အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉)
လင်းယန်၏ နောက်ကွယ်တွင် ရှုလီသည် အသံကျယ်ကျယ် မထွက်ရဲဘဲ သတိကြီးစွာ လိုက်ပါလာသည်။
ထိုတောတောင်အတွင်းရှိ သားရဲတိရစ္ဆာန်တို့၏ ဘေးအန္တရာယ်ကို သူမသည် အစဉ်တစိုက် စိုးရိမ်မကင်း ဖြစ်နေမိ၏။
အမှန်တော့ လူတိုင်းသည် လင်းယန်ကဲ့သို့ သတ္တိဗျတ္တိနှင့် ပြည့်စုံသူများ မဟုတ်ကြချေ။
လင်းယန်သည် ရှေ့မှ ပေါင်းမြက်ပင်များကို ဂရုတစိုက် ဖယ်ရှားလိုက်ရာ အသံထွက်ပေါ်ရာ အရင်းအမြစ်ကို တွေ့သွား၍ ရုတ်ချည်းပင် မှင်သက်သွားတော့သည်။
အဘယ်ကြောင့် ဤသတ္တဝါ ဖြစ်နေရသနည်း။
“နင် ဖြစ်နေတာလား”
ဤအမကောင်သည် အိမ်ရှိကောင်လေး အမြဲတမ်း တမ်းတမ်းစွဲ ဖြစ်နေသည့် နတ်ဘုရားမ မဟုတ်ပါလော။
ဝံပုလွေမလေး၏ မျက်လုံးတစ်စုံသည် လင်းယန်အပေါ် စူးစိုက်ကျရောက်နေသော်လည်း ယခင်ကကဲ့သို့ ရန်လိုသော အရိပ်အယောင်များ ကင်းစင်နေသည်။
ထိုဝံပုလွေမလေး၏ ခြေရင်း၌ စား၍မကုန်သေးသော အသားစများကို ကြည့်ကာ လင်းယန်သည် မိမိရေခဲသေတ္တာထဲမှ အသားများ ဖြစ်နေကြောင်း သိလိုက်ရ၏။
လင်းယန်သည် ရင်ထဲ၌ နှမြောတသဖြစ်ကာ နာကျင်သွားရလေသည်။
ဟန်ဟော့သည် ဤမျှအထိ လက်ဖွာသောကောင် ဖြစ်နေပါလား။
၎င်းအား တစ်ရက်မျှ အစာငတ်ထားခြင်းသည် အပြစ်ဒဏ် နည်းပါးလွန်းလှ၏။
တစ်ပတ်လုံးလုံး အစာကျွေးခြင်းကို ပိတ်ပင်ထားသင့်ကြောင်း သူ တွေးတောနေသည်။
“လင်းယန်၊ ဟိုမှာ ကြည့်စမ်း၊ အဲဒါ ဘာလေးလဲ”
ရှုလီသည် အံ့အားသင့်စွာ ရေရွတ်ကာ ဝံပုလွေမလေး၏ နောက်ကွယ်တွင် ဖြူဖွေးသောအရာလေးကို ညွှန်ပြလေသည်။
၎င်းသည် အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေသော အဖြူရောင် လုံးလုံးကလေးနှင့် တူ၏။
လင်းယန်သည် မျက်မှောင်ကြုတ်၍ သေချာစွာ ကြည့်ရှုလိုက်ကာဆိုလိုက်သည်။
“မြေခွေးဖြူလေးလား”
ရှုလီသည် မြင်ကွင်းကြောင့် ရင်ခုန်သံများ မြန်လာကာ ၎င်းအား ပြေး၍ ပွေ့ဖက်ချင်သော စိတ်ဆန္ဒအား မနည်း ထိန်းချုပ်နေရသည်။
“လှလိုက်တဲ့ မြေခွေးဖြူလေး၊ ဒီလို တောတောင်ထဲမှာ မြေခွေးဖြူလေး ရှိနေလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူး”
အလွန်ပင် ချစ်စဖွယ်ကောင်းလှသဖြင့် သူမသည် ပွေ့ချီလိုစိတ်များ ပြင်းပြနေမိသည်။
မြေခွေးဖြူများသည် အမျိုးသားအဆင့် ထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်များလည်း ဖြစ်ကြ၏။
မိန်းကလေးများ၏ သဘာဝအရ နူးညံ့ပြီး အမွေးပွသော သတ္တဝါလေးများကို တွေ့လျှင် စိတ်လှုပ်ရှားတတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။
အကယ်၍ ရှေ့မှ ဝံပုလွေမလေး ကာဆီးမထားပါက ရှုလီသည် အမှန်တကယ်ပင် ပြေးသွားမိလိမ့်မည် ဖြစ်သည်။
“ဒါပေမဲ့ မြေခွေးနဲ့ ဝံပုလွေက သူငယ်ချင်း ဖြစ်နိုင်လို့လား”
သူမ ယခင်က တိရစ္ဆာန်ကမ္ဘာ အစီအစဉ်များကို ကြည့်ရှုစဉ်က ထိုသတ္တဝါ နှစ်မျိုးသည် ဤမျှအထိ သဟဇာတဖြစ်သည်ဟု မတွေ့ဖူးခဲ့ချေ။
မျိုးနွယ်စု နှစ်ခုအကြား ပြိုင်ဆိုင်မှုများပင် ရှိတတ်ကြသေးသည်။
အစာရေစာ ရှားပါးလာပါက ဝံပုလွေနှင့် မြေခွေးတို့သည် အလားတူ သတ္တဝါငယ်များကို အမဲလိုက်ရာတွင် ထပ်တူကျတတ်ကြ၏။
အစာငတ်မွတ်သောအခါ ဝံပုလွေများသည် မြေခွေးများကို တိုက်ခိုက် သတ်ဖြတ်လေ့ရှိကြောင်း သူမ ကြားဖူးခဲ့သည်။
သို့သော် ရှေ့မှ ဝံပုလွေမလေးသည် ၎င်း၏ နောက်ကွယ်မှ မြေခွေးဖြူလေးအား တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံမရကြောင်း သူမ ရိပ်မိလေသည်။
အကယ်၍သာ ရန်လိုစိတ်ရှိပါက ထိုမြေခွေးဖြူလေးသည် ယခုတိုင် အသက်ရှင်နေပါ့ဦးမည်လော။
ဝံပုလွေ လက်ချက်ဖြင့် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
လင်းယန်သည် ခေါင်းယမ်းလိုက်ကာ ပြန်လည် ဖြေကြားလိုက်၏။
“ငါလည်း မသိဘူး”
သို့သော် ရှေ့မှ မြေခွေးဖြူလေးသည် အခြေအနေမကောင်းကြောင်း သူ ခံစားမိလေသည်။
မနေ့က ဤဝံပုလွေမလေးအား တွေ့စဉ် ၎င်း၌ ဒဏ်ရာရရှိထားပြီး ဖြစ်၏။
ထိုမြေခွေးဖြူလေးသည်လည်း ဒဏ်ရာရရှိထားသည် ဖြစ်နိုင်ပါသလော။
“နင်တို့ နှစ်ကောင်လုံး ဒဏ်ရာရနေကြတာလား”
လင်းယန်သည် သိလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။
ကံဆိုးသည်မှာ ဝံပုလွေမလေးသည် မြေခွေးဖြူလေး၏ ရှေ့၌ ကွယ်ထားပြီး ၎င်းတို့သည် မြေခွေးလေးအား နာကျင်အောင် ပြုလုပ်မည်ကို စိုးရိမ်နေပုံရလေသည်။
“အူး”
‘ဤလူသားက ဘာလုပ်ချင်နေတာလဲ၊ မြေခွေးလေးရဲ့ အရေခွံကို ခွာဖို့ ကြံစည်နေတာလား၊ ဒါပေမဲ့ သူက မနေ့က ငါ့ကို ဆေးထည့်ပေးခဲ့တာပဲ’
ဝံပုလွေမငယ်၏ မျက်နှာပေါ်တွင် ဝေခွဲမရသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
သူမသည် ထိုလူသားအား အနားသို့ တိုးမလာအောင် တားဆီးသင့်ပါသလော။
လက်ရှိတွင် မြေခွေးလေး၏ အခြေအနေမှာ အန္တရာယ်ရှိနေသည့်အတွက် သူမသည် ဤနေရာမှ မခွာဘဲ နေခဲ့သည်။
ဝံပုလွေမလေးသည် နောက်ကွယ်မှ နာကျင်နေပုံရသော မြေခွေးလေးအား တစ်ချက် ငဲ့ကြည့်လိုက်ကာ ခေတ္တမျှ ဝေခွဲရခက်နေပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်လေသည်။
ထိုအခါ လင်းယန်သည် အနားသို့ အနည်းငယ် တိုးသွားကာ မြေခွေးဖြူလေးအား သေချာစွာ မြင်တွေ့ရတော့သည်။
ဝံပုလွေမလေး၏ ညာဘက်ခြေထောက်တွင် ထောင်ချောက်ကြောင့် ရရှိခဲ့သော ဒဏ်ရာနှင့် နှိုင်းယှဉ်ပါက ဤမြေခွေးဖြူလေးတွင် ပြင်ပဒဏ်ရာ လုံးဝ မရှိသလောက်ပင် ဖြစ်၏။
၎င်း၏ အားအင်ချည့်နဲ့နေသော ပုံစံအရ အတွင်းဒဏ်ရာ တစ်ခုခု ရရှိထားခြင်း ဖြစ်နိုင်ပါသလော။
လင်းယန်သည် အနည်းငယ် စိတ်ရှုပ်သွားရ၏။
အကြောင်းမှာ သူသည် တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ဦး မဟုတ်သောကြောင့် ဖြစ်သည်။
သာမန်မျက်စိဖြင့် ကြည့်ရုံမျှနှင့် အဖြေရှာမရနိုင်ချေ။ ဤတစ်ကြိမ်တွင်မူ ဆရာဝန်ချင်းအား အကူအညီ တောင်းရတော့မည်ဟု သူ တွေးလိုက်သည်။
သို့သော် ထိုသို့မလုပ်ဆောင်မီ ရှေ့မှ ဝံပုလွေမလေးအား ဦးစွာ နားချရမည် ဖြစ်သည်။
သို့မဟုတ်ပါက တစ်ဖက်သားသည် မြေခွေးလေးအား တောင်အောက်သို့ ခေါ်ဆောင်သွားရန် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
“ငါတို့ တောင်အောက်ဆင်းပြီး ဆရာဝန် ခေါ်ရမယ်၊ မြေခွေးလေးရဲ့ အခြေအနေကို စစ်ဆေးဖို့အတွက်ပေါ့၊ အကယ်၍ နင် စိုးရိမ်တယ်ဆိုရင် ငါတို့နဲ့အတူ တောင်အောက်ကို လိုက်ခဲ့လို့ ရတယ်၊ ငါတို့ မြေခွေးလေးကို နာကျင်အောင် လုံးဝ မလုပ်ဘူးလို့ ငါ ကတိပေးပါတယ်”
လင်းယန်သည် လေးနက်စွာ အာမခံလိုက်သည်။
တောင်အောက်သို့ ဆင်းရမည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ ဝံပုလွေမလေး၏ မျက်နှာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။
၎င်းသည် လူသားများအပေါ် အလွန်ပင် ရန်လိုပုံရ၏။
ထိုစဉ်မှာပင် မြေခွေးဖြူလေးသည် နာကျင်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
ဝံပုလွေမလေး၏ တင်းမာမှုများသည် ချက်ချင်းပင် လျော့ပါးသွားကာ နောက်ဆုံးတွင် မြေခွေးဖြူလေးကို ၎င်းတို့ထံသို့ တွန်းပို့ပေးလိုက်လေသည်။ ၎င်းကိုယ်တိုင်လည်း တောင်အောက်သို့ လိုက်ပါရန် ဆုံးဖြတ်လိုက်ပုံရ၏။
အကယ်၍ ဤလူသားများသည် ၎င်းနှင့် မြေခွေးလေးကို ရန်ပြုရဲပါက ၎င်း၏ အစွယ်များသည် အလှပြရန်အတွက်သာ မဟုတ်ကြောင်း ပြသရပေမည်။
လင်းယန်သည် အခွင့်အရေးကို အရယူကာ မြေခွေးဖြူလေးအား ပွေ့ချီလိုက်၍ ထပ်ဖန်တလဲလဲ အာမခံသည်။
“စိတ်မပူပါနဲ့၊ နင် ငါတို့နောက်ကနေ တစ်လျှောက်လုံး စောင့်ကြည့်နေလို့ ရပါတယ်”
ဘေးတွင် ရပ်နေသော ရှုလီမှာမူ မျက်တောင်တခတ်ခတ်ဖြင့် အံ့သြနေမိတော့သည်။
လင်းယန်သည် တိရစ္ဆာန်များနှင့်ပါ ဆက်သွယ်နိုင်စွမ်း ရှိနေပါသလော။
သူသည် ထိုသို့ ထူးခြားသည့် မြေခွေးဖြူလေးအား ယုယစွာ ပွေ့ချီထားနိုင်၏။
သူမသည် ဝံပုလွေကြီးက ၎င်းတို့အား အချိန်မရွေး ခုန်အုပ် သတ်ဖြတ်လိမ့်မည်ကိုသာ စိုးရိမ်နေမိ၏။
ထိုဝံပုလွေမလေးထံမှ ရန်လိုမှုများ လျော့ပါးသွားသည်ဟု သူမ ခံစားရသည်မှာ စိတ်ထင်ရုံသက်သက်ပင်လော မသိနိုင်ချေ။
လင်းယန်သည် မြေခွေးဖြူလေးအား ပွေ့ချီ၍ ရှေ့သို့ လှမ်းတက်လိုက်ရာ ဝံပုလွေမလေးသည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။
ရှုလီသည် နောက်ဆုံးတွင် တစ်ဦးတည်း ကျန်ရစ်ရန် မဝံ့ရဲသဖြင့် လင်းယန်၏ ရှေ့မှ ခပ်သွက်သွက် လျှောက်လှမ်းကာ မကြာခဏဆိုသလို နောက်သို့ လှည့်ကြည့်နေမိ၏။
ဝံပုလွေမလေးသည် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်လာမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် လမ်းခရီးတစ်လျှောက်တွင် မည်သည့် ပြဿနာမျှ မရှိခဲ့ချေ။
“ငါ နင့်ကို အိမ်အထိ လိုက်မပို့တော့ဘူး၊ မြေခွေးလေး ဘာဖြစ်နေလဲဆိုတာ ကြည့်ဖို့ ဆရာဝန် ချင်းကို ဆက်သွယ်ရဦးမယ်၊ မနက်ဖြန်ကျရင်တော့ ငါ ဒကာခံပါ့မယ်၊ အဒေါ်ချန်းရဲ့ အိမ်ကို အတူတူ သွားကြတာပေါ့”
လင်းယန်သည် ရှုလီကို အားနာစွာဖြင့် ပြုံးပြလိုက်၏။
ရှုလီကမူ စိတ်ထဲမထားဘဲ ဆိုသည်။
“ရပါတယ်၊ နီးနီးလေးပဲဟာကို၊ ငါ့ဘာသာငါ ပြန်လို့ ရပါတယ်”
ရွာထဲသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကြောက်စရာ မလိုတော့ချေ။
သို့သော် ယနေ့တွင် လင်းယန်၏ မတူညီသော ပုံစံကို သူမ မြင်တွေ့ခဲ့ရလေပြီ။
တစ်ဖက်လူသည် ကြမ်းတမ်းသော ဝံပုလွေများကို မကြောက်ရုံသာမက တိရစ္ဆာန်ငယ်လေးများအပေါ်တွင်လည်း ဤမျှ ကြင်နာတတ်ပါလား။
“နင် ငါ့ကို ထမင်းကျွေးမယ်ဆိုတော့ နင်ကိုယ်တိုင် ချက်မှာလား”
လင်းယန်သည် ခေါင်းငြိမ့်ပြကာ အားကိုးရာမဲ့သလို ပြုံးလိုက်ကာ မေးလိုက်၏။
“ငါတို့ ရွာထဲမှာ စားသောက်ဆိုင် ရှိတယ်လို့ နင် ထင်လို့လား”
“ဒါဆိုရင်တော့ နက်ဖြန် နင်ထမင်းချက်နေတုန်း မြေခွေးဖြူလေးကို ငါ ဂရုစိုက်ပေးထားမယ်”
မြေခွေးဖြူလေးသည် လင်းယန်၏ ရင်ခွင်ထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေသော်လည်း ရှုလီသည် လက်လှမ်း၍ မကိုင်ရဲသေးချေ။
၎င်းမှာ လင်းယန်၏ နောက်ကွယ်မှ ဝံပုလွေမလေးအား ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ မြေခွေးလေးတွင် မမြင်နိုင်သော ဒဏ်ရာများ ရှိနေမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။
မတော်တဆ ထိမိ၍ ဒဏ်ရာ ပိုမို ဆိုးရွားသွားမည်ကို သူမ မလိုလားပေ။
အိမ်သို့ ပြန်ရောက်သောအခါ။
ရန်အာဟူသည် ခြံဝင်းအတွင်း ဂိမ်းကစားနေစဉ် လင်းယန်သည် မြေခွေးဖြူတစ်ကောင်အား ပွေ့ချီလာသည်ကို မြင်လိုက်ရာ ထိတ်လန့်တကြား ခုန်ထသွား၍ ဆို၏။
“ဟာ... သွားပြီ၊ တခြားလူတွေက ခွေးခိုးကြတာ၊ အစ်ကိုကြီးကတော့ မြေခွေးဖြူကို ခိုးလာတာလား၊ လန်းလှချည်လား”
လင်းယန်က မျက်လုံးအသာစွေ၍ ဆိုသည်။
“ဒါ တောင်ပေါ်မှာ တွေ့ခဲ့တာပါ၊ ဘာလို့ ခိုးလာရမှာလဲ”
မြေခွေးဖြူလေးအား မြေပြင်ပေါ်သို့ ဂရုတစိုက် ချထားလိုက်သည်။
“ဒီကောင်လေး ဘာဒဏ်ရာ ရထားလဲ မသိဘူး၊ နွမ်းလျပြီး အားမရှိသလို ဖြစ်နေတယ်၊ ဆရာဝန် ချင်းကို ဖုန်းဆက်ပြီး လာကြည့်ခိုင်းရမယ်”
ဝံပုလွေမလေးသည် မြေခွေးဖြူလေး၏ ရှေ့တွင် ကာကွယ်ရပ်တည်ရင်း ရန်အာဟူအား သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။
ရန်အာဟူသည် မြေခွေးလေးအား ထိတွေ့ကိုင်တွယ်ရန် ကြံစည်သော်လည်း ဝံပုလွေ၏ မျက်လုံးများနှင့် ဆုံသွားသောအခါ လက်ကိုပြန်ရုပ်လိုက်ရသည်။
“အစ်ကိုကြီးရာ... အိမ်ကို ဘာတွေ လျှောက်ခေါ်လာတာလဲ၊ အခုတော့ ဝံပုလွေပါ ပါလာပြီလား”
“ရွာထဲမှာ တကယ်ပဲ တိရစ္ဆာန်ရုံ ဖွင့်ဖို့ ကြံနေတာလား”
ကျားကော၊ ဝံပုလွေကော အစုံ ဖြစ်နေပြီ။
ရွှေရောင်မျောက်လေးသာ ထွက်မသွားပါက သူတို့၏ ခြံဝင်းသည် အလွန်ပင် စည်ကားနေပေလိမ့်မည်။
ရန်အာဟူသည် စိတ်ထဲမှ သက်ပြင်းချနေစဉ် ထောင့်တစ်နေရာ၌ အမှားများကို ပြန်လည် ဆင်ခြင်ရန် လင်းယန်၏ အပြစ်ပေးခြင်း ခံထားရသော ဟန်ဟော့သည် လှစ်ခနဲ ရောက်ရှိလာလေသည်။
“ဝုတ် ဝုတ် ဝုတ်”
ဟန်ဟော့သည် ၎င်း၏ အမြီးကို အားရပါးရ ခါယမ်းနေကာ လျှာမှာလည်း မြေပြင်နှင့် ထိလုနီးပါး ထွက်ကျနေ၏။
၎င်းသည် သွားရည်များ တမြေမြေ ကျနေရင်း ဝံပုလွေမငယ်၏ ဘေးတွင် ပတ်ချာလည် နေတော့သည်။