← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း(၁၅၁) အိပ်မက်ထဲမှ ဓားတစ်ချက်ဖြင့် နတ်ဝိညာဉ်အဆင့်ကို အပိုင်းပိုင်းဖြတ်တောက်ခြင်း

“‘အရေခွံပန်းချီဆရာ…”

ယဲ့လင်းရွှမ်းသည် ထိုနာမည်ကို တစ်လုံးချင်းစီ ခွဲကာ ရွတ်ဆိုလိုက်သည်။

“ဟားဟား၊ အဲ့တာငါပဲလေ"

လင်ပေါ်ရုံသည် တုံ့ဆိုင်းခြင်းမရှိ ဝန်ခံလိုက်သည်။

ရှောင်ရှန်းတို့ကို ကြည့်နေသော သူ၏အကြည့်များထဲတွင် စိတ်ရောဂါသည်တစ်ဦးကဲ့သို့ စိတ်မမှန်သည့် နှစ်ခြိုက်မှု အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

“နှစ်ပေါင်း ၃၀ ရှိပြီ... ငါ့မှာ အရာအားလုံးကို သတိထား ဆင်ခြင်ပြီး လူတိုင်းလေးစားရတဲ့ သူတော်စင်ကြီးတစ်ယောက်လို နေထိုင်လာခဲ့တာ၊ ဒီရေတွင်းအောက်က အေးချမ်းမှုကို ထိန်းသိမ်းဖို့အတွက်ပဲ "

" ဒါပေမဲ့ အရှင့်သား မင်းရဲ့ အလိုလိုသိစိတ်ကြောင့် ဒါတွေအားလုံး ပျက်စီးသွားလိမ့်မယ်လို့တော့ ငါ လုံးဝ မထင်ထားခဲ့မိဘူး"

သူ ဝန်ခံလိုက်လေပြီ။ သူသည် မြို့တော်တွင် ကပ်ဘေးမုန်တိုင်းများကို ဖန်တီးကာ၊ မှော်နက်ဂိုဏ်းနှင့် ပူးပေါင်း၍ မိဖုရားကြီးကို လုပ်ကြံခဲ့သည့် တရားခံ၊ “အရေခွံပန်းချီဆရာ” ပင် ဖြစ်သည်။

“ဘာဖြစ်လို့လဲ"

စူးဝမ်ချင်းသည် သူမ၏ ပျို့အန်ချင်စိတ်ကို အံကြိတ်သည်းခံကာ မေးခွန်းထုတ်လိုက်သည်။

“ရှင်က အရာရှိတစ်ယောက်အနေနဲ့ ရာထူးအမြင့်ဆုံးကို ရောက်နေပြီပဲ၊ ဘာဖြစ်လို့ ဒီလို မိစ္ဆာလမ်းစဉ်ကို လိုက်ရတာလဲ”

“ ရာထူးအမြင့်ဆုံး ဟုတ်လား"

လင်းပေါ်ရုံသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။

“သာမန်လူသားတွေရဲ့ အာဏာက မသေမျိုးဘဝနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ...ငါ ငယ်ငယ်တုန်းက မိစ္ဆာကျင့်ကြံသူတွေရဲ့ အဆင့်မြင့်ဆုံး လျှို့ဝှက်နည်းလမ်းဖြစ်တဲ့ ‘အရေခွံတစ်ထောင် ပန်းချီပညာရပ်’ ကို ရရှိခဲ့တယ်"

"အသက်ရှင်နေတဲ့ လူတွေရဲ့ အရေခွံကို အမြဲမပြတ်ခွာယူနိုင်ရင် အသက်ရှည်ပြီး ဘဝကို ထာဝရထိန်းသိမ်းထားနိုင်တယ်"

"အားလုံးက လေးစားရတဲ့ ကွန်ဖြူးရှပ်ပညာရှင်ကြီးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး စာပေပညာရှင်တွေရဲ့ စံပြပုဂ္ဂိုလ်ကြီး ငါဟာ မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်မယ်လို့ ဘယ်သူကများ သံသယဝင်နိုင်မှာလဲ”

အမှန်တရားမှာ ပေါ်ပေါက်လာခဲ့ချေပြီ။

လင်းပေါ်ရုံ၏ အပြုံးသည် ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။

“ဘာပဲဖြစ်ဖြစ်၊ မင်းတို့က ငါ့ကို သိသွားပြီဆိုတော့လည်း အားလုံးကို ဒီမှာပဲ ချန်ထားပြီး ငါ့ရဲ့ လက်ရာအသစ် ဖြစ်လာတာပေါ့ "

" အထူးသဖြင့် အိမ်ရှေ့စံ မင်းပဲ…… နဂါးစွမ်းအင်ကို ပိုင်ဆိုင်ထားပြီး ထူးကဲတဲ့ အရည်အချင်းရှိတယ် ၊ မင်းကိုသာ အရေခွံခွာပြီး ပန်းချီကားအဖြစ် ပြောင်းလဲလိုက်ရင် ငါ့ရဲ့ ကျင့်ကြံမှုက နောက်တစ်ဆင့်ကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မယ် "

စကားမဆုံးခင်မှာပင် ၊ သူသည် လက်ကို အမြန်ဆန့်ထုတ်ကာ ဘေးနားရှိ သွေးအိုင်ထဲမှ အပြစ်အနာအဆာကင်းသော လူငယ်တစ်ယောက်၏ အရေခွံကို ဆွဲထုတ်လိုက်ပြီး သူ၏ ပုပ်သိုးနေသည့် မျက်နှာတစ်ခြမ်းပေါ်သို့ ပြင်းထန်စွာ ဖိကပ်လိုက်သည်။

" ရှဲ——”

အရေခွံသည် သူ၏ မျက်နှာနှင့် ထိတွေ့လိုက်သည်နှင့် ပူနေသော သံပူပြားပေါ်သို့ ဆီပူများ လောင်းချလိုက်သည့်အလား တရှဲရှဲ အသံမြည်သွားသည်။

အနက်ရောင်စွမ်းအင်များ ပြင်းပြင်းထန်ထန် ထကြွလာပြီး သွေးနီရောင်အလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတတ်သွားသည်။

လင်းပေါ်ရုံ၏ ဝိညာဉ်စွမ်းအင်သည် ကြောက်ခမန်းလိလီ မြန်ဆန်သောနှုန်းဖြင့် ထိုးတက်လာပြီး 'ရွှေအမြုတေ' နှောင်းပိုင်းအဆင့်၏ အတားအဆီးကို ချက်ချင်း ဖောက်ထွက်သွားကာ နတ်ဝိညာဉ် တစ်ပိုင်းအဆင့်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

“ ခုတော့ အားလုံးပြီး‌ဆုံးသွားပြီ"

သူ၏ လူသားမဆန်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ၊ လေထဲမှတစ်ဆင့် သူ့လက်ဝါးကို ရိုက်ထုတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ရုတ်ချည်းဆိုသလို ကျရောက်လာပြီး မြေအောက်လျှို့ဝှက်ခန်း၏ နံရံတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ ၊ ကျောက်တုံးများသည် အချိန်မရွေး ပြိုကျတော့မည့်အလား ဖြစ်နေသည်။

အနက်ရောင် စွမ်းအင်များဖြင့် ဖန်တီးထားသော လက်ဝါးကြီးသည် မိုးနှင့်မြေကို ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများကို ဆောင်ကျဉ်းလျက် အရှေ့ဆုံးတွင် ရပ်နေသည့် ရှောင်ရှန်းဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။

......

ဧရာမ လက်ဝါးကြီးသည် တောင်တစ်လုံး ပြိုကျလာသကဲ့သို့ပင် ၊ နတ်ဝိညာဉ်အဆင့်ရှိသော ဖိအားများနှင့်အတူ ပြင်းထန်စွာ ကျဆင်းလာလေ၏။

ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်းတို့မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။

"ကာကွယ်ကြ"

ယဲ့လင်းရွှမ်းသည် အလျင်အမြန် အော်ဟစ်လိုက်သည်။

ထို့နောက် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ကာ သူမ၏ ရင်ဘက်ရှေ့တွင် ကန့်လန့်ဖြတ်ထားရင်း ၊ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ အားလုံးကို စုစည်းလိုက်ကာ ဓားစွမ်းအင်အကာအရံတစ်ခုကို ချက်ချင်းလင်ငင်း ဖန်တီးလိုက်သည်။

စူးဝမ်ချင်းမှာမူ သူမ၏ လက်ချောင်းများဖြင့် ငွေအပ်အချို့ကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။

ထိုအပ်များမှာ တစ်ဖက်လူ၏ လက်ဝါးကြီးကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ယဲ့လင်းရွှမ်း၏ ကျောပြင်ရှိ အဓိက အချက်အချာနေရာများကို တိကျစွာ ထိုးစိုက်လိုက်ခြင်း ဖြစ်ပြီး ၊ သူမ၏ စွမ်းအားကို လျှို့ဝှက်နည်းလမ်းဖြင့် ချက်ချင်း မြှင့်တင်ရန် ကြိုးစားလိုက်ခြင်းပင်။

သို့သော်လည်း ပြိုင်ဘက်ကင်းသော အင်အား၏ ရှေ့မှောက်တွင် မည်သည့်ခုခံမှုမျိုးမဆို အားနည်းလွန်းသည်။

"ဝုန်း"

ဓားစွမ်းအင်အကာအရံမှာ မှန်သားပြင်ကဲ့သို့ ကွဲအက်သွားသည်။

သူမတို့နှစ်ဦးစလုံး ကြိုးပျက်သွားသော စွန်ကဲ့သို့ သွေးအန်ကာ အဝေးသို့ လွင့်ထွက်သွားကြသည်။

ကျောက်နံရံကို ပြင်းထန်စွာ ရိုက်မိပြီးနောက် မြေပြင်ပေါ်သို့ ပုံလျက်သားကျသွားကာ ပြန်လည် ထရပ်နိုင်ရန်ပင် မစွမ်းဆောင်နိုင်တော့ချေ။

မိုးမြေကို ဖျက်ဆီးမတတ် ရှိနေသော ဖိနှိပ်စွမ်းအားများက လျှို့ဝှက်ခန်းတစ်ခုလုံးကို ရေလွှမ်းမိုးသကဲ့သို့ ဖုံးလွှမ်းသွားသည်။

ရှောင်ရှန်းတစ်ယောက်သာ နေရာတွင် ရပ်နေ၏။

သူသည် ထိုဖိအားများကြောင့် ဒူးနှစ်ဖက်မှာ အနည်းငယ် ပျော့ခွေသွားပြီး အရိုးများမှာ ခံနိုင်ရည်မရှိတော့ဘဲ "ဂျွတ်" ဟူသော အသံများ ထွက်ပေါ်လာလေ၏။

သွေးညှီနံ့ ကဲ့သို့သော အနံ့ဆိုးများ ၊ အရိုးထဲထိအောင် အေးစိမ့်သွားစေမည့် လေပြင်းများနှင့်အတူ ကြီးမားလှသော ဖိအားသည် သူ၏ဦးနှောက်ကို အပ်ပေါင်းများစွာဖြင့် ထိုးစိုက်လိုက်သည့်အလား ပြင်းထန်စွာ ဝင်ရောက်လာသည်။

ထို့နောက် သူ အလွန်ပင် ငိုက်မျဉ်းလာခဲ့သည်။

သူ့မျက်စိရှေ့က မြင်ကွင်းများသည် ပုံပျက်ကာ ဝါးတားတား ဖြစ်လာသည်။

လူတစ်ပိုင်း၊ မိစ္ဆာတစ်ပိုင်း ဖြစ်နေသော လင်းပေါ်ရုံမှာ သူ့မျက်လုံးထဲတွင် အမှန်တကယ် ဖြစ်တည်နေခြင်းမျိုး မဟုတ်တော့ဘဲ ပုံရိပ်များ ရောထွေးနေသည့် ကြောက်စရာကောင်းသော အိပ်မက်ထဲမှ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

‘မှန်တယ်…ဒါက အိပ်မက်ပဲ’

အခန်း(၁၅၂)

ရှောင်ရှန်း၏ အသိစိတ်များမှာ ကမောက်ကမ ဖြစ်လို့နေ၏။ သူသည် ရင်းနှီးနေသော ထိုအိပ်မက်တိုက်ပွဲထဲသို့ တစ်ဖန် ပြန်ရောက်သွားခဲ့ပုံရသည်။ သူသည် ပြိုင်ဘက်ကင်းသော စစ်သူကြီးတစ်ယောက် ဖြစ်နေပြီး သူ့ရှေ့မှ ရုပ်ဆိုးကောင်ကြီးသည် နောက်ဆုံးအဆင့် နတ်ဆိုးဘုရင်ကြီး ဖြစ်သည်။

၎င်းကို အနိုင်ယူပြီးသည်နှင့် သူသည် ကောင်းကောင်းကြီး အိပ်စက်နိုင်ပေတော့မည်။ ထို့ကြောင့် သူ အမြန်ဆုံး အ‌ဆုံးသတ်ရပေမည်။

ဤအတွေးဝင်လာသည်နှင့် ၊ သူ၏ ခန္ဓာကိုယ်ထဲတွင် အလိုအလျောက် လည်ပတ်နေသော ‘အိပ်မက်မဟာကျမ်း’မှာ ရုတ်တရက် ပေါက်ကွဲထွက်လာသော မီးတောင်တစ်ခုကဲ့သို့ပင်။

ဤအခိုက်အတန့်တွင် စီးဆင်းနေသော စမ်းချောင်းငယ်တစ်ခု မဟုတ်တော့ဘဲ မြစ်ရေများ ထိုးတက်လာသကဲ့သို့ ယခင်ကနှင့်မတူသော အရှိန်အဟုန်ဖြင့် ရူးသွပ်စွာ စီးဝင်လာသည်။

သူ၏ အိပ်မက်ထဲတွင် ဖြတ်သန်းခဲ့ရသမျှ အရာအားလုံးသည် ဤအချိန်တွင် အသန့်စင်ဆုံးသော အနှစ်သာရများအဖြစ် ပြောင်းလဲသွားသည်။

ထောင်ပေါင်းများစွာသော စစ်သည်များကြားမှ ရန်သူဘက်မှ စစ်သူကြီးခေါင်းကို ဖြတ်ယူခဲ့သည့် စစ်မြေပြင်မှ ပြိုင်ဘက်ကင်းသော စစ်သူကြီးပမာ ၊ ရက်စက်ပြတ်သားသော ရဲရင့်မှုများက သူ၏ဝိညာဉ်စွမ်းအားထဲသို့ ပေါင်းစပ်သွားခဲ့သည်။

ဓားတစ်လက်ဖြင့် တစ်ကိုယ်တည်း သန်းနှင့်ချီသော ရန်သူများကို တားဆီးခဲ့သော ဓားသမား တစ်ယောက်၏ အကြောင်းအကျိုးတရားကို ဖြတ်တောက်နိုင်သော ဓားဆန္ဒသည် သူ၏ဝိညာဉ်စွမ်းအားအတွက် ချွန်ထက်မှု ဖြစ်လာခဲ့သည်။

အိပ်မက်ပေါင်းများစွာမှ ရရှိခဲ့သော နားလည်မှုနှင့် စွမ်းအားများသည် ဤအချိန်တွင် လက်တွေ့ဘဝရှိ ခန္ဓာကိုယ်ထဲသို့ အလုံးစုံ ပြန်လည်ရောက်ရှိလာသည်။

ဤကဲ့သို့ သေရေးရှင်ရေး အန္တရာယ်ရှိသည့် ဖိအားအောက်တွင် ရှောင်ရှန်း၏ ဦးနှောက်မှာ အတွေးများကို လုံးဝရပ်တန့်လိုက်ပြီး အရာအားလုံးကို ဗီဇအတိုင်း ဆောင်ရွက်စေခဲ့၏။

သူသည် အရုပ်တစ်ခုကဲ့သို့ အသိစိတ်ကင်းမဲ့စွာဖြင့် ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်ကာ ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။

မိုးမြေတစ်ခုလုံးကို တုန်လှုပ်စေမည့် အရိပ်အယောင်များ၊ လျို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ မရှိခဲ့ချေ။

ထူးခြားဆန်းကြယ်သော "စိတ်ဆန္ဒ" တစ်ခုတည်းသာ စုဝေးလာသည်။ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ဝိညာဉ်စွမ်းအားများနှင့်အတူ အိပ်မက်ထဲမှ ရရှိခဲ့သော သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် ဓားဆန္ဒတို့သည် သူ၏လက်ချောင်းထိပ်တွင် အလုံးစုံ စုစည်းသွားခဲ့သည်။

ပုံသဏ္ဌာန်မရှိသော်လည်း ကြီးမားလှသော ကောင်းကင်ဘုံ၏ အာဏာစက်ကို သယ်ဆောင်ထားသကဲ့သို့ ထင်မှတ်ရသည့် ရွှေရောင်ဓားငယ်လေး တစ်လက်မှာ သူ၏ လက်ချောင်းထိပ်တွင် တိတ်တဆိတ် ပေါ်ပေါက်လာခဲ့သည်။

"အဆုံးသတ်ပြီ”

လင်းပေါ်ရုံ၏ မျက်နှာပေါ်တွင် ရက်စက်ပြီး ရူးသွပ်သော အပြုံးများ ဖြစ်ပေါ်လာ၏။ သူသည် ရှောင်ရှန်း တစ်ယောက် အသားတုံး ဖြစ်သွားမည့် မြင်ကွင်းကို မြင်ယောင်နေမိသည်။

သူသည် နတ်ဆိုးစွမ်းအားများကို ထပ်မံထုတ်လွှတ်လိုက်ရာ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ဧရာမ လက်ဝါးကြီးသည် အုန်းအုန်းကျက်ကျက် ဆူညံလျက် အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာသည်။

ဤအရေးကြီးဆုံး အခိုက်အတန့်တွင်၊

ရှောင်ရှန်းသည် လှုပ်ရှားလိုက်သည်။

သူသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော လက်ဝါးကြီးနှင့် မောက်မာလှသော လင်းပေါ်ရုံကို ကြည့်ကာ ယင်ကောင်တစ်ကောင်ကို မောင်းထုတ်လိုက်သကဲ့သို့ သူ၏ဓားလက်ချောင်းကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။

သူ၏ နှုတ်ခမ်းသားများမှာ အနည်းငယ် ဟ သွားပြီး ၊ အိပ်ချင်စိတ်အပြည့်ဖြင့် တိုးတိုးလေး ညည်းညူလိုက်လေ၏။

"ဖြတ်”

ကျယ်လောင်သော ပေါက်ကွဲသံ မရှိ။

လေပြင်းတိုက်ခတ်ခြင်းလည်း မရှိပေ။

ဆံချည်မျှင်ကဲ့သို့ ပါးလွှာပြီး မျက်စိဖြင့် မမြင်နိုင်သော ရွှေရောင်မျဉ်းလေး တစ်ကြောင်းသည် လေထဲတွင် လှစ်ခနဲ့ ဖြတ်သန်းသွားသည်။

ဤအခိုက်အတန့်တွင် အချိန်သည် ခေတ္တ ရပ်တန့်သွားသကဲ့သို့ပင်။

လင်းပေါ်ရုံ၏ မျက်နှာပေါ်မှ ရက်စက်ကြမ်းကြုတ်သော အပြုံးမှာလည်း တောင့်ခဲသွားသည်။

သူ အလွန်ဂုဏ်ယူသော မှော်လက်နက်များကိုပင် တောင့်ခံနိုင်စွမ်းရှိသော အနက်ရောင်စွမ်းအားများသည် ထိုရွှေရောင်မျဉ်းကြောင်းလေး၏ ရှေ့မှောက်တွင် နေရောင်ခြည်ဖြင့် ထိတွေ့ခံလိုက်ရသော မြူနှင်းများကဲ့သို့ အသံပင်မထွက် ၊ မည်သည့် လှိုင်းထန်ခြင်းမှ မရှိဘဲ ကွယ်ပျောက်သွားလေ၏။

လူအရေခွံများဖြင့် ပြုလုပ်ထားပြီး မဖျက်ဆီးနိုင်သော သူ၏ "ပန်းချီအရေခွံ" မှာလည်း သာမန်စက္ကူကဲ့သို့ သပ်ရပ်စွာ ဖြတ်တောက်ခံလိုက်ရသည်။

သူ၏ နဖူးအလယ်မှစ၍ သွေးစက်လေးတစ်ကြောင်း ဖြစ်ပေါ်လာပြီး ၊ ထို့နောက် နှာခေါင်း၊ နှုတ်ခမ်း၊ မေးစေ့၊ လည်ပင်း၊ ရင်ဘတ်မှတစ်ဆင့် ခြေထောက်နှစ်ဖက်ကြားအထိ တဖြောင့်တည်း ဆင်းသက်သွားသည်။

"အာ...အာ..."

လင်းပေါ်ရုံ၏ လည်ချောင်းထဲမှ အက်ရှရှအသံများ ထွက်ပေါ်လာသည်။

သူ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေ၏။ သူသည် ကိုယ့်ခန္ဓာကိုယ် ငုံ့ကြည့်ရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်သည် သူ့အမိန့်ကို မနာခံတော့ကြောင်း သိလိုက်ရသည်။

နောက်အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်သည် ထိုသွေးစက်မျဉ်းကြောင်းလေး အတိုင်း မည်သည့်အသံမှ မထွက်ဘဲ ဘေးနှစ်ဖက်သို့ ကွဲထွက်သွားသည်။

အလွန်ထက်မြက်သော ဓားသွားဖြင့် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ သပ်ရပ်လှပေသည်။

သွေးများနှင့် ကိုယ်တွင်းအင်္ဂါများမှာ မြေပြင်ပေါ်သို့ ပုံလျက်သား ပြုတ်ကျသွားသည်။

သူ လဲကျသွားသည်နှင့်အမျှ လျှို့ဝှက်ခန်းထဲရှိ အသက်ရှူရခက်စေသော နတ်ဆိုးစွမ်းအားများ၊ မကျေနပ်ချက်များ၊ သွေးစွမ်းအားများမှာလည်း အကုန်အစင် ပျောက်ကွယ်သွားပြီး သွေးကန်ထဲရှိ အနီရောင်အလင်းများမှာလည်း လျင်မြန်စွာ မှိန်ဖျော့သွားသည်။

ထိုအရာများကို လုပ်ဆောင်ပြီးနောက် ရှောင်ရှန်း၏ တင်းမာနေသော ခန္ဓာကိုယ်သည် ရုတ်တရက် ပျော့ခွေသွားပြီး နောက်သို့ လဲကျသွားသည်။

ထိုစဉ် အားကောင်းသော လက်တစ်စုံမှာ သူ့နောက်မှ ထွက်ပေါ်လာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။

"အရှင်သား”

ချင်ချန်းသည် လျှို့ဝှက်ခန်းထဲသို့ မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိချေ။

သူသည် မျက်စိရှေ့မှ ငရဲခန်းပမာ ဖြစ်ပျက်နေသည့် မြင်ကွင်းနှင့် စနစ်တကျ ပြတ်ထွက်သွားသော လင်းပေါ်ရုံ၏ အလောင်းကို ကြည့်ရင်း ၊

စစ်မြေပြင်၏ ရက်စက်ကြမ်းကြုတ်မှုများကို အကြိမ်ကြိမ် မြင်တွေ့ဖူးသူ ဖြစ်သော်ငြားလည်း မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်အထိ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

သူသည် သူ၏ရင်ခွင်ထဲတွင် မျက်လုံးမှိတ်ထားပြီး အသက်ရှူမှန်မှန်ဖြင့် တရေးတမော အိပ်ပျော်နေသော ရှောင်ရှန်းကို ငုံ့ကြည့်ရင်း စိတ်ရှုပ်ထွေးသွားရပြန်သည်။

"သူ... အိပ်ပျော်သွားတာလား”

ယဲ့လင်းရွှမ်းနှင့် စူးဝမ်ချင်တို့မှာလည်း တစ်ဦးကိုတစ်ဦး အားပြုလျက် ထရပ်လိုက်ကြသည်။

သူမတို့သည် လင်းပေါ်ရုံ၏ အလောင်းကို ကြည့်လိုက်၊ ချင်ချန်း၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ရှောင်ရှန်းကို ကြည့်လိုက်နှင့် စိတ်ထဲတွင် တုန်လှုပ်ခြင်းထက် အရိုးထိအောင် စိမ့်ဝင်သွားစေသည့် အားငယ်စိတ်များသာ ကျန်ရှိတော့သည်။

သူမတို့သည် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ရလဒ်မှာ တစ်ချက်တည်းဖြင့် အထိနာသွားခဲ့သည်။

ရှောင်ရှန်းမှာ အိပ်ချင်မူးတူးဖြင့် အိပ်မက်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှသာ ဖြစ်သည်။

လူနှင့် လူကြားက ကွာဟချက်မှာ လူနှင့် ပုရွက်ဆိတ်ကြားက ကွာဟချက်ထက်ပင် ပိုကြီးမားနေလေသလော။

ချင်ချန်းသည် ရှောင်ရှန်းကို နောက်လိုက်များထံ အပ်နှံလိုက်ပြီးနောက် လင်းပေါ်ရုံ၏ အလောင်းကို စစ်ဆေးရန် လျှောက်သွားလိုက်သည်။ သူသည် စက်ဆုပ်ရွံရှာမှုကို မျိုသိပ်ကာ အလောင်း တစ်ခြမ်းပေါ်တွင် စမ်းသပ်ရှာဖွေလိုက်တော့သည်။

All Chapters