

“မလိုပါဘူး၊ အဲ့ဒီဘက်ကသာ သူ့ကို ငြင်းလွှတ်လိုက်ရင် သူဘာသာသူ ပြန်လာပါလိမ့်မယ်”

ဟန်ဟော့သည် အသားအိတ်ကြီးကို ဆွဲကာ တောင်ပေါ်သို့ တက်လာခဲ့သော်လည်း တစ်ပတ်ပတ်၍ ရှာဖွေကြည့်သောအခါတွင်ပင် မြေခွေးမလေးကို မတွေ့ရပေ။

မြေခွေးမလေးသည် ဤတောင်ပေါ်မှာ မရှိတော့သည်လား သို့မဟုတ် သားရဲတိရစ္ဆာန်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီလား။

ဟန်ဟော့၏ စိတ်ထဲတွင် ဂယောက်ဂယက် ဖြစ်နေရ၏။

ကံကောင်းထောက်မစွာဖြင့် မြေခွေးမလေးကို နောက်ဆုံးတွင် တွေ့လိုက်ရလေသည်။

တစ်ဖက်လူက ၎င်း၏ စေတနာကို ငြင်းပယ်မည်ကို စိုးရိမ်သဖြင့် ပစ္စည်းများကို ချထားပေးခဲ့ကာ တောင်အောက်သို့ အမြန်ပြေးဆင်းခဲ့၏။

မနေ့က ၎င်းသည် ရန်အာဟူနှင့်အတူ သိပ္ပံဗီဒီယိုတစ်ခုကို ကြည့်ခဲ့ရသည်။

အမမြေခွေးများသည် သန်မာသော အဖော်ကို ပိုမိုနှစ်သက်ကြသည်ဟု ဆို၏။

အကြောင်းမှာ သန်မာသော အဖော်များသည် အမဲလိုက်ရာတွင် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။

ဒါဟာ ၎င်းကို ဆိုလိုနေခြင်း မဟုတ်ပါလား။

၎င်းသည် ကျွမ်းကျင်သော မုဆိုးတစ်ဦး ဖြစ်ပေသည်!

ယခုမူ မြေခွေးမလေးသည် ၎င်း၏ စေတနာကို အမှန်ပင် လက်ခံတော့မည် ဖြစ်၏။

ဟန်ဟော့သည် ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်လာခဲ့သော်လည်း အိမ်ထဲသို့ ဝင်၍ မရကြောင်း တွေ့လိုက်ရလေသည်။

၎င်းသည် မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ တံခါးကို ရူးသွပ်စွာပင် အဆက်မပြတ် ခေါက်လေတော့သည်။

“ဝုတ်... ဝုတ်... ဝုတ်”

“ငါ့ကို အထဲပေးဝင်ပါဦး”

All Chapters