← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀)

ရန်အာဟူသည် ရှေ့မှောက်ရှိ မြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိကာ မေးလိုက်၏။

“ဒါ... ဟန်ဟော့ရဲ့ နတ်မိမယ်များလား”

လင်းယန်သည် ခေါင်းညိတ်ပြလျက် ပြန်လည်ပြောဆိုလိုက်သည်။

“ဒါက သိသာလွန်းနေတာ မဟုတ်ဘူးလား”

“သူတို့မျက်နှာပေါ်က ရွံရှာစက်ဆုပ်မှုတွေကတော့ တကယ့်ကို အထင်သားပဲ”

ရန်အာဟူသည် တစ်ခဏအကြာတွင် ထိုဝံပုလွေမလေးသည် ဟန်ဟော့အား ရိုက်ထုတ်လွှတ်လိုက်မည်ကို စိုးရိမ်နေ၏။

“သူကတော့ တကယ့်ကို အချစ်ရူးလေးပဲ၊ ဟိုဘက်က ဘယ်လောက်တောင် ငြိုငြင်နေသလဲဆိုတာ သူ မမြင်ဘူးလားမသိဘူး၊ ဟန်ဟော့... ငါ့စကားကို နားထောင်စမ်းပါ၊ ခွေးနဲ့ဝံပုလွေဆိုတာ အတူတူနေလို့ ရတာမဟုတ်ဘူး၊ မင်း အခုချက်ချင်း ဝံပုလွေတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ရင်တော့ တစ်မျိုးပေါ့”

ရန်အာဟူသည် အလွန်အမင်း တည်ကြည်လေးနက်သော လေသံဖြင့် အကြံပေးသည်။

ထိုအရာသည် လုံးဝမဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်၏။

ထို့ကြောင့် ဟန်ဟော့နှင့် ဝံပုလွေမလေးတို့ ပေါင်းဖက်ရန်မှာလည်း မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ဝံပုလွေမလေးသည် သူမ၏ ဘေးနားတွင် ဟောင်မြည်နေသော ခွေးအသံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာရ၏။

ယနေ့နံနက်က သူမအား အသားအချို့ ပေးကမ်းခဲ့ရုံမျှဖြင့် ဤအစေခံလေးအပေါ် ကျေးဇူးတင်လိမ့်မည်ဟု မမှတ်ထင်လေနှင့်။

“ဝေါ့”

ဝံပုလွေမလေးသည် သူမ၏ လည်ချောင်းထဲမှ ဟိန်းသံတစ်ချက် ထုတ်လိုက်၏။ ၎င်းမှာ ဟန်ဟော့အား မောင်းထုတ်လိုက်သည့် အချက်ပေးသံပင် ဖြစ်လေသည်။

သို့သော်လည်း ထိုအသိဉာဏ်နည်းပါးသော အကောင်လေးသည် နောက်ဆုတ်သွားမည့်အစား ဝံပုလွေမလေး၏ မျက်နှာအား လျက်ရန် ကြိုးပမ်းလေတော့သည်။

ရလဒ်အနေဖြင့် ဝံပုလွေမလေး၏ လက်သည်းဖြင့် ကုတ်ခြစ်ခြင်းကို ခံလိုက်ရ၍ သနားစဖွယ် ပုံစံဖြင့် နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားကာ မြည်တမ်းရှာ၏။

“ဝုတ်... ဝုတ်”

သူသည် စစ်မှန်သော အချစ်ကိုသာ ရှာဖွေလိုခြင်း မဟုတ်ပါလား။

ထိုအရာက ဘာများ မှားယွင်းနေသနည်း။

‘ငါ့မျက်နှာတစ်ခုလုံး ပူထူသွားတာပဲ၊ သူအကြိုက်ဆုံး ပစ်မှတ်ဖြစ်နေတာ မဆန်းပါဘူး၊ ရိုက်လိုက်ရင်လည်း အားပါလိုက်တာ၊ အို... မဟုတ်မှလွဲရော ငါက သူ့ကို ပိုပြီး သဘောကျသွားတာလား’

လင်းယန်သည် ဟန်ဟော့၏ အမြီးနန့်နေပုံကို ကြည့်ရုံဖြင့် ၎င်း၏ အတွေးများကို ရိပ်မိနေလေသည်။

သူသည် ဘာပြောရမှန်းမသိအောင် ဖြစ်ရသဖြင့် ကောင်းကင်ကြီးကိုသာ ငေးကြည့်နေမိတော့၏။

“မင်းက အနာခံရတာကိုကြိုက်တဲ့ စိတ်ဝေဒနာ ရှိနေတာလား”

လင်းယန်သည် ဟန်ဟော့နှင့် ဝံပုလွေမလေးတို့ကို ဂရုမထားတော့ဘဲ ဒေါက်တာချင်းထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။

လက်ရှိ အခြေအနေကိုလည်း အကျိုးအကြောင်း ရှင်းပြလိုက်၏။

“ဟုတ်တယ်၊ ပြဿနာက ဘယ်နေရာမှာ ဒဏ်ရာရထားသလဲဆိုတာ ကျွန်တော် သေချာမသိတာပဲ၊ ကျွန်တော်က တိရစ္ဆာန်ဆရာဝန်မှ မဟုတ်တာ၊ သိနေရင် ခင်ဗျားကို ဖုန်းဆက်နေပါဦးမလား၊ မြန်မြန်လာခဲ့ပါ၊ ခင်ဗျားသာ အချိန်ဆွဲနေဦးမယ်ဆိုရင် ဒါရိုက်တာလီကို တိုင်ပြောလိုက်မှာနော်”

လင်းယန်သည် ဒေါက်တာချင်းအား ရွေးချယ်စရာ လုံးဝမပေးဘဲ ဖုန်း ချက်ချင်း ချလိုက်သည်။

“ဒီလူက ဒီနေ့မှ ခွင့်ယူထားတာလား၊ ကံဆိုးတာပဲ၊ ဒါပေမဲ့ ဆရာဝန်ဆိုတာ လူနာရှိရင် ကုရမှာပဲလေဗျာ ”

သူသည် ဒေါက်တာချင်း၏ ညည်းတွားသံများကို လုံးဝ လျစ်လျူရှုထားလိုက်၏။

လင်းယန်သည် မြေပြင်ပေါ်တွင် အားအင်ချည့်နဲ့စွာ လဲလျောင်းနေသော မြေခွေးဖြူလေးအား ကြည့်၍ သက်ပြင်းချလိုက်မိသည်။

ထို့နောက် နတ်‌ရေစင်အချို့ကို ခပ်ယူ၍ ဟန်ဟော့၏ ခွေးပန်းကန်ထဲတွင် ထည့်ကာ မြေခွေးလေး၏ ရှေ့တွင် ချပေးလိုက်လေသည်။

မြေခွေးဖြူလေးသည် အနံ့ခံကြည့်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် နှစ်ကြိမ်ခန့် လျက်လိုက်၏။ ထို့နောက်တွင် ၎င်း၏ မျက်လုံးများ တောက်ပလာကာ ရေကို တစ်ကျိုက်တည်းနှင့် ကုန်စင်အောင် သောက်ချလိုက်သည်။

ဝံပုလွေမလေးသည် ထိုမြင်ကွင်းကို ကြည့်ကာ တောင့်တသော အမူအရာဖြင့် နှုတ်ခမ်းကို လျက်နေမိ၏။

“သူက ဒီလူသားပေးတဲ့ ရေကို သောက်လိုက်တာပဲ၊ ဒီရေက စမ်းချောင်းထဲက ရေတွေနဲ့ လုံးဝ မတူဘူး၊ ငါသာ ဒီရေကို သောက်ရရင် အားအင်တွေ ပြည့်ဝလာမယ် ထင်တယ်”

ဝံပုလွေမလေး၏ တောင့်တမှုကို ခံစားမိသဖြင့် လင်းယန်သည် သူမအတွက်လည်း ရေအချို့ ငှဲ့ပေးလိုက်၏။

“ဝုတ် ဝုတ် ဝုတ်”

ဟန်ဟော့သည် ရုတ်တရက် လင်းယန်၏ ဘောင်းဘီစကို ကိုက်ဆွဲလိုက်သည်။ သူ၏

နတ်မိမယ်အတွက် အမြန်ဆုံး အစားအသောက် ပြင်ဆင်ပေးရန် တောင်းဆိုနေခြင်း ဖြစ်၏။

သူ၏ အမျိုးသမီးကို မည်သည့်အခါမျှ ဆာလောင်မွတ်သိပ်မှု မရှိစေရဟု သူက သန္နိဋ္ဌာန်ချထားပုံရသည်။

လင်းယန်၏ နှုတ်ခမ်းများ တွန့်သွားကာ တစ်ခါတစ်ရံတွင် သူသည်လည်း ဟန်ဟော့အား ပါးရိုက်ချင်စိတ် ပေါက်လာရသည်။

“နေဦး... ငါက ဘယ်တုန်းက မင်းရဲ့ ငှားရမ်းထားတဲ့ အထိန်းတော် ဖြစ်သွားတာလဲ၊ မင်းရဲ့ နောက်အပတ် အစားအစာ ရိက္ခာကို မဖြတ်တောက်တာတောင် ငါက သဘောကောင်းနေလို့၊ အခုက ဒါတင်မကဘဲ ငါ့ကို ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေးနဲ့ ခိုင်းနေသေးတာလား”

ဟန်ဟော့သည် အားငယ်သလို ကြည့်ကာ မြည်လိုက်၏။

“ဝုတ် ဝုတ် ဝုတ်”

‘ဝံပုလွေမလေးရှေ့မှာ ငါ့ကို နည်းနည်းလောက် မျက်နှာသာ ပေးလို့ မရဘူးလား၊ ငါ မင်းကို ဒူးထောက်တောင်းပန်ရမလား၊ မင်းရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ငါ မင်းရဲ့ ကျွန်တစ်ယောက်လို အစေခံပါ့မယ်’

လင်းယန်၏ ခံစားချက်ကို ‘ဆွံ့အသွားသည်’ ဆိုသော စကားလုံးထက် ပို၍ ဖော်ပြ၍ မရနိုင်တော့ပေ။

သူသည် ဟန်ဟော့ကို စတင်မွေးမြူစဉ်ကပင် ဟန်ဟော့သည် ဤမျှလောက် ကျေးဇူးတင်တတ်သည် မဟုတ်ပါ။ မျှော်လင့်ထားသည့်အတိုင်းပင် အလှအပနှင့် တွေ့လျှင် မျက်နှာလိုမျက်နှာရ လုပ်တတ်သူများတွင် သိက္ခာဆိုသည်မှာ မရှိတော့ပေ။

“ငါ့ဘောင်းဘီစကို အခုချက်ချင်း လွှတ်စမ်း”

လင်းယန်သည် အံကြိတ်ကာ ပြောလိုက်၏။

“မင်း ငါတို့အိမ်က အသားတွေကို အကုန်ခိုးစားထားတာပဲ၊ အသားက ဘယ်မှာ ကျန်သေးလို့လဲ”

ဟန်ဟော့သည် မျက်လုံးကလည်ကလည် ဖြစ်နေ၏။ သူ ဤအိမ်တွင် နေလာသည်မှာ ကြာပြီဖြစ်ရာ အသားလက်ကျန် ရှိ၊ မရှိကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

ရေခဲသေတ္တာထဲရှိ အသားများသည် လင်းယန် ကိုယ်တိုင်စားရန် ချန်ထားခြင်း ဖြစ်သော်လည်း အိမ်ထဲတွင် အသားသိုလှောင်သည့် အအေးခန်း အကြီးကြီး တစ်ခု ရှိနေသေးသည် မဟုတ်ပါလား။

ထိုအအေးခန်းထဲတွင်မူ ကြောင်ကြီး သုံးကောင်ကို ကျွေးရန် အသားများ ပြည့်နှက်နေ၏။

‘အဲဒီ ကြောင်ကြီး သုံးကောင်က တစ်နေကုန် ကောင်းကောင်းစားနေရတာပဲ၊ သူတို့ရဲ့ နတ်မိမယ်ကို နည်းနည်းလောက် ခွဲဝေပေးတာ ဘာမှမဖြစ်ပါဘူး’

ဟန်ဟော့သည် အိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွားပြီး မကြာမီမှာပင် အသားစိမ်းတုံးကြီး တစ်တုံးကို ကိုက်ချီ၍ ထွက်လာလေသည်။ ထို့နောက် ထိုအသားတုံးအား ဝံပုလွေမလေးနှင့် မြေခွေးဖြူလေးတို့၏ ရှေ့တွင် ချပေးလိုက်၏။

ခြံနောက်ဘက်မှ ထွက်လာကာစ ဖြစ်သော ဟွမ်မောင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျားတစ်ကောင်၏ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။

‘ဒီ ခွေးငနုံငအလေး သူတို့ရဲ့ အစားအစာကို ခိုးရဲတယ်ပေါ့လေ၊ ဒါက သူ့အမေနဲ့ သူ့အစ်ကိုအတွက် သိမ်းထားတဲ့ အစားအစာတွေပဲ’

“ဝုတ် ဝုတ် ဝုတ်”

‘မြန်မြန်စား၊ မြန်မြန်စား၊ ဒီအကောင်လေးကို ငါ ကိုင်တွယ်လိုက်မယ်’

ဟန်ဟော့သည် အသားတုံးအား ဝံပုလွေမလေးဘက်သို့ တိုးပေးလိုက်ကာ အလွန်ဂရုစိုက်ဟန်ပြနေ၏။

ဝံပုလွေမလေးသည် ရုတ်တရက် ပေါ်လာသော ကျားပေါက်လေးအား သံသယစိတ်ဖြင့် စိုက်ကြည့်နေမိသည်။

လူသားများသည် ကျားပေါက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူမသည် ဤလူသားကို အထင်သေးခဲ့မိပုံရသည်။

ဟန်ဟော့သည် ဝံပုလွေမလေး၏ ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်၏။ ဟွမ်မောင် ခုန်အုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည်လည်း ဟွမ်မောင်အပေါ်သို့ ခုန်အုပ်လိုက်သည်။

၎င်းတို့၏ ခန္ဓာကိုယ်ချင်း ထိတွေ့သွားသည့် ခဏ၌ ယနေ့နံနက်က လင်းယန် ပေးထားသော သတိပေးချက်ကို ပြန်လည် သတိရသွားကြ၏။

ထို့ကြောင့် နှစ်ကောင်လုံးသည် စပရင်ကဲ့သို့ နောက်သို့ ပြန်ကန်ထွက်သွားကြသည်။ သို့သော်လည်း နှစ်ကောင်လုံး၏ မျက်လုံးများမှာမူ အလွန်အမင်း ပြင်းထန်ခက်ထန်နေဆဲ ဖြစ်၏။

‘ဟေ့... မျက်နှာလိုမျက်နှာရ လုပ်တဲ့ကောင်၊ ငါတို့ရဲ့ ညစာကို အခုချက်ချင်း ပြန်ပေးစမ်း’

“ဝုတ် ဝုတ် ဝုတ်”

‘ဒါက မင်းတို့ညစာဆိုတာ ဘာသက်သေရှိလဲ၊ ကောင်းတဲ့အရာဆိုတာ ဝေမျှစားရတယ်၊ မင်းတို့ တကိုယ်ကောင်းဆန်တဲ့ ကြောင်ကြီးတွေရဲ့’

ခွေးနှင့် ကျားတို့၏ အခြေအတင် ဖြစ်နေမှုကို နားထောင်ရင်း လင်းယန်သည် ခေါင်းကိုက်လာသည်။

“မင်းတို့ နှစ်ကောင် ခဏလောက် တိတ်တိတ်နေလို့ မရဘူးလား၊ ဒီနေ့တင် ရန်ဖြစ်ထားပြီးပြီ၊ အခုလည်း ထပ်ပြီး ငြင်းခုံနေကြပြန်ပြီလား၊ ငါခိုင်းထားတာတွေကိုရော ပြီးအောင် လုပ်ကြရဲ့လား”

ထိုအခါမှ ဟွမ်မောင်နှင့် ဟန်ဟော့တို့သည် နေပူမိသော ခရမ်းသီးများကဲ့သို့ ခေါင်းငိုက်စိုက် ကျသွားကြတော့သည်။

သို့သော်လည်း ဝံပုလွေမလေးသည် သူမ၏ မျက်လုံးများ ဟွမ်မောင်ထံမှ မခွာဘဲ စိုက်ကြည့်နေဆဲ ဖြစ်၏။

တစ်ခဏအကြာ မည်သူမျှ မမျှော်လင့်ထားသော လုပ်ရပ်တစ်ခုအား သူမ လုပ်ဆောင်လိုက်လေသည်။

သူမသည် ဟွမ်မောင်အား ကြည့်၍ ရှည်လျားစွာ အော်မြည်လိုက်တော့၏။

ရန်အာဟူသည် မနေ့ကမှ ဝံပုလွေတို့၏ အလေ့အထများကို လေ့လာထားခဲ့သူ ဖြစ်၍ ဆိုသည်။

“သူ ပိုးပန်းနေတာပဲ၊ ဒီ ဝံပုလွေမလေးက အမွေးဝါကို သဘောကျသွားတာလား၊ ထင်တဲ့အတိုင်းပါပဲ၊ ဝံပုလွေမလေးတွေက မိမိထက် သန်မာတဲ့ အဖော်ကိုပဲ ရွေးချယ်တတ်ကြတာကိုး”

ဟွမ်မောင်သည် အတန်ငယ် ဇဝေဇဝါ ဖြစ်သွား၏။

သူက ကလေးလေးပဲ ရှိသေးသည် မဟုတ်ပါလား၊ ဤအရာက ပိုးပန်းခြင်းနှင့် ဘာဆိုင်သနည်း။

ဝံပုလွေမလေးသည် ထိုအရာများကို ဂရုမစိုက်တော့ဘဲ ဟွမ်မောင်၏ အနားသို့ တိုက်ရိုက် သွားကာ ၎င်း၏ အမွှေးအမျှင်များအား ချစ်ခင်မြတ်နိုးစွာဖြင့် လျက်ပေးနေတော့သည်။

တိတ်ဆိတ်နေသော ဟန်ဟော့သည် ရုတ်တရက် ပေါက်ကွဲသွား၏။

‘ဤကြောင်ကြီးသည် သူ၏ နတ်မိမယ်အား ဘယ်လိုတောင် လက်ဖျားနဲ့ ထိရဲရတာလဲ’

သူသည် ထိုကြောင်သေလေးနှင့် အသေအလဲ တိုက်ခိုက်တော့မည်။

ဟွမ်မောင် တုံ့ပြန်ရန် အချိန်မရမီမှာပင် ဟန်ဟော့သည် ရူးသွပ်သူတစ်ယောက်ကဲ့သို့ ခုန်အုပ်လိုက်လေသည်။

သူသည် ကိုက်ဆွဲကာ တိုက်ခိုက်တော့၏။

ခွေးနှင့် ကျားသည် မြေပြင်ပေါ်တွင် ထွေးလုံးသတ်ပုတ်လျက် ရှိနေကြပြန်သည်။

ဝံပုလွေမလေးသည်လည်း ထိုရန်ပွဲထဲသို့ ဝင်ရောက်လာသော်လည်း ဟွမ်မောင်အား ကာကွယ်ရန်အတွက်သာ ဖြစ်လေသည်။

ဝံပုလွေမလေး၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရသောအခါ ဟန်ဟော့သည် သူလုပ်ဆောင်နေသမျှကို ချက်ချင်း ရပ်တန့်လိုက်ကာ နာကျင်ခံစားရသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေမိ၏။

သူသည် ဟွမ်မောင်အား ဖမ်းဆွဲထားသည်ကို တိတ်ဆိတ်စွာပင် လွှတ်ပေးလိုက်လေသည်။

နောက်ဆုံးတွင် သူသည် အလွန်အမင်း ကြင်နာတတ်လွန်းသဖြင့် သူ၏ နတ်မိမယ်အား နာကျင်အောင် မပြုလုပ်လိုတော့ပေ။

အကယ်၍ ဤအရာသည် နတ်မိမယ်၏ ရွေးချယ်မှု ဖြစ်ခဲ့လျှင် သူသည် သူမ၏ နောက်ကွယ်မှသာ တိတ်တဆိတ် ကာကွယ်ပေးသွားပါတော့မည်။

သို့သော်လည်း သူ၏ နတ်မိမယ်သည် အနှေးနှင့်အမြန် နောင်တရလိမ့်မည်ဖြစ်ကြောင်း သူ ယုံကြည်နေဆဲ ဖြစ်၏။

‘အနှေးနဲ့အမြန် မင်း ငါ့ကို သတိရလာမှာပါ၊ ဒီကြောင်ကြီးက ငါ့လောက် မသန်မာပါဘူး၊ သူက နတ်မိမယ်ကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ’

ဤမြင်ကွင်းကို ကြည့်ရင်း လင်းယန်၏ နှုတ်ခမ်းများ တွန့်သွားကာ ပြောလိုက်သည်။

“မင်းတို့က ဘာလို့ ငါ့ရှေ့မှာ လာပြီး ဒီလိုတွေ လုပ်နေကြတာလဲ၊ ငါ့အိမ်ထဲမှာ တိရစ္ဆာန် ကမ္ဘာရုပ်ရှင် ရိုက်ကူးနေကြတာလား”

လင်းယန်ဘေးတွင်ရှိသော ရန်အာဟူသည် ဖြည့်ပြောလိုက်သည်။

“သူဌေး... တိရစ္ဆာန်လောကရဲ့ ဖြစ်ရပ်မှန်တွေကတောင် ဒီလောက်အထိ ရင်ခုန်ဖို့ မကောင်းဘူးဗျ”

All Chapters