အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း (၁၅၉)
သူသည် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဤမျှလောက် အရှက်မရှိ ရူးသွပ်နေသော မင်းသားတစ်ပါးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
"ကောလဟာလတွေဖြန့်ပြီး လူထုကိုလှည့်စားနေတဲ့ စကားတွေပဲ”
နောက်ဆုံးတော့ သူ၏ ဒေါသများကို မထိန်းနိုင်တော့ဘဲ နန်းတွင်းစည်းကမ်းများကိုပင် လျစ်လျူရှုကာ ရှောင်ရှန်းထံသို့ ပြေးဝင်သွားပြီး ဤ "နတ်ဆိုး" ကို သူကိုယ်တိုင် ဖမ်းဆီးရန် ကြိုးစားလိုက်သည်။
"အရှင့်သား သတိထားပါ"
မိန်းမစိုးလေးက အော်ဟစ်သတိပေးလိုက်သည်။
ရှောင်ရှန်းတစ်ယောက် အိပ်ချင်မူးတူး မျက်လုံးများမှ အော်ဟစ်သံကြောင့် လန့်ဖျပ်သွားပြီး ခြေထောက်များမှာ ပျော့ခွေသွားကာ တစ်စုံတစ်ခုကို တတ်နင်းမိသကဲ့သို့ မတော်တဆ ဘေးသို့ ယိုင်သွားသည်။
သူ့ထံသို့ ပြေးဝင်လာသော ဝမ်ကျိန့်မင်မှာ ရှောင်ရှန်း၏ ရုတ်တရက် ရှောင်တိမ်းမှုကြောင့် အံ့အားသင့်သွားသည်။သူ၏ အားအလွန်အကျွံသုံးမှုကြောင့် ခလုတ်တိုက်မိပြီး "ဖြန်း" ဟူသော အသံနှင့်အတူ မှန်ကဲ့သို့ တောက်ပသော ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားလေတော့သည်။
အဖြစ်အပျက်မှာ လျှပ်တစ်ပြက်အတွင်း ဖြစ်သွားခြင်းဖြစ်ရာ မည်သူမျှ တုံ့ပြန်ချိန်မရလိုက်ပေ။
လူတိုင်း သတိပြန်ဝင်လာချိန်တွင် ဝမ်ကျိန့်မင်မှာ ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး သူ၏ ဦးထုပ်မှာလည်း လွင့်စင်သွားသည်။ တစ်ချိန်တည်းမှာပင်၊ အိမ်ရှေ့စံမှာမူ ဘေးတွင်ရပ်လျက် သူ၏ ခြေကျင်းဝတ်ကို ပွတ်သပ်ရင်း အပြစ်ကင်းသော အမူအရာလေးဖြင့် ကြည့်နေလေ၏။
"အိုငိယိုး"
ရှောင်ရှန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။သူ၏ လေသံသည် အံ့အားသင့်သော အရိပ်အယောင်များကို ပေးစွမ်းနေခဲ့သည်။
"ဝမ်အမတ်ကြီး၊ ခင်ဗျားရဲ့ ညှစ်ပြီး လဲကျတဲ့အကွက်က ကျူပ် လဲကျတာထက် မမြန်သေးဘူးပဲ …မဖြစ်ဘူး၊ ခင်ဗျား ပိုပြီး လေ့ကျင့်ဖို့ လိုလိမ့်မယ်"
"ဖူး"
စစ်ဘက်အရာရှိတစ်ယောက်မှာ မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
ချင်ချန်း၏ ပါးပြင်ကြွက်သားများမှာလည်း တလှုပ်လှုပ် ဖြစ်နေသည်။ သူသည် အတတ်နိုင်ဆုံး မရယ်မိအောင် ထိန်းထားရသည်။
သူသည် ‘ရုပ်ပိုင်းဆိုင်ရာ နှုတ်အားဖြင့် တိုက်ပွဲ’တွင် မိမိတို့ အိမ်ရှေ့စံမင်းသား၏ အရည်အချင်းကို လျှော့တွက်မိခဲ့ကြောင်း သိလိုက်ရသည်။ ဤကောင်လေးသည် လူကိုသတ်ဖို့ လက်နက် မလိုဘဲ လူကို ဒေါသထွက်ပြီး သေအောင်လုပ်နိုင်သည်။
မှူးမတ်အပေါင်းမှာ မြေပြင်ပေါ်ရှိ အမတ်ကြီးကို ကြည့်လိုက်၊ "ငါ အပြစ်ကင်းတယ်" ဟူသော မျက်နှာပေးဖြင့် အိမ်ရှေ့စံကို ကြည့်လိုက်နှင့် မျက်နှာအမူအရာအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသည်။ ရယ်ချင်သော်လည်း မရယ်ဝံ့၊ ဆဲဆိုချင်သော်လည်း မဆဲဆိုဝံ့ဘဲ ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။
"အဟမ်”
ပလ္လင်ပေါ်မှ ချောင်းဟန့်သံတစ်ချက်က ထိုအခြေအနေကို ဖြိုခွင်းလိုက်သည်။ ဧကရာဇ် ရှောင်ယွမ်သည် တစ်ခန်းလုံးကို အကြည့်ဖြင့် စစ်ဆေးကြည့်ရှုလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် သတိမထားမိနိုင်သော ရယ်ချင်စရာအပြုံးတစ်ခု ရှိနေခဲ့ပြီး မြေပြင်ပေါ်ရှိ ဝမ်ကျိန့်မင်ထံသို့ အကြည့်ရောက်သွားသည်။
"အဓိပ္ပာယ်မဲ့လိုက်တာ"
ဧကရာဇ်၏ အသံမှာ တိုးသော်လည်း ငြင်းဆန်မရသော သြဇာအာဏာကို သယ်ဆောင်ထားသည်။
"ရွှေပလ္လင်တော်ခန်းမဆိုတာ ဘယ်လိုနေရာမျိုးလဲ၊ ဝမ်အမတ်ကြီး ခင်ဗျားလည်း အသက်အရွယ်ကြီးရင့်နေပြီ ဒေါသမကြီးနဲ့ ..”
“အိမ်ရှေ့စံက ငယ်ရွယ်သေးလို့ မဟုတ်တာတွေ ပြောမိတာကို အားလုံးက လိုက်ပြီး တွက်ကပ်မနေကြနဲ့ ၊ ဒီကိစ္စကို ဒီမှာတင် ပြီးဆုံးစေ အစည်းအဝေးကို ဒီလောက်နဲ့တင် သိမ်းပြီ"
ထိုသို့ပြောပြီးနောက် သူသည် မည်သူ့ကိုမျှ တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ ထရပ်ကာ ထွက်သွားလေသည်။
အကြီးအကျယ် စွပ်စွဲတိုက်ခိုက်မှုမှာ ရှောင်ရှန်း၏ သန်းဝေခြင်း၊ ပေါ့ပေါ့တန်တန် ပြောဆိုခြင်းများဖြင့် အငွေ့ပျံသွားခဲ့ရသည်။
မှူးမတ်များမှာ ဇဝေဇဝါဖြစ်နေသော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
မင်းသား(၃) ရှောင်ကျင်းမှာ ထိုနေရာတွင်ပင် ရပ်နေပြီး သူ၏ မျက်နှာမှာ မဲမှောင်နေ၏။
သူသည် မိန်းမစိုးမှ တွဲခေါ်ထွက်သွားသည့် ရှောင်ရှန်းကို ကြည့်ရင်း လက်သီးများကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။အကြံပေးတစ်ဦးမှာ သူ့ဘေးသို့ တိတ်တဆိတ် ရောက်ရှိလာပြီး အသံကို နှိမ့်ချလိုက်သည်။
"အရှင့်သား၊ သာမန်စွပ်စွဲမှုတွေက သူ့အတွက် ဘာမှ အကျိုးမရှိဘူး"
မင်းသား(၃)ရှောင်ကျင်း၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေသည်။
"ငါသိတယ်"
အကြံပေး၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး သူသည် အကြံပြုလိုက်သည်။
" ဒီလူကို …ထူးခြားတဲ့ နည်းလမ်းတွေကို သုံးပြီး သူ့ရဲ့ အစစ်အမှန်ကို ဖော်ထုတ်မှရလိမ့်မယ်"
......
ရွှေပလ္လင်တော်ခန်းမအတွင်း ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုသည် ရေကန်ထဲသို့ ကျောက်ခဲတစ်ခု ပစ်ချလိုက်သကဲ့သို့ မြို့တော်တစ်ခုလုံး လှိုင်းဂယက်များ ထသွားစေသည်။
ထိုနေ့လယ်ခင်းတွင် အရှေ့နန်းဆောင်သို့ ဦးတည်သော နန်းတွင်းလမ်းမကြီးသည် ယာဉ်ရထားများ အဆက်မပြတ် သွားလာနေကြရာ မနက်ခင်း နန်းတွင်းအစည်းအဝေးထက်ပင် ပိုမိုစည်ကားနေသည်။
အစပိုင်းတွင် အရှေ့နန်းဆောင်နှင့် ရင်းနှီးမှုရယူလိုသည့် အဆင့်နိမ့်အရာရှိများက မိမိတို့ပင် မသုံးစွဲဝံ့သော လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်ကာ " ပထတန်းစား ကျင့်ကြံမှု" ကို ရရှိခဲ့သည်ဟု သတင်းထွက်နေသော အိမ်ရှေ့စံကို လာရောက်တွေ့ဆုံလိုကြသည်။
ထို့နောက်တွင်မူ မင်းညီမင်းသားများနှင့် မှူးမတ်အသိုင်းအဝိုင်းများကလည်း မနေနိုင်တော့ဘဲ ရှားပါးဆေးမြစ်များ၊ ရှေးဟောင်းပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံး၊ မှော်လက်နက်များအထိ အဆင့်မြှင့်တင်ကာ လက်ဆောင်များ ပေးပို့လာကြသည်။
ပိုဆိုးသည်မှာ ဗဟုသုတကြွယ်ဝသော မျိုးနွယ်စုများသည် "အိမ်ရှေ့စံ၏ စိတ်ကို ပြေလျော့စေရန်" ဟုဆိုကာ အလှပဂေးများကိုပါ လက်ဆောင်အဖြစ် ပေးပို့လာကြခြင်း ဖြစ်သည်။
အရှေ့နန်းဆောင်၏ တံခါးဝမှာ လူများဖြင့် ပြည့်ကျပ်နေတော့၏။ရှောင်ရှန်း၏ ကောင်းမွန်သော အိပ်မက်လေးမှာလည်း လုံးဝ ပျက်စီးသွားခဲ့ရသည်။
သူသည် အခန်းထဲ၌ အိပ်ရေးမဝ၍ ပြန်အိပ်ရန် ကြိုးစားနေစဉ်မှာပင် ၊ မိန်းမစိုးလေး ရှောင်သယ့်ဇီက သူ့ကိုလာရောက်နှိုးလေ့ရှိပြီး အကြောင်းအမျိုးမျိုးဖြင့် လာရောက်တွေ့ဆုံသူများကို တိုင်ကြားလျက် ရှိသည်။
သူသည် စောင်ကို ခေါင်းမြီးခြုံကာ အိပ်ရန် ကြိုးစားသော်လည်း အပြင်ဘက်မှ ဆူညံသံများနှင့် အစီရင်ခံသံများက ခြင်အော်သံကဲ့သို့ နားထဲသို့ မရပ်မနား တိုးဝင်နေတော့သည်။
အခန်း(၁၆၀) တံခါးပိတ်ကျင့်ကြံခြင်း
ဤသည်မှာ စိတ်ရှုပ်စရာ အလွန်ကောင်းသည်။
"အရှင့်သား၊ ဝန်ထမ်းရေးရာဌာနက လက်ထောက်အမတ် ကျန်းက နှစ် (၃၀၀၀) သက်တမ်းရှိတဲ့ သွေးကျောက် သန္တာကျောက်ကို လက်ဆောင်ပေးလိုက်ပါတယ်၊ အဲဒါက စိတ်ကိုတည်ငြိမ်စေပြီး ကျင့်ကြံမှုကို အထောက်အကူပြုတယ်တဲ့ အရှင့်သား"
ရှောင်သယ့်ဇီသည် ကုတင်ဘေးတွင် တိုးတိုးလေး လျှောက်တင်သည်။
ရှောင်ရှန်းတစ်ယောက် ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။
သူ၏ မျက်လုံးများမှာ နီရဲနေပြီး ဆံပင်များမှာလည်း ရှုပ်ပွနေကာ ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူနေသည်။
"စိတ်တည်ငြိမ်စေတာလား၊ သူတို့သာ မပြန်ရင် ငါတော့ အသက်ရှူရပ်ပြီး သေတော့မယ်”
ရှောင်ရှန်းသည် စောင်ကို ကန်ထုတ်လိုက်ပြီး ခြေဗလာဖြင့် အခန်းထဲတွင် ဒေါသတကြီး လမ်းလျှောက်နေသည်။
"ငါ အိပ်ချင်တယ်လို့ ပြောထားတယ် မဟုတ်လား၊ အိပ်ချင်တယ်လို့ မင်းနားမလည်ဘူးလား”
သူသည် တံခါးကို လက်ညှိုးထိုးပြီး ငိုယိုလုနီးပါး ဖြစ်နေသော ရှောင်သယ့်ဇီကို အော်ဟစ်လိုက်သည်။
"သွား ၊ အပြင်မှာရှိတဲ့ လူအားလုံးကို သွားပြောလိုက်….ငါ ဉာဏ်အလင်းရပြီး၊ တရားကျင့်ကြံဖို့ အခန်းပိတ်တော့မယ်၊ အခုကစပြီး ဘယ်သူ့ကိုမှ မတွေ့ဘူး…ကောင်းကင်ပြိုကျလာရင်တောင် ငါ့ကို မနှောင့်ယှက်နဲ့”
"တရား... တရားကျင့်ကြံဖို့ အခန်းပိတ်မှာလား”
ရှောင်သယ့်ဇီမှာ ကြောင်အမ်းသွားသည်။
"ဟုတ်တယ် အခန်းပိတ်မယ်”
ရှောင်ရှန်းသည် စားပွဲပေါ်ရှိ စုတ်တံကို ဆွဲယူကာ စာရွက်တစ်ရွက်ပေါ်တွင် "တံခါးပိတ်ကျင့်ကြံတော့မည်" ဟု စာလုံးအကြီးကြီး ရေးသားလိုက်သည်။
ခဏတွေးပြီးနောက် ဘေးတွင် စာလုံးသေးသေးလေး ထပ်ထည့်လိုက်သည်။
"မသေချင်ရင် မနှောင့်ယှက်ရ"
သူသည် စာရွက်ကို ရှောင်သယ့်ဇီ၏ ရင်ဘက်ထဲသို့ ထိုးထည့်လိုက်သည်။
"ဒါကို တံခါးမှာ ကပ်ထား ပြီးတော့ လက်သမားတွေကို ခေါ်လာခဲ့၊ ဒီအိပ်ဆောင်ရဲ့ တံခါးနဲ့ ပြတင်းပေါက်တွေကို သစ်သားပြားတွေနဲ့ အကုန်လုံး ပိတ်ပြီး ရိုက်ထားလိုက်၊ လေတစ်ချက်တောင် မဝင်စေနဲ့ ….ဝင်တာနဲ့ မင်းတို့ပဲ တာဝန်ယူရမယ်"
"အရှင့်သား၊ ဒါက... ဒါက စည်းကမ်းနဲ့ မညီညွတ်ပါဘူး..."
"ငါ့စကားက စည်းကမ်းပဲ”
သတင်းမှာ ကောလဟာလများထက် ပိုမြန်သော အရှိန်ဖြင့် နန်းတော်တစ်ဝန်းလုံး ပျံ့နှံ့သွားခဲ့သည်။
အိမ်ရှေ့စံသည် အရှေ့နန်းဆောင်တွင် တံခါးပိတ်ကျင့်ကြံတော့မည်ဟု ဆို၏။ ထိုသတင်းကို လူတစ်ဦးချင်းစီက မိမိတို့ နားလည်သလို အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်။
စစ်သူကြီး ချင်ချန်းသည် မိမိ၏ လှံကို သုတ်နေရင်း ရပ်တန့်သွားကာ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
‘တံခါးပိတ် ကျင့်ကြံမယ်တဲ့လား …ဒါ ဆူညံသံတွေကို မခံနိုင်တော့လို့ ရှောင်တိမ်းသွားတာပဲ မဟုတ်လား ၊ ဒီကောင်လေးရဲ့ ပြုမူပုံက သူနဲ့ ပိုပြီး ကိုက်ညီလာပြီပဲ’
တော်ဝင်မင်းသမီး ရှောင်နီရှန်းသည် လက်ဖက်ရည်သောက်နေရင်း အစေခံ၏ တင်ပြချက်ကို နားထောင်ပြီးနောက် လက်ဖက်ရည်ခွက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
သူမ၏ အသုံးမကျသော မောင်တော်သည် ဤနည်းလမ်းဖြင့် သူ၏ တည်ရှိမှုကို ပြသနေခြင်းလော။
သူသည် မကောင်းသော အကြံအစည်များရှိသည့် သူ၏ညီအစ်ကိုများကို သတိပေးခြင်းလော သို့မဟုတ် ခမည်းတော်ထံ သူ၏ တန်ဖိုးကို ပြသခြင်းလော။
ထိုသတင်းမှာ မင်းသား(၃) ရှောင်ကျင်း၏ အိမ်တော်သို့ ရောက်ရှိသွားသောအခါ လှောင်ပြောင်သံများ ထွက်ပေါ်လာတော့သည်။
"တံခါးပိတ်ကျင့်ကြံတယ် ဟုတ်လား"
ရှောင်ကျင်းသည် လက်ထဲရှိ အမည်းရောင် ကျားစေ့ ကစားကွက်ပေါ်သို့ ပစ်ချလိုက်သည်။ ကစားကွက်ပေါ်ရှိ အသက်ဝင်နေသော အဖြူရောင်ကျားစေ့၏ အသက်ဓာတ်မှာ ချက်ချင်း ပြတ်တောက်သွားသည်။
“ကြည့်ရတာ ဒီကောင် စိတ်မလုံလို့၊ ကြောက်လို့ပဲ ဖြစ်ရမယ် ၊ လူကြားထဲမှာ ရူးကြောင်ကြောင် စကားတွေ ပြောပြီး ရှက်စရာကောင်းအောင် လုပ်မိလို့ အခုတော့ လိပ်လို ခေါင်းဖွက်နေတာ ဖြစ်မယ်"
"အရှင့်သား၊ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေး ဖြစ်နိုင်တယ်"
ဘေးနားရှိ အကြံပေးက အသံကို နှိမ့်ချကာ မျက်လုံးထဲတွင် ဆိုးယုတ်သော အရိပ်အယောင်များနှင့်အတူ ပြောလိုက်သည်။
"အော်"
"သူ တံခါးပိတ်ကျင့်ကြံနေချိန်မှာ အစောင့်အရှောက်တွေက သေချာပေါက် လျော့နည်းနေမှာပဲ”
“ ကျွန်တော်တို့ ယုံကြည်ရတဲ့ လုပ်ကြံသူတစ်ယောက်ကို ညဘက်မှာ ခိုးဝင်ခိုင်းပြီး တစ်ချက်တည်းနဲ့ ဖြေရှင်းလိုက်ရုံပဲ”
“ပြီးရင် အဲဒီအမှုကို မင်းသား(၅)ဆီကို လွှဲပြောင်းပေးလိုက်ရုံပဲ ၊ ဒါဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ”
ရှောင်ကျင်းသည် ထိုကစားကွက်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" ပထမတန်းစား ကျင့်ကြံမှုကို ရောက်နေတဲ့ အိမ်ရှေ့စံတစ်ယောက် အဖြစ် သေသွားတာက အသုံးမကျတဲ့ အိမ်ရှေ့စံထက် ပိုတန်ဖိုးရှိပါတယ် ၊ သွားလုပ်လိုက်တော့ …သေသေသပ်သပ် အပြီးသတ်ခဲ့"
ညဉ့်အချိန်မှာ မှောင်မည်းနေသည်။ အခန်းပိတ်ရန် အမိန့်ထုတ်ထားသော အရှေ့နန်းဆောင်၏ အိပ်ဆောင်မှာ ယခုအခါ လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။
တံခါးနှင့် ပြတင်းပေါက်များကို အထူသား သစ်သားပြားများဖြင့် အလုံပိတ်ထားပြီး အပြင်ဘက်တွင် သော့ခတ်ထားသည်။
တံခါးပေါ်တွင် "တံခါးပိတ်ကျင့်ကြံနေသည်" ဟူသော စာတန်းကို ကပ်ထားလေ၏။ အခန်းထဲတွင် အလင်းရောင်မရှိဘဲ တိတ်ဆိတ်နေသဖြင့် စွမ်းအားရှင်ကြီး တစ်ဦးက တရားကျင့်ကြံနေသည့်အလား ထင်မှတ်ရသည်။
သို့သော် အခန်းထဲတွင်မူ ၊
ရှောင်ရှန်းတစ်ယောက် သက်သောင့်သက်သာရှိသော ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲလျောင်းနေသည်။
ဘေးရှိ စားပွဲပေါ်တွင် မုန့်အမျိုးမျိုးနှင့် သရေစာများဖြင့် ပြည့်နှက်နေသည်။ သူသည် လက်တစ်ဖက်တွင် ဝတ္ထုတစ်အုပ်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် စပျစ်သီးခြောက်များကို စားကာ ညည်းတွားလိုက်သည်။
"အေးချမ်းလိုက်တာ"
ရှောင်ရှန်းသည် ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။
‘ဒါမှ ဘဝပဲ..အစီရင်ခံစာ မရှိ၊ အစည်းအဝေး မရှိ၊ စိတ်ရှုပ်စရာတွေ မရှိ..ကြည့်စမ်း ၊ ဘယ်လောက်တောင် ကောင်းတုန်း’
သူသည် အိပ်ချင်သလောက် အိပ်ပြီးမှ ပြန်ထရန် ဆုံးဖြတ်ထားလေ၏။